Tuesday, March 31, 2009

ပို့လိုက်သည်E-mail ကိုပြန်ရုပ်သိမ်းနိုင်သောUndo Function

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ မတ် ၃၀

ကမ္ဘာတစ်ဝှမ်းOnline စာပို့စနစ်အသုံးပြုသူမြန်မာတော်တော်များများအသုံးပြု
နေကြသည့်Gmail က ၊ ပို့လိုက်ပြီးသော E-mailကို အကြောင်းအမျိုးမျိုးကြောင့်
မပို့လိုတော့ပါက ပြန်ရုပ်သိမ်းနိုင်သည့် ဝန်ဆောင်မှု (Undo) အသုံးပြုနိုင်ပြီဖြစ်
ကြောင်း ၊ ယခုသီတင်းပတ်အတွင်း စတင်ပေးလိုက်ပြီဖြစ်ကြောင်းGoogle Website
က တရားဝင်ကြေညာသည်။

ယခုဝန်ဆောင်မှုစတင်လိုက်ခြင်းကြောင့်E-mail ဖြင့်တွဲ၍ပို့လိုသော ဖိုင်
(Attachement) များ မပါဝင်ခြင်း၊ ပို့လိုသူမှားယွင်းသွားခြင်း စသည်များကို
အချိန်မီပြန်လည်ပြင်ဆင်နိုင်မည်ဖြစ်သည် ဟုဆိုသည် ။
E-mail ပို့လိုက်ပါက ပို့ပြီးဖြစ်ကြောင်း အသိပေးသည့် 'Your message
has been sent'နှင့်အတူ Undo ဆိုသည့် ဝန်ဆောင်မှုတစ်ပါတည်းတွဲ၍
ရရှိလာခြင်းဖြစ်သည် ဟုဆိုသည် ။ သို့ရာတွင် E-mail ပြန်ရုပ်သိမ်းလိုသည့် စာပို့ပြီးလျှင်ပြီးချင်း ငါးစက္ကန့်အတွင်းတွင်သာ ပြုပြင်နိုင်မည်ဖြစ်ပြီး ၊ ယင်းအချိန် ကျော်သွားပါက ပုံမှန်အတိုင်း စာထွက်သွားမည် ဟုဆိုသည် ။

၎င်း Function ပါရှိလာသည့်အတွက် တစ်ခါတရံ အရေးကြီးသော E-mailများ
ဂရုစိုက်တဲ့ကြားက Attachement မလုပ်မိတာမျိုးကို ချက်ချင်းပြင်လို့ရသည် ဟု ဆိုသည်။
G mail သည် အထက်ပါ Undo ဝန်ဆောင်မှုနှင့်အတူG mail နှင့် ချိတ်ဆက်၍
တစ်ပါတည်းအသုံးပြုနိုင်သည့် YouTube, Flickerနှင့် Picasa တို့သည်ရုပ်ပုံနှင့် ဗီဒီယိုဖိုင်များ ကြည့်ရှုနိုင်သောဝန်ဆောင်မှုများကို စတင်ပေးနေကြောင်းGoogle ၏ ကြေညာချက်အရ သိရသည်။

အဆိုပါ Undo Functionသည်ပို့လိုက်မိသည့် E-mail ပြန်သိမ်းခြင်းသာ
မက Inbox ထဲရောက်ရှိနေသောစာများဖျက်မိပါက ချက်ချင်းInbox ထဲသို့
ပြန်သိမ်းနိုင်သည့် ဝန်ဆောင်များကိုလည်းရရှိသုံးစွဲနိုင်ကြောင်း သိရသည်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 30, 2009

တူယှဉ်နွှဲပျော် အတာရေသဘင်ပွဲတော်

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)


န၀မအကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား) မှ နှစ်စဉ် ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ရေသဘင်ပွဲတော်သို့ ညီအစ်ကိုမောင်နှမများ ပါဝင်ဆင်နွှဲကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။
၁၉၊ ၄ ၂၀၀၉ (တနင်္ဂနွေနေ့)
အချိန် ။
နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၄ နာရီအထိ
နေရာ ။
ပူချွန်းမြို့ ဆော့ဂွမ်ဆာ ဘုန်းကြီးကျောင်း
(부천시 석왕사 절)
(စိုးစာဘူတာမှ ၉၅၊ ၅၆၊ ၆၀ ဘတ်(စ်)ကား များစီး၍ လာရောက်နိုင်ပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒေဂူးမြို့ သင်္ကြန်အလှူပွဲမှ ဖိတ်ကြားပါသည်...

ရေးသားသူ — ဂျီလယန်း ညီအကိုများ

ကျွန်တော်တို့ ဂျီလယန်းစက်မှုဇုန်မှ မြန်မာရွှေညီအစ်ကိုများမှ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မြန်မာထမင်းနှင့် ရွှေရင်အေးတို့ ကို ကျွေးမွေးမည်ဖြစ်ပါသဖြင့် ကြွရောက် အားပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဆရာတော် အရှင်ဆေကိန္ဒ ၊ ဂေါ်ဂျဲမြို့(ကိုရီးယား) တရားပွဲ မှတ်တမ်းပုံများ

ကိုဝိုင်း(မိုးညှင်း)
မတ်လ ၃၀ ရက် ၊ ဆောအူးလ်မြို့ ။

၂၀၀၉ ခုနှစ် မတ်လ ၁၄ ရက်(စနေနေ့) ၊ ည ၇ နာရီ ၁၅ မိနစ် အချိန် ၊ ဂေါ်ဂျဲမြို့(ကိုရီးယား)တွင် ၊ ကျင်းပခဲ့သည့် ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် အထူး ဓမ္မသဘင် မှတ်တမ်းတင်ပုံများကို အောက်ပါ အင်တာနက် လိပ်စာတွင် ကြည့်ရှုနိုင်ကြောင်း သိရှိရသည် ။

မှတ်တမ်းပုံများကြည့်ရှုရန် ( ဒီမှာနှိပ် )


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဆရာတော် အရှင်ဆေကိန္ဒ ၊ ဓမ္မဒူတကျောင်း(ကိုရီးယား) တရားပွဲ မှတ်တမ်းပုံများ

ကိုဝိုင်း(မိုးညှင်း)
မတ်လ ၃၀ ရက် ၊ ဆောအူးလ်မြို့ ။

၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်(တနင်္ဂနွေနေ့) ၊ မွန်းလွဲ ၁နာရီ ၃၀ မိနစ် အချိန် ၊ ဓမ္မဒူတ(ကိုရီးယား)တွင် ၊ ကျင်းပခဲ့သည့် ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် အထူး ဓမ္မသဘင် မှတ်တမ်းတင်ပုံများကို အောက်ပါ အင်တာနက် လိပ်စာတွင် ကြည့်ရှုနိုင်ကြောင်း သိရှိရသည် ။

မှတ်တမ်းပုံများကြည့်ရှုရန် ( ဒီမှာနှိပ် )


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 29, 2009

အတာကူးသည့်လတန်ခူး၏ အထူးအစီအစဉ်



နှစ်သစ်ကိုကြိုဆို နှစ်ဟောင်းကိုနှုတ်ဆက်သည့်အချိန်အခါ အလှူရေစက် လက်နှင့်မကွာ နေရပါမှ ရွှေမြန်မာပီသပါသည်ဟုဆိုသော ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာအားလုံးတို့ အတွက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် အတာကူးသည့်လတန်ခူး၏ အထူးအစီအစဉ်အဖြစ် ပထမအကြိမ် ရောင်ခြည်တော်ဖွင့်ပွဲနှင့် ဆွမ်းတော်ကြီးကပ် အနေကဇာတင်ပွဲကိုပြုလုပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သူတော်စင် ဓမ္မမိတ်ဆွေတို့ အနေဖြင့် ဆွမ်းတော်, ရေ ,မီး ,ပန်း ,သစ်သီးစုံ
စသည့်အဖုံဖုံတို့ကို ကြည်သာရွှင်မြှူး သဒ္ဓါထူးဖြင့် အများထက်လက်ဦးအောင် နည်းများမဟူ ပါဝင်လှူဒါန်းလိုသူများ လှူဒါန်း ကုသိုလ်နိုင်စေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

~~~~ အစီအစဉ်~~~~

၁။ ရောင်ခြည်တော် ဖွင့် ပွဲ (ဧပြီလ ၁၁ရက် ၂၀၀၉ ခုနှစ် စနေနေ့ ညနေ ၈ နာရီ)
(ရှေးဦးစွာ ငါးပါးသီလ ခံယူခြင်း၊ဆင်းတုတော်များကို ရေသပ္ပါယ်ခြင်း၊ ရောင်ခြည်တော်
ဖွင့်ခြင်း၊ စုပေါင်းဘုရားရှိခိုးခြင်း)

၂။ ဆွမ်းတော်ကပ် ဘုရားအနေကဇာတင်ပွဲ (ဧပြီလ ၁၂ ရက် ၂၀၀၉ တနင်္ဂနွေနေ့ နံနက် ၆ နာရီ)
(သံဃာတော်များနှင့်ကြွရောက်လာကြသူများ အားလုံးစုပေါင်း ဆွမ်းတော်ကြီးကပ် အနေကဇာတင်ခြင်း)

ဧပြီလ ၁၁ရက် ည ရောင်ခြည်တော် ဖွင့်ပွဲကြွရောက်လာကြသူများအား ကျောင်းတော်မှ မြန်မာထမင်း ဟင်းဖြင့် ကျွှေးမွေးဧည့်ခံပါမည်။

ဧပြီလ ၁၂ရက် တနင်္ဂနွေနေ့တွင် ကိုနိုင်ဝင်းအောင် +မတင်တင်လှတို့က သမီးရတနာ ခင်နွေဦးသံစဉ် (ခ)ဂျူးဂျူးနှင့်ချိုနဒီသံစဉ်(ခ)ကူးကူးတို့အတွက်(၁)နှစ်မြောက် မွေးနေ့အလှူအဖြစ် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည်။

အနေကဇာတင်ပွဲ စတင်ချိန်~~~နံနက် ၆ နာရီ(တနင်္ဂနွေနေ့ )
တရားပွဲအချိန် ~~~ မွန်းလွဲ ၁နာရီခွဲ
နေရာ ~~~မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်(၀၃၂ ၅၁၁ ၂၈၄၁)
ဧည့်ခံ ကျွေးမွေးရေး ~~~မုန့် ဟင်းခါး(မနက်)၊ဂွတ်ရှယ်ဒံပေါက်(ကြက်သား)
--------------*******-------------

(၅.၄.၀၉)တနင်္ဂနေ့  ဖြိုးတင့်၊စိုးထိုက်၊၀င်းနိုင်ထွန်း၊ မင်းထွန်းထွန်းနိုင်၊အောင်ကျော်ဇော်တို့သူငယ်ချင်းတစ်စု
(ကြက်ဆီထမင်း၊နတ်သုဒ္ဓါ ဒံပေါက်(သစ်သီးစုံ) အချိုရည်)

(၈.၄.၀၉)ဗုဒ္ဓဟူးနေ့  ဒေါ်ဝင်နီမောင်မောင်(၅၈နှစ်)လလည်ဆွမ်းသွတ်(မြန်မာထမင်းဟင်း)

(၁၂.၄.၀၉)တနင်္ဂနေ့  ကိုနိုင်ဝင်းအောင် +မတင်တင်လှတို့က သမီးရတနာ ခင်နွေဦးသံစဉ် (ခ)ဂျူးဂျူးနှင့်ချိုနဒီသံစဉ်(ခ)ကူးကူးတို့အတွက်(၁) နှစ်မြောက် မွေးနေ့အလှူ

(၁၉.၄.၀၉)တနင်္ဂနေ့  ကိုပြည့် ဖြိုးဝင်း+မခိုင်စည်သာအောင် တို့၏မွေးနေ့အလှူဆွမ်း
ကြာဇံကြော်၊Spaghetti (အီတာလျံခေါက်ဆွဲ)၊
(၁၉.၄.၀၉)တနင်္ဂနေ့  မြန်မာရိုးရာ ရွှေရင်အေး၊သာကူယိုတို့ ကို ကျောင်းတော်နှင့်ပူချွှန်းသင်္ကြန်ပွဲတွင်သာသနာပြုကျောင်းတော် က စတုဒီသာကျွှေးမွေးဧည့်ခံပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 28, 2009

ကိုရက်ပ်စ်မြန်မာလုပ်သားများ သက်တမ်းတိုးရေးမတိုးရေး

ကိုဝိုင်း(မိုးညှင်း)
မတ်၂၈ ။ ဆော်အူးလ်မြို့ ။

အီးနိုင်း Re-employment ကိစ္စ ၊ ကိုကိုလူသစ်များ သိရှိနိုင်ကြစေရန် ၊ လက်လှမ်းမှီသမျှလေ့လာတင်ပြလိုက်ပါတယ် ။

အဆင့်တစ် -
မိမိလက်ရှိဗီဇာ သက်တမ်းမကုန်မှီ ၂လအလို ၊ မိမိအား ဆက်လက်ခိုင်းလိုခြင်းရှိမရှိ လက်ရှိ အလုပ်ရှင်ကို မေးပါ ။ ဆက်ခိုင်းမည်ဆိုလျင် အလုပ်စာချုပ်အသစ် ထပ်ချုပ်ရပါမည် ။ ဆက်မခိုင်းလျင် အလုပ်ရှင်အသစ် ရှာရမည် ။
အလုပ်ရှင်အသစ်ရှာရန် နီးစပ်ရာ အလုပ်သမားရုံး(နိုဒုံချောင်း)သို့ သတင်းပို့ပါ ။ [ အခက်အခဲရှိလျင် လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ ဆက်သွယ်အကူအညီတောင်းပါ ။ မပြောတတ်လျင် အခမဲ့ဘာသာပြန်ဌာနသို့ ဆက်သွယ်ပါ ။ ဘယ်လိုဆက်သွယ်ရမည်ကို မသိလျင် ဟန်းဂုရွာမှာ တွေ့အောင်ရှာပါ ။ ယခင်တင်ထားပြီးသားတွေရှိပါသည် ။ ] ဗီဇာမကုန်မှီ ရက်အထိ အလုပ်ရှင်သစ်ရှာနိုင်ပါသည် ။ မိမိအားငှားရမ်းမည့် အလုပ်ရှင်သစ် မရှိလျင် (ဟဲဟဲ) အဆင်ပြေသလိုဆက်လုပ်ပါ ။

အဆင့်နှစ်-
စာချုပ်အသစ်ချုပ်ပြီးလျင် ၊ လဝကသို့သတင်းပို့ရမည် ။ ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ်ရရှိရေးဆောင်ရွက်ရမည် ။ ၄င်းလက်မှတ်သက်တမ်းသည် ၃ လဖြစ်သည် ။ ၃လအတွင်း ဗီဇာလျှောက်ရမည်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။

အဆင့်သုံး-
၎င်းနောက် မြန်မာပြည် ပြန်ပါ ။ ကိုရီးယားသံရုံးမှာ ဗီဇာလျှောက်ပါ ။ ကိုရီးယား ပြည်ဝင်ခွင့်ဗီဇာကို ၊ ကိုရီးယားမှ ပြန်လည် ထွက်ခွါပြီး ရက်၃၀ ကျော်လွန်မှ ဗီဇာလျှောက်ထားခွင့်ရှိပါသည် ။ ၄င်းဗီဇာရပြီးလျင် ကိုရီးယားသို့ ပြန်လာပါ ။ ပြန်လာသည့်အခါ လေယာဉ်စီးပြီးလာပါ ။ သင်္ဘောစီးလာခြင်းထက် ပိုမိုလျင်မြန်ပါမည် ။

လေးစားမှုဖြင့်-

ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 27, 2009

ဆရာတော် အရှင်ဆေကိန္ဒ ၊ ဓမ္မဒူတကျောင်း(ကိုရီးယား)တွင် ဟောကြားတော်မူသည့် တရားတော်

ကိုဝိုင်း(မိုးညှင်း)
မတ်လ ၂၇ ရက် ၊ ဆောအူးလ်မြို့ ။
၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်(တနင်္ဂနွေနေ့) ၊ မွန်းလွဲ ၁နာရီ ၃၀ မိနစ် အချိန် ၊ ဓမ္မဒူတ သိမ်တော်ခမ်းမ တွင် ၊ ကျင်းပခဲ့သည့် ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများအတွက် အထူး ဓမ္မသဘင်တွင် ၊ ဓမ္မဒူတစင်တာ(ကိုရီးယား) ၏ ၊ ပဓာန နာယကဆရာတော် အရှင်ဆေကိန္ဒ(ဓမ္မဒူတ) သည် ၊ အဆင်ပြေပါရဲ့လားအမည်ဖြင့် ၊ ဒေသနာ တရား ဟောကြားချီးမြှင့်တော်မူခဲ့ရာ ၊ အကြောင်းအမျိုးမျိုးကြောင့် တရားတော်ကို မနာယူလိုက်ရသော ဟန်းဂု ရွာသူ ရွာသားများ အနေဖြင့် ၊ ဆရာတော်ကြီး၏ တရားတော်ကို အောက်ပါ အင်တာနက် လိပ်စာတွင် ချိတ်ဆက် နာယူနိုင်ကြောင်း သိရှိရသည် ။

တရားတော်နာယူရန် ( ဒီမှာနှိပ် )


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 26, 2009

ကဗျာနေ့အတွက် မင်္ဂလာသတင်း

ရေးသားသူ — မောင်စွမ်းရည်
မိုးမခ မှ တဆင့် ပြန်လည်ဖော်ပြပါသည်။ (မတ် ၂၅၊ ၂၀၀၉)

[ကဗျာနေ့အတွက် ကဗျာမရေးဖြစ်ပါဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအတွက် နေ့စဉ်နဲ့အမျှ စိတ်လေး၊ စိတ်ရှုပ်နေမိလို့ပါပဲ။ ကွန်ပျူတာ ခေတ်ကြီးဆိုတော့ အင်တာနက်ပေါ်မှာ တယောက်တပေါက် ပြောကြတာတွေကလဲ ကွန်ပျူတာကို ဖွင့်မကြည့်ရဲလောက်အောင်ပဲ တံတွေးစဉ်မှာ စိုးလို့ပါ။]

ကဗျာနေ့အတွက် ကျနော်ပေးချင်တဲ့ မင်္ဂလာသတင်းကတော့ ကိုးရီးယား(တောင်)မှာ ကိုးရီးယား-မြန်မာ ကဗျာစာအုပ် ဒီဇင်ဘာထဲက ပုံနှိပ်ထုတ်ပေးလိုက်တဲ့ သတင်းပါပဲ။ ကျနော့်ဆီမကြာခင်က ပို့လိုက်ပါတယ်။

ကိုးရီးယားဘာသာနဲ့ ထုတ်ဝေတာဆိုတော့ ကျနော်တို့ မြန်မာတွေဖတ်တတ်မှာ မဟုတ်ဘူး။ ကျနော်လဲ မဖတ်တတ်ဘူး။ ဒါ့ကြောင့် ဒီစာအုပ်အကြောင်းကို အသေးစိတ်တော့ သတင်းပေးနိုင်မယ် မဟုတ်ပါဘူး။ အဖုံးမှာ အင်္ဂလိပ်လို စာတန်းလေး တခုပါတယ်။ Korea-Burma Anthology တဲ့။ ဗမာလို ပြောရမယ်ဆိုရင် 'ကိုးရီးယား-ဗမာ အန္တာလောဂ'လို့ ဖြစ်မယ် ထင်ပါတယ်။ ဒီစာအုပ်အကြောင်းကို သတင်းတပုဒ်ရေးပေးပါလို့ ကိုရီးယားက ဗမာတွေဆီကို တောင်းခံထားပေမဲ့ ခုထက်ထိမရသေး ပါဘူး။ ဒါ့ကြောင့် ကိုယ်ဘာသာပဲ ရေးလိုက်ရပါတယ်။ သတင်းပေးရုံပါ။

ဒီစာအုပ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ဒီလိုပါ။ ကိုးရီးယားမှာနေတဲ့ ကိုဇော်မိုးအောင်က ကျနော်နဲ့ ဆက်သွယ်ပြီး စာကြောင်းပေကြောင်း လေးတွေ ပြောနေတာ ၂နှစ်လောက်ကြာပြီ။ သူက ကိုးရီးယား-ဗမာ မိတ်ဆွေဖြစ် အသင်းကလို့ပဲ ကျနော်နားလည်ထားပါတယ်။

မြန်ာသတင်းစာတခုလည်း ထုတ်တယ်။ သူတို့ဆီမှာ ဝင်းပေါ်မောင်၊ တာရာမင်းခိုက်၊ ရန်နိုင်ထွန်း ဆိုတဲ့ ကလောင်သမားသုံးယောက် ရှိနေတာကိုလဲ ကျနော်သိနေတာကြာပြီ။ လူချင်းမတွေ့ပေမဲ့ သူတို့စာ၊ သူတို့အသံတွေကို ရင်းနှီးနေခဲ့ပါပြီ။ ပြည်ပမှာ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေမှာလဲ သူတို့တတွေ၊ သူတို့သတင်းတွေ အမြဲပါနေပါတယ်။ သူတို့ဆီမှာ မိတ်ဆွေဖြစ် အသင့်ရှိသလို၊ နိုင်ငံရေးအဖွဲ့အစည်းတွေလဲ ရှိပါတယ်။ တော်တော်လှုပ်လှုပ်ရှားရှား လုပ်နေကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုလိုဟာမျိုးအတွက် ဆုချီးမြှင့်ခံရတဲ့ ဗမာတယောက်လဲ ရှိနေပါတယ်။ (ကျနော်က မှတ်ဉာဏ် မကောင်းလို့ နာမည်တွေ မေ့နေပါတယ်။)

ကိုဇော်မိုးအောင်က တဆင့် ကျနော့်ကို ၂ဝဝ၈ ခုနှစ် နှစ်ဦးမှာ ထင်တယ်၊ သူတို့ဆီက စာရေးဆရာများက ကျနော့်ကို ဖိတ်ခေါ်ပေးပါဆိုလို့ တဲ့၊ လှမ်းဖိတ်ကြားဖူပါတယ်။ ခရီးသွားလက်မှတ် အချိန်မီမရတာကြောင့် မသွားလိုက်ရဖူး။ အဲဒီအချိန်မှာ ဂျပန်ကိုရောက်နေတဲ့ ကျနော့်မိတ်ဆွေ ကဗျာဆရာ စိုးချိန်ကို ဖိတ်ချင်တယ်။ ကောင်းမလားလို့ မေးပါတယ်။ ကျနော်က ဖိတ်ဖို့ သဘောမတူစရာအကြောင်း မရှိပါဘူးလို့ အကြောင်းပြန်လို့ သူတို့ဖိတ်လိုက်တာ အဆင်ပြေသွားခဲ့ပါတယ်။

သူတို့ဆီကနေပြီး မြန်မာပြည်ထဲက စာရေးဆရာတယောက်ယောက်လည်း နှစ်စဉ် ဖိတ်ကြားတယ်။ အဲဒါကတော့ လေ့လာရေးအတွက် ဖိတ်ကြားတာဆိုရင် ပိုကြာပါတယ်။ ၆ လလောက်ကြာ နေရပါတယ်။ ဂျူးနဲ့ နုနုရည်(အင်းဝ) တို့ကို တစ်နှစ်စီဖိတ်ပြီး သွားခဲ့ပါပြီ။ တက္ကသိုလ်တခုခုက ဖိတ်တာလို့ ထင်ပါတယ်။

ကျနော် ၂ဝဝ၃ ခုနှစ် နိုဝင်ဘာထဲက အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာစာရေးဆရာများ စာရေးသားမှု အစီအစဉ် တခုကို သုံးလကြာတက်ဖူးတယ်။ မြန်မာစာရေးဆရာ ၁ဝ ဦး လောက်ရှိပါပြီ။ နှစ်စဉ်ဖိတ်တာပါ။ ဝင်းဖေ၊ ချစ်ဦးညို၊ နုနုရည်(အင်းဝ)၊ ခက်မာ၊ ကျော်ဝင်း၊ မိုးဟိန်း (သားဂျာနယ်ကျော်) မောင်သာနိုး စတဲ့ စာရေးဆရာတွေ ရောက်ဖူးကြပါတယ်။ ကျနော် ပါဝင်ဆင်နွဲခဲ့ရတဲ့ အပတ်မှာ တောင်ကိုးရီးယားက စာရေးဆရာတွေနဲ့ အထူးရင်းနှီးခဲ့ပါတယ်။ သူတို့က ကင်မရာတွေ၊ ကွန်ပျူတာတွေ ကိုယ်စီနဲ့ ပါ။ တယောက်က ဆိုရင် သုံးလလောက်နေတာကိုပဲ စက်ဘီးတစ်စီးဝယ်စီးပြီး သူပြန်တော့ ထားခဲ့ပါတယ်။ ကျနော်တို့ ဗမာတွေကတော့ ကင်မရာတောင် မပါနိုင်ကြရှာပါဘူး။

အိုအိုဝါမှာ ကြုံရတုန်းက ကိုးရီးယားဝတ္ထုတိုများနဲ့ ကိုးရီးယားကဗျာတချို့ကို ဖတ်ခွင့်ကြုံခဲ့ပါတယ်။ ကိုးရီးယားကဗျာ ဆရာတယောက်ကတော့ အိုင်အိုဝါကို ရောက်လာကြတဲ့ နိုင်ငံတကာ ကဗျာဆရာများဆီက ကဗျာတပုဒ်စီတောင်းသွားပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ပြီးသား တပုဒ်စီယူသွားပြီး ဟိုကျတော့ ကိုးရီးယားဘာသာနဲ့ Poem Café 3 'ကဗျာကဖေး ၃' ဆိုတဲ့ စာအုပ်တအုပ် ထုတ်တဲ့အခါ ကျတော့ကဗျာတိုလေးတပုဒ်လဲ ပါသွားခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ထုတ်ဖြစ်ခဲ့တာပါ။

ကိုးရီးယားက ကိုဇော်မိုးအောင်က မနှစ်က (၂ဝဝ၈) ကျနော့်ကို ဖိတ်ကြားတဲ့အခါ ကျတော့် အတ္ထုပ္ပတ္ဈိအကျဉ်းနဲ့ ကဗျာဘာသာပြန်ပြီး (အင်္ဂလိပ်လို) လေး ငါး ဆယ်ပုဒ်လဲ ပို့ပေးဖို့တောင်းပါတယ်။ မြန်မာခေတ်ပေါ်ကဗျာသမိုင်း အကျဉ်းလဲ လိုချင်ပါတယ်တဲ့။ ဒါနဲ့ ကိုသာနိုးရေးထားတာ ရှာပေးလိုက်ပါတယ်။ အဲဒါပေးပြီးတော့ နောက်ထပ် တဆင့် တက်လာပြန်ပါတယ်။ သူတို့တတွေ မြန်မာကဗျာစာအုပ်တအုပ် ထုတ်ချင်တယ်လို့ သူ့မိတ်ဆွေ ကိုးရီးယား ကဗျာဆရာတွေက တောင်းသတဲ့။

ဒါနဲ့ ပြည်တွင်းက မောင်စိမ်းနီနဲ့ မင်းသစ်တို့ဆီကို လှမ်းတောင်းတော့ မြန်မာလိုပဲ ရနိုင်လို့ အခက်ကြုံတာနဲ့ ကျနော်က အင်္ဂလိပ်လို ဘာသာပြန်ပေးနိုင်မလားတဲ့။ ကျနော်က အမေရိကားမှာ မြန်မာတွေကြားမှာပဲ နေတာဆိုတော့ အင်္ဂလိပ်စကား တိုးတက်မှုမရှိဘူး။ မပြန်နိုင်ဘူး။ မင်းသစ်နဲ့ ကိုသာနိုးတို့က သားအဖလို ရင်းနှီးတယ်။ စစ်ကိုင်းသားတွေချင်းပဲ။ မင်းသစ်က တဆင့် တောင်းပါလို့ ပြောလိုက်တယ်။

တကယ်တော့ ကိုသာနိုး အိုင်အိုဝါတက္ကသိုလ်ရောက်တုန်းက မြန်မာကဗျာ ဘာသာပြန်တအုပ် ထားခဲ့တာရှိပါတယ်။ အိုအိုဝါတက္ကသိုလ်က ထုတ်မယ်ရှိပေမဲ့ ခုထက်ထိ မထုတ်သေးပါဘူး။ ဒါပေမဲ့ အဲဒီဘာသာပြန်တွေထဲမှာ ကွယ်လွန်သူ စာဆိုတွေ မပါဘူး။ ဥပမာ - မှိုင်း၊ ဇော်၊ နုယဉ်၊ ငွေတာရီ စတဲ့ ကဗျာဆရာတွေ မပါဘူး။ အဲဒီအကြောင်းကိုပဲ ကိုဇော်မိုးအောင်ကို ပြောပြဖူးတယ်။ ကိုဇော်မိုးအောင်က အဲဒါကိုပဲ ထပ်ဖြည့်တောင်းပေးပါ။ စာဆိုတဦးချင်းရဲ့ အတ္ထုပ္ပတ္တိ ဘိုင်အိုလေးတွေလဲ တောင်းပေးပါ။ မြန်မာဘာသာနဲ့မူရင်းတခုစီလဲ တောင်းပေးပါလို့ တဆင့်ပြီးတဆင့် တိုးပြီး ပူဆာလာပါတယ်။

ကျနော်က ဆရာကြီးမှိုင်း၊ ဆရာဇော်ဂျီစတဲ့ မပါသေးတဲ့ ကဗျာတွေရဲ့ ဘာသာပြန်ကို တောင်းပေးမယ်။ တဦးချင်းအတ္ထုပ္ပတ္တိတောင်းရင် ကြာမယ်။ မွေးသက္ကရာဇ်နဲ့ သေဆုံးသူဆိုရင် သေသက္ကရာဇ် တောင်းပေးမယ်။ မြန်မာလို မတောင်းနဲ့တော့၊ အင်္ဂလိပ်လိုပဲ သူတို့ ဘာသာပြန်ပါစေလို့ အဖြေပေးပြီး၊ ဒါပဲလုပ်တော့လို့ အဆုံးအဖြတ် ပေးလိုက်တယ်။ ပြီးပြီ။

မဟုတ်သေးဘူးတဲ့။ ဆရာ့အမှာစာတဲ့။ မလိုဘူး-ကိုသာနိုးရဲ့ ခေတ်ပေါ်ကဗျာမိတ်ဆက်ပဲ သုံးပါလို့ ပြောလိုက်တယ်။ ကဗျာဘာသာပြန်အားလုံးလဲ ပို့ပေးလိုက်တယ်။ သူတို့ဆီက တာရာမင်းခိုက်နဲ့ ရန်နိုင်ထွန်းတို့ ကဗျာတပုဒ်စီလဲ ထည့်မယ့်တဲ့။ ထည့်ပေါ့။ ပြီးပြီပေါ့။

ဒါလဲ မဟုတ်သေးဘူးတဲ့။ မောင်စွမ်းရည်ရဲ့ အမှာစာတခု ပေးပါတဲ့။ ဒါနဲ့ မိတ်ဆွေဖြစ် အမှာစာတိုလေး တမျက်နှာလောက် အင်္ဂလိပ်လို ရေးပေးလိုက်တယ်။ [အင်္ဂလိပ်စာမှာ မချောတာရှိရင်လဲ ပြင်ပါလို့- မှာလိုက်တယ်။] သူတို့က ကိုးရီးယားလိုဘာသာပြန်လိုက်ပါတယ်။ အမှာစာလဲ ပို့ပေးပြီးရော ချက်ချင်းပဲ စာအုပ်ထွက်လာပြီး ကျနော့်ဆီသုံးအုပ် ပို့လိုက်ပါတယ်။

ကိုသာနိုးဆီကို သူတို့ ပို့ဖြစ်သလား မသိ။ ဘာပဲဖြစ်ဖြစ် မိတ်ဖြစ်ဆွေဖြစ် ကိုးရီးယး-ဗမာ ကဗျာစု တအုပ်တော့ ထွက်ဖြစ်သွားခဲ့ပါပြီ။ မိတ်ဆွေဖြစ်သမိုင်း ဝင်သွားခဲ့ပါပြီ။ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ကြပါလောတော့။

ဒီစာအုပ်မှာ မြန်မာကဗျာ ဆရာ ၃၃ ဦးရဲ့ ကဗျာ ၃၄ ပုဒ်ပါရှိပါတယ်။ ကိုးရီးယား ကဗျာ ၃ဝ ပါရှိပါတယ်။ စာဆို တဦးစီမှာ မွေးနှစ်-သေနှစ် (သေရှင်) ပါရှိပါတယ်။

မြန်မာကဗျာဆရာများကတော့ သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး၊ မောင်သင်းခိုင်၊ ဇော် ပျဉ်းမနား၊ အိုအောင်၊ မောင်ချောနွယ်၊ အောင်ခြိမ့်၊ သုခမိန်လှိုင်၊ ခင်အောင်အေး၊ မောင်ပြည့်မင်း၊ အောင်ဘညို၊ မောင်အောင်ပွင့်၊ ကိုငြိမ်း၊ မောင်သင်းပန်၊ ပိုင်စိုးဝေ၊ ဝင်းမြင့်၊ မိုးဇော်၊ စိတျ၊ နှင်းခါးမိုး၊ လှိုင်းထက်၊ အောင်နှင်းသစ်၊ ဇော်ထိန်၊ နုယဉ်၊ ငွေတာရီ၊ ကြည်အောင်၊ ကြည်မောင်သန်း၊ တာရာမင်းခိုက်၊ ရန်နိုင်ထွန်းတို့ ကဗျာတွေ ဖြစ်ပါတယ်။ ကြည်အောင်က နှစ်ပုဒ်ပါသွားတော့ ၃၃ ယောက်၊ ၃၄ ပုဒ် ဖြစ်ပါတယ်။ ကိုးရီးယားကဗျာက ၃ဝ ဖြစ်ပါတယ်။ အားလုံးစာမျက်နှာ ၁၄၄ မျက်နှာ ပါရှိပါတယ်။

ဒီကဗျာတွေရဖို့အတွက် ဗမာပိုင်းမှာတော့ အားလုံး ကိုသာနိုးရဲ့ အင်္ဂလိပ်လိုဘာသာပြန်က ယူပါတယ်။ တာရာမင်းခိုက်နဲ့ ရန်နိုင်ထွန်းနှစ်ပုဒ်က လွဲရင်ပေါ့။ ဒါကြောင့် အဓိကကျေးဇူးရှင်ကတော့ ကိုသာနိုးပါပဲ။ သူရေးထားတဲ့ ကဗျာမိတ်ဆက်ကလဲ အဖိုးတန်ပါတယ်။ ဒုတိယ ကျေးဇူးတင်ရမှာက ကိုဇော်မိုးအောင်ပါ။ တတိယ ကျေးဇူးတင်ရမှာက ကိုးရီးယားကဗျာဆရာတွေပါ။ ကျနော်ကတော့ ကြားပွဲစား အလုပ်ပဲ လုပ်ခဲ့ရတာပါ။

ကိုးရီးယား-ဗမာ ချစ်ကြည်ရေး အခွန့်ရှည်ပါစေသတည်း။

၂ဝဝ၉၊ မတ် ၁၉။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 25, 2009

အတွေး(၁)

ရေးသားသူ — ကျော်ရန်





သင့်ရှေ့ ကပင်လယ်သည်
မိုးရေတစ်စက်ချင်းတို့ 

ပေါင်းစည်းခြင်းသင်္ကေတ.........
သင်နင်းထားသောဤ
မြေသည်
မြူတစ်မှူံစီတို့ 
ပေါင်းစည်းခြင်းသင်္ကေတ.......
ယုံမှားစရာမရှိ
သင်လည်းအသိ...။
ငါတို့ လက်တစ်ဖက်
ငါတို့ ချွေးတစ်စက်
ငါတို့ အတွေးတစ်စ
ပေါင်းစပ်ကြပါလျှင်
ငါတို့ ဘာသာ၊သာသနာ
ငါတို့ ပြည်ရွာအတွက်
ခွန်အားတစ်ရပ်
စွမ်းအားတစ်ဖုံ
ယုံမှားစရာမရှိ
်ဖြစ်နိုင်ပါဘိတော့တယ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 24, 2009

မလေးရှားက မြန်မာများ အခြေအနေ

ကျွန်တော်ပြောချင်နေတာတော့ကြာပါပြီ….
အခြေအနေတွေအရမ်းမဆိုးသေးလို့မပြောဖြစ်ခဲ့ပါဘူး… ။ အခုတော့ ပြောမှရတော့မယ့် အခြေအနေမို့ ပြောရပါတော့မယ်။ ကျွန်တော်တို့မလေးရှားမှာ မိန်းကလေးတော်တော်များများဒုက္ခရောက်နေကြပါတယ်။ မိန်းကလေး များတင်တော့မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း ဒုက္ခရောက်နေသူတွေ တစ်ပုံတစ်ပင်ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေး တွေက ဒေါင်ကျကျပြားပြားကျကျနေနိုင်တဲ့အတွက် မိန်းကလေးတွေကိုသာ ဦးစားပေးရေးရခြင်းဖြစ်ပါတယ်။ အခုမလေးရှားနိုင်ငံ ရဲ့ စီးပွားရေးဟာ အောက်ကိုထိုးစိုက်ကျနေပြီဖြစ်ပါသည်။ ကုန်ဈေးနှုန်းတွေတက်ကာ လုပ်ငန်းများ မလည်ပတ်နိုင်တော့သည့်အတွက် ပိတ်လိုက်ရတဲ့စက်ရုံတစ်ရာကျော်သွားပါပြီ။ စက်ရုံတွေပိတ်လိုက်ရသဖြင့် ပြန်ရတဲ့ ညီအကိုမောင်နှမတွေတော်တော်များနေပါသည်။ မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေကို ဒီကကြောင်းတွေကို သိစေချင်ပါသည်။ ဒါမှနောက်ထပ်လာမည့် အမျိုးကောင်းသမီးလေးများကို တားဆီးနိုင်မှာဖြစ်ပါသည်။
ဒီမှာရောက်နေကြတဲ့ မိန်းကလေးအတော်များများဟာ အလုပ်ကိစ္စရော လစာပါလုံးဝ( လုံးဝ ) အဆင် မပြေကြပါဘူး။ မြန်မာနိုင်ငံက စီးပွားရေးအခြေအနေကြောင့် ဒီကို အားကိုးတကြီးလာခဲ့ကြပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆို သလို ဒီရောက်လာမှ ဒုက္ခအကြီးအကျယ်ရောက်ကြရတော့တာပါပဲ။ မြန်မာပြည်ကအေးဂျင့်တွေက လစာဘယ်လောက်ရမယ်၊ overtime ဘယ်နှနာရီရှိတယ်ဆိုပြီး ပြောသမျှကို အဟုတ်ထင်ပြီး အထင်ကြီးလာခဲ့သမျှဟာ ဒီရောက်မှ အေးဂျင့်တွေရဲ့ အပြော ဟာ လိမ်ညာမှု့တွေပဲလို့သိရပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒီဘက်က အေးဂျင့်တွေ ပြုသမျှမှာနုရတော့တာပါပဲ…. မြန်မာပြည်ကအေးဂျင့်တွေက ပိုက်ဆံရရင်ပြီးရောဆိုပြီး လွှတ်တယ်၊ ဒီကအေးဂျင့်တွေကလည်း ပိုက်ဆံရမှာမို့ ခေါ်ပါတယ် သူတို့တွေရဲ့ လောဘကြားမှာ သားကောင်ဖြစ်သွားရတာ ကျွန်တော်တို့မြန်မာမိန်းကလေးတွေပါ။

မြန်မာပြည်ကနေအလုပ်ကောင်း တယ်ဆိုပြီးလာပေမယ့် မလေးရှားကိုရောက်လို့ တစ်လလောက်ကြာပေမယ့် ဘာအလုပ်မှမရသေးတဲ့ အမျိုးသမီးတွေအများကြီးပါ။ Free Calling တွေနဲ့လာကြပေမယ့် ပတ်စပို့ကို အေးဂျင့်တွေကပဲ သိမ်းထားကြပါတယ်။ အလုပ်ကိုလည်းရရင်ပြီးရော ဆိုတဲ့ သဘော ထားနဲ့ ရရာအလုပ်မှာ ၀င်လုပ်စေပါတယ်။ ပြီးတော့ ရတဲ့ လခထဲကနေပြီးတော့ ဖြတ်တောက်ယူငင်သေးပါတယ်။ ကိုယ့်ရဲ့ အခက် အခဲကို ပြန်လည် ပြောဆိုဖို့လည်း ဘာသာစကားအခက်အခဲ ၊ မိန်ကလေးဖြစ်၍ အားငယ်တတ်ခြင်းစတာတွေကြောင့် လုပ်သမျှ မတရားပေမယ့် ငြိမ်ကြည့်နေရ ပါတယ်။ မြန်မာပြည်ကလာတဲ့အကြွေးမကြေမှာစိုးရိမ်တာကတစ်မျိုး၊ ဒီမှာအလုပ်မကောင်းလို့စိတ် ပျက် အားငယ်တာက တစ်မျိုးနဲ့ သူတို့တွေရဲ့ ထွက်ပေါက်ကဘာဖြစ်မယ်လို့ထင်ပါသလဲ။ စဉ်းစားကြည့်ပါ။ ပထမစက်ရုံမှာ အလုပ် ကောင်းကြသူတွေရှိပေမယ့် စက်ရုံပိတ်သွားကြတော့ နောက်ဆုံးအေးဂျင့်ဆီမှာပဲ ပြန်ပြီးသောင်တင်တာပါပဲ။ အေးဂျင့်တွေကလည်း အလုပ်အလွယ်တကူရရှိတဲ့ စားသောက်ဆိုင်၊ သန့်ရှင်းရေးအလုပ်တွေမှာ ထည့်ပေးကြပါတယ်။

နောက်ပြီးဒီအလုပ်တွေက အာမခံ ချက်လည်းလုံးဝမရှိဘူး။ဘယ်နေရာမှာလို့လည်း သေသေချာချာ ရေရေရာရာ မရှိဘူး။ ဒီနေရာပြီးနောက်တစ်နေရာ၊ နောက်တစ်နေရာ ပြီး နောက်ထပ်တစ်နေရာ သူတို့စိတ်ကြိုက်သာ လျှောက်ပြောင်းတော့တာ။ လစာကလည်းသူတို့ပေးသမျှပဲ ယူကြရပြီး အလုပ်က လည်းပင်ပန်းတော့ over stay ရှောင်သွားတဲ့သူတွေလည်း အများအပြားပေါ့။ Over stayရှောင်သွားတဲ့ မိန်းကလေးတွေရဲ့ အကြီး မားဆုံးအန္တရာယ်က မလေးရှားကရဲတွေရဲ့ အန္တရာယ်ပဲ။ စနေ တနင်္ဂနွေနေ့တိုင်း ကွာလာလန်ပူမှာ အဖွဲ့အစည်းတွေနဲ့ ရဲနဲ့ပူးပေါင်း ပြီး over stay တွေကို ဖမ်းပါတယ်။ ဖမ်းမိသမျှတွေကို ထိုင်းသင်္ဘောတွေဆီကို ရောင်းစားပါတယ်။ ထိုင်းနိုင်ငံကိုပို့ပြီး အခိုင်းအစေ အလုပ်တွေကို လုပ်စေပါတယ်။ ဖမ်းမိပြီးနောက်မှာ လုံးဝအစအနပျောက်သွားတဲ့သူတွေ အများအပြားပါ။ မလေးရှားအစိုးရက ဖမ်းမိရင်ပြန်ပို့တယ်လို့ ပြောပေမယ့် တကယ်တော့မဟုတ်ခဲ့ပါဘူး။

နောက်ပြီးအခုနောက်ပိုင်းမှာ စီမံချက်တွေနဲ့ နေရာတိုင်းမှာ over stay သမားများကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒါကြောင့် over stay လုပ်ဖို့ဆိုတာ မိန်းကလေးတွေအတွက် မိုက်မဲတဲ့ရွေး ချယ်မှု့ပဲဖြစ်ပါတယ်။ နောက် အန္တရာယ် တစ်ခုက မလေးရှားနိုင်ငံထဲမှာနေထိုင်ကြတဲ့ ကုလားတွေရဲ့ အန္တရာယ်ပါပဲ။ မလေးရှားနိုင်ငံ ဟာ စာရိတ္တနဲ့ပါတ်သက်ပြီး လုံးဝ ချို့ ယွင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ကိုယ်ကြိုက်ရင်ကြိုက်သလောက်မိန်းမယူခွင့်ရှိပါတယ်။ ယောကျာ်း တွေကလည်း ဖောက်ပြန် မိန်းမတွေကလည်းဖောက်ပြန် မွေးလာတဲ့သားသမီးတွေကလည်း မိဘကိုမိဘမှန်းမသိနဲ့ ၊၊ တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံနဲ့ စာရိတ္တပိုင်းမှာ ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မလေးရှားမှာ နေထိုင်တဲ့ ကုလားတွေက ဂိုဏ်းတွေဖွဲ့စည်းထားပြီး စိတ်မထင်ရင် မထင်သလို ရန်ရှာလူသတ်တတ်ပါတယ်။ မလေးရှား ရဲအဖွဲ့ကလည်း မသိ ချင်ယောင်ဆောင်နေရတာပါ။ ဒါကြောင့်ကုလားတွေဟာ လုပ်ချင်တိုင်း လုပ်နေတော့တာ ပါပဲ။ ပစ္စည်းလုတယ် ရန်ရှာတယ် ပိုက်ဆံ တောင်းတယ်။ မိန်းကလေးများဆိုရင် ပိုပြီး အန္တရာယ်များပါတယ်။ ချောင်ကျတဲ့ အရပ်တွေမှာဆိုရင် အိမ်ထဲအထိအောင်ဝင်ပါတယ်။

နောက်ထပ်အကြီးမားဆုံးအန္တရာယ်ကတော့ မြန်မာယောက်ျားလေးတွေရဲ့ အန္တရာယ်ပါပဲ။ ရေနစ်သူတွေကို ၀ါးကူထိုးသူများဖြစ်ပါ တယ်။ မြန်မာမိန်းကလေးများ အသစ်ရောက်တယ်ဆိုရင်ကူညီချင်သူတွေက အများကြီးပါ။ ဘာမှအားငယ်စရာမရှိလောက်အောင်ကို talking တွေနဲ့ကူညီကြတာပါ။ ဖုန်းနံပါတ်ကိုသာပေးမိရင်တော့ ဒီမိန်းကလေး သွားပြီပဲ။ ညသန်းခေါင် အထိအိပ်လို့မရဘူးဖြစ်သွားမယ် ဖုန်းကအချိန်ပြည့် တစ်တီတီမြည်ပြီးတော့ကိုခေါ်နေတော့တာ။ ခေါ်တဲ့သူက အရက်မူးနေရင်ပိုပြီးဆိုးပြီသာမှတ်တော့။ ဒီမှာရောက် နေတဲ့မိန်းကလေးတွေက စဉ်းစားရင် စဉ်းစား မိလိမ့်မယ်။ မလေးရှားလာမိတာအရမ်းစန်းပွင့်တာပဲလို့။ ဒါဟာစန်းပွင့်တာမဟုတ်ပါဘူး ဘ၀တစ်ခုလုံးပွင့်လန်ထွက်သွားဖို့ အတွက်အစလမ်းပါ။

မလေးရှားမှာရောက်နေကြတဲ့ ယောက်ျားလေးတွေမှာ လူပျိုလူလွတ်တွေပါ သလို မြန်မာပြည်မှာမိန်းမနဲ့ ကလေးတွေကျန်ခဲ့သူလည်းအများအပြားပေါ့။ မိန်းမတွေအကြောင်းကိုနောကျေတာ အိမ်ထောင်ရှိတဲ့ ယောက်ျားများပဲ ဖြစ်ပါတယ်။ နောက်ပြီး မိန်းမတွေနဲ့ ခွဲနေရတာ နှစ်ချီနေပြီဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။ နောက်ပြီး စည်းလွတ် ဘောင်လွတ်ပျော်လို့ရတဲ့နေရာဆိုတော့ စိတ်သွားရင်ကိုယ်ပါတယ်။ အရက်သေစာ လောင်းကစား မိန်းမ ဆေးဝါး လိုချင် တာအားလုံးရနိုင်တဲ့နေရာဆိုတော့ စိတ်မနိုင်တဲ့သူတွေဆိုရင် အရက်ပုလင်း ဘီယာပုလင်းတွေထဲကနေ မတက်နိုင်ကြတော့ဘူး။ မိန်းမလိုက်စားသူတော်တော်များများကလည်း လူအိုတွေပဲများပါတယ်။ ရောက်လာကြတဲ့ မိန်းကလေးတွေက ကိုယ့်ကိုကိုယ်စန်း ပွင့်လှပြီဆိုပြီး ဘ၀င်မြင့်နေကြလိမ့်မယ်။ ဖုန်းပေးမယ် အ၀တ်အစားလည်း ၀ယ်ပေးမယ် အိမ်ကိုလည်းငွေလွှဲပေးမယ်ဆိုရင် နောက် ကြောင်းကိုမသိပဲနဲ့ ဘ၀ကိုပုံအပ်လိုက်ကြတာပဲ။ မြန်မာပြည်မှာ ရှိနေတဲ့ မိန်းမဆီမှစာလာမှ အရှက်တကွဲအကျိုးတနည်းနဲ့ နောက် ပြန်ဆုတ်လို့လည်းမရတော့ဘူး။ ရပြီးသား လူတွေကလည်း လက်လွှတ်မပေးတော့ဘူး။ အစားထိုးတွေလေ သိတယ်မဟုတ်လား။ ကျွန်တော့်မျက်စိရှေ့ မှာပဲ ကလေးနှစ်ယောက် အဖေတွေ ကလေးသုံးယောက်အဖေတွေနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကောင်မလေး တွေကို တွေ့နေရတော့ သူတို့တော့ဘယ်လိုခံစားရမလဲတော့မသိဘူး ကျွန်တော်ကတော့ သူတို့တွေအစား သူတို့ မိဘမောင်ဖွားတွေ အစားရင်နာတယ်။

ဒီမှာရောက်နေကြတဲ့ မိန်းကလေးတော်တော်များများဟာ အရက်သမားတွေနဲ့ဖြစ်ကြတယ်။ ခြောက်ဆယ်ရာခိုင် နှုန်းက လူအိုတွေနဲ့ဖြစ်ကြှတယ်နှစ်ဆယ်ရာခိုင်နှုန်းက လူပျိုတွေနဲ့ဖြစ်ပြီး ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းက လူမျိုးခြား အပေအတေ တွေနဲ့ ဖြစ်ကြတယ်။ အခုဆိုရင်သွားလေရာနေရာတိုင်းမှာ မြန်မာအတွဲတွေ ပလုံစီနေပြီ။ ဗီဒီယိုတွေ ဗီစီဒီတွေလည်း ထွက်လာကြပြီ။ ဗီစီဒီတွေ ဆိုတာ မြန်မာနော်မြန်မာဆိုပြီးတော့ကို အော်ရောင်းနေတာ။ ကောင်းတာတွေတော့ မဟုတ်ဘူး။ စက်ရုံမှာ လူမျိုးခြားတွေက မြန်မာမတွေဘယ်လောက်နဲ့ ခေါ်လို့ရတယ်ဆိုရင် လက်သီးနဲ့အချက်ပေါင်းမြားစွာ ထိုးပစ်ချင်လောက်အောင် အသည်းနာတယ်။ ဒီကိုရောက်လာပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့သူတွေ ရှားပါတယ်… ထိန်းသိမ်းနိုင်တဲ့သူမရှိဘူးမဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမယ့် အယောက် တစ်ရာမှာ တစ်ယောက်ပါ။ အဲသည် တစ်ယောက်ဟာလည်း အရမ်းဝနေ၍သော်လည်းကောင်း၊ ရုပ်ဆိုးနေ၍ သော်လည်းကောင်း ယောက်ျားလေးစိတ်ဓါတ် ပေါက်နေ၍သော်လည်းကောင်း အဲသည်အထဲက တစ်ခုခုဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ… အိနြေ္ဒသိက္ခာနဲ့ စာရိတ္တကို အလေးထားတဲ့လူမျိုးပါ..။ အသက်ထက် အရှက်ကို ဦးစားပေး တယ်ဆိုတာ မြန်မာလူမျိုးတွေအတွက်ပါ။ တိုင်းတစ်ပါးမှာရောက်နေကြတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ နှမတွေကို စောင့်ရှောင့်မယ့်သူ တွေထက် ချောက်ချဖို့ချောင်းနေတဲ့သူတွေအများအပြားပါ။ ဒါကြောင့် နောက်ထပ် လာမယ့် မြန်မာအမျိုးသမီးများရှိရင် သေချာစုံစမ်း လေ့လာပြီးမှ လာပါလို့ပြောချင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ လာမယ့်သူ ရှိကြရင်လည်း တားဆီးပေးကြပါ။ အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာအားလုံးဟာ အားလုံး အမှန်တွေချည်းပါ။ ကျွန်တော်ပြောတာတွေဟုတ်မဟုတ်ကို မလေး ရှားမှာရောက်နေတဲ့ အချောင်နှိုက်စားနေတဲ့ သူတွေကလွဲရင် ဘယ်သူ့ကိုမဆိုမေးမြန်းနိုင်ပါတယ်။ ညီအကို မောင်နှမစိတ်ဓါတ် ဖြင့် သတိပေးရေးရခြင်းဖြစ်ပါတယ်၊

ဖိုးဖြူ
(ကျနော့်ဆီ ၀င်လာတဲ့ forward mail လေးကို အားလုံးအတွက် share လိုက်ပါတယ် ခင်ဗျာ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အနှောက်အယှက်ပေးသူ

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။ "ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
"ကောင်းပါတယ်. ကျေးဇူး"
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.
" ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ…. စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
"ခင်ဗျားလိုပဲပေါ့ဗျာ." ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"
ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ… ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။ ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..
" ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."

***************
မှတ်ချက်-
နိုဝင်္ဘာပေးပို့လာသည့်အီးမေးလ်ကို တင်ပြထားခြင်းပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အဖော်မွန်

ရေးသားသူ — နေသစ်
စွဲဆောင်မှုရှိလှတဲ့ အမျိုးသမီးငယ်တစ်ဦး ဘတ်စကားပေါ်ကို မျက်မမြင်သုံး တောင်ဝှေးတစ်ချောင်းနဲ့ သတိကြီးစွာ လှမ်းပြီး တက်လာတဲ့အခါ ဘတ်စကားပေါ်က ခရီးသည်တွေက သူမကို ကရုဏာသက်စွာနဲ့ ငေးပြီး ကြည့်နေကြလေရဲ့။ ပထမ ကားမောင်းသူကို သူမ ဘတ်စကားခ ပေးလိုက်တယ်။ ပြီးနောက် ထိုင်ခုံတွေကို လက်နဲ့ စမ်းရင်း အလယ်လမ်းကြားကနေ ကားမောင်းသူညွှန်လိုက်တဲ့ လွတ်နေတဲ့ ထိုင်ခုံဆီ လျှောက်လာခဲ့တယ်။ နေရာကိုရောက်တဲ့အခါ ၀င်ထိုင်ချလိုက်ရင်း ပေါင်ပေါ်မှာ သူမရဲ့ သားရေအိတ်ကိုတင်၊ တောင်ဝှေးကိုတော့ ခြေထောက်ဘေးမှာ မှီပြီး နေရာချလိုက်တယ်။

ဒီလိုနဲ့ အသက် ၃၄ နှစ်အရွယ် ဆူဇန်တစ်ယောက် မျက်မမြင်ဘ၀ ရောက်ခဲ့တာ တစ်နှစ်တောင် ပြည့်ခဲ့ပြီပဲ။ ရောဂါအကဲဖြတ် မှားယွင်းပြီး ဆေးကုသ ခံယူခဲ့ရမှုကြောင့် သူမရဲ့ မျက်စေ့နှစ်ကွင်း အလင်းကွယ်ခဲ့ရတယ်။ ပြီးတော့ ဒေါသတွေ၊ အရာရာကို အရှုံးပေးလိုမှုတွေ၊ ပျော့ညံ့မှုတွေနဲ့ အမှောင်တွေလွှမ်းနေတဲ့ ကမ္ဘာတစ်ခုထဲကို သူမ ရုတ်တရက် ပစ်ချခံလိုက်ရတယ်။

တချိန်က ဆူဇန်ဆိုတဲ့ နာမည်တစ်လုံးနဲ့ ကိုယ့်ဘ၀ကိုယ် အပြင်းအထန် ရပ်တည်လာခဲ့တဲ့ သူမဟာ ခုတော့ သူမဘေးဘီက လူအားလုံးပေါ် မကူနိုင်မကယ်နိုင်တဲ့ ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်လာအောင် ဖန်လာတဲ့ ကြမ္မာဆိုးတွေကြောင့် ကျိန်စာသင့် ခံရသလိုကို သိမ်ငယ်စွာ ခံစားနေရပြီ။

“ကျမကို ဒီလိုကံကြမ္မာ ဘယ်လိုကြောင့် ဖန်လာရက်ပါပေ့။”

ဒေါသတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့နေတဲ့ သူမနှလုံးသားနဲ့ လျှောက်လဲချင်မိပါရဲ့။ ဒါပေမဲ့ သူမ ဘယ်လောက်ပဲ ငိုကြွေးခဲ့ငိုကြွေးခဲ့၊ ပြောဆိုပေါက်ကွဲတာတွေ ဒါမှမဟုတ် တောင်းဆုတွေ ဘယ်လောက်ပဲ ပြုခဲ့ပြုခဲ့။ ရင်ကိုနာကျင်စေတဲ့ အမှန်တရားကို သူမ သိနေခဲ့သည်လေ။ ဒါကတော့ သူမရဲ့ မျက်စေ့နှစ်ကွင်း ဘယ်တော့မှ အလင်း ပြန်မရနိုင်တော့ဘူး ဆိုတာပဲပေါ့။

ခုတော့ စိတ်ပျက်အားလျှော့မှုတွေ၊ မောဟိုက်နွမ်းလျမှုတွေကို ထိတွေ့ခံစားရင်း၊ တနေ့ တနေ့ လွန်မြောက်သွားရုံ ဖြတ်သန်းရင်းနဲ့၊ စိတ်အားငယ် ကြေကွဲခြင်းတိမ်တိုက်တွေဟာ အရင်က အကောင်းမြင်စိတ် ထားတတ်တဲ့ ဆူဇန်ကို လွှမ်းမိုး ခြောက်လှန့်ထားခဲ့ပြီပဲ။

ခုချိန်မှာ သူမအနေနဲ့ အားလုံးပုံအပ်ပြီး မှီတွယ်ရမယ့်သူက သူမရဲ့ခင်ပွန်းသည် မတ် ပါပဲ။ မတ် က လေတပ်အရာရှိတစ်ဦး ဖြစ်ပြီး သူမကို အသဲနင့်အောင် ချစ်တဲ့သူပါ။ သူမ မျက်စေ့ကွယ်သွားတဲ့အခါ သူဟာ စိတ်ပျက်အားငယ်နေရှာတဲ့ သူမကို ကြည့်ရင်း သူမ ခွန်အားတွေ ပြန်လည်တိုးပွားလာအောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန် ရပ်တည်လာနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်မှုတွေ ရှိလာအောင် ကူညီဖေးမပေးဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။ မတ်ရဲ့ တပ်တွင်း အတွေ့အကြုံတွေက ထိလွယ်ခိုက်လွယ် အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာ ကောင်းကောင်းကြီး သင်ကြားပေးခဲ့ပြီးပါပြီ။ သည့်တိုင်အောင် သူရင်ဆိုင်ရသမျှ တိုက်ပွဲတွေထဲမှာ ဒီတိုက်ပွဲက အခက်ခဲဆုံး တိုက်ပွဲဆိုတာလည်း သူကနားလည်ထားမိပါတယ်။

ဆူဇန်ဟာ နောက်ဆုံးမှာတော့ သူမအလုပ်ဆီ ပြန်သွားဖို့ စိတ်ဒုန်းဒုန်း ချလိုက်ပါတယ်။ ဒါပေမဲ့ သူမအလုပ်ဆီ ဘယ်လို ပြန်သွားရမလဲ။ ယခင်ကတော့ သူမ ကားစီးပြီး သွားနေကျပါ။ ခုတော့ သူမဘာသာ မြို့ထဲ သွားဖို့ရာ အလွန်အမင်း တုန်လှုပ်နေမိတယ်။ ဒါကြောင့် သူတို့နှစ်ဦး မြို့ရဲ့ အစွန်အဖျား တဖက်တချက်ဆီမှာ အလုပ်လုပ်ကြရတဲ့ တိုင်အောင် မတ်ဟာ နေ့စဉ် သူမကို အလုပ်ဆီ ကားမောင်း ပို့ရတော့တာပေါ့။ အစ ပထမတော့ ဒါဟာ ဆူဇန်ကို စိတ်ကျေနပ် သက်သာရာ ရစေပါတယ်။ ဒါ့အပြင် အသေးငယ်ဆုံး ကိစ္စလေး ဆောင်ရွက်ရတာတောင် စိုးရိမ်စိတ် လွန်ကဲနေရှာတဲ့ မျက်မမြင်ဇနီးသည်ကို စောင့်ရှောက်ဖို့ မတ်ရဲ့ လိုအပ်မှုကိုလည်း တနည်းတဖုံ ဖြည့်ပေးရာ ကျပါတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ဒီအကြိုအပို့ အစီအစဉ်ဟာ အလုပ်မဖြစ်ဘူးဆိုတာ မတ် သတိထားလာမိတယ်။ ဘာကြောင့်ဆို နားရမယ့် အချိန်လည်း အနားမရဘဲ ပျားပန်းခတ် အလုပ်လုပ်နေရတယ်။ နောက်ပြီး အကုန်အကျကလည်း များသေး။ သူမကို ဘတ်စကား ပြန်စီးခိုင်းမှ ဖြစ်တော့မယ်လို့ သူ့ကိုယ်သူ စဉ်းစားခန်း ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူမကို ပြောဖို့ တွေးလိုက်ရုံရှိသေး ဒီအတွေးတွေက သူ့ကို နောက်တွန့်နေစေပြန်တယ်။ သူမက ထိလွယ်ခိုက်လွယ် ဖြစ်နေဆဲလေ။ စိတ်ဒဏ်ရာတွေနဲ့ စိတ်တိုစိတ်ဆတ်နေဆဲ မဟုတ်လား။ သူသာ စဉ်းစားထားတဲ့ အစီအစဉ်တွေကို ထုတ်ပြောလိုက်ရင် သူမ ဘယ်လိုများ တုံ့ပြန်လိုက်မလဲ။

မတ်က သူ့စဉ်းစားချက်ကို အရိပ်အမြွက်လောက်ပဲ ပြောရရုံရှိသေး၊ ဘတ်စကား ပြန်စီးရမယ့် အဖြစ်ကိုတွေးပြီး သူမ တုန်လှုပ်ခြောက်ခြားသွားတယ်။

“ကျမက ကန်းနေသူပါ မတ်”

သူမ ခါးခါးသီးသီး တုံ့ပြန်လိုက်တယ်။

“သွားရမယ့် နေရာသိဖို့ ကျမ ဘယ်လိုလုပ် မှန်းဆကြည့်ရမလဲ။ ကျမကို ရှင် ခွဲခွာသွားသလိုပါပဲ မတ်ရယ်”

ဒီစကားတွေကြားတော့ မတ် ၀မ်းနည်းကြေကွဲမိပါရဲ့။ ဒါပေမဲ့ သူ ဘာဆက်လုပ်ရမယ်ဆိုတာ သူသိပြီးသားပဲလေ။ မတ်က “ဆူဇန်လေး ဒီလမ်းခရီးကို မသွားတတ်မချင်း အချိန်တွေ ကြာချင်သလောက်ကြာ ကိုယ် ဆူဇန်နဲ့ အတူ မနက်တစ်ခါ၊ ညနေတစ်ခါ ဘတ်စကား အတူတူစီးပါ့မယ်” လို့ ကတိပေးလိုက်တယ်။

ရက်သတ္တ နှစ်ပတ်လုံးလုံး စစ်ဝတ်စစ်စားအပြည့်နဲ့ မတ်ဟာ ဆူဇန်တစ်ယောက် နေ့စဉ် အလုပ်သွား၊ အလုပ်ပြန်မှာ အဖော်လိုက်လို့ပေါ့။ သူက သူမ ခုဘယ်နေရာရောက်နေပြီ ဆိုတာ ဆုံးဖြတ်တတ်ဖို့၊ ပတ်ဝန်းကျင်သစ်နဲ့ အလိုက်သင့် ဖြစ်အောင် လုပ်ဖို့ရာမှာ အခြားအခြားသော အာရုံတွေပေါ်၊ အထူးသဖြင့် အကြားအာရုံပေါ်မှာ ဘယ်လိုဘယ်ပုံ အားထားအသုံးပြုဖို့ သင်ကြားပေးပါတယ်။

မတ်က သူမကို ဂရုစိုက် ပေးနိုင်မယ့်၊ ထိုင်ခုံနေရာ စီစဉ်ပေးနိုင်မယ့် ဘတ်စကားမောင်းသူတွေနဲ့ သူမ မိတ်ဆွေတွေ ဖြစ်ရအောင် ကူညီပေးခဲ့တယ်။ သူမ ဘတ်စကား အတက်အဆင်း လုပ်ရင်း ခြေလှမ်းမှားပြီး လဲချော်ကျတဲ့ နေ့တွေ၊ ဒါမှမဟုတ် သူမရဲ့ သားရေအိတ်လေး မတော်တဆ လွတ်ကျသွားတဲ့ နေ့တွေ။ အဲဒီလို ကံမကောင်း အကြောင်းမလှတဲ့ နေ့တွေမှာတောင် သူမ ရယ်မော ပျော်ရွှင်လာအောင် မတ်က လုပ်တတ်တယ်။ မနက်တိုင်း သူတို့နှစ်ဦးသား ကားအတူစီးကြတယ်။ နောက်မှ မတ်က သူ့ရုံးဆီ အငှားယာဉ် ပြန်စီးရတယ်။ ဒီခရီးစဉ်ဟာ ယခင်ကထက်တောင် အကုန်အကျများပြီး ပိုမိုလည်း ပင်ပန်းနွမ်းနယ်လှတယ် ဆိုတဲ့တိုင် ဆူဇန် သူမဘာသာ ဘတ်စကားစီးနိုင်အောင် ကျင့်ယူနေတဲ့ အချိန်ကာလလေးတစ်ခုသာ ဖြစ်တယ်လို့ မတ်က မှတ်ယူထားမိပါတယ်။ သူက ဘယ်လိုသော အခက်အခဲနဲ့ စိမ်ခေါ်မှုတွေကိုမှ မမှုတဲ့၊ အလုပ်တစ်ခုကို ဘယ်တော့မှ တပိုင်းတစနဲ့ ပစ်ပြီး ထွက်ခွာလက်မြှောက် အရှုံးပေး မသွားတတ်တဲ့ ဆူဇန်ကို အလေးအနက် ယုံကြည်တယ်လေ။

တစ်နေ့တော့ ဆူဇန်ဟာ သူမဘာသာ သည်ခရီးကို သွားလာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ တနင်္လာနေ့ မနက်ခင်းကို ရောက်လာခဲ့ပြီ။ အိမ်မှမထွက်ခင်မှာ သူမရဲ့ မနက်ခင်းတိုင်း ဘတ်စကား အတူစီးဖော်လည်းဖြစ်၊ သူမ ရဲ့အကောင်းဆုံး ဘ၀အဖော်မွန်လည်းဖြစ်တဲ့ လင်တော်မောင် မတ်ကို သိုင်းဖက် ပစ်လိုက်တယ်။

မတ်ရဲ့ သစ္စာရှိမှု၊ စိတ်ရှည်သည်းခံမှုနဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာအပေါ် ၀မ်းသာကျေးဇူးတင်ရလွန်းလို့ သူမရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ ပြီး သူမက မတ်ကို နှုတ်ဆက်လိုက်တယ်။ ဒီလိုနဲ့ သူတို့နှစ်ဦး ပထမဦးဆုံး အကြိမ်အဖြစ် တကွဲတပြားစီ အလုပ်ခွင်ဆီ သွားခဲ့ကြတယ်။ တနင်္လာနေ့၊ အဂါင်္နေ့၊ ဗုဒ္ဓဟူးနေ့ ဒီလိုနဲ့ ကြာသပတေးနေ့ တိုင်လာခဲ့ပြီ။ နေ့စဉ်နေ့တိုင်းလည်း သူမဘာသာ ချောချောမောမော ကျော်ဖြတ်လာခဲ့ပြီ။ ဘာမှ ပိုထူးပြီးတော့လည်း သူမ မခံစားရဘူး။ သူမ လုပ်ရမယ့် အလုပ်တွေ လုပ်လို့ ။ သူမဘာသာ သွားရမယ့် အလုပ်ဆီ သွားလို့။

သောကြာနေ့မနက်။ ဆူဇန်ဟာ နေ့စဉ်အတိုင်းလိုပဲ ဘတ်စကား စီးပါတယ်။ ဘတ်စကားပေါ်တက်ပြီး အ၀င်ဝမှာ ဘတ်စကားခ ပေးနေဆဲ၊ ဘတ်စကားမောင်းသူက “ဟေး- ဒီမှာ၊ ခင်ဗျားလေးကိုတော့ ကျုပ် သိပ်ကို မလိုတမာ အားကျလာမိပြီကွာ” လို့ ရုတ်တရက် ပြောဆိုလိုက်ပါတယ်။ ဆူဇန်ဟာ ဘတ်စကားမောင်းသူ သူမကို ရည်ညွှန်းပြီး ပြောလိုက်တာလား၊ မပြောလိုက်သလား ဇဝေဇ၀ါ ဖြစ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ တနှစ်တာ ကာလ ရပ်တည် ရှင်သန်ဖို့၊ လိုအပ်တဲ့ အားမာန်လေး ရှာတွေ့ခဲ့ဖို့်တောင် အနိုင်နိုင် ကြိုးစား အားထုတ်လာခဲ့ရတဲ့ မျက်မမြင်မ တစ်ယောက်ကို ကျားသားမိုးကြိုး ဘယ်လိုလူကများ အားကျခဲ့ဖူးပါလိမ့်။

သိလိုစိတ်တွေနဲ့ပဲ ဘတ်စကားမောင်းသူကို “ကျမလိုလူကို မနာလို အားကျမိတယ်လို့ ရှင် ဘာ့ကြောင့်များ ပြောရတာလဲ” လို့ မေးလိုက်မိတယ်။

ကားမောင်းသူက “မင်းလို ကြင်နာဂရုစိုက်ခံရ၊ ကာကွယ် စောင့်ရှောက်ပေးခံရရင် တကယ့်ကို စိတ်ကြည်နူးစရာဖြစ်မှာ အမှန်ပဲလေ” လို့ ပြန်ပြောလိုက်ပါတယ်။

ဆူဇန်ဟာ ဘတ်စကားမောင်းသူ ဘာတွေ ပြောနေမှန်း စဉ်းစားမတတ်အောင်ဖြစ်နေတယ်။ ဒါကြောင့် “ရှင် ဘာကို ဆိုလိုနေတာလဲဟင်” လို့ ထပ်ပြီး မေးလိုက်ပြန်တယ်။

ဘတ်စကားမောင်းသူက “မင်းသိမလား။ လွန်ခဲ့တဲ့ တပတ်တာ နံနက်ခင်းတိုင်းပဲ။ စစ်ဝတ်စုံနဲ့ လူချောလူခန့် တစ်ယောက် မင်း ဘတ်စကားပေါ်တက်တဲ့အခါ မင်းကို စောင့်ကြည့်ဖို့ ဟိုဘက်လမ်းထောင့်မှာ ရပ်နေခဲ့တယ်ကွ။ မင်းရဲ့ ရုံးဘက်ရောက်တော့လည်း မင်းချောချောမွေ့မွေ့နဲ့ လမ်းဖြတ်ကူးပြီး ရုံးဝင်းထဲ ၀င်သွားတဲ့တိုင် သူက မင်းကို စောင့်ပြီး ကြည့်နေပြန်တယ်လေ။ ပြီးတော့ အဲဒီ ခပ်လှမ်းလှမ်းကနေ မင်းကို အနမ်းတစ်ခုပေးလို့၊ ခပ်ဆတ်ဆတ် အလေးတစ်ချက်ပြုလို့။ သည့်နောက်မှ အဝေးကို လျှောက်သွားတော့တယ်။ မင်းဟာ သိပ်ကံကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါပဲကွာ” လို့ ရှင်းပြလိုက်ပါတယ်။

ဝမ်းသာကြည်နူးခြင်းရဲ့ မျက်ရည်စတွေဟာ ဆူဇန်ရဲ့ ပါးပြင်ပေါ်ဆီ လိမ့်ပြီး စီးဆင်းလာခဲ့ပေါ့။ သူမ မတ်ကို မြင်နိုင်စွမ်း မရှိပေမဲ့လည်း သူမအပါးမှာ မတ် ရှိနေတယ်ဆိုတာ အမြဲတမ်း ခံစား နားလည်နေမိတယ်လေ။ သူမ ကံကောင်းပါတယ်။ သူမ တကယ့်ကို ကံကောင်းပါတယ်လေ။ မြင်နိုင်စွမ်းတွေထက် ပိုပြီး စွမ်းအားကြီးမားတဲ့ လက်ဆောင်၊ သက်ဝင်ယုံကြည်ဖို့ရာ မြင်စရာ တွေ့စရာတွေ မလိုတဲ့ လက်ဆောင်၊ အမှောင်တွေ လွှမ်းနေတဲ့ နေရာကို အလင်းတွေ သယ်ဆောင်လာနိုင်တဲ့ ချစ်သက်လက်ဆောင်ကို မတ်က သူမကို ပေးခဲ့သည်ပဲ မဟုတ်ပါလား။


http://www.spiritual-short-stories.com/spiritual-short-story-62-The+Blind+Bus+Passenger.html မှ ၀တ္ထုတိုတစ်ပုဒ် ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 21, 2009

၂၀၀၉-၂၀၁၀ ခုနှစ် နိုင်ငံခြားသားအလုပ်သမားဦးရေ လျှော့ချ

ကိုရီးယားအစိုးရဟာ ၂၀၀၉- ၂၀၁၀ ခုနှစ် နိုင်ငံခြားသား အလုပ်သမား အသုံးပြုခွင့်ဦးရေကို ၃၄၀၀၀ ဦးသို့ လျှော့ချလိုက်ပါတယ်။ ယခုသတ်မှတ်လိုက်တဲ့ နိုင်ငံခြားသားအလုပ်သမားဦးရေဟာ လွန်ခဲ့သည့်နှစ်က အသုံးပြုခဲ့တဲ့ နိုင်ငံခြားသားလုပ်သားဦးရေ၏ ၃ ပုံ ၁ ပုံ အနေအထားပဲ ဖြစ်ပါတယ်။ ဒီလို လျှော့ချရခြင်းဟာ ပြည်တွင်း အလုပ်လက်မဲ့ တိုးပွားလာမှုကြောင့် လက်ရှိ ကိုရီးယားနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသော ပင်လယ်ရပ်ခြား ကိုရီးယားနွယ်ဖွားများ အပါအ၀င် နိုင်ငံခြားသားအလုပ်သမားဦးရေကို ထိန်းညှိဖို့အတွက်ပဲ ဖြစ်ပါတယ်။

လက်ရှိ အီမြောင်ဘတ်အစိုးရသည် ယခုလ ၁၉ ရက်နေ့က
နိုင်ငံခြားလုပ်သားအင်အားမူဝါဒကော်မတီတွင် အစည်းဝေးပြုလုပ်ကာ လာမည့်နှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားသား အလုပ်သမား အသုံးပြုခွင့်ဦးရေကို ပင်လယ်ရပ်ခြား ကိုရီးယားနွယ်ဖွားဦးရေ ၁၇၀၀၀ နှင့် နိုင်ငံခြားသား အလုပ်သမားဦးရေ ၁၇၀၀၀၊ စုစုပေါင်း ၃၄၀၀၀ ဦး သတ်မှတ်ထားကြောင်း ဒီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ နိုင်ငံခြားသား အလုပ်သမားဦးရေမှာ လွန်ခဲ့သည့်နှစ်က သတ်မှတ်ဦးရေဖြစ်သည့် နိုင်ငံခြားသားအလုပ်သမား ၄၀၀၀၀ ဦးမှ ၅၇.၅%၊ ပင်လယ်ရပ်ခြား ကိုရီးယားနွယ်ဖွားဦးရေ ၆၀၀၀၀ ဦးမှ ၇၁.၇% လျှော့ချလိုက်ခြင်း ဖြစ်ပါတယ်။

အဆိုပါအစည်းအဝေး၌ ၂၀၀၉- ၂၀၁၀ ခုနှစ် ပထမနှစ်ဝက်တွင် ၁၂၀၀၀ ဦး ခွင့်ပြုပေးပြီးသည့်နောက်မှသာ ဒုတိယနှစ်ဝက်အတွက် ၂၂၀၀၀ ဦးကို ခွင့်ပြုရန် မူဝါဒ ချမှတ်ခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက “ နိုင်ငံခြားသားအလုပ်သမားအများစုဟာ 3D လုပ်ငန်းများမှာ ဆက်သွယ်လုပ်ကိုင်လျှက် ရှိနေကြပေမယ့် ပင်လယ်ရပ်ခြား ကိုရီးယားနွယ်ဖွားတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်လျှက်ရှိနေတာကြောင့် ကိုရီးယားနိုင်ငံသား အလုပ်ရှာဖွေသူတွေအဖို့ အလုပ်အကိုင်ရရှိရေးအတွက် ခက်ခဲကာ အပြိုင်အဆိုင် အခြေအနေဖြစ်လာတာကြောင့် နိုင်ငံခြားသားလုပ်သားအင်အားကို လျှော့ချရခြင်းဖြစ်တယ်”လို့ ရှင်းပြခဲ့ပါတယ်။

ယခု ခွင့်ပြုထားသော နိုင်ငံခြားသားလုပ်သားအင်အား ၃၄၀၀၀ အနက် ကုန်ထုတ်လုပ်ငန်းတွင် ၂၃၀၀၀ ဦး(နိုင်ငံခြားသား ၁၃၀၀၀ + ကိုရီးယားနွယ်ဖွား ၁၀၀၀၀)၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် (နိုင်ငံခြားသားအလုပ်သမား) ၂၀၀၀ ဦး၊ ၀န်ဆောင်မှုလုပ်ငန်းတွင် ၆၀၀၀ ဦး (နိုင်ငံခြားသား ၁၀၀ + ကိုရီးယားနွယ်ဖွား ၅၉၀၀)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် ၂၀၀၀ ဦး (နိုင်ငံခြားသား ၁၀၀၀ + ကိုရီးယားနွယ်ဖွား ၁၀၀၀)၊ ပင်လယ်ငါးဖမ်းလုပ်ငန်း ၁၀၀၀ ဦး (နိုင်ငံခြားသား ၉၀၀ + ကိုရီးယားနွယ်ဖွား ၁၀၀)တို့ကို အသုံးပြုရန် စီမံထားရှိပါတယ်။ နိုင်ငံခြားသားအလုပ်သမားဦးရေ ၉၀၀၀၀ ဦးဖြင့် လုပ်ကိုင်လည်ပတ်လျှက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ယခုနှစ်အတွက် ကိုရီးယားနွယ်ဖွား အလုပ်သမားခွဲတမ်း ချထားပေးခြင်း လုံးဝ မရှိပါဘူး။ ကိုရီးယားအစိုးရဟာ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ၀င်ရောက်လုပ်ကိုင်နေကြသော ကိုရီးယားနွယ်ဖွားများအား ကုန်ထုတ်လုပ်ငန်းခွင်တွင် ပြောင်းလဲ အသုံးပြုရန်အတွက် ပညာပေးအစီအစဉ်ကို အခြားနည်းလမ်းများ အသုံးပြုကာ လုပ်ငန်းခွင်မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ပြီး၊ ကိုရီးယားနွယ်ဖွား အလုပ်သမားများကို လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်း၏ မရှိမဖြစ်အနေအထားမှ ကုန်ထုတ်လုပ်ငန်းသို့ ပြောင်းရွှေ့ကာ လက်ရှိဗီဇာအမျိုးအစားမှ PR အဖြစ် ပြောင်းလဲ၍ ဗီဇာသက်တမ်းအားလည်း ၁၀ နှစ်မှ ၅ နှစ်သို့ လျှော့ချသွားမယ်လို့ ပြောဆိုပါတယ်။

ကိုရီးယားအစိုးရဟာ လုပ်ငန်းခွင်ဗီဇာ ( ၃ နှစ်) သတ်မှတ်ထားတာကြောင့် ယခုနှစ်တွင် ပထမအသုတ်အနေဖြင့် ပြန်လည်ထွက်ခွာပေးရသူ နိုင်ငံခြားသားအလုပ်သမား ၆၆၀၀၀ ဦးအနက်မှ လုပ်ငန်းခွင်သက်တမ်းတိုးဗီဇာ( ၂ နှစ်သို့ ပြောင်းလဲနိုင် )ဖြင့် ပြန်လည်ဝင်ရောက်လာမည့် နိုင်ငံခြားသား အလုပ်သမားဦးရေ ၄၉၀၀၀ ဦး အပြင် ကျန်ရှိနေသော ၁၇၀၀၀ ဦးအား ပြည်တွင်းလုပ်သားအင်အားအဖြစ် အသုံးပြုနိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။

ကိုရီးယားအစိုးရဟာ နိုင်ငံခြားသားအလုပ်သမားစီမံချက်ရဲ့ မူဝါဒသက်ရောက်မှုနဲ့ ပါတ်သက်ပြီး ကျွမ်းကျင်လုပ်သားများရဲ့ စွမ်းဆောင်ရည်ကို လျစ်လျှူရှုလျှက် ရှိနေပါတယ်။ ဟန်ဆောင်းတက္ကသိုလ် ပါမောက္ခတစ်ဦးက “ စက်မှုလုပ်ငန်းတွေက နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လျှော့ချနေတာကြောင့် ပြည်တွင်းလုပ်သားဦးရေဟာ သူတို့ထင်မှတ်ထားသလို ရှိနေပါ့မလားဆိုတာ သံသယဖြစ်စရာပါ” လို့ ပြောဆိုခဲ့ပါတယ်။ အစိုးရတရားဝင် စာရင်းဇယားများအရ လွန်ခဲ့သည့်လများအပါအ၀င် ယခင်နှစ် ဒုတိယ ၆ လပါတ်ရဲ့ စက်မှုလုပ်ငန်းမှ နိုင်ငံခြားသားအလုပ်သမားဦးရေ လျှော့ချမှုဟာ ၃၇% ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 20, 2009

မုဆိုးများ

ကြောင်နှစ်ကောင်
အမြီး တကောင်ထောင်
တကောင် အမြီးကုပ်
ဂျုတ်ခနဲ အသံကြား
...လား?
လည် ပြိုင်တူဆန့်
ဘယ်ညာ ပြိုင်တူကြည့်
ခြေလက် သတိ
ကြွက်
ထောင်ချောက်မှာမိ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 18, 2009

အလှူတော်မင်္ဂလာဖိတ်ကြားလွှာ

ကျွန်တော်တို့  သူငယ်ချင်းတစ်စု၏ ချွေးနည်းစာဖြင့်ရှာဖွေထားသော ငွေကြေးလေးဖြင့်ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား အာရုံဆွမ်း၊နေ့ ဆွမ်းဆပ်ကပ်လှူဒါန်းကာ၊ကြွရောက်လာကြမည့် ညီအစ်ကိုအပေါင်းတို့အား မြန်မာထမင်း၊ဟင်း(ဆိတ်သား ပဲဟင်း၊ကြက်သားပဲဟင်း)ဖြင့် ဧည့်ခံကျွေးမွေးပြီး တရားတော်နာကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။


ကျင်းပမည့် နေရာ ၊ ၊ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ၊ ၊ ၂၂.၀၃.၂၀၀၉ ( တနင်္ဂနွေ နေ့ )
ကျင်းပမည့် အချိန် ၊ ၊ နံနက် ၉ နာရီ မှ မွန်းလွဲ ၂ နာရီ အထိ
ဧည့်ခံ ကျွေးမွေးရေး ၊ ၊ မြန်မာ ထမင်း၊ဟင်း

အလှူရှင်များ ၊ ၊ ကိုဇော်လေးနှင့်သူငယ်ချင်များ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 17, 2009

ထိုဆောင်းနံနက်

ဟိုအရင်တချိန်က ရေးခဲ့တဲ့ အက်ဆေးတပုဒ်ပါ။ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ထုတ်ဝေတဲ့ ထောင်စုပြတင်းဂျာနယ်မှာ ဖော်ပြခဲ့တာပါ။ ဘာရယ် ညာရယ် မဟုတ်ပါဘူး၊ ရေးထားတာလေးတွေထဲက ကောင်းနိုးရာရာ ပြန်တင်လိုက်တဲ့ သဘောပါပဲ။ ခံစားကြည့်ပါဦး။ မကြိုက်ရင်လည်း အားမနာတမ်း ဝေဖန်နိုင်ပါတယ်။

ထိုဆောင်းနံနက်

(၁)
ဝေ့ဝေ့ဝဲဝဲကျနေသော နှင်းမြူမှုန် သဲ့သဲ့လေးများက ကံ့ကော်ပင် အဖျားထက်တွင် အုံ့အုံ့ဆိုင်းဆိုင်း။ အစိမ်းရောင် ရွက်ချပ်တွေကို ဇာပဝါပါးလေးဖြင့် လွှမ်းထားလေသည် အလား။ မီးခိုးရောင်ကို တွန်းဖယ်ဖို့ ကြိုးစားနေသည့် ကောင်းကင်ပြာ၏ ကြည်လင်မှုများက အရုဏ်ကျော်စ အလင်းဦးတွင် အားယူရုန်းကန်နေကြဆဲ။

ဟိုး မိုးကုပ်စက်ဝိုင်း အစွန်းတွင်မတော့ ပျို့တက်နေသော နေ့အလင်း နီရဲရဲတို့က နှင်းမှုန်များအကြား ထိုးဖောက်ရင်း ကျွန်တော်ဆီသို့ တဖြည်းဖြည်း တိုးဝင်နေတော့သည်။ မကြာခင်မှာ ဒီအနီရောင်တွေက လိမ္မော်ရောင်ကို ပြောင်းသွားတော့မည်။ ပြီးတော့ အဝါရောင်ဖက် ချက်ချင်းကူးသွားကာ ဝါဖျော့ဖျော့ အလင်းတန်းများဖြင့် နံနက်ခင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုကြလိမ့်မည်။

ထိုအလင်းတန်းများက ကံ့ကော်ရနံ့တွေကို သယ်ဆောင်လာကြလိမ့်မည်။ ပိတောက်ပင်တွေကြားက လေရူးတွေကို ခေါ်လာလိမ့်မည်။ ဒီအထဲမှာ သစ်ပုတ်ပင်အို၏ အငွေ့အသက်တွေလည်း ပါလာလိမ့်မည်။

ဒီဆောင်းရဲ့ နံနက်တွေကို ကျွန်တော် ချစ်သည်။

ကျောင်းဝင်းအတွင်းက အဆောင်အပေါ်ထပ် စင်္ကြန်ပေါ်မှာ ရပ်ရင်း ကံ့ကော်ရနံ့တွေ၊ နှင်းမှုန်မွှားမွှားတွေ၊ အလင်းရောင်မျှင်းမျှင်းတွေ ဒီအရာတွေနှင့် သီဖွဲ့ထားသော ဆောင်းဂီတတွေကို ကျွန်တော် ချစ်သည်။ ဂီတသံတွေကို နံနက်ခင်းတိုင်း ကြားနာခဲ့တာ နေ့တွေ ဘယ်လောက်ကုန်ခဲ့ပြီ ကျွန်တော်မသိ။ တမက်တမော ခံစားရင်း ပွင့်ချပ်တွေရဲ့ နုပျိုခြင်းလို နုပျိုတဲ့ ဘဝတာရဲ့ အစိတ်အပိုင်းတခုကို ကျွန်တော် ကျော်ဖြတ်နေခဲ့။

(၂)
ကျွန်တော်ချစ်သော ဆောင်းနံနက်တခုမှာ ကျွန်တော်တို့ကို မွေးဖွားမယ့် ကျွန်တော်မသိသော သူတွေဟာ ကျွန်တော့်ထက်အရင် လွတ်လပ်မှုတခုကို မွေးဖွားခဲ့ကြသည်။ အနာဂတ်မှာ ကျွန်တော့်လို မွေးဖွားလာမယ့် သူတွေအားလုံးအတွက် ခံစားရပိုင်ဖို့။ မြတ်နိုးသူတိုင်း တန်ဖိုးထားဖို့။ အားလုံးဖို့။ သွေးတွေ ချွေးတွေ ဘဝတွေနှင့် အရင်းပြုထားသော ထိုလွတ်လပ်မှုအကြောင်း ကျွန်တော်တို့ကို သမိုင်းအဖြစ် ပေးခဲ့ကြသည်။

ရှည်လျားသောသမိုင်း တခုက ဘဝများစွာကို ချေမွခဲ့သည်။ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ စွန့်စားမှု၊ ကိုယ်ကျိုးရှာမှု၊ အနစ်နာခံမှု၊ မလိုမုန်းထားမှု ... ထိုအရာအားလုံး သမိုင်းထဲမှာ ရှိနေကြသည်။ အမျိုးသားရေး၊ မိသားစုအရေး၊ အာဏာ၊ သိက္ခာ၊ တရားမှု၊ မတရားမှု ... အရာရာတွေ ပေါင်းဖွဲ့နေကြသည်။ အချစ်၊ အမုန်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊ မျှတခြင်း၊ ခွဲခြားခြင်း ... ခံစားမှုအစုံအစုံတွေနှင့် တည်ဆောက်ခဲ့ကြသည်။

ထိုသမိုင်းကာလများကပင် ကျွန်တော်တို့၏ အတွေးအမြင်များကို ဆန်းသစ်စေခဲ့သည်။ ယဉ်ကျေးမှုများကို ပြန့်ပွားစေခဲ့သည်။ ခံစားမှုများကို လန်းဆန်းစေခဲ့သည်။ အဟောင်းအဟောင်းတို့ကို ဖယ်ကျဉ်၍ အသစ်အသစ်တို့ကို ထုဆစ်ခဲ့သည်။ ဗာရာဏသီနှင့် ဗြဟ္မဒတ်မင်းပုံပြင်များမှ နေရီရီနှင့် သပိတ်မှောက်ကျောင်းသားသို့ တက်လှမ်း ရေးဖွဲ့ခဲ့ကြသည်။ မြရည်နန္ဒာ၊ ရှစ်စုံရွက်ကြာ ဘုန်းတော်ဘွဲ့များမှ တို့ဗမာနှင့် နဂါးနီသို့ ပြောင်းလဲ သီဆိုခဲ့ကြသည်။ မှန်ပါ့ဘုရားနှင့် တချက်လွှတ်အမိန့်တော်များအစား ဘာကြောင့် ဘယ်လိုနှင့် အများသဘောတူမှုတို့က နေရာရလာကြသည်။ သခင်နှင့်ကျေးတော်မျိုးကို လူအဖြစ် ပြန်လည်နေရာချပေးခဲ့သည်။ တော တောင် ပင်လယ် သဘာဝ၏ ပိုင်းခြားမှုတွေကို ဖြိုလှဲပစ်ခဲ့သည်။ အသွေး အရောင် အမျိုး အမည်တွေအားလုံး ကောင်းကင်ထဲမှာ ကခုန်ခဲ့သည်။ ဆုတောင်းသံတွေမှာ အဓိပ္ပာယ်တခုတည်း ရှိခဲ့သည်။

ထိုသမိုင်းက ကျွန်တော့်ကို မွေးခဲ့သည် ဆိုတာ တကယ်ပဲလား။

(၃)
စစ်ကြိုခေတ် ကိုလိုနီလက်ရာ အဆောက်အဦကြီးအတွင်း ကျွန်တော်တို့၏ သမိုင်းကို မှတ်တမ်းတင်ထားသော စာအုပ်ထူထူကြီးများ အထဲတွင် ဆုတ်ပြဲနေသော စာမျက်နှာများက ကြည့်ရင်းကြည့်ရင်း ပိုပိုများလာသည် ထင်ရသည်။ ကျွန်တော် ချစ်သော ဆောင်းနံနက်ခင်း၏ အလင်းရောင်တွေက ဒီစာမျက်တွေကို မရှာဖွေပေးနိုင်တော့ဘူးလား။ ကံ့ကော်ရနံ့လေးရေ ... သင့်အဖော်တွေကို မျှော်နေတာလား။ သင်မျှော်နေမယ့်အစား သူတို့ကို သင် လိုက်ခေါ်ပါလား။ သင်နဲ့အတူ ငါလည်း လိုက်ခဲ့ချင်တယ်။

ဒီနေရာတဝိုက်မှာ ကြွေခဲ့တဲ့ ရွက်စိမ်းတွေ မဝါသေးဘူး။ ဟောဒီ ကွင်းစိမ်းစိမ်းက မြက်ပင်တွေဟာ မနေ့ကအတိုင်းပဲ။ ဒါမြက်ပင်တွေ ဟုတ်ရဲ့လား။ ဒီမြက်ပင်တွေရရဲ့ အောက်မှာ အုတ်မြစ်ရိုးတခု ရှိတယ်။ အုတ်မြစ်တွေရဲ့အောက်မှာ အော်သံတွေ ရှိတယ်။ နားစိုက်ထောင်စရာ မလိုဘဲ ဒီအော်သံတွေကို ငါကြားတယ်။

တကယ်တော့ ဒီအော်သံတွေဟာ ဒီတနေရာတည်းက လာနေတာ မဟုတ်ဘူး။ ဟောဒီ စွယ်တော် ကံ့ကော် ပိတောက် သရဖီတွေရဲ့ ရနံ့တိုင်းမှာ၊ ဝါဝါ ဖြူဖြူ အဆောက်အဦတွေရဲ့ နံရံတိုင်းမှာ၊ သံတိုင်တွေကြားမှာ၊ ငိုသံတွေကြားမှာ၊ ကြေကွဲဆို့နစ်နေတဲ့ နှလုံးသားတွေကြားမှာ၊ သေနတ်သံတွေကြားမှာ၊ ကွဲကွာနေတဲ့ သံယောဇဉ်တွေကြားမှာ၊ ... အရာအားလုံးမှာ။

အော်သံတွေရဲ့ အဓိပ္ပာယ်ကို ပီပီသသကြားနိုင်ဖို့ နားစိုက်ထောင်မိသလား။ ပြီးတော့ ဘာကြောင့် အော်တာလဲလို့ ဆန်းစစ် တွေးကြည့်မိသလား။ ဒီအော်သံတွေနဲ့ ငါနဲ့ ဘယ်လိုပတ်သက်သလဲ။ ငါ့ရင်ထဲကို ဘာလို့ ရောက်လာတာလဲ။ ငါကော အော်လိုက်မိသလား။ ဒီအော်သံတွေဟာ ငါ့အော်သံပဲလား။ ငါ ဘယ်မှာလဲ။

ကံ့ကော်ရနံ့လေးရေ သင် ငါ့ကို တခုခု ပြောလိုက်ပါ။

(၄)
ပါးပြင်ကို လာနမ်းသော နှင်းမှုန်ကြားမှ ကံ့ကော်နံ့သင်းသင်းကို ရှူရှိုက်ရသည့် လွတ်လပ်မှုထက် ဘယ်အရာက သာလိမ့်မည်နည်း။ ဒီရနံ့တွေက လွတ်လပ်သည်။ ဒီဝန်းကျင်က လွတ်လပ်သည်။ နုပျိုစဉ်က ခံစားမှု စိတ်အစဉ်သည် ယခုထက်တိုင် တွယ်နှောင်ရစ်ငင်လျက်။

သို့သော် ထိုရနံ့များဖြင့် ရှင်သန်နေရသော ကျွန်တော်တို့ ဘ၀များစွာမှာ နှလုံးသားကို ချုပ်နှောင်၍ အကျည်းတန်သော သမိုင်းများကို ဖြတ်သန်းနေရသည်။ ဒီသမိုင်းထဲမှာ မလွတ်လပ်ခြင်းတွေက တင်းကျမ်း။ ဆောင်းတရက်မှာ ပွင့်ခဲ့သော လွတ်လပ်ခြင်း ပန်းတပွင့်ဟာ နှင်းပွင့်တွေလို မှုန်ရီနေဆဲ။ ကျွန်တော်ချစ်သော ဆောင်းနံနက်ကို ကျွန်တော် မျှော်လင့်နေဆဲ။ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 16, 2009

အထူးကျေးဇူးတင်လွှာ

(၁၅.၃.၀၉)တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်ခဲ့ သောမွေးသမိခင် ဒေါ်ဝင်နီမောင်မောင် (၅၈နှစ်) ၏ရက်လည် ဆွမ်းသွတ်ပွဲ မှရရှိသောနာရေးကူညီငွေ၂၁သိန်း၃သောင်းဝမ်နှင့်မတည်ငွေ ၁၀ သိန်း တို့အား အောက်ပါအတိုင်းလှူဒါန်းနိုင်ခဲ့ ပါသည်။
၁။မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် ဖြစ်မြောက်ရေး ထာဝရငွေပဒေသာပင် အတွက် (၂၀သိန်း )၊
၂။ဆွမ်းဆန်စိမ်း တစ်နှစ်စာ အတွက် ၅သိန်း ၄သောင်း၊
၃။သောက်ရေသုံးရေ တစ်နှစ်စာ အတွက် ၃သိန်း ၆သောင်း၊
၎။ကျောင်းရှိလိုအပ်သော ပစ္စည်းများ ၀ယ်ရန် ၂သိန်း ၃သောင်း
စုစုပေါင်း ငွေ ၃၁သိန်း ၃သောင်းလှူဒါန်းနိုင်ခဲ့ပါသည်။ကြားရာရောက်ရာဘုံဘဝ မှ မိခင်ကြီးသာဓု ခေါ်နိုင်ပါစေ


အောက်ပါပုဂ္ဂိလ်များအားအထူးကျေးဇူးအထူးတင်အပ်ပါသည်။
၁။နာရေးကိုဦးစားပေးကာ မိမိတို့၏အလှူပွဲကိုရက်ရွှေ့ပေးခဲ့ကြသော ကိုဇော်လေး နှင့်သူငယ်ချင်များ
၂။ကြွရောက်လာကြသောခင်မင်ရင်းနှီးသော မိတ်ဆွေများ၊
၃။တရားတော်နာကြွရောက် အမျှအတန်း ပေးဝေခဲ့ကြသောညီအစ်ကိုမောင်နှမများ၊
၎။၊ယိုးဒယားလူမျိုး၃ဦးနှင့်အတူ ညလုံးပေါက်ချက်ပြုတ်ပေးခဲ့သော ကိုမျိုးမင်း
၅။ဈေးဝယ်ခြင်းမှအစ သန့် ရှင်းရေးအထိ အစစအရာရာကူညီပေးခဲ့ကြသည့် ကျောင်းအကျိုးတော်ဆောင် အစ်ကိုများ၊
၆။တရားပွဲအပြီးအားပေးစကားပြောကြားခဲ့ကြသော
ဟန်းဂုရွာသူကြီး ကိုဝင်းပေါ်မောင် နှင့် အခြားသောညီအစ်ကိုမောင်နှမများနှင့်သူငယ်ချင်များအား၎င်း ကျေးဇူးအထူးတင်ရှိပါသည်။

ကျေးဇူးတင်စွာဖြင့်
ကိုအောင်ခိုင်
(၀၁၀ ၉၉၆၂ ၅၆၈၇)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 15, 2009

ရောင်စုံခဲတံလေးများ...


ရောင်စုံခဲတံလေးများဆိုတော့ ကလေးဘ၀ကို အမှတ်မထင် ပြန်သတိရမိတယ်…။ ငယ်ငယ်တုန်းက ရောင်စုံခဲတံလေးတွေနဲ့ ပါတ်သက်ပြီးရခဲ့တဲ့ အမှတ်တရဒဏ်ရာလေးပေါ့…။

ငယ်ငယ်ကတည်းက ဆင်းရဲလွန်းလို့ အမေနဲ့အတူ လမ်းဘေးမှာ မုန့်လေးတွေ ရောင်းပြီး ဘ၀ကို ရုန်းကန်ခဲ့ရတာပါ…။ တစ်နေ့တစ်နေ့ ထမင်းနပ်မှန်အောင် ညဥ့်နက်သန်းခေါင် မီးပူ၊ နေပူကြားမှာ ပင်ပင်ပန်းပန်းလုပ်ပြီး၊ မနက်အစောကြီး ထ ၊ သားသမီး ၆ ယောက်ကို ထမင်း မငတ်အောင် ရှာဖွေကျွေးနေတဲ့ အမေ့ကို ကြည့်ရင်း သနားတာနဲ့ ကျောင်းအားရက်ဆို ကိုယ့်ကျောင်းစားရိတ်ရအောင် ရေရောင်း၊ ပန်းရံထဲ ၀င်လုပ်ရတာပေါ့…။

အမေ့မှာ ညီမ အပျိုကြီးတစ်ယောက်လည်း ရှိသေးတယ်…။ အမေက သူ့မိသားစုနဲ့ မခွဲနိုင်တာနဲ့ အဘိုးရယ်..၊ အဲဒီ အဒေါ်အပျိုကြီးရယ်နဲ့ ငယ်ငယ်ကတည်းက အတူနေခဲ့ရတယ်လေ…။ အတန်းပညာတတ်ခဲ့ရတာ အဲဒီ အဒေါ်ရဲ့ ကျေးဇူးတွေကြောင့်ပေါ့…။ သူက ကျောင်းဆရာမ…။ စည်းကမ်းကလည်း အရမ်းကြီးတယ်…။ သူ့ကိုဆိုရင် မိသားစုထဲမှာလည်း အားလုံးက ကြောက်ရတယ်…။ အရပ်ထဲမှာလည်း ကြောက်ကြရတယ်…။ လက်သံကလည်း ပြောင်တာကိုး…။ စည်းကမ်းက ကြီးပြီး သိပ်တိကျလွန်းတော့ အဖေနဲ့ မတည့်ဘူး…။ ဒါနဲ့ အဖေက အမေနဲ့ အတူမနေပဲ သူ့ဟာသူ မြို့စွန်က ချောင်းကလေးဘေးမှာ ခြံစိုက်ရင်း နေရှာတယ်…။

မှတ်မှတ်ရရ ၂ တန်းတက်တဲ့နှစ်ပေါ့…။ အဲဒီတုန်းက အဒေါ်အပျိုကြီးက သူ့အလုပ်ကျတဲ့ အနောက်ရိုးမနားက တောင်ပေါ်ရွာလေးတစ်ရွာမှာ နေရတယ်လေ…။ လစာထုတ်ရက်မျိုးကျမှ အိမ်ကို ပြန်လာရတာပေါ့…။ အဲဒီတော့ အိမ်မှာက ကြောင်မရှိ ကြွက်ထ ဆိုသလိုပေါ့…။ ညီဇေတို့ လုပ်ချင်ရာ လုပ်တော့တာပဲ…။ လုပ်ချင်ရာလုပ်ဆိုပေမယ့်လည်း မဟုတ်တာ လုပ်တာမျိုး မဟုတ်ပါဘူး…။ အဒေါ်အပျိုကြီး အိမ်မှာရှိတုန်းက မဖွင့်ရဲတဲ့ အိမ်က ဘီဒိုအဟောင်းကြီးကို ဖွ တာလောက်ပါပဲ…။

အဲဒီ ဘီဒိုကြီးက အဒေါ်အပျိုကြီး ငယ်ငယ်ကတည်းက အသုံးအဆောင်တွေကို သိမ်းထားတဲ့ ဘီဒိုကြီးပေါ့…။ သူ အမြတ်တနိုးထားတဲ့ ပစ္စည်းပစ္စယတွေကို ထည့်ပြီး သော့ခတ်ထားတာပါ…။ အဲဒီ ဘီဒိုကြီးထဲမှာ…။ အဲဒီလောက် အစွဲအလမ်းကြီးလွန်းလို့ပဲ အပျိုကြီး ဖြစ်နေသလားတော့ မသိပါဘူး…။ ဒါပေမယ့် သေချာတာကတော့ ကလေးပီပီ အဲဒီ သော့ခတ်ထားတဲ့ ဘီဒိုကြီးကို ငယ်ငယ်လေးထဲက စိတ်ဝင်စားတာပါပဲ…။

ဒီလိုနဲ့ တစ်နေ့…။ ကံကောင်းထောက်မစွာနဲ့ အဲဒီ သော့ခတ်ထားတဲ့ ဘီဒိုကြီးက သော့ကို အဘိုးက သော့မခတ်ဘူးလေ…။ ဖြစ်ပုံက အဲဒီဘီဒိုကြီးထဲမှာ ကြွက်တွေ ၀င်ပြီး အသိုက်ဆောက်နေလို့တဲ့…။ ပျော်လိုက်တဲ့ ဖြစ်ခြင်း…။ အဲဒီ ဘီဒိုအဟောင်းကြီးကို အားတိုင်း မွှေနှောက်တော့တာပေါ့…။ ဖွ လိုက်တိုင်းလည်း အရမ်းစိတ်ဝင်စားစရာ ပစ္စည်းလေးတွေက ရှိနေတယ်လေ…။ ရောင်စုံခဲတံလေးတွေပေါ့…။

ရောင်စုံခဲတံဆိုပေမယ့် ရိုးရိုးရောင်စုံခဲတံတော့ မဟုတ်ဘူးတဲ့…။ ဆီဆေးဆွဲတဲ့ ရောင်စုံခဲတံလေးတွေဆိုတာ နောင်မှ သိလာရတာပါ…။ ကလေးဆိုတော့လည်း ဘယ်သိမလဲ…။ ရောင်စုံခဲတံဆိုတာ တစ်မျိုးတည်းပဲလို့ ထင်တာပေါ့…။ ကျောင်းက ပြန်လာရင် အမေ့ရောင်းတဲ့ မုန့်ဘန်းထဲက မုန့်တွေကို ၀ါးဘန်းလေးထဲထည့်ပြီး တစ်လမ်းဝင်၊ တစ်လမ်းထွက်လျှောက်ရင်း... နောက်နေ့ ရောင်းဖို့အတွက် အမေလိုအပ်တာလေးတွေ ကူလုပ်ပေးပြီးတာနဲ့ အဲဒီဘီဒိုကြီးထဲက ရောင်စုံခဲတံလေးတွေရှေ့ရောက်နေတော့တာပါပဲ…။ ဗလာစာရွက်အဖြူလေးတွေပေါ်မှာ မိုးတိမ်လေးတွေ ဆွဲလိုက်…၊ ပန်းပွင့်လေးတွေ ဆွဲလိုက်…၊ တစ်ခါတစ်ခါကျတော့ ကျောင်းတက်ရင် ကျောက်သင်ပုန်းပေါ်မှာ အရုပ်လေးတွေဆွဲပြီး ပုံပြင်တွေ ပြောပြောပြတတ်တဲ့ လှသန်းဆိုတဲ့ သူငယ်ချင်းရဲ့ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေ ဆွဲလိုက်ပေါ့…။ ဆွဲပြီးရင် အိပ်ယာဘေးက ပျဉ်ထောင်နံရံမှာ ကပ်ပြီး ကြည့်ရတာ အမော…။

နောက်တော့ ကိုယ်တိုင်ဆွဲယုံနဲ့တင် အားမရတော့ဘူး…။ အိမ်မှာလည်း ဘာမှ သုံးတာမဟုတ်တဲ့ ရောင်စုံခဲတံလေးတွေကို ယူပြီး ကျောင်းက ပုံဆွဲကောင်းတဲ့ သူငယ်ချင်းကို ပေးတော့တာပါပဲ…။ အဲဒီ သူငယ်ချင်း ရောင်စုံခဲတံလေးတွေနဲ့ ဆွဲတဲ့ ပုံတွေကို ကြည့်ပြီး တစ်ခြားသူငယ်ချင်းတွေကလည်း ဆွဲချင်လာကြတယ်လေ…။ အဲဒီတော့ ရောင်စုံခဲတံလေးတွေ သူတို့လည်း ပေးပါပေါ့…။ အဲဒါနဲ့ ဘယ်ပြောကောင်းမလဲ…။ နောက်နေ့ ကျောင်းလာရင် လိုချင်တဲ့ သူငယ်ချင်းပြောတဲ့ အရောင်အတိုင်း ရောင်စုံခဲတံလေးပါ ကျောင်းလွယ်အိတ်လေးထဲ ထည့်ယူလာတာပေါ့…။ ဘယ်လောက်တောင် ပေးခဲ့လဲ မသိပါဘူး…။ သိလိုက်တဲ့ အချိန်ကျတော့ စုစုပေါင်း သုံးဘူးရှိတယ်တဲ့…။ သိရတော့လည်း အဲဒီ အဒေါ်အပျိုကြီး လစာထုတ်ရက်ပြန်လာတော့ ကြွက်ဝင်မှာ စိုးလို့ဆိုပြီး၊ အမှတ်မထင် သူ့ဘီဒိုအဟောင်းကြီး ဖွင့်ကြည့်ပြီး ဒေါသူပုန် ထ တော့တာပါပဲ…။ သူ့ရောင်စုံခဲတံတွေ ပျောက်လို့တဲ့လေ…။ တိုင်ကို ဖက်ခိုင်းထားပြီး တရွှမ်းရွှမ်းနဲ့ စိတ်ရှိလက်ရှိ ရိုက်တော့တာပါပဲ…။ အိမ်ကပစ္စည်း လူတကာကို အလှူပေးလို့တဲ့…။ ပုဒ်မက…။ စိတ်တိုင်းကျ ရိုက်ရုံနဲ့တင် မပြီးသေးဘူး…။ သူ့ပစ္စည်းတွေ ပြန်တောင်းပေးရမယ်တဲ့…။ အဲဒါနဲ့ မိုးရွာကြီးထဲ သူငယ်ချင်းတွေအိမ် တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ လျှောက်တောင်းရတော့တာပေါ့…။

တစ်ချို့သူငယ်ချင်းတွေကလည်း စိတ်တွေ ဘာတွေ ဆိုးလို့ပေါ့…။ မင်း မျက်ခမ်းစွံလိမ့်မယ်တဲ့…။ ပေးပြီးသား ပြန်တောင်းလို့လေ…။ တစ်ချို့မိဘတွေကလည်း ပြန်ရှာပေးကြရှာပါတယ်…။ သူတို့ရှေ့မှာ ကျွဲရိုက်နွားရိုက် အရိုက်ခံနေရတော့ သနားလို့တဲ့…။ ည အမေပြန်လာတော့ တစ်ကိုယ်လုံးက အရှိုးရာတွေကို ပရုပ်ဆီလူးပေးရင်း မျက်ရည်တွေ ကျနေတော့တာပါပဲ…။ ငယ်ငယ်တုန်းက ရောင်စုံခဲတံလေးတွေကြောင့် ရခဲ့ဖူးတဲ့ အမှတ်တရ ရောင်စုံဒဏ်ရာလေးတွေပေါ့…။ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 14, 2009

ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကိုရီးယားသို့ ရောက်ရှိ

ကိုဝိုင်း(မိုးညှင်း)
မတ်လ ၁၄ ရက် ၊ ဆောအူးလ်မြို့ ။

ဓမ္မဒူတစင်တာ(ကိုရီးယား) ၏ ၊ ပဓာန နာယကဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ(ဓမ္မဒူတ) သည် ၊ ယနေ့ (၂၀၀၉ ခုနှစ် မတ်လ ၁၄ ) နံနက်ပိုင်းတွင် ၊ တောင်ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ရောက်ရှိတော်မူလာကြောင်း ၊ အင်ချောန်မြို့တော် ဘူဖြောင်းမြို့နယ်ရှိ ဓမ္မဒူတဆင်တာတွင် ခေတ္တအနားယူပြီး ၊ ဂေါ်ဂျယ်မြို့သို့ ဆက်လက်ကြွချီမည်ဖြစ်ကြောင်းသိရသည် ။

ဆရာတော်ကြီးသည် ယနေ့ည ၇ နာရီအချိန် ၊ ဒေဝူးသင်္ဘောကျင်း မြန်မာအလုပ်သမားများ စုပေါင်း ဆင်ယင်ကျင်းပမည့် ဓမ္မသဘင်တွင် တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူမည် ဖြစ်ကြောင်း ၊
ဆရာတော်ကြီး၏ တရားကြည်ညိုနာကြားလိုသူများ ၊ ကိုသန်းထိုက်စိုး(010-5506-9961),ကိုမြင့်သိန်းဦး(၀၁၀-၂၂၇၉-၂၅၁၂),ကိုစိုင်းစိုင်း(၀၁၀-၂၆၆၀-၁၅၁၁),ကိုထင်လင်းသူ(၀၁၀-၃၁၄၁-၄၅၄၈),ကိုမောင်မောင်လွင်(၀၁၀-၃၁၄၇-၁၄၅၂)တို့ ထံ ဆက်သွယ်နိုင်ကြောင်းနှင့် ဓမ္မသဘင်ကြွလာ မိတ်သဟာများကို ဒေဝူးသင်္ဘောကျင်းမြန်မာလူငယ်အသင်းက ဘူဖေးဖြင့် ညစာအာဟာရ ဒါနပြုကြမည်ဖြစ်ကြောင်းသိရသည် ။

ဆရာတော်ကြီးသည် ၊ ညဖက်တွင် ဓမ္မဒူတစင်တာသို့ ပြန်လည်ကြွရောက်လာမှာဖြစ်ပြီး ၊ မနက်ဖြန် (၂၀၀၉ခုနှစ်မတ်လ၁၅ရက်) တနင်္ဂနွေနေ့ ဓမ္မဒူတစင်တာ ဓမ္မသဘင်တွင် ၊ ကိုရီးယားရောက် မြန်မာများအတွက် တရားရေအေး တိုက်ကျွေးတော်မူမည်ဖြစ်ကြောင်း ၊ တရားပွဲအစီအစဉ်မှာ အောက်ပါအစဉ်အတိုင်း ဖြစ်ကြောင်းသိရသည် -
အချိန် ။ မွန်းလွဲ ၁နာရီ ၃၀ မိနစ် (တစ်နာရီခွဲ) ၊
နေရာ ။ ဓမ္မဒူတ သိမ်တော်ခမ်းမ
ဓမ္မသဘင်သို့ကြွရောက်တော်မူကြမည့် ဓမ္မမာမကများအတွက် ၊ ကိုဟိန်းထက်အောင်နှင့် မိတ်ဆွေများက မြန်မာ့ရိုးရာအစားအစာဖြင့် အာဟာရဒါနပြု ကုသိုလ်တော်ယူကြမည်ဖြစ်ကြောင်းသိရသည် ။





ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 13, 2009

အမေ့သား အနှိုင်းမဲ့ နားလည်ချင်ပါတယ်

ကိုအောင်ခိုင် ၏ မိခင် ကွယ်လွန်ကြောင်း သိရတဲ့အတွက် ၀မ်းနည်း ခံစား နားလည်ခြင်း များစွာနှင့်အတူ အမေဘွဲ့ ကဗျာ သုံးပုဒ်ကို တင်လိုက်ပါတယ်။

၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၂၂ မှာ ကျင်းပတဲ့ ပြာသိုလပြည့် `အမေနေ့´ ပွဲမှာ ရွတ်ဆိုခဲ့တဲ့ ကဗျာတွေထဲက အချို့ ဖြစ်ပါတယ်။

အမေ့သား

ဝမ်းတွင်းမှာ သူလွယ်လို့
ငယ်ငယ်ကအစ
လူ့ဘဝရဲ့ ဒုလ္လဘကို
ရပါစေကြောင်း
နတ်ရေစင် သွန်းလောင်းခဲ့တဲ့
ဦးခေါင်းထိပ်က မိခင်
ကျေးဇူးရှင်ငယ်။

သင်ပြုလို့ ကျွန်ုပ်ဖြစ်
အသစ်မွေးဖွား
သင့်ခွန်အား
လူသားကောင်းကျိုးဆောင်ရန်ဗျား။

သင်ကမွေးလို့ တသွေးလှ
ကလေးဘဝက လူလားမြောက်
သားတယောက်ရယ်လို့
အားထားလောက်အောင်
ယောက်ျားဘသား
သင်ကြိုးစားမှ
အမေ့သား
ယနေ့ ကြွားနိုင်မှာပါတကား။

(မိခင်တိုင်းသို့)

တင်မိုး
ဇန်နဝါရီ ၁၈၊ ၂ဝဝ၅
==============

နားလည်ချင်ပါတယ်

အရွယ် မရင့်တရင့်
နှလုံးသား အချစ်တွေနဲ့
အမေ့ရင်ကို ပစ်ပြီး
ဘဝအသစ်ကို ဖွင့်တဲ့အခါ
‘အမေ့သား အထွေးလေးမို့
ရင်ထဲက ဆွဲနုတ်လိုက်သလို
ဟာခနဲ နေအောင်
ခံစားရတယ်’ တဲ့
အမေ့ရင်ထဲက စကား
နားလည်တတ်ချင်ပါရဲ့ အမေ...။

ဘဝအရေး ဓနအရေး
အနာဂတ်အရေးတွေအတွက်
‘ခဏလေးပါ အမေရယ်
မကြာခင် ပြန်လာမှာပေါ့’
ခပ်သော့သော့ နှုတ်ဆက်ပေမယ့်
အမေက ခပ်မဆိတ်
တိတ်တိတ်သာ ကြည့်နေခဲ့
‘သိပါတယ် ငါ့သားရယ်’ လို့
စကားလုံးမပါတဲ့ အမေ့စကား
နားလည်တတ်ချင်ပါရဲ့ အမေ...။

လွမ်းစာမရေး လွမ်းတေးမဆို
သတိမရသလို ရသလိုနဲ့
ဘာသာလဝါ အနေကြာလာတဲ့သားကို
‘ဘာကြောင့်’ ဆိုတဲ့ စကား
အမေ တခါမှ မပြောကြားခဲ့
သားအလို သားအကြိုက်
သားစရိုက် သားဝါသနာ
သားကဗျာ သားစာ
သားမလာ စာမလာ
ဘာကိုမှ အမေ မမှု
‘ပြုသမျှကုသိုလ်
သားတို့ကို ရစေကြောင်း
မေတ္တာပို့ဆုတောင်း’သံ
နေ့တိုင်းမှန်မှန် ဝတ်မပျက်
အမေ့ရဲ့ ခံစားချက်ကို
နားလည်တတ်ချင်ပါရဲ့ အမေ...။

‘သားတို့ကို မွေးဖွား
လူလားမြောက်အောင် ကျွေးမွေး
ပညာသင်ပေးခဲ့ပြီ၊
ကိုယ်ကျင့်နဲ့ အမှန်တရား
သားတို့ကို ပေးခဲ့ပြီ၊
မင်းတို့အရေး မင်းတို့ခေတ်မှာ
မင်းတို့ဖြစ်ချင်ရာကို မင်းတို့လုပ်
မင်းလုပ်သမျှ မင်းစံ
အမေ့ကို ပြန်မကြည့်နဲ့
ရေဆန်ကို အမေမမျှော်
ရေစုန်မှာ အမေပျော်တယ်’ တဲ့
အမေ့ရဲ့ ဆိုစကား
အထပ်ထပ်ပြန်ကြားရင်း
အမှားတွေ မကင်းနိုင်ပေမယ့်
အားတွေ တင်းနိုင်ခဲ့တယ်။
လမ်းအဖြောင့် အကောက်တွေမှာ
စခန်းပေါက်အောင် နှင်ခဲ့တယ်။
အမေ့လို မရင့်ကျက်ပေမယ့်
နှလုံးထက်မှာ အသိကပ်လို့
သတိချပ် နိုင်စေခဲ့တယ်။
အမေ့ရဲ့ နိယာမကို
အဘိဂါရဝတွေနဲ့
အသိထာဝရ တရားအစစ်
သားဖြစ်အောင်ကျင့်နေဆဲပါအမေ...။

ဝင်းပေါ်မောင်
=============

အနှိုင်းမဲ့ မေတ္တာ

အမေ...
လူတွေရဲ့သမိုင်းမှာ
အနှိုင်းမဲ့တဲ့ အရာ
အမေ့မေတ္တာပါ...။

အမေ...
အမေစားတဲ့ အစာ
ဖြစ်လာတဲ့ နို့ရည်က
ဘဝတွေ စခဲ့ရတာ...။

အမေ...
အမေကမ်းတဲ့ လက်ကိုကိုင်
‘ရပ်နိုင်ပေ, ရပ်နိုင်ပေ’လို့
အမေတိုင်တဲ့ စည်းဝါးသံအောက်
လမ်းလျှောက် သင်ခဲ့ရတာ...။

အမေ...
အမေချော့လာတဲ့
တကျော့နှစ်ကျော့ တေးသံသာ
မိတ္ထီလာ ကန်တော်အောက်နဲ့
သပြေသီးကောက်သံတွေ
ကြားနေဆဲပဲလေ...။

အမေ...
အမေက ကျီစယ်တော့
လူမမယ် အမေ့သားက
အမေ့အား ကန်ကျောက်
မောက်မာခဲ့တာလဲ
အမေဟာ ပြုံးလျက်ပါပဲ...။

အမေ...
အမေပြောတဲ့ စကား
‘ငါ့သား မိဘဖြစ်တဲ့နေ့မှာ
အမေ့မေတ္တာကို
ပိုနားလည်မှာပါ’တဲ့
ဟုတ်ကဲ့ပါ အမေရယ်
တကယ် နားလည်နေပါပြီ...။

အမေ...
အမေဆိုတဲ့
မြင့်မိုရ် ရွှေတောင်ဦးက
အနန္တကျေးဇူးရှင်ကို
အစဉ် ဂါရဝပြုလျက်ပါ အမေ...။

ကိုသက်
ဇန်နဝါရီ ၈၊ ၂ဝဝ၅

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 12, 2009

ထပ်တူ ၀မ်းနည်းကြေကွဲခြင်း။

ဟန်းဂုရွာဘလော့ဂ်တွင် ပို့စ်များ စဉ်ဆက်မပြတ် ရေးသားပေးနေသည့် ဆရာ အောင်ခိုင်(မန်း)၏ မွေးသမိခင် ဒေါ်ဝင်နီမောင်မောင်(၅၈ နှစ်)သည် ၈.၃.၂၀၀၉ (တနင်္ဂနွေ)နေ့ မနက်၂နာရီခွဲ တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း ကြားသိရသည့်အတွက် ဟန်းဂုရွာအဖွဲ့သားများမှ ဆရာအောင်ခိုင်(မန်း)နှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း...။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးသည် ဒီမိုကရေစီ၏ ရှေ့ပြေးဖြစ်သည်။

တောင်ကိုရီးယားရောက် မျိုးချစ်မြန်မာနိုင်ငံသားအပေါင်းတို့

မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယားသည် လာမည့် မတ်လ ၁၅ရက်နေ့တွင် အောက်ပါ

လှုပ်ရှားမှုများအား ပြုလုပ်မည်ဖြစ်ပါသဖြင့် မိမိတို့ ပါဝင်ပူးပေါင်းနိုင်သည့် ကဏ္ဍများတွင် ပါဝင်ပူးပေါင်းခြင်းဖြင့် အမိမြန်မာနိုင်ငံ အကျိုးအား သယ်ပိုးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှုပ်ရှားမှု (၁)

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်သတင်းစာရှင်းလင်းပွဲနှင့် သံရုံးရှေ့ ဆန္ဒပြပွဲ

နေရာ။ နအဖသံရုံးရှေ့

အချိန်။ နံနက် ၁၁နာရီမှ ၁၂နာရီအထိ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လှုပ်ရှားမှု (၂)

မြန်မာ့နိုင်ငံရေးအကျဉ်းသားမျာလွတ်မြောက်ရေး

တကမ္ဘာလုံးဆိုင်ရာ လက်မှတ်ထိုးကင်းပိန်းလှုပ်ရှားမှု

နေရာ။ ဆိုးလ်မြို့ မြောင်ဒုန်းဈေး(명동)

အချိန်။ နေ့လယ် ၃နာရီမှ ၅နာရီ အထိ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လှုပ်ရှားမှု (၃)

မြန်မာ့နိုင်ငံရေးအကျဉ်းသားမျာလွတ်မြောက်ရေး

တကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလက်မှတ်ထိုးကင်းပိန်းလှုပ်ရှားမှု

လက်မှတ်ထိုးရန်အင်တာနက်စာမျက်နှာ

http://www.fbppn.net/?page_id=5

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြန်ကြားရေး

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒေါ်ဝင်နီမောင်မောင် (၅၈နှစ်) ရက်လည်ဆွမ်းသွတ် ဖိတ်ကြားခြင်း

(၈.၃.၀၉)တနင်္ဂနွေနေ့ မနက်၂နာရီခွဲ တွင် ဘ၀တစ်ပါး သို့ကူးပြောင်းသွားသော မွေးသမိခင် ဒေါ်ဝင်နီမောင်မောင် (၅၈နှစ်) အားရည်စူး၍ ရက်လည်ဆွမ်းသွတ်ကို(၁၅.၃.၀၉)တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်တရားတော်နာကြွရောက် အမျှအတန်း ပေးဝေပေးကြပါရန် ခင်မင်ရင်းနှီးသော မိတ်ဆွေများ၊ချစ်ခင်ရသော ညီအစ်ကိုမောင်နှမများ၊အဖွဲ့ အစည်း အသီးသီး၌ လှူပ်ရှားနေကြတဲ့ လေးစားရပါသော အစ်ကိုများအား ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့် 
ကိုအောင်ခိုင်(၀၁၀ ၉၉၆၂ ၅၆၈၇)
(ဗုဒ္ဓသာသနာပြုကျောင်းတော် အကျိုးတော်ဆောင်)

တရားပွဲအချိန်~~~ မွန်းလွဲ ၁နာရီ (၁၅.၃.၀၉)

နေရာ ~~~မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော်(၀၃၂ ၅၁၁ ၂၈၄၁)

ကြွရောက်လာကြမည့် ဧည့်သည်တော်များကို ယိုးဒယားလူမျိုးများ ဦးစီးချက်ပြုတ်ပေးသည့်ယိုးဒယား အစားအစာ၊ထမင်း၊ဟင်းများအချိုပွဲများဖြင့်ဧည့်ခံကျွေးမွေးပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အမေ...


ပေးပို့သူ — ဆူး(ကိုရီးယား)



အမေ

ခေတ်ကို သန္ဓေလွယ်ပြီး
အနာဂါတ်ကို ပေါင်းသင်ရေလောင်းသူ။

သန့်စင်သော ကောင်းကင်ပြာ၌
ဂျိုးဖြူငှက်များကို ၀ဲပျံလှပစေသူ။

နဂါးမာန်ဝံ့နေတဲ့
အစိမ်းရင့်ရောင် မာရ်နတ်တစ်ထောင်ကို
ရဲဝံ့ရင်ဆိုင်ရင်း
ဒီမြေ ဒီရေပေါ် မွေးဖွားသန့်စင်ခဲ့ပြီ
ဒီ...မို...က…ရေ...စီ...။ ။

ဆူး(ကိုရီးယား)



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 11, 2009

ထိုင်းနိုင်ငံမှ မြန်မာနှင့် မွန် မိန်းခလေးတို့ရဲ့ ရင်နင့်ဖွယ်ဘ၀များ...

ပေးပို့သူ — Forward အီးမေးလ်

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကိုမြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်၊ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါမနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ်တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီးနောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သားလေးယောက် က ထပ်မံ စော်ကားကြပြန်သည်။


သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီးထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင်တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက်ခန်းတွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီးလူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့်ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကိုလေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်းရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်းသတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီးစက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်းရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေများ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီးရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကိုကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သောအကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင်ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကိုအဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှုစတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်းတည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်းကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှုအတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့်ရအောင် သတင်းပေးသလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာလှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့်ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့်ဝင်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင်၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေအိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ်ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။

ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ..ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့်ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကိုဖမ်းသည် ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကိုထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။

ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့်အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှတည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှုပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေးကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယားဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်းလိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကိုလွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။

သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများကကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင်အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကိုအင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦးထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက်သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကိုရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန်သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။

ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီးထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသောလုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင်ရာအစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာဖုံးဖိမှုကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကိုတွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသောပြည်ပရောက် မြန်မာများမှလည်းကောင်း online petition များကိုပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည် ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရှင်နဲ့ကျွန်မ ဟန်ကျလိုက်တာ

“ဆရာဇေယျာလင်း၏ အလှပဆုံးစကားလုံး ကဗျာဘာသာပြန်နှင့် ရှင်းလင်းချက်စာအုပ်မှ”

ရှင်နဲ့ကျွန်မ ဟန်ကျလိုက်တာ

ရှင်နဲ့ကျွန်မ ဟန်ကျလိုက်တာ
ချိတ်တစ်ချိတ်ဟာ ကွင်းတစ်ကွင်းထဲ ချိတ်လိုက်သလို

ငါးမျှားချိတ်တစ်ချိတ်
ပွင့်နေတဲ့ မျက်စိတစ်ဖက်

မာဂရက် အက်(တ်)၀တ်(ဒ်)

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
ကနေဒါမှာ မွေးဖွားတဲ့ စာရေးဆရာမ၊ ကဗျာဆရာမ Margaret Atwood ရဲ့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ မြင်တဲ့အတိုင်းပဲ၊ ကဗျာဟာ တကယ့်ကို တိုတိုလေးပါ။ (၄)ကြောင်းနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီလေးကြောင်းကဗျာထဲမှာ အချစ်၊ အိမ်ထောင်ရေး၊ မိန်းမ-ယောင်္ကျား ဆက်ဆံရေးကို ပယ်ပယ်နယ်နယ် ထိထိမိမိ “သိပ်” ထည့်ထားတာကို တွေ့ရပါတယ်။

ကဗျာတစ်ပုဒ်လုံးကို ချုပ်ထားတာက “ fit into ” ဆိုတဲ့ ကြိယာပုဒ်ပါပဲ။ “You” ဆိုတဲ့သူနဲ့ “ Me”ဆိုတဲ့သူနဲ့ “ fit into ”ဖြစ်နေတယ်လို့ ကဗျာထဲက ဇာတ်ဆောင်က ပြောပါတယ်။ ဘယ်လို “ fit into ”လဲဆိုတာကို ဒုတိယကြောင်းမှာ ဥပမာအလင်္ကာနဲ့ ပြထားပါတယ်။ “a hook into an eye” ဆိုတဲ့ စကားလုံးကိုပဲ နှစ်ခါသုံးထားတာ တွေ့ရပါတယ်။ ဒီလို နှစ်ခါသုံးတဲ့အတွက် ပထမကြောင်းနဲ့ ဒုတိယကြောင်းကို ချိတ်ဆွဲလိုက်မိသားဖြစ်ပါတယ်။ ဒါကို ဥပမာအလင်္ကာပြတဲ့ “like”ဆိုတဲ့ နှိုင်းယှဉ်ခြင်း စကားလုံးနဲ့ သေချာအောင် ထပ်ချိတ်ပြလိုက်ပါတယ်။

အင်္ဂလိပ်ဘာသာစကားမှာ “hook-and-eye”ဆိုတာ “ချိတ်နဲ့ ကွင်း”ကို ခေါ်တာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဝတ်တဲ့ အ၀တ်အထည်တွေမှာ တွေ့ရပါတယ်။ ၀တ်ရင် ချိတ်ကို ကွင်းနဲ့ ချိတ်ရပါတယ်။ ချွတ်ရင် ချိတ်ကို ကွင်းထဲက ဖြုတ်ရပါတယ်။ ချိတ် တစ်ချိန်က (သူ့)ကွင်းတစ်ကွင်းထဲ ချိတ်လိုက်သလို ရှင်ဟာ ကျွန်မကို ချိတ်လိုက်တယ်လို့ ယူဆရင်လည်း ရပါတယ်။ ခက်တာက “fit”ဆိုတဲ့ စကားလုံး။ ဒီကဗျာမှာ ကြိယာ“verb”အနေနဲ့ သုံးထားပါတယ်။ လက်အိတ်ထဲ လက်စွပ်လိုက်သလို ၀င်သွားတယ်။ ဆံ့တယ်။ အံဝင်ခွင်ကျဖြစ်တယ်။ “fit” ဖြစ်တယ်။ “fit” မဖြစ်ဘူးလို့လည်း ပြောကြပါတယ်။ ဥပမာ- အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ် စသဖြင့်ပေါ့။ အသစ်ဝယ်ရင် ၀တ်ကြည့်တယ်။ စွတ်ကြည့်တယ်။ သွင်းကြည့်တယ်။“fit” ဖြစ်တယ် မဖြစ်ဘူးလို့ ပြောပါတယ်။ တော်တယ်၊ မတော်ဘူး၊ ချောင်တယ်၊ ကျပ်တယ် စသဖြင့်ပေါ့။ အဲတော့ ရှင်နဲ့ကျွန်မဟာ အတော်ပဲဆိုတဲ့ အနက်ကောက်လို့လည်း ရပါတယ်။

“hook-and-eye” ချိတ်နဲ့ ကွင်း ဥပမာကို ကြည့်မယ်ဆိုရင် ချိတ်ရှိရင် ကွင်းရှိပြီး ကွင်းရှိရင် ချိတ်ရှိရပါတယ်။ သူ့ ချိတ်နဲ့ သူ့ကွင်း၊ ဒီချိတ်နဲ့ ဒီကွင်းဟာ နှစ်ခုပေါင်းမှ တစ်ခုဖြစ်တယ်။ နှစ်ခုတွဲမှ အလုပ်ဖြစ်တယ်။ အဲ့ဒီလိုပဲ ရှင်နဲ့ကျွန်မဟာ တစ်ယောက်အတွက် တစ်ယောက်ဖြစ်လာတာ။ စိတ်တူ၊ ကိုယ်တူ၊ နှစ်ကိုယ့်တစ်စိတ်သဘော။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေတယ်။ ဟန်ကျတယ်။ ဟန်ချက်ညီတယ်။ လိုက်ဖက်တယ်။ တင့်တယ်တယ်။ အတွဲညီတယ်ဆိုတဲ့ သဘောတွေလည်း ပါပါတယ်။ ပြီးတော့ ချိတ်နဲ့ကွင်းဟာ “ဖို”သဘောနဲ့ “မ”သဘောကို ဆောင်ကြပါတယ်။ အဲဒါကြောင့် You “ရှင်”ဟာ ယောင်္ကျားဖြစ်ပြီး Me “ကျွန်မ”ဟာ မိန်းမဖြစ်ပါတယ်။ မိန်းမအချင်းချင်း၊ ယောင်္ကျားအချင်းချင်း ပြောနေတာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို ပြောနေတာဖြစ်ပါတယ်။ သူစိမ်းမိန်းမတစ်ယောက်က သူစိမ်းယောင်္ကျားတစ်ယောက်ကို ပြောနေတာလည်း မဟုတ်ပါဘူး။ ချိတ်နဲ့ ကွင်းဟာ အတွဲဖြစ်သလို ဒီကဗျာထဲက မိန်းမနဲ့ ယောင်္ကျားဟာလည်း အတွဲဖြစ်ပါတယ်။ ချစ်သူရည်းစား မဟုတ်ရင် လင်မယားဖြစ်ပါလိမ့်မယ်။

ဒီအတွဲဟာလည်း ရှေ့သွားနောက်လိုက် ညီကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေတယ်။ လိုက်ဖက်တယ်။ ဟန်ကျတယ်။ အပြန်အလှန်ချစ်ခင်ကြတယ်။ အပြန်အလှန် ချိတ်ဆက်မိတယ်။ တစ်ယောက်အလိုတစ်ယောက်၊ တစ်ယောက်သဘောတစ်ယောက် သိကြတယ်။ သူတို့နှစ်ယောက် အတွဲညီပုံ၊ ဟန်ကျပုံကို ချိတ်နဲ့ကွင်း ဥပမာနဲ့ ပေးထားတယ်။

ဒီကဗျာရဲ့ တတိယနဲ့ စတုတ္ထကြောင်းတွေမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတာကို တွေ့ရပါတယ်။ နူးညံ့မှု၊ ချစ်ခင်မှု၊ မေတ္တာမျှမှုကနေ ကြမ်းတမ်းမှု၊ ရက်စက်မှု၊ ရိုင်းစိုင်းမှု ဖြစ်သွားပါတယ်။ ချိတ်နဲ့ကွင်း ဥပမာကိုပဲ ပြန်သုံးတာ ဖြစ်ပေမယ့် အဓိပ္ပါယ်ပြောင်းသွားတာ၊ လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်သွားတာကို တွေ့ရပါတယ်။ “a hook”ကနေ “a fish hook”၊ “an eye”ကနေ “an open eye” ဖြစ်သွားပါတယ်။ မူလ ဥပမာရဲ့ “hook-and-eye” အဓိပ္ပါယ် မရှိတော့ပါဘူး။ ချိတ်ဟာ ငါးမျှားချိတ်ဖြစ်သွားပါတယ်။ “eye”ရဲ့ အဓိပ္ပါယ်ကလည်း “ကွင်း”ကနေ မျက်စိ၊မျက်လုံးအဓိပ္ပါယ် ဖြစ်သွားပါတယ်။ ဒီ ဒုတိယ ဥပမာအလင်္ကာမှာတော့ “ရှင်”နဲ့ “ကျွန်မ”တို့ရဲ့ ဆက်ဆံရေး ပြောင်းလဲသွားပုံကို တွေ့ရပါတယ်။ “ရှင်” ဟာ ငါးမျှားချိတ်တစ်ချိတ်၊ “ကျွန်မ”ဟာ ပွင့်နေတဲ့ မျက်စိတစ်ဖက်။ ငါးမျှားချိတ်ဟာ ပွင့်နေတဲ့မျက်စိတစ်ဖက်မှာ လာချိတ်တယ်။

ငါးမျှားချိတ်ဟာ သက်မဲ့ပစ္စည်း၊ အာရုံခံစားမှု မရှိဘူး။ ခံစားချက်မရှိဘူး။ မသနား မညှာတာဘူး။ စူးတယ်၊ ချိတ်တယ်၊ အသက်ကို သေစေနိုင်တယ်။ မျက်စိဟာ လူ၊ တိရိစ္ဆာန်၊ သက်ရှိသတ္တ၀ါတွေရဲ့ အရေးပါတဲ့အင်္ဂါ အစိတ်အပိုင်း၊ အမြင်အာရုံကို ဖြစ်စေတယ်။ မြင်စေတယ်။ အမြင်ရစေတယ်။ ကန်းသွားရင် ဘယ်လောက်ဆုံးရှုံးနစ်နာမလဲ။ ရှင်ဟာ ငါးမျှားချိတ်၊ ကျွန်မဟာ ပွင့်နေတဲ့ မျက်စိတစ်ဖက်။ အံကိုက်ပဲ။ “fit” ပဲ။ ကြင်နာမှုဟာ နာကျင်မှု ဖြစ်ခဲ့ရပြီ။ တအားကြီးနီးပြီးမှ ခါးသီးခဲ့ရပြီး နိုင်လိုမင်းထက် အကြမ်းဖက်မှုမှာ တုန်လှုပ်ချောက်ချားသွားရပြီ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
“YOU FIT INTO ME”

you fit into me
like a hook into an eye

a fish hook
an open eye

Margaret Atwood


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လာ… အဆို၊ အက ပြိုင်ပွဲ ၀င်ကြမယ်။


အန်ဆန်းနိုင်ငံခြားသားအလုပ်သမားစင်တာမှ ကြီးမှူးကျင်းပမည့် ကိုရီးယားသီချင်းဆိုပြိုင်ပွဲနှင့် ရိုးရာအကပြိုင်ပွဲများကို ယခုလာမည့် ၁၇.၅.၂၀၀၉ (တနင်္ဂနွေ)နေ့၊ နေ့လည် ၁:၃၀ မှ ၃:၃၀အထိ အန်ဆန်းနိုင်ငံခြားသားအလုပ်သမားစင်တာခန်းမ၌ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ကိုရီးယားသီချင်းဆိုပြိုင်ပွဲအတွက် သတ်မှတ်ထားသော ဆုကြေးငွေများမှာ-

ပထမဆု (၁)ဦး 500 000 ၀မ် (ငါးသိန်း)

ဒုတိယဆု(၁)ဦး 300 000 ၀မ် (သုံးသိန်း)

တတိယဆု(၂)ဦး 200 000 ၀မ် (နှစ်သိန်း)စီ ချီးမြှင့်ပေးသွားမှာဖြစ်ပြီး၊
မိမိတို့ နိုင်ငံအလိုက်ရိုးရာအကပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်သူများအနေနဲ့ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြပါတယ်။

ရိုးရာအကပြိုင်ပွဲအတွက် ဆုကြေးငွေများအနေနဲ့-

ပထမဆု (၁)ဖွဲ့ 1000 000 ၀မ် (ဆယ်သိန်း)

ဒုတိယဆု(၁) ဖွဲ့ 500 000 ၀မ် (ငါးသိန်း)

တတိယဆု(၂) ဖွဲ့ 300 000 ၀မ် (သုံးသိန်း)စီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ပြိုင်ပွဲဝင်ပုံစံကို ၁၆.၃.၂၀၀၉ (တနင်္လာ)နေ့ နောက်ဆုံးထား ဖြည့်စွက်ပေးကြရမည်ဖြစ်ပြီး၊ အဆိုပြိုင်ပွဲအတွက် ပဏာမ အသံစစ်ဆေးမှုကို ၂၉.၃.၂၀၀၉ (တနင်္ဂနွေ)နေ့တွင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ရိုးရာအကပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်သူများ အနေဖြင့် အကနောက်ခံတေးသွားအတွက် တီးလုံးကို စီဒီဖြင့် ယူဆောင်လာကြရမှာ ဖြစ်ပါတယ်။ ထို့ပြင် ရပ်ဝေးမှ ယှဉ်ပြိုင်လိုကြသူုများ ပြိုင်ပွဲဝင်ပုံစံဖြည့်စွက်ရန်နှင့် ပြိုင်ပွဲနှင့်ပါတ်သက်၍ အသေးစိတ် သိရှိလိုသူများအနေဖြင့် အန်ဆန်းနိုင်ငံခြားသားအလုပ်သမားစင်တာမှ အဆို၊အကပြိုင်ပွဲ မြန်မာတာဝန်ခံ ကိုကျော်ဇောအေး (ဖုန်း - ၀၁၀ ၂၇၉၀ ၉၇၇၃) သို့ ဆက်သွယ်မေးမြန်းနိုင်ကြပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား…။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 9, 2009

လေယာဉ်ပျံ လက်မှတ်ရရင် မြန်မာပြည် ပြန်မယ်

ရေးသားသူ — ၀င်းလတ်
http://winnlatt.blogspot.com မှ တဆင့် ကူးယူဖော်ပြပါသည်။

ဒီအပတ် တနင်္ဂနွေမှာ ဒေဂူးမြို့ရှိ မြန်မာ အလုပ်သမားများကို ဝါသနာ အရင်းခံ၊ စေတနာထား ကူညီပေးနေသူ မြန်မာလူငယ်တစ်ဦးနဲ့ တွေ့ဆုံ စကားပြောဖြစ်ခဲ့ပါတယ်။ ပြောကြတဲ့ အကြောင်းကတော့ မြန်မာပြည် ပြန်ကြတဲ့ အလုပ်သမားတွေ လေယာဉ်လက်မှတ်ကို ရွှေအင်အား (အေဂျင်စီ)မှ တစ်ချိန်က လစာငွေထဲက နုတ်ယူထားခဲ့တော့ လေယာဉ် လက်မှက် ပြန်ရရေး တောင်းယူတဲ့အခါ ဒေါ်လာဈေး တက်လို့ ဆိုပြီး အလုပ်သမားထံမှ ဝမ်တစ်သိန်းခွဲခန့် ထပ်တောင်းနေတဲ့ ပြဿနာ အကြောင်းပါဘဲ။ အားလုံးသော ရွှေညီအကိုတွေ ဗဟုသုတ ရစေရန် တင်ပြလိုက်ရပါတယ်။

မေး=တစ်ချိန်က မြန်မာအလုပ်သမားတွေကို (ရွှေအင်အား) ကနေ လေယာဉ် လက်မှတ်ဘိုး ဝမ်း(၅)သိန်း လစာငွေထဲက လစဉ် ဖြတ်ယူခဲ့တယ်။ အခု လေယာဉ်လက်မှတ်တောင်းတော့ ထပ်ပြီး ဝမ်တစ်သိန်းခွဲလောက် ပေးရပြန်တယ်ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး အကိုသိသလောက် ပြောပါဦး။
ဖြေ=ဟုတ်ပါတယ်။ ဟိုအရင်က (ထွန်းဦး) ကတော့ ပြန်ခါနီးမှ လုပ်သက် ဆုငွေ (퇴직금) နဲ့အတူ လေယာဉ်လက်မှတ်ဘိုးပါ တစ်ပါတည်း တောင်းယူခဲ့တယ်။ အခု(ရွှေအင်အား) ကတော့ လုပ်ခလစာထဲက ဖြတ်ယူ လိုက်ပါတယ်။

မေး=ကျွန်တော့် အမျိုးတစ်ယောက် ပြီးခဲ့တဲ့လက မြန်မာပြည် ပြန်တော့ ဒေါ်လာဈေး အကြောင်းပြပြီှးလေယာဉ်လက်မှတ်ဘိုး ဝမ်တစ်သိန်းခွဲ ထပ်တောင်းတာ ခံလိုက်ရပါတယ်။ အဲဒီတော့ လေယာဉ် လက်မှတ်ဘိုးက ဝမ်ခြောက်သိန်းခွဲလောက် ဖြစ်သွားတယ်။ လေယာဉ်လက်မှတ်ဘိုး အမှန် ဘယ်လောက်လဲ သိရင်ပြောပါ။
ဖြေ= ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ပြန်တဲ့ အလုပ်သမားတစ်ယောက်ကို TG လေယာဉ်၊ (ဘန်ကောက် ပြောင်းစီး) ကို ဝယ်ပေးလိုက်တာ ဝမ် ၅ သိန်း ၃ သောင်းပဲ ပေးရပါတယ်။

မေး=သူတို့ ဖြတ်ယူခဲ့တဲ့ လေယာဉ်လက်မှတ်ဘိုးငွေကို ကိုယ့်ဖာသာ တောင်းယူလို့ရပါသလား။
ဖြေ=ရပါတယ် 삼성화제 မှာ တောင်းယူရပါတယ်။

မေး=ခက်လို့များ မတောင်းကြတာလား။ မတောင်းတတ်လို့လား။ နည်းလမ်း မသိလို့လား။ အကို ဘယ်လိုထင်လဲ။
ဖြေ=နည်းလမ်း မသိတာလဲ ဖြစ်နိုင်ပါတယ်။ “မျက်ဖြူဆိုက်လေ-ဆရာကြိုက်လေ” စကားပုံလဲ ရှိတယ်။ တစ်ခုခုတော့ မှန်မှာပါ။

မေး=ကောင်းပြီ၊ ကိုယ်တိုင်တောင်းယူနည်းလေး မျှဝေပေးပါလားဗျာ။
ဖြေ=ကိုရီးယားမှာ ရောက်နေတဲ့ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ယိုင်းပင်း ကူညီချင်စိတ်ရှိသူ တော်တော်များများ ရှိပါတယ်။ တစ်ခုရှိတာက ထစ်ခနဲ ဟေ့ဆို အေဂျင်စီ တစ်ခုထဲ ကိုပဲ ယုံမှတ်အားကိုးနေရင်တော့ တစ်သက်လုံး လုပ်စားခံနေရမှာပါပဲ။ အခကြေးငွေမယူပဲ ကူညီနေတဲ့ အဖွဲ့အစည်းတွေကို ချဉ်းကပ်တတ်ဖို့ မျက်စိဖွင့် နားဖွင့်ကြပါလို့ ဦးစွာ ပြောချင်ပါတယ်။ ကိုယ်တိုင်တောင်းယူနည်းက မခက်ပါဘူး။ ဒီလိုပါ-

(၁) မိမိ ပိုက်ဆံဖြင့် အရင်ဆုံး လေယာဉ်လက်မှတ် ၀ယ်ထားရပါမယ်။

(၂) 고용지원센터 (အလုပ်သမားရုံး)
အနီးဆုံးမြို့နယ်မှာရှိသော အလုပ်သမားရုံးကို သွားပြီး တီကဒ်+နိုင်ငံကူးလက်မှတ်+လေယာဉ်လက်မှတ် ပြပြီး ထွက်ခွာခွင့် မှန်ကန်ကြောင်း ထောက်ခံစာ ရယူပါ။
ပြောရမဲ့စကားက “출국예정 확인서 해주세요.”

(၃) 삼성화제 ကို အလုပ်သမားရုံးက ထောက်ခံစာ(출국예정사실 확인서) + 통장 (Bank account number) copy ပို့ပေးပါ။

(၄) ဖုန်းခေါ်ပြီး စာရွက်ရောက်မရောက် မေးပါ။
ဖုန်း 02-2119-2400
ဖက်စ် 02-755-2149
ရောက်ပြီဆိုရင် နောက်နေ့ ကိုယ့် Bank account ထဲကို ငွေရောက်လာပါလိမ့်မယ်။

ကဲ ဘာမှမခက်တဲ့ ကိစ္စကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး သတင်းပေး လိုက်ပါတယ်။ ရွှေမြန်မာအပေါင်း “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ”

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>