ရေးသားသူ — လူအိမ်
အခုရက်ထဲ ဖတ်မိတဲ့ကဗျာတွေထဲက အရမ်းကြိုက်မိနေတဲ့ ကဗျာလေးပါပဲ…။ ကဗျာချစ်သူတွေ ခံစားနိုင်အောင်လို့ တင်ပေးလိုက်ပါတယ်…။ ပုသိမ်သားဖြစ်တဲ့ကဗျာဆရာ ဆရာလူအိမ်ကို ဂုဏ်ပြုချင်တာလည်း ပါပါတယ်…။
ရူးနေတဲ့ကမ္ဘာ
မော့ကြည့်တာ အလကားမဟုတ်ဘူး
ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။
ကမ္ဘာက
ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့
ဒါပေမဲ့ မရင့်ကျက်သေးဘူး
ကမ္ဘာက
တရားတော်တွေလည်း ရှိပါရဲ့
တရားဟောဆရာတွေလည်း ရှိပါရဲ့
ဒါပေမဲ့ တရားမရသေးဘူး
ကမ္ဘာက
ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ
လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ
ဒါပေမဲ့ အမှတ်မရှိသေးဘူး
ကမ္ဘာက
ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ
ဒါပေမဲ့ နောင်တမရချင်သေးဘူး
ကမ္ဘာက
လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ
လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ
ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး
ကမ္ဘာက
ထစ်ခနဲရှိ
ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ
ထစ်ခနဲရှိ
အကြမ်းဖက်မယ်
ဗုံးခွဲမယ်
လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ
ကမ္ဘာက
ခုချိန်ထိ
ပြဿနာကို
သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ
ကမ္ဘာက
မီးစကိုလည်း ကိုင်ရဲ့
ရေမှုတ်ကိုလည်း ကိုင်ရဲ့
သံတမန်လို
လက်ဆောင်အောက်မှာ
သေနတ်ကိုလည်း ၀ှက်ယူလာရဲ့
ကမ္ဘာက
ခုအချိန်ထိ
ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ
ဒီခေတ်ကြီးကို
အိုင်တီခေတ်
ဂလိုဘယ်ခေတ်
မီဒီယာခေတ်
ခေတ်လွန်ခေတ်
မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ
ဒါပေမဲ့
ကမ္ဘာက
ခုအချိန်ထိ
သူ့ကိုယ်သူ ကမ္ဘာလို့်လည်း အသေအချာမသိ
လူလို့လည်း အသေအချာမသိ
လူမျိုးလိုလို
နိုင်ငံလိုလို
ဘာသာတရားလိုလိုနဲ့
ရူးချင်ယောင်ဆောင်နေတုန်းပဲ
အများကောင်းစားရေးလိုလို
ကိုယ်ကျိုးစွန့်အနစ်နာခံမှုလိုလိုနဲ့
ခုအချိန်ထိ
ရသမျှအကျိုးစီးပွား
သူ့အိတ်ကပ်ထဲ ကောက်ထည့်နေတုန်းပဲ
ခုချိန်ထိ
ကမ္ဘာကျင့် ကမ္ဘာကြံ ကြံနေတုန်းပဲ
ကမ္ဘာက
အဆောက်အဦကြီးတွေ ဆောက်ပါရဲ့
အဖွဲ့အစည်းတွေလည်း ဖွဲ့ပါရဲ့
ဒါပေမဲ့
အဲဒီအဆောက်အဦကြီးတွေဟာ
ဆင်းရဲမွဲတေတွေရဲ့ မျက်ရည်ဆိုတာ
ကမ္ဘာ အသေအချာမသိဘူး
ခုပဲ
သားရွှေအိုးထမ်းလာတာ မြင်ရတော့မယ့်ဟန်
ခုပဲ ရတနာပုံဆိုက်တော့မယ့်ကိန်း
ကမ္ဘာက
ဘာအစည်းအဝေး
ညာအစည်းအဝေး
အစည်းအဝေးကြီးတွေ
မကြာမကြာ ကျင်းပပါရဲ့
စီမံကိန်းတွေ ရေးဆွဲပါရဲ့
မကြာ မကြာ
ညစာစားပွဲကြီးတွေ တည်ခင်းပါရဲ့
ဒါပေမဲ့
အစည်းအဝေးတစ်ခုရဲ့ စရိတ်ဟာ
ညစာစားပွဲတစ်ပွဲရဲ့ ကုန်ကျငွေဟာ
စာမတတ်သူ ကလေးပေါင်းများစွာ
ကျောင်းထားပေးလို့ရတယ်ဆိုတာ
ကမ္ဘာကသိပုံမရဘူး
“ဒါးဗို့”မှာ အစည်းအဝေးလုပ်တော့
“နီဂရိုးပွန်တီ”က
ကလေးတွေအတွက်
ဒေါ်လာ(၁၀၀)တန် ကွန်ပျူတာတွေထုတ်ရမယ်
“ဘီလ်ဂိတ်”က ဒီလိုမဟုတ်
ကွန်ပျူတာနဲ့တွဲကြည့်လို့ရတဲ့ “ဆဲလ်ဖုန်း”တွေ
ထွင်ဖို့လိုတယ်တဲ့
“ရှာရွန်စတုန်း”က ပြောတယ်
လောလောဆယ်
အာဖရိကပြည်သူတွေကို ခြင်ထောင်တွေပေးရမယ်တဲ့
တကယ့်
မီးစတစ်ဖက်
ရေမှုတ်တစ်ဖက်ပါပဲ
ကမ္ဘာဟာ တစ်ဖက်မှာ လေသံကောင်းလွှင့်ပြီး
တစ်ဖက်မှာတော့ ဇိမ်နဲ့ငြိမ့်ချင်နေတုန်းပဲ
ကမ္ဘာဟာ
ခုအချိန်ထိ
တရားတွေ့သလိုလိုနဲ့
တရားကို ကွေ့ရှောင်နေတုန်းပဲ
ကမ္ဘာဟာ
ခုအချိန်ထိ
အရေးကြုံမှ
အရပ်ကူပါ လူဝိုင်းပါလုပ်ချင်နေတုန်းပဲ
ဒိုင်ယာနာမသေခင်
နောက်ဆုံးသောက်သွားတဲ့ဟင်းချိုဟာ
ဒေါ်လာ (၄၀၀၀) တန်တယ်
“ဗီယင်နာ”ကို ဂျော့ဘုခ်ျလာတော့
တည်းခိုခန်းတစ်ညစရိတ်ဟာ
ဒေါ်လာ (၆၀၀၀)ကျတယ်
ဒိုင်ယာနာ့ဟင်းချိုဖိုးလေးသာရ
သူအဆင်ပြေပါပြီတဲ့
လူတစ်ယောက်ကပြောတယ်
“မာသာထရီဇာ”ဟာ
ဂုဏ်သရေရှိတွေရဲ့ ညစာစားပွဲကို
အလှူခံခဲ့ဖူးတယ်
“ဘုရင်ခံချုပ်က နှစ်ယောက်စာဝတ်ထားပြီပဲ
ကျွန်တော် ၀တ်ဖို့မလိုတော့ပါဘူး”တဲ့
မဟတ္တမဂန္ဒီပြောခဲ့သလိုပါပဲ
လူပေါင်းများစွာဟာ ကျောပြောင်နေပြီး
လူအချို့ဟာ တောင်ပုံရာပုံရှိနေတယ်
ကမ္ဘာကသိပုံမရဘူး
အီသီယိုးပီးယား ဒုက္ခသည်တစ်ဦးအလို
အခု သူတို့ဖြစ်နေတာက
“ဆာ”တာပါ
“နာ”တာမဟုတ်ပါဘူးတဲ့
သူတို့အဆင့်ဟာ
“နာ”တဲ့အဆင့်ကို လွန်ခဲ့ပါပြီ
“ဆာ”တာဟာ “နာ”တာထက် ဆိုးပါသတဲ့
ကမ္ဘာပေါ်
လူပေါင်းများစွာ ငတ်ပြတ်မွဲတေနေပြီး
လူအချို့ဟာ ကျိကျိတက်ကြွယ်ဝနေတယ်
ကမ္ဘာ သိပုံမရဘူး
ဒီကမ္ဘာက
လွတ်လပ်စွာပြိုင်ဆိုင်သော တစ်ခေတ်လို
လိုအပ်လာ
အစားအသောက်တွေ ဖျက်ဆီးပစ်ဖို့ အဆင်သင့်
အထည်အလိပ်တွေ မီးပုံရှို့ပစ်ဖို့လည်း အဆင်သင့်
ဒီကမ္ဘာက
ခုအချိန်ထိ
ဆင်းရဲမွဲတေမှုဟာ ပြဿနာလို့လည်း
အသေအချာမသိ
စီးပွားရေးချိန်ခွင်ညှာမညီမျှမှုဟာ
ပြဿနာလို့လည်း အသေအချာမသိ
အဓမ္မရာဂဟာ ပြဿနာလို့လည်း
အသေအချာမသိ
စစ်နဲ့ငြိမ်းချမ်းရေး
ဘယ်ဟာ အရေးကြီးတယ်ဆိုတာလည်း
အသေအချာမသိ
အရိပ်ရမှ အေးမြတယ်လို့လည်း
အသေအချာမသိ
သစ်မြင် ခုတ်ချင်နေတုန်းပဲ
မြစ်မြင် ငါးဖမ်းချင်နေတုန်းပဲ
တွင်းမြင် ရေနံငင်ချင်နေတုန်းပဲ
ကမ္ဘာဟာ
သူ့ကိုယ်သူ ကမ္ဘာတည်မယ်ထင်နေရဲ့
ဘ၀င်လည်းမြင့်ရဲ့
ရူးလည်းရူးရဲ့
ဂိုက်ပေးလည်း ကြမ်းရဲ့
ကမ္ဘာကို မထီမဲ့မြင်ပြုရဲ့
“မာသာထရီဇာ”က တစ်ယောက်တည်း
“ဘင်လာဒင်”တွေ အမျာကြီးပဲ
“ဂန္ဒီ”က တစ်ယောက်တည်း
“ဟစ်တလာ”တွေက အများကြီးပဲ
“တကယ်တော့
ဂျီ- အိပ်ခ်ျဆိုတာ
ကမ္ဘာ့စက်မှုကုန်သည်ကြီးများအသင်းပါ
အစည်းအဝေးလုပ်တယ်ဆိုတာလည်း
ဈေးကွက်ညှိကြတာပါဗျာ”တဲ့
ကမ္ဘာဟာ
နောက်ထပ် ခရူးဆိတ်တစ်ခုကိုလည်း
မြင်တွေ့ထားပုံရရဲ့
နောက်ထပ် ကမ္ဘာစစ်တစ်ခုကိုလည်း
မျှော်လင့်ထားပုံရရဲ့
ခုအချိန်ထိ
လက်နက်အပြိုင် တပ်ဆင်နေတုန်းပဲ
သူ့အုပ်စု ကိုယ့်အုပ်စု ဖွဲ့နေတုန်းပဲ
ဂိုဏ်ဂဏစွဲ အယူဝါဒစွဲတွေ
ပြင်းထန်နေတုန်းပဲ
သံလိုက်များလို
လိုအပ်လာ ကိုယ့်အသင်းရှိရာ ပြေးကပ်မယ့်
မျိုးတူစုတွေကလည်း အဆင်သင့်
“ခုဆို
‘လေ’လည်း လေပြီ”
ကောင်းကင်ပိရင်
ဘယ်ခေါင်းမှ မလွတ်တော့။ ။
လူအိမ်
ပန်းအလင်္ကာမဂ္ဂဇင်း
ဧပြီ၊ ၂၀၀၇
(မိုးဃ်းဇော် စီစဉ်သည့် စိတ်ကူးချိုချိုစာအုပ်တိုက် ၁၀နှစ်ပြည့်အကြို ခေတ်ပြိုင်ကဗျာရှည်အချို့စာအုပ်မှ…)
Showing posts with label ကဗျာရှည်. Show all posts
Showing posts with label ကဗျာရှည်. Show all posts
Wednesday, September 30, 2009
ရူးနေတဲ့ကမ္ဘာ
Tuesday, June 9, 2009
ကမ္ပည်း
ကလေးရေ…
နာကျဉ်နေတဲ့ နှလုံးသားထဲက စီးကျလာတဲ့
မင်းရဲ့ မျက်ရည်တွေကို သုတ်လိုက်ပါ။
ဒီအချိန်ဟာ
မင်းအတွက် အကောင်းဆုံး နိုးထရမယ့်အချိန်။
ငါတို့ အတူတူရှိနေတဲ့
အစိမ်းရောင် မြက်ခင်းပြင်ကြီးကို ကျော်လွန်ပြီး
မင်း… ကြည့်လိုက်ပါ၊
ဟောဟိုက ရွှံ့ညွန်အိုင်ထဲမှာ ကြာဖြူတွေ ပွင့်နေတယ်လေ။
ဘယ်လို ပတ်ဝန်းကျင်မျိုးမှာပဲ
မင်း ကြီးပြင်းခဲ့ပါစေ…
အဲဒီလို စက်ဆုပ်ဖွယ်ရာတွေကြားထဲက ဖူးပွင့်လာမယ့်
မင်းရဲ့ လူသားဆန်မှုဟာ
ဟောဟိုမှာ ဖူးပွင့်နေတဲ့ ကြာဖြူပွင့်တွေထက် ပိုလှပပါတယ်။
ဘယ်သူမဆို
ကိုယ်လိုချင်တပ်မက်တဲ့အရာကို ပိုင်ဆိုင်ဖို့
သူမတူတဲ့ စွမ်းအားတွေ ရှိတတ်ကြပါတယ်၊
ဒါပေမယ့် ငါတို့
တစ်ယောက်ကို တစ်ယောက်
ဆုံးရှုံးဖို့အတွက် ရဲဝံ့ကြစို့လားကွယ်။
ဒါပေမယ့် မင့်ကိုငါ
တစ်ခုတော့ တောင်းပန်ချင်ရဲ့၊
ငါတို့ အတူရှိနေခဲ့ချိန်မှာ မင့်ကို
ပူလောင်တဲ့အနမ်းတွေနဲ့
မိန်းမောဖွယ် အယုအယတွေနဲ့
မဖြားယောင်းခဲ့တာကိုတော့ မင်းနားလည်ပါ။
ငါလိုချင်တာ မင့်အနမ်းတွေမဟုတ်ဘူး… ၊
ငါလိုချင်တာ မင့်ရဲ့ ၀တ်လစ်စလစ်ခန္ဓာကိုယ်မဟုတ်ဘူး… ၊
ငါလိုချင်တာ မင့်ရမ္မက်တွေမဟုတ်ဘူး… ၊
ငါလိုချင်တာ တောက်ပတဲ့ မင့်အနာဂါတ်မဟုတ်ဘူး…။
မင်းရဲ့ လူသားဆန်မှုကိုပဲ ငါတောင့်တရဲ့…။
အဲဒီအတွက်
မင်းရဲ့ ဘ၀သစ်ပင်ကို
ငါ့မျက်ရည်တွေနဲ့ စိုက်ပျိုးခဲ့မယ်ကွယ်…။
မျှော်လင့်ချက်တွေ ခင်းကျင်းထားတဲ့
အခန်းကျဉ်းလေးတစ်ခုထဲမှာ
အလိုဆန္ဒတွေ တောထနေတဲ့
မြို့ပြရဲ့ ဖွံ့ဖြိုးမှုဆိုတာတွေကို ငေးလို့
နေ့နဲ့ညတွေကို တစ်ယောက်တည်း ရေတွက်ရင်း
လေလှိုင်းထဲက မင့် ဆည်းလည်းသံလေး မြည်လာမယ့်အချိန်ကို
စောင့်မျှော်နေမိရဲ့…
မကြာခင်၊ ကံကြမ္မာဟာ တို့နှစ်ဦးကြား
အမှောင်တွေလို ရောက်လာတော့မယ်ကွယ်…။
ငါကတော့ မမြင်ရတဲ့ ကြယ်တွေကိုပဲ ရေတွက်ချင်မိခဲ့။
ကလေးရေ…
မနက်ဖြန်ဆိုတာ အသေအချာ ရောက်လာတတ်တဲ့ အရာပါ…။
ငါ့ကိုချစ်ရင် သစ်ပင်တွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် သန့်စင်တဲ့ လေထုကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် ကောင်းကင်ပြာပြာကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် လှိုင်းဖြူဖြူတွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် ကြယ်ပွင့်တွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းတွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် လူသားတွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် မင့်လက်ထဲက အသားတစ်ဖတ်နဲ့
ဆာလောင်နေသူတွေကို နှစ်သိမ့်ပေးပါ… ။
ကမ္ဘာမြေပေါ်က
အကြင်နာကင်းမဲ့နေတဲ့ ကလေးငယ်တွေရဲ့
ရိုးသားတဲ့မျက်နှာပေါ်က သောကတွေကို
တို့မျက်ရည်တွေနဲ့ သန့်စင်ပေးကြစို့ကွယ်…၊
အဲဒီအခါ
ခွဲခွာခြင်းရဲ့ အဓိပ္ပါယ်ကို မင်းနားလည်လာလိမ့်မယ်။
ငါတို့ရဲ့ ခွဲခွာခြင်းအတွက်
အတ္တကြီးတဲ့ မင့်မိဘတွေကိုရော
ဒီကမ္ဘာမြေပေါ်က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
မင်း အပြစ်မဆိုလိုက်ပါနဲ့ကွယ်။
တစ်နေ့မှာ မင်းဟာ
အသက်ရှင်ခြင်းတရားရဲ့ အဓိပ္ပါယ်နဲ့
အောင်နိုင်သူတို့ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားရမယ့်သူပါကွယ့်။
ဘာကြောင့်များ
ကိုယ့်ကိုကိုယ် နောက်ပြန်မောင်းနှင်နေတဲ့ ခေတ်ကြီးထဲ
ငါတို့ ရောယောင်ကူးခတ်နေကြမလဲကွယ်၊
ငါတို့ တူးဖော်ရမယ့် ရတနာသိုက်ဟာ
ငါတို့ နှလုံးသားထဲမှာပဲ ဆက်ဆက်ရှိနေပါတယ်။
အခုတော့…
ငါဖတ်ရှုဖူးခဲ့တဲ့
ဂျွန်လရဲ့ မိုးရေစက်များနဲ့ ခြားနားစွာ
ကျွန်းဆွယ်လေးပေါ်က ဂျွန်မိုးစက်တွေရဲ့ ရိုင်းစိုင်းမှုကို
ဘ၀နဲ့ရင်းလို့ငါ သင်ယူခဲ့ပါပြီ။
မနက်ဖြန်ဆိုရင်လေ…
နေရောင်ခြည်တွေနဲ့အတူ
ငါ… အဝေးကို ပျံသန်းရတော့မယ်ကွယ်…။
ဖြစ်နိုင်မယ်ဆို ၊ ဟောဒီ
ဘ၀ရဲ့ အချိုးအကွေ့လေးမှာပဲ
တိတ်ဆိတ်စွာ ငါ ရပ်တန့်စောင့်ဆိုင်းနေချင်မိတယ်။
နောက်ထပ် တို့ဝေးကွာကြရမယ့်
ဟောဒီ အချိန်မတိုင်ခင်လေးမှာ
မင်းကို ထွေးပွေ့လို့ နှုတ်ဆက်စကားဆိုချင်ရဲ့… ၊
မင့် ၀ိညာဉ်ကို နမ်းရှိုက်ချင်မိရဲ့…။
တစ်ကယ်ပါ…
ချစ်တယ်…
မင်းကို ချစ်တယ်…
ငါ မင်းကို ချစ်တယ်…။
အဲဒီ စကားလုံးကိုပဲ
ဘာသာစကားမျိုးစုံနဲ့ ငါရေးသားခဲ့ပါပြီ၊
အဲဒီ စကားလုံးကိုပဲ
စင်္ကြ၀ဠာကြီး ပဲ့တင်ထပ်အောင်
ငါ ဟစ်အော်ခဲ့ပါပြီ၊
ဒါပေမယ့်
အဲဒီ စကားလုံးမှာပဲ
ငါ အကြိမ်ကြိမ် ကျဆုံးခဲ့ပါပြီ။
မင်း ပျော်ရွှင်ပါစေ…
မင်း သာယာပါစေ…
မင်း ချမ်းမြေ့ပါစေ…
မင်း အလင်းရပါစေ…
ဒါကိုပဲ ဘုရားသခင်ထံ ငါ ဆုတောင်းမိရဲ့။
မင်း ကျေနပ်နိုင်မှာပါလေ…၊
ဒါဟာ…
မင်းအကြောင်းရေးတဲ့ ကဗျာ
ဒါမှမဟုတ်
ငါ့နှလုံးသားရဲ့ ကမ္ပည်း ပေါ့…။ ။
ညီဇေ
Subscribe to:
Posts (Atom)