Sunday, October 31, 2010

အိဂေါ ဒူးဘတ်











ကိုရီးယားကို သင်တန်းသားပို့ခဲ့တဲ့ သွားလေသူ ကုမ္ပဏီကြီးတစ်ခုမှာပေါ့ခင်ဗျာ။ မြန်မာပြည်ပြန်ပြီး ကိုရီးယားကို ပြန်ရောက်နေကြတဲ့သူတွေ လာခဲ့ကြရတဲ့ ကုမ္ပဏီကြီးပေါ့ဗျာ။ အဲဒီအခါတုန်းက အခုလို အေးအေးဆေးဆေး လာခဲ့ကြရတာ မဟုတ်ဘူးဗျ။ ကိုရီးယားမလာခင် ဗျိုင်းပျံ၊ ဖားခုန်၊ ဒိုက်ထိုးနဲ့ အမျိုးစုံလုပ်ခဲ့ကြရတာကလား။ အဲဒီမှာ ရွေးချယ်ခံပြီးသူတွေထဲက အချို့ဟာ အကြောင်းကြောင်းနဲ့ ဗီဇာအခက်အခဲတွေ ဖြစ်ပြီး ကိုရီးယားလာရမလို မလာရမလိုနဲ့ ဒုက္ခတွေ အတော်လေးကို ရောက်ခဲ့ကြတာပေါ့။ အားလုံး ဟိုနေ့သွားရနိုး၊ ဒီနေ့ သွားရနိုးနဲ့ ဆင့်ဟိုဒင်း ဘာမျှော်ဆိုသလိုပေါ့။ ငွေပူလေးတွေ ကိုယ်စီကိုယ်စီ ရှိနေကြပြန်တော့လည်း ကိုရီးယား လာရဖို့ စိတ်လောမိကြတာပေါ့ခင်ဗျာ။ အားလုံး ကြံရာမရတဲ့အဆုံး ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို တွေ့ပြီး မေးဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြရတော့တာပါပဲဗျို။ ခက်တာက အနှီပုဂ္ဂိုလ်ကြီးကလည်း သူ့ကို ကိုရီးယားဘယ်တော့သွားရမလဲလို့ မေးလိုက်တာနဲ့ သူ့စကားပြန်ခေါ်ပြီး ကိုရီးယားစာ ဘယ်လောက်ရပြီလဲ မေးတော့တာကလား။ ဘယ်နေ့သွားရမှန်းမသိလို့ ငွေပူတွေနဲ့ ဖင်မထိုင်နိုင်ဖြစ်နေတဲ့သူတွေအဖို့ ကိုရီးယားစာ ဘယ်မှာလာ စိတ်ဝင်စားနိုင်ကြမလဲဗျာ။ အဲဒီတော့ ကိုရီးယားဘယ်တော့သွားရမလဲလို့ မေးချင်ပေမဲ့ လက်တွန့်နေကြတာပေါ့။ အဲဒီအထဲ စိတ်မြန်လူမြန် တစ်ယောက်ကတော့ သည်းမခံနိုင်တဲ့အဆုံး အဲဒီ ပုဂ္ဂိုလ်ကြီးကို တွေ့အောင်ကြိုးစားပြီး မေးတော့တာကလား။ သူ ၀င်သွားပြီဆိုကတည်းက စကားပြန်ခမျာ ရင်တထိတ်ထိတ်နဲ့ပေါ့။ ခေါ်ပြီး စာမေးခိုင်းရင် ဗီဇာစောင့်ပြီး ဒုက္ခရောက်နေသူတွေအပူလည်း သိနေသူဖြစ်လေတော့ မေးရင်လည်း အခက်၊ မမေးရင်လည်း အခက်ပေါ့။ မကြာပါဘူး။ အနှီပုဂ္ဂိုလ်ကြီးက စကားပြန်ကို အော်ခေါ်ပါလေတော့တယ်။ စကားပြန်ခမျာလည်း လွယ်တာလေးတွေ လှည့်ပတ်မေးရတော့တာပေါ့။ မေးသမျှ ရနေတော့ ဗီဇာဘယ်တော့ကျမယ်ဆိုတာ ပြောရမယ့်အခြေအနေဖြစ်နေလေတော့ အနှီပုဂ္ဂိုလ်ကြီးက စိတ်မရှည် လက်မရှည် ဖြတ်မေးလေပါလေရောဗျို။

သူ့ရုံးခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ ရေနွေးဓာတ်ဗူးကြီးကို ထိုးပြပြီး “အေး…၊ ဒါဆို ဒါကို ကိုရီးယားကို ဘယ်လို ခေါ်သလဲ…” တဲ့ဗျာ။ သူတို့ လေ့လာဖို့ ပေးထားတဲ့ စာအုပ်ထဲမှာ မပါတဲ့ ဝေါဟာရဖြစ်လေတော့ ကိုစိတ်မြန်ခမျာလည်း ဘာဖြေလို့ ဖြေရမှန်း မသိဖြစ်နေတော့တာပေါ့။ ဘေးနားက စကားပြန်ခမျာလည်း ရင်တထိတ်ထိတ်။ အပြင်က ချောင်းကြည့်နေကြတဲ့ ကျနော်တို့မှာလည်း ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့အောင်ပါပဲ။ အင်မတန် ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကိုစိတ်မြန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေချလိုက်ပုံကတော့…

အိဂေါ ဒူးဗတ်” တဲ့လေ။

ကျနော်တို့တတွေလည်း ရုတ်တရက်နားမလည်နိုင်ကြပါဘူး။ အဲဒီမှာ အနှီပုဂ္ဂိုလ်ကြီးက ဘေးနားက စကားပြန်ကို ဟေ့၊ သူပြောတာမှန်လားလို့ မေးလိုက်တော့ စကားပြန်ကလည်း ဟုတ်ကဲ့၊ မှန်ပါတယ် အန်ကယ်ကြီးလို့ ဖြေလိုက်တော့တာပေါ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ကိုရီးယားလို အိဂေါဆိုတာက ဤအရာသည် ဒူးဗတ် ဓာတ်ဗူး။ မှန်လိုက်လေဗျို။ ကျနော်တို့မှာတော့ အဲဒီ ကုမ္ပဏီပိုင်ရှင်ပုဂ္ဂိုလ်ကြီးမြင်တိုင်း အိဂေါ ဒူးဗတ်လို့ ပြော ပြောပြီး ရယ်လို့ မဆုံးတော့ပါဘူး။

3 comments:

မောင်ကောက်ရိုး said...

အိဂေါ အာမုံ ... ဆိုတာလည်း ရှိသေးတယ်ဆိုကပဲ ... ကိုဇေဇော်ရ ..

ကိုလူချစ်(ကိုရီးယား) said...

အိဂေါ အာမုံ.... ဆိုတာလည်း သိရင် လင်းပါဦး။

ဇေဇော် said...

အာမုံ ဆိုတာလည်း အဲဒီ ကုမ္ပဏီက ၀န်ထမ်း အမျိုးသမီးကို စ ကြတာပါ။ အာမုံဆိုတာ ဘာဖြစ်မလဲ စဉ်းစားကြည့်ပေါ့ ဆရာတို့ရေ…။