Monday, June 9, 2014
ကုသိုလ်အပေါင်း သာဓု ခေါ်စေသော်
Tuesday, September 17, 2013
ကိုကိုရွှေမြန်မာတို့ရဲ့ မေတ္တာ ၊ တယ်လီတော်ကီရဲ့ တုန့်ပြန်စေတနာ
ယနေ့ တောင်ကိုရီးယားနိုင်ငံ၌ ၊ ကိုရီးယားနိုင်ငံသားများပိုင် တယ်လီဖုန်းဆားဗစ် လုပ်ငန်းငယ်များ တဖြုတ်ဖြုတ်ကြွေလွင့်နေသော်ငြား ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပိုင်တယ်လီတော်ကီဖုန်းဆားဗစ်လုပ်ငန်း ငယ်လေးတစ်ခု အမှတ်မထင် အတည်တကျ ရပ်တည်နေနိုင်ခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါသည် ။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများက မြန်မာအချင်းချင်းရိုင်းပင်းကူညီကြရမည်ဟူသော အသိဖြင့် ၊ အချင်းချင်းအလေးအနက်ထားကူညီပံ့ပိုးအားပေးကြသောကြောင့်သာလျင် ၊ တယ်လီတော်ကီက ထိုသို့ ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟု အကြေအလည် နားလည်သဘောပေါက်ပါသည် ။
မြန်မာအချင်းချင်းအလေးအနက်ထား အားပေးကြသည့် မိတ်ဆွေများအားလုံးကို တယ်လီတော်ကီက အစဉ်မြဲ ကျေးဇူးတင်လျက်ရှိပါကြောင်း နှင့် မိတ်ဆွေတို့၏ ကျေးဇူးတရားကိုလည်း အစဉ်အမြဲ နှလုံးသွင်းလျက် ရှိပါကြောင်း အလေးအနက် ဖော်ညွှန်းအပ်ပါသည် ။
တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ဆိုသကဲ့သို့ ၊ ကိုရီးယားနိုင်ငံရောက် ကိုကိုရွှေမြန်မာတို့အား တယ်လီတော်ကီက ကျေးဇူးတုန့်ပြန်လိုပါသည် ။
အစီအစဉ်မှာ ၊ တယ်လီတော်ကီစတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၊ လာမည့် ၂၀၁၃ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ညနေ ၆ နာရီ အချိန်ထိ ၊ တယ်လီတော်ကီထံတွင် အားပေးခဲ့ကြသည့် အားပေးနေကြသည့် အားပေးကြဦးမည့် မိတ်ဆွေများအနက် အောက်ဖော်ပြပါ မိတ်ဆွေများအား ၊ သင့်တင့်လျောက်ပတ်ရာ မေတ္တာဆုငွေများချီးမြှင့်သွားမည်ဖြစ်ပါသည်-
- ကတ်ဖုန်း(Prepaid Phone)လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
- လိုင်းဖုန်း(Postpaid Phone) လိုင်းဖွင့်သူ(KT, SK, LG)များအားလုံးအနက် ကံထူးသူ ၁ ဦး
ချီးမြှင့်မည့် မေတ္တာဆုငွေမှာ ၊ အောက်ပါအတိုင်းဖြစ်ပါသည် -
- လိုင်းဖုန်းကံထူးရှင်အတွက် ဝမ် ၇ သိန်း (ဝမ်ခုနစ်သိန်း) နှင့်
- ကတ်ဖုန်းကံထူးရှင်အတွက် ဝမ် ၃ သိန်း (ဝမ်သုံးသိန်း) ။
မှတ်ချက်-
- လိုင်းဖွင့်သူများတွင် လိုင်းသစ်ဖွင့်ခြင်း နှင့် လိုင်းပြောင်းဝင်ခြင်း ၂ မျိုးစလုံးပါဝင်ပါသည် ။
- ၂၀၁၃ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် ဖုန်းလက်ခံခွင့် သို့မဟုတ် ဖုန်းပြောခွင့်ရပ်ဆိုင်းခံနေရသူများ ပါဝင်မည်မဟုတ်ပါ ။
- အသေးစိတ်အစီအစဉ် ထပ်မံကြေညာပါမည် ။
မြန်မာများကံထူးကြပါစေ ။
မေတ္တာဖြင့် -
တယ်လီတော်ကီ
၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ၁ ရက်
Friday, June 14, 2013
ကိုဇော်မင်းဌေးကို ကူညီကြသူများ အားလုံး ကျေးဇူးတင်ရှိပါကြောင်း
ပြီးခဲ့သည့် မေ ၂၈ ရက် ပူချောန် ဆောန်မို ဆေးရုံကြီး ( ရိုမာန်ကက်သလစ် ဆေးရုံကြီး ) တွင် လက်ကျိုး၍ ဆေးကုသခံယူနပြေီး ဇွန် ၅ ရက်က အောင်မြင်စွာ ခွဲစိတ်ပြီးခဲ့သော ကိုဇော်မင်းဌေးသည် ဇွန် ၁၃ ရက် ကြာသပတေးနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းလာပြီး ယခု မြန်မာ ဗုဒ္ဓသာသနာပြု ကျောင်းတော်တွင် ကောင်းမွန် ကျန်းမာစွာ နေထိုင်လျက် ရှိပါသည်။
ကိုဇော်မင်းဌေး၏ ဆေးကုသစရိတ်အတွက် ၀န်းရံ ကူညီကြသည့် ပုဂ္ဂိုလ်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဦးသုဝဏ္ဏ ( ကျောင်းထိုင်ဆရာတော်၊ သန္တိသရ၀ိကာရကျောင်း၊ အာန်ဆာန်) ၁၀၀၊ ၀၀၀
၂။ အကျိုးတော်ဆောင်များအဖွဲ့ (သန္တိသရ၀ိကာရကျောင်း၊ အာန်ဆာန်) ၁၀၀၊ ၀၀၀
၃။ ဦးကိတ္တိသာရ (ဓမ္မဒူတကျောင်းတော်၊ ကိုရီးယား) ၁၀၀၊ ၀၀၀
၎။ ကိုညိုလုံး ၁၀၊ ၀၀၀
၅။ ကိုသီ ၂၀၊ ၀၀၀
၆။ ကိုစောနိုင်နှင့် ညီအကိုများ ၃၀၀၊ ၀၀၀
၇။ ကိုတိုးသူဝင်းနှင့် ညီအကိုများ ၆၃၅၊ ၀၀၀
-------------------------
၁၊ ၂၆၅ ၊ ၀၀၀ (၀မ်)
၈။ ကိုသိန်းမြင့် ၁၃၀၊ ၀၀၀
စုစုပေါင်း ကောက်ခံရရှိငွေ ၁၊ ၃၉၅၊ ၀၀၀ (၀မ်) ဖြစ်ပါသည်။
ကိုဇော်မင်းဌေး၏ ဆေးကုသစရိတ်သည် ၅၊ ၆၉၄၊ ၉၂၀ (၀မ်) ကုန်ကျပါသည်။ အဆိုပါက ကုန်ကျစရိတ်ကို အထက်ပါ ဆေးကုသစရိတ်ကို ကူညီကြသည့် ပုဂ္ဂိုလ်များအပြင်၊ ကိုဇော်မင်းဌေး၏ ချစ်သူငယ်ချင်း မိတ်ဆွေများ၊ ပူချောန် ဆောန်မို ဆေးရုံကြီး လူမှုအထောက်အကူပြုဌာနက တာဝန်ရှိသူများ၏ အကူအညီဖြင့်အင်ချောန် ရွှေ့ပြောင်းနေသူများဌာန၏ ဆေးကုသစရိတ် ကူညီငွေနှင့် ရွှေ့ပြောင်းနေသူများအတွက် ထောက်ပံ့ကူညီရေးဌာနနှင့် ပူချောန် ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ပေးရေး စင်တာက တာဝန်ရှိသူတို့က ၀န်းရံ ကူညီ အားပေးမှုများကြောင့် ဆေးကုသစရိတ်မှာ အခက်အခဲ မရှိ ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ၄င်းနောက် ကိုဇော်မင်းဌေး ဆေးရုံတက်နေစဉ် လာရောက် မေးမြန်းကြသော ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူများ၊ ဆေးရုံတွင် လာစောင့်ပေးကြသော မိတ်ဆွေများ၊ မြန်မာအသင်း (ကိုရီးယား) က တာဝန်ရှိသူများ၊ အစစအရာရာ တတ်နိုင်သည့်ဘက် လိုက်လံ ကူညီပေးသော ဦးဇော်မိုးအောင်နှင့် မိသားစု၊ ဖုန်းဖြင့်သော်လည်းကောင်း လူကိုယ်တိုင်သော်လည်း လာရောက် မေးမြန်းကြသူများ အားလုံးနှင့် ကူညီကြသူများ အားလုံး အထူး ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ကူညီကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးရန် ဟူသမျှက ကင်းဝေးကြပါစေ။
အကျိုးတော်ဆောင်
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
၀၃၂ ၅၁၁ ၂၈၄၁
Tuesday, November 6, 2012
မြန်မာအသင်း ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အင်ချွန်း ပထမရ
ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
၁၂ ကြိမ်မြောက် မြန်မာအသင်း ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ၂၀၁၂ နိုဝင်ဘာ ၄ ရက်နေ့က ပူချွန်းမြို့တွင် ကျင်းပရာ၊ နောက်ဆုံး ဗိုလ်လုပွဲတွင် အင်ချွန်းယူနိုက်တက်နှင့် ချင်းလူငယ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၂း၁ ဂိုး ဖြင့် အင်ချွန်းအသင်းက ပထမ ဆုဖလား ရရှိသွားပါသည်။
က) ဂိုး = ဇော်မိုက် 1 ၊ အောင်ဆန်းအသင်း
ခ) နောက်တန်း = ဇင်လင်းသူ 19 ၊ ဂေါ်ဂျယ်အသင်း
ဂ) အလယ်တန်း = ဖိုးတုတ် ခေါ် ငွန်ထောင် 7 ။ ချင်းလူငယ်အသင်း
ဃ) ရှေ့တန်း = ကျော်ဇေယျ 9 ၊ အင်ချွန်းယူနိုက်တက်
င) အကောင်းဆုံး ဘောလုံးသမား = ဆွမ်သောင် 9 ၊ ချင်းလူငယ်အသင်း
ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော ဘောလုံးအသင်းများ၊ ပြိုင်ပွဲကို ကြီးကြပ်ပေးခဲ့သော မြန်မာ-ကိုရီးယား ဒိုင်ကော်မတီဝင်များ၊ အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသူ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း မြန်မာအသင်း (ကိုရီးယား)က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အမှုဆောင်အဖွဲ့
Wednesday, October 3, 2012
ကျေးဇူးတင်လွှာ
ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
နံနက်ပိုင်း တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ရှေ့တွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပေးသော မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်မှ ဆရာတော် ဦးသုမင်္ဂလ(ဝေါဆရာတော်)နှင့် ပံ့ပိုးကူညီပေးသော ကိုထွန်းထွန်းလင်းနှင့် မိတ်ဆွေများ ........
ဘုရားပွဲတော် ကျင်းပရာတွင် ဘုရားပင့်ဆောင်မှု အစီအစဉ်အား ဦးဆောင် ဆောင်ရွက်ပေးသော ကိုကောင်းဆက်နှင့် သူငယ်ချင်းများ၊ အဖြူရောင်မေတ္တာလူငယ်များ .......
ဘုရားပွဲတော် အစီအစဉ်တွင် ဂုဏ်ပြုစကားပြောကြားပေးသော ဆော့ဂွမ်ဆာကျောင်းတိုက်မှ ဘုန်းတော်ကြီး လင်ယောင်တန် ၊ ဘူချွှန်းအလုပ်သမားရိပ်သာ ဥက္ကဋ္ဌ ........
အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ပေးကြသော မမိုမိုချိုဝင်းနှင့် မသက်စံနှင်း.......
မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးသော ကိုမင်းဟန်နှင့် သူငယ်ချင်းများ.........
မှတ်တမ်းရုပ်သံ ရိုက်ကူးပေးသော ကိုအောင်စစ်နိုင်နှင့် ညီအကိုများ.......
ဧည့်ပရိတ်သတ်များအား စတုဒီသာ ကျွေးမွေးဧည့်ခံခဲ့ကြသော .........
(၁) ဓမ္မဒူတ(ကိုရီးယား) (၂) မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား) (၃) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ကိုရီးယား) (၄) မြန်မာ့အရေးလှုပ်ရှားမှု(ကိုရီးယား) (၅) မြန်မာစင်တာ (၆) ဂွမ်ဂျုးလူမှုရေး အသင်း (၇) အန်ဆန်းရှီဟွာ လူငယ်များ (၈) ရခိုင်အသင်း(ကိုရီးယား) (၉) မွန်အသင်း(ကိုရီးယား) (၁ဝ) ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယား) (၁၁) အဖြူရောင်မေတ္တာလူငယ်များ (၁၂) မိုးကြိုးလူငယ်များ (၁၃) ကိုဝင်းကိုနှင့် သူငယ်ချင်းများ (၁၄) Global Top
ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်ကူညီပေးခဲ့ကြသည့်......
မြန်မာသံတေးဂီတနှင့် အက ဖျော်ဖြေခဲ့သော ညီအကို မောင်နှမများ
မျိုးချစ်မောင် ဒိုးအဖွဲ့
The Mirrors Band
Rainbow Band
နှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော စေတနာရှင် ညီအကို မောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
Monday, September 3, 2012
အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်
လွန်ခဲ့သည့် ရက်သတ္တပတ် ဓမ္မဒူ နွေရာသီအပမ်းဖြေခရီးစဉ် (၃/၂၀၁၂) (강원도)ဒေသ အပမ်းဖြေခရီး တွင် လိုက်ပါခဲ့ကြသော အောက်ဖော်ပြပါ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တင်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်-
- ကိုအောင်မျိုးသူ(ကောန်ဂု-ဂ် ယူနီဗာစီတီ) နှင့် အဖွဲ့
- ကိုဝင်းလှိုင် (ဂလိုဗယ်တော့-ပ်) နှင့်အဖွဲ့
လူကြီးမင်းတို့ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့သော ဤအပမ်းဖြေခရီးစဉ်မှ ပိုလျှံငွေမှာ ဝမ် ၄ သိန်း (ဝမ်လေးသိန်းတိတိ) ဖြစ်ပြီး ၊ အဆိုပါ ပိုလျှံငွေများကို ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း နှင့် အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုအပ်ပါကြောင်း ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၉ ရက်
Wednesday, June 27, 2012
ရခိုင်ဒုက္ခသည်များအတွက် အလှူငွေပေါင်း 12,898,000 ဝမ် ရရှိ
ရေးသားသူ — ရခိုင်လူငယ်များ(ကိုရီးယား)
ဇွန်လ ၂၆ ၊ ဆောအူးလ်
ရခိုင်ပြည်နယ် ဒေသအချို့တွင် အကြမ်းဖက်မီးရှို့ခြင်းများ ဖြစ်ပွားခဲ့ရာမှ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ အသင်းအဖွဲ့များက ၀ိုင်းဝန်းကူညီထောက်ပံ့လျက်ရှိရာ ၊ ရခိုင်လူငယ်များ(ကိုရီးယား)အနေဖြင့် လည်း ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများထံမှ အလှူငွေများကောက်ခံခဲ့ပါသည် ။
ပထမအကြိမ်အဖြစ် ၊ အလှူရှင် ၁၂၁ ဦး(အသင်းအဖွဲ့များအပါအဝင်)ထံမှ အလှူငွေပေါင်း ဝမ် 12,898,000 (၁၂၈သိန်း ၉ သောင်း ၈ထောင်တိတိ)ကိုဝမ်းမြောက်စွာလက်ခံရရှိပါကြောင်းနှင့် အလှူရှင်များစာရင်းကို ထုတ်ပြန်ကြေညာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ။
အလှူရှင်များစာရင်း (CLICK HRER)
- စာမျက်နှာ ၁ (၂၀)ဦး=5,723,000
- စာမျက်နှာ ၂ (၂၀)ဦး=2,000,000
- စာမျက်နှာ ၃ (၂၀)ဦး=2,000,000
- စာမျက်နှာ ၄ (၂၀)ဦး= 1,230,000
- စာမျက်နှာ ၅ (၂၁)ဦး= 1,945,000
- စုစုပေါင်း(၁၂၁)ဦး=12,898,000
လေးစားမှုဖြင့်-
ရခိုင်လူငယ်များ
ကိုရီးယား
မှတ်ချက်
ထပ်မံရောက်ရှိလာသော အလှူငွေများစာရင်းကို ထပ်မံ ထုတ်ပြန်ကြေညာပေးသွားပါမည် ။
Monday, April 2, 2012
ဧပရယ်ဖူး ဆိုတာ ဘာကို ပြောတာလဲ
၁၀၁၂ ဧပြီ ၁ ရက်နေ့မှာ
မြန်မာလုပ်သားများ အရစ်ကျစနစ်ဖြင့် ကားဝယ်ယူ၍ မြန်မာပြည်သို့ တင်သွင်းနိုင်ပြီ
ဆိုတဲ့ ပို့စ်နဲ့ ဟန်းဂုရွာ ပရိသတ်များ ပျော်ရွှင်နိုင်ကြပါစေ…
အားလုံးကို လေးစားလျက်
Sunday, January 15, 2012
အလှူရှင်အမှတ် ၁၀၀၆၃ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၄ သိန်း ၅ သောင်းလှူဒါန်း
ဇန္နဝါရီ ၁၅ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၄ ဦးတို့က အလှူတော်ငွေ ဝမ် ၄ သိန်း ၅ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10063 ကိုကျော်သူရှိန် နှင့် မတင်ဇာဝင်း(သုံးခွ) မိသားစု 200,000
10064 ဖိုချောန်း လက်အိတ်စက်ရုံမှ ညီအစ်ကိုများ 100,000
10065 ဦးအောင်ထွန်းဇော် (သထုံ) 50,000
10066 ဦးစောထွန်း ဒေါ်ငြိမ်းငြိမ်းခိုင် သမီးဟေမာန်စောထွန်း မိသားစု 100,000
[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေစဉ်]
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၂၁ သိန်း ၅ ထောင် (92,105,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၅ ရက် ။
Saturday, December 10, 2011
ကျေးဇူးတင်ရှိပါသည်
၂၀၁၁.၁၁.၆ နေ့တွင် ကွယ်လွန်အနိစွှရောက်သွားသော ကျွန်တော်၏ အကို ကိုဟံသက်ဆွေ တလပြည့် ၂၀၁၁.၁၂.၆ ဆွမ်းကျွေးတွင် ပံ့ပိုးကူညီ ကုသိုလ်ပါဝင်ပေးခဲ့ကြသော ညီအစ်ကို သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း.... လေးစားစွာဖြင့် သားငယ် (ဂွမ်ဂျုး)
Friday, September 2, 2011
ကျေးဇူးတင်လွှာ
ရေးသားသူ — ရခိုင်အသင်း(ကိုရီးယား)
၂ဝ၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က ကွယ်လွန်သွားသော (ကိုစံမောင်)၏ အသုဘ ကိစ္စ အဝဝကို ကူညီ ဆောင်ရွက်ပေးသော မြန်မာအသင်း(ကိုရီးယား)နှင့် အသုဘ လိုက်ပါပို့ဆောင်ဝိုင်းဝန်းကူညီပေးကြသော ညီအစ်ကိုများ အားလုံးကို ကွယ်လွန်သူ မိသားစု ကိုယ်စား ရခိုင်အသင်း(ကိုရီးယား)မှ အထူးကျေးဇူး တင်ရှိ ပါသည်။
Monday, August 22, 2011
လိုအပ်သော အချက်အလက် ပြန်လည်စစ်ဆေးပေးရန် လိုအပ်နေသော ဓမ္မဒူတ နိဗဒ္ဓအလှူရှင်များ
အလှူရေစက်လက်နှင့်မကွာ နေ့စဉ်ကုသိုလ်ပြုလိုကြသော ပါရမီရှင်များ၏ အလှူဒါန အထမြောက်စေရန်အလို့ငှာ ဓမ္မဒူတ(ကိုရီးယား)အနေဖြင့် နိဗဒ္ဓအလှူအစီအစဉ် ကိုလက်ခံဆောင်ရွက်လျက်ရှိပါသည် ။ အားတက်သရော ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူတော်မူကြသည်ကိုတွေ့ရသည့်အတွက်လည်း များစွာနှစ်ထောင်းအားရ ပီတိဖြစ်ကြရပါသည် ။
သို့ရာတွင် သက်ဆိုင်ရာမှ စိစစ်ချက်အရ အချို့သော အလှူရှင်များမှာ အလှူရှင်တို့ဖော်ပြကြရမည့် အချက်အလက်များ ပြည့်စုံ မှန်ကန်မှုမရှိပါသဖြင့် မိတ်ဆွေတို့၏ အလှူများ အထမမြောက်သည်ကို တွေ့ရှိရပါသည် ။
သို့ပါ၍ အောက်ဖော်ပြပါအလှူရှင်များအနေဖြင့် မိတ်ဆွေတို့၏ အမည်စာရင်းဘေးတွင် ဖော်ပြထားသည့် အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး ၊ ၀၁၀-၂၃၃၁-၂၄၅၇ ထံ အတည်ပြုချက်ပေးကြပါရန် လေးစားစွာ အသိပေး မေတ္တာရပ်ခံအပ်ပါသည် -
- HEIN-SOE-THU 주민등록번호불일치 (နိုင်ငံခြားသားကပ်အမှတ်)
- YIN-HTWE 수취인계좌없음(ဘဏ်စာရင်းအမှတ်)
- HTIKE-LIN-AUNG 주민등록번호불일치(နိုင်ငံခြားသားကပ်အမှတ်)
- THAN-HTIKE-LWIN 계좌번호(ဘဏ်စာရင်းအမှတ်)
- AUNG-KYAW-WIN 계좌번호오류(ဘဏ်စာရင်းအမှတ်)
- THAN-HTUT-OO 주민등록번호(နိုင်ငံခြားသားကပ်အမှတ်)
- HTOO-AUNG-HLAING 주민등록번호불일치(နိုင်ငံခြားသားကပ်အမှတ်)
- MAUNG-NAY-LIN-THU 주민등록번호(နိုင်ငံခြားသားကပ်အမှတ်)
ဗုဒ္ဓသာသနံစီရံတိဋ္ဌတု-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်
Friday, August 5, 2011
၁၁ ကြိမ်မြောက် ဥက္ကဌဖလားဘောလုံးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ပူချွန်းမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြီးစီးသွားသော ၁၁ ကြိမ်မြောက် မြန်မာအသင်း (ကိုရီးယား)၏ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားခဲ့ကြသော ဒေသဆိုင်ရာ မြန်မာဘောလုံးအသင်း ၁၃ သင်းနှင့် ပွဲစဉ်အစမှစ၍ အောင်မြင်စွာ အဆုံးသတ်ပြီးစီးသည်အထိ ကူညီဆောင်ရွက်ပေးခဲ့ကြသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံးပွဲအား လာရောက်ကြည့်ရှုအားပေးကြသူများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ပထမဆုရ ဒယ်ဂူးဂေါ်ဂျယ်မြန်မာ ဘောလုံးအသင်း၊ ဒုတိယဆုရ Hornbil FC ဘောလုံးအသင်း၊ တတိယဆုရရှိသွားသော အင်ချွန်းယူနိုက်တက် ဘောလုံးအသင်းနှင့် အကောင်းဆုံး ဘောလုံးကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံး ဘောလုံးကစားသမားဆုရရှိသူများ ကိုလည်း မြန်မာအသင်း (ကိုရီးယား)မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။
Monday, June 27, 2011
စာပေပွဲ အစီရင်ခံစာ
အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၁ ကိုရီယား စာပေဟောပြောပွဲ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာနှင့် ငွေစာရင်း ရှင်းတမ်းကို အများပြည်သူ သိရှိနိုင်ရန် စာပေကော်မတီမှ ထုတ်ပြန်အပ်ပါသည်။
Report on Working and Financial Literary Talk 2011
Monday, June 6, 2011
စာပေဟောပြောပွဲ ကျင်းပပြီးစီးခြင်းနှင့် ကျေးဇူးတင်မှတ်တမ်း
၂၀၁၁ ကိုရီးယား စာပေဟောပြောပွဲကို ဇွန် ၅ ရက်နေ့ မွန်းလွဲပိုင်းက ပူချွန်းမြို့ ဘို့ဆာဂိုလ်သဘင် ခန်းမတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ စာပေပွဲသို့ ကိုရီးယား ဒေသအသီးသီးမှ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ပြီး ဆရာ အော်ပီကျယ်က “ရေကြည်ရာ မြက်နုရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာ ဖေမြင့်က “စာဖတ်ခြင်းဖြင့် ဘ၀တိုးတက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပါသည်။
စာပေပွဲသို့ စိတ်ပါဝင်စားစွာ ကြွရောက်လာသည့် ဆရာတော် သံဃာတော်များနှင့် ရပ်ဝေးရပ်နီးမှ စာပေချစ်သူ ပရိသတ်များကို ကျေးဇူးတင်ပါသည်။
- စည်းကမ်းနှင့် သိမ်းဆည်းပေးသည့် ဦးခင်မောင်ရင်နှင့် အဖွဲ့ချုပ်လူငယ်များ
- အအေးနှင့် မုန့်ဖြင့် ဧည့်ခံသည့် အဖြူရောင် မေတ္တာ လူငယ်များအဖွဲ့
- ဓာတ်ပုံမှတ်တမ်း ရဲနိုင်ဝင်း၊ ၀င်းထွန်း၊ ဘကြီးနှင့် ကောင်းဆက် တို့အဖွဲ့
- ရုပ်သံမှတ်တမ်း နေလင်း၊ မြင့်ကျော်၊ ထွန်းထွန်း တို့အဖွဲ့
- စာအုပ်အရောင်း နှင့် ဘာသာပြန် မသိမ့်သိမ့်အောင် နှင့် မကေခိုင်စိုး
- ရုပ်သံတာဝန်ခံ ကိုရဲမြင့်
- ကဗျာရွတ်ဆိုပေးသည့် မသက်စံနှင်း
- အခမ်းအနားမှူး ကိုဘိုဘိုနှင့် မပီးသဲ
တို့ကို ကျေးဇူးတင်ရှိပါသည်။
- စကားဝါ မိသားစု
- မြန်မာသူကြီး မိသားစု
- အမေ့အိမ် မိသားစု
- ရွှေမြင့်မိုရ် မိသားစု
- Naing Crown
- Ace Computer
တို့ကို ကျေးဇူးတင်ပါသည်။
ယခုကဲ့သို့ စာပေပွဲ ဖြစ်မြောက်ရေး အတွက် စိတ်အား လူအား ငွေအားဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် စာပေကော်မတီတွင် အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့်-
ကိုရီးယား အခြေစိုက် စာပေ၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
စာပေပွဲ ကျင်းပရေး ကော်မတီ
Wednesday, May 4, 2011
ကျေးဇူးတင်ကြောင်း နှုတ်ခွန်းဆက်လွှာ
ရေးသားသူ — အောင်နိုင်ဝင်း(ဖိုးနိုင်)
မင်္ဂလာပါ။
ကျနော်အောင်နိုင်ဝင်း(ခေါ်)ဖိုးနိုင်ပါ။ မိတ်ဆွေများအားလုံးပို့သတဲ့မေတ္တာ၊ကူညီကြတဲ စေတနာ တွေကြောင့် ကျနော်ရဲ့ ခွဲစိတ်ကုသမှုဟာ အောင်မြင်စွာပြီးသွားခဲ့ရပါတယ်… ယခုကျနော်ဆေးရုံကနေ ခဏဆင်းခဲ့ရပါပြီ။ ။
ရင်ထဲကစကား
ပထမဦးဆုံး ကျနော်ပြောချင်တာက စဖြစ်ပြီ ဆိုကတည်းက ကျနော့ကို စစခြင်း ကိုယ်ရော၊စိတ်ပါ နည်းမျိုးစုံဖြင့်ဝိုင်းဝန်း ကူညီအားပေးစကားပြောပေးခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူး အထူးတင်ပါတယ်…
ဒီညီအစ်ကိုတွေကြောင့်လည်း ကျနော် အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်လာခဲ့ရပါတယ်…
လက်ရှိ ကျနော့အခြေအနေကတော့ ပြီးခဲ့တဲ့ ၄ လပိုင်း ၁၃ ရက်နေ့က ကျနော်ဆေးရုံးက ဆင်းလာခဲ့ပါတယ်. ရောဂါပျောက်ကင်းလို့ အပြီးဆင်းလာတာတော့ မဟုတ်သေးပါဘူး။ ကုသမှုတွေကျန်နေပါသေးတယ်၊ ချက်ချင်း ကုသလို့ရမှာ မဟုတ်သေးတာကြောင့် အချိန်အနည်းငယ်ယူရအုံးမှာ ဖြစ်ပါတယ်၊ အဓိကကုသမှုဖြစ်တဲ့ ကင်ဆာ ဆဲလ်တွေကို အမြစ်ဖြတ်တဲ့ ဓါတ်ကင်ကုသမှုက ကျန်နေသေးပါတယ်.အဲ့ဒီ ကုမှုကို ဆေးရုံမှ နှစ်လကျော် စောင့်ပြီး နေရမယ်ဆိုရင် အရမ်းကြာနေမှာ ဖြစ်တဲ့အတွက်ကြောင့်၊ အခြား ကုသမှုတွေလည်း မရှိတာရယ် ကြောင့် ကျနော် ဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြီး ဆေးရုံမှ ခဏဆင်းလာခဲ့ခြင်းဖြစ်ပါတယ်…
-
အနာဂတ်အခြေအနေ
ကျနော်ဟာ ဓါတ်ရောင်ခြည်ကုသမှု ပြီးသွားခဲ့ရင်တောင် လက်ရှိ ကျနော့လည်ပင်းမှာ အသက်ရှုဖို့ တတ်ထားသောပိုက်ကို ဒီထက်သေးတာနဲ့ ပြောင်းလဲတပ်ဆင်ပေးမယ်လို့ ပြောပါတယ်.အလုံးစုံပိတ်လို့တော့ မဖြစ်နိုင်သေးပါဘူး။ ပြောင်းလဲတပ်ပြီးသွားခဲ့ရင်တော့ ဆရာဝန်ကြီးများအနေဖြင့် အချိန်အတိုင်းတာတစ်ခုအထိ စောင့်ကြည့်ပါလိမ့်မယ်.. အဲ့ဒီအချိန်ရောက်ခဲ့ရင် ကျနော်ကို ဆေးရုံသို့ ပြန်ခေါ်ပါလိမ့်မယ်၊ဘယ်အချိန်လို့တော့ အတိအကျ မသိနိုင်သေးပါဘူး။
ဆေးရုံကိုပြန်ခေါ်ပြီးရင် ကျနော့ကို အသေးစားခွဲစိတ်ကုသမှု ထပ်လုပ်ပါလိမ့်မယ်.. အချိန်ကတော့ တစ်နာရီ(သို့)နှစ်နာရီခန့် ကြာလိမ့်မယ်ထင်ပါတယ်… အဲ့ဒီအချိန်ကြမှ ကျနော့လည်ပင်းက အပေါက်ကို ပြန်ပိတ်ပေးပါလိမ့်မယ်. ပိတ်ပြီးရင်တော့ ဆေးရုံပေါ်မှာ အနည်းဆုံး ၁ဝ ရက်လောက်တော့ နေရပါလိမ့်အုံးမယ်..
ကျနော် ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ ဆေးရုံကဆင်းရပါတယ်။ နှစ်လကျော်လောက် ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
ဆေးရုံစရိတ်
၂လပိုင်း ၇ ရက်နေ့ကစပြီးတက်ရတော့ ၄ လပိုင်း ၁၃ ရက်ဆိုရင် ဆေးရုံမှာနေရတာ နှစ်လကျော်ပေါ့ ။ အဲ့ဒီအတွက် ရှင်းပေးလိုက်ရတဲ့ ခွဲစိတ်ကုသမှုဆေးရုံစရိတ်ကတော့ ၃၈သိန်းလောက်ရှင်းပေးခဲ့ရပါတယ်.အဲဒါက ဒုတိယအကြိမ် ခွဲစိတ်ကုသမှုအတွက်ပါ။
ပထမအကြိမ်
ပထမအကြိမ် တက်တုန်းကတော့ တစ်လပိုင်းမှာပါ။ အဲ့ဒီတုန်းက ကျနော် ရက် ၂ဝ လောက် ဆေးရုံတက်လိုက် ရပါတယ်.. အဲ့ဒီတုန်းကတာ့ တစ်သိန်းရှစ်သောင်းလောက်ပဲကျပါတယ်..ဒါကလည်း အထွေ၂ဆေးစစ်တဲ့ စရိတ် လို့ပဲ ပြောလို့ရတာပေါ့။ ကျနော့ ခွဲစိတ်မှုကကြီးတော့ ၁၆ နာရီလောက်ကြာမှာ ဖြစ်တဲ့အတွက် ပိတ်ရက်တွေ အားလုံးပြီးတဲ့ အချိန်ကြမှ ခွဲစိတ်မှုအချိန်တွေကို ရွှေ့ ယူလိုက်တာပါ၊တစ်ရက်လုံး ခွဲချိန်ယူရမှာမို့ ဆေးရုံပေါ်မှာ ကြာသွားရခြင်းဖြစ်ပါတယ်..ဒါကလည်း ကျနော့ခွဲစိတ်ကုသမှုအတွက် ကျနော့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင် မှုရလိုက်တာပါပဲ။
ဂုဏ်တော်ကျေးဇူး
အထူးသဖြင့် ကျနော်ဆေးရုံတက်နေချိန်၊ခွဲစိတ်မှုမစခင်မှာ ကိုရဲနိုင်ဝင်းပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ရေးတဲ့ “လိုတရ နှလုံးသား” ဆိုတဲ့စာအုပ်လေး ဖတ်လိုက်ရတဲ့အတွက် ကျနော့မှာ ဘုရား ဂုဏ်တော်တွေကို ကောင်းကောင်း ရွတ်ပွားနိုင်ခဲ့ပါတယ်…
ခွဲစိတ်မှုအခြေအနေ
ခွဲစိတ်မှုအခြေအနေများကို ပြန်ပြောင်းပြောရမယ်ဆိုရင် ခွဲစိတ်မယ့်နေ့မှာ ကျနော်ကို လာစောင် ရှောက် ပေးနေတဲ့ ဆရာမတွေရဲ့ ပြောပြချက်ရော၊ ကျနော်ကို ကျနော်ပေါ့နော် စိတ်ထဲမှာ အရမ်းရှင်းနေမိတယ်.. အရမ်းရှင်းနေတယ်ဆိုတာ ကြောက်တာလည်းမရှိဘူး၊စိုးရိမ်ခြင်းလည်းမရှိဘူး၊ ကျနော် ခွဲစိတ်ခန်းထဲကို ဘုရား ဂုဏ်တော်ပွားများပြီးဝင်သွားခဲ့ပါတယ်..အထူးသဖြင့် အရဟံ (ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား) (လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား) (ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကို ပြုတော်မမူတော်မြတ်စွာဘုရား)လို့ရွတ်နေရင်းနဲ့ပဲ ကျနော်သတိမေ့သွားခဲ့ရတယ်…
အဲ့ဒီအချိန်ကို ပြန်တွေးကြည့်မယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းလှပါတယ်.. သေခြင်းတရားက လက်တစ်ကမ်းမှာပါ။ဆရာဝန်တွေပြောခဲ့သလိုပဲ အကြောင်းတစ်ခုကြောင့် ကျနော တိမ်းစောင်းသွားခဲ့ရင် တောင် တိမ်းစောင်းခံနိုင်မယ့်အခြေအနေမျိုးအထိ ကျနောအဆင်သင့်ဖြစ်နေမိတယ်.. ဒါဟာ အံ့သြစရာပါပဲ။ ဒါဟာ ဂုဏ်တော်ကျေးဇူးပဲလို့ ကျနောယုံကြည်မိတယ်။ နောက်ပြီး ကျနော့ညီအစ်ကိုများက စိတ်ဓါတ်ပိုင်း ဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့အတွက် ဘာသာရေးနဲ့ ပတ်သက်သောစာအုပ်စာပေတွေ၊ တရားခွေတွေကို ပေးဖတ်၊နာကြားရတဲ့အတွက် ခံနိုင်ရှိခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်…
ပြီးတော့ အစ်ကိုကြီး ဦးဇေမင်းအောင်ကလည်း တရားစာအုပ်တွေလာပေးခဲ့တယ်… ဒါတွေကို ဖတ်ခဲ့၊ နာခဲ့ရတဲ့အတွက်လည်း စိတ်အင်အားတွေဖြစ်စေခဲ့တယ်.. ပြင်ဆင်ချိန်ရခဲ့ပါတယ်…ဘာသာရေးရဲ့ ခွန်အားပေါ့!
ဒုတိယအကြိမ်
တစ်လကျော်ကြာမှာ ဒုတိယအကြိမ် ဆေးရုံပြန်တက်ရတော့ ခွဲစိတ်ကုသမှု ဆေးကုသစရိတ် က ၃၈ သိန်းလောက် ရှင်းပေးရပါတယ်… ဒါကို ရှင်းပေးပြီးမှ ကျနော်ခု ဆေးရုံကဆင်းခဲ့ရပါပြီ။ နောက်တစ်နေ့ ၁၄ ရက် နေ့ကစပြီး အပြင်ကပဲ ကျနော် ဆေးရုံကိုသွားပြီး ဓါတ်ရောင်ခြည်ကင်ခြင်းနဲ့အခြား ကုသမှုတွေကို ပြသနေရပါ တယ်.. ဓါတ်ရောင်ခြည်ကင်တာက တစ်ခါကင်ရင် တစ်သိန်းနီးပါးကျပါတယ်.. ခုဆိုရင် တစ်ပတ်မှာ နှစ်ကြိမ်ပေါ့! အင်္ဂါနေ့နဲ့သောကြာနေ့တိုင်းမှာ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်ကြီးနဲ့ တွေ့ရပါတယ်..အဲ့လိုတွေ့တိုင်း နှစ်သိန်းနီးပါးကုန်ကျနေပါတယ်… ဘာဖြစ်လို့လဲဆိုတော့ ဆေးကုသတဲ့ဌာနကနှစ်ခု (ဓါတ်ကင်တာရယ်၊ နား၊ နှာခေါင်း၊လည်ချောင်း) မှာ ပြသနေရလို့ပါ။ ဆေးကတော့ သောက်ဆေးရယ် ပလုတ်ကျင်းဖို့အတွက် ဆေးရည် ရယ်ပါ။
ကိုရီးယားအစိုးရရဲ့ ထောက်ပံ့မှု
ကျနော်ခွဲစိတ်ကုသတုန်းက ဆေးရုံတက်ချိန်တုန်းက ကိုရီးယားအစိုးရရဲ့ ထောက်ပံ့မှု ရပြီးသွားတဲ့ အတွက် ယခုဆိုရင်ကျနော့ကို ဆေးရုံက ဆေးတောင်အလကားမပေးတော့ပဲ ဝယ်သောက်နေရပါပြီ။ ယခုဆိုရင် ကျနော့ အခြေအနေဟာ ကျန်းမာရေးထောက်ပံ့မှုမရှိပဲ အားလုံးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက် နေရပါ တယ်.. ဆေးရုံကတော့ ဘာထောက်ပံ့မှုမှ မရတော့ပါဘူး။ တစ်ခုတော့ရှိတာပေါ့ (နား၊နှာခေါင်း၊လည်ချောင်း) ကျနော့ကို အဓိကခွဲစိတ်ပေးတဲ့ ဆေးရုံမှာတော့ သုံးကြိမ်ဈေးလျော့ပေးတာတော့ရှိခဲ့ပါတယ်. နောက်ပြီးကျနော် ကျောက် ကပ် တို့ ၊ နှလုံးတို့ မကောင်းလို့ဆိုပြီး ကျောက်ကပ်၊နှလုံးအထူးကုဌာနကိုလည်းတစ်ကြိမ် ပြခဲ့ရပါတယ်.. သူက လည်း တစ်ကြိမ်ဆို တစ်ကြိမ်ပါပဲ၊တစ်ခါပြလိုက်တာ တစ်သိန်းခွဲလောက်ကုန်ကျပါတယ်။
ထောက်ပံ့ငွေရရှိမှုများ
ဆေးရုံကဆင်းပြီး အပြင်ကနေ ဆက်လက် ကုသတာကတော့ လုံးဝအလကား မရရှိသေးပါဘူး။သူတို့နိုင်ငံရဲ့ ဆေးကုသမှုစနစ်ကိုက ဆေးရုံတက်ကုမှ ဆေးရုံမှာရှိတဲ့ လူမှုရေးဌာနမှာ လျှောက်လွှာတင်မှ ရပါလိမ့်မယ် လို့ ထင်တယ်။ ဒါတောင် သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်များ ပြည့်စုံမှထောက်ပံ့မှု ရပါလိမ့်မယ်။ ကူညီမှု တွေရမယ်လို့ ထင်ပါတယ် .. မဟုတ်ရင်တော့ ရမှာမဟုတ်ပါဘူး။ ကျနော်က တရားမဝင် နိုင်ငံခြားသား အလုပ် သမားအဖြစ် ကိုရီးယားနိုင်ငံမှာ နေထိုင်ရပ်တည်နေရသဖြင့် ဘာမှအာမခံချက်မရှိပါဘူး၊ မည်သည့် အထောက် အထား မှလည်း မရှိသည့် အတွက်ကြောင့် ကျန်းမာရေးအာမခံကို မခံစားရပါဘူး။ ဒါကြောင့် ဆေးကုသတဲ့စရိတ် အားလုံးကို ယခုလက်ရှိ ကျသင့်တဲ့အတိုင်းပဲ ရှင်းပေးနေရပါတယ်…
ပြောရမယ်ဆိုရင် ခုဆိုရင် အပြင်မှာ ဆေးကုသ နေရတာဟာ ဆေးရုံတက်တုန်းက ကုန်ကျစရိတ် နီးပါး လောက် နီးနီး ကုန်ကျနေပါတယ်..
Stop Crackdown တီးဝိုင်းက ဦးစီးပြီး သူတို့တွေ ပွဲတစ်ခုလုပ်ကြပါတယ်. အဲဒီပွဲမှ အမြတ်ရငွေ ဆိုပြီးတော့ ကျနော့ကို ကိုစိုးမိုးသူအပါအဝင် Stop Crackdown တီးဝိုင်းအဖွဲ့သားတွေ ဆေးရုံကိုလာပြီး၊ ကျနော်ဆေးရုံက မဆင်းခင် တစ်ရက်အလိုမှာ ဝမ်သိန်း(၅၀) ကူညီ ပေးသွားကြပါတယ်.. ကျနော်ဆေးရုံမှာ ရှိနေချိန်ရော ယခု အချိန်ထိပါ ကျနော့ကို ကူညီနေကြတုန်းပါ။ အဲ့ဒီအတွက်လည်း ကျနော်အရမ်းပဲ ကျေးဇူးတင်ပါတယ်… လော လောဆယ်တော့ ကျနော်ဆေးရုံပေါ်မှာရှိစဉ်တုန်းက ကျနော် ဆေးရုံးကိစ္စ အစစ အရာရာကူညီပေးနေကြသော ညီအစ်ကိုများနဲ့ စာရင်းတွေ မမေးရသေးတာကြောင့် ကျနော်အသေးစိတ်ကိုတော့ လောလောဆယ်မသိ သေးပါ ဘူး။ ပြီးတော့ ကိုရီးယားအဖွဲ့အစည်းအချို့ ကလှူဒါန်းငွေတွေလည်း လက်ခံရထားတယ်ပြောကြပါတယ်…
ဒါတွေကို နောက်တော့ ကျနော်အသေးစိတ်ဖော်ပြပေးသွားမှာပါ။ ကျနော့အပေါ်ခုလို ငွေကြေးရော၊စိတ်ရော၊ ကိုယ်ပါ ဝိုင်းဝန်းကူညီ ပေးကြသော၊ မေးမြန်းကြသော ရဟန်းရှင်၊လူပုဂ္ဂိုလ်များအားလုံးကို အထူး ကျေးဇူး တင်ပါတယ်.. လောလောဆယ် ကျနော် ဘလော့တင်ထားတဲ့ အလှူရှင်များစာရင်းတွေရယ် နောက်ထပ် ဝင်လာတဲ့ ကူညီငွေများစာရင်းတွေကိုတော့ ကျနော် ဘလော့မှာ ထပ်ပြီးတင်ပြ၊ဖော်ပြ ပေးသွားမှာပါ။ လောလောဆယ် ကိုသိန်းအောင် ဘဏ်စာအုပ်ထဲကို ပို့ပေးထားတာကိုတော့ ဖော်ပြထားပြီးဖြစ်ပါတယ်.. နောက်ထပ် ဝင်လာတဲ့စာရင်းများကိုတော့ ကျနော်သိပ်မကြာခင် တင်ပြပေးသွားပါ့မယ်…
ခုတော့ကျနော် နောက်တစ်ကြိမ်ခွဲစိတ်ကုသမယ့် အချိန်ကိုစောင့်နေပါတယ်… ဒီအကြိမ် ဆေးရုံ တက်ခဲ့ ရင်တော့  ဆေးရုံက ထောက်ပံ့မှုရမယ်၊မရဘူးဆိုတာကိုတော့ ကျနော်လည်း သိပ်သေသေချာချာ မသိသေးပါ ဘူး။ ဘာလို့လည်းဆိုတော့ ဒုတိယအကြိမ် ခွဲစိတ်ကုသချိန်က သူတို့သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေး အားလုံး ကို ကျနော်ခံစားပြီးသွားလို့ပါ။ တစ်ကယ်လို့ အဲဒီထောက်ပုံကြေးတွေသာ ကျနော် မရခဲ့ရင် ယခု ခွဲစိတ်ကုသမှု ဟာ ကိုရီးယားဝမ် သိန်း(၂၀၀)လောက်ကုန်ကျမှာဖြစ်ပါတယ်. အဲ့ဒါတွေ ရခဲ့သဖြင့် ကျနော် ဆေးရုံးကဆင်းတော့ ဆေးရုံစရိတ် အဖြစ် ၃၈ သိန်းလောက်ပဲရှင်းပေးခဲ့ရခြင်းဖြစ်ပါတယ်..ဒါကြောင့် ယခု တစ်ကြိမ်ဆေးရုံ ပြန်တက် ရအုံးမယ်ဆိုရင် ကျနော်ကို အကူအညီပေးနေကြတဲ့ကိုရီးယား ဆရာ၊ဆရာမများက လည်း ကျနော်ကို ထောက်ပံ့ မှု ရမယ်၊မရဘူး မပြောနိုင်ကြပါဘူး။ဆေးရုံတက်တော့မှပဲ လူမှုကူညီရေးအဖွဲ့မှာ လျှောက်လွှာတင်ကြည့်မှပဲ ကျနော်သည် ရနိုင်မယ်၊မရနိုင်ဘူး သိရမယ့်အခြေအနေဖြစ်နေပါတယ်.. ယခုအချိန်မှာ ကျနော်ဟာ ဘာမှ တရား ဝင် လက်မှတ်ကိုင်ဆောင်ထားခြင်းမရှိသောကြောင့် ထောက်ပံ့ကြေးရဖို့ မျှော်လင့်ချက်အရမ်းနည်းပါ တယ်..
လက်ရှိအခြေအနေ…
လက်ရှိကျန်းမာရေးကိုပြောရအုံးမယ်ဆိုရင်တော့ သွားလို့၊လာလို့အားလုံးတော့ရပါတယ်… စကားပြောရင် တော့ ဓါတ်ကင်တဲ့အချိန်မှာ တံတွေးတွေခြောက်သွားသဖြင့် ဆေးရုံပေါ်မှာလောက် ကျနော် စကားကောင်း ကောင်း မပြောနိုင်သေးပါဘူး။ အကြာကြီးပြောရတာလည်း သိပ်မကောင်းပါဘူး။ လျှာအခြေအနေကို ပြောရမယ် ဆိုရင် အရသာခံစားနိုင်စွမ်းမသိရသေးပါဘူး။ ဓါတ်ကင်နေချိန်အတွင်းမှာတော့ ကျနော် လျှာရဲ့  အရသာခံစားမှု ရှိမှာ မဟုတ်သေးပါဘူး၊ ဘယ်အချိန်ထိ ခံစားရအုံးမလဲတော့မသိရသေးပါ ။ ခုလောလောဆယ် လျှာဟာ ခံစားမှု မဲ့နေသလိုမျိုးဖြစ်နေပါတယ်…ဒါပေမယ့် စပ်တဲ့အရသာတစ်ခုတော့ ခံစားလို့ရပါတယ်.. ဘာလို့လဲဆိုတော့ လျှာ အစားထိုးထားတဲ့အသားကို ဓါတ်ကင်လိုက်တဲ့အခါ လျှာသည် အနည်းငယ်ဗျက်ကြီးနေသောကြောင့် သွားတွေ အောက်ကို ရောက်နေတတ်ပါတယ်. အဲ့ဒါကြောင့် လျှာဟာ ကောင်းတဲ့ဘက်အခြမ်းဟာ သွားတွေနဲ့ ခြစ်မိ၊ ဖိမိပြီး ပြဲသွားလို့ စပ်တဲ့အရသာ ဖြစ်နေတယ်လို့ပြောတာပါ။
မနက်အိပ်ရာထတိုင်း ကြည့်လိုက်ရင် သွားအောက်ကို လျှာရောက်ရောက်နေပြီး ပါးချောင်တွေပါ ပွန်းနေ တတ်ပါတယ်..ပိုပြီး ဆိုးတာက မနက်အိပ်ရာထရင် အရမ်းနာကျင်ပါတယ်၊ အရမ်းနာကျင်သောကြောင့် ပါးစပ် ကို လှုပ်ချင်စိတ်မရှိပါဘူး၊ မရှိတဲ့အတွက် ဘာမှစားချင်စိတ်လည်းမရှိဘူးဖြစ်မိတယ်၊ နွားနို့ပူပူ၊ကော်ဖီပူပူတို့ အထဲ မှာ အရမ်းကိုနုညံ့ပြီး အရသာရှိသော ကိတ်မုန့်များကို နှစ်ပြီး ဒီအတိုင်းမျိုချတာတောင်မှ ပါးစပ်က လှုပ်ချင်စိတ် မရှိပါဘူး ။ တော်၂လေးကြာမှ ပါးလုတ်ကျင်း၊မျက်နှာသစ်ပြီးမှပဲ နွားနို့ပူပူနဲ့ ကိတ်မုန့်နဲနဲစားလို့ ရပါတယ်.. ဘာလို့ စားရသလဲဆိုရင် နံနက်ဆေးသောက်ရပါတယ်..
မနက်တစ်ခါ၊နေ့လည်တစ်ခါ၊ညနေတစ်ခါပေါ့၊ပြီးတော့လည်းဆေးရုံသွားရတော့ ကျနော့အနေဖြင့် အစာကို မဖြစ်မနေ စားကိုစားပေးရမှာဖြစ်တယ်လို့ ဆရာဝန်တွေကလည်းပြောကြတယ်. ဓါတ်ကင်တာဟာအရမ်း ပင်ပန်းတာကြောင့် အစားမစားနိုင်ခဲ့ရင် ခန္ဓာကိုယ်က ဒဏ်ခံနိုင်မှာမဟုတ်ဘူး တဲ့၊ ဒါကြောင့် အစားအစာ ကိုများများစားဖို့ ဝိုင်းဝန်းတိုက်တွန်းကြပါတယ်.. ကျနော်အနေအထားကလည်း အရသာ သိခြင်း၊မသိခြင်းထက် ခန္ဓာကိုယ်အားဖြစ်ဖို့အတွက်ပဲ စားမယ်လို့ ဆုံးဖြတ်ထားသော်လည်း ပါးစပ်က စားရတာအဆင်မပြေ ဖြစ်နေသောကြောင့် တော်ရုံအစားအစာများဟာ ကျနော့အတွက် အဆင်မပြေဖြစ်နေခဲ့ပါတယ်..
ဒါကလည်း ခဏလို့ပဲ ကျနော်ထင်ထားပါတယ်… ကျနော့ကိုချစ်တဲ့ ညီအစ်ကိုမိတ်ဆွေတွေ အားလုံးလည်း မစိုးရိမ်ကြပါနဲ့၊ အဆိုးဆုံးအခြေအနေက ကျနော်ကျော်ဖြတ်လွန်မြောက်လာခဲ့ပြီပဲ။ ပြီးတော့ ကျနော် ဆေးရုံပြန် တက်မယ့်ရက်ကိုလည်း ထပ်ပြောပြပါအုံးမယ်.. ခုတော့ ကျနော်လည်းမသိရသေးပါဘူး။ ကျနော့်ကို ကုသပေးတဲ့ ပရောဖက်ဆာကြီးက အကြောင်းကြားမှပဲ ကျနော်ဆေးရုံထပ်တက်ရမှာပါ။ လောလောဆယ် ဓါတ်ရောင်ခြည် ကုသတာကလည်းမပြီးသေးလို့ပါ။ အဲဒီဓါတ်ရောင်ခြည် ကုသတဲ့ ဆရာဝန်မကြီးနဲ့လည်း အပတ်စဉ်အင်္ဂါနေ့တိုင်း တွေ့ရပါတယ်.. သူ့ကို ဘယ်နှစ်ကြိမ် ကျန်သေးသလဲလို့ မေးလိုက်ရင်တော့ ကျနော်ဆေးရုံပြန်တက် ရမယ့်ရက်ကို သိနိုင်ပါတယ်… တနင်္လာနေ့ဆိုရင် ကျနော်သွေးစစ်ရပါတယ်.. သွေးစစ်တဲ့အဖြေပေါ်မှာ မူတည်ပြီး ဓါတ်ကင်တဲ့ ဌာနကဆရာဝန်မကြီး မင်းဘယ်နှစ်ရက်ကျန်သေးတယ်. ဘယ်ကြိမ်ထပ်ကုရမယ်ဆိုတာ ပြေပါလိမ့်မယ်.. ပုံမှန်ကတော့ တစ်ပတ်ကို ၅ ကြိမ်ပေါ့။ ပိတ်ရက်ဆို အကုန် ပိတ်ပါတယ်.အနီရက်ရယ် စနေ၊တနင်္ဂနွေပေါ့။ ဖွင့်ရက်မှာသာကုသလို့ရပါတယ်…
ခုနောက်ဆုံး ကျနော်ပြောချင်တာက အကူအညီပေးကြသော ညီအစ်ကိုများ အားလုံးကို ရင်ထဲမှာ လှိုက် လှိုက်လှဲလှဲနဲ့ တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်..
သင်္ကြန်မှာတုန်းကလည်း ကျနော်ကို အကူအညီပေးကြသူများအား ကျနော့အခြေအနေ တိုးတက်မှုကို ပြချင်တာရယ်၊နှုတ်ဆက်ချင်လွန်းအားကြီးတာကြောင့် အပင်ပန်းခံပြီး ကျနော်လာရောက်နှုတ်ဆက်ခြင်းပါ။ နှုတ်ဆက်ဖို့ကို ကျန်ရစ်ခဲ့ရင်တော့ အခွင့်အရေးများပေးခဲ့ရင် ကျနော်လာရောက်နှုတ်ဆက်ပါ့မယ်..ခုတော့ ကျနော်ဒီနေရာကပဲ ကျေးဇူးတင် နှုတ်ဆက်လိုက်ပါတယ်…
အားလုံးကိုကျေးဇူးတင်လျက်...
အောင်နိုင်ဝင်း(ဖိုးနိုင်)
Tuesday, April 26, 2011
ကျေးဇူးတင်ဂုဏ်ပြုလွှာ
ရေးသားသူ —မြန်မာအသင်း(ကိုရီးယား)
မြန်မာအသင်း(ကိုရီးယား)မှ ၂၀၁၁ ဧပြီလ ၁၇ ရက်နေ့တွင် ကြီးမှူးကျင်းပပြီးစီးခဲ့သော မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ဂုဏ်ပြုစကားပြောကြားပေးခဲ့ကြသော ဆော့ဂွမ်ဆာဆရာတော်၊ ပူချွန်းမြို့တော်ဝန်၊ ပူချွန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ၊ နှုတ်ခွန်းဆက်စကားပြောကြားပေးသော မြန်မာအသင်း(ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင်၊ ပွဲစတင်ချိန်မှ စတင်၍ ဖျော်ဖြေတင်ဆက်သွားကြသော ရိန်းဘိုးတေးဂီတအဖွဲ့နှင့် အဆိုရှင်တိုင်းရင်းသား ညီအကိုများအားလုံး၊ မျိုးချစ်မောင် ဒိုးအဖွဲ့နှင့် သံချပ်ထိုးပေးသွားကြသူများ၊ မြန်မာ့ရိုးရာယိမ်းအဖွဲ့၊ ဟာဂျာ ကျောင်းသားလူငယ်များအဖွဲ့ (ကိုရီးယား)၊ စတုဒီသာများ တည်ခင်းဧည့်ခံကျွေးမွေးသွားကြသော မြန်မာ အသင်းအဖွဲ့များအားလုံး၊ ပွဲအပြီး ကျေးဇူးတင်စကားပြောကြားပေးသွားသော မြန်မာအသင်း (ကိုရီးယား) ဒုဥက္ကဌ ဦးသန့်ဇင်အောင်နှင့်တကွ သင်္ကြန်ပွဲတော် ကျင်းပဖြစ်မြောက်အောင်မြင်ပြီးဆုံးသည်အထိ ၀ိုင်းဝန်းကူညီကြသူများ၊ ရပ်ဝေးရပ်နီးမှ နှစ်သစ်ကူးသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲပေးကြသော မြန်မာညီအကို၊ မောင်နှမများအားလုံးတို့အား မြန်မာအသင်း(ကိုရီးယား)မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မြန်မာ့နှစ်သစ်ကူးမင်္ဂလာအခါသမယနှင့်အတူ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့် ....
မြန်မာအသင်း(ကိုရီးယား)
Thursday, March 10, 2011
Saturday, February 19, 2011
မြန်မာမိတ်ဆွေအပေါင်းသို့ အသိပေးခြင်း
မြန်မာမိတ်ဆွေအပေါင်းတို့ရှင့်
ကျမ မပိုးပိုးလေးစားစွာ အသိပေးအပ်ပါသည်ရှင့်
အကြောင်းမှာ ကျမသည် ကျန်းမာရေးအခြေအနေအရလည်းကောင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်လည်းကောင်း ယနေ့မှစ၍ အန်ဆန်ရွှေ့ပြောင်းသူတို့အတွက် ဘာသာပြန်ဌာန (မြန်မာဘာသာ)(Migrant Help-call Center 1644-7111) မှ နှုတ်ထွက်ပြီးဖြစ်ရာ ၊ ၄င်းဆင်တာနှင့် ပတ်သက်သည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်ရှင့် ။
ကျမ ဆေးဝါးကုသမှု ခံယူခဲ့ရစဉ်က မိသားစုပမာ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြသည့် မိတ်ဆွေအပေါင်းတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်ရှင့် ။
ထို့ပြင် ကျမသည် လမင်းအိမ်စားသောင်ဆိုင်လုပ်ငန်း (라민애인Myanmar Restaurant) မှလည်း နှုတ်ထွက်ပြီး ဖြစ်ပါသဖြင့် ၊ ဆိုင်လုပ်ငန်းတာဝန်ကိစ္စ အဝဝတွင်လည်း ဆက်လက်ပါဝင် ဆောင်ရွက်ခြင်းပြုနိုင်တော့မည် မဟုတ်ပါကြောင်းလည်း မိတ်သင်္ဂဟ အပေါင်းတို့အား ဟန်းဂုရွာမှတစ်ဆင့် လေးစားစွာအသိပေးအပ်ပါသည်ရှင့် ။
လေးစားမှုဖြင့် -
မပိုးပိုး
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉
Thursday, February 10, 2011
နှစ်သစ်ကူး ဆုတောင်းနှင့် ကျေးဇူးတင်လွှာ
ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)
ကိုရီးယားနိုင်ငံ၏ ချမ်းအေးလှသည့် ရာသီဥတုကို အံတုလျှက် လုပ်ငန်းခွင် အသီးသီး၌ လုပ်ကိုင်နေကြသော ညီအကို မောင်နှမအပေါင်းတို့အား ကိုရီးယားနှစ်သစ်ကူး(설날) အခါသမယ၌ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း မြန်မာအသင်း(ကိုရီးယား)က ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
ထို့အတူ အဆိုပါ နှစ်သစ်ကူး ပိတ်ရက်ရှည်အတွင်း ပူချွန်းအလုပ်သမားရိပ်သာနှင့် မြန်မာအသင်း(ကိုရီးယား)၏ ဦးဆောင်မှုဖြင့် သွားရောက်ခဲ့ကြသော ဂျယ်ဂျူဒို အပန်းဖြေခရီးစဉ်အတွင်း လိုက်ပါခဲ့ကြသည့် မြန်မာညီအကိုများ အားလုံး၏ စည်းကမ်းရှိမှု၊ စည်းလုံးညီညွှတ်မှုတို့ကြောင့် ပျော်ရွှင်အောင်မြင်သော ခရီးစဉ်တစ်ခု ဖြစ်ခဲ့ရသည့်အတွက်ကြောင့်လည်း ညီအကိုများ အားလုံးကို မြန်မာအသင်း(ကိုရီးယား)က အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးသတင်းစကား ပါးလိုက်ရပါသည်။
မိမိတို့၏ လုပ်ငန်းခွင်များ၌ ပျော်ရွှင်ချမ်းမြေ့စွာ လုပ်ကိုင်နိုင်ကြပြီး မိမိတို့ တတ်စွမ်းသမျှ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သယ်ပိုးနိုင်ကြ၍ မြန်မာအသင်း(ကိုရီးယား)၏ ဘာသာရေး၊ လူမှုရေး၊ အလုပ်သမားရေးများ၌လည်း အတူတကွ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်နိုင်ကြပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ဥက္ကဌ
မြန်မာအသင်း(ကိုရီးယား)
ဂျယ်ဂျူကျွန်းခရီးသွား မှတ်တမ်းဓါတ်ပုံများ






