Friday, March 30, 2012

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ လိုက်ပါမည့် ညီအစ်ကိုများသို့

မတ်လ ၃၀ ၊ ဆောအူးလ်
လာမည့် ဧပြီလ ၁ရက် တနင်္ဂနွေနေ့မနက် ဆောင်းဘူးလ်အမ် (성불암) ဆရာတော်ကြီး ဦးပညာဝံသ ၏ ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲသို့ လိုက်ပါရန် အမည်စာရင်းပေးသွင်းထားကြသည့် ညီအစ်ကိုများ ၊ မိမိကြောင့် ခရီးစဉ် အနှောက်အဝှက်မဖြစ်စေရေး နှင့် အချိန်မှီထွက်ခွါနိုင်ရေး ကြိုတင် အသိပေးနှိုးဆော်အပ်ပါသည် ။
ခရီးစဉ် ရက်စွဲ
- ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် (တနင်္ဂနွေ)
ထွက်ခွါမည့် အချိန်
- နံနက် ၇နာရီ ၃၀မိနစ်
စတင်ထွက်ခွါမည့်နေရာ
- အမှတ် ၃ မြေအောက်ရထားလိုင်း ၊ ဆုဆောဘူတာ(3호선, 수서역) ထွက်ပေါက် ၆
>>>>>မြေပုံအကြမ်း ကြည့်ရန် (Click Here)
ကျင်းပမည့်နေရာ
- (강원도 영월 주천강 )း ၈န်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ်
ဆက်သွယ်ရန် -
- ဆရာတော်ကြီး ဦးပညာဝံသ (017-248-5652)
မှတ်ချက် ။
- လိုက်ပါရန် အမည်စာရင်းတင်သွင်းထားသူအနက် (တစ်) ဦးမှာ အကြောင်းမညီညွတ်၍ ခရီးစဉ်ဖျက်သိမ်းထားပါသဖြင့် ၊ လိုက်ပါလိုပါက တစ်ဦးလိုက်ပါနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။
- ဆရာတော်ကြီးနှင့် ဆက်သွယ်ရန် အခက်အခဲရှိပါက 010-2331-2457ထံ မေးမြန်း ဆက်သွယ်နိုင်ပါသည် ။
- ဆုဆောဘူတာမှာ ဆောအူးလ်မြို့တော်တွင်းရှိသည်ဆိုသော်လည်း ဘူဖြောင်းဘူတာမှ သွားလျင် ၁နာရီခွဲခန့်ကြာသော ခရီးဖြစ်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 27, 2012

မြန်မာစင်တာတွင် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲဝင် သင်တန်းများဖွင့်လှစ်

မတ်လ ၂၆ ၊ အင်ချောန်း
လွန်ခဲ့သော မတ်လ ၂၅ ရက် တနင်္ဂနွေ မှ စတင်၍ ၊ မြန်မာစင်တာတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (Test of Proficiency in Korean: TOPIK) ဝင်သင်တန်းများ စတင်လေ့ကျင့် သင်ကြားပေး လျက်ရှိကြောင်း သတင်းရရှိသည် ။

[မြန်မာစင်တာ သင်တန်းပြင်ဆင်ခြင်းအစည်းအဝေးများ ၊ သင်တန်းဝင်အရည်အချင်းစစ်မေးခြင်းနှင့် သင်တန်းမြင်ကွင်း Photo: by MyCenter]
သင်တန်းသို့ ကိုရီးယား မြန်မာ အီးပီ အလုပ်သမား ၄၀ ကျော် တက်ရောက်လေ့ကျင့်လျက်ရှိကြောင်း ၊ ကျောင်းသားများကို ကိုရီးယားဆရာ တစ်ဦးနှင့် ဆရာမ ၂ ဦးတို့က အုပ်စု ၃ စုခွဲပြီး လေ့ကျင့် သင်ကြားပေး နေကြောင်း ၊ အခြေခံအဆင့်-(က)(Level-1) အုပ်စုကို နံနက် ၁၀နာရီမှ နေ့လယ် ၁၂ နာရီထိ ၊ အခြေခံအဆင့်(ခ) (Level-2) နှင့် အလယ်တန်းအဆင့်(Level3~3)တို့ကို နေ့လည် ၂နာရီမှ၎နာရီထိ လေ့ကျင့်သင်ကြားပေးနေကြောင်း သိရသည် ။

နိုင်ငံတကာ အမျိုးသား ပညာရေး ဗိမာန်(National Institute for International Education: NIIED) က တိုပစ် စာမေးပွဲကို ကြီးမှူးကျင်းပလျက်ရှိကြောင်း ၊ စာမေးပွဲများတွင် ပုံမှန်အားဖြင့် ယခင်စာမေးပွဲဟောင်း မေးခွန်းများမှ ၇၀ ရာခိုင်နှုန်းခန့် ထပ်မံေးမြန်းလေ့ရှိကြောင်း ၊ စာမေးပွဲကောင်းစွာဖြေဆိုနိုင်ကြစေရန်အတွက် မေးခွန်းဟောင်းများ စုစည်းပြီး လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း မြန်မာစင်တာက ပြောသည် ။

အဆိုပါ တိုပစ် စာမေးပွဲအောင်လက်မှတ်သည် ကိုရီးယားနိုင်ငံတွင်း တက္ကသိုလ်ပညာများ ဆက်လက်လေ့လာလိုသူများ နှင့် အခြားသော သင်တန်းနှင့် ပညာရပ်များ လေ့လာလိုသူများ အတွက် လိုအပ်ချက် တစ်ခု အဖြစ် ပြဋ္ဌာန်းထားသည်များရှိကြောင်း ၊ အထူးသဖြင့် အီးပီလုပ်သားများအတွက် လုပ်ငန်းအထူးကျွမ်းကျင်သူများနေထိုင်ခွင့်ဗီဇာ(E-7)လျှောက်ထားခြင်း ၊ အီး-၉ နောက်တိုးဗီဇာ (E-9) ပြန်လည်လျှောက်ထားခြင်းတို့အတွက် အထူးစာမေးပွဲဖြေဆိုရာတွင် အနည်းဆုံး ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အဆင့်-၃(Level-3)အောင်မြင်ထားရန်လိုအပ်ကြောင်း သိရသည် ။

သင်တန်းအတွင်း သင်တန်းသား တစ်ဦးချင်းစီ၏ အရည်အချင်းကို အမြဲဆန်းစစ်ပေးပြီး သင်တန်းသား၏ လိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့်ပေးသည့် စနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း ၊ ကြိုးစားပြီး အရည်အချင်းရှိသည့် ကျောင်းသားများ နစ်နာခြင်းမဖြစ်စေရန် ၊ ကျောင်းသား တစ်ဦးချင်းစီ၏ သင်ယူနိုင်စွမ်းအပေါ်မူတည်လျက် အတန်းချခြင်း ၊ အတန်းတင်ပေးခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်ပေးသွားမည်ဟု သင်တန်းတာဝန်ခံ ဆရာမ ဒေါ်ကေသွယ်ဟန်က ဟန်းဂုရွာသို့ပြောပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 26, 2012

မြန်မာ အလုပ်သမား ၂ ဦးအလိုရှိသည်

စပါးသန့် စက်ရုံ
ယုံအင်း(Gyeonggi-do, Yong-in)
ဗီဇာ မလို
မနက် ၈ ညနေ ၆
လစာ မှန် ၊ ကောင်း
နေစရာပေး ၊ ထမင်းကျွေး


ဆက်သွယ်ရန် -
ကိုလူခံ 010-6870-0657

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဓမ္မဒူတကင်ချီသင်တန်း မြန်မာအလုပ်သမား ၁၇ ဦးသာ တက်နိုင် ၊ ပူးပေါင်းဆောင်ရွက်မှုအားနည်းသဖြင့် နစ်နာသူများရှိခဲ့

ဆောအူးလ် ၊ မတ်လ ၂၆
ယမန်နေ့က ဂွါန်မြောင်းမြို့ (Gwang Myeong Shi) ဂွမ့်ဂန်ဂျောင်ဆာ (Geum Gang Jeong Sa) ဘုန်းတော်ကြီးကျောင်းတွင် ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်း ပြုလုပ်သည့် ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်း သို့ မြန်မာအလုပ်သမား ၁၇ ဦးတို့ တက်ရောက်သင်ယူခဲ့ကြကြောင်း သတင်းရရှိသည် ။

[Photo: by Way.T.P/ ကင်ချီသင်တန်း အမှတ်တရ မှတ်တမ်းပုံများ]
ယခုအပတ်သင်တန်းတွင် မုံလာထုပ်ကင်ချီပြုလုပ်နည်းကို အနီးကပ်ကြီးကြပ်သူများဖြင့် အုပ်စု ၄ စုခွဲပြီး စာတွေ့ရော လက်တွေ့ပါ အစအဆုံး လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း ၊ သင်တန်းများက ပြုလုပ်သည့် ကင်ချီများကိုလည်း သက်ဆိုင်ရာ သင်တန်းသားသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း ၊ ထို့အပြင် သင်တန်းအပြီး၌ ဂွမ့်ဂန်ဂျောင်ဆာ ကျောင်းထိုင်ဆရာတော် ဝေါန်မြောင်း (Won Myeong Sunim) ဘုန်းတော်ကြီးက သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြင့်ခဲ့ကြောင်း သိရသည် ။
သင်တန်းတက်ရောက်ရန် လူဦးရေ ၃၀ ကျော် အမည်စာရင်းတင်သွင်းခဲ့ကြကြောင်း ၊ စာရင်းပေးသွင်းသူများ မူလမျှော်မှန်းထားသည်ထက်များပြားသဖြင့် သင်တန်းစီစဉ်သူများက သင်တန်းကို အသုတ် ၂သုတ်ခွဲပြီး ဖွင့်လှစ်ရန် စီစဉ်လိုက်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ပါက အခြားသူများ တက်ရောက်နိုင်ရေး ကြိုတင်အတည်ပြုချက်ပေးကြရန် သက်ဆိုင်ရာက နိုးဆော်ထားခဲ့သော်လည်း အချိန်မှီ အတည်ပြုချက်မပေးခဲ့ကြဘဲ သင်တန်းဖွင့်ရက် မနက်ပိုင်းမှ သင်တန်းတက်ရန် အမည်စာရင်း ဖျက်သိမ်းသည်များ ရှိခဲ့သဖြင့် သင်တန်း အမှန်တကယ်တက်လိုသူများ သင်တန်းသား မတက်ရောက်နိုင်ခဲ့သည်များရှိခဲ့ကြောင်း ၊ မြန်မာသင်တန်းသားလောင်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သဖြင့် နစ်နာသူများရှိခဲ့ကြောင်း ၊ သင်တန်းစီစဉ်သူများကပြောသည် ။
ယခု အပတ် သင်တန်းသားများအား မေးမြန်းခဲ့ရာ ရှမ်းတိုင်းရင်းသား သင်တန်းသားတစ်ဦးက “ကျနော်ဒီသင်တန်းမျိုးတက်ချင်နေတာကြာပြီဗျ ၊ ကိုရီးယားရောက်စကတည်းကပါပဲ ၊ အခု သေသေခြာခြာသင်ပေးလို့ အားရ ကျေနပ်ပါတယ် ၊ ကျနော်တို့ ရှမ်းရိုးရာ မုန်ညှင်းချဉ်လုပ်နည်းနှင့် တူတာတွေရှိသလို ၊ မတူတာလေးတွေလည်း ရှိပါတယ် ။ သင်တန်းစီစဉ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ” ဟု ပြောသည် ။
သင်တန်းသားတစ်ဦးကမူ “မြန်မာပြည်ရောက်ရင် အာဂျော်ရှိ ကင်ချီဆိုပြီး ကင်ချီလုပ်ရောင်းမယ်ဗျာ” ဟု ရယ်သွမ်းသွေးပြောဆိုသွားသည် ။
နောင်တွင်လည်း ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအား တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေမည့် သင်တန်းများ (မုံလာဥကင်ချီ ၊ ကင်ဖတ်ခေါ် ရေညှိ ထမင်းလိပ် ပြုလုပ်နည်းစသည်များ) ကို ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်များရှိကြောင်း ၊ ဓမ္မဒူတ ယဉ်ကျေးမှုအသင်းထံမှ စုံစမ်းသိရှိရပါသည် ။
/M-netizen/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 22, 2012

ကိုရီးယားကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းသားများသို့

ဆောအူးလ် ၊ မတ်လ ၂၂
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ မတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တွင် ပြုလုပ်မည့် ကင်ချီသင်တန်းသား ညီအစ်ကိုများခင်ဗျား ၊ သင်တန်းချိန် နောက်မကျစေရေး ကြိုတင်အသိပေးအပ်ပါသည် ။


သင်တန်းနှင့် ပတ်သက်၍ -

- ရပ်ဝေးမှ သင်တန်သားများ ဓမ္မဒူတွင် ၊ တွဲဖက်ကျောင်းထိုင်ဆရာတော် ဦးကိတ္တိသာရ (032-521-5586) ထံ လျှောက်ကြားတည်းခိုနိုင်ပါသည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)(ဘူဖြောင်းဘူတာ၊ ရဲစခန်းရှေ့)မှ ကြိုပို့ကား ထွက်ခွါပါမည် ။
- ကြိုပို့ကား ရပ်နား ၊ စောင့်ဆိုင်းချိန်မှာ အများဆုံး ၁၅ မိနစ်သာ ကြာမည်ဖြစ်ပါသဖြင့် ၊ မိမိကြောင့် သင်တန်းအချိန်ဇယား မထိခိုက်စေရေး နှင့် သင်တန်းအနှောက်အယှက်မဖြစ်စေရေး အလေးဂရုပြု စေလိုပါသည် ။
- ကြိုပို့ကား မမှီသဖြင့် မိမိအစီအစဉ်အစဉ်ဖြင့် လိုက်ပါလိုပါက ၊ အမှတ် ၇ မြေအောက်ရထားလိုင်း ချောလ်ဆန်ဘူတာရှေ့ (철산역앞) ၊ ရဲစခန်းမှတ်တိုင် (파출소) မှ တက်ကစီကားဖြင့် သွားရောက်နိုင်ပါသည် ။ လိပ်စာမှာ-
- Gwangmyeong-si (광명시), Soha-2-dong (소하2 동) , 341-2 (금강정사),Tel: 02-898-8200
- ဆက်သွယ်ရန် အခက်အခဲရှိပါက 010-2331-2457 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)
March 22, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 21, 2012

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ဖိတ်ကြားစာ

ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ဖိတ်ကြားစာ
ဆောင်းဘူးလ်အမ် (성불암) ဆရာတော်ကြီး ဦးပညာဝံသ ၏ စီစဉ် ကြီးကြပ်မှုဖြင့် ဘေးမဲ့ ငါးလွတ်ပွဲ နှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသည် -
ရက်စွဲ
- ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် (တနင်္ဂနွေ)
စတင်ထွက်ခွါမည့်နေရာ
- အမှတ် ၃ မြေအောက်ရထားလိုင်း ၊ ဆုဆောဘူတာ(3호선, 수서역) ထွက်ပေါက် ၆
ကျင်းပမည့်နေရာ
- (강원도 영월 주천강 )း ၈န်ဝေါန်ဒို ၊ ယောင်ဝေါ ဂျူချောန်းမြစ်
- (Click Here)
ထွက်ခွါမည့် အချိန်
- နံနက် ၇ နာရီ ခွဲ
ခရီးစရိတ်
- မြန်မာများ (အခမဲ့) ၊ ကိုရီးယားများ ၃သောင်း၅ထောင်
အစီအစဉ်များ
- နံနက်စာသုံးဆောင်ခြင်း
- နေ့လည် ၁၀ နာရီ ၃၀ မိနစ် မှ ၁၁ နာရီ ၃၀ - ငါးလွတ်ခြင်း ၊ ငြိမ်းချမ်းရေးဆုတောင်းခြင်း
- နေ့လည် ၁၁ နာရီ ၃၀ မိနစ် မှ ၁၂ နာရီ ၄၀ - ဂီတပွဲတော်
- နေ့လည် ၁၂ နာရီ ၄၀ မိနစ် မှ ၁ နာရီ ၁၅ - နေ့လည်စာသုံးဆောင်ခြင်း
- နေ့လည် ၁နာရီ ၁၅ မိနစ် နောက်ပိုင်း ၊ (단종대왕유적지)ဒန်ဂျုံးဘုရင်ကြီးယဉ်ကျေးမှုနယ်မြေ လေ့လာရေးခရီး
- ညနေ ၆ နာရီခွဲ ပြန်လည်ရောက်ရှိပါမည် ။
နံနက်စာ နေ့လည်စာအပါအဝင် ခရီးစဉ်စဆုံး အမခဲ့ဖြစ်ပါသည် ။
လူဦးရေကန့်သတ်ထားသည် ။ မြန်မာ ၁၀ ဦးတည်းသာ ၊ ဦးရာလူစနစ်ဖြင့် လက်ခံမည် ။
စာရင်းပေးသွင်းရန်-
010-2331-2457, (မတ်လ၂၈ ညနေ ၆ နာရီ နောက်ဆုံး)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 19, 2012

ပိတောက်ပန်း

ရေးသားသူ — ဆရာဇော်ဂျီ ( ဖျာပုံမြို့)


ပိတောက်ပန်း
မခူးချင် စမ်းပါနဲ့နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ
ထူးပါဘိတယ်.
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်
အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

ဆရာဇော်ဂျီ ( ဖျာပုံမြို့)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုစံမောင် (ရသေ့တောင်) ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၈)


[Photo: By Dhammaduta_Korea/ကိုစံမောင်၏ ကျန်ရစ်သူ ဇနီးနှင့် မိတ်သင်္ဂဟများ အလှူမှတ်တမ်း]

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာလုပ်သား ၃ ဦး လိုသည်

မြန်မာလုပ်သား ၃ ဦး လိုသည်
ဆေးမှုတ်
လစာ မှန် ကောင်း
နေစရာ ပေး
ထမင်းကျွေး
ဂယောင်းဂီဒို ၊ ဟွာဆောင်း
ဗီဇာ မလို
ဆက်သွယ်ရန် -
ကိုလူခံ - 010-3140-1200


မှတ်ချက် -
မတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား မေးမြန်းကြပါရန် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မိခင်ကြီး ဒေါ်ချစ်မြ ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၁)

မိခင်ကြီး ဒေါ်ချစ်မြ ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၁)

[Photo: By Dhammaduta_Korea/ မိခင်ကြီးဒေါ်ချစ်မြ၏ ကျန်ရစ်သူ သား ကိုခင်မောင်ရင် နှင့် မိတ်သင်္ဂဟများ အလှူမှတ်တမ်း]

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကင်ချီလက်တွေ့ပြုလုပ်နည်း (မတ်လ၂၅) သင်တန်းသားများ အမည်စာရင်း အတည်ပြုချက်ပေးကြပါရန်

ဆောအူးလ် ၊ မတ်လ ၁၉
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအား တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်း ပြုလုပ်မည့် (မတ်လ ၂၅) ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်း တက်ရောက်ရန် အမည်စာရင်း တင်သွင်းထားကြသူများအနက် အောက်ဖော်ပြပါ သင်တန်းသားလောင်းများကို (ပဏာမ) ရွေးချယ်ထားပါကြောင်း -
- ကိုတက်ဖြိုးဝေ
- ကိုသန်းအေး
- ကိုဖြိုးဝေဝင်း
- ကိုစိန်ဝင်း
- ကိုအောင်ကျော်တင့်
- ကိုသန်းဝင်းအောင်
- ကိုစိုးဝင်း
- ကိုမျိုးသက်ထွန်း
- ကိုအောင်ကျော်မိုး
- ကိုမောင်မောင်လေး
- ကိုမင်း
- ကိုမင်းမင်း
- ကိုနေမင်းထွန်း
- ကိုနွေကိုကိုလင်း
- ကိုညဏ်ဝင်းထွန်း
- ကိုဇော်ဟိန်းထွန်း
- ကိုသန့်ဇင်ကို
- ကိုရဲနိုင်ဌေး
- ကိုသိန်းမြင့်
- ကိုစိုင်းကျော်ညွန့်
- ကိုစိုင်းအောင်မျိုး
- ကိုမိုးဟိန်း
- ကိုကျော်ဝင်းမြင့်
- စိုင်းတုန်ခမ်း
အမည်စာရင်းပေးသွင်းထားသူများ များပြားနေသည့်အတွက် သင်တန်းကို ၂ ကြိမ်ခွဲပြုလုပ်ရန် စီစဉ်ထားပါကြောင်း နှင့် အထက်ပါ အမည်စာရင်းတွင် ပါရှိသော်လည်း အမှန်တကယ် မတက်ရောက်နိုင်ပါက အခြားသူများ အစားထိုး တက်ရောက်နိုင်စေရေး လက်ကိုင်ဖုန်း 010-3719-2474 ထံ ဆောလျင်စွာ အတည်ပြုအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 18, 2012

လွန်ခဲ့တဲ့ အနှစ် ၂၄ နှစ်က နိုင်ငံတော် သမ္မတကြီး ဦးမောင်မောင် ဟောခဲ့တဲ့တရား ၊ ဘာများလဲလို့

နောင် အနှစ် ၂၀ အစိတ် လောက်ကြာရင် ခင်ဗျား တို့ သိမယ် လို့ သမ္မတကြီး ဦးမောင်မောင်ပြောခဲ့တာ တွေ အမှန်တကယ်ဖြစ်လာပါပြီ ။ နောင် အများကြီးလာဦးမယ် ။ ဒါအစပဲ ရှိသေးတယ် ။ ဒါဟာ ဒီမိုကရေစီရဲ့ ဖွားဘက်တော်တွေပါ ။ ပညာရှိတွေ တွေးကြည့်တာဟာ ၊ ပြေးကြည့်တာထက်မှန်သတဲ့ဗျ ။ ကဲ ၊ ဘာများတုန်းဗျာ ၊ သိချင်ရင် ဆက်ဖတ်ရန်ကို နှိပ်ကြည့်ပါတော့ဗျာ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 17, 2012

အလုပ်ခွင်ထိခိုက်မှု လျော်ကြေးအာမခံ နှင့် အလုပ်နားထောက်ပံ့ကြေး ဘယ်လိုပတ်သက်သလဲ

Hanwinmaw ရဲ့ အီးမေးလ်
ကိုဝိုင်း ခင်ဗျာ

ကျွန်တော် က Busan, Gijang, Jeonggwan မှာရှိတဲ့ ဂျွန်ချော၇ီ လို့ခေါ်တဲ့ သံချောင်းတွေ ၊သံတွေကို သံချေးချွတ် ဆေးမှုတ်ပေးရတဲ့ စက်ရုံမှာလုပ်နေပါတယ်။ ကျွန်တော် ဒီစက်၇ုံကိုရောက်တာ မကြာသေးပါဘူး ၁၂ လပိုင်း ကုန်လောက်က ရောက်လာတာပါ ၁ လပိုင်း ၃၀ ရက်နေ့ က ပိုက်နဲ့ ခြေဖမိုးကို ရိုက်မိလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က ခြေမကိုသွားတဲ့ အရိုး အက်သွားတာဆိုပြီး ကျောက်ပတ်တီးစီးပေးပြီး ခု ၃လပိုင်း ၁၃ ရက် အင်္ဂါနေ့ က ပတ်တီးဖြေပေးပါတယ်၊ နားရက်က ၁လခွဲလောက်ကြာသွားပါတယ်။ ဆေးခန်းသွားပြတော့ ကျွန်တော်မှာအရင် စက်ရုံက လုပ်ပေးလိုက်တဲ့ samsung ကျန်းမာရေး အာမခံကဒ်နဲ့ ပြပါတယ်.. ကုမ္မဏီကပဲလိုက်ပို့ပေးပါတယ်..

ကျွန်တော်သိချင်တာက အကိုရယ် ဒီလိုထိခိုက်ခံရမှုနဲ့ပတ်သက်ပြီး အလုပ်သမားဘက်က ခံစားခွင့်လေးသိချင်ပါတယ်၊ အခြားသူတွေပြောတော့ စက်ရုံမှာ ထိခိုက်ဒဏ်ရာရတဲ့အတွက် အခြေခံလစာရဲ့ ၇၀ % ရ မယ်လို့ပြောပါတယ်... ဒါပေမဲ့ မနေ့က လစာ ထုတ်ကျတော့ ကျွန်တော်မှာ တပြားမှမရပါဘူး.. သူငယ်ချင်းက ကုမ္မဏီကိုမေးတော့ samsung က ထည့်ပေးရမှာ သူတို့နဲ့မဆိုင်ဘူး လို့ပြောပါတယ်တဲ့.. ကျွန်တော်သိချင်တာက အကိုရယ် ဒီလိုထိခိုက်ဒဏ်ရာရလာရင် ကုမ္မဏီကဘယ်လိုဆောင်ရွက်ပေးရတယ် samsung လို အာမခံတွေက ဘယ်လိုဆောင်ရွက်ပေးတာရယ် အဲလို အာမခံမထားတဲ့သူတွေဆိုရင် ဘယ်လို ဆိုတာလေး အကို့ အနေနဲ့ ကျွန်တော်ရော အားလုံးသော ရွှေညီအကို တွေ ပါသိသွားအောင် ကူညီပေးပါလို့ တောင်းခံအပ်ပါတယ်.....

လေးစားစွာဖြင့်

ဟန်ဝင်းမော်
ဟန်ဂုရွာ ပရိတ်သက်တဦး
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>

ဟန်ဝင်းမော် နှင့် ရွာသူရွာသားများအတွက် ကိုဝိုင်း (မိုးညှင်း) ကြိုးစားပြီး ဖြေကြည့်ပါမယ် ။

အဓိက အာမခံကြီး ၄မျိုး (4 Major Insurance)
ကိုရီးယားနိုင်ငံအတွင်း ရောက်ရှိ မှီတင်းနေထိုင်ကြတဲ့ လူများ ၊ လူလိုသူလို နေထိုင်ရနိုင်စေဖို့ ၊ ကိုရီးယားအစိုးရက အာမခံစနစ် အစီအစဉ်ဖြင့် အာမခံ(တာဝန်ခံ)ထားပါတယ် ။ လူတိုင်း အလိုအလျောက် အကျိုးခံစားခွင့်ရှိတဲ့ အဓိက အာမခံကြီး ၄မျိုး (4 Major Insurance) လို့ခေါ်ပါတယ် ။ အဲတာတွေကတော့ -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- အလုပ်အကိုင် အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) နှင့်
- အမျိုးသား အငြိမ်းစားလစာ (National Pension) တို့ဖြစ်ပါတယ် ။

သို့ပေမယ့် ၊ ခြွင်းချက်တွေရှိသတဲ့ဗျ ။ တော်တော်များများက ကျနော်တို့မြန်မာတွေအတွက် ခြွင်းချက် ။ အဲသည်မှာ အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance) ဆိုတာကို တော့ ကျနော်တို့မြန်မာလုပ်သားတွေ( ဝလုံးများအပါအဝင်) ခံစားခွင့်ရှိပါတယ် ။ အာမခံထားသည်ဖြစ်စေမထားသည်ဖြစ်စေ ၊ ခံစားခွင့်ရတဲ့ အာမခံပါ ။ လုပ်ငန်းခွင်မှာ အလုပ်နှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုရင်ပေါ့ဗျာ ။

အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ က ရနိုင်သော အာမခံငွေများ
အဲသည် အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance) စနစ်မှာ ခံစားခွင့်ပေးထားတာတွေကတော့ အမျိုးမျိုးပါပဲ ။ ဘာတွေတုန်းဆိုတော့ -
- ဆေးကုစရိတ်
- လူနာစောင့်စရိတ်
- အလုပ်(နား)ထောက်ပံ့စရိတ်
- ယာယီမသန်စွမ်းထောက်ပံ့ကြေး
- မိသားစုထောက်ပံ့စရိတ်
- ဈာပနစရိတ်
- မသန်စွမ်းအငြိမ်းစားလစာ ဆိုပြီး ၇ မျိုးရှိသတဲ့ ဗျ ။

အလုပ်နားထောက်ပံ့စရိတ် (휴업급여)
အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရပြီး ၊ ဆေးရုံတက် ဆေးဝါးကုသမှုခံရတဲ့ ကာလ ၃ ရက်ကျော် ပြီဆိုလျင် ၊ ၄ရက်မြောက်မှစပြီး ဆေးဝါးကုသမှုခံယူနေစဉ် ကာလတစ်လျှောက်လုံး အဲသည် အလုပ်နားထောက်ပံ့ကြေး (အလုပ်နားလစာ) ခံစားခွင့်ရှိသတဲ့ ။ ဆေးရုံတက်ကာလမှာသာ မဟုတ်ဘဲ ၊ အိမ်မှာ ဖြစ်ဖြစ် တစ်နေရာရာမှာဖြစ်ဖြစ် အမှန်တကယ် အလုပ်မလုပ်နိုင်သေးလို့ (နားနေ) ဆေးကုနေရတဲ့ ကာလတစ်လျှောက်လုံး ခံစားခွင့်ရှိတယ်လို့ ဆိုပါတယ် ။

ဆေးဝါးကုသမှုခံရတဲ့ ကာလ ၃ ရက်မကျော်လျင်တော့ အလုပ်နားထောက်ပံ့ကြေးကို အာမခံစနစ်အရ ခံစားခွင့်ပေးမထားပါဘူး ။ သို့သော် စံပြု အလုပ်သမား ဥပဒေ (The Standard Labor Law) အရ တော့ ထောက်ပံ့ကြေး ခံစားခွင့်ပေးထားပါတယ် ။ အလုပ်ရှင်က ပေးရတာပါ ။ 60% ။

အလုပ်နားထောက်ပံ့ကြေး ဘယ်လောက်ရမလဲ
အလုပ်နားထောက်ပံ့ကြေးအဖြစ် ပျမ်းမျှလစာရဲ့ ၇၀ (ခုနစ်ဆယ်) ရာခိုင်နှုန်း ခံစားခွင့်ရှိသတဲ့ ။ အချို့ စက်ရုံတွေက လူလိုသူလို သိတတ်တဲ့ သူဌေးတွေကတော့ နားလည်မှုနှင့် အလုပ်နားထောက်ပံ့ကြေး (လစာ) ကို ပုံမှန်လစာပေးရက်မှာ ကြိုပြီး ထုတ်ပေးထားလေ့ရှိ (လျှောက်ထားငွေထွက်လာချိန် ပြန်လည် ခုနှိမ်ယူ) ပေမယ့် ၊ အတော်များများကတော့ ညီလေး ဟန်ဝင်းမော် လိုမျိုး အာမခံ ကုမ္ပဏီ (ကော်ပိုရေးရှင်း) ဆီက လစာထွက်မှ ပေးတတ်ပါတယ် ။

အလုပ်နားထောက်ပံ့ကြေး(လစာ) ဘယ်လိုလျှောက်မလဲ
အလုပ်နားထောက်ပံ့ကြေးကို ၊ အလုပ်သမား သက်သာချောင်ချိရေးကော်ပိုရေးရှင်း (근로복지공단) ထံမှာ တစ်လတစ်ကြိမ် တောင်းခံလျှောက်ထားယူရတာဖြစ်ပါတယ် ။ ပထမဆုံးအကြိမ်လျှောက်ထားစဉ်မှာတော့ အလုပ်ရှင်ရဲ့ ထောက်ခံချက် လိုအပ်ပြီး နောက်အကြိမ်တွေမှာ တော့ မလိုတော့ပါဘူး ။ စွမ်းနိုင်သူများ ကိုယ်တိုင်လျှောက်ထားနိုင်သလို ၊ မစွမ်းနိုင်သူများကတော့ ကိုယ်စားလှယ်များ (စက်ရုံစာရေး) နှင့် လျှောက်ယူကြရမှာဖြစ်ပါတယ် ။

ပျမ်းမျှလစာတွက်တွက်ချက်မှု အရေးကြီးတာမို့ ၊ လျှောက်လွှာမှာ လက်မှတ်ထိုးခိုင်းတဲ့ အခါ မိမိရဲ့ ပျမ်းမျှလစာမှန်မမှန် စစ်ကြည့်ဖို့လိုပါမယ် ။

ထောက်ပံ့ကြေးခံစားနေစဉ်ကာလ အလုပ်ဖော်များ လစာ(၅ရာခိုင်နှုန်းအထက်) တိုးလျင် မိမိလည်း လစာတိုးတက်ခံစားခွင့်ရှိတယ်လို့ဆိုပါကြောင်းပါခင်ဗျာ ။

လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် ၊ မတ်လ ၁၇ ရက်

ကြော်ငြာ -
ဓမ္မဒူတယဉ်ကျေးမှုအသင်းက၊အာမခံအကြောင်းသိကောင်းစရာများ(အလုပ်ရုံဆွေးနွေးပွဲ)ပြုလုပ်ရန်၊သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆဲဖြစ်ပါသည်။မကြာမှီပြုလုပ်ပါမည်။ထိုအချိန်၊ဆွေးနွေးပွဲတက်ရောက်ပြီး၊မိတ်ဆွေတို့သိလိုသည်များကို အသေးစိတ်မေးမြန်းတော်မူကြပါ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုစံမောင်အားအမျှပေးဝေမည်

ဖိတ်ကြားအပ်ပါသည်

၂၀၁၁ခုနှစ်ဇူလိုင်လ(၂၅)ရက်နေ့ တွင်ကွယ်လွန်သွားခဲ့ပြီးဖြစ်သောကိုစံမောင်(ရသေ့တောင်-ရခိုင်ပြည်နယ်)အား
ရည်စူးပြီးကိုးရီးယားနိင်ငံရောက်ရှိနေသောဇနီး၊သားနှင့်ရခိုင်အသင်းဝင်ညီအကိုများမှသံဃာတော်အရှင်သူမြတ်
တို့ အားဆွမ်း၊သင်္ကန်းဒါတဗ္ဗ၀တ္ထုအစုစုဆက်ကပ်လှူဒါန်းပြီးကွယ်လွန်သူ ကိုစံမောင်အားအမျှပေးဝေမည် ဖြစ်ပါသ
ဖြင့်ကြွရောက်ပါရန်မိတ်ဆွေသူငယ်ချင်းများအားခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်။

ရခိုင်အသင်း(တောင်ကိုးရီးယား)

နေ့ ရက်။ ။၁၈-၂-၂၀၁၂(တနင်္ဂနွေနေ့ )
နေရာ ။ ။ဓမ္မဒူတကျောင်းတော်၊ဘူဖျောင်း
အချိန် ။ ။နံနက်(၉)နာရီမှ(၁)နာရီထိ
(အာရုံဆွမ်း၊နေ့ ဆွမ်းလှူဒါန်းပါမည်)
နံနက်(၉)နာရီတွင်တရားနာရေစက်ချပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 15, 2012

မြန်မာစင်တာ သတင်းထုတ်ပြန်ချက်

အင်ချောန်း ၊ မတ်လ ၁၅ ရက်
မြန်မာစင်တာတွင် (Myanmar Center Training Program 2/2012) အဖြစ်ဖွင့်လှစ်မည့် (TOPIK) သင်တန်းများအတွက် ၂၀၁၂ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောင်းဝင်အရည်အချင်းစစ်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် သင်တန်းသားလောင်းများအား ၊ အောက်ပါအတိုင်း အတန်းများခွဲခြားသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည် -


Class_A
သင်တန်းသား - ၆ ဦး
သင်တန်းချိန် - နေ့လည် ၂နာရီ မှ ၄နာရီထိ
သင်တန်းသားများ
20120009-သန်းလင်း
20120010-ယဉ်ဝင်းအောင်
20120011-ကျော်ဆန်းဦး
20120012-မိုးဇော်
20120013-ထွန်းညီညီအောင်
20120014-မသက်စံနှင်း

Class_B
သင်တန်းသား - ၈ ဦး
သင်တန်းချိန် - နေ့လည် ၂နာရီ မှ ၄ နာရီထိ
သင်တန်းသားများ
20120015-နေလင်းသူ
20120016-အောင်ကိုဦး
20120017-ဆန်းဝင်း
20120018-ကျော်ဝဏ္ဏ
20120019-ကျော်ဆန်းလင်း
20120020-ဇေယျာစိုး
20120021-ကျော်ဇောလင်း
20120022-စောထွန်း


Class_C
သင်တန်းသား - ၁၆ ဦး
သင်တန်းချိန် - နံနက် ၁၀နာရီ မှ ၁၂နာရီထိ။
သင်တန်းသားများ
20120023-အောင်ဇော်
20120024-တင်ထူးစံ
20120025-လှမိုးအောင်
20120026-အောင်ကျော်တင့်
20120027-ညီညီနိုင်
20120028-ထူးလွင်
20120029-သွန်းငွေမင်း
20120030-ဇော်လွင်ဦး
20120031-ဖုန်းမြင့်ဇော်
20120032-ဇာနည်ထွန်းထွန်း
20120033-ဝေလင်း
20120034-စောမင်းအေး
20120035-မနန်းစန္ဒာထွန်း
20120036-မျိုးသန့်
20120037-ဇေယျာမောင်
20120038-အောင်ကျော်သူ


သင်တန်းများကို မတ်လ ၂၅ ရက် (တနင်္ဂနွေ)နေ့မှ စ၍ တစ်ပြိုင်နက် ၊ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည် ။
ကျောင်းဝင်ဆန်းစစ်စာမေးပွဲဖြေဆိုခဲ့သော်လည်း ၊ သင်တန်းသား အမည်စာရင်းတွင် မပါရှိသူများနှင့် သင်တန်းတက်ရန် အမည်စာရင်းပေးထားသော်လည်း ကျောင်းဝင်ဆန်းစစ် စာမေးပွဲမဖြေဆိုရသေးသူများ 010-4187-5218 ထံ ဆက်သွယ်ကြစေလိုပါသည် ။



မြန်မာစင်တာ ကော်မီတီ(ယာယီ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပြည်တွင်း စစ်ဘေးသင့် တိုင်းရင်းသား ညီအကိုမောင်နှမများအား ဝိုင်းဝန်း ကူညီ အားပေးကြရန် ဖိတ်ခေါ်အပ်ပါသည်

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တရုတ်ပြည် နယ်စပ်တလျှောက်တွင် ပြည်တွင်းစစ် ဒဏ်ကြောင့် စစ်ဘေးသင့် ခံခဲ့ကြရသည့် တိုင်းရင်းသား ညီအကို မောင်နှမများအား မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ အဖွဲ့အစည်းတချို့ ပူးပေါင်းကာ စစ်ဘေးသင့် ပြည်သူများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ တတ်နိုင်သ၍ အကူအညီပေးရန် စီစဉ် ဆောင်ရွှက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံဖွား တိုင်းရင်းသား ညီအကို မောင်နှမများ အနေဖြင့် မိမိတို့ တတ်စွမ်းနိုင်သည့် ဖက်မှ ဝိုင်းဝန်းကူညီ ကြရန် ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်။

ဆက်သွယ် ကူညီလိုသူများနှင့် အသေးစိတ် သိရှိလိုသူများ အနေဖြင့်

ကိုရီးယား နိုင်ငံတွင်----

ဖိုးဇော်
010 8803 3727
peacezaw@gmail.com

မြန်မာပြည်တွင်းသို့ တိုက်ရိုက် ဆက်သွယ် ပူးပေါင်း ပါဝင်လိုသူများ အနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ကိုစိမ်းခက်စိုး
ရာစုနှစ်မီးအိမ် (ရန်ကုန်)
ဝ၉- ၇၃၁ ၉ဝဝ ၂ဝ
article27hs@gmail.com

ဦးဘိုဘို
Sympathy Focus
ဝ၉- ၇၃ဝ ၇၁ဝ၂၅

ကိုကြည်မင်းဟန်
ရာစုနှစ်မီးအိမ်(ရွှေဘို)
ဝ၉- ၂ဝ၁၆ ၅၂ဝ

မငုဝါဝင်း
ရာစုနှစ်မီးအိမ် (ရန်ကုန်)
ဝ၉- ၅ဝ၉၁ ၈၂၇
nguwahwin@gmail.com

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကော်မတီ ( A3YCommittee) ပြင်ဆင်ဖွဲ့စည်း

ဆော်အူးလ်မြို့တော် ၊ မတ်လ ၁၅ ရက်

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ၏ လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထောက်ခံချက်ပေး ဆန္ဒပြုလာကြသည်ကို မိမိတို့ကော်မတီအနေဖြင့် ဝမ်းသာလှိုက်လှဲစွာကြိုဆိုပါသည် ။
ထိုသို့ ဆန္ဒပြုလာကြသည့် ပုဂ္ဂိုလ်များအား ကော်မတီ ဝင်များအဖြစ် အင်အားဖြည့်စွက် တိုးယူလိုက်ပြီး ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကော်မတီ (Committee for Anti 3 Years Contract: A3YCommittee) ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပ်ပါသည် -

- အဖွဲ့ဝင်(၁) ။ ကိုဝိုင်း (မိုးညှင်း) (wyne1969@gmail.com)
- အဖွဲ့ဝင်(၂) ။ ကိုအောင်ခိုင် (aungburma88@yahoo.com)
- အဖွဲ့ဝင်(၃) ။ ကိုကံလှ (kokanhla@googlemail.com)
- အဖွဲ့ဝင်(၄) ။ ကိုသန့်စင်အောင် (thantsinnaung@gmail.com)
- အဖွဲ့ဝင်(၅) ။ ကိုကျော်လေး (kyawlay207@gmail.com)
- အဖွဲ့ဝင်(၆) ။ ကိုလူနေ (mg.netsoe@gmail.com)
- အဖွဲ့ဝင်(၇) ။ ကိုမျိုးကျော်ထိုက် (myokhkk@gmail.com)

(စုစုပေါင်း ၇ ဦး)
လေးစားမှုဖြင့် -


၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)
အဖွဲ့ဝင်(၁)
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 13, 2012

နွေဦးမှာ တောင်တက်ကြမယ်

လာမယ့် တနင်္ဂနွေနေ့ (၁၈.၃.၂၀၁၂) မှာ မြန်မာတောင်တက်ကလာပ်ရဲ့ မတ်လ ခရီးစဉ် အဖြစ် 수암봉 သို့ သွားကြပါမယ်။

အန်ဆန်း၊ အန်ယန်း၊ ဂွန်းဖိုမြို့များနဲ့ ဆက်စပ်နေတဲ့ 수리산/수암봉 တောင် ဖြစ်ပါတယ်။ အမြင့်ဆုံးနေရာ 태을봉 က မီတာ ၄၈၉ ဖြစ်ပြီး၊ လမ်းကြောင်းပြေတဲ့ နောက်တနေရာ 수암봉 က မီတာ ၃၉၈ ဖြစ်ပါတယ်။ ဒီခရီးမှာတော့ 수암봉 ကို တက်ကြရင်း သူနဲ့ တဆက်တည်း ရှိနေတဲ့ 수리산 ရဲ့ သဘာဝအလှကို ခံစားကြတာပေါ့။ တောင်တက်ခရီး အစအဆုံး နှစ်နာရီခွဲလောက် ရှိမယ် ခန့်မှန်းထားပါတယ်။


တနင်္ဂနွေနေ့မှာ ခန့်မှန်းရာသီဥတု အခြေအနေက အပူချိန် 5/11 စင်တီဂရိတ်၊ လေတိုက်နှုန်း 3.5 SW (m/s)၊ နေသာ၊ တိမ် အသင့်အတင့်။

လိုက်ပါမည့် သူများ 안산 ဘူတာ ထွက်ပေါက် သို့ နံနက် ၉း၁၅ အရောက် လာကြရန် ဖြစ်ပါတယ်။ 안산역 မှ အမှတ် ၃၂၀ ကားစီးပြီး 수암파출소 တောင်ခြေ ခရီးအစသို့ ဆက်လက် သွားကြပါမယ်။

အခြား သိလိုတာရှိပါက 010 4034 5712 သို့ ဆက်သွယ်ပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုများသို့ အိတ်ဖွင့်ပေးစာ


ဒီလိုပဲ ရောက်လာတဲ့သူ
ကျနော်တို့ ၃-နှစ် ဆန့်ကျင်ရေး လုပ်ကြမယ်ဆိုတော့ ၊ ကိုရီးနိုင်ငံရောက် အီးပီလုပ်သား ညီတစ်ယောက်ဆီက စာလာပါတယ် ။ သူ့နာမည်က လူနေလို့ခေါ်သတဲ့ ။ ကဲဗျာ ၊ သူ့ရဲ့စာကို အရင်ဖတ်ကြည့်ရအောင် -

ဟုတ်ကဲ့ ကိုဝိုင်းခင်ဗျာ့ ကျနော်တတ်နိုင်သလောက် ဖြန့်ဝေပေးပါ့မယ် ဒါပေမယ့် အကို ကျနော် အမြင်ပြောရရင် သုံးနှစ်စာချုပ်မချုပ်ဖို့ထက် လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတယ့် ကျနော်တို့ညီအကိုတွေ အလုပ်လွယ်ကူစွာ ပြောင်းရွေ့နိုင်ဖို့ ပိုလိုအပ်မယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ရွာမှ က အကိုသိတဲ့အတိုင်းဘဲ သုံးနှစ်မကလို့ ဘာဘဲဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ လူတွေက များတယ်လေ ကျနော်တို့ တုန်းကလဲ ဒီလိုဘဲ လာကြတာ ဒီရောက်တော့မှ ကိုယ်ထင်တာနဲ့ လုပ်ရတာတွေက တလွဲတွေ ကြီးဘဲ ဖြစ်ပြီး ကြိတ်မှိတ်လုပ်ကြရတယ် ပြန်လို့ကလဲ မဖြစ်ဆိုတော့ အဲတော့ အကိုရာ လုပ်ငန်းခွင်မှာ တကယ်အန္တယ်ရှိ ဘယ်လိုမှမလုပ်နိုင်ကြတဲ့ ညီအကိုတွေ အတွက် အလုပ်လွယ်ကူစွာ ပြောင်းရွေ့နိုင်ရေးက ပိုပြီး အကျိုးရှိမယ်ထင်တယ် အကို ဒါက ကျနော့်ရဲ့ အမြင်ကို ပြောပြတာပါ ဘာဘဲဖြစ်ဖြစ် အခုကိစ္စကိုလဲကျနော်တတ်နိုင်သလောက်ကူညီ ဆောင်ရွက်ပေးသွားပါ့မယ်
လေးစားစွာဖြင့်


အများကြီးရှိနေပါတယ်
ညီလေးလူနေ ၊ ၃-နှစ်စာချုပ်မချုပ်ရေး လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ၊ လုပ်ငန်းခွင်မှာ အန္တရာယ်ရောက်နေတဲ့ သူတွေ အလုပ်လွယ်ကူစွာပြောင်းရွှေ့နိုင်ရေးပါပဲ ။ သည်ကိစ္စဟာ လွယ်မလိုလိုနဲ့ တော်တော်ခက်တဲ့အလုပ်ဆိုတာ ညီ သဘောမပေါက်သေးဘူးဖြစ်နေတယ် ။ ဘာကြောင့် ကိုယ်တို့ ၃-နှစ်စာချုပ်မချုပ်ရေး လုပ်ရသလဲ ဆိုတာ ညီသဘောပေါက်စေချင်တယ် ။

ညီလိုလူတွေ ထပ်ရောက်လာ ၊ သည်လိုပဲ ထပ်ဖြစ်ကြဦးမယ် ။ ပြဿနာတွေ သည်ထက်မက များလာနိုင်တယ် ။ အဲသည်ပြဿနာ ပိုက်ဆံယူပြီး ဖြေရှင်းပေးရင် စီးပွါးတောင်ဖြစ်နိုင်တယ်ဆိုတာကိုယ်သိတယ် ။ ရေနစ်သူဝါးကူထိုးသလို ဖြစ်နေမှာစိုးတာရယ် ၊ အဲသလိုနည်းနှင့် ရမယ့်ပိုက်ဆံတွေ မြိုမကျတာရယ်ကြောင့် ကလေးတွေ စားဖို့သောက်ဖို့ နဖူးကချွေးခြေမ ရောက်အောင် အလုပ်တွေ လုပ်ရင်းက ကိုယ့်အချိန်ကို ဖဲ့ယူပြီး ဒီလှုပ်ရှားမှုကို လုပ်နေရခြင်းဖြစ်တယ် ။

အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဆောင်ရွက်ကြဖို့
ကိုရီးယား အီးပီစနစ်အစမှာ ဥပဒေအရ ၊ စာချုပ်ကို ၁-နှစ်စီပဲ ချုပ်လို့ရတယ် ။ နောက်ပိုင်း လုပ်ငန်းလိုအပ်ချက်အရ အစိုးရက ၃-နှစ်အထိ ချုပ်ခွင့်ပြုလိုက်တယ် ။ အလုပ်ရှင် အလုပ်သမား ၂-ဦး၂-ဖက်ညီနှိုင်းပြီး စာချုပ် ချုပ်သွားကြဖို့ပါ ။ ဒါပေမယ့် ပြဿနာက ညီပြောသလိုပဲ ၊ ဟိုက လူတွေ (အီးပီလုပ်သားလောင်းတွေ) က ဒီကိုရီးယားရောက်လာဖို့အရေးပဲ စိတ်စောနေကြတော့ ၊ ကိုရီးယားရောက်ရင် နတ်ပြည်ရောက်မလိုပဲ အထင်ရောက်နေကြတော့ ၊ ဒီရောက်လာတော့ ပြဿနာတွေက ရှင်းလို့မပြီးနိုင် ဖြစ်နေတော့တာပဲ ။

သည်ပြဿနာအတွက် လုပ်လို့ရတဲ့ နည်း၃ခုရှိတယ်လို့ ကိုယ်တို့မြင်တယ် ။ အဲတာတွေက -
- ဥပဒေကို ၁-နှစ်စာချုပ်ပဲ ချုပ်ခွင့်ပြုဖို့ ဥပဒေ ပြန်ပြင်ရေး
- (ဥပဒေကို မပြင်ဘဲ) ကိုရီးယားလုပ်ငန်းရှင်များကို ၁-နှစ်စီသာချုပ်ဖို့ တိုက်တွန်းရေး နှင့်
- လုပ်သားလောင်းများကို ၃-နှစ်စာချုပ်မချုပ်ရေး တိုက်တွန်းခြင်းပေါ့ ။

ဥပဒေပြင်ဖို့ ပြောလို့မဖြစ်ဘူး
နံပတ်၁ အနေနှင့် အီးပီ ဥပဒေကို ၁-နှစ်စာချုပ်ပဲ ပြန်လုပ်ဖို့ (ဥပဒေပြင်ဖို့) ပါ ။ ဒါပေမယ့် ဥပဒေတစ်ခုပြင်ဖို့ဆိုတာ လွတ်တော်မှာ ကိုယ့်လူတွေ (အလုပ်သမားအရေးစိတ်ဝင်စားတဲ့ အမတ်တွေ) များများရှိဖို့လိုတယ် ။ ဒါပေမယ့် အလုပ်သမားတွေက အလုပ်သမားအရေးစိတ်ဝင်စားတဲ့ လွတ်တော်အမတ်တွေ လွတ်တော်ထဲရောက်ဖို့အရေး ဟာ ကိုယ့်အရေးဖြစ်တယ်လို့ မသိကြဘူး ၊ မတွေးကြဘူးဖြစ်နေတယ် ။ အဲသည်အကြောင်းပြောရရင် တော်တော်ခက်တယ် ။ အများကြီးခက်တယ် ။ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူကို အလုပ်သမားတွေက အထင်မကြီးဘူးဖြစ်နေတယ် ။ ကိုရီးယားလွတ်တော်ထဲမှာ မိုင်းခွဲပြီးပြောပြတာတောင် ၊ ကိုရီးယားအလုပ်သမားတွေက ဘာကြောင့်မိုင်းခွဲတာလဲ ဆိုတာ မသိဘူးဖြစ်နေတယ် ။ စတန့်ထွင်တယ်ပဲထင်နေကြတယ် ။ အလုပ်သမားအရေးလုပ်နေပါလားဆိုတာ မသိဘူးဖြစ်နေတယ် ။ အင်အားကြီး မီဒီယာများမှာ တခမ်းတနားဖော်ပြတဲ့ ကိစ္စတွေပဲ စိတ်ဝင်စားပြီး ၊ မီဒီယာများမှာ မကြာမကြာ ဖော်ပြခံရတဲ့ ကိစ္စတွေပဲ အမှန်လို့ထင်နေကြတာကများတယ် ။ အမှန်ကို သိဖို့ ပညာလိုတယ် ။ ဆင်းရဲလို့ ပညာမရှာနိုင် ၊ ပညာမရှာနိုင်တော့ ဆင်းရဲ ။ သံသယာလည်နေကြတယ်လို့ထင်တယ် ။

သူဌေးများရဲ့နှလုံးသားထဲ စာနာမှုတွေ ထည့်ဖို့
နောက်တစ်ခု ၊ နံပါတ် ၂ ။ ကိုးရီးယားသူဌေးများကို ၃-နှစ်စာချုပ်မလုပ်ဖို့ပြောကြဖို့ ။ သည်ကိစ္စပြောဖို့ကျပြန်တော့ ၊ ခရီးမရောက်ဖြစ်နေပြန်တယ် ။ မေတ္တာနှင့် လူသားချင်းကိုယ်ချင်းစာနာမှုစိတ်ကလေး ကိုရီးယားသူဌေးများရဲ့ နှလုံးသားတွေထဲ ထည့်ပေးဖို့ ဆိုပါတော့ ။ အလုပ်သမားအရေး စိတ်ဝင်စားတဲ့သူတွေက သည်ကိစ္စ စဉ်ဆက်မပြတ် ပြောနေကြတာပါပဲ ။ မဖြစ်ဘူး ။ ဒီကိစ္စ အင်အားကြီး မီဒီယာတွေပေါ်မရောက်ဘူး ။ အင်အားကြီး မီဒီယာတွေကို အင်အားကြီးတဲ့သူ(ပိုက်ဆန်များများရှိတဲ့သူ)တွေက ပိုင်ထားတယ်လေ ။

အလုပ်သမားလောင်းတွေကို တိုက်တွန်းဖို့
သည်တော့ ကိုယ်တို့ လုပ်စရာ က မြန်မာ အလုပ်သမား(လောင်း) တွေ ၃-နှစ်စာချုပ် လက်မှတ်မထိုးဖို့ ပြောဖို့ပဲ ကျန်တော့တယ် ။ ကိုယ်တို့အလုပ်သမားတွေပိုင်တဲ့ ဟန်းဂုရွာ ဘလော့မီဒီယာကြီးကနေပဲ ကြားနိုင်သလောက်ကြား ကြပါစေဆိုပြီး ပြောလိုက်ရတာပါပဲ ။ ဒါကြောင့် သည်လှုပ်ရှားမှု့ကို လုပ်ရခြင်းဖြစ်တယ် ။ ဒါကို သဘောပေါက်စေချင်လို့ ဒီစာကို အပင်ပမ်းခံပြီး ထပ်ရေးလိုက်ရခြင်းပါ ။

၃-နှစ်စာချုပ်ချုပ်တဲ့ အလုပ်ရုံဆို အခြေအနေမကောင်းဘူးဟေ့
လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတွေ မြန်မာပြည်မှာ ကျန်ရစ်နေတဲ့ သူတွေဆီကို သဘောပေါက်အောင် ပြောပေးကြစေချင်တယ် ။ ၃-နှစ်စာချုပ်မိထားတဲ့ သူတွေ သည်ရောက်လာမှ အလုပ်အလွယ်တကူ ပြောင်းလို့မရဘူး ၊ ဒီမှာ အခြေအနေမကောင်းဘူးဟေ့ ဆိုပြီး (တစ်ယောက်စီ) ပြောပြတော့ ၊ မြန်မာပြည်က လူတွေက ဟာ မင်းတို့က ရောက်သွားပြီဆိုတော့ သည်စကားပြောတော့မှာပေါ့လို့ ဆိုကြတယ်မဟုတ်လား ၊ နောက်သူတို့စိတ်ထဲမှာ ဒီကောင် ငါတို့ ကိုရီးယားရောက်လာမှာ မနာလိုလို့ သည်စကေားပြောတာပါကွာဆိုပြီး အထင်လွဲခံရမယ် ။ ဒါကြောင့် သည်လှုပ်ရှားမှုကို လူသိရှင်ကြားလုပ်ရတာပဲ ။ ကန့်ကွက်ချင်တဲ့သူရှိရင် ၊ ကိုဝိုင်းတို့ပြောတာမမှန်ဘူး ဟေ့ ဆိုပြီး တန်ပြန်လှုပ်ရှားမှု လုပ်လို့ရပါတယ် ။ ၃-နှစ်စာချုပ်သာ လက်မှတ်ထိုးရေးပေါ့ ။

ကဲ ၊ ကိုလူနေနှင့်တကွ လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ သူများ ၊ သည်လှုပ်ရှားမှုအကြောင်း မြန်မာပြည်က အီးပီလုပ်သားလောင်းလျာများကို ထပ်ဆင့်ပြောပြပေးကြပါ ။ ညီလေးတို့ တာဝန်ကျေအောင်လို့ ။

ဒါပါပဲ ။
အလုပ်ပြောင်းရွှေ့ရေး အဆင်ပြေပါစေလို့ ။

လေးစားမှုဖြင့် -

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
အဖွဲ့ဝင်(၁)
ကိုဝိုင်း (မိုညှင်း)
၂၀၁၂ခုနှစ် မတ်လ ၁၂ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 12, 2012

မုဒုံ သူငယ်ချင်းများ၏ အလှူတော် မင်္ဂလာဖိတ်ကြားလွှာ

ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအကိုမောင်နှမအပေါင်းတို့ခင်ဗျား....
ကိုရီးယားနိုင်ငံတွင် လာရောက်အလုပ်လုပ်လျှက်ရှိသော မွန်ပြည်နယ် မုဒုံမြို့သူ မြို့သားများဖြစ်ကြသော ကျနော်များ၏ ကာယ ဥာဏ ဝိရီယအစွမ်းအားတို့ဖြင့် ရရှိထားသော သန့်ရှင်းမွန်မြတ်သော ဓမ္မိယလဒ္ဓဖြစ်သော ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်၍ မိဘဆရာသမားများ၏ ဂုဏ်အပေါင်းကို အထူးအောင့်မေ့လျှက် မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား မွန်မြတ်သော အရုဏ်ဆွမ်း နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းဆက်ကပ်ပြီး ကြွရောက်တော်မူလာကြသော ဧည့်ပရိသတ်တို့အားလည်း မွန်မြတ်သော အာဟာရဒါန ကုသိုလ်အဖြစ် လှူဒါန်းဧည့်ခံ
ကျွေးမွေးမည်ဖြစ်ပါ၍ ကြွရောက်ချီမြောက်ကြပါရန် မေတ္တာရှေ့ထား ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေရက် -(၂၀၁၂ . ၃. ၁၈ )တနင်္ဂနွေနေ့ ၊

နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ဘူဖြောင်း)၊
အကျွေးအမွေး နံနက် မုန့်ဟင်းခါး ၊ နေ့လယ် ဒန်ပေါက် (နံနက် ၈နာရီမှ နေ့လယ် ၁ နာရီထိ)
တရားတော်နာ - နေ့လယ် ၁ နာရီ ခွဲ။

ခင်မင်စွာဖြင့် မုဒုံအဖွဲ့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 11, 2012

မြန်မာပိုင်ကျောင်းတော် မြေနေရာ အလှူရှင် မှတ်တမ်းဓါတ်ပုံများ (၂၀၁၂ ၊၀၃ ၊ ၀၃ ရက်မှ ၂၀၁၂ ၊၀၃ ၊ ၁၁ ရက်အတွင်း ဖြစ်ပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အလွဲသုံးစား ပြုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးနေမြဲ ၊အလွဲသုံးမှု ဖော်ထုတ် တိုင်ကြားသူများ ထောင်ကျ

မန္တလေး ၊ မတ်၁၀
မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် လူးခင်း ကျေးရွာအုပ်စု ပျားဆွဲ အရှေ့ရွာ အုပ်ချုပ်ရေးမှူးသည် မူလတန်းကျောင်း ရန်ပုံငွေ၊ စာကြည့်တိုက် ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်း ခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြောင်း ထောင်ချခံခဲ့ရသူ ဦးဘကြိုင်က The Voice Weekly ကို ပြောကြားသည်။

တိုင်ကြားစာ ပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့ သုံးဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြခဲ့သည်။

အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ အလွဲသုံးစားမှု ပြုကြောင်း ဝန်ခံခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း မည်သို့သော အရေးယူမှုမျှ မရှိခဲ့ဘဲ တိုင်ကြားသူများကိုသာ အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးဘိုကြိုင်က ယင်းကျေးရွာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားသူ သုံးဦးမှာ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ် တစ်လ ကျခံခဲ့ရကြောင်း ၎င်း၏ အဆိုအရ သိရသည်။

Sources:
- The Voice Daily Newsletter March 10, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာပြည်တွင် အလုပ်သမား အဖွဲ့အစည်းများ ဥပဒေနှင့်အညီ စတင် ဖွဲ့စည်းနိုင်ပြီဟုဆို

ရန်ကုန်၊ မတ် ၁၀
/အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးအတွက် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမတွင် လက်ထောင် ဆန္ဒပြုနေစဉ်/
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ စောင့်ကြည့်ခြင်း ခံနေရသော မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ တရားဝင် ဖွဲ့စည်းနိုင်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေကို နိုင်ငံတော် သမ္မတက မတ်လ ၉ ရက်နေ့မှစ၍ အာဏာတည်ပြီ ဖြစ်ကြောင်း အမိန့် ကြေညာစာကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်လိုက်သည်။
အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ရန် ယင်းဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား မှတ်ပုံတင် အရာရှိချုပ်အဖြစ် မတ်လ ၉ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ၎င်းတို့တွင် ထုတ်ပြန်ထားသည်။
အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းသည့်အခါ အများဆန္ဒအရ အောက်ခြေအဆင့် အခြေခံ အလုပ်သမား အဖွဲ့အစည်း မှစ၍ မြို့နယ်အဆင့်ဆင့် အလုပ်သမား အဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို အဆင့်ဆင့် ဖွဲ့စည်းနိုင်ကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးမှ အခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်း၍ မရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွင် ဖော်ပြထားသည်။
အခြေခံ အလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှု အမျိုးအစား အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင် နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ အောက်ဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမား ၃၀ ဦးအောက်ရှိသော လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုရှိ စုစုပေါင်း အလုပ်သမား၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသူများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း ယင်းဥပဒေတွင် ပါရှိသည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေတွင် အလုပ်သမား လူတန်းစားများ၏ အခွင့်အရေးကို ကာကွယ်ပေးထားသည့် အချက်များ နည်းပါးနေကြောင်း၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများတွင် အလုပ်သမားများ ဆန္ဒပြလိုပါက အလုပ်သမား အဖွဲ့ချုပ်၊ အလုပ်ရှင်၊ ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့တို့ထံ ရက်ကြိုတင် အကြောင်းကြား ပြီးမှသာ ဆန္ဒပြရမည့် ဆိုသော အချက်မှာ ILO ဥပဒေများနှင့် မညီကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေတစ်ဦးက လက်ရှိ ထုတ်ပြန်လိုက်သော အလုပ်သမား အဖွဲ့အစည်းဥပဒေကို ထောက်ပြ ဝေဖန်သည်။
Sources:
- The Voice Daily Newsletter March 10, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 10, 2012

မြန်မာ အီးပီလုပ်သား 5 ဦး အလိုရှိသည်

မြန်မာ အီးပီလုပ်သား 5 ဦး အလိုရှိသည်
Yangsan Terminal (경상남도, 양산시)
ပလပ်စတစ် ပစ္စည်းစက်ရုံ ။
နေစရာပေး ၊ ထမင်းကျွေး ။
လစာ မှန်-ကောင်း ၊
ဖော့ကလစ် မောင်းတတ်လျင် လစာအထူး ကောင်း ။
မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထားဆက်သွယ်ရန်။
ရွှေခံ ၂ ယောက်ရှိ ။
ဆက်သွယ်ရန် -
010-3143-8290

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 9, 2012

မြန်မာစင်တာတွင် TOPIK ကိုရီးယားဘာသာသင်တန်းများ ဖွင့်မည်

Myanmar Center Training Program (2/2012)
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တစ်ဖက်တစ်လမ်းမှ အကျိုးစီးပွါးဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်လျက် ၊ မြန်မာစင်တာတွင် ကိုရီးယားဘာသာသင်တန်းများ ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြာင်း ကြေညာအပ်ပါသည် -
သင်တန်းအစီအစဉ် -
သင်တန်းကာလ ။ 18-3-2012~21-9-2012 (6 Months)
သင်တန်းအချိန် ။ 14:00 to 17:00 (Every Sunday)
သင်တန်းနေရာ ။ Myanmar Center [Click Here]
သင်ကြားမည့်ဘာသာရပ်များ -
Class (1): TOPIK (Level-1/2) (Elementary Course)
Class (2): TOPIK (Level-3/4) (Intermediate Course)
Class (3): TOPIK (Level-5/6) (Advanced Course)
စာရင်းပေးသွင်းရန်-
ယာယီသင်တန်းတာဝန်ခံများ (010-4187-5218 နှင့် 010-2331-2457) တို့ထံ ၊ ၁၁-၃ -၂၀၁၂ နေ့လည် ၂ နာရီ နောက်ဆုံးထား မေးမြန်း/စုံစမ်း စာရင်းပေးသွင်းကြပါရန် ။
မှတ်ချက်များ ။
- နေရာအနေအထားအရ ၊ သင်တန်းသား အများဆုံး စုစုပေါင်း 30 ဦးသာ လက်ခံပါမည် ။
- သင်တန်းသားလောင်းများကို သင်တန်းဝင် အရည်အချင်းဆန်းစစ်ပြီးမှ လက်ခံပါမည် ။
- သင်တန်းဝင်ဆန်းစစ်ချက်အရ အတန်းခွဲခြားသင်ကြားပေးပါမည် ။
- ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ ကိုရီးယားဘာသာ နည်းပြဆရာမ(ဟောင်း) ဆရာမများနှင့် အဖွဲ့က တာဝန်ခံ သင်ကြားပေးပါမည် ။
- သင်တန်းသားလောင်းများ တိုးပစ် (TOPIK) စာမေးပွဲသင်ရိုးအတိုင်း (Vocabulary, Grammar, Writing, Listening, Reading) စသည်များအပြင် Speaking အရည်အချင်းပါ ပြည့်စုံစေစေရန် စီမံထားပါသည် ။
- စိတ်ပါဝင်စားသူများ လာမည့် မတ်လ-၁၁ ရက်နေ့ (တနင်္ဂနွေ) နေ့လည် ၂ နာရီ မြန်မာစင်တာ သို့ ကြွရောက်ပြီး ၊ သင်တန်းဝင် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြပါမည် ။


မြန်မာစင်တာကော်မတီ
၂၀၁၂ခုနှစ် မတ်လ ၉ ရက်
အင်ချောန်းမြို့တော် ၊ ဘူဖြောင်းမြို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 8, 2012

တလပြည့် ဆွမ်းကျွေး ဖိတ်ကြားစာ

၂၀၁၂ ဖေဖော်ဝါရီ ၁၁ နေ့က ဘ၀တပါးသို့ ပြောင်းရွေ့ ကွယ်လွန်သွားသော ကျနော်၏ မိခင်ကြီး ဒေါ်ချစ်မြ (မိတ္ထီလာ) ကို ရည်စူး၍ သံဃာတော်များအား ဆွမ်း သင်္ကန်း ဒါတဗ္ဗ၀တ္ထု အစုစု ဆက်ကပ် လှူဒါန်းမည့် ကုသိုလ် အမျှဝေပွဲသို့ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ခင်မောင်ရင်
ဥက္ကဋ္ဌ၊ မြန်မာအသင်း (ကိုရီးယား)

နေ့ရက် - ၂၀၁၂ မတ်လ ၁၁ ရက်နေ့ (တနင်္ဂနွေ)
နေရာ -   ဓမ္မဒူတကျောင်းတော်၊ ဘူဖျောင်း
အချိန် -   နံနက် ၈း၀၀ မှ ၁၂း၀၀ နာရီ
            (မိတ်ဆွေ အပေါင်းအား မုန့်ဟင်းခါးဖြင့် ဧည့်ခံပါမည်။)
           တရားနာ ရေစက်ချ နံနက် ၉း၀၀ နာရီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာနိုင်ငံ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (The State Overseas Employment Agency) ထံသို့ အိတ်ဖွင့်ပေးစာ

မှ /တစ်ဆင့်-

ဒေါ်အေးမွန်စိုး
(အလုပ်သမားရေးရာ သံအရာရှိ)
မြန်မာသံရုံး
ဆိုးလ်မြို့

အကြောင်းအရာ ။           ၃-နှစ်စာချုပ်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာများ လျော့နည်း ပပျောက်ရေး

၁။           ကမ္ဘာ့စီးပွါးရေးဈေးကွက်တောင်းဆိုချက်အရ ၊ ကမ္ဘာ့အလုပ်သမားဈေးကွက် အရွှေ့အပြောင်းဖြစ်ပေါ်လာရာ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အရှေ့အာရှဒေသ တောင်ကိုရီးယားအလုပ်သမားဈေးကွက်ဖွံ့ဖြိုးလာခဲ့ပါသည် ။ ကိုရီးယားနိုင်ငံတွင် လိုအပ်နေသည့် အလုပ်သမားများရရှိရန်အလို့ငှာ တောင်ကိုရီးယားအစိုးရသည် ၂၀၀၃ ခုနှစ်မှအစပြု၍ နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့်ပြုသည့်စနစ် (အီးပီစနစ်) ကို တီထွင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာအပါအဝင် အာရှ(၁၅)နိုင်ငံမှ နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းစေခိုင်းခွင့်ပြုခဲ့ပါသည် ။

၂။           ထိုသို့ စေခိုင်းခွင့်ပြုခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံ၏ အများစုဖြစ်သော အလုပ်ခွင်အခြေအနေများမှာ ဆိုးရွားသော အလုပ်ခွင်များဖြစ်ခြင်း ၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားသည့်ရာခိုင်နှုန်းများခြင်း ၊ အလုပ်သမားအခွင့်အရေး မရရှိခြင်း စသည်တို့ကြောင့် ၊ မူလအလုပ်ရုံများမှ ထွက်ပြေးပြီး အခြေအနေကောင်းမွန်သာလွန်သော လုပ်ငန်းခွင်များသို့ တရားမဝင် ပြောင်းရွေ့လုပ်ကိုင်လျက်ရှိကြရာ ၊ တရားမဝင်နေထိုင်သူများ တစ်စတစ်စ တိုးပွါးလာခြင်းနှင့် ပြည်ပအလုပ်သမားများ အလုပ်ခွင်မတည်မြဲသော ပြဿနာများ နှင့် ဆက်စပ်ပြဿနားကို ရင်ဆိုင်မြဲရင်ဆိုင်လာခဲ့ကြရပါသည် ။

၃။           ကိုရီးယားအစိုးရသည် အဆိုပါ ပြဿနာများဖြေရှင်းနိုင်ရေး နှင့် အလုပ်ခွင်တည်မြဲသော အလုပ်သမားများ ရရှိစေရေးအတွက် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည် -
- အီးပီဥပဒေတွင် မူလက ၁နှစ်စီ စုစုပေါင်း ၃ နှစ်ထိသာ ခွင့်ပြုခဲ့သော်လည်း ၊ အလုပ်ရှင်က နှစ်သက်သော အလုပ်သမားများအား နောက်တိုးငှားရမ်းခွင့်အစီအစဉ်(Re-employment Program)ကို ခွင့်ပြုခဲ့ခြင်း ၊
- ၄-နှစ် အထက် အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သော ထူးခွန်အီးပီလုပ်သမားများအား သာမန်အလုပ်သမားဗီဇာ (အီး-၉ ဗီဇာ) မှ အထူး ကွမ်းကျင်လုပ်သားဗီဇာ (အီး-၇ ဗီဇာ) သို့ ဖြေဆိုခွင့်ပြုခဲ့ခြင်း ၊
- အီးပီသက်တမ်းကြီး တစ်ကြိမ်(၄-နှစ်၁၀-လ) လုပ်ခဲ့ပြီး အလုပ်သမားများအား ၊ မူလအလုပ်ရှင်က ပြန်ခေါ်လိုလျင် အထူးစာမေးပွဲဖြေဆိုပြီး ပြန်လာခွင့်ပြုခြင်း နှင့်
- အီးပီလုပ်သားများ အလုပ်ခွင်ပြောင်းရွှေ့နှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များကို အလုပ်သမားနှင့် လုပ်ငန်းဆိုင်ရာ ဝန်ကြီးသို့ ကျယ်ကျယ်ပြန့်ပြန့် အပ်နှင်းလိုက်ခြင်း စသည် ။
- ထို့ပြင် လာမည့် ဇူလိုင်လ ၂ ရက်နေ့မှအစပြု၍ အလုပ်ရုံ ပြောင်းရွှေ့ခြင်းမပြုဘဲ မူလ အလုပ်ရုံ တစ်ရုံတည်းတွင် ၄ နှစ် ၁၀ လ ဆက်တိုက်အလုပ်လုပ်ခဲ့သည့် အလုပ်သမားများ မည်သည့်စာမေးပွဲမှ ဖြေဆိုရန်မလိုဘဲ အလုပ်ရှင်၏ တာဝန်ခံမှုဖြင့် နောက်ထပ် တစ်ကြိမ် ၄-နှစ် ၁၀လ ထပ်မံ အလုပ်လုပ်ခွင့်ပြုမည့် အစီအစဉ်များကိုလည်း စီမံထားရှိပြီး ဖြစ်ပါသည် ။

၎။           သို့ရာတွင် ၊ ကိုရီးယား အလုပ်ရှင်အတော်များများမှာ အလုပ်မြဲသော အလုပ်သမားများရရှိရေးအတွက် ၊ အလုပ်ရှင်နှင့် အလုပ်သမားနှင့် စီးပွါးဖက်လိုသဘောထားကာ ၊ တစ်ဖက်စောင်းနှင်း မဖြစ်စေရေးအတွက် မိမိတို့ဘက်မှ လိုက်လျောပေးသင့်သည် တို့ကို လူသားခြင်း စာနာစိတ်ဖြင့် လိုက်လျောပေးလိုခြင်း အလျဉ်းမရှိဘဲ ၊ မိမိအလုပ်ရုံတွင် ရေရှည်ခိုင်းစားနိုင်ရေးအတွက် ၃-နှစ်စာချုပ် ချုပ်ဆိုရေးကိုသာ လုံ့လပြုလျက်ရှိသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည် ။ လုပ်သားလောင်းများ၏ မသိနားမလည်မှု နှင့် အားနည်းချက်ကို အခွင့်ကောင်းယူပြီး မတရား အမြတ်ထုတ်နေခြင်းပင် ဖြစ်ပါသည် ။

၅။           အီးပီ လုပ်သားလောင်း အများစုမှာလည်း ၃-နှစ်စာချုပ် ချုပ်ဆိုမှသာ ကိုရီးယားနိုင်ငံတွင် ၃-နှစ် နေထိုင်ခွင့် ရလိမ့်မည်ဟု ထင်မှတ်မှားနေကြပါသည် ။ တနည်းအားဖြင့် ကိုရီးယားအီးပီစနစ်တွင် အလုပ်စာချုပ်ကို ၁-နှစ်ပြီး ၁-နှစ် သက်တမ်းတိုး ချုပ်ဆိုနိုင်သည် ဆိုသည့်အချက်ကို မသိရှိကြပါ။ ထို့ပြင် မြန်မာ ပြည်တွင်း၌လည်း အလုပ်အကိုင် အခွင့်အလန်းမဲ့သလို ဖြစ်နေသဖြင့် ကိုရီးယားသို့ ရောက်ရှိရေးကိုသာ စိတ်အားသန်လျက်ရှိနေကြရာ မိမိအား ကမ်းလှမ်းလာသည့် အလုပ်သည် မည်သည့်အလုပ်ဖြစ်သည် ၊ ၄င်းအလုပ်တွင် မိမိလုပ်နိုင်ခြင်းရှိမရှိ စသည်တို့ကို စစ်ကြောခြင်းအလျဉ်း မပြုလိုကြတော့ဘဲ ကိုရီးယားလုပ်ငန်းရှင်က ကမ်းလှမ်း လာသည့် အတိုင်း ၃-နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း လေ့လာသိရှိရပါသည် ။

၆။           ထိုသို့သောနည်းအားဖြင့် ၃-နှစ်စာချုပ်ချုပ်ဆိုပြီး ကိုရီးယားသို့ရောက်ရှိလာကြသည့် အီးပီလုပ်သားများ၏ အခြေအနေမှာ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ် ဘေးထွက်တော့ သစ်ငုတ် ဆိုသလို ၊ ရှေ့ဆက်လုပ်ဖို့လည်း ဒီ-၄လုံး(Dangerous, Dirty, Difficult, Delay Payment) ကြောင့် အခက် ၊ နောက်ပြန်ဖို့ရာမှာလည်း ကိုရီးယားလာရဖို့ ရင်းထားရသည့် အချိန်အား ငွေအားကလည်း မနည်း ၊ အခြားအလုပ်ရုံသို့ ပြောင်းရွှေ့ဖို့ရာမှာလည်း ပြောင်းခွင့်မရ ဖြစ်နေပါတော့သည် ။

၇။           ဤသို့အားဖြင့် နောက်ဆက်တွဲ ဖြစ်စဉ်များအဖြစ် စဉ်ဆက်မပြတ် တွေ့မြင်ကြရသည်မှာ အဆိုးရွားဆုံးအခြေအနေစာရင်းဝင် လုပ်ငန်းခွင်များမှ သက်သာမှုရရာရကြောင်း အခြားသော အလုပ်ခွင်သို့ အလုပ်ပြောင်းရွေ့ခွင့်ရရှိရေး ကြိုးပမ်းကြရာမှ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လျက်ရှိနေခြင်းပင် ဖြစ်ပါတော့သည် ။

၈။           သာဓကများအနေဖြင့် မိမိကိုယ်ကို အနာတရ ဖြစ်အောင် ဖန်တီးကြရာမှ ထိခိုက်မှုဖြစ်စဉ်များ တစ်စတစ်စ များပြားလျက်ရှိ လာခြင်း ၊ အလုပ်ရုံမှ ထုတ်ပယ်ခံရရေးအတွက် အလုပ်ရှင်နှင့် လူမှုရေး အဆင်မပြေမှုများ ဖြစ်အောင် ပြဿနာ အသေးအဖွဲလေး ဖန်တီးရာမှ ရာဇဝတ်မှုများအထိ ကြီးထွားသွားခြင်း ၊ အလုပ်ခွင်မှ ထွက်ပြေးပြီး တရားမဝင် နေထိုင်သူ အလုပ်သမားများ အဖြစ် ရောက်ရှိသွားကြရာမှ ကိုရီးယားနိုင်ငံတွင်း ရက်ကျော်နေထိုင်သည့် နိုင်ငံခြားသား အရေအတွက်မှာ လျော့နည်းခြင်း မရှိဖြစ်နေခြင်း ၊ အလုပ်ရှင်အလုပ်သမား အမြင်မကြည်လင်မှုများ ဖြစ်ကြရာမှ တစ်ဖက်နှင့်တစ်ဖက် အကောင်း မမြင်နိုင်ကြ တော့ဘဲ ၂-နိုင်ငံပုံရိပ်ကို ထိခိုက်မှုရှိလာစေခြင်း စသည့် အနှုတ်လက္ခဏာ သဘောဆောင်သည့် ဖြစ်စဉ်များကို တွေ့မြင်နေကြရခြင်းဖြစ်ပါသည် ။

၉။          သို့ပါ၍ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမား အများစု၏ အဓိက အခက်အခဲ တစ်ခုလိုဖြစ်နေသည့် ၃-နှစ်စာချုပ်၏ နောက်ဆက်တွဲပြဿနာများ လျော့နည်း ပပျောက်စေရေး(၃-နှစ်စာချုပ် စနစ်ပပျောက်ရေး) အတွက် လိုအပ်သလို ညှိနှိုင်း လမ်းညွှန် ဆောင်ရွက်ပေးပါရန် လေးနက်စွာ တောင်းဆို တင်ပြအပ်ပါသည် ။

လေးစားမှုဖြင့် -

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
အဖွဲ့ဝင်(၁) ၊ ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၈ ရက်


ဖြန့်ဝေခြင်း-

- ကော်မတီဝင်များအားလုံး
- ပြည်တွင်း/ပြည်ပ မီဒီယာများ ။ ( မြန်မာအီးပီလုပ်သားများကို ဒုက္ခတွင်းတွန်းပို့နေသည့် ၃-နှစ်စာချုပ်ပပျောက်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံချက်ဖြင့် )

မှတ်ချက် ။
မိမိတို့ မိတ်ဆွေများထံ အီးမေးလ်ဖြင့် လက်ဆင့်ကမ်းလိုကြသည့် မိတ်ဆွေများ ပီဒီအက်ဖ် ဖိုင်ကို ဤနေရာတွင် (CLICK) ပြီး ရယူနိုင်ပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 7, 2012

ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ ………..

အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်အပေါင်းတို့~
ညီလေးတို့ဟာ မကြာခင်ကာလမှာ ကိုရီးယားလာပြီး အလုပ်လုပ်ကြဖို့ ၊ စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက် များစွာဖြင့်၊ အနာဂါတ်အတွက် အသင့်ပြင်ဆင်နေကြသူတွေဖြစ်ပါတယ် ။ ညီလေးတို့ ကိုးရီးယားရောက်လာရင် ၊ အစစအရာရာ အဆင်ပြေစေရေးနှင့် အခက်အခဲ အနည်းဆုံး ဖြစ်စေဖို့ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)အကြံပေးချင်တာလေး တစ်ခုရှိလို့ သည်စာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ် ။

အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် နောင်တော် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်သေးသ၍ ပြောင်းရွှေ့ခွင့် မရှိပါဘူး။ ဒီတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စာချုပ်ကာလကုန်ဆုံးအောင် ကြိတ်မှိတ်ပြီး လုပ်ကြရမှာဖြစ်တယ် ။

စက်ရုံကောင်းဆိုလျင် ၃-နှစ် အချဉ်မဖမ်းပါ
တကယ်တော့ စက်ရုံကောင်း အလုပ်ရုံကောင်းတွေဆိုလျင် စာချုပ် ၃ နှစ် ချုပ်ဖို့မပြောကြပါဘူး ။ ၁ နှစ်စီသာချုပ်ပါတယ် ။ သည် ကိုရီးယား ရောက်လာတော့ ၁ နှစ်ပြီး ၁-နှစ် ထပ်တိုးကြတာပါပဲ ။ ၃ နှစ်စာချုပ်ချုပ်ဖို့ ပြောတဲ့ စက်ရုံ အလုပ်ရုံတွေဟာ ၊ အလုပ်ရုံ အခြေအနေက အဆိုးရွားဆုံး အနေအထားမှာရှိနေတော့ ၊ သည်ရောက်လာလျင် ပြောင်းကြမယ်ဆိုတာ သူတို့ကြိုသိနေကြပါတယ် ။ သည်တော့ သည်ရောက်လာလျင် ပြောင်းလို့ မရအောင်ဆိုပြီး ၊ မြန်မာပြည်မှာကတည်းက ကြိုပြီး ၃ နှစ်ချုပ်လိုက်တဲ့သဘောပါ ။


ဒီ-၄လုံး ကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ကိုရီးယားက ဒီ ၁-လုံးပိုပါတယ် ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)

အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။

ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။

အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ အူကျတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာ ကြာနားနေလို့ဖြစ်မလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ တစ်နေကုန် အမြင့်ကြီးမှာ တက်လုပ်နေရ တာတွေ ။

လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။

ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။ နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။ ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးကြတာပေါ့ ။ (ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံပြီး ၊ လောကငရဲ အလုပ်ရုံမှာ ရေရှည် လုပ်နေလို့မှ မဖြစ်ဘဲ ၊ လူမသေ ငွေမရှား စကားပုံလည်း အရှိသား မဟုတ်လား)

အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးဖို့ ဥပဒေကို ပြင်ဆင်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ အလုပ်ပြောင်းခွင့်ရဖို့ကြိုးစားရင်း ပြဿနာတွေ တစ်ခုပြီး တစ်ခု တက်ကြတော့တာပါပဲ ။ အရိုက်ခံရတာလည်း ပါရဲ့ ၊ ပြဿနာရှာရတာလည်းပါရဲ့ ၊ ရဲစခန်းရောက်တာလည်းပါရဲ့ ၊ အိမ်ပြန်ပါတော့မည်ဆိုပြီး ၊ လေဆိပ်အပို့ခံရတာလည်းပါရဲ့ ။ ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုမျိုး ။

အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများ ကာလရှည်စွာ မရှိစေရေး
သည်တော့ ကိုရီးယားနိုင်ငံ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာ အလုပ်သမားများ ကာလ ကြာရှည်စွာ မရှိစေရေး တစ်ခုခု လုပ်ကြမှ ဖြစ်မယ် လို့ စိတ်ကူးရလာပါတယ် ။ မသိလို့သော်လည်းကောင်း ၊ ကံဆိုးပြီး သော်လည်းကောင်း မှားယွင်း လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ လုပ်ခွင့် ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) အစီအစဉ်ကို လုပ်ရခြင်းဖြစ်ပါတယ် ။

ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
သည်ကိုရီးယား ရောက်လာကြတဲ့ အီးပီလုပ်သား အားလုံးနီးပါးဟာ ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ မသိတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး ၊ ၃-နှစ်စာချုပ်ကို ကမ်းလှမ်းကြခြင်းဖြစ်ပါတယ် ။ ရှင်းရှင်းလေးပဲ ၊ သူဌေးကောင်းတွေ ၊ အလုပ်ရုံကောင်းတွေဟာ လူကောင်းတွေကိုပဲ စိတ်ကြိုက် ရှာခိုင်းပါတယ် ။ ဘာမှန်း ညာမှန်း မသိရသေးတဲ့သူကို ရမ်းသမ်းပြီး ၃-နှစ်ခိုင်းမယ်ဆိုပြီး လုပ်ပါ့မလား ။

၁-နှစ် စာချုပ်ပဲ ချုပ်သင့်ပါတယ်
သည်တော့ ကျနော်တို့ဖက်ကပြန်ကြည့်ရင် ၊ ကျနော်တို့လည်း ဘာမှန်း ညာမှန်း မသိကြရသေးတဲ့ အလုပ်မှာ အလုပ်လုပ်ဖို့ အလုပ်စာချုပ်ကို ၁ နှစ် စာချုပ်ပဲ ချုပ်သင့်တယ် ။ ၁-နှစ်လောက်လုပ်ကြည့်ကြပြီးမှ အလုပ်ရှင်ဖက်ကလည်း အလုပ်သမားကိုကြိုက် ၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကြိုက် ၂-ဦး ၂-ဖက် ကြိုက်ကြပြီ ဆိုမှ ၊ နောက်ထပ်စာချုပ်သက်တမ်း ကို ၁ နှစ် သို့မဟုတ် ၂ နှစ် တိုးယူကြတာက ၊ သူ့ဖက်ကိုယ့်ဖက် မျှတမယ့် အယူအဆလို့ ယုံကြည်ပါတယ် ။

မြန်မာတွေ ၃-နှစ်စာချုပ် အချဉ်ဖမ်းလို့မရဘူးဟေ့
“ ၃-နှစ် စာချုပ်ဆို မြန်မာပြည်ပို့မရဘူးဟေ့” “မြန်မာတွေကို ၃-နှစ် အချဉ်ဖမ်းလို့မရဘူးဟေ့” ဆိုတာမျိုး ကိုရီးယား အလုပ်ရှင်တွေ သိသွားအောင် လုပ်ကြရအောင် ။ သည်တော့ ၃-နှစ်စာချုပ်ဆို လက်မှတ်မထိုးပါနှင့် ။ အဲသည်အတွက် စိတ်ပျက် ဝမ်းနည်းအားငယ်နေဖို့မလိုပါ ။ လူသားဆန်တဲ့ လူစိတ်ရှိတဲ့ လုပ်ငန်းရှင်တွေဆီက နောက်ထပ် ၁-နှစ် စာချုပ်တွေ လာပါလိမ့်မယ် ။ မြန်မာ လူငယ် အားလုံးအတွက်ပါ ၊ ညီငယ်တို့ မိသားစု အားလုံး ၊ ကိုယ်အင်္ဂါ စုံစုံလင်လင်ဖြင့် ၊ ကျမ်းမာ ရွှင်လန်းစွာ ပြန်လည် တွေ့ဆုံနိုင်ကြစေဖို့ ပါ ။

မိတ်ဆွေတို့အနာဂါတ်ဘဝလုံခြုံစိတ်ချရစေရေးအတွက်၃-နှစ် အလုပ်စာချုပ်ကို လက်မှတ်မထိုးပါနှင့်။


လေးစားမှုဖြင့် -

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)
အဖွဲ့ဝင်(၁)
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၆ ရက်


မှတ်ချက် ။
အီးပီလုပ်သားလောင်း အသိမိတ်ဆွေများထံ ပီဒီအက်ဖ်ဖိုင်ဖြင့် အီးမေးလ်ပို့လိုပါက ဤနေရာတွင် (CLICK) ပြီး ရယူနိုင်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 6, 2012

အင်တာနက်လိုင်းပါ နှစ်သိန်းတန်ဖုန်း မတ် ၁၄ တွင် စတင် ရောင်းချမည်

ရန်ကုန်၊ မတ် ၅
အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းအပြင် CDMA 450 MHz ဖုန်းများကို ကျပ် နှစ်သိန်း၊ WCDMA နှင့် CDMA 800 MHz ဖုန်းများကို ကျပ် နှစ်သိန်းခွဲဖြင့် အသီးသီး ရောင်းချမည် ဖြစ်ကြောင်း ၊ CDMA 800 MHz ဖုန်းမှာ အင်တာနက် ပိုမို မြန်ဆန်ခြင်းကြောင့် ဈေးနှုန်း ပိုများရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၅၀၀၀ ကျပ်တန် GSM ဖုန်းများ ရောင်းချခွင့် ပြုရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်း ကနဦး ကျပ်သုံးသိန်းဖြင့် ရောင်းချမည် ဆိုထားသော ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် ရောင်းချရန် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။
မိုဘိုင်းလ် တယ်လီဖုန်းများကို မြန်မာ့ ဆက်သွယ်ရေးက ကျပ် ၁၅ သိန်းဖြင့် စတင် ရောင်းချခဲ့ပြီး ထိုမှတဆင့် ငါးသိန်း၊ နှစ်သိန်း စသည်ဖြင့် အသီးသီး ဈေးလျော့ရောင်းချ ခဲ့သော်လည်း ပြည်သူများထံမှ ငွေကြေးကို တစ်ရစ်ချင်း ရယူနေကြောင်း ပြည်သူလူထု အချို့က ဝေဖန်ခဲ့သည်။
ယင်း နှစ်သိန်းနှင့် နှစ်သိန်းခွဲကျပ် တန်ဖိုးရှိ ဖုန်းများ ချထားပေးမည့် သတင်းကို ကြိုဆိုသူ မရှိလုနီး ဖြစ်ပြီး နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များပြားသော ဈေးနှုန်းဖြစ်ဆဲ ဖြစ်ကြောင်း The Voice Weekly Facebook စာမျက်နှာတွင် ရေးသားထားသော စာဖတ်သူများ၏ မှတ်ချက်များအရ သိရသည်။
" (ဈေး) များတယ်။ မဝယ်ဘူး " ဟု ယင်းစာမျက်နှာတွင် စာဖတ်သူ တစ်ဦးက ရေးသားထားသည်။
ဖုန်းလိုင်း လေးသန်း ရောင်းချရန် အထက်ပါစီမံကိန်း ကုမ္ပဏီ ၂၃ ခုသို့ လုပ်ပိုင်ခွင့် ပေးထားပြီး စတင် ရောင်းချမည့် နေ့ရက်မှ စတင်၍ မည်သို့ ရောင်းချမည်ကို မတ် ၅ ရက်နေ့ ညနေပိုင်းအထိ မသိရှိရသေးကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
" ကျွန်တော်တို့ သူဌေးက နေပြည်တော် အစည်းအဝေးခန်းထဲ ရောက်နေတုန်း ရှိသေးတယ် " ဟု လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီတစ်ခုမှ အရောင်းကြီးကြပ်ရေးမှူး တစ်ဦးက ပြောကြားသည်။
နယ်ဒေသအချို့တွင် ယင်းတယ်လီဖုန်းများကို နှစ်သိန်း နှစ်သောင်း ဝန်းကျင်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ် နေသော်လည်း မြန်မာ တစ်နိုင်ငံလုံးသို့ တပြေးညီ ဈေးနှုန်းဖြင့် တစ်ချိန်တည်း ရောင်းချ ပေးမည် ဖြစ်ကြောင်း ယင်းဖုန်းများအား နေပြည်တော်၊ ရန်ကုန်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေး မြို့တော်တို့တွင် ရောင်းချမည့် တာမိုးညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၏ စီမံဌာနမှ တာဝန်ရှိသူက မတ်လ ၅ ရက်နေ့တွင် ပြောကြားသည်။
ယင်းဖုန်းများ ရောင်းချတော့မည့် သတင်းကြောင့် ကျပ်နှစ်သောင်းကျော် တန်ဖိုးရှိ တန်ဖိုးနည်း ဟန်းဆက်များ ရောင်းချရန် စီစဉ်နေကြောင်း ဟန်းဆက် အရောင်းဆိုင် အချို့ထံမှ သိရသည်။
Sources:
- The Voice Daily Newsletter March 5, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 5, 2012

အီး-၉ ဗီဇာကြီး (၃-နှစ်ဗီဇာ) ကုန်ရက် နှင့် စာချုပ်ကုန်ရက် တူမတူ ပြဿနာ

မေးချင်တာလေးတစ်ခုရှိလို့
မင်္ဂလာပါ အစ်ကို....
ညီမရှင်းတာလေးတစ်ခုလောက်မေးချင်လို့ပါဗျာ ရှင်းပြပေးပါအုံးနော် ညီက ရွေအင်းဝနဲ့လာခဲ့တဲ့သူပါပဲ အခုဆိုညီရောက်နေတာ ၂ နှစ်နဲ့၈ လရှိပါပြီ(၁၅.၆.၂၀၀၉)ရက်နေ့ကလာခဲ့တာပါ ညီစက်ရုံတစ်ခါပြောင်းပြီးပါပြီ ။ ၁၀ လပဲလုပ်ြပီးပြောင်းတာပါ အခုလက်ရှိစက်ရုံမှာ ၁ နှစ်နဲ့၁၀ လရှိပါပြီ ခုဟာက စက်ရုံက အလုပ်လဲပါးပြီးလူတွေလဲပိုနေတယ်ဗျာ အဲတာနဲ့ ညီလဲ စက်ရုံပြောင်းချင်တာနဲ့ သူဌေးကိုပြောတာ ခုပေးမပြောင်းနိုင်ဘူးတဲ့ ၊ နှစ်ပြည့်မှပြောင်းဆိုလို့ ညီလဲ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဗျာ ။ အစ်ကို ဟန်းဂုရွာမှာတင်ထားတဲ့ ပို့စ်တွေကိုလည်းညီဖက်ပါတယ် ။ ညီမရှင်းတာက ၃နှစ်ပြည့်ခါနီးပြောင်းလို့ရတဲ့ အခွင့်အရေးက လက်ရှိလုပ်နေတဲ့ စက်ရုံရဲ့နောက်ဆုံး နှစ်လအလိုမှာလား ဒါမှမဟုတ် ၃နှစ်ပြည့်ခါနီး နောက်ဆုံး ၂ လအလိုမှာလားဆိုတာပါ ညီကခုစက်ရုံက ပြည့်လို့ ထွက်ရင် သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ရက်နှစ်ဆယ်ပဲ အချိန်ရတယ်ဗျာ အဲတာ ပြောင်းဖို့ အဆင်ပြေ မပြေလေးရှင်းပြပေးပါအုံးဗျာ ။ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ ။
အဆင်မပြေနိုင်ဘူးထင်တယ်
စက်ရုံအသစ်ပြောင်းဖို့ အဆင်မပြေဖို့ ရာခိုင်နှုန်းများလိမ့်မယ် ။ ထွက်ပြီး ရက်၂၀ အတွင်းမှာ အလုပ်သစ် ၊ သူဌေးအသစ် နှင့် စာချုပ်ချုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလား ။ စွန့်စားရမယ့် အလုပ်တစ်ခုဖြစ်နေမယ်ထင်တယ် ၊ မလွယ်ဘူးထင်တယ်နော် ။ အဲသလို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှ ညီလေးရဲ့ နောက်တိုးဗီဇာ (၁နှစ်၁၀လ) အဆင်ပြေလိမ့်မယ် ထင်တယ် ။
စိတ်ထဲရှိတာပြောမယ်
ကိုဝိုင်းစိတ်ထဲရှိတဲ့ အတိုင်း ၊ အမှန်အတိုင်း ပြောရမယ်ဆိုလျင်တော့ စက်ရုံတစ်ရုံတည်းမှာ ၂-နှစ်နီးပါး လုပ်လာပြီးမှ ဘာဖြစ်လို့ပြောင်းနေဦးတော့မှာလဲလို့ပါ ။ နောက် ၁နှစ်နှင့် ၈လ ပဲ ကျန်တော့မှာပါ ။ သည်းခံလက်စနှင့် ဆက်ပြီး သည်းခံလိုက်စေချင်ပါတယ် ။ အဲသည်စက်ရုံ တစ်ခြားမြန်မာတွေ တစ်ခြားအလုပ်သမားတွေ မရှိဘူးလား ၊ သူတို့လုပ်နေနိုင်သေးရင် ညီလေးကရော ဘာဖြစ်လို့ မလုပ်နိုင်ရတာလဲ ။ ဟာ မဖြစ်ဘူးကိုကြီးရေ ညီလေးတော့ ၊ မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ လုံးဝမဖြစ်ဘူး ၊ ပြောင်းကိုပြောင်းမှဖြစ်မယ်ဆိုလျင်တော့ ၊ နောက်တိုးဗီဇာ ယူပြီးမှ စိတ်ချလက်ချပြောင်းစေချင်ပါတယ် ။ စာချုပ်မိနေလို့ မပြောင်းရဘူးဆိုလျင်တော့ ၊ ဟဲ.ဟဲ ၊ ဘယ်လိုပြောရမလဲ ။ မပြောတတ်ပါဘူး ညီလေးရာ ။ (စမ်းကြည့်ချင်ရင်တော့ သူဌေးကို ၂ချက်လောက်ရိုက်ကြည့်လိုက်ပါ ။ နောက်တာနော် ၊ ဗြဲ..ဟဲ..)
၃-နှစ်ဗီဇာကြီးကုန်ရက်နှင့် စာချုပ်ကုန်ရက်မဆိုင်ဘူး
၃-နှစ် ပြည့်ခါနီးပြောင်းလို့ရတယ်ဆိုတာဟာ ဗီဇာကြီး ၃ နှစ်ကို ဆိုလိုတာပါ ။ ကိုရီးယားကို အီးပီစနစ်ဖြင့် ပထမဆုံး စရောက်တဲ့နေ့က စပြီးရေတွက်တဲ့ ရက်ပါ ။ စက်ရုံရောက်တဲ့ရက် စာချုပ်သက်တမ်းကုန်(နှစ်ပြည့်) ရက်စွဲနှင့် မဆိုင်ပါဘူး ။
အဲသည် ၃-နှစ်ဗီဇာကုန်ဆုံးရက်ဟာ ၊ စက်ရုံရောက်တဲ့ ရက် နှင့်တူရင်လည်း တူမယ် ၊ မတူရင်လည်း မတူဘူး ။ ကိုရီးယား စရောက်စဉ်ကတည်းက စက်ရုံတစ်ရုံတည်းမှာ လုပ်လာတဲ့သူဆိုရင် ရက်တူဖို့ ဖြစ်နိုင်ပေမယ့် ၊ ရုံပြောင်းရှိလာသူများအဖို့တော့ တူမှာမဟုတ်ပါဘူး ။ ဘာဖြစ်လို့တုန်းဆိုတော့ ၊ ရုံတစ်ရုံနှင့် တစ်ရုံ အကူးအပြောင်းကြားမှာ လွတ်နေတဲ့ရက် (ဂိန်ရက်)တွေကရှိနေဦးမှာမို့ပါ ။
ကြုံလို့ပြောလိုက်ဦးမယ်
ကြုံလို့ပြောလိုက်ရဦးမယ် ၊ ကိုဝိုင်းပြောတဲ့ ၃-နှစ်ကုန်ခါနီးသတိထားဆိုတာ ၊ ၃-နှစ်ဗီဇာ ကုန်တော့ ဗီဇာတိုးဖို့ လုပ်နည်းလုပ်ဟန်တွေက နည်းနည်းရှုပ်နေလို့ ၊ သာမန် ဗီဇာ တိုးတာနှင့် မတူလို့ ၃-နှစ်ဗီဇာ ကုန်ခါနီးမှာ ပေါ့ပေါ့ဆဆ မနေကြဖို့ ပြောတဲ့ဆောင်းပါးပါ ။ ကိုဝိုင်း ပြောချင်တာက တစ်ခြား ၊ နားလည်လိုက်ကြတာက တစ်လွဲဖြစ်ကုန်ပြီထင်ပါတယ် ။

အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် ။

မေတ္တာဖြင့် -

ကိုဝိုင်း(မိုးညှင်း)
၂၀၁၂ မတ် ၅

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် ဖိတ်ကြားခြင်း

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်



မြန်မာအသင်း(ကိုရီးယား)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ၁၅၊ ၄၊ ၂၀၁၂ တွင် ကျင်းပမည်ဖြစ်ပါသဖြင့် အတူတကွ ပူးပေါင်းပါဝင်ဆင်နွှဲကြမည့် ကိုရီးယားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများအား ဖိတ်ကြားအပ်ပါသည်။ ပူးပေါင်းပါဝင်ဆင်နွှဲကြမည့် အဖွဲ့အစည်းများ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ ဦးခင်မောင်ရင် (၀၁၀ - ၂၇၈၈ - ၇၁၅၃)၊ ဦးသန့်ဇင်အောင် (၀၁၀ - ၉ ၀၅၄ - ၄၇၂၇) တို့ဖြစ်ပါသည်။

နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဧည့်ခံဖျော်ဖြေရေးအစီအစဉ် အသေးစိတ် ရေးဆွဲလိုပါသဖြင့် ပါဝင်ဆင်နွှဲကြမည့် ၀ါသနာရှင် ညီအကိုများအား ၁၈ ၊ ၃၊ ၂၀၁၂ နေ့လည် ၁ နာရီ အချိန်တွင် ပူချွန်းမြို့ မြန်မာအသင်းရုံးခန်းသို့ မပျက်မကွက် အစည်းအဝေးတက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာအသင်း (ကိုရီးယား)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အီးပီ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ဖွဲ့စည်းကြောင်းကြေညာ

ဆောအူးလ်မြို့တော် ၊ မတ်လ ၅ ရက်


ဒေသခံ ကိုရီးယားအလုပ်သမားများ နှင့် သာမန်နိုင်ငံခြားသား အလုပ်သမားများ ရေရှည်လုပ်ကိုင်လိုခြင်းမရှိသဖြင့် ၊ လုပ်သားအင်အားအစဉ်အမြဲ လိုအပ်လျက်ရှိသော အန္တရာယ်များခြင်း(Dangerous) ၊ ညစ်ပတ်ခြင်း(Dirty) ၊ အရမ်းပင်ပမ်းခက်ခဲခြင်း(Difficult)နှင့် လစာရက် မမှန်ခြင်း(Delay Payment) ဟူသော ကိုရီးယားနိုင်ငံ၏ ဒီ(၄)လုံးစာရင်းဝင် အခြေအနေအဆိုးရွားဆုံး စက်ရုံအလုပ်ရုံများတွင် ၊ မြန်မာနိုင်ငံဖွား အီးပီလုပ်သားများ အချိန်ကာလရှည်ကြာစွာ စိတ်ဆင်းရဲခံလျက် လုပ်ကိုင်နေရခြင်းမရှိစေရေးအတွက် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါလှုပ်ရှားမှုတွင် အတူတကွ ပါဝင်ဆောင်ရွက်လိုသူများကို အောန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ပါသည် ။


အဆိုပါ လှုပ်ရှားမှုတွင် အတူ တကွ ပါဝင်ဆောင်ရွက်လိုပါကြောင်း စိတ်အားထက်သန်စွာ ဆက်သွယ်မေးမြန်း ဆန္ဒပြုလာကြသည့် မြန်မာ ညီအစ်ကို များဖြင့် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးကော်မတီ(Committee for Anti 3 Years Contract: A3YCommittee) ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပ်ပါသည် -
- အဖွဲ့ဝင်(၁) ။ ကိုဝိုင်း (မိုးညှင်း) (wyne1969@gmail.com)
- အဖွဲ့ဝင်(၂) ။ ကိုအောင်ခိုင် (010-2967-4773)
- အဖွဲ့ဝင်(၃) ။ ကိုကံလှ (kokanhla@gmail.com)
- အဖွဲ့ဝင်(၄) ။ ကိုသန့်စင်အောင်(thantsinnaung@gmail.com)


မိမိတို့ ကော်မတီအနေဖြင့် ၊ ကိုရီးယား ဒီ (၄) လုံးစာရင်းဝင် လုပ်ငန်းရှင်များက အလစ်အငိုက်ဖမ်း ကမ်းလှမ်းလာမည့် ၃-နှစ်အလုပ်စာချုပ်များအား မြန်မာအီးပီလုပ်သားလောင်းများ လက်မှတ်မထိုးမိစေရေး သို့မဟုတ် ၃-နှစ်အလုပ်စာချုပ် မချုပ်မိစေရေးအတွက် မိမိတို့ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကြေညာအပ်ပါသည် ။


မြန်မာပြည်ဖွား အီးပီလုပ်သားလောင်း ညီအစ်ကိုများ ၃-နှစ်အလုပ်စာချုပ်များ အလစ်အငိုက်ခံ ချုပ်ဆိုမိခြင်းမရှိစေရေး အတွက်လည်းကောင်း ၊ အနာဂါတ် သားကောင်းမြန်မာ လူငယ်များ အနေဖြင့် ဒီ(၄)လုံးစာရင်းဝင် အခြေအနေအဆိုးရွားဆုံးသော အလုပ်ခွင်များ၌ ရေတိမ်မနစ် စေရေးအတွက်လည်းကောင်း ၊ မြန်မာအီးပီလုပ်သားများ ကိုယ်လက်အင်္ဂါ စုံစုံလင်လင် ကျမ်းကျန်းမာမာ ပြည်တော်ပြန်နိုင်ကြစေရေး အတွက်လည်းကောင်း ၊ မေတ္တာရှေ့ထား လူသားခြင်းစာနာသောနှလုံးအားဖြင့် မိမိတို့စွမ်းသည်များဖက်မှ နှုတ်အား စာအား မီဒီယာအားဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည် ။


လေးစားမှုဖြင့် -


၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 2, 2012

ဆိုင်ဖွင့်ပွဲ ဖိတ်ကြားစာ

လှိုင်မြန်မာ
စတိုးနှင့် စားသောက်ဆိုင်

ဖွင့်ပွဲကို ၂၀၁၂ မတ်လ ၃ ရက် (စနေနေ့) ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်မည် ဖြစ်ပါ၍ မိတ်ဆွေများ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား။
ဆိုင်နေရာက ဘူဖျောင်းဘူတာ မြောက်ဖက်ခြမ်း တစ်သုံးလုံး ကားဂိတ်အနီးမှာ ဖြစ်ပါတယ်။

ကိုဆန်းကိုကို 010 4860 3581
ကိုခင်လှိုင် 010 2304 1792

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အခြေအနေအဆိုးရွားဆုံး လုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများ ရေရှည်မရှိစေရေးလှုပ်ရှားမှု လုပ်မည်

ဆောအူးလ် ၊ မတ်လ ၁
အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်ရင် ပြောင်းရွှေ့ခွင့်ရဖို့ တော်တော်ခက် ၊ အင်မတန်ခက်ပါတယ် ။

ဒီ-၄လုံးကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)


အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။

ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းမထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။

အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာကြာနားနေရမလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ အမြင့်ကြီးမှာ တစ်နေကုန် ၊ တက်လုပ်နေရတာတွေ ။

လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။

ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။
နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။
ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးပေါ့ ။
(ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံ ၊ လောကငရဲခံပြီး ရေရှည် လုပ်နေရမှာလား။)

အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ ပြဿနာတွေ အလီလီ တက်ကြတော့တာပါပဲ ။

အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများရေရှည်မရှိစေရေး
သည်တော့ ကိုရီးယားမှာ မြန်မာ အလုပ်သမားများ ဒီ-၄လုံးပြဿနာကင်းဝေးရေး လှုပ်ရှားမှု (Free 4-D Campaign) လုပ်မယ်လို့ စိတ်ကူးရပါတယ် ။ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာများ ရေရှည်မရှိစေရေးလှုပ်ရှားမှုပါ ။ မသိလို့ ၊ မှားယွင်းပြီး လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ဆိုလျင် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) လုပ်မှ ဖြစ်ပါမယ် ။ လှုပ်ရှားမှုအမည်ကိုတော့ -
- Free 4-D Campaign သို့မဟုတ်
- Anti 3 Years Contract: (A3Y Campaign) လို့ အမည်ပေးချင်ပါတယ် ။ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပေးကြစေလိုပါတယ် ။

စုပေါင်းလုပ်ကြရအောင်
သည်လှုပ်ရှားမှုကို တစ်ဦးတစ်ယောက်ကောင်းလုပ်လို့အောင်မြင်နိုင်မယ် မထင်ပါဘူး ၊ စုပေါင်းလုပ်ကြမှ အောင်မြင်မယ်လို့ ယုံကြည်ပါတယ် ။ မအောင်မြင်နိုင်စရာလည်း မရှိပါ ။ ရှေ့မှာ အောင်မြင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ် ။ (မြန်မာတွေကို စိုက်ပျိုးရေး ၊ ငါးဖမ်း လုပ်ငန်းတွေအတွက် မခေါ်တော့တဲ့ သာဓကပါ။)

ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
ကိုရီးယားလာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာပြည်တွင်းက အီးပီလုပ်သားလောင်း ညီငယ်များ ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများကို ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး ပြောပြ ရှင်းပြကြရပါမယ် ။ တစ်ချို့က ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ ၁ နှစ် စာချုပ်ပဲ ချုပ်ကြဖို့ ညီငယ်များ သဘောပေါက်အောင် အသိပေးဖို့ ရှင်းပြပေးဖို့ လိုပါမယ် ။ အထက်လူကြီးများသိအောင် စာအားဖြင့် နှုတ်အားဖြင့် ၊ အီးမေးလ်အားဖြင့် တင် ပြကြရပါမယ် ။ ပြည်တွင်းမီဒီယာများမှာ ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး နှင့် ၃-နှစ်စာချုပ်ရဲ့ အခက်အခဲများ ၊ စာချုပ်ကို ၁နှစ်ပြီး ၁နှစ် သာချုပ်သင့်တဲ့အကြောင်း သတင်းဆောင်းပါး စသည် ပါလာအောင် လုပ်ကြရပါမယ် ။ အီးမေးလ်များဖြန့်ဝေကြရပါမယ် ။

လုပ်မယ့်သူတွေ လိုတယ်ဗျာ
စိတ်ပါဝင်စားသူများ သည် လှုပ်ရှားမှုပါ ကျနော်တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်လိုသူများ 010-2331-2457 သို့မဟုတ် wyne1969@gmail.com သို့ ဆက်သွယ် ကြစေလိုပါတယ် ။
မိတ်ဆွေတို့ ရဲ့ အမည် ၊ အီးမေးလ် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်များ အနက် ကြိုက်ရာ တစ်ခုခု သို့မဟုတ် အားလုံး ပေးကြစေလိုပါတယ် ။ အတူတူ လှုပ်ရှားသူများအဖြစ် ဟန်းဂုရွာမှာ မှတ်တမ်းတင်ထားချင်လို့ပါ ။


လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၁ ရက်
ကိုရီးယား ၊ အင်ချောန်းမြို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၂)

ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး ကျွန်တော် ပြောပြချင်ပါတယ်။ ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန် ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန်ကြီး တစ်ရပ် ဖြစ်ပါတယ်။ ဒီတာဝန်ကြီးဟာ ကျွန်တော်တို့အတွက် ခက်ခဲကြီးလေးတဲ့ တာဝန်ကြီး ဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိနားလည်ထား ပါတယ်။ ဒါပေမယ့် ဒီတာဝန်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ အခုဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံပြီးတဲ့ အချိန်မှာ ဒီယုံကြည်ချက်ဟာ ပိုပိုပြီး ခိုင်မာလာပြီ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရ အနေနဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ် တွေမရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက မေးမြန်းနေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေ ကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံကာကွယ် ရုံကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ယနေ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်ဘက်နဲ့ တစ်ဘက် လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန် ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့ အစိုးရနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသားတွေအတွက် ထောက်ပံ့ ကူညီမှုတွေ၊ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီ နိုင်အောင်လည်း လမ်းဖွင့် ဆောင်ရွက်ပေးနေပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး အတွက် အဆင့် (၃) ဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ် အဆင့်မှာ နှစ်ဘက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်း သတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက် အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးဖို့ နှစ်ဦးနှစ်ဘက် သဘောတူလိုက်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။
ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန် အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့၊ လွှတ်တော်တွင်း ရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော် အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး သဘောတူညီချက် ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစု တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သံန္နိဌာန်ကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလို ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသား အားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူ ရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဒေါက်တိုင်ကြီး ၃ ရပ်နဲ့ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူ ပြင်ဆင်ပြီး မိမိတို့ရဲ့ လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဒီအဆင့် ၃ ဆင့်ဟာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။ ဒီလမ်းပြ မြေပုံကို လက်တွေ့ အကောင်အထည် ဖော်ရာမှာ အခြေခံ အဆောက်အဦးတွေ၊ စီးပွားရေး အခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည် နေရာချထားမှုနဲ့ ပြန်လည်ထူထောင် တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုအဆောက်အအုံတွေ စတဲ့ နည်းဗျူဟာများစွာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အရိပ်အာဝါသ အောက်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့အထိ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါ ရပ်တည် နေထိုင်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်း သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းတဲ့နေရာမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ဖိတ်ခေါ်ကြိုဆိုပြီး ဘက်စုံထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့ အညီ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် မှီတင်းနေထိုင်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ဒီ Diversity ကြန်အင် လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့အကျိုး ထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ မိဘပြည်သူအားလုံး လိုလား တောင့်တနေခဲ့တဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးဆိုတဲ့ သမိုင်းပေး တာဝန်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒကို ကျွန်တော်တို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နာယကကြီးခင်ဗျား -

ထာဝရငြိမ်းချမ်းရေးနဲ့ အတူ အရေးကြီးတဲ့ ဦးစားပေး လုပ်ငန်းစဉ်ကတော့ မြန်မာ့စီးပွားရေး ဦးမော့လာရေးပဲ ဖြစ်ပါတယ်။ မိဘပြည်သူအားလုံးရဲ့ ဒုတိယဆန္ဒကတော့ ကျွန်တော်တို့နိုင်ငံကို စီးပွားရေး ကောင်းမွန်ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ လက်ထက်မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေး စနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်နေသေးတဲ့ ၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခြင်း မရှိသေးတဲ့၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေ ခိုင်မာအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးတဲ့ အချိန်အခါမှာ နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရမှာ အဆင်ပြေ လွယ်ကူစေဖို့ ဦးတည်ချက် ထားပြီး လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေ လျင်လျင်မြန်မြန် ရရှိလာအောင် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ အခွန် အကောက်တွေကိုလည်း လျှော့ချ ဖယ်ရှား ပေးခဲ့ပါတယ်။ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားကိုလည်း ပြင်ပ အခြေအနေနဲ့အညီ ယာယီပြောင်းလဲ သတ်မှတ်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှန်ကန်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ငွေလဲလှယ်မှု နှုန်းထားတစ်ရပ် ရေရှည်ခိုင်ခိုင်မာမာ ထူထောင်နိုင်အောင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့ အစည်းများနဲ့ နီးနီးကပ်ကပ် ညှိနှိုင်း တိုင်ပင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အပို ကုန်ကျစရိတ်တွေ လျော့နည်း သက်သာစေအောင်လည်း အုပ်ချုပ်ရေး ယန္တရားရဲ့  အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ရာမှာ ဆန်စပါး လွတ်လပ်စွာ တင်ပို့ခွင့်၊ စက်သုံးဆီ ဈေးနှုန်း၊ တယ်လီဖုန်း ဈေးနှုန်း ၊ မော်တော်ကား ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း Transactional Cost တွေ လျော့နည်း ကျဆင်းသွားအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိ ပြည်သူများ အကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သတ်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနဲ့ အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက် စီးပွားရေး ယန္တရားစနစ်တွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်းစေရေး အတွက်လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို နိုင်ငံတကာ နည်းတူ လျော့ကျလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေး နယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင် ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ကိုလည်း စွမ်းဆောင်ရည် မြင့်မားလာအောင် ဖွဲ့ စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီ ဖြစ်သလို အများပိုင် ကုမ္ပဏီတွေ တိုးပွား ရှင်သန်လာအောင်လည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ ခိုင်မာအားကောင်း လာအောင် မြှင့်တင်ပျိုးထောင် ပေးနေသလို အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းရှင်တွေ အရင်းအနှီး ၊ နည်းပညာ တိုးမြှင့်ရရှိစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် ခြယ်လှယ် ချုပ်ကိုင်ထားတာတွေ လျော့နည်း ကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရာ မှာလည်း လူတစ်စု လက်ဝယ်သို့ မရောက်ရှိစေဖို့၊ မညီမျှမှုများ မဖြစ်ပေါ်စေဖို့၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေဖို့ အဘက်ဘက်က သုံးသပ်ပြီး ဆောင်ရွက်နေပါတယ်။
ပွင့်လင်း မြင်သာမှု ရှိပြီး ကြိုတင် ခန့်မှန်းနိုင်တဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ်တွေ ထွန်းကား ရှင်သန်လာအောင်၊ စီးပွားရေး လုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ရ လွယ်ကူပြီး ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်မြင့်မားစေမယ့် စီမံကိန်း တွေကိုလည်း ချမှတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ ပြည်တွင်း၊ ပြည်ပ တတ်သိ ပညာရှင်များရဲ့ တန်ဖိုးကြီးမားတဲ့ အကြံဥာဏ်တွေကို အလေးအနက် ထားပြီး ပုဂ္ဂလိက ကဏ္ဍရဲ့  လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစား တစ်ခုတည်း၊ အသိုင်းအဝိုင်း တစ်ခုတည်း တိုးတက်ကြီးပွားစေရေး မဟုတ်ဘဲ မြန်မာ့လူ့ဘောင် အဖွဲ့ အစည်း တစ်ခုလုံး အတွင်းမှာရှိတဲ့ အလွှာအားလုံး၊ လူတန်းစား အားလုံး ၊ နိုင်ငံသား အားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့  လူနေမှုအဆင့်အတန်းတွေ မြင့်မာလာဖို့ ၊ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျတဲ့ လူလတ်တန်းစား အရေအတွက် တိုးတက် မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေ ပြည်သူများ အတွက်လည်း တစ်ဦးချင်းဝင်ငွေ မြင့်မားလာဖို့ ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာဖို့ အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စတဲ့ နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့  စီးပွားရေး အဆောက်အအုံ တစ်ခုလုံး ဟန်ချက်ညီ တိုးတက်လာဖို့ ပြည်တွင်း၊ ပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွှတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေး ပတ်ဝန်းကျင်သစ် တစ်ရပ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား-

ကျွန်တော်နဲ့တကွ ဒုတိယ သမ္မတ ( ၂ ) ဦးနဲ့ တပ်မတော် ခေါင်းဆောင်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်နယ်၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်တွေ ပြည်နယ်/ တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝင်တွေ ၊ ဥပဒေပြုရေးနှင့် တရားမဏ္ဍိုင်ဘက်က တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်လိုတဲ့ စိတ်ဆန္ဒတွေ တစ်စိတ်တည်း တစ်ဝမ်းတည်းပဲ ရှိနေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောကြား နေကြတာတွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့ ကောလဟာလတွေလည်း ကျွန်တော်တို့ ကြားသိနေပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ဒီကနေ့ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်း ဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့  ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာက လွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့  မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ခေတ်သစ်၊ စနစ်သစ် တစ်ခုကို ကူပြောင်းရုံ သာမက ကျွန်တော်တို့ မြန်မာ့ လူအဖွဲ့ အစည်းကြီး တစ်ခုလုံးကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲမြှင့်တင် ပုံဖော်နေကြတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရ အနေနဲ့ ခိုင်မာအားကောင်း တောင့်တင်းနေဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး တာဝန်ကို ပုခုံးထမ်းထားရတဲ့ အစိုးရအဖွဲ့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တည်တည်ငြိမ်ငြိမ်နဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တစ်ဆက်တည်း တစ်စပ်တည်း စနစ်တကျ ဖော်ဆောင် သွားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ခိုင်မာရင့်မာဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ကက်ဘိနက် အစည်းအဝေးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မလိုအပ်တဲ့ အချိန်ကုန်မှုတွေကို အနည်းဆုံး အဆင့်အထိ လျော့ချပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို မြှင့်တင် ဖော်ဆောင်နိုင်ဖို့ ကြိုပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ အနေနဲ့လည်း အစည်းအဝေးတွေ ဆက်တိုက် ကျင်းပပြီး အချိန်ကုန် မနေကြဘဲ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို စွမ်းအားကုန် ဖြည့်ဆည်းပေးပြီး ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို ရှေ့ ရှု ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိ လိုက်စားမှုဆိုတဲ့ အမျိုးသားရေး စိန်ခေါ်မှုကြီးဟာ ခေတ်စနစ် နဲ့အတူ ပေါက်ဖွား ရှင်သန်လာခဲ့တာ ဖြစ်တဲ့အတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ စိတ်ဓါတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်၊ သက်သာချောင်ချိရေး၊ ပြန်လည် စောင့်ကြည့်ရေး ၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင် မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံချဉ်းကပ်မှု နည်းလမ်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်အထိ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ဖွဲ့ စည်း တည်ဆောက်ရာမှာ ခေတ်အဆက်ဆက် စူးဝင်နေခဲ့တဲ့ ဆူးချွန်တွေကို ဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြောင်းလဲ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း၊ လုပ်ငန်းစဉ် ပီပြင်ခိုင်မာ လာတာနဲ့အမျှ အဂတိလိုက်စားမှုတွေ သိသိသာသာ လျော့နည်းပပျောက် သွားစေမှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့ စည်း တည်ဆောက်မှုကို အချိန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 1, 2012

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၁)

လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် တစ်ကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား -

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာ ကာလအတွင်း မိမိအစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဤလွှတ်တော်မှ တစ်ဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။

ပထမဦးစွာ နိုင်ငံတော် တစ်ဝန်းလုံးမှာ ရှိတဲ့ မိဘပြည်သူများ အားလုံး၊ အကြောင်း အမျိုးအမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁) နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁) နှစ်ပြည့် အခါသမယမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများက တစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော် အုပ်ချုပ်မှု အာဏာကို အပ်နှင်း ထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျွန်တော်တို့ အစိုးရဲ့ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်းကူးပြောင်းရေး လမ်းကြောင်းသစ်ကို စနစ်တကျ ကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ' Burma Spring ' ' Myanmar Spring ' အစရှိတဲ့ အမည်နာမ အမျိုးမျိုး ကင်ပွန်းတပ်ခံ နေရာတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်မှန်ကန်တဲ့ အသွင်းကူးပြောင်းမှု အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာနေပြီ ဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်း ကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်ကို ကူပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလားလို့ မေးရင် ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်း ကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ မြန်မာ့လူဘောင့်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြရမယ့် ရှေရှည် လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁) နှစ်ပြည့် ကာလမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင် ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ်က ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ အစိုးရအပေါ် သံသယ ရှိနေသူတွေ၊ မယုံမကြည် ဖြစ်နေသူတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ်မျိုးစုံကို တွေ့ကြုံခံစား ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ၊ ပကတိ အခြေအနေမှန်တွေကို ကြည့်ပြီး ကျွန်တော်တို့ အစိုးရဟာ ဘယ်လိုအစိုးရမျိုါ် ဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာ ဖြစ်သလို၊ ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက် နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းအသစ် အပေါ်မှာ လျှောက်လှမ်းနေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် သိရှိနားလည် ခံယူထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုရာမှာ ယခုလို ခေတ် တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို၊ စနစ်တစ်ခုကနေ စနစ်သစ် တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ် အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကို အရေးကြီးပါတယ်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ဖြစ်စဉ်ဟာ မိဘပြည်သူတွေ အတွက် တစ်ကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာ သာဓက ပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်း သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော် အရပ်ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာ Stackeholder တွေ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ မော်ကွန်းတင် ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်မှုတွေ ကြားမှာ မြန်မာ့ ဒီမိုကရေစီ ခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အားလုံး တက်ညီလက်ညီ ဖော်ဆောင်ခဲ့တဲ့ ဒီလမ်းကြောင်းမှန် ပေါ်မှာ ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသား အားလုံး နောက်ကြောင်း ပြန် မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေ ဖယ်ထားပြီး တူညီတာတွေ ပူးပေါင်း လုပ်ကိုင် သွားကြမယ် ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက် ခိုင်မာလာမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -
ကျွန်တော်တို့ အစိုးရ စတင်တာဝန်ယူချိန်မှာလည်း မိဘပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ အဓိကဆန္ဒ နှစ်ရပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမ ဆန္ဒက ကျွန်တော်တို့ ပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေထိုင်လို ကြပါတယ်။ မိဘပြည်သူတွေရဲ့ ဒီဆန္ဒကို အခြေခံပြီး အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေး စတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အလေးပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက် ပါဝင်နိုင်တဲ့သူတွေ အားလုံး ပါဝင်ခွင့် ရရှိရေး ဆိုတဲ့ All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်ခဲ့ပါတယ်။ ဒီကနေ့ဆိုရင် ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့၊ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ သိသိသာသာ အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒ၊ ကျွန်တော်တို့အစိုးရဲ့ စစ်မှန်တဲ့ စေတနာ၊ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဦးထိပ်ထားတဲ့ ခံယူချက် ဒါတွေနဲ့ ကျွန်တော်တို့ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်း နိုင်ငံရေး အင်အားစု အားလုံးဟာ အခြေခံဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာ ကျင့်သုံးပြီး ပြည်သူ့ ကိုယ်စားလှယ်တွေ အဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ စိတ်အား ထက်သန်စွာ ကြိုးပမ်းလာကြတာ ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။

အလားတူပဲ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အစိုးရရဲ့ (၁) နှစ်တာကာလ သက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း ရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်ရင် (၁) နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ရေ အများဆုံး ပေးခဲ့တဲ့ မှတ်တမ်း အသစ်လည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလ အတွင်းမှာ (၂) ကြိမ် တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လမ်းဖွင့်ကြိုဆို ဖိတ်ခေါ်ခဲ့တာနဲ့အညီ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေဟာလည်း တက်တက်ကြွကြွ စိတ်အား ထက်သန်စွာနဲက တက်နိုင်သမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာ ရင်သန့်ဖို့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေးမျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း အားလုံး Common Ground ရှာဖွေနိုင်ပြီး စုပေါင်းစွမ်းအားနဲ့ နိုင်ငံတည်ဆောက် သွားနိုင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ဆက်စပ်လျက် ရှိနေပါတယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေ အားလုံး တန်းတူရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်း ညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မပေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် ထိတွေ့ ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားများ နည်းတူ ဗမာဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသား လူမျိုးတစ်စု ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံးမျှဝေ ရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန်တော်တို့အစိုးရရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်။

အပိုင်း (၂) ဆက်ရန်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရုံးခန်းဖွင့်ပွဲ ဖိတ်ကြားစာ

Global Top

Trading, Tour and Travel
လုပ်ငန်း၏ ရုံးခန်းဖွင့်ပွဲသို့ ကြွရောက်ကြပါရန် မိတ်ဆွေများကို ဖိတ်ကြားအပ်ပါတယ်။

၂၀၁၂ မတ်လ ၄ ရက်နေ့
နံနက် ၁၀း၀၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ
၃၄၁-၁၇၂ ဘူဖျောင်းမြို့နယ်၊ အင်ချွန်းမြို့
341-172 3F Bupyung dong, Bupyung gu, incheon
ဖုန်းနံပတ်
032 205 9900
010 5590 8843

မသန့် နှင့် မိတ်ဆွေများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုရီးယားကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းဖွင့်မည်

ဆောအူးလ် ၊ မတ်လ ၁
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- မတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၆ နာရီထိ
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>