Tuesday, June 9, 2009

ကမ္ပည်း



ကလေးရေ…
နာကျဉ်နေတဲ့ နှလုံးသားထဲက စီးကျလာတဲ့
မင်းရဲ့ မျက်ရည်တွေကို သုတ်လိုက်ပါ။

ဒီအချိန်ဟာ
မင်းအတွက် အကောင်းဆုံး နိုးထရမယ့်အချိန်။


ငါတို့ အတူတူရှိနေတဲ့
အစိမ်းရောင် မြက်ခင်းပြင်ကြီးကို ကျော်လွန်ပြီး
မင်း… ကြည့်လိုက်ပါ၊
ဟောဟိုက ရွှံ့ညွန်အိုင်ထဲမှာ ကြာဖြူတွေ ပွင့်နေတယ်လေ။

ဘယ်လို ပတ်ဝန်းကျင်မျိုးမှာပဲ
မင်း ကြီးပြင်းခဲ့ပါစေ…
အဲဒီလို စက်ဆုပ်ဖွယ်ရာတွေကြားထဲက ဖူးပွင့်လာမယ့်
မင်းရဲ့ လူသားဆန်မှုဟာ
ဟောဟိုမှာ ဖူးပွင့်နေတဲ့ ကြာဖြူပွင့်တွေထက် ပိုလှပပါတယ်။

ဘယ်သူမဆို
ကိုယ်လိုချင်တပ်မက်တဲ့အရာကို ပိုင်ဆိုင်ဖို့
သူမတူတဲ့ စွမ်းအားတွေ ရှိတတ်ကြပါတယ်၊
ဒါပေမယ့် ငါတို့
တစ်ယောက်ကို တစ်ယောက်
ဆုံးရှုံးဖို့အတွက် ရဲဝံ့ကြစို့လားကွယ်။

ဒါပေမယ့် မင့်ကိုငါ
တစ်ခုတော့ တောင်းပန်ချင်ရဲ့၊
ငါတို့ အတူရှိနေခဲ့ချိန်မှာ မင့်ကို
ပူလောင်တဲ့အနမ်းတွေနဲ့
မိန်းမောဖွယ် အယုအယတွေနဲ့
မဖြားယောင်းခဲ့တာကိုတော့ မင်းနားလည်ပါ။

ငါလိုချင်တာ မင့်အနမ်းတွေမဟုတ်ဘူး… ၊
ငါလိုချင်တာ မင့်ရဲ့ ၀တ်လစ်စလစ်ခန္ဓာကိုယ်မဟုတ်ဘူး… ၊
ငါလိုချင်တာ မင့်ရမ္မက်တွေမဟုတ်ဘူး… ၊
ငါလိုချင်တာ တောက်ပတဲ့ မင့်အနာဂါတ်မဟုတ်ဘူး…။

မင်းရဲ့ လူသားဆန်မှုကိုပဲ ငါတောင့်တရဲ့…။

အဲဒီအတွက်
မင်းရဲ့ ဘ၀သစ်ပင်ကို
ငါ့မျက်ရည်တွေနဲ့ စိုက်ပျိုးခဲ့မယ်ကွယ်…။

မျှော်လင့်ချက်တွေ ခင်းကျင်းထားတဲ့
အခန်းကျဉ်းလေးတစ်ခုထဲမှာ
အလိုဆန္ဒတွေ တောထနေတဲ့
မြို့ပြရဲ့ ဖွံ့ဖြိုးမှုဆိုတာတွေကို ငေးလို့
နေ့နဲ့ညတွေကို တစ်ယောက်တည်း ရေတွက်ရင်း
လေလှိုင်းထဲက မင့် ဆည်းလည်းသံလေး မြည်လာမယ့်အချိန်ကို
စောင့်မျှော်နေမိရဲ့…
မကြာခင်၊ ကံကြမ္မာဟာ တို့နှစ်ဦးကြား
အမှောင်တွေလို ရောက်လာတော့မယ်ကွယ်…။

ငါကတော့ မမြင်ရတဲ့ ကြယ်တွေကိုပဲ ရေတွက်ချင်မိခဲ့။

ကလေးရေ…
မနက်ဖြန်ဆိုတာ အသေအချာ ရောက်လာတတ်တဲ့ အရာပါ…။

ငါ့ကိုချစ်ရင် သစ်ပင်တွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် သန့်စင်တဲ့ လေထုကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် ကောင်းကင်ပြာပြာကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် လှိုင်းဖြူဖြူတွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် ကြယ်ပွင့်တွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းတွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် လူသားတွေကိုချစ်ပါ… ၊
ငါ့ကိုချစ်ရင် မင့်လက်ထဲက အသားတစ်ဖတ်နဲ့
ဆာလောင်နေသူတွေကို နှစ်သိမ့်ပေးပါ… ။

ကမ္ဘာမြေပေါ်က
အကြင်နာကင်းမဲ့နေတဲ့ ကလေးငယ်တွေရဲ့
ရိုးသားတဲ့မျက်နှာပေါ်က သောကတွေကို
တို့မျက်ရည်တွေနဲ့ သန့်စင်ပေးကြစို့ကွယ်…၊
အဲဒီအခါ
ခွဲခွာခြင်းရဲ့ အဓိပ္ပါယ်ကို မင်းနားလည်လာလိမ့်မယ်။

ငါတို့ရဲ့ ခွဲခွာခြင်းအတွက်
အတ္တကြီးတဲ့ မင့်မိဘတွေကိုရော
ဒီကမ္ဘာမြေပေါ်က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
မင်း အပြစ်မဆိုလိုက်ပါနဲ့ကွယ်။

တစ်နေ့မှာ မင်းဟာ
အသက်ရှင်ခြင်းတရားရဲ့ အဓိပ္ပါယ်နဲ့
အောင်နိုင်သူတို့ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားရမယ့်သူပါကွယ့်။

ဘာကြောင့်များ
ကိုယ့်ကိုကိုယ် နောက်ပြန်မောင်းနှင်နေတဲ့ ခေတ်ကြီးထဲ
ငါတို့ ရောယောင်ကူးခတ်နေကြမလဲကွယ်၊
ငါတို့ တူးဖော်ရမယ့် ရတနာသိုက်ဟာ
ငါတို့ နှလုံးသားထဲမှာပဲ ဆက်ဆက်ရှိနေပါတယ်။

အခုတော့…
ငါဖတ်ရှုဖူးခဲ့တဲ့
ဂျွန်လရဲ့ မိုးရေစက်များနဲ့ ခြားနားစွာ
ကျွန်းဆွယ်လေးပေါ်က ဂျွန်မိုးစက်တွေရဲ့ ရိုင်းစိုင်းမှုကို
ဘ၀နဲ့ရင်းလို့ငါ သင်ယူခဲ့ပါပြီ။

မနက်ဖြန်ဆိုရင်လေ…
နေရောင်ခြည်တွေနဲ့အတူ
ငါ… အဝေးကို ပျံသန်းရတော့မယ်ကွယ်…။

ဖြစ်နိုင်မယ်ဆို ၊ ဟောဒီ
ဘ၀ရဲ့ အချိုးအကွေ့လေးမှာပဲ
တိတ်ဆိတ်စွာ ငါ ရပ်တန့်စောင့်ဆိုင်းနေချင်မိတယ်။

နောက်ထပ် တို့ဝေးကွာကြရမယ့်
ဟောဒီ အချိန်မတိုင်ခင်လေးမှာ
မင်းကို ထွေးပွေ့လို့ နှုတ်ဆက်စကားဆိုချင်ရဲ့… ၊
မင့် ၀ိညာဉ်ကို နမ်းရှိုက်ချင်မိရဲ့…။

တစ်ကယ်ပါ…

ချစ်တယ်…

မင်းကို ချစ်တယ်…

ငါ မင်းကို ချစ်တယ်…။

အဲဒီ စကားလုံးကိုပဲ
ဘာသာစကားမျိုးစုံနဲ့ ငါရေးသားခဲ့ပါပြီ၊
အဲဒီ စကားလုံးကိုပဲ
စင်္ကြ၀ဠာကြီး ပဲ့တင်ထပ်အောင်
ငါ ဟစ်အော်ခဲ့ပါပြီ၊
ဒါပေမယ့်
အဲဒီ စကားလုံးမှာပဲ
ငါ အကြိမ်ကြိမ် ကျဆုံးခဲ့ပါပြီ။

မင်း ပျော်ရွှင်ပါစေ…
မင်း သာယာပါစေ…
မင်း ချမ်းမြေ့ပါစေ…
မင်း အလင်းရပါစေ…
ဒါကိုပဲ ဘုရားသခင်ထံ ငါ ဆုတောင်းမိရဲ့။

မင်း ကျေနပ်နိုင်မှာပါလေ…၊
ဒါဟာ…
မင်းအကြောင်းရေးတဲ့ ကဗျာ
ဒါမှမဟုတ်
ငါ့နှလုံးသားရဲ့ ကမ္ပည်း ပေါ့…။ ။

ညီဇေ

6 comments:

ဝင်းပေါ်မောင် said...

အိုး... တကယ်ကို ခံစားရပါလားကွယ်။ ကဗျာပဲ ဖြစ်ပါစေ... လို့ ဆုတောင်းနေမိရဲ့

minkyawzay said...

ရင် တစ်ခုလုံးနေရာအနှံ့ ခံစားလိုက်ရတယ်ဗျာ
ကောင်းလိုက်တာလို့ တောင်မပြောရက်လောက်အောင်
ကောင်းတယ်ဗျာ

win latt said...

ကဲ..ဆရာ....
ဝေဒနာက ဒီမှာ ရတာလား...ရပြီးမှရောက်လာတာလား...
ရပြီးမှ ရောက်လာတာဆိုရင် ပြန်တဲ့အခါ ကုလိုက်ပါ...
ပျောက်မှ ပြန်လာခဲ့ပေါ့....။
ဒီမှာရတဲ့ဝေဒနာဆိုရင်တော့ .....။
အချစ်ဝထ္တု ဖတ်လိုက်ရသလိုပါပဲ....
စိတ်ကျန်းမာအောင်လဲ နေဗျ....

အောင်ခိုင်(မန်း) said...

ရှေ့ဆက်လျှောက်မလား???ဆရာ

မာနကို ဖုံးကွယ်ကာ
ဒုက္ခဆိုတာ ခဏလေးပါ
စိတ်ဓာတ်နဲ့ အရယူခဲ့ပါ
အမှောင်တွေ ကျော်လွန်ပြီးသွားခဲ့ရင်
တောက်ပတဲ့နေရောင်ခြည်နဲ့အတူ
လတ်ဆတ်တဲ့ နံနက်ခင်းလေပြေလေးဟာ
သင့်အတွက် အမောပြေစေမှာပါ။

နောက်ပြန်လှည့်မလား???ဆရာ

သင်က ခူးယူချင်လျက်နဲ့ မခူးယူခဲ့ဘူးဆိုရင်.....
ပန်းလေးတစ်ပွင့်က ကြွေချင်လျှက်နဲ့ ကြွေခွင့်မရခဲ့ဘူးဆိုရင်.....
အဲဒီပန်းကလေး ဆက်လက်လှပစေဖို့
သင့် မျက်ရည်မိုးတွေကို သွန်းလောင်းခဲ့ပါ။

စိတ်ညစ်နေမလား???ဆရာ

သင် လျှောက်နေတဲ့လမ်းမှာ
ပန်းလေးတစ်ပွင့်ကို စတွေ့ပြီဆိုပါစို့၊
အဲဒီပန်းကလေးကို ခူးဖို့ ဇဝေဇ၀ါ ဖြစ်နေရင်
မခူးယူပဲထားခဲ့ပါ၊
သင် ရှေ့ဆက်လျှောက်မဲ့လမ်းမှာ ထိုကဲသို့
ပန်းကောင်းများစွာ ကျန်ရှိနေပါသေးတယ်။
မျှော်နေသူနဲ့ လာချင်သူ မတွေ့သေးသ၍တော့
ဆုံနိုင်ဦးမည် မဟုတ်ပါ။

ဇေဇော် said...

ဆရာတို့ရေ... ၊ ကဗျာမဟုတ်တဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခုပါဗျာ...။ မနေ့ညကတော့ သူ့မိဘတွေက အခုလောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့အကြောင်း လာပြီး ပြောသွားပါတယ်...။ သူကလည်း သူ့ဆုံးဖြတ်ချက်ကို ပြောသွားပါတယ်...။ ဇာတ်ရှိန်က ဒီနေ့မှ ပိုမြင့်မှာ ဆရာတို့ရေ...။ မင်းသားနဲ့ မင်းသမီး တစ်ကယ်ပဲ ပေါင်းရမလား...။ ဘယ်လို အဆုံးသတ်မျိုးနဲ့ ပြန်ဝေးကွာသွားကြရမယ်ဆိုတာ အခုတော့ မသိနိုင်သေးပါဘူး...။ အခုတော့ အခန်းထဲမှာပဲ စာဖတ်လိုက်၊ အိပ်လိုက် လုပ်နေပါတယ်...။ စွဲလမ်းမှုတွေရဲ့ ဒုက္ခတွေကို ကြောက်လို့ ဗမာပြည်ရောက်ရင် တရားစခန်းဝင်ဖို့ လုပ်နေပါတယ်ခင်ဗျာ...။ ဆရာတို့ ကျန်းမာပျော်ရွှင်ကြပါစေဗျာ...။ အင်တာနက်သုံးလို့ မလွယ်တာမို့ အကြောင်းမပြန်နိုင်တာ နားလည်ပေးကြပါဗျာ...။ အင်း... နောက်ဖြေရှင်းရမှာက ရှိသေးတယ်ဗျာ...။ ညီဇေဆိုပြီး အသိမဂ္ဂဇင်းတွေကို စာမူပို့ပို့နေလို့တဲ့...။ အဲဒါ ကျနော်ပို့တာလားဆိုပြီး မေးလာတယ်ဗျာ...။ ကျနော်က ပုံနှိပ်စာမျက်နှာတွေပေါ်မှာ ဒီနံမည်နဲ့ မရေးသေးတော့ ခက်နေတယ်ဗျို...။ ပြန်ရောက်မှပဲ ဒီကိစ္စကို ဖြတ်ရဦးမယ်ဗျာ...။

မောင်ခြိမ့် said...

ဘဝဆိုတာ ကဗျာ တစ်ပုဒ် ဘဲ မဟုတ်လား ၊ မျော်လင့်ချက် ရောင်နီ တွေ လာနေပြီ..........ရှေ့ဆက်လျှောက်ပါ......အောင်မြင်မှု ပန်းတိုင် ဆိုတာ တကယ် မဝေးတော့ပါ..........