“မလေးရှားရှိ မြန်မာသတင်းဂျာနယ်များ သံရုံးဖိအားကို ရင်ဆိုင်နေရ” ဆိုတဲ့ ဧရာဝတီ မဂ္ဂဇင်းပါ သတင်းကို ဖတ်ပြီး၊ ဆင့်ပွား တွေးမိတာရယ် အတိတ်က အရိပ်အချို့ရယ်ကြောင့် ဒီစာကို ရေးပါတယ်။ ကိုရီးယားက မိတ်ဆွေများ ဆက်လက်စဉ်းစားကြဖို့ ကျနော့် ယူဆချက်တွေပဲ ဆိုပါစို့။
ဒီသတင်းရဲ့ အနှစ်ချုပ်ကတော့ မလေးရှားနိုင်ငံမှာ ထုတ်ဝေနေတဲ့ သတင်းဂျာနယ် အချို့ကို မြန်မာဆိုင် အချို့က သံရုံးဖိအားကြောင့် ဆိုင်ပေါ်တင် မရောင်းပေးကြဘူးလို့ ဆိုပါတယ်။ မလေးရှားမှာ ဂျာနယ် တဒါဇင်လောက် လစဉ် ထွက်နေပြီး၊ ဒီမိုကရေစီရေး ထောက်ခံသူ, နအဖပေါ်လစီ ထောက်ခံသူ, အာဘော် နှစ်ဖက်စလုံး ဖော်ပြသူ, အားကစားနဲ့ လောင်းကစား ဖော်ပြသူ ရယ်လို့ ဂျာနယ်လိုင်းတွေ အသီးသီးကွဲနေကြတယ် ဆိုပါတယ်။ ဒီထဲက ဒီမိုကရေစီအာဘော် ဂျာနယ်တွေကို ဆိုင်ပေါ် တင်ရောင်းမပေးဖို့ သံရုံးအဆက်အသွယ်တွေက တဆင့် ဖိအားပေးတယ်လို့ ဆိုပါတယ်။
ကျနော့် လေ့လာမှုအရ ဒီလို ကိစ္စမျိုးဟာ အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ သိသာတာနဲ့ မသိသာတာပဲ ကွာပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ အနေအထားနဲ့ ရောက်နေတဲ့ မြန်မာတွေရဲ့ အနေအထားပေါ်မှာ ပိုပြီး တည်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော် “ထောင်စုပြတင်း”ဂျာနယ် ထုတ်နေစဉ်တုန်းက ကိုရီးယားမှာ ရှိတဲ့ မြန်မာဆိုင် အများစုက တင်ရောင်းပေးကြပေမဲ့ မတင်တဲ့ ဆိုင်အချို့လည်း ရှိခဲ့ပါတယ်။ ဒီလို မတင်တာဟာ ဆိုင်ရှင်ရဲ့ ပုဂ္ဂလိက ဆုံးဖြတ်ချက်လို့ ယူဆပါတယ်။ ကိုရီးယားမှာတော့ လွတ်လပ်စွာ ရောင်းလို့ ရခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီ ရေချိန်ကြောင့် ဖြစ်သလို၊ ရောက်ရှိနေတဲ့ မြန်မာအများစုကလည်း သံရုံးဖိအားအောက်မှာ ရှိမနေကြလို့ ဖြစ်ပါတယ်။
ကိုရီးယားမှာလိုပဲ ဂျပန်နိုင်ငံမှာလည်း စာနယ်ဇင်းကို လွတ်လပ်စွာ ရောင်းလို့ရပါတယ်။ ဂျပန်မှာ မြန်မာ သောင်းကျော်ရှိပြီး ဆိုင်လည်း နှစ်ဆယ်လောက် ရှိပါတယ်။ ဂျပန်မှာ အာဘော်နှစ်ခွ ဖော်ပြတဲ့ စာစောင်မျိုး ရှိသလို၊ လူပြိန်းကြိုက် စာစောင်မျိုးလည်း ရှိပါတယ်။ အားလုံး တန်းတူရောင်းလို့ ရတယ်လို့ မိတ်ဆွေများ ထံမှတဆင့် သိရပါတယ်။ ကိုရီးယားတို့ ဂျပန်တို့မှာ စာနယ်ဇင်း ထုတ်လုပ်တဲ့ ကိစ္စကို ဘယ်ရဲ ဘယ်ထောက်လှမ်းရေးကမှ စစ်ဆေး စောင့်ကြည့်တာ မလုပ်ပါဘူး။
သို့ပေမယ့် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ မလေးရှား, စင်္ကာပူ, ထိုင်းတို့မှာတော့ ရဲ/ထောက်လှမ်းရေးရဲ့ စောင့်ကြည့် စစ်ဆေးတာကို ရင်ဆိုင်ရပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး မလိုသူတွေက ရဲနဲ့ လှည့်တိုက် ပေးတတ်ကြပါတယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ ဒီမိုကရေစီ ရေချိန်ကိုက နိမ့်နေလေတော့ မြန်မာနအဖရဲ့ သံရုံးကလည်း ခေါင်းထောင်ပါတော့တယ်။ သူ့ရဲ့ ဖိအားကို ထုတ်သုံးတတ်ပါတယ်။ သုံးလို့ ရလောက်အောင်လည်း ရောက်နေတဲ့ မြန်မာအများစုက သူ့စက်ကွင်းက မကင်းကြဘူးလေ။ မလေးရှားမှာ ဆိုရင် တရားဝင် အလုပ်လုပ်နေသူ အများစုက စစ်မှုထမ်းဟောင်း အဆက်အသွယ်တွေ။ စင်္ကာပူမှာဆိုရင်လည်း သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက အများစု။ ဒါကြောင့် ဆိုင်တွေက နအဖ အမျက်တော်ရှမယ့် စာစောင်မျိးကို တင်ရောင်း မပေးရဲဘူး ဖြစ်လာတော့တာပါပဲ။
ဆိုင်တွေက မတင်ရဲတာထက် ဆိုးတဲ့ အချက်က ၀ယ်မဖတ်ရဲကြတာပါ။ အချို့က အလကားပေးတာတောင် မယူရဲပါဘူး။ မကြိုက်လို့ မဖတ်တာကို ဘာမှ မပြောလိုပေမယ့် ကြောက်လို့ မဖတ်တာ ဆိုရင်တော့ အတော် ရင်လေးစရာပါပဲ။ ကြောက်လို့ မဖတ်ဘူး ဆိုတာကို ကျနော်က လက်တွေ့ ကြုံခဲ့ရသူပါ။ ဒီဟာမျိုးတွေ ဖတ်ရင် အန္တရာယ်ရှိလားလို့ အမေးခံရတာလည်း ကြုံဖူးပါတယ်။ သို့သော် ကိုရီးယားမှာတော့ အလွန်နည်းပါတယ်။ စုန်းပြူးလောက်တော့ ရှိတာပေါ့။ ဇာတ်လမ်းလေးတခုမှာ ဆိုရင်…။ ကျနော့် ညီတယောက်က ဗိုလ်ခင်ညွန့် ဓာတ်ပုံကို အိမ်အ၀င်ပေါက် ဖိနပ်ချွတ်မှာ ကပ်ထားတယ်။ ကြည့်မရလို့ နာမ်နှိမ်တာတဲ့။ အဲဒါကို အတူနေ အခန်းဖော် တယောက်က ကန့်ကွက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကြောက်လို့။ တယောက်ယောက်ကများ ဒီသတင်းကို သက်ဆိုင်ရာ ပို့လိုက်ရင် ဒီအခန်းမှာ နေသူတွေ ဒုက္ခရောက်ရချည်ရဲ့လို့ ဆိုသတဲ့။ ညီက ပြည်ပထုတ် စာစောင်တွေ ၀ယ်လာရင်လည်း အခန်းဖော်က ကြောက်လို့ ဖတ်ပြီးရင် လူမမြင်အောင် သိမ်းထားလို့ ပြောပါတယ်။
နအဖနဲ့ သူ့ရဲ့ အသိုင်းအ၀ိုင်း အဆက်အသွယ်တွေဟာ လွတ်လပ်ခွင့်ရဲ့ သဘောကို လုံးဝ မသိရှာပါဘူး။ သတင်းနဲ့ အသိပညာကို လူတိုင်း လွတ်လပ်စွာ ရယူခွင့် ရှိတယ်ဆိုတာကိုလည်း မသိပါဘူး။ ဒါကြောင့် သူတို့နဲ့ အမြင်မတူ လမ်းစဉ်မတူတဲ့ စာနယ်ဇင်းတွေကို မဖတ်ဖို့ အမြဲ ဆော်သြတတ်ပါတယ်။ သူတို့ထဲက တိုးတက်သူ အနည်းစုကလွဲလို့ အများစုဟာ ကိုယ်တိုင်းလည်း မဖတ်၊ သူတပါး ဖတ်တာကိုလည်း ကန့်ကွက်တတ်ပါတယ်။ အမြင်မတူတာကို ပိတ်ဖို့ ကြိုးစားရင်း လွတ်လပ်ခွင့်ကို လိုက်ပိတ်နေမိတာပါပဲ။
မလေးရှား ကိစ္စမှာ သတိပြုသင့်တာ တခုက နအဖအာဘော် စာစောင်တွေ ထုတ်တယ် ဆိုတာပါ။ လူသိန်းကျော် ရှိတဲ့ အရပ်မှာ ပိုက်ဆံ မျှော်ကိုးပြီး ပေါ့ပ်တို့, ပါပရာဇီတို့, ရော့ပင်းတို့, အားကစားတို့ ထုတ်ကြတာကို နားလည်ပေးလို့ ရပါတယ်။ အစိုးရအာဘော်ကို ထုတ်တယ် ဆိုတာကျတော့ ပိုက်ဆံ အတွက်လို့ မပြောနိုင်တော့ပါဘူး။ ဒါက မှိုင်းတိုက်ဖို့ သိမ်းသွင်းဖို့ လုပ်တာ ဖြစ်လာတယ်။ လုပ်တဲ့သူတွေကိုယ်တိုင် တစုံတရာ ဖိအားအောက်မှာ ရှိနေတယ်ဆိုတာ ပြနေပါတယ်။ ဒီိလူတွေက နအဖကို တဖက်က ဖားရင်း, တဖက်မှာ ပိုက်ဆံ အမြတ်ထုတ်နိုင်ဖို့ အတွက် အခြား စာစောင်တွေရဲ့ ဈေးကွက်ကို ပိတ်ပင်ကြတာ ဖြစ်ဖို့ များပါတယ်။
ပြည်ပမှာ နေသူတွေဟာ ကိုယ့်ပြည်တွင်းကို မျက်ခြေပြတ်နေသူတွေတော့ မဟုတ်ကြပါဘူး။ ရနိုင်သမျှ စောင့်ကြည့် လေ့လာနေကြတာပါ။ သတင်း အချက်အလက် ရယူပုံချင်းတော့ ကွာမှာပေါ့။ ကိုယ့်မိသားစုထံကနေ သတင်းယူတာ ရှိမယ်။ ပြည်ပ သတင်းဌာနတွေက တဆင့် သတင်းယူတာ ရှိမယ်။ အချင်းချင်းအကြား သတင်းဖလှယ် ယူတာ ရှိမယ်။
ကျနော် တွေ့ဖူးတဲ့ မိတ်ဆွေတယောက်ကတော့ ထူးထူခြားခြား ပါပဲ၊ မြန်မာ့အလင်း သတင်းစာကို အိမ်ကနေ မှာယူ ဖတ်ပါတယ်။ ကျနော်လည်း နအဖ အာဘော်နဲ့ သူတို့ လုပ်နေတာကို သိဖို့ မြန်မာ့အလင်းကို ဖတ်ပါတယ်။ သို့သော် သူ့လိုတော့ အိမ်က မှာယူလောက်အောင် မိုက်လုံး မကြီးပါဘူး။ အင်တာနက်ကနေ နအဖ အာဘော်ကို ရှာဖွေ ဖတ်လို့ ရနေတာပဲ။ ကျနော့် မိတ်ဆွေကတော့ တသက်လုံး မြန်မာ့အလင်းပဲ ဖတ်လာတော့ ခေတ်ကြီး ပြောင်းသွားတာ သူမသိလိုက်ဘူး။ သူများတွေ ခလုတ်တချက်နှိပ်ပြီး နေ့စဉ်ဖတ်လို့ ရနေချိန်မှာ သူက သင်္ဘောနဲ့ စာတိုက်ကမှာပြီး လကျော်မှ ဖတ်နေရပါတယ်။
ဒါကြောင့် ပြည်ပမှာနေပြီး ပြည်တွင်းထုတ်တွေကိုပဲ တဖက်သတ် ဖတ်နေတာမျိုးကတော့ ကိုယ့်တံခါးကို ကိုယ့်ဘာသာ ပိတ်ထားတာပဲလို့ မြင်ပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာနဲ့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး မတူညီတဲ့ အမြင်တွေ ဖြစ်စဉ်တွေ အချက်အလက်တွေကို ရယူသင့်တယ်လို့ မြင်ပါတယ်။ ဒီလို ရယူတာဟာ အနည်းဆုံးတော့ လူတဦးချင်းစီအတွက် အင်မတန် အကျိုးဖြစ်စေပါတယ်။
ပြည်ပမှာ အခြေစိုက်ပြီး အစိုးရ အာဘော် စာနယ်ဇင်း ထုတ်ဝေတာ မလေးရှားအပြင် အခြားနိုင်ငံ အချို့မှာလည်း ရှိပါတယ်။ ဥပမာ စင်္ကာပူနဲ့ ကနေဒါ။ သူတို့က လွတ်လပ်တဲ့ အမြင်နဲ့ အာဘော်နှစ်ခုစလုံးကို ဖော်ပြတာလို့ ကာဗာလုပ်လေ့ ရှိပါတယ်။ တကယ်တော့ အစိုးရအာဘော်ကို အစိုးရကသာ ဖော်ပြရမှာ ဖြစ်ပါတယ်။ အစိုးရပိုင် မီဒီယာတွေကနေ သူ့အာဘော်ကို သူဖော်ပြပါလိမ့်မယ်။ အဲဒါ သူ့အလုပ်ပါ။ ပုဂ္ဂလိက စာနယ်ဇင်းတခုဟာ ပြည်သူလူထုကို အသိပေးဖို့နဲ့ ပြည်သူလူထု အာဘော်ကို ဖော်ပြဖို့သာ တာဝန်ရှိပါတယ်။ အစိုးရအာဘော်ကို ဖော်ပြဖို့ သူ့မှာ တာဝန် မရှိပါဘူး။ ဆိုလိုတာက အစိုးရရဲ့ လုပ်ဆောင်ချက်တွေ သဘောထားတွေကို ပြည်သူလူထု သိအောင် တင်ပြပေးရမှာ ဖြစ်ပေမယ့်၊ အဲဒါဟာ အစိုးရအာဘော်-ငါ့အာဘော် ဖြစ်မသွားစေရပါဘူး။ အသိပေးသင့်တာကို အသိပေးရမှာ ဖြစ်သလို၊ ကိုယ့်ရဲ့ ရပ်တည်ချက်အပေါ်မှာပဲ ရပ်နေရမှာ ဖြစ်ပါတယ်။ ဒီသဘောကို နားမလည်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်တဲ့ ဗဟုဝါဒီ အယောင်ဆောင်ပြီး အာဘော်နှစ်ခွ ဖော်ပြတာဟာ “မီဒီယာမနုဿီဟ” ငကြောင်တွေပဲ ဖြစ်ပါတယ်။
သေချာတာ တခုကတော့ ပြည်ပမှာ နအဖအာဘော် စာနယ်ဇင်းတွေ ရှိနေတယ် / ရှိလာနိုင်တယ် ဆိုတာပါပဲ။ ကဲ… ကိုရီးယားမြေပေါ်မှာ အဲဒါမျိုး ပေါ်လာခဲ့ရင်ကော?။ ဘယ်လို သဘောထားမလဲ။ ဘယ်လို တုံ့ပြန်မလဲ။ မိတ်ဆွေများ စဉ်းစားထားသင့်ပါတယ်။ ဒီလိုကိစ္စမျိုးဟာ နေရာအသီးသီး ထောင့်အလျှိုလျှိုကနေ မထင်မှတ်ဘဲ ပေါ်လာတတ်ပါတယ်။ ကိုရီးယားမှာတော့ စာနယ်ဇင်း နယ်ပယ်မှာ သံရုံး သို့မဟုတ် သူ့အဆက်အသွယ်တွေနဲ့ ထိပ်တိုက်တွေ့တာ ပြိုင်ဆိုင်ရတာမျိုး မရှိသေးပေမဲ့ ယဉ်ကျေးမှု, ဘာသာရေး နဲ့ အလုပ်သမားရေး ကိစ္စတွေမှာ ဆုံးခဲ့ကြုံခဲ့ကြရဖူးပါတယ်။ ကိုယ့်ဖက်က အားနည်းရင် တိုးဝင်လာမှာပါပဲ။
ဂျပန် အန်အိပ်ခ်ျကေ အသံလွှင့်ဌာနမှာ မြန်မာဘာသာ အစီအစဉ် တခုရှိပါတယ်။ အစိုးရတပိုင်း အသံလွှင့်ဌာနပါ။ ဂျပန်ရဲ့ ကမ္ဘာတလွှား ဖြန့်ကျက်မှု မူဝါဒရဲ့ အစိတ်အပိုင်း တခုအဖြစ် မြန်မာဘာသာ အသံလွှင့်လိုင်းတခု လုပ်ထားတာပါ။ ဒီမှာ ၀င်ကြည့်နိုင်ပါတယ်။ ဂျပန် အစိုးရအာဘော်, မြန်မာ အစိုးရအာဘော်နဲ့ အခြား နိုင်ငံတကာသတင်း တိုတိုထွာထွာ, ဟိုစပ်စပ်ဒီစပ်စပ် ဖျော်ဖြေရေးတွေ တင်ဆက်ပါတယ်။ ပရိသတ် များများ မရှိသေးပေမယ့် ထိုးဖောက်ဖို့တော့ လုပ်နေတာပဲ။ သေချာတာက ဒီအသံလွှင့်ချက်တွေဟာ မြန်မာ ပြည်သူတွေရဲ့ ဘ၀၊ ဂျပန်ရောက် မြန်မာတွေရဲ့ ဘ၀ကို မထင်ဟပ်ဘူး ဆိုတာပါပဲ။
သို့သော် ဒီလို လုပ်ပုံမျိုးကို ကိုရီးယားက အတုခိုးနိုင်တယ်။ ကိုရီးယားက သူ့ကိုယ်သူ ကမ္ဘာမှာ လူရာဝင်ပြီလို့ ကြွေးကြော်ချင်နေတာ။ ဒါကြောင့် ကမ္ဘာတလွှား ဘာသာစကားပေါင်းစုံ အသံလွှင့်တာမျိုး တနေ့မှာ လုပ်ကို လုပ်လာလိမ့်မယ်။ လုပ်ရင် မြန်မာ ပါလာမှာပဲ။ ကိုရီးယား အစိုးရဟာ နအဖနဲ့ သိပ်နီးစပ်တယ်။ သူ့အကျိုး အတွက် မြန်မာကို ဈေးကွက်အဖြစ် သဘောထားတယ်။ ဒီတော့ ဈေးကွက်ဝင် အသံလွှင့်ဌာနတခု ဖြစ်လာဖို့ အလားအလာများတယ်။ ပြည်သူလူထု ဘ၀တွေနဲ့ တကယ့်အဖြစ်မှန်တွေနဲ့ ကင်းကွာနေမယ့် မီဒီယာတခုကို ခင်ဗျားတို့ ကြိုဆိုမလား။ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။
ဝင်းပေါ်မောင်
Sunday, October 25, 2009
စိမ်ခေါ်ချက် အသစ်တွေနဲ့ ပြည်ပစာနယ်ဇင်း
Subscribe to:
Post Comments (Atom)
1 comment:
ကျနော်ဖတ်ဘူးတဲ့ ကဗျာတပုဒ်ကိုသတိရမိတယ်။ရေးသူတော့မမှတ်မိတော့ပါ။
ကျားပွဲ
ကိုယ်ကမှားရင် သူက စားမယ်
သူကမှားရင် ကိုယ်က စားမယ်
အမှားစောင့်တဲ့ ပြိုင်ပွဲလေ။
သို့ပေမဲ့ လည်း ကိုယ်မမှားပဲ
သူချည်းကျော်လွှား ကွက်ကျော်စားရင်
ခင်ဗျား ဘာဆက်လုပ်မည်နည်း။....တဲ့ အခုဟာက ပြည်တွင်းသာမက ပြည်ပမှာပါ ကွက်ကျော်စားနေပြီလေ။ဆက်လုပ်စရာကတော့ ပွဲသိမ်းလိုက်တာ ပိုကောင်းပါတယ်။
Post a Comment