Wednesday, January 28, 2009

အများအကျိုး၊ ရွက်သည်ပိုးက...

ပေးပို့သူ=ဟိန်းမင်း

ဟန်းဂုရွာသူရွာသားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာစိတ်ချမ်းသာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ ကိုရီးယားနိုင်ငံမှာ လာရောက်အလုပ်ကိုင်နေတဲ့ အလုပ်သမားတယောက်ပါ။ ကိုရီးယားနိုင်ငံမှာ မြန်မာအလုပ်သမား ၃၀၀၀ကျော်ရှိတယ်လို့ ကျွန်တော်သိရပါတယ်။ အဲ့ဒီအထဲမှာမှ လူနည်းစုကတော့ ကျွန်တော် အင်မတန်မှ လေးစားရတဲ့ အများအကျိုးကို ဆောင်ရွက်နေကြသူတွေပါ။ အများအကျိုးကို ဆောင်ရွက်ကြတဲ့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့တွေအပြင် လူအများ အကျိုးရှိစေနိုင်မယ့် စာတွေ၊ ဘလော့(စ်)တွေ ရေးနေတဲ့သူတွေကိုလည်း ရည်ရွယ်ပါတယ်။ ကျွန်တော်ကတော့ စာတွေ၊ ဘလော့(စ်)တွေ ရေးနေတဲ့သူတယောက် မဟုတ်သလို အများအကျိုး ဆောင်ရွက်နေသူလည်း မဟုတ်ပါဘူး။ အများအကျိုးကို ဆောင်ရွက်နေသူတွေကိုကြည့်ပြီး လေးစားအားကျစွာဖြင့် အများအကျိုး ဆောင်ရွက်ဖို့ ကြိုးစားနေသူတယောက်ပါ။ ဒါကြောင့် ဒီစာလေးကို အများအကျိုး ဆောင်ရွက်နေသူတွေကို လေးစားသောအားဖြင့် တင်ပြလိုက်ပါသည်။

စာရေးဆရာ နန္ဒာသိန်းဇံ၏ တွေးချိန်ချင့်စရာ စာအုပ်ထဲမှ (အများအကျိုးရွက်သည်ပိုးက)ဆိုသော အကြောင်းအရာလေးကို တင်ပြလိုက်ပါသည်။
အများအကျိုးရွက်သည်ပိုးက
‘အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ’ ဆိုသော သူနှစ်ဦးကို တနေ့တည်း နှစ်ခါကြုံခဲ့၏။ ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွယ်လျလျနှင့် စကားပြော ညင်သာသူဖြစ်ပါသည်။
သူကဆိုသည်။
သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသောဝ်…..ဆိုတဲ့ စကား ရှိတယ်မဟုတ်လားဗျာ၊ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော် ၀မ်းသာရမယ်မဟုတ်လား။ ဒါပေမယ့် အများအကျိုးကို ရည်မြှော်လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမလည်တဲ့ သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေရှိတာပေါ့။ ကိုယ့်ကို မနာလိုဖြစ်လာတာတွေ၊ ကိုယ့်လုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်တာတွေ၊ အမနာပပြောတာတွေ… ရှိတာပေါ့ဗျာ။ ရှိတာပေါ့။ ဒီလို ရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်မှာပါ……. “အများအကျိုးရွက်သယ်ပိုးက၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ မှန်လမ်းကြောင်းဖြင့်၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့...”ဆိုတဲ့ ဆုံးမစကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်အရောက် လျှောက်မှာပါပဲ၊ သွားမှာပါပဲ….။
သူ့စကား နားထောင်ရင်း အနှောင့်အယှက် အခက်အခဲ တို့ကို ရင်ဆိုင်ဖို့ တင်းထားသောသူ၏ မာန်ကိုမြင်ယောင်၍ရပါသည်။

ဒုတိယလူကတော့ အရပ်ခပ်ပြတ်ပြတ်၊ ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကားသံကလည်း မာကျောသည်။
သူကဆိုပါသည်။
“ခင်ဗျား ကြားဖူးတယ်မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ….”ဆိုတာလေ
သူ ဘာဆက်ပြောမယ်ဆိုတာ ကျွန်တော် ငြိမ်၍စောင့်သည်။ ဟိုဗျာ…အမေရိကတိုက်ကို နိုင်ငံပေါင်းစုံကလူတွေ လာပြီးအခြေချစဉ်ကာလက မြင်းနှစ်ကောင်..၊ ဒါမှမဟုတ် မြင်းလေးကောင်ဆွဲတဲ့ ကယ်ရဗင်(caravan) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်။ ရွာတည်ထောင်မိကြတဲ့အခါမှာလဲ အဲဒီ ပေါင်းမိုးမြင်းတပ် ကယ်ရဗင်လှည်းကြီးတွေနဲ့ တစ်ရွာဝင်၊ တစ်ရွာထွက် လှည့်ပြီး ဈေးရောင်းကြတယ်။
ဈေးလှည့်ရောင်းတဲ့ ကယ်ရဗင်လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေရော၊ အခြားပစ္စည်းတွေရော အစုံပါတယ်။ ဒီတော့ ဒီဈေးလှည်းကြီးလာရင်၊ လမ်းကလည်း မကောင်းတဲ့ခေတ်ဆိုတော့.. လှည်းလှုပ်တိုင်း အိုးခွက်တွေအချင်းချင်း တိုက်လို့ထွက်လာတဲ့ ဂလုံ ဂလွမ် အသံတွေရော၊ အခြားအသံပလံတွေရော၊ သံစုံမြည်နေတာပေါ့။ သံစုံမြည်နေတဲ့ လှည်းကြီး ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ခွေးတွေက အဲ့ဒီလှည်းကြီးကို ၀ိုင်းဟောင်ကြတယ်တဲ့ဗျ။ ဒီလို ၀ိုင်းဟောင်ကြပေမယ့် လှည်းကြီးကတော့ သူသွားရမယ့် အရပ်ဆီသွားမြဲပါပဲ…။ the dogs bark but caravan goes on...တဲ့။ ကျွန်တော်လည်း ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲ သွားနေတာပါပဲ။ အများအကျိုး ရှေ့ရှုလုပ်နေတာဖြစ်ပေမယ့် ဒါကို သဘောမပေါက်၊ နားမလည်သူတွေက ကျွန်တော့ကို အပြစ်ပြောကြ၊ သရော်လှောင်ပြောင်ကြ၊ အတင်းအဖျင်းချကြနဲ့… နှောင့်ယှက်လိုက်ကြတာ အများကြီးပါ။ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးကိုသာ ရပ်ရမယ်ဆိုရင် လိုရာအရပ် ဘယ်ရောက်တော့မလဲဗျာ၊ သူတို့က လှောင်ပြောင် အပြစ်ပြောတိုင်းသာ ကျွန်တော်တို့ သွားရမယ့်ခရီး၊ လုပ်ရမယ့်အလုပ်ကို ရပ်ရမယ်ဆိုရင်လဲ ပန်းတိုင်ကို ဘယ်ရောက်တော့မှာလဲ၊ လှည်းကြီးကတော့ သွားမြဲပင်..ဆိုသလို ကျွန်တော်လဲ သွားရမယ့်ပန်းတိုင်ဆီကို သွားမြဲပါပဲ…။ သူ့စကားက မာကျောပါသည်။ ပြတ်သားပါသည်။ သူ့မှာ အားမာန်အပြည့် ရှိနေပုံလည်း ပေါ်နေပါသည်။ အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးကို ကျွန်တော်က ကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့နှင့်စာလျှင် ဘာမှ မပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ၊ အနှောင့်အယှက်ဖြင့် တွေဝေရပ်တန့်နေသော ကျွန်တော့ကို ထိုနေ့ကတည်းကစ၍ ရှေ့သို့ဆက်သွားဖို့..၊ သွားမြဲသွားနေဖို့၊ ထိုသူနှစ်ဦး၏ စကားများက လှုံ့ဆော်တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါသတည်း။

1 comment:

Unknown said...

နန္ဒာသိန်းဇံ၏ တွေးချိန်ချင့်စရာစာအုပ် ကိုရှာရင်းရောက်လာပါသည်။ အများအကျိုးရွက်သည်ပိုးက ဆောင်းပါးကိုကူးသွားပါသည်။ ခွင့်ပြုမည်ထင်ပါသည်။ ကျေးဇူးအထူးတင်ပါသည်။