Thursday, August 14, 2008

ရွှေ့ပြောင်းအလုပ်သမားများ မေးလေ့မေးထ ရှိသော အလုပ်သမားဥပဒေ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ အပိုင်း(၂)


အလုပ်စာချုပ်နှင့် ပတ်သက်၍
၆၊ အလုပ်စာချုပ်တွင် မည်သည့် အကြောင်းအရာများ ပါဝင်သနည်း။
မေး။ ။ အလုပ်မဝင်မီ အလုပ်ရှင်(သူဌေး)နှင့် အလုပ်စာချုပ် ချုပ်ဆိုခဲ့ပါသည်။ သို့သော် အလုပ်စာချုပ်မှာ ကိုရီးယားဘာသာဖြင့် ရေးထားသောကြောင့် မည်သည့် အကြောင်းအရာများဖြစ်သည်ကို ကောင်းစွာမသိခဲ့ပါ။ အလုပ်စာချုပ်တစ်ခုတွင် မည်သည့်အကြောင်းအရာများ ပါဝင်ပါသလဲ။

ဖြေ။ ။အီးပီအက်စ်စနစ်ဖြင့်အလုပ်လုပ်နေသူ အလုပ်သမားများအားလုံးသည် ကိုရီးယားသို့ မဝင်ရောက်မီ ကြိုတင်အလုပ်စာချုပ်ကို ချုပ်ဆိုရပါသည်။ ၄င်းစာချုပ်တွင်ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခြင်းနှင့်ဆိုင်သည့် အချက်များ ပါဝင်ပါသည်။
-ကုမ္ပဏီ၏လိပ်စာနှင့် ဖုန်းနံပါတ်၊ လုပ်ငန်းရှင်၏ အမည်
-ကုမ္ပဏီလုပ်ငန်း အမျိုးအစား။
-အလုပ်သင်ယူသောကာလ(စူစုဂီးဂန်း)ထားရှိ၊ မရှိ(ရှိပါက ထိုကာလအတွင်းလစာ၏၇ဝသို့မဟုတ် ၈ဝရာခိုင်နှုန်းသာ ပေးသောကုမ္ပဏီများရှိခဲ့)သေချာစွာ မေးမြန်းရမည်။
-လစာငွေနှင့်၊ အချိန်ပိုလုပ်အားခ တွက်ချက်ပုံ။
-တစ်နေ့လုပ်အားခနှင့် အားလပ်ရက်အတွက် အလုပ်လုပ်သော လုပ်အားခ။
-နေထိုင်ရာနေရာနှင့် ပတ်သက်သော အခြေအနေ
(လုပ်ငန်းရှင်ကတာဝန်ယူစီစဉ်ပေးသလား၊ လစဉ်ကုန်ကျစားရိတ် များကိုဘယ်သူကပေးမှာလဲ)
-အစားအသောက်နှင့်ပတ်သက်၍
(နံနက်၊နေ့ခင်း၊ညစာတို့ကိုလုပ်ငန်းရှင်က တာဝန်ယူသလား၊အခြားကုန်ကျစားရိတ်များကိုမည်သို့ဖြေရှင်းရမှာလဲအစရှိသည်)

၇၊ အလုပ်စာချုပ် ချုပ်ဆိုရာတွင် သတိထားရမည့် အချက်အလက်များ
မေး။ ။အလုပ်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမပြုမီ အထူးသတိပြုရမယ့် အချက်တွေ ရှိတယ်လို့ သိထားရတယ်၊ အဲဒါဘာတွေလဲ။

ဖြေ။ ။ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုရီးယားကို မဝင်ရောက်မီနှင့် ဝင်ရောက်ပြီးနောက် ထင်ထားတာနဲ့ တခြားစီပဲဟုဆိုကြသည်။ မိမိသည် စက်ရုံအတွင်း ဘယ်လိုအလုပ် မျိုးကို လုပ်ကိုင်ရမည်ဆိုသည်ကို သေချာစွာ သိရှိထားသင့်သည်။ ရေရာစွာ မသိပဲ စာချုပ်ချုပ်ဆိုပြီး တကယ်အလုပ်လုပ်ရတော့ အင်မတန်ပင်ပန်းသောကြောင့် အခြား စက်ရုံကို ပြောင်းချင်ကြတဲ့ သူတွေလည်း အများကြီး ရှိခဲ့ကြတယ်။
နောက်တစ်ချက်ကတော့ လစာနှင့် အလုပ်ချိန်ဖြစ်ပါတယ်။ အလုပ်စာချုပ်မှာ တစ်ရက် ၈နာရီ အလုပ်ချိန်အတွက် တစ်လလျှင် ဘယ်နှစ်သိန်းပေးမည်ဟုသာ ပါရှိသည်။ လက်တွေ့လုပ်သောအခါ အချိန်ပိုလုပ်ပေးရသည်က အလွန်များသည်။ သို့သော် တစ်နေ့၈နာရီ အလုပ်ချိန်အတွက် လုပ်ခငွေသည် အခြားစက်ရုံထက် ပို၍ပေးမည်ဆိုသဖြင့် စာချုပ်ချုပ်လိုက်သော်လည်းတကယ်ပေးတော့ အချိန်ပို လုပ်ခများကိုပါ ရော၍တွက်ပြီး လုံးသုတ် ပေးလိုက်သည်ကလည်း မကြာ ခဏ ကြုံတွေ့ကြရသည့် အဖြစ်များ ဖြစ်သည်။

၈၊ အလုပ်စာချုပ်ပါ လစာထက် နည်းပါးသော လစာကိုပေးခဲ့လျှင်
မေး။ ။ အလုပ်စာချုပ်တွင် တစ်လ လုပ်အားခမှာ ဝမ် ၈ သိန်းဖြစ်ပြီးအချိန်ပိုလုပ်ခကို သီးခြား ထပ်ပေးမည်ဟု သဘောတူခဲ့သည်။ တစ်လအတွင် နေ့စဉ် အချိန်ပို ၂ နာရီစီ အလုပ်လုပ်ခဲ့သည်။ သို့သော် လပြည့်၍ လစာထုတ်သောအခါ ဝမ် ၈ သိန်း ဖြစ်နေသည်။ အလုပ်ရှင်အား မေးမြန်းသောအခါ အချိန်ပိုလုပ်ခကိုပါ ပေါင်းပြီး ဝမ် ၈သိန်းပေးခြင်းဖြစ်ကြောင်းပြောသည်။ ထိုအခါမျိုးတွင် မည်သို့ပြုလုပ် ရမည်နည်း။

ဖြေ။ ။အလုပ်ရှင်သည် နေ့စဉ် နှစ်နာရီစီ အချိန်ပိုလုပ်သည့် လုပ်အားခကို မပေးခြင်းသာ ဖြစ်သည်။ ပထမဦးစွာ အလုပ်ရှင်အား စာချုပ်ထားသည်နှင့် မကိုက်ညီကြောင်းကို ပြောဆိုရမည်။ သို့တိုင် အလုပ်ရှင်မှ မပေးဘူးဟုဆိုလျှင် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရုံး( ဂိုယုန်းဂျီဝမ်စင်တာ)နှင့် အတိုင်ပင်ခံရုံးများသို့ သွားရောက်၍ တိုင်ကြားရမည်။

၉၊ ကုမ္ပဏီ ပြောင်းလိုသောအခါ
မေး။ ။ အလုပ်သမားအသုံးပြုခွင့်စနစ် (အီးပီအက်စ်)ဖြင့် အလုပ်လုပ်လျက် ရှိပါသည်။ ကုမ္ပဏီပြောင်းလိုပါသည်။ မည်သို့ ပြုလုပ်ရမည်နည်း။

ဖြေ။ ။ပထမဦးစွာ ကုမ္ပဏီမှ အလုပ်စာချုပ်ပြည့်သွားပြီ ဖြစ်ကြောင်း အသိပေးသည့် ထောက်ခံစာကိုယူ၍ အလုပ်သမားဝန်ကြီးဌာန“ဂိုယုန်းဂျီဝမ်စင်တာ”သို့ သွား ရောက်ပေးအပ်ရမည်။ ထိုအခါ “ဂိုယုန်းဂျီဝမ်စင်တာ”မှ သင်၏ အမည်အား အလုပ်ရှာဖွေသူစာရင်းတွင် ထည့်သွင်းပြီး၊ သင့်တော်သော အလုပ်နေရာတစ်ခုကို ထပ်မံရှာဖွေပေးမည်ဖြစ်သည်။ ထို ရှာဖွေပေးသော အလုပ်နေရာသစ်ကို သဘော ကျလျှင် အလုပ်ရှင်နှင့် အလုပ်စာချုပ်ချုပ်ဆို၍၊ အလုပ်ရှင်ဖြစ်သူမှ အလုပ်သမား အဖြစ် လက်ခံလိုက်ကြောင့် “ဂိုယုန်းဂျီဝမ်စင်တာ”သို့ အကြောင်းကြားလိုက်မည် ဆိုလျှင် အလုပ်ပြောင်းခြင်း ကိစ္စပြီးဆုံးပြီဖြစ်သည်။ သို့သော် ပထမအလုပ်မှထွက် လာပြီး၊ ၂လ အတွင်း အလုပ်နေရာသစ်ကို မရရှိနိုင်လျှင်၊ ကိုရီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာသွားရမည် ဖြစ်သောကြောင့် အလုပ်နေရာသစ်ကို အမြန်ဆုံးရှာဖွေ ရမည်ဖြစ်သည်။
တခါတရံ “ဂိုယုန်းဂျီဝမ်စင်တာ”မှ အလုပ်နေရာသစ်ကို ရှာဖွေပေးခြင်း မပြုနိုင် သောကြောင့်ဖြစ်စေ၊ ရှာဖွေပေးသော စက်ရုံမှာ စိတ်တိုင်းမကျသောကြောင့် ဖြစ်စေ၊ ထိုအခါမျိုးတွင် အလုပ်သမားအများစုသည် မိမိသဘောကျသော အလုပ် နေရာသစ်သို့ ဝင်ရောက်၍လုပ်ကိုင်တတ်ကြသည်။ ထိုအခါမျိုးတွင် မိမိ ဝင်လုပ် သောစက်ရုံမှာ အီးပီအက်စနစ်ဖြင့် အလုပ်သမားအား အသုံးပြုခွင့်မရှိသော စက်ရုံဖြစ်ပါက၊ မိမိမှာ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး၊ ပြဿနာဖြစ်နိုင် သည်။ ထို့ကြောင့်အလုပ်ရှာဖွေရာတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် စက်ရုံဟုတ် မဟုတ်အား အရင်ဦးစွာစုံစမ်းခြင်း၊ “ဂိုယုန်းဂျီဝမ်စင်တာ” တွင် အတည်ပြုမေးမြန်းခြင်းများ ပြုလုပ်၍ လုံခြုံမှုရှိစွာ အလုပ်လုပ်ကိုင်ရမည် ဖြစ်သည်။

No comments: