ရေးသားသူ — အောင်နိုင်ဝင်း(ဖိုးနိုင်)
မင်္ဂလာပါ။
ကျနော်အောင်နိုင်ဝင်း(ခေါ်)ဖိုးနိုင်ပါ။ မိတ်ဆွေများအားလုံးပို့သတဲ့မေတ္တာ၊ကူညီကြတဲ စေတနာ တွေကြောင့် ကျနော်ရဲ့ ခွဲစိတ်ကုသမှုဟာ အောင်မြင်စွာပြီးသွားခဲ့ရပါတယ်… ယခုကျနော်ဆေးရုံကနေ ခဏဆင်းခဲ့ရပါပြီ။ ။
ရင်ထဲကစကား
ပထမဦးဆုံး ကျနော်ပြောချင်တာက စဖြစ်ပြီ ဆိုကတည်းက ကျနော့ကို စစခြင်း ကိုယ်ရော၊စိတ်ပါ နည်းမျိုးစုံဖြင့်ဝိုင်းဝန်း ကူညီအားပေးစကားပြောပေးခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူး အထူးတင်ပါတယ်…
ဒီညီအစ်ကိုတွေကြောင့်လည်း ကျနော် အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်လာခဲ့ရပါတယ်…
လက်ရှိ ကျနော့အခြေအနေကတော့ ပြီးခဲ့တဲ့ ၄ လပိုင်း ၁၃ ရက်နေ့က ကျနော်ဆေးရုံးက ဆင်းလာခဲ့ပါတယ်. ရောဂါပျောက်ကင်းလို့ အပြီးဆင်းလာတာတော့ မဟုတ်သေးပါဘူး။ ကုသမှုတွေကျန်နေပါသေးတယ်၊ ချက်ချင်း ကုသလို့ရမှာ မဟုတ်သေးတာကြောင့် အချိန်အနည်းငယ်ယူရအုံးမှာ ဖြစ်ပါတယ်၊ အဓိကကုသမှုဖြစ်တဲ့ ကင်ဆာ ဆဲလ်တွေကို အမြစ်ဖြတ်တဲ့ ဓါတ်ကင်ကုသမှုက ကျန်နေသေးပါတယ်.အဲ့ဒီ ကုမှုကို ဆေးရုံမှ နှစ်လကျော် စောင့်ပြီး နေရမယ်ဆိုရင် အရမ်းကြာနေမှာ ဖြစ်တဲ့အတွက်ကြောင့်၊ အခြား ကုသမှုတွေလည်း မရှိတာရယ် ကြောင့် ကျနော် ဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြီး ဆေးရုံမှ ခဏဆင်းလာခဲ့ခြင်းဖြစ်ပါတယ်…
-
အနာဂတ်အခြေအနေ
ကျနော်ဟာ ဓါတ်ရောင်ခြည်ကုသမှု ပြီးသွားခဲ့ရင်တောင် လက်ရှိ ကျနော့လည်ပင်းမှာ အသက်ရှုဖို့ တတ်ထားသောပိုက်ကို ဒီထက်သေးတာနဲ့ ပြောင်းလဲတပ်ဆင်ပေးမယ်လို့ ပြောပါတယ်.အလုံးစုံပိတ်လို့တော့ မဖြစ်နိုင်သေးပါဘူး။ ပြောင်းလဲတပ်ပြီးသွားခဲ့ရင်တော့ ဆရာဝန်ကြီးများအနေဖြင့် အချိန်အတိုင်းတာတစ်ခုအထိ စောင့်ကြည့်ပါလိမ့်မယ်.. အဲ့ဒီအချိန်ရောက်ခဲ့ရင် ကျနော်ကို ဆေးရုံသို့ ပြန်ခေါ်ပါလိမ့်မယ်၊ဘယ်အချိန်လို့တော့ အတိအကျ မသိနိုင်သေးပါဘူး။
ဆေးရုံကိုပြန်ခေါ်ပြီးရင် ကျနော့ကို အသေးစားခွဲစိတ်ကုသမှု ထပ်လုပ်ပါလိမ့်မယ်.. အချိန်ကတော့ တစ်နာရီ(သို့)နှစ်နာရီခန့် ကြာလိမ့်မယ်ထင်ပါတယ်… အဲ့ဒီအချိန်ကြမှ ကျနော့လည်ပင်းက အပေါက်ကို ပြန်ပိတ်ပေးပါလိမ့်မယ်. ပိတ်ပြီးရင်တော့ ဆေးရုံပေါ်မှာ အနည်းဆုံး ၁ဝ ရက်လောက်တော့ နေရပါလိမ့်အုံးမယ်..
ကျနော် ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ ဆေးရုံကဆင်းရပါတယ်။ နှစ်လကျော်လောက် ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
ဆေးရုံစရိတ်
၂လပိုင်း ၇ ရက်နေ့ကစပြီးတက်ရတော့ ၄ လပိုင်း ၁၃ ရက်ဆိုရင် ဆေးရုံမှာနေရတာ နှစ်လကျော်ပေါ့ ။ အဲ့ဒီအတွက် ရှင်းပေးလိုက်ရတဲ့ ခွဲစိတ်ကုသမှုဆေးရုံစရိတ်ကတော့ ၃၈သိန်းလောက်ရှင်းပေးခဲ့ရပါတယ်.အဲဒါက ဒုတိယအကြိမ် ခွဲစိတ်ကုသမှုအတွက်ပါ။
ပထမအကြိမ်
ပထမအကြိမ် တက်တုန်းကတော့ တစ်လပိုင်းမှာပါ။ အဲ့ဒီတုန်းက ကျနော် ရက် ၂ဝ လောက် ဆေးရုံတက်လိုက် ရပါတယ်.. အဲ့ဒီတုန်းကတာ့ တစ်သိန်းရှစ်သောင်းလောက်ပဲကျပါတယ်..ဒါကလည်း အထွေ၂ဆေးစစ်တဲ့ စရိတ် လို့ပဲ ပြောလို့ရတာပေါ့။ ကျနော့ ခွဲစိတ်မှုကကြီးတော့ ၁၆ နာရီလောက်ကြာမှာ ဖြစ်တဲ့အတွက် ပိတ်ရက်တွေ အားလုံးပြီးတဲ့ အချိန်ကြမှ ခွဲစိတ်မှုအချိန်တွေကို ရွှေ့ ယူလိုက်တာပါ၊တစ်ရက်လုံး ခွဲချိန်ယူရမှာမို့ ဆေးရုံပေါ်မှာ ကြာသွားရခြင်းဖြစ်ပါတယ်..ဒါကလည်း ကျနော့ခွဲစိတ်ကုသမှုအတွက် ကျနော့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင် မှုရလိုက်တာပါပဲ။
ဂုဏ်တော်ကျေးဇူး
အထူးသဖြင့် ကျနော်ဆေးရုံတက်နေချိန်၊ခွဲစိတ်မှုမစခင်မှာ ကိုရဲနိုင်ဝင်းပေးခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ရေးတဲ့ “လိုတရ နှလုံးသား” ဆိုတဲ့စာအုပ်လေး ဖတ်လိုက်ရတဲ့အတွက် ကျနော့မှာ ဘုရား ဂုဏ်တော်တွေကို ကောင်းကောင်း ရွတ်ပွားနိုင်ခဲ့ပါတယ်…
ခွဲစိတ်မှုအခြေအနေ
ခွဲစိတ်မှုအခြေအနေများကို ပြန်ပြောင်းပြောရမယ်ဆိုရင် ခွဲစိတ်မယ့်နေ့မှာ ကျနော်ကို လာစောင် ရှောက် ပေးနေတဲ့ ဆရာမတွေရဲ့ ပြောပြချက်ရော၊ ကျနော်ကို ကျနော်ပေါ့နော် စိတ်ထဲမှာ အရမ်းရှင်းနေမိတယ်.. အရမ်းရှင်းနေတယ်ဆိုတာ ကြောက်တာလည်းမရှိဘူး၊စိုးရိမ်ခြင်းလည်းမရှိဘူး၊ ကျနော် ခွဲစိတ်ခန်းထဲကို ဘုရား ဂုဏ်တော်ပွားများပြီးဝင်သွားခဲ့ပါတယ်..အထူးသဖြင့် အရဟံ (ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား) (လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား) (ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကို ပြုတော်မမူတော်မြတ်စွာဘုရား)လို့ရွတ်နေရင်းနဲ့ပဲ ကျနော်သတိမေ့သွားခဲ့ရတယ်…
အဲ့ဒီအချိန်ကို ပြန်တွေးကြည့်မယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းလှပါတယ်.. သေခြင်းတရားက လက်တစ်ကမ်းမှာပါ။ဆရာဝန်တွေပြောခဲ့သလိုပဲ အကြောင်းတစ်ခုကြောင့် ကျနော တိမ်းစောင်းသွားခဲ့ရင် တောင် တိမ်းစောင်းခံနိုင်မယ့်အခြေအနေမျိုးအထိ ကျနောအဆင်သင့်ဖြစ်နေမိတယ်.. ဒါဟာ အံ့သြစရာပါပဲ။ ဒါဟာ ဂုဏ်တော်ကျေးဇူးပဲလို့ ကျနောယုံကြည်မိတယ်။ နောက်ပြီး ကျနော့ညီအစ်ကိုများက စိတ်ဓါတ်ပိုင်း ဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့အတွက် ဘာသာရေးနဲ့ ပတ်သက်သောစာအုပ်စာပေတွေ၊ တရားခွေတွေကို ပေးဖတ်၊နာကြားရတဲ့အတွက် ခံနိုင်ရှိခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်…
ပြီးတော့ အစ်ကိုကြီး ဦးဇေမင်းအောင်ကလည်း တရားစာအုပ်တွေလာပေးခဲ့တယ်… ဒါတွေကို ဖတ်ခဲ့၊ နာခဲ့ရတဲ့အတွက်လည်း စိတ်အင်အားတွေဖြစ်စေခဲ့တယ်.. ပြင်ဆင်ချိန်ရခဲ့ပါတယ်…ဘာသာရေးရဲ့ ခွန်အားပေါ့!
ဒုတိယအကြိမ်
တစ်လကျော်ကြာမှာ ဒုတိယအကြိမ် ဆေးရုံပြန်တက်ရတော့ ခွဲစိတ်ကုသမှု ဆေးကုသစရိတ် က ၃၈ သိန်းလောက် ရှင်းပေးရပါတယ်… ဒါကို ရှင်းပေးပြီးမှ ကျနော်ခု ဆေးရုံကဆင်းခဲ့ရပါပြီ။ နောက်တစ်နေ့ ၁၄ ရက် နေ့ကစပြီး အပြင်ကပဲ ကျနော် ဆေးရုံကိုသွားပြီး ဓါတ်ရောင်ခြည်ကင်ခြင်းနဲ့အခြား ကုသမှုတွေကို ပြသနေရပါ တယ်.. ဓါတ်ရောင်ခြည်ကင်တာက တစ်ခါကင်ရင် တစ်သိန်းနီးပါးကျပါတယ်.. ခုဆိုရင် တစ်ပတ်မှာ နှစ်ကြိမ်ပေါ့! အင်္ဂါနေ့နဲ့သောကြာနေ့တိုင်းမှာ နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်ကြီးနဲ့ တွေ့ရပါတယ်..အဲ့လိုတွေ့တိုင်း နှစ်သိန်းနီးပါးကုန်ကျနေပါတယ်… ဘာဖြစ်လို့လဲဆိုတော့ ဆေးကုသတဲ့ဌာနကနှစ်ခု (ဓါတ်ကင်တာရယ်၊ နား၊ နှာခေါင်း၊လည်ချောင်း) မှာ ပြသနေရလို့ပါ။ ဆေးကတော့ သောက်ဆေးရယ် ပလုတ်ကျင်းဖို့အတွက် ဆေးရည် ရယ်ပါ။
ကိုရီးယားအစိုးရရဲ့ ထောက်ပံ့မှု
ကျနော်ခွဲစိတ်ကုသတုန်းက ဆေးရုံတက်ချိန်တုန်းက ကိုရီးယားအစိုးရရဲ့ ထောက်ပံ့မှု ရပြီးသွားတဲ့ အတွက် ယခုဆိုရင်ကျနော့ကို ဆေးရုံက ဆေးတောင်အလကားမပေးတော့ပဲ ဝယ်သောက်နေရပါပြီ။ ယခုဆိုရင် ကျနော့ အခြေအနေဟာ ကျန်းမာရေးထောက်ပံ့မှုမရှိပဲ အားလုံးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက် နေရပါ တယ်.. ဆေးရုံကတော့ ဘာထောက်ပံ့မှုမှ မရတော့ပါဘူး။ တစ်ခုတော့ရှိတာပေါ့ (နား၊နှာခေါင်း၊လည်ချောင်း) ကျနော့ကို အဓိကခွဲစိတ်ပေးတဲ့ ဆေးရုံမှာတော့ သုံးကြိမ်ဈေးလျော့ပေးတာတော့ရှိခဲ့ပါတယ်. နောက်ပြီးကျနော် ကျောက် ကပ် တို့ ၊ နှလုံးတို့ မကောင်းလို့ဆိုပြီး ကျောက်ကပ်၊နှလုံးအထူးကုဌာနကိုလည်းတစ်ကြိမ် ပြခဲ့ရပါတယ်.. သူက လည်း တစ်ကြိမ်ဆို တစ်ကြိမ်ပါပဲ၊တစ်ခါပြလိုက်တာ တစ်သိန်းခွဲလောက်ကုန်ကျပါတယ်။
ထောက်ပံ့ငွေရရှိမှုများ
ဆေးရုံကဆင်းပြီး အပြင်ကနေ ဆက်လက် ကုသတာကတော့ လုံးဝအလကား မရရှိသေးပါဘူး။သူတို့နိုင်ငံရဲ့ ဆေးကုသမှုစနစ်ကိုက ဆေးရုံတက်ကုမှ ဆေးရုံမှာရှိတဲ့ လူမှုရေးဌာနမှာ လျှောက်လွှာတင်မှ ရပါလိမ့်မယ် လို့ ထင်တယ်။ ဒါတောင် သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်များ ပြည့်စုံမှထောက်ပံ့မှု ရပါလိမ့်မယ်။ ကူညီမှု တွေရမယ်လို့ ထင်ပါတယ် .. မဟုတ်ရင်တော့ ရမှာမဟုတ်ပါဘူး။ ကျနော်က တရားမဝင် နိုင်ငံခြားသား အလုပ် သမားအဖြစ် ကိုရီးယားနိုင်ငံမှာ နေထိုင်ရပ်တည်နေရသဖြင့် ဘာမှအာမခံချက်မရှိပါဘူး၊ မည်သည့် အထောက် အထား မှလည်း မရှိသည့် အတွက်ကြောင့် ကျန်းမာရေးအာမခံကို မခံစားရပါဘူး။ ဒါကြောင့် ဆေးကုသတဲ့စရိတ် အားလုံးကို ယခုလက်ရှိ ကျသင့်တဲ့အတိုင်းပဲ ရှင်းပေးနေရပါတယ်…
ပြောရမယ်ဆိုရင် ခုဆိုရင် အပြင်မှာ ဆေးကုသ နေရတာဟာ ဆေးရုံတက်တုန်းက ကုန်ကျစရိတ် နီးပါး လောက် နီးနီး ကုန်ကျနေပါတယ်..
Stop Crackdown တီးဝိုင်းက ဦးစီးပြီး သူတို့တွေ ပွဲတစ်ခုလုပ်ကြပါတယ်. အဲဒီပွဲမှ အမြတ်ရငွေ ဆိုပြီးတော့ ကျနော့ကို ကိုစိုးမိုးသူအပါအဝင် Stop Crackdown တီးဝိုင်းအဖွဲ့သားတွေ ဆေးရုံကိုလာပြီး၊ ကျနော်ဆေးရုံက မဆင်းခင် တစ်ရက်အလိုမှာ ဝမ်သိန်း(၅၀) ကူညီ ပေးသွားကြပါတယ်.. ကျနော်ဆေးရုံမှာ ရှိနေချိန်ရော ယခု အချိန်ထိပါ ကျနော့ကို ကူညီနေကြတုန်းပါ။ အဲ့ဒီအတွက်လည်း ကျနော်အရမ်းပဲ ကျေးဇူးတင်ပါတယ်… လော လောဆယ်တော့ ကျနော်ဆေးရုံပေါ်မှာရှိစဉ်တုန်းက ကျနော် ဆေးရုံးကိစ္စ အစစ အရာရာကူညီပေးနေကြသော ညီအစ်ကိုများနဲ့ စာရင်းတွေ မမေးရသေးတာကြောင့် ကျနော်အသေးစိတ်ကိုတော့ လောလောဆယ်မသိ သေးပါ ဘူး။ ပြီးတော့ ကိုရီးယားအဖွဲ့အစည်းအချို့ ကလှူဒါန်းငွေတွေလည်း လက်ခံရထားတယ်ပြောကြပါတယ်…
ဒါတွေကို နောက်တော့ ကျနော်အသေးစိတ်ဖော်ပြပေးသွားမှာပါ။ ကျနော့အပေါ်ခုလို ငွေကြေးရော၊စိတ်ရော၊ ကိုယ်ပါ ဝိုင်းဝန်းကူညီ ပေးကြသော၊ မေးမြန်းကြသော ရဟန်းရှင်၊လူပုဂ္ဂိုလ်များအားလုံးကို အထူး ကျေးဇူး တင်ပါတယ်.. လောလောဆယ် ကျနော် ဘလော့တင်ထားတဲ့ အလှူရှင်များစာရင်းတွေရယ် နောက်ထပ် ဝင်လာတဲ့ ကူညီငွေများစာရင်းတွေကိုတော့ ကျနော် ဘလော့မှာ ထပ်ပြီးတင်ပြ၊ဖော်ပြ ပေးသွားမှာပါ။ လောလောဆယ် ကိုသိန်းအောင် ဘဏ်စာအုပ်ထဲကို ပို့ပေးထားတာကိုတော့ ဖော်ပြထားပြီးဖြစ်ပါတယ်.. နောက်ထပ် ဝင်လာတဲ့စာရင်းများကိုတော့ ကျနော်သိပ်မကြာခင် တင်ပြပေးသွားပါ့မယ်…
ခုတော့ကျနော် နောက်တစ်ကြိမ်ခွဲစိတ်ကုသမယ့် အချိန်ကိုစောင့်နေပါတယ်… ဒီအကြိမ် ဆေးရုံ တက်ခဲ့ ရင်တော့  ဆေးရုံက ထောက်ပံ့မှုရမယ်၊မရဘူးဆိုတာကိုတော့ ကျနော်လည်း သိပ်သေသေချာချာ မသိသေးပါ ဘူး။ ဘာလို့လည်းဆိုတော့ ဒုတိယအကြိမ် ခွဲစိတ်ကုသချိန်က သူတို့သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေး အားလုံး ကို ကျနော်ခံစားပြီးသွားလို့ပါ။ တစ်ကယ်လို့ အဲဒီထောက်ပုံကြေးတွေသာ ကျနော် မရခဲ့ရင် ယခု ခွဲစိတ်ကုသမှု ဟာ ကိုရီးယားဝမ် သိန်း(၂၀၀)လောက်ကုန်ကျမှာဖြစ်ပါတယ်. အဲ့ဒါတွေ ရခဲ့သဖြင့် ကျနော် ဆေးရုံးကဆင်းတော့ ဆေးရုံစရိတ် အဖြစ် ၃၈ သိန်းလောက်ပဲရှင်းပေးခဲ့ရခြင်းဖြစ်ပါတယ်..ဒါကြောင့် ယခု တစ်ကြိမ်ဆေးရုံ ပြန်တက် ရအုံးမယ်ဆိုရင် ကျနော်ကို အကူအညီပေးနေကြတဲ့ကိုရီးယား ဆရာ၊ဆရာမများက လည်း ကျနော်ကို ထောက်ပံ့ မှု ရမယ်၊မရဘူး မပြောနိုင်ကြပါဘူး။ဆေးရုံတက်တော့မှပဲ လူမှုကူညီရေးအဖွဲ့မှာ လျှောက်လွှာတင်ကြည့်မှပဲ ကျနော်သည် ရနိုင်မယ်၊မရနိုင်ဘူး သိရမယ့်အခြေအနေဖြစ်နေပါတယ်.. ယခုအချိန်မှာ ကျနော်ဟာ ဘာမှ တရား ဝင် လက်မှတ်ကိုင်ဆောင်ထားခြင်းမရှိသောကြောင့် ထောက်ပံ့ကြေးရဖို့ မျှော်လင့်ချက်အရမ်းနည်းပါ တယ်..
လက်ရှိအခြေအနေ…
လက်ရှိကျန်းမာရေးကိုပြောရအုံးမယ်ဆိုရင်တော့ သွားလို့၊လာလို့အားလုံးတော့ရပါတယ်… စကားပြောရင် တော့ ဓါတ်ကင်တဲ့အချိန်မှာ တံတွေးတွေခြောက်သွားသဖြင့် ဆေးရုံပေါ်မှာလောက် ကျနော် စကားကောင်း ကောင်း မပြောနိုင်သေးပါဘူး။ အကြာကြီးပြောရတာလည်း သိပ်မကောင်းပါဘူး။ လျှာအခြေအနေကို ပြောရမယ် ဆိုရင် အရသာခံစားနိုင်စွမ်းမသိရသေးပါဘူး။ ဓါတ်ကင်နေချိန်အတွင်းမှာတော့ ကျနော် လျှာရဲ့  အရသာခံစားမှု ရှိမှာ မဟုတ်သေးပါဘူး၊ ဘယ်အချိန်ထိ ခံစားရအုံးမလဲတော့မသိရသေးပါ ။ ခုလောလောဆယ် လျှာဟာ ခံစားမှု မဲ့နေသလိုမျိုးဖြစ်နေပါတယ်…ဒါပေမယ့် စပ်တဲ့အရသာတစ်ခုတော့ ခံစားလို့ရပါတယ်.. ဘာလို့လဲဆိုတော့ လျှာ အစားထိုးထားတဲ့အသားကို ဓါတ်ကင်လိုက်တဲ့အခါ လျှာသည် အနည်းငယ်ဗျက်ကြီးနေသောကြောင့် သွားတွေ အောက်ကို ရောက်နေတတ်ပါတယ်. အဲ့ဒါကြောင့် လျှာဟာ ကောင်းတဲ့ဘက်အခြမ်းဟာ သွားတွေနဲ့ ခြစ်မိ၊ ဖိမိပြီး ပြဲသွားလို့ စပ်တဲ့အရသာ ဖြစ်နေတယ်လို့ပြောတာပါ။
မနက်အိပ်ရာထတိုင်း ကြည့်လိုက်ရင် သွားအောက်ကို လျှာရောက်ရောက်နေပြီး ပါးချောင်တွေပါ ပွန်းနေ တတ်ပါတယ်..ပိုပြီး ဆိုးတာက မနက်အိပ်ရာထရင် အရမ်းနာကျင်ပါတယ်၊ အရမ်းနာကျင်သောကြောင့် ပါးစပ် ကို လှုပ်ချင်စိတ်မရှိပါဘူး၊ မရှိတဲ့အတွက် ဘာမှစားချင်စိတ်လည်းမရှိဘူးဖြစ်မိတယ်၊ နွားနို့ပူပူ၊ကော်ဖီပူပူတို့ အထဲ မှာ အရမ်းကိုနုညံ့ပြီး အရသာရှိသော ကိတ်မုန့်များကို နှစ်ပြီး ဒီအတိုင်းမျိုချတာတောင်မှ ပါးစပ်က လှုပ်ချင်စိတ် မရှိပါဘူး ။ တော်၂လေးကြာမှ ပါးလုတ်ကျင်း၊မျက်နှာသစ်ပြီးမှပဲ နွားနို့ပူပူနဲ့ ကိတ်မုန့်နဲနဲစားလို့ ရပါတယ်.. ဘာလို့ စားရသလဲဆိုရင် နံနက်ဆေးသောက်ရပါတယ်..
မနက်တစ်ခါ၊နေ့လည်တစ်ခါ၊ညနေတစ်ခါပေါ့၊ပြီးတော့လည်းဆေးရုံသွားရတော့ ကျနော့အနေဖြင့် အစာကို မဖြစ်မနေ စားကိုစားပေးရမှာဖြစ်တယ်လို့ ဆရာဝန်တွေကလည်းပြောကြတယ်. ဓါတ်ကင်တာဟာအရမ်း ပင်ပန်းတာကြောင့် အစားမစားနိုင်ခဲ့ရင် ခန္ဓာကိုယ်က ဒဏ်ခံနိုင်မှာမဟုတ်ဘူး တဲ့၊ ဒါကြောင့် အစားအစာ ကိုများများစားဖို့ ဝိုင်းဝန်းတိုက်တွန်းကြပါတယ်.. ကျနော်အနေအထားကလည်း အရသာ သိခြင်း၊မသိခြင်းထက် ခန္ဓာကိုယ်အားဖြစ်ဖို့အတွက်ပဲ စားမယ်လို့ ဆုံးဖြတ်ထားသော်လည်း ပါးစပ်က စားရတာအဆင်မပြေ ဖြစ်နေသောကြောင့် တော်ရုံအစားအစာများဟာ ကျနော့အတွက် အဆင်မပြေဖြစ်နေခဲ့ပါတယ်..
ဒါကလည်း ခဏလို့ပဲ ကျနော်ထင်ထားပါတယ်… ကျနော့ကိုချစ်တဲ့ ညီအစ်ကိုမိတ်ဆွေတွေ အားလုံးလည်း မစိုးရိမ်ကြပါနဲ့၊ အဆိုးဆုံးအခြေအနေက ကျနော်ကျော်ဖြတ်လွန်မြောက်လာခဲ့ပြီပဲ။ ပြီးတော့ ကျနော် ဆေးရုံပြန် တက်မယ့်ရက်ကိုလည်း ထပ်ပြောပြပါအုံးမယ်.. ခုတော့ ကျနော်လည်းမသိရသေးပါဘူး။ ကျနော့်ကို ကုသပေးတဲ့ ပရောဖက်ဆာကြီးက အကြောင်းကြားမှပဲ ကျနော်ဆေးရုံထပ်တက်ရမှာပါ။ လောလောဆယ် ဓါတ်ရောင်ခြည် ကုသတာကလည်းမပြီးသေးလို့ပါ။ အဲဒီဓါတ်ရောင်ခြည် ကုသတဲ့ ဆရာဝန်မကြီးနဲ့လည်း အပတ်စဉ်အင်္ဂါနေ့တိုင်း တွေ့ရပါတယ်.. သူ့ကို ဘယ်နှစ်ကြိမ် ကျန်သေးသလဲလို့ မေးလိုက်ရင်တော့ ကျနော်ဆေးရုံပြန်တက် ရမယ့်ရက်ကို သိနိုင်ပါတယ်… တနင်္လာနေ့ဆိုရင် ကျနော်သွေးစစ်ရပါတယ်.. သွေးစစ်တဲ့အဖြေပေါ်မှာ မူတည်ပြီး ဓါတ်ကင်တဲ့ ဌာနကဆရာဝန်မကြီး မင်းဘယ်နှစ်ရက်ကျန်သေးတယ်. ဘယ်ကြိမ်ထပ်ကုရမယ်ဆိုတာ ပြေပါလိမ့်မယ်.. ပုံမှန်ကတော့ တစ်ပတ်ကို ၅ ကြိမ်ပေါ့။ ပိတ်ရက်ဆို အကုန် ပိတ်ပါတယ်.အနီရက်ရယ် စနေ၊တနင်္ဂနွေပေါ့။ ဖွင့်ရက်မှာသာကုသလို့ရပါတယ်…
ခုနောက်ဆုံး ကျနော်ပြောချင်တာက အကူအညီပေးကြသော ညီအစ်ကိုများ အားလုံးကို ရင်ထဲမှာ လှိုက် လှိုက်လှဲလှဲနဲ့ တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်..
သင်္ကြန်မှာတုန်းကလည်း ကျနော်ကို အကူအညီပေးကြသူများအား ကျနော့အခြေအနေ တိုးတက်မှုကို ပြချင်တာရယ်၊နှုတ်ဆက်ချင်လွန်းအားကြီးတာကြောင့် အပင်ပန်းခံပြီး ကျနော်လာရောက်နှုတ်ဆက်ခြင်းပါ။ နှုတ်ဆက်ဖို့ကို ကျန်ရစ်ခဲ့ရင်တော့ အခွင့်အရေးများပေးခဲ့ရင် ကျနော်လာရောက်နှုတ်ဆက်ပါ့မယ်..ခုတော့ ကျနော်ဒီနေရာကပဲ ကျေးဇူးတင် နှုတ်ဆက်လိုက်ပါတယ်…
အားလုံးကိုကျေးဇူးတင်လျက်...
အောင်နိုင်ဝင်း(ဖိုးနိုင်)
Wednesday, May 4, 2011
ကျေးဇူးတင်ကြောင်း နှုတ်ခွန်းဆက်လွှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment