Showing posts with label မြန်မာစာ မြန်မာစကား. Show all posts
Showing posts with label မြန်မာစာ မြန်မာစကား. Show all posts

Monday, March 19, 2012

ပိတောက်ပန်း

ရေးသားသူ — ဆရာဇော်ဂျီ ( ဖျာပုံမြို့)


ပိတောက်ပန်း
မခူးချင် စမ်းပါနဲ့နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ
ထူးပါဘိတယ်.
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်
အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။

ဆရာဇော်ဂျီ ( ဖျာပုံမြို့)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 4, 2010

ကဗျာဝိုင်းစာဝိုင်း ဖိတ်ကြားစာ


ကိုရီးယား စာပေအဖွဲ့အစည်းမှ ဖိတ်ကြားချက်အရ ရောက်ရှိလာသည့် ကဗျာဆရာ ခင်အောင်အေးနှင့် ကိုရီးယားရောက် မြန်မာမိတ်ဆွေများ စုစည်း၍ “ကဗျာဝိုင်းစာဝိုင်း” ဟောပြောဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါသဖြင့် စာပေ၀ါသနာရှင်များ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်= ၂၀၁၀ ဒီဇင်ဘာ ၁၂
နေရာ= ပူချွန်း နိုင်ငံခြားသား အလုပ်သမား ရိပ်သာ၊ ဒုတိယထပ် အစည်းအဝေးခန်း
အချိန်= ညနေ ၄ နာရီမှ ၇ နာရီ


အကြံပြုချက်-
1. ကဗျာဝိုင်းစာဝိုင်း လုပ်မည် ဖြစ်၍ လွတ်လပ် ရင်းနှီးစွာ ဆွေးနွေး ပြောဆိုနိုင်မည် ဖြစ်ပြီး၊ ကိုယ်တိုင် ဖန်တီးထားသည့် စာပေလက်ရာများကိုလည်း တင်ပြဆွေးနွေးနိုင်ပါသည်။
2. ကဗျာဆရာများ ၀ါသနာရှင်များ “ကဗျာဖတ်”သည့် အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 25, 2010

တစ်လိုက်ကြဟေ့ ညီနောင်များ အော့အိအီးအွစ်

နိဒါန ကထာ
မကြာသေးခင်က ၊ ဂဏန်း(၁)ကို (တစ်) လို့မရေးဘဲ (တ) ရေးကြဖို့ ဆော်သြထားတဲ့ အောန်လိုင်း မီဒီယာဆရာတစ်ဦးရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရပါတယ် ။ ကျနော်လည်း ဒီကိစ္စပြောချင်နေတာ ကြာပါပြီ ။ အကြောင်းအမျိုးမျိုးကြောင့် အခုမှ ဒီဆောင်းပါးကိုရေးဖြစ်ပါတယ် ။ အဲဒီဆရာရဲ့ ဆောင်းပါးကို ချေပခြင်းမဟုတ်သလို ၊ မည်သူ့ကိုမျှ တိုက်ခိုက်လိုခြင်းမဟုတ်ပါ ။ (တစ်) နှင့် (တ) ရေးထုံးအပေါ် မိမိရဲ့ သဘောထားအမြင်ကို ရိုးရှင်းစွာ တင်ပြခြင်းသာ ဖြစ်ပါတယ် ။ သဘောထား တိုက်ဆိုင်မှု ရှိခြင်း မရှိခြင်းမှာ စာရေးသူကိစ္စမဟုတ်ပါ ။ မည်သူမဆို လွတ်လပ်စွာ သဘောထား ကွဲပြားနိုင်ကြသည် ဟု သဘောထားပါတယ် ။

တစ်စေသတည်း
ဟိုးအရင်ကတည်းက တစ်/တ ပြဿနာရှိလာကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ် ။ ကျနော် အမှတ်မမှားဘူးဆိုလျင် ၁၉၇၈ ခုနှစ်လောက်က ဖြစ်လိမ့်မယ် ။ (မှားလျင် ပြင်ဖတ်ကြပါ)။
ဦးနေဝင်း လမ်းစဉ်ပါတီခေတ်မှာပေါ့ ဂဏန်းတစ်ကို ၊ ဘယ်နေရာရောက်ရောက် ၊ ဘယ်စာလုံး နှင့်တွဲတွဲ တစ်ဟာတစ်ပဲ ဖြစ်ရမယ် ၊ တ ဖြစ်မသွားစေရဘူးဆိုတဲ့ သဘောကိုဆောင်တဲ့ ခေတ်ကို ရောက်ခဲ့ပါတယ် ။ အမိန့် ညွှန်ကြားချက် ထွက်လာပြီး ၊ တစ်ဂဏန်းနှင့် သက်ဆိုင်သမျှ ၊ တစ်လို့ပဲ ရေးခဲ့ကြရတယ်လို့ ဆိုပါတယ် ။ စာပေစီစစ်ရေးမှာ တင်တဲ့ စာမူတွေ တစ်နေရာမတစ်တဲ့သူများ ဒဏ်ကြေးဆောင်ကြရတယ်လို့ ဆိုပါတယ် ။ တစ်လုံးကို ဆယ်ပြား ဆိုလားပဲ ။ အခုတော့ ဈေးတက်ရော့ပေါ့ ။ စာနယ်ဇင်းတွေမှာလည်း တစ် ။ အဘိဓါန်တွေ မှာလည်း တစ် ။ စာလုံးပေါင်းသတ်ပုံကျမ်းတွေမှာလည်းတစ် ။ ကျောင်းတွေမှာလည်းတစ် ။ ရုံးတွေမှာလည်းတစ် ။

ခန္တီစ ၊ မနိုင်၍ သည်းခံရခြင်းပေလော
ဘယ်သူမှ မတစ်လို့မရပါ ။ အားလုံးပဲ တစ်ခဲ့ကြရပါတယ် ။ တစ်ပြည်လုံးအတိုင်းအတာနှင့် တစ်ခဲ့ကြရတာပါ ။ ဘယ် ခေတ်ပြိုင် မြန်မာစာ ပညာရှင် မှ ၊ မတစ်ဘဲ မတ ရဲပါ ။ ခေတ်ပြိုင်များလည်း ခေတ်မပြိုင်နိုင်ခဲ့ကြပါ ၊ အားလုံး သော မြန်မာစာ ပညာရှင် များလည်း ခေတ်ယိုင် ပညာရှင် ၊ ခေတ်ရှောင် ပညာရှင် နှင့် ခေတ်ယောင် ပညာရှင်များ ၊ ခေတ်အောင်း ပညာရှင်များ သာ ဖြစ်ကုန်ခဲ့ကြတယ်လို့ ကျနော် ထင်ပါတယ် ။

ခေတ်လွန်မှ တစ်ကိုချ
အဲ ၊ ၈၈ အရေးအခင်းအပြီး ၊ ပြည်တွင်းက ခေတ်အောင်း ပညာရှင်များ ပြည်ပကိုနည်း အမျိုးမျိုးနှင့် ရောက်လာကြတော့မှ ခေတ်အောင်းပညာရှင်များကနေ ခေတ်ပြိုင်ပညာရှင်တွေ အဖြစ် အသွင်ပြောင်း သွားကြပြီး ခေတ်ပြိုင် မြန်မာစာ ဆရာကြီးများလည်း အလျှိုအလျှို ပေါ်လာကြပါတော့တယ် ။ ခေတ်ပြိုင် မြန်မာစာဆရာများ အာဘော်အရ သိရတာကတော့ တစ် ဟာ အခြားသော စကားလုံးများနှင့် တွဲလိုက်လျင် စလုံးသတ်သည့် အသံကြေသွားပြီး (တစ်သံကိုချေပြီး) တ- ဖြစ်သွားတယ် ။ ဒါကြောင့် တစ်လို့မရေးဘဲ (တ) လို့ ရေးမှ မှန်တယ်တဲ့ ။ လူတစ်ယောက် ဆိုလျင် လူတယောက် /lu tajau!/ ။ မှန်ပါသည် ။ လူတစ်ယောက်/lu tit yau!/ ဟုမည်သူမျှ မဖတ်ပါ ။

ခွေးဒဂေါင် /khwei: ti! kaun/
ခွေးတစ်ကောင် ဆိုပါစို့ ခွေးတစ်ကောင် /khwe: ti! kaun/ ဟုမည်သူမျှမဆို ၊ ခွေးဒဂေါင်/khwei: dagaun/ ဟုသာ ဖတ်ကြပါတယ် ။ တစ်အသံသည် ကြေရုံမျှမက ဟိုဖက်လွန်ပြီး (တ) မှ (ဒ) အသံသို့ပင် ပြောင်းသွားပါတယ် ။ သို့ဆိုလျင် ခွေးတစ်ကောင် ဆိုလျင် တစ်-ကို ဒ ဟု ရေးသင့်သည်ဟု ခေတ်ပြိုင်မြန်မာစာ ဆရာကြီးများ ဘာကြောင့် စောဒက မတက်ကြပါသလဲ ။ ဒါ့အပြင် တစ်ယောက် တစ်ပေါက် ဆိုလျင်ရော ကျနော်တို့ တယောက်ဒဘောက်/tayau! dabau!/ ဟုပင် ဖတ်ကြရသည် မဟုတ်ပါလား ။ စဉ်းစားဖို့ မသင့်ပါလော ။
ကျနော်စဉ်းစား မိတာတွေ ရှိပါသေးတယ် ။

ခုနစ် ဆိုပါစို့
ခုနစ် ဆိုလျင် ခွန်နစ် /khun hni!/ ဟုသာ ရေးကြဖတ်ကြပါသည် ။ ခုနစ်ဆယ် ဆိုလျင်တော့ ခွန်နှဆယ် /khun hnahse/ နစ်မှ စလုံးသတ်အသံ ကြေရုံမျှမက ဟထိုးလေးပင် ထည့်ပြီးဆိုကြသေး ။ ဘာကြောင့် ခွန်နှဆယ် သို့မဟုတ် ခွန်နဆယ်ဟု ရေးရမည်ဟု စောဒက မတက်ကြပါသလဲ ။ ဒါ့အပြင် ခုနစ်စဉ်ကြယ်/khun hnasin kje/ ၊ ခုနစ်ထွေက/khun hnahtwei ga/ဆိုတာတွေရော ၊ အများကြီး ရှိပါသေးတယ် ။ ခုနစ် တစ်လုံးတည်းကိုသာ ခုနစ်/khun hni!/ ဟု ဖတ်ကြပြီး ၊ အခြားသော စကားလုံးများနှင့် တွဲလိုက်လျင် စသတ်အသံသည် ကြေသည်ပင်မဟုတ်ပါလား ခင်ဗျား ။

နှစ်ဂဏန်းဆိုရင်ရော
နှစ် /hni!/ နှစ် ဂဏန်းတစ်လုံးတည်းကိုသာ နှစ် /hni!/ ဟု ပီပီသသ ဖတ်ကြပြီး ၊ အခြားသော စကားလုံးများ နှင့် တွဲလိုက်လျင် စလုံးသတ်အသံသည်ကြေပြီး နှ /hna/ ဟုပင် ဖတ်ကြသည် မဟုတ်ပါလား ။ နှစ်ဆယ် ဆိုလျင် နှဆယ် /hna se/ ။ နှစ်ယောက် ဟုဆိုလျင် နှယောက် /hna jau!/ ၊ ကျန်တာတွေလည်း ထိုနည်းလည်းကောင်း ။ နှစ်ကိုယ့်တစ်စိတ်/hnakou.dazei!/
နှစ်ပါးသွား/hnapa:dhwa:/စသည်များ ။

အစ်ကိုအစ်မများလည်း ထိုနည်းလည်းကောင်း
အစ်ကို ဆိုလျင် အကို/ako/။ အစ်မဆိုလျင် အမ/ama./။ ညီအစ်ကိုဆိုလျင် ညီအကို/nji ako/။ ညီအစ်မဆိုလျင် ညီအမ/nji ama./။ ဘာကြောင့် စလုံးသတ်ကြီး မလိုအပ်ဘဲ ရေးနေကြပါသနည်း ။ စလုံးသတ်အသံသည် ကြေနေပါသဖြင့် အကို အမ (အစ်ကိုသည် အထီးမဟုတ်)ဟု ရေးရမည်ဟု ခေတ်ပြိုင်ပညာရှင်ကြီးများ မိန့်ကြားခြင်း မပြုကြပါသနည်း ။ ငဝိုင်း ဥာဏ်မမှီတော့ပါ ။

နေဝင်းမနိုင် တစ်ကို မီးရှို့
ကျနော် ဆိုခဲ့သလို တစ်ကဲ့သို့ပင် ခုနစ်ဂဏန်း ၊ နှစ် ဂဏန်း ၊ အစ်ကို ၊ အစ်မ အစရှိသော အလားတူ ဖြစ်စဉ်များ ရှိနေပါလျက် (တစ်) တစ်ခုတည်းကိုသာ တ-ဟုရေးသင့်ကြောင်း ပြောနေကြခြင်းမှာ ၊ ဦးနေဝင်း လက်ထက်တွင် တရားဝင်ပြင်ဆင်ခဲ့သည်ကို မလိုလားသဖြင့် ၊ ဦးနေဝင်းနှင့်အတူ တစ်ကို ပါ ရောရောင်ပြီး အမုန်းပွါးနေကြခြင်းဖြစ်မည်လောဟု ကျနော်အတွေးဝင်မိပါသည် ။ ကံဆိုးသူ ငတစ် ဖြစ်ချေပြီ ။ ရှိသမျှပြစ်ဒဏ် ငတစ်ခံရလေပြီ ဟု ကျနော် တွေးမိသည် ။

ကိုကိုတစ်လို့ တို့ကတော့ ခေါ်မှာပဲဟေ
ဆိုခဲ့ပါ အကြောင်းများကြောင့် ၊ အများညီလျင်တော့ တစ်ကို တရေးရေး ၊ တ-ကို တစ်ရေးရေး ပြဿနာမဟုတ်ပါ ။ (တစ်) ကို (တ) ဟုသာ ရေးသင့်ကြောင်း ခေတ်ပြိုင်မြန်မာစာ ပညာရှင်များ ဖက်က ပိုမိုကောင်းမွန် ကြည်လင်သော သဘာဝယုတ္တိ နှင့် အခြေခံ အယူအဆများ ပိုမိုခိုင်လုံစွာ ပြသသင့်တယ်လို့ ကျနော်ထင်ပါတယ် ။
အဲသလိုသာ မဟုတ်လျင်တော့ ၊ စလုံးသတ်အသံကြေသဖြင့် (တစ်)ကို (တ) ဟုရေးသင့်ကြောင်း ဆိုကာမျှဖြင့်တော့ ၊ အများညီညီ မညီညီ တစ်ဟာတစ် တဟာတ ၊ ရေးတော့တစ် ဖတ်တော့ တ ၊ ပြောတော့စကား ရေးတော့စာ ၊ ရေးတော့အမှန် ဖတ်တော့ အသံ ဆိုသလို ကျနော် ငဝိုင်း တစ်ယောက် ကတော့ တစ်ကို တစ်လို့သာ ဆက်လက် သုံးစွဲ ရေးသားသွားမည်သာ ဖြစ်ပါကြောင်း ။

လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, August 13, 2010

ဆရာ မောင်သာနိုး စာပေဟောပြောပွဲ


စာရေးဆရာ စာပေပညာရှင် ဆရာကြီး မောင်သာနိုး ၏ စာပေဟောပြောပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ စာပေပရိသတ်များ တက်ရောက် နားဆင် ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၁၀ သြဂုတ်လ ၁၅ တနင်္ဂနွေနေ့
နေရာ = ဓမ္မဒူတကျောင်းတော်, ဗူဖျောင်းမြို့
အချိန် = မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ

ဆရာမောင်သာနိုးသည် ကိုရီးယား ကဗျာဆရာများ အဖွဲ့၏ ဖိတ်ကြားချက်အရ “၂၀၁၀ အာရှ-ကိုရီးယား စာပွဲသဘင်” သို့ တက်ရောက် ဟောပြောရန် ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ပြီး၊ သြဂုတ်လ ၁၁ မှ ၁၄ ရက်နေ့ အထိ ဆိုးလ်နှင့် ဂန်ဝန်ဒိုသို့ သွားရောက်မည် ဖြစ်ပါသည်။ ဆရာ့ ခရီးစဉ်နှင့်အတူ လိုက်ပါလိုသူများ ဖုန်း- ၀၁၀ ၈၈၉၄ ၄၇၇၀ သို့ ၅ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်နိုင်ပါသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ဓမ္မဒူတကျောင်းတော်၌ ကိုရီးယားရောက် မြန်မာ စာဖတ်ပရိသတ်နှင့် တွေ့ဆုံ၍ စာပေဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ ကြွရောက်လာသူများကို “အုန်းနို့သာကူ”ဖြင့် ဧည့်ခံရန် စီစဉ်ထားပါသည်။ အဆိုပါ ဟောပြောပွဲနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုသူများ ဖုန်း- ၀၁၀ ၄၀၃၄ ၅၇၁၂, ၀၁၀ ၈၈၉၄ ၄၇၇၀, ၀၁၀ ၂၃၃၁ ၂၄၅၇ တို့သို့ ဆက်သွယ်နိုင်ပါသည်။

သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဂွမ်ဂျူးမြို့၌ ရေးသူ-ဖတ်သူ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ စိတ်ဝင်စားသူများ ဖုန်း- ၀၁၁ ၉၇၄၄ ၈၇၀၅ သို့ ဆက်သွယ်နိုင်ပါသည်။

စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, December 25, 2009

ဆိုရိုးနဲ့ရေးတဲ့ ၀တ္ထု

(မြန်မာဆိုရိုးစကားတွေနဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတပုဒ်ပါ။ ကိုဝင်းလတ် ပေးပို့လို့ ထပ်ဆင့်လွှင့်တင်လိုက်ပါတယ်။ ရေးသူက စင်ဒရဲလား လို့ ထင်ပါတယ်။ ဖတ်ဖူးသူတွေ ရှိချင်ရှိမယ်။ မဖတ်ဖူးသေးရင်တော့ မြည်းကြည့်လိုက်ပါဦး။)

Dear All Friends,
I hope you can learn all of my saying in this story but all are Animals.

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက် ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ဝက်ဖြစ်မှတော့ မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ် ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲမနေပါနဲ့လို့။

မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင် တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့ မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ……. နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။

သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ် ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့ ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခု အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ ဆင်သတ်အရပ်ဝေပြီးမှ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးချင်တာ သူတို့အသိုင်းအဝိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။ ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင် မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊ ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။ အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။

တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ် ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲက မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့် မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။

တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဥ့်တစ်ကောင် မြားတစ်စင်း ဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး စွတ်မိုက်နေတာ။ အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ် ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။ တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ ငါးပွက်ရာငါးစာချဖို့ ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့ မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့ မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့ သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။

မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။ တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။ ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက် သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင် မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး သာသာပဲရှိတော့… အင်း… ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။

မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့ တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။ အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ် ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ ကဲပါ… ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။ တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။

ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။ ကိုယ်ကလည်း ဘယ်ရမလဲ၊ ‘ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊ နွားသိုးကြိုးပြတ် မရမ်းတတ်ဘူး’ လို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။

အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊ ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Style မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။ ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊ မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင် ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း လာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။ ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။ သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။ ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များ ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။

မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။ နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်… အဲ… နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ် အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင် ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင် မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။

တကယ်ပါ အချစ်ရယ် ကိုယ့်ဘဝဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊ ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊ ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။ မင်းမရှိတဲ့ ကိုယ့်ဘဝဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့ အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘဝမျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ အချစ်ရယ်။

တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ် ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး ဖြစ်တော့မှာပါ။............။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, November 9, 2009

စာပေဆွေးနွေးပွဲ ဓာတ်ပုံမှတ်တမ်း

ယမန်နေ့က ပြုလုပ်ခဲ့သည့် ကဗျာဆရာ ခင်အောင်အေးနှင့် စာပေဆွေးနွေးပွဲမှ မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာ ခေတ်ပေါ်ကဗျာ ဖြစ်ထွန်းပြောင်းလဲလာပုံ၊ ခေတ်ပေါ်ကဗျာနဲ့ လူမှုဘ၀ အပြန်အလှန် ဆက်စပ်ထင်ဟပ်နေပုံ၊ ပို့စ်မော်ဒန် စာပေအနုပညာတခုကို ဖြတ်သန်းနေရပုံ၊ စာပေအနုပညာကို စူးစိုက်လုပ်နေခြင်းဟာလည်း အမျိုးသားရေး ကိစ္စကို ဆောင်ရွက်နေတာ တမျိုးဖြစ်ပုံ စတဲ့ ထွေထွေရာရာ စာပေအကြောင်းအရာများကို စိတ်ပါဝင်စားသူ ၃၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, July 9, 2009

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း
ကိုဝိုင်း(မိုးညှင်း)

နိဒါန်း
၁ ။ “ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန်မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ် ။

မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ အစ နဝတက
၂ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိပါတယ်လို့ စပြီး ပြောတဲ့သူဟာ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြစ်ပါတယ် ။ သူဘာကြောင့် သည်လိုပြောရသလဲ ဆိုလျင် မြန်မာနိုင်ငံမှာ လူမျိုးစုတွေ များလွန်းနေတဲ့အတွက် စည်းရုံးရေးလုပ်ရတာ မလွယ်ကြောင်း ပြောလိုရာက အစပြုပြီး လူမျိုးစု ၁၃၅ စုရှိကြောင်း အဖြေထွက်လာတာဖြစ်ပါတယ် ။ သူသိချင်တဲ့ အဖြေကို စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ပြုစုပေးတာ ဖြစ်ပါတယ် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံး ဟာ သူသိလိုတဲ့ အချက်အလက်များကို သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန ဆီကရရှိပါတယ် ။ သန်းကောင်စာရင်းနှင့် ကွန်ပျူတာ မှတ်တမ်းဌာနက ပေးတဲ့စာရင်းဟာ တော်လှန်ရေးကောင်စီခေတ်မှ ပြည်သူ့ ကောင်စီခေတ်သို့ ကူးပြောင်းရေးကာလမှာ ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းကို အခြေခံပြုစုထားတဲ့စာရင်း ဖြစ်ကြောင်းသိရပါတယ် ။ အဲသည်တုန်းက ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းဆိုရာမှာလည်း ၊ လုပ်အားပေး ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများက ကောက်ယူခဲ့တဲ့စာရင်းပါ ။ လုပ်အားပေး သန်းကောင်စာရင်း ကောက်ယူသူများကလည်းပဲ ၊ သက်ဆိုင်ရာ ဒေသခံများက ဖြေကြားချက်အတိုင်း ရေးမှတ်ကောက်ယူ စာရင်းသွင်းခဲ့ကြတာပါ ။ ဥပမာအားဖြင့် ဘာလူမျိုးလဲဆိုလျင် ၊ ဖြေကြားသူက ရှမ်းဗမာ ဆိုလျင် ရေးသူကလည်း ရှမ်းဗမာလို့ ရေးမှတ်သွားတာမျိုး ၊ ရွာနီးချုပ်စပ် နောက်တစ်ရွာ နောက်တစ်ဖွဲ့ ကောက်ယူတဲ့စာရင်းမှာတော့ ၊ တိုင်းလိုင်း ဆိုပြီးဖြေလို့ တိုင်းလိုင် လို့မှတ်တမ်းဝင်သွားတာမျိုးပါ ။

လူမျိုးစု၁၃၅မျိုးက ဘယ်သူတွေလဲ
၃ ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစုတင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်းတွေ့ကြရမှာပါ -

၁- ကချင်
၂- ကယား(ကရင်နီ)
၃- ကယမ်း(ပဒေါင်)
၎- ကရင်ဖြူ
၅- ကလင်တော(လူရှေ)
၆- ကော်
၇- ကိုးကန့်
၈- ကြီ
၉- ခမီ
၁၀- ခေါနိုး
၁၁- ခေါင်းအိုင်ချင်း
၁၂- ခန္တီးရှမ်း
၁၃- ချင်း
၁၄- ချောင်းသား
၁၅- ခွါဆင်းမဲ
၁၆- ခွန်လီ ခေါ်ဆင်းမ်
၁၇- ဂဒူး
၁၈- ဂဏန်း
၁၉- ဂေခို
၂၀- ဂေဘာ
၂၁- ဂုံ (ခွန်ရှမ်း)
၂၂- ဂျိန်ဖေါ့
၂၃- ဂွေးသဲ
၂၄- စကောကရင်
၂၅- စနော
၂၆- စမူ
၂၇- စုံ(သဲ)
၂၈- ဆလိုင်
၂၉- ဆလုံ
၃၀- ဆင်ထန်
၃၁- ဆိုင်ထန်
၃၂- ဇယိန်း
၃၃- ဇာထောင်
၃၄- ဇိဖေ
၃၅- ဇိထုံး
၃၆- ဇို
၃၇- ဇိင်ဝါး
၃၈- ဇိန်ညှပ်(ဇန်နီယပ်)
၃၉- ဇွန်း
၄၀- တပေါင်
၄၁- တလယ်ပွါ
၄၂- တာဒိုး
၄၃- တီးတိန်
၄၄- တေဇန်
၄၅- တောရ်
၄၆- တောင်ရိုး
၄၇- တိုင်ချွန်း
၄၈- တိုင်းခန္တီး
၄၉- တိုင်းဆာ (မိုင်းသာ)
၅၀- တိုင်းလေ
၅၁- တိုင်းလိုင် (တိုင်းလျန်)
၅၂- တိုင်းလုံ
၅၃- တိုင်းလွယ်
၅၄- တန်ဒူး
၅၅- ထမံ
၅၆- ထားဝယ်
၅၇- ဒင်မ်
၅၈- ဒိုင် (ယင်ဒူး)
၅၉- ဒိုင်းနက်
၆၀- ဓနု
၆၁- နာဂ
၆၂- ပနမ်း
၆၃- ပရဲ (ဘရဲ)
၆၄- ပလေဂီး
၆၅- ပလေး
၆၆- ပလောင်
၆၇- ပသျှူး
၆၈- ပအိုဝ့် (အီကော)
၆၉- ပါကင်းမ်
၇၀- ပိုးကရင် (အနောက်)
၇၁- ပိုးကရင် (အရှေ့)
၇၂- ဖိုပွါ
၇၃- ဖုန် (ဖွန်)
၇၄- ဖျင်
၇၅- ဗမာ
၇၆- ဘန်ဂဲ
၇၇- ဘွဲ့
၇၈- မကန်း
၇၉- မရူ
၈၀- မနူမနော
၈၁- မဟူ
၈၂- မာရင်
၈၃- မီရမ် (မရာ)
၈၄- မီအဲ
၈၅- မောရှမ်း
၈၆- မော်နေပွါ
၈၇- မိုယ့်ထိုင် (ကသဲ)
၈၈- မြို
၈၉- မြောင်ဇီး
၉၀- မြိတ်
၉၁- မွင်း
၉၂- မွန်
၉၃- ယော
၉၄- ယင်းကြား
၉၅- ယင်းတလဲ
၉၆- ယင်းနက်
၉၇- ယင်းဘော်
၉၈- ယွန် (လာအို)
၉၉- ရခိုင်
၁၀၀- ရဘိန်
၁၀၁- ရဝမ်
၁၀၂- ရီရန်
၁၀၃- ရောင်ထု
၁၀၄- ရှမ်း
၁၀၅- ရှမ်းကလေး
၁၀၆- ရှမ်းကြီး
၁၀၇- ရှမ်းဗမာ
၁၀၈- လရှီ
၁၀၉- လာချိတ်
၁၁၀- လားဟူ
၁၁၁- လီစူး
၁၁၂- လီရှော
၁၁၃- လု
၁၁၄- လူရှိုင်း (လူရှေ)
၁၁၅- လေးမြို့
၁၁၆- လော်ဝေါ်
၁၁၇- လောက်ထူ
၁၁၈- လင်လဲ
၁၁၉- လိုင်
၁၂၀- လိုင်ဇို
၁၂၁- လမ်း
၁၂၂- လျင်းထု
၁၂၃- လွယ်လ (ဝ)
၁၂၄- သက်
၁၂၅- ဟွားလ်ငို
၁၂၆- အခါ
၁၂၇- အဇီး
၁၂၈- အနူး
၁၂၉- အနန်း
၁၃၀- အရှိုချင်း (မြေပြန့်)
၁၃၁- အောဝခမီ
၁၃၂- အူပူ
၁၃၃- အိုက်ကွယ်
၁၃၄- အင်
၁၃၅- အင်းသား

တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်
၎ ။ အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ် ။ ကျနော်သိသလောက်ပြောရရင်တော့ (၁) ကချင် နှင့် (၂၂) ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ် ။ နောက်ပြီး (၄၈)တိုင်းခန္တီးနှင့် (၁၂)ခန္တီးရှမ်း ၊ (၃၁)တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်း ခေါ်သလို ရှမ်းနီဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ် ။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ် ။ ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေ အများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။ ဥပမာ ကူကီး ၊ မုန်းဝန်းရှမ်း ဆိုတာတွေပေါ့ ခင်ဗျာ ။

ပညာရှင်များခင်ဗျာ
၅ ။ မြန်မာသမိုင်း ပညာရှင်များ ၊ မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ သူများခင်ဗျာ မြန်မာတိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိပါတယ်လို့ အမှန်အတိုင်း ပြောနိုင်အောင်တော့ ကြိုးစားကြစေလိုပါတယ် ။ သိတ်ခက်ခဲမည့် ကိစ္စတော့ ဟုတ်မယ်မထင်ပါ ။ ဇောက်ချပြီး အားထည့် ကြိုးစားကြမည်ဆိုလျင် ၂ နှစ် ၃ နှစ်အတွင်းမှာ အဖြေထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ပညာရှင်များ ဂရုပြုနိုင်ဖို့အတွက် “ လူမျိုးဘယ်လောက်ရှိသည်ကိုမသိသေးလျင် ၊ ဘာသာစကား ဘယ်လောက် ရှိသည် ဟူသော အချက်ကို မသိသေးသဖြင့် Linguistic survey လုပ်ရန်လိုကြောင်း ” ဦးမြင့်ကြည် (မြန်မာစာအဖွဲ့ဝင်) ရဲ့ တင်ပြချက်ကိုလည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

နိဂုံး
၆ ။ ခုအချိန်မှာ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အဆိုဟာ အမှန်လိုလို အတည်လိုလို ဖြစ်နေပါတယ် ။ နဝတဥက္ကဌကြီးရဲ့ မိန့် ကြားချက်ဖြစ်သမို့ မြန်မာ့ သမိုင်းပညာရှင် များလည်း မထိရဲ ၊ မတို့ရဲ ဖြစ်နေကြပါတယ် ။ ဘယ်သူမှ ဝေဖန်ဆန်းစစ်ခြင်း ၊ သုတေသနပြုခြင်း မရှိခဲ့ကြပါဘူး ။ အမှား တစ်ခုဟာ ကြာလာရင် အမှန်လိုလို ဖြစ်သွားနိုင်တာမို့ ၊ အမှားဟာ အမှန် ၊ အမှန်ဟာ အမှား ဖြစ်မသွားရလေအောင် သမိုင်းကြောင်းလေး ကိုပြန်လည် တည့်မတ်ပေးကြဖို့ ဤစာတမ်းဖြင့် မေတ္တာရပ်ခံတင်ပြအပ်ပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ် ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)


မှတ်ချက် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးမှ ပြုစုထုတ်ဝေသော စာအုပ် တစ်အုပ်မှ စာရေးသူကူရေး ထားသည့် မှတ်စုအား ကိုးကားတင်ပြထားခြင်းဖြစ်ပါသည် ။ စာတမ်းအမည် ကူးရေးရန်မေ့လျော့ခဲ့သည့်အတွက် တင်ပြနိုင်ခြင်း မရှိပါ ။

***********
ပို့စ်တင်သူ၏ မှတ်ချက် ။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ၊ ကိုရီးယားနိုင်ငံဘူချောန်းမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းကို ကောက်နှုတ်၍ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 9, 2009

သပြေညို ဘယ်လိုမှ မသေပါ

- ဆရာကြီး မင်းသုဝဏ် ရာပြည့်မွေးနေ့ ဂုဏ်ပြုစာ -



“မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်။
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။ ”


ငယ်စဉ်ကလေးဘဝ ကကြီး ခခွေး ဖြောင့်အောင် မရေးတတ်ခင်ကပင် သည်ကဗျာလေးတွေကို နှုတ်တက်ရွရွ ရနေခဲ့သည်။ ဖတ်စာအုပ်ထဲမှာ ပါသည့် ရောင်စုံရုပ်ပုံများနှင့် ကဗျာကလေးများကို ဘာကြောင့် နှစ်သက်ခဲ့သလဲ။ တိတိကျကျ ပြန်မပြောတတ်ပါ။ အသံသာသာနှင့် ရွတ်ဆိုရ လွယ်သောကြောင့် နှစ်သက်ခဲ့သည်ဟု အကြမ်းဖျင်းတော့ ပြောနိုင်ပါလိမ့်မည်။
ကျွန်တော်သည် ဤကဗျာလေးများဖြင့် ဘဝကို စခဲ့သည်။

ကျွန်တော်ကဲ့သို့ပင် မြန်မာပြည်မှာ မွေးဖွားသည့် မြန်မာပြည်သား ကလေးသူငယ်တိုင်းလည်း ဤကဗျာလေးများဖြင့်ပင် ဘဝကို စခဲ့ကြသည်ချည်း ဖြစ်ပေမည်။

‘ကြက်တူရွေး’ ‘ကြာဆစ်ကြိုး’ ‘ပန်းသည်’ ‘ဝင်္ကပါ’ စသည့် ကလေးကဗျာများနှင့် ပျော်ရွှင်ခဲ့သော ကျွန်တော်သည် ဤကဗျာတွေကို ဘယ်သူရေးသလဲဟု တခါမျှ တွေးမကြည့်ခဲ့မိဖူးပါ။ ကျွန်တော်က တွေးမကြည့်သော်လည်း အလယ်တန်းကျောင်းသားဘဝ ရောက်သည့်အခါ မဖြစ်မနေ သိလာရတော့သည်။ ‘ဗျောသံ’ ‘ဝါတွင်းချိန်’ စသည့် ကဗျာများကို သင်ကြားရင်း ရေးဖွဲ့သူ ‘မင်းသုဝဏ်’ ဆိုသည့် အမည်ကို စတင် သိလာရပါသည်။ နောက်တော့ ကျွန်တော် နှစ်သက်ခဲ့သည့် ကလေးကဗျာများစွာကို ရေးဖွဲ့ခဲ့သူမှာ ဤဆရာကြီး ဖြစ်ကြောင်း သိလာရပါသည်။ ကလေးကဗျာများသာမက ကျွန်တော်တို့ သင်ခဲ့ရသော ‘ကကြီး ကညစ် - ပေမှာခြစ်’ ဆိုသည့် ဖတ်စာသံပေါက်ကို ရေးခဲ့သူမှာလည်း ဆရာကြီးပင် ဖြစ်ကြောင်း သိလာရသည်။

အထက်တန်းကျောင်းသား ဖြစ်လာတော့ ဆရာမင်းသုဝဏ် အကြောင်း ပို၍သိလာရပြန်သည်။ ‘ပျဉ်းမငုတ်တို’ ‘သပြေညို’ ကဗျာများနှင့်အတူ စာဆိုရှင် ဆရာမင်းသုဝဏ်အကြောင်း သင်ကြားရသောအခါ ဆရာကြီးသည် ကဗျာဆရာသာမက မြန်မာစာပေပညာရှင်ကြီး တဦးဖြစ်ကြောင်း၊ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူတဦး ဖြစ်ကြောင်း သိလာရပါသည်။
ထိုကာလများတွင် အိမ်က အဖေ့စာကြည့်တိုက်ကို မွေနှောက်ရင်း ဆရာ၏ ‘အင်းလျားကန်သို့ အို ကူးတို့’ ကဗျာစာအုပ်ကို ဖတ်မိသောအခါ လက်ကမချနိုင်အောင် စွဲလန်းခဲ့မိသည်။ ထိုစာအုပ်ထဲတွင် ကျွန်တော်တို့ ကျောင်းဖတ်စာအုပ်ထဲမှ ကဗျာတွေ ပါနေသည် မဟုတ်ပါလား။ ငါတို့ကျောင်းမှာ သင်နေတာ တွေဟာ ဒီလို စာအုပ်တွေထဲက ရွေးထုတ်ထားတာပါလားလို့ သိလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဘဝင်မြင့်ချင်သွားသည်။ ကျောင်းသင်ခန်းစာတွေကို ကျော်၍ အပြင်စာတွေကို လောဘတကြီး ဖတ်မိ လေတော့သည်။

ကျွန်တော် သိတတ်စ အရွယ်လောက်တွင် ဝမ်းနည်းစရာ အဖြစ်တခုကို ကြုံတွေ့ခဲ့ရသည်။ ထိုခေတ်က ဆိုရှယ်လစ်ခေတ်။ အရာရာတွင် ပါတီနှင့် ဗဟိုမှသာ ဦးဆောင်သော ခေတ်။ ထိုခေတ်တွင် တာဝန်ရှိသူများက မြန်မာ့ပညာရေးနှင့် ပတ်သက်သော ဥပဒေတခု ချမှတ်သည်။ “ကျောင်းသင်ခန်းစာ အဖြစ် ပြဋ္ဌာန်းရန်အတွက် မူလစာရေးသူသည် ကွယ်လွန်ပြီး အနှစ်နှစ်ဆယ် ရှိရမည်” တဲ့။ ထိုကန့်သတ်ချက်အရ ဆရာမင်းသုဝဏ် အပါအဝင် ဆရာဇော်ဂျီ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ ဇေယျ၊ သိန်းဖေမြင့် စသည့် မြန်မာ့စာပေ သူရဲကောင်းတို့၏ လက်ရာများကို ကျောင်းသားတို့ ထိတွေ့သိရှိခွင့် မရတော့။ ဝမ်းနည်းစရာကောင်းလှသည့် အဖြစ်။

ဆရာ မင်းသုဝဏ် အပါအဝင် ခေတ်ပြိုင် ထိုဆရာကြီးများသည် ၂ဝ ရာစု ပထမပိုင်းတွင် မွေးဖွား၍ မြန်မာ့အမျိုးသားရေးနှင့် လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့စာပေများတွင် ထိုခေတ်၏ ပုံရိပ်တို့ ထင်ဟပ်နေသည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးဆိုသည့် သဘောတရားများ ကိန်းအောင်းနေသည့် ထိုခေတ် စာပေလက်ရာများမှာ အနာဂတ် မြန်မာနိုင်ငံအတွက် အုတ်မြစ်များ ဖြစ်နေသည်ကို မည်သူမျှ ငြင်းဆို၍မရ။ ထိုစာပေများကို ကျောင်းသားများ သင်ကြားခွင့်ရလျှင် ဘယ်လောက် တန်ဖိုးရှိလိုက်မလဲ။

နောင်မျိုးဆက်သစ်တို့အဖို့ ဆရာမင်းသုဝဏ်စသည့် ထိုဆရာကြီးများ၏ စာပေနှင့် ကျေးဇူးတရားကို သိမှတ်နားလည်ခွင့် အလွန်နည်းတော့မည်ဟု ကျွန်တော် စိုးရိမ်မိခဲ့သည်။

သို့သော် စစ်မှန်သောတန်ဖိုး၊ ရင့်သန်သော စေတနာသည် မပျောက်ပျက်ကောင်းခဲ့။

ကျွန်တော် လူငယ်ဘဝကို လွန်မြောက်၍ ဖခင်တယောက် ဖြစ်လာသောအခါ၊ အလုပ်အားရက် များတွင် သမီးကို မြို့ထဲသို့ လိုက်ပို့ရလေ့ ရှိသည်။ တတိယတန်းသာ ရှိသေးသော သမီးကို ကျွန်တော်က စာပေအနုပညာနှင့် ရင်းနှီးစေချင်သည်။ ထို့ကြောင့် သမီးစားချင်ရာ စားပြီးလျှင် စာအုပ်ဆိုင်များဖက်သို့ လှည့်ခေါ်သွားလေ့ရှိသည်။ မြန်မာပြည်မှာက နိုင်ငံတကာမှာလို ကလေးစာကြည့်တိုက် မရှိ။ ကလေး စာအုပ်ဆိုင် မရှိ။ ဒီတော့ လူကြီးစာအုပ်ဆိုင်သို့ပင် သမီးကို ခေါ်သွားရသည်။ သမီးကလည်း လိုလိုချင်ချင် လိုက်သည်။ လိုက်ရသည့်အကြောင်းက ကျွန်တော်က စာအုပ်တအုပ်ဝယ်လျှင် သမီးကလည်း အားကျမခံ ကာတွန်းတအုပ်ဝယ်သည်။ ထို့ပြင် မိတ်ဆွေစာအုပ်ဆိုင်များက သမီးကို ကာတွန်းစာအုပ် လက်ဆောင် ပေးတတ်သေးသည်။ သမီးက ကာတွန်းစာအုပ်တွေရ၍ ပျော်သည်။ သမီးကို ကြည့်၍ ကျွန်တော်က ပီတိဖြစ်သည်။

တခါတော့ စာအုပ်အဟောင်းတန်းဖက် လျှောက်ဖြစ်သည်။ ဆိုင်တဆိုင်တွင် ရှားရှားပါးပါးပင် ‘မောင်ခွေးဖို့’ ကဗျာစာအုပ်ကို သွားတွေ့သည်။ သမီးက ထိုစာအုပ်ကို ကောက်ဝယ်လိုက်သည်။ ‘သမီး အဲဒါ ကာတွန်းစာအုပ်မှ မဟုတ်ဘဲ’ ဟု ကျွန်တော်က မသိချင်ယောင်ဆောင် မေးလိုက်သည်။ ‘သိပါတယ် ဖေကြီးရဲ့၊ ဒီမှာ အရုပ်တွေလဲ ပါတယ်၊ ကဗျာတွေလဲ ပါတယ်’ ဟု သမီးက ဖြေသည်။ ‘သမီးက ကဗျာဖတ်တတ်ပြီလား’ ဟု ကျွန်တော်က ထပ်မေးတော့ ‘ဖေကြီး ဖတ်ပြပေါ့’ ဟု သမီးက မဆိုင်မတွ ဖြေသည်။ ဟုတ်ပါသည်။ အိမ်ပြန်ရောက်တော့ ကျွန်တော်က သမီးကို ဖတ်ပြရသည်။ ကဗျာလေးတွေထဲမှာ ဈာန်ဝင်သွားသော သမီးက ထို မောင်ခွေးဖို့ ကဗျာစာအုပ်ကို သူ့အိပ်ရာဘေးမှာ အမြဲထားသည်။ အချိန်အားတိုင်း ဖတ်၍ နေတတ်သည်။ မောင်ခွေးဖို့ ကဗျာစာအုပ်ကို ရေးသူက ဆရာမင်းသုဝဏ် ဖြစ်သည်။ သရုပ်ဖော်ပုံများကို ဆရာဦးဘကြည်က ရေးဆွဲပေးထားသည်။ ထို စာအုပ်မှာ မြန်မာကလေးကဗျာများ၏ အဦးအစပင် ဖြစ်ပေသည်။ ကျွန်တော် မမွေးမီ နှစ်ပေါင်းများစွာက ထွက်ခဲ့သည်။ ထိုကဗျာများက မျိုးဆက်ပေါင်းများစွာကို ပျိုးထောင်ပေးခဲ့သည်။ ယခု သမီးကိုလည်း ညှို့ယူ ဖမ်းစားနိုင်ဆဲ ဖြစ်သည်။ နောင် မွေးဖွားလာမည့် ကလေးများစွာကို ကြည်နူးနှစ်သက် စေဦးမည်သာ ဖြစ်သည်။

•••••

မြန်မာစာပေကို စူးစိုက်လေ့လာမိသောအခါ ဆရာမင်းသုဝဏ်၏ ကျေးဇူး တရားများကို ပို၍ပို၍ သိမြင်လာရသည်။ ခေတ်စမ်းစာဆိုအဖြစ် လူသိများသော ဆရာကြီးသည် စကားပြေနှင့် ပတ်သက်၍လည်း ရှေ့တန်းမှ ဦးဆောင်ခဲ့သူဖြစ်ပါသည်။ ‘ဘကြီးအောင်ညာတယ်’ ကဲ့သို့ ဝတ္ထုတိုကောင်းများကို ရေးခဲ့သလို စာပေဂုဏ်မြောက်သည့် ရသအက်ဆေးများကိုလည်း ရေးခဲ့သူ ဖြစ်သည်။

‘စကားပြေ စာပေအသက်’ဟု ဆရာကြွေးကြော်ခဲ့သောစကားမှာ စကားပြေ၏တန်ဖိုးနှင့် ပတ်သက်လျှင် အထိရောက်ဆုံး စကားဟု ဆိုရမည် ဖြစ်ပါသည်။

ကဗျာရေးလိုသူတို့ကို လမ်းညွှန်ခဲ့သည့် ‘ကဗျာ့ပရိယာယ်’ စာအုပ်နှင့်၊ ‘သပြေညို၊ ပျဉ်းမငုတ်တို’ ကဗျာများအကြောင်း ဖွင့်ဆိုရေးသားခဲ့သည့် ဆောင်းပါးများမှာ စာရေးလိုသူတို့အတွက် အဖိုးတန် ဆေးစွမ်းကောင်းများပင် ဖြစ်ပါသည်။

ဆရာကြီး၏ ဘဝတွင် တန်ဖိုးအမြင့်မားဆုံး လုပ်ငန်းကို ပြပါဆိုလျှင် ‘တက္ကသိုလ် မြန်မာအဘိဓာန်’ ၅ တွဲကို ထုတ်ပြရပါမည်။ ဆရာသည် ၁၉၃၆ ခုနှစ်တွင် အင်္ဂလန်၊ အောက်စ်ဖို့တက္ကသိုလ်သို့သွား၍ ဘာသာစာပေ ပညာများကို လေ့လာသင်ယူခဲ့ပါသည်။ ထိုအချိန်က ဆရာကြီး ဦးဖေမောင်တင်၏ လမ်းညွှန်ချက်ဖြင့် ဆရာဇော်ဂျီက စာကြည့်တိုက်ပညာကို လေ့လာပြီး၊ ဆရာမင်းသုဝဏ်က ဘာသာဗေဒနှင့် ဘာသာစာပေကို လေ့လာခဲ့သည်။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ ရေသောက်မြစ်ကြီး နှစ်ခုကို မြှပ်နှံလိုက်ခြင်းပင် ဖြစ်ပါသည်။

ဆရာသည် မြန်မာပြည် ပြန်ရောက်သောအခါ ပညာ့တံခွန်အသင်း၏ အထောက်အပံ့ဖြင့် မြန်မာအဘိဓာန်ကို စတင်ပြုစုပါသည်။ ဂျပန်ခေတ် စစ်ဘေးကြားမှ အဘိဓာန်လုပ်ငန်းကို ပျက်မသွားအောင် ကြိုးစားခဲ့ပြီး တက္ကသိုလ်မြန်မာ အဘိဓာန် (က-ဆ) အထိ ၅ တွဲကို လွတ်လပ်ရေးခေတ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပေါ်ထွက်ခဲ့သမျှ အဘိဓာန်အင်္ဂါရပ်နှင့် ပြည့်စုံသော အဘိဓာန်များ၏ အာဒိကမ္မ ဖြစ်ပါသည်။ နိုင်ငံတကာက လေးစားရသော ‘အဘိဓာန်ပညာရှင်’ ဟု ခေါ်ဆိုနိုင်သူ ဆရာတဦးတည်းသာ ရှိပါသေးသည်။

တော်လှန်ရေးအစိုးရ လက်ထက်တွင် မပြီးပြတ်သေးသော ဆရာကြီး၏ အဘိဓာန်လုပ်ငန်းများကို မြန်မာစာကော်မရှင် (ယခု- မြန်မာစာအဖွဲ့) သို့ လွှဲပြောင်း ပေးခဲ့ရသည်။ အစပိုင်းက မြန်မာစာအဖွဲ့တွင် ဆရာ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာရှင်၏ ငြိုငြင်မှုကြောင့် ထုတ်ပယ်ခံခဲ့ရသည်။ ဆရာ့အမွေကို နို့သက်ခံစို့ခဲ့သော မြန်မာစာအဖွဲ့သည် အနှစ်လေးဆယ် ကျော်လာသော်လည်း ပြည့်စုံသည့် မြန်မာအဘိဓာန် တစောင် ဖြစ်မလာသေးပေ။

ဆရာကြီး၏ ဘဝတလျှောက် လုပ်ဆောင်ချက်များကို ကြည့်လျှင် အသစ်အသစ်တို့ကိုသာ အမြဲတီထွင်ခဲ့သည်ကို တွေ့ရပါမည်။ နုပျိုစဉ်အရွယ်က ‘ခေတ်စမ်းစာပေ’ ဟူသည့် စာပေလမ်းကြောင်းသစ် တခုကို သိပ္ပံမောင်ဝ၊ ဇော်ဂျီ တို့နှင့် တွဲ၍ ဖောက်လုပ်ခဲ့သည်။ ထို့နောက် ကလေးကဗျာ၊ ကလေးစာပေကို စတင် ပျိုးထောင်ခဲ့သည်။ မြန်မာအဘိဓာန်ကို စတင် ပြုစုသည်။ တက္ကသိုလ် ဘာသာပြန်ဌာနတွင် စာတည်းမှူးအဖြစ် အမှုထမ်းရင်း သိပ္ပံဝေါဟာရများ မြန်မာပြန်ရေးနှင့် မြန်မာ့စွယ်စုံကျမ်း ပြုစုရေး ဆောင်ရွက်သည်။ ကျောင်းသုံး မြန်မာစာသင်ရိုးများ ပြုစုသည်။

သက်ကြီးစာပေသင်ကြားရေးအတွက် ‘ဝ ထ က လ သ’ သင်ရိုးကို တီထွင် ပြုစုသည်။ မျက်မမြင်များအတွက် ‘မျက်မမြင်ဖတ်စာ’ ကို ပြုစုသည်။ ဆရာကြီးသည် လမ်းဖောက်သူ တဦးပင် ဖြစ်ပေသည်။

ဆရာကြီးသည် လေးလုံးစပ် လင်္ကာသွားဖြင့် ကဗျာများကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ပြီး၊ ကဗျာ့ဖွဲ့စည်းပုံများကို အခါမလပ် စမ်းသပ် ချဲ့ထွင်ခဲ့သည်။ အထူးသဖြင့် အချပိုဒ်များတွင် နှစ်ကျော့သုံးကျော့ မက လေးငါးကျော့ ထပ်ကာ ရေးဖွဲ့သည်။ ထို့ပြင် စကားပြေအသွားဖြင့် ကဗျာများကို စမ်းသပ်ရေးခဲ့သည်။ ထိုအကြောင်းကို ဆရာကြီးကိုယ်တိုင် ကဗျာရွတ်ပွဲတခုတွင် ပြောပြခဲ့ဖူးသည်။

၁၉၈၆ ခုနှစ်က ဖြစ်သည်။ ကမာရွတ်မြို့နယ် စာပေလုပ်သားအဖွဲ့က မြန်မာကဗျာရွတ်ပွဲတခု ကျင်းပသည်။ ရွတ်ဆိုသံများကို အသံဖမ်းထားလို၍ ပညာရေး သုတေသနခန်းမတွင် ကျင်းပသည်။ မြန်မာကဗျာရွတ်ပွဲကို ကျကျနနလုပ်သည့်ပွဲ သည်တပွဲပဲ ရှိလိမ့်ဦးမည် ထင်သည်။ ကျွန်တော်က နောင်တော်များ ကောင်းမှုဖြင့် ထိုပွဲသို့ ရောက်ခဲ့သည်။ ပရိသတ်အားလုံးထဲက အငယ်ဆုံးချာတိတ်။ ဆရာကြီး မင်းသုဝဏ်၊ ဦးဆန်းထွန်း၊ လယ်တီဦးလှပိုင်၊ စောမုံညင်း၊ နန်းညွန့်ဆွေနှင့် ဆရာ တင်မိုး တို့ ရွတ်ကြသည်။

ထိုစဉ်က ဆရာကြီးက ရှုမဝတွင် ရေးနေသော ၅၅ဝ ဇာတ် မြန်မာပြန် နှစ်ပုဒ် ကို ရွတ်သည်။

“ဒါတွေကို စကားပြေအဖွဲ့နဲ့ ကဗျာ ရေးကြည့်တာပါ။ ကလေးတွေကို လူကြီးတွေက ဖတ်ပြဖို့ ရေးတာပါ။ ဖတ်တဲ့အခါ အသံမှန်မှန်၊ အဖြတ်အရပ် မှန်မှန် ဖတ်ရင် ကလေးတွေ အဓိပ္ပာယ် နားလည် လွယ်မယ်။ မြန်မာစာ ဝါကျတွေကို စနစ်တကျ မှန်မှန်ကန်ကန် ရေးတတ်လာမယ်။ ဝါကျ တကြောင်းနဲ့ တကြောင်း အချိတ်အဆက်မိမိ အသံအတိုအရှည် အတက်အကျ မှန်ရင် စာရဲ့အလှ အရသာ ပိုရှိမယ် ထင်ပါတယ်။” ဟု ဆရာကြီးက ရှင်းပြခဲ့ပါသည်။

ဓမ္မပဒကို မြန်မာပြန်သောအခါ ဆရာကြီးက ပါဠိဂါထာကို မြန်မာကဗျာ ဖြစ်အောင် ပြန်ဆိုခဲ့ပါသည်။ ကလေးတွေ ပါဠိဂါထာနဲ့ ရင်းနှီးစေချင်လို့ဟု သူ့ စေတနာကို ပြောပြခဲ့ပါသည်။

၁၉၈၈ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ဖြစ်ပေါ်လာသောအခါ ဆရာကြီးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ တသက်လုံး နိုင်ငံရေးပါတီ မဝင်ခဲ့သော ဆရာကြီးသည် အသက် ၈ဝ ရှိမှ နိုင်ငံရေးပါတီတရပ်သို့ ဝင်ရောက်ခဲ့ခြင်းမှာ တိုင်းပြည်အတွင်း မှားယွင်း နေသည်များကို မနှစ်မြို့ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

၁၉၉ဝ တွင် ကမာရွတ်မြို့နယ် လွှတ်တော်အမတ် ဖြစ်လာသည်။ ထိုစဉ်က ကျွန်တော် ကြားသိခဲ့ရသည့် ဆရာကြီးအကြောင်းတခုကို အမှတ်ရမိသည်။ ဆရာကြီးက ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ထောက်လှမ်းရေးက ဆရာ့ကိုလာပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဖိအားပေးသည်။ မကြာခဏ လာလာပြောသည်။ ပြောရဖန်များတော့ ထောက်လှမ်းရေးကလည်း အားနာလာဟန် ရှိသည်။ ‘ဆရာကြီးရယ် ကျွန်တော်တို့ မှာလည်း ဝတ္တရားရှိလို့ လာပြောရတာပါ’ ဟု ပြောသည်။ ဒီတော့ ဆရာကြီးက ‘အေး၊ မင်းတို့ကလည်း ဝတ္တရား ရှိလို့ လာပြောကြ၊ ဆရာကလည်း ဝဋ်တရား ရှိလို့ နားထောင်ရတာပါပဲ။ မင်းတို့က တသတ်နဲ့ဝတ်၊ ဆရာကတော့ တသန်လျင်းချိတ်နဲ့ ဝဋ်’ လို့ ပြန်ပြောလိုက်ပါသတဲ့။

မှန်ပါသည်။ ဆရာကြီးသည် လောကဓံ၏ ဝဋ်ဒုက္ခများကို ရင်ဆိုင် ကျော်လွှားခဲ့ရသူ ဖြစ်သည်။ ငယ်စဉ်က နှလုံးသားအရေး လွမ်းဆွေးဖွယ်များကိုလည်း ကြုံခဲ့ရသည်ဟု သိရသည်။ ဘကြီးအောင် ညာတယ် ဝတ္ထုနှင့် ရှေးဦးပိုင်း ကဗျာအချို့သည် ဆရာ့ဘဝ နှလုံးသားမှ ရိုက်ခတ်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ မိဘများ စီးပွားပျက်၍ ကျောင်းတပိုင်းတစတွင် ဆရာများကောင်းမှုကြောင့် ကျောင်းပြန် တက်ခဲ့ရသည်။ ပညာရင့်ကျက်ခိုင်ဖြီးစဉ်တွင် အာဏာပိုင်တို့၏ ငြိုငြင်မှုကို ခံခဲ့ရသည်။ တပည့်များနှင့် တတိုင်းပြည်လုံး၏ လေးစားကြည်ညိုမှုကိုလည်း ခံယူခဲ့ရသည်။ ကိုယ်ကျင့်သိက္ခာ၊ စာပေသိက္ခာ အပြည့်ဖြင့် ပညာ့တံခွန် လွှင့်ထူနိုင်ခဲ့သည်။ အမျိုးသားရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးတို့တွင်လည်း ကလောင်တာဝန် ကျေပွန်ခဲ့သည်။

ဘယ်လို လောကဓံ အကောင်းအဆိုး အတက်အကျနှင့် ကြုံခဲ့ရသော်လည်း ဆရာသည် ဆရာ၏ ပျဉ်းမငုတ်တို ကဗျာကဲ့သို့ပင် ယောက်ျားကောင်းဖြစ်ခဲ့၏။

‘စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား။’

•••••

၁၉ဝ၉ ခု ဖေဖော်ဝါရီ ၁ဝ ရက်တွင် ကွမ်းခြံကုန်းမြို့၌ မွေးဖွားသော ဆရာကြီးသည် ၂ဝဝ၄ ခု သြဂုတ် ၁၅ ရက်၊ အသက် ၉၆ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ပါသည်။

သက်တော်ရှည်စာဆို၊ စာပေပညာရှင်ကြီးသည် ရင့်မှည့်ပြီး၍ ကြွေရသည် ဓမ္မတာ မှန်သော်လည်း ကျေးဇူးတရားကို ဆင်ခြင်မိသူတိုင်းအဖို့ ဝမ်းနည်းစရာပင် ဖြစ်ပေသည်။

တပို့တွဲလတိုင်းတွင် တပည့်များနှင့် စည်ကားခဲ့သော ‘မင်းသုဝဏ်ထမင်းနှဲပွဲ’ ကျင်းပရာ ကမာရွတ် ထွန်းလင်းရိပ်သာလမ်းမှ ဆရာ့ခြံဝင်းသည် တိတ်ဆိတ်ငြိမ် သက်စွာပင် ဆရာကို နှုတ်ဆက်နေရော့မည်။ ခြံတခါးဝ အုတ်တိုင်မှာ ထွင်းထားသော ‘သပြေညို’ ဆိုသည့် စာလုံးလေးများကလည်း မျက်ရည်ဝိုင်း၍ ငေးနေရော့မည်။

ဆရာကြီးက သူ့ခြံကို ‘သပြေညို’ ဟု အမည်ပေးထားသည်မှာ အဓိပ္ပာယ် ပြည့်ဝလှပါသည်။ ၁၉၃၈ ဇန်နဝါရီ ၄ ရက်နေ့၊ အင်္ဂလန်တွင် ပညာသင်နေစဉ် အမိနိုင်ငံ လွတ်လပ်ရေးကို ရည်မှန်းလျက် သပြေညိုတည်းဟူသော လွတ်လပ်လိုသည့် အောင်စိတ်ရှိလျှင် မုချလွတ်လပ်ရမည်ဟု အားမာန်တင်းသည့် ကဗျာကို ရေးခဲ့သည်။ နောင် ၁ဝ နှစ်တိတိ အကြာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သည်။

သပြေညိုသည် ယနေ့တိုင် အသက်ဝင်နေဆဲ ဖြစ်သည်။

သပြေညိုသည် ပထမလွတ်လပ်ရေး၏ နိမိတ်ကို ဆောင်ယူခဲ့ဖူးသည်။

သပြေညိုသည် ဒုတိယလွတ်လပ်ရေး၏ နိမိတ်ကို ဆောင်နေဆဲပင်ဖြစ်သည်။

သပြေညို၏ ဖခင် ဆရာကြီးမင်းသုဝဏ် ကွယ်လွန်ခဲ့သော်လည်း ဆရာကြီး မျှော်လင့် တောင့်တခဲ့သော သပြေညိုအောင်ပန်းကား ဘယ်တော့မှ ညှိုးနွမ်း သေဆုံးသွားမည် မဟုတ်ပါ။

သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

ဝင်းပေါ်မောင်
ထောင်စုပြတင်းဂျာနယ်၊ အမှတ် ၄၈၊ ၂ဝဝ၄ သြဂုတ် ၂၁၊ မှ ပြန်လည် ဖော်ပြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 18, 2008

မြန်မာစကားသင်ယူလိုပါသည် ။

ရေးသားသူ — အိဂျူးအိုပါး
မြန်မာစကားသင်ယူလိုပါသည် ။
မြန်မာပြည်တွင် ၊ မြန်မာစာနှင့် ဘွဲ့ယူလာသော ကိုရီးယားလူငယ်တစ်ဦး ၊
မြန်မာစာနှင့် မြန်မာစကား ပြန်လည် လေ့ကျင့်သင်ယူလိုကြောင်း သိရသည် ။
အပြန်အလှန်အားဖြင့် ကိုရီးယားစာနှင့် စကားကိုလည်း ၄င်းနှင့် အတူတူ လေ့ကျင့်သင်ကြားနိုင်သည်ဟုဆိုပါသည် ။
မာဆန် (Masan)သို့မဟုတ် ချောင်းဝေါန်(Cheong Won) ဒေသရှိ ၊ စိတ်ပါဝင်စားသည့် မြန်မာများ ဆက်သွယ်နိုင်ပါသည် ။
ဆက်သွယ်ရန် ကိုသန်းနိုင်(ကိုရီးယား) ၀၁၇-၅၄၁-၆၄၂၄ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, August 17, 2008

မြန်မာစကားပြေ အရေးအသားလေ့ကျင့်စာ

မြန်မာစကားပြေ အရေးအသားလေ့ကျင့်စာ

စောထွန်း
သြဂုတ် ၁၆၊ ၂၀၀၈

မြန်မာစကားပြေကို မြန်မာတွေ ထိထိမိမိ ရေးတတ်အောင် လေ့ကျင့်ပေးနိုင်မယ့် စာအုပ်စာတမ်း လိုအပ်နေပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စကားပြေကို နိုင်ငံတကာက အင်္ဂလိပ်စာနဲ့ မကင်းသူတွေ ထိထိမိမိ ရေးတတ်အောင်တော့ စာအုပ်စာတမ်းတွေ၊ ကွန်ပျူတာပရိုဂရမ်တွေ မနည်းလှပါဘူး။ အင်တာနက်မှာ English Writing Skillsလို့ ရိုက်ပြီး ရှာလိုက်တာနဲ့ အင်္ဂလိပ်စာရေးနည်း စာအုပ်စာတမ်းတွေ လမ်းညွှန်စာတွေ အလျှိုလျှို ထွက်လာတာ တွေ့နိုင်ပါလိမ့်မယ်။ စာမရေးခင် စဉ်းစားပုံကစပြီး ၀ါကျရေးပုံ၊ စာပိုဒ်ဖွဲ့ပုံ၊ စာတမ်းတစောင်ဖြစ်အောင် ရေးပုံအထိ အဆင့်ဆင့် လေ့ကျင့်ပေးသွားတဲ့ အစီအစဉ်တွေပါ။ တက္ကသိုလ်ကောလိပ်တွေကလည်း ထုတ်ဝေကြ၊ ပြင်ပ ပညာရှင်တွေကလည်း ပြုစုကြနဲ့ ၀ိုင်းဝန်းလုပ်ဆောင်နေတဲ့ မြင်ကွင်းကို တွေ့ရပါမယ်။ မြန်မာစကားပြေနဲ့ ပတ်သက်လို့တော့ စကားပြေသဘောတရား စာအုပ်စာတမ်းတွေ၊ စာစီစာကုံးကျမ်းတွေ အနည်းအကျဉ်း ထွက်ပေါ်ခဲ့ပေမယ့် စနစ်တကျ လေ့ကျင့်ပေးတဲ့ စာအုပ်စာတမ်းရယ်လို့တော့ မတွေ့မိသေးပါဘူး။ ဒါကြောင့် မြန်မာစာဖတ်သူတွေအတွက် မြန်မာတွေကိုယ်တိုင် ရေးတဲ့ မြန်မာစကားပြေမှာ စနစ်မကျ မထိမမိဖြစ်နေတာ မကြာမကြာ ကြုံရပါတယ်။ ကြုံရတဲ့ သာဓကတွေကို နောက်ပိုင်းမှာ လိုအပ်သလို ထုတ်ပြသွားမှာမို့ ဒီမှာ မပြလိုက်တော့ပါဘူး။


ကမ္ဘာရွာထဲကို မြန်မာတွေ ၀င်တဲ့အခါမှာ စကားပြေ အရေးအသား ပြဿနာက အတော်ကြီးပါတယ်။ မြန်မာစကားပြေ ရေးပုံစနစ်နဲ့ အများသုံး အင်္ဂလိပ်ဘာသာ စကားပြေ ရေးပုံစနစ်က ကွာခြားတော့ မြန်မာတွေရေးတဲ့ မြန်မာစကားပြေကိုဖြစ်ဖြစ်၊ အင်္ဂလိပ်စကားပြေကိုဖြစ်ဖြစ် မြန်မာဘာသာတတ် နိုင်ငံရပ်ခြားတွေ အပြည့်အ၀ မခံစားနိုင်ကြပါဘူး။ နားလည်ဖို့တောင် တခါတလေ အခက်အခဲ ရှိတတ်ပါတယ်။ မြန်မာစကားပြေကို အများသုံးအင်္ဂလိပ်စကားပြေရေးပုံရေးနည်းအတိုင်း စနစ်တကျ ရေးတတ်အောင် လေ့ကျင့်ပေးနိုင်ရင် မြန်မာလိုရေးတဲ့အခါမှာရော အင်္ဂလိပ်လိုရေးတဲ့အခါမှာပါ အရည်အသွေး ပိုကောင်းလာစရာအကြောင်း ရှိပါတယ်။

စနစ်မတူလို့ စာအရေးအသားမှာ ကြုံရတတ်တဲ့ ပြဿနာကိုရော ပြဿနာရဲ့ အရင်းအမြစ်ကိုရော သိမှတော့ အဖြေရှိရမှာပေါ့။ အလွယ်ဆုံးအဖြေက သူ့စကားပြောရင် ကိုယ်က သူ့နည်းသူ့ဟန် သူ့စနစ်နဲ့ပြော။ ကိုယ့်စကားပြောရင် သူကလည်း ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်စနစ်နဲ့ ပြောကြဖို့ပါပဲ။ ဒီလိုသာကျင့်လိုက်ရင် တစ်ဦးကိုတစ်ဦး အထင်လွဲစရာ၊ နားလည်ရခက်စရာရယ်လို့ မရှိနိုင်တော့ပါဘူး။ အဖြေက လွယ်လွန်းနေသလိုမို့ ဟုတ်ကောဟုတ်ရဲ့လားလို့ သံသယဝင်စရာပါ။

အဖြေကလွယ်ပေမယ့် အဖြေထဲကအတိုင်း အကောင်အထည်ဖော်ဖို့ရာကတော့ ခက်ကောင်းခက်နိုင်ပါတယ်။ ကိုယ်က နိုင်ငံတကာစနစ်နဲ့ပြောဖို့ဆိုဖို့ရော၊ သူက ကိုယ့်စနစ်နဲ့ ပြောဖို့ဆိုဖိုရောက လွယ်တာမှမဟုတ်တာ။ အခုကာလမှာ စီဒီတွေ ဒီဗွီဒီတွေလည်း ပေါ်နေ၊ စာအုပ်စာတမ်းတွေဆိုတာလည်း စာအုပ်အဖြစ်နဲ့ရော အင်တာနက်အဖြစ်နဲ့ရော ဖတ်နိုင် အတုယူနိုင်ပေမယ့် အခက်အခဲတချို့ ရှိနေပါသေးတယ်။ ပထမအခက်က အတုယူတဲ့အခါ ဘာသာစကားရဲ့ စနစ်ကို ရှာတတ်ဖွေတတ် စူးစမ်းတတ်တဲ့ဉာဏ် လိုပါတယ်။ အဲဒီဉာဏ်မျိုး လူတိုင်းမှာရှိမယ်လို့ မမျှော်မှန်းနိုင်ပါဘူး။ အဲဒီ ဉာဏ်ရှိတဲ့ သူတွေမှာတောင် အနုအရင့် ကွာနိုင်ပါသေးတယ်။ အနုအရင့်ပေါ်မူတည်ပြီး ဘာသာစကားတတ်လွယ်မှု အနှေးအမြန်တော့ ကွာမှာပေါ့။ စူးစမ်းဉာဏ်မဲ့နေရင်တော့ တတ်ဖို့တောင် ခပ်ခက်ခက်ပါ။ စူးစမ်းဉာဏ် အခက်အခဲအပြင် နောက်တခက်က တတ်မြောက်မှု စစ်ဆေးရေးပါပဲ။ စကားတစ်ရပ်ရပ်ကို သင်ယူရင် ဘယ်လောက် မှန်မှန်ကန်ကန် တတ်မြောက်ပြီလဲ ဆိုတာ စစ်ဆေးကြည့်ဖို့လိုပါတယ်။ ရှိနေတဲ့ စာအုပ်စာတမ်းတွေ ဖတ်ရုံ လေ့လာရုံနဲ့ ကိုယ်တုကြည့်တာ ဘယ်လောက်တူမတူဆိုတာ စစ်ဆေးကြည့်ဖို့ မှတ်ကျောက်က မရှိပြန်ဘူး။ ဘာသာစကား အပြောအရေး တတ်ကျွမ်းမှု စစ်ဆေးတာလဲရှိမှ ဘယ်လောက်တတ်သလဲဆိုတာ ရေရာပါမယ်။ သဘောတရားတွေ ဖတ်ပြန်တော့လည်း စောစောက ပြောခဲ့သလို သဘောတရားကိုသာ သိရုံရှိမှာပါပဲ။ သူ့လို ပြောတတ် ရေးတတ်လာမယ် မဟုတ်ပါဘူး။

တစ်ဦးဘာသာစကား တစ်ဦး ပြောတတ်ရေးတတ်ဖို့ အရေးမှာ အလေ့အကျင့်ဟာ လိုကိုလိုပါတယ်။ သဘောတရားကို သိအောင်လုပ်၊ ကိုယ်တိုင် ပြောကြည့်၊ ရေးကြည့်။ ကိုယ်ပြောတာ ရေးတာနဲ့ သဘောတရားနဲ့ ဘယ်လိုကွာဟနေသလဲ အစစ်အဆေးခံ။ အမှားတွေ့တဲ့အခါ ဘာကြောင့်မှားသလဲ ဆင်ခြင်၊ နောက်တခါ ပြောတဲ့ရေးတဲ့အခါ ဒီအမှားမျိုး မကြုံရအောင် ဆင်ခြင်။ ဒီလို လေ့ကျင့်ပြုပြင်သွားရင် သူလို ပြောတတ် ရေးတတ်လာစရာ အကြောင်းရှိပါတယ်။

သိကြတဲ့အတိုင်း အခုခေတ်မှာ အသုံးအများဆုံးလို့ ပြောရမှာက အင်္ဂလိပ်စာပါ။ ဥရောပနိုင်ငံတွေမဆိုထားနဲ့၊ အာရှနိုင်ငံတွေမှာတောင် အင်္ဂလိပ်စာက တွင်ကျယ်နေပါပြီ။ အိန္ဒိယ၊ မြန်မာ၊ မလေးရှားတို့လို အင်္ဂလိပ်ကိုလိုနီဘဝရောက်ခဲ့တဲ့ နိုင်ငံတွေမှာတင် မဟုတ်တော့ဘူး။ တရုတ်တို့၊ ဗီယက်နမ်တို့ ထိုင်းတို့လို အင်္ဂလိပ်စာနဲ့ မပတ်သက်ခဲ့ဖူးတဲ့ နိုင်ငံတွေမှာ အင်္ဂလိပ်စာသင်ကြားရေး ရှေ့တန်းတင်လာကြပြီ။ အင်္ဂလိပ်စာရေးနည်း အလေ့အထနဲ့ ရင်းနှီးလာကြပြီ။

ဒီတော့ မြန်မာစကားပြေရေးနည်းလေ့ကျင့်ခန်း စာအုပ်တအုပ်ပြုစုရင်လည်း အင်္ဂလိပ်ရေးနည်းစနစ်ကို အခြေခံတဲ့ လေ့ကျင့်ခန်း စာအုပ်မျိုး ဖြစ်ရပါလိမ့်မယ်။ အင်္ဂလိပ်ရေးနည်းစနစ်ဆိုတာ ဝါကျ၊ စာပိုဒ်၊ စာတပုဒ် ဖွဲ့တဲ့အခါ ကိုယ်လိုရာ ထိထိမိမိရောက်အောင် အားထုတ်ပုံစနစ်ကိုဆိုလိုတာပါ။ ပုဒ်စုတွေ ဝါကျတွေဖွဲ့တဲ့ သဒ္ဒါစနစ်ကတော့ ကိုယ့်စနစ်ကိုယ်ရှိရမှာပါ။ “စာအုပ်နီ”ကို “နီစာအုပ်”လို့ ပြင်စရာမလိုပါဘူး။ မြန်မာမှာ ကတ္တား၊ ကံ၊ ဝါစက စဉ်ပြီး “သူစာအုပ်ဝယ်သည်” ရေးတတ်တာကို အင်္ဂလိပ်စနစ်အတိုင်း ကတ္တား၊ ကံ၊ ၀ါစက အစဉ်နဲ့ “သူ ဝယ် စာအုပ်သည်”လို့ လုပ်ဖို့မဟုတ်ပါဘူး။ စာတစ်ပုဒ်ရေးတဲ့အခါ တွေးနည်း ရေးနည်းအစဉ်ကိုသာ ဆိုလိုပါတယ်။

လိုအပ်နေတဲ့ မြန်မာစကားပြေရေးနည်း လေ့ကျင့်ခန်းစာအုပ်မျိုးလိုနေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရင်ကောင်းပါ့မလဲ။ အခုလိုဆောင်းပါးမျိုး ထုံးစံအတိုင်း “မြန်မာစကားပြေရေးနည်း လေ့ကျင့်ခန်းစာအုပ် လိုအပ်နေရာ ပြုစုဖို့ တိုက်တွန်းအပ်ပေသည်”လို့ အဆုံးသတ်လိုက်ရင်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် အဲဒါက ပြဿနာကို ဖြေရှင်းတာမဟုတ်ဘူး။ ခေါင်းရှောင်ခေါင်းလွှဲ လုပ်တာပဲ ဖြစ်မယ်။ ဒီတော့ “မြန်မာစကားပြေ အရေးအသား လေ့ကျင့်စာ” တစ်အုပ်ကို ကိုယ်တိုင်ပဲ ပြုစုဖို့ တာစူနေပါပြီ။

ဒီလို ပြုစုတဲ့အခါ သမားရိုးကျ ကိုယ်ထင်ရာကိုယ်ရေး ပြုစုတာထက် နိုင်ငံတကာစနစ်အတိုင်း စကားပြေရေးဖို့ အားထုတ်ချင်တဲ့ စာဖတ်ပရိသတ်တွေ ပါလာရင် အလွန့်အလွန်ကောင်းမှာပါပဲ။ စာဖတ်ပရိတ်သတ်တွေပါလာဖို့ စဉ်းစားတဲ့အခါ အလုပ်ဖြစ်နိုင်မယ့် အစီအစဉ်နှစ်မျိုးကို သတိထားမိပါတယ်။ တစ်မျိုးက အင်တာနက် စာမျက်နှာတွေပေါ်မှာ ပို့ချစာ လေ့ကျင့်စာတွေတင်ပြီး လေ့ကျင့်ချင်တဲ့ စာဖတ်သူတွေက လေ့ကျင့်စာတွေကို အင်တာနက်ကပဲ အီးမေးနဲ့ ပြန်ပို့ဖို့ပါ။ မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်မယ့်နည်းဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင် အီးမေးသုံးနိုင်မယ့်သူ ဦးရေက နည်းနေမှာဆိုတော့ ထိရောက်လှမယ်မထင်ပါဘူး။ နောက်တမျိုးကတော့ အခု ဒီစာကိုပုံနှိပ်တဲ့ စတိုင်သစ်မဂ္ဂဇင်းဆရာများကသာ သဘောတူမယ်ဆိုရင် မဂ္ဂဇင်းမှာ သင်စာ လေ့ကျင့်စာတွေ ဖော်ပြ၊ စိတ်ဝင်စားတဲ့သူက လေ့ကျင့်စာတွေကို မဂ္ဂဇင်းကတဆင့် ပြန်ပို့။ ဒီလို အပြန်အလှန် ပို့ချလေ့ကျင့်နည်းဟာလည်း ထိရောက်နိုင်ပါတယ်။ ဒါပေမယ့် လစဉ်ထုတ် မဂ္ဂဇင်းကြီးဘဝက ကျောင်းစာအုပ်ကြီးဘဝရောက်သွားမှာကိုလည်း စဉ်းစားရ အားနာရပါသေးတယ်။

ဒါကြောင့် အနောက်နိုင်ငံ နည်းစနစ်အတိုင်း မြန်မာစကားပြေအရေးအသား လေ့ကျင့်စာ တစောင်တဖွဲ့ လိုအပ်တာကို သိနေပေမယ့် ပြုစုလို့ ပြီးသလောက်လည်း ဖြစ်နေပေမယ့် အသုံးပြုမယ့် ပရိသတ်ဆီကို ဘယ်လိုပို့ရကောင်းပါ့မလဲဆိုတာ စဉ်းစားနေရဆဲဖြစ်ကြောင်းပါ။

(မှတ်ချက် - ၂၀၀၅ သြဂုတ်လထုတ် စတိုင်သစ်မဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါး၏ နိဒါန်းပိုင်းနှင့် နိဂုံးပိုင်းကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 7, 2007

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုများ အရေအတွက်ဆိုင်ရာ ပြဿနာ နိဒါန်း
ကိုဝိုင်း(မိုးညှင်း)

နိဒါန်း
၁ ။ “ကျုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ဘယ်နှစ်မျိုးရှိပါသလဲ ” လို့ လူကြီးမင်း အမေးခံရမည် ဆိုလျင် “ ၁၃၅ မျိုးရှိပါသည် ” လို့ ဖြေမှာ သေခြာ သလောက် ဖြစ်ပါတယ် ။ လူကြီးမင်းက စာတတ်ပေတတ် စာဖတ်ပေဖတ် ဖြစ်လို့ ဤကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ အဖြေမှန်မဟုတ်သေးပါ ။ လူကြီးမင်း အရွှီးအဖြန်း ခံထားရသဖြင့်သာ ထိုကဲ့သို့ ဖြေဆိုနိုင်ခြင်းဖြစ်ပါတယ် ။ နောင်တွင် အဖြေမှန် ဖြေဆိုနိုင်ကြစေရေး အတွက် ဤ ဆောင်းပါးဖြင့် ဖော်ထုတ်တင်ပြ အပ်ပါတယ် ။

မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ အစ နဝတက
၂ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိပါတယ်လို့ စပြီး ပြောတဲ့သူဟာ နဝတ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင် ဖြစ်ပါတယ် ။ သူဘာကြောင့် သည်လိုပြောရသလဲ ဆိုလျင် မြန်မာနိုင်ငံမှာ လူမျိုးစုတွေ များလွန်းနေတဲ့အတွက် စည်းရုံးရေးလုပ်ရတာ မလွယ်ကြောင်း ပြောလိုရာက အစပြုပြီး လူမျိုးစု ၁၃၅ စုရှိကြောင်း အဖြေထွက်လာတာဖြစ်ပါတယ် ။ သူသိချင်တဲ့ အဖြေကို စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ပြုစုပေးတာ ဖြစ်ပါတယ် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံး ဟာ သူသိလိုတဲ့ အချက်အလက်များကို သန်းကောင်စာရင်းနှင့် ကွန်ပျူတာမှတ်တမ်းဌာန ဆီကရရှိပါတယ် ။ သန်းကောင်စာရင်းနှင့် ကွန်ပျူတာ မှတ်တမ်းဌာနက ပေးတဲ့စာရင်းဟာ တော်လှန်ရေးကောင်စီခေတ်မှ ပြည်သူ့ ကောင်စီခေတ်သို့ ကူးပြောင်းရေးကာလမှာ ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းကို အခြေခံပြုစုထားတဲ့စာရင်း ဖြစ်ကြောင်းသိရပါတယ် ။ အဲသည်တုန်းက ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းဆိုရာမှာလည်း ၊ လုပ်အားပေး ကျောင်းသူ ကျောင်းသား ဆရာ ဆရာမများက ကောက်ယူခဲ့တဲ့စာရင်းပါ ။ လုပ်အားပေး သန်းကောင်စာရင်း ကောက်ယူသူများကလည်းပဲ ၊ သက်ဆိုင်ရာ ဒေသခံများက ဖြေကြားချက်အတိုင်း ရေးမှတ်ကောက်ယူ စာရင်းသွင်းခဲ့ကြတာပါ ။ ဥပမာအားဖြင့် ဘာလူမျိုးလဲဆိုလျင် ၊ ဖြေကြားသူက ရှမ်းဗမာ ဆိုလျင် ရေးသူကလည်း ရှမ်းဗမာလို့ ရေးမှတ်သွားတာမျိုး ၊ ရွာနီးချုပ်စပ် နောက်တစ်ရွာ နောက်တစ်ဖွဲ့ ကောက်ယူတဲ့စာရင်းမှာတော့ ၊ တိုင်းလိုင်း ဆိုပြီးဖြေလို့ တိုင်းလိုင် လို့မှတ်တမ်းဝင်သွားတာမျိုးပါ ။

လူမျိုးစု၁၃၅မျိုးက ဘယ်သူတွေလဲ
၃ ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးက ဗိုလ်မှူးဝင်းမောင်မောင် (ဒုတိယဦးစီးမှူး) ပြုစုတင်ပြ ထားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးစာရင်းကို လေ့လာကြည့်ကြလျင် အောက်ပါအတိုင်းတွေ့ကြရမှာပါ -

၁- ကချင်
၂- ကယား(ကရင်နီ)
၃- ကယမ်း(ပဒေါင်)
၎- ကရင်ဖြူ
၅- ကလင်တော(လူရှေ)
၆- ကော်
၇- ကိုးကန့်
၈- ကြီ
၉- ခမီ
၁၀- ခေါနိုး
၁၁- ခေါင်းအိုင်ချင်း
၁၂- ခန္တီးရှမ်း
၁၃- ချင်း
၁၄- ချောင်းသား
၁၅- ခွါဆင်းမဲ
၁၆- ခွန်လီ ခေါ်ဆင်းမ်
၁၇- ဂဒူး
၁၈- ဂဏန်း
၁၉- ဂေခို
၂၀- ဂေဘာ
၂၁- ဂုံ (ခွန်ရှမ်း)
၂၂- ဂျိန်ဖေါ့
၂၃- ဂွေးသဲ
၂၄- စကောကရင်
၂၅- စနော
၂၆- စမူ
၂၇- စုံ(သဲ)
၂၈- ဆလိုင်
၂၉- ဆလုံ
၃၀- ဆင်ထန်
၃၁- ဆိုင်ထန်
၃၂- ဇယိန်း
၃၃- ဇာထောင်
၃၄- ဇိဖေ
၃၅- ဇိထုံး
၃၆- ဇို
၃၇- ဇိင်ဝါး
၃၈- ဇိန်ညှပ်(ဇန်နီယပ်)
၃၉- ဇွန်း
၄၀- တပေါင်
၄၁- တလယ်ပွါ
၄၂- တာဒိုး
၄၃- တီးတိန်
၄၄- တေဇန်
၄၅- တောရ်
၄၆- တောင်ရိုး
၄၇- တိုင်ချွန်း
၄၈- တိုင်းခန္တီး
၄၉- တိုင်းဆာ (မိုင်းသာ)
၅၀- တိုင်းလေ
၅၁- တိုင်းလိုင် (တိုင်းလျန်)
၅၂- တိုင်းလုံ
၅၃- တိုင်းလွယ်
၅၄- တန်ဒူး
၅၅- ထမံ
၅၆- ထားဝယ်
၅၇- ဒင်မ်
၅၈- ဒိုင် (ယင်ဒူး)
၅၉- ဒိုင်းနက်
၆၀- ဓနု
၆၁- နာဂ
၆၂- ပနမ်း
၆၃- ပရဲ (ဘရဲ)
၆၄- ပလေဂီး
၆၅- ပလေး
၆၆- ပလောင်
၆၇- ပသျှူး
၆၈- ပအိုဝ့် (အီကော)
၆၉- ပါကင်းမ်
၇၀- ပိုးကရင် (အနောက်)
၇၁- ပိုးကရင် (အရှေ့)
၇၂- ဖိုပွါ
၇၃- ဖုန် (ဖွန်)
၇၄- ဖျင်
၇၅- ဗမာ
၇၆- ဘန်ဂဲ
၇၇- ဘွဲ့
၇၈- မကန်း
၇၉- မရူ
၈၀- မနူမနော
၈၁- မဟူ
၈၂- မာရင်
၈၃- မီရမ် (မရာ)
၈၄- မီအဲ
၈၅- မောရှမ်း
၈၆- မော်နေပွါ
၈၇- မိုယ့်ထိုင် (ကသဲ)
၈၈- မြို
၈၉- မြောင်ဇီး
၉၀- မြိတ်
၉၁- မွင်း
၉၂- မွန်
၉၃- ယော
၉၄- ယင်းကြား
၉၅- ယင်းတလဲ
၉၆- ယင်းနက်
၉၇- ယင်းဘော်
၉၈- ယွန် (လာအို)
၉၉- ရခိုင်
၁၀၀- ရဘိန်
၁၀၁- ရဝမ်
၁၀၂- ရီရန်
၁၀၃- ရောင်ထု
၁၀၄- ရှမ်း
၁၀၅- ရှမ်းကလေး
၁၀၆- ရှမ်းကြီး
၁၀၇- ရှမ်းဗမာ
၁၀၈- လရှီ
၁၀၉- လာချိတ်
၁၁၀- လားဟူ
၁၁၁- လီစူး
၁၁၂- လီရှော
၁၁၃- လု
၁၁၄- လူရှိုင်း (လူရှေ)
၁၁၅- လေးမြို့
၁၁၆- လော်ဝေါ်
၁၁၇- လောက်ထူ
၁၁၈- လင်လဲ
၁၁၉- လိုင်
၁၂၀- လိုင်ဇို
၁၂၁- လမ်း
၁၂၂- လျင်းထု
၁၂၃- လွယ်လ (ဝ)
၁၂၄- သက်
၁၂၅- ဟွားလ်ငို
၁၂၆- အခါ
၁၂၇- အဇီး
၁၂၈- အနူး
၁၂၉- အနန်း
၁၃၀- အရှိုချင်း (မြေပြန့်)
၁၃၁- အောဝခမီ
၁၃၂- အူပူ
၁၃၃- အိုက်ကွယ်
၁၃၄- အင်
၁၃၅- အင်းသား

တူနေတာတွေည်းရှိ ၊ မပါတာတွေလည်းရှိနိုင်
၎ ။ အဲသည် မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရဲ့ စာရင်းကို ကျနော်တို့ သာမန်ကာလျှံကာ ကြည့်မယ် ဆိုရင် ဟုတ်သလိုလို ထင်ရပါတယ် ။ အဲသည်စာရင်းမှာ တူနေတာတွေ တော်တော်ပါနေပါတယ် ။ ကျနော်သိသလောက်ပြောရရင်တော့ (၁) ကချင် နှင့် (၂၂) ဂျိန်ဖေါ့ (Jing Phaw) ဟာ အတူတူဖြစ်ပါတယ် ။ ဗမာတွေက ကချင်လို့ ခေါ်တယ် ။ ကချင်တွေက မိမိကိုယ်ကို မိမိ ဂျိန်ဖေါ့ (Jing Phaw) လို့ ခေါ်ပါတယ် ။ နောက်ပြီး (၄၈)တိုင်းခန္တီးနှင့် (၁၂)ခန္တီးရှမ်း ၊ (၃၁)တိုင်းလိုင် နှင့် (၁၀၇) ရှမ်းဗမာ (၁၀၅-ရှမ်းကလေး လို့လည်း ခေါ်သလို ရှမ်းနီဆိုပြီးတော့လည်း ခေါ်ကြပါသေးတယ်) ၊ (၅၂)တိုင်းလုံ နှင့် (၁၀၆)ရှမ်းကြီး ဆိုတာတွေက အတူတူ ဖြစ်ပါတယ် ။ ရှမ်းလိုခေါ်တာ နှင့် ဗမာလိုခေါ်တာပဲ ကွာပါတယ် ။ ကျန်တာတွေတော့ ကျနော် မသိပါ ။ ကျန်တဲ့ စာရင်းမှာလည်း တူတာတွေ အများကြီးရှိနိုင်သေးသလို မပါတာတွေ ကျန်ခဲ့ တာတွေလည်း အများကြီး ရှိနိုင်ပါသေးတယ် ။ ဥပမာ ကူကီး ၊ မုန်းဝန်းရှမ်း ဆိုတာတွေပေါ့ ခင်ဗျာ ။

ပညာရှင်များခင်ဗျာ
၅ ။ မြန်မာသမိုင်း ပညာရှင်များ ၊ မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက် နေပါတယ် ဆိုတဲ့ သူများခင်ဗျာ မြန်မာတိုင်းရင်းသား လူမျိုးစု ဘယ်နှစ်စု ရှိပါတယ်လို့ အမှန်အတိုင်း ပြောနိုင်အောင်တော့ ကြိုးစားကြစေလိုပါတယ် ။ သိတ်ခက်ခဲမည့် ကိစ္စတော့ ဟုတ်မယ်မထင်ပါ ။ ဇောက်ချပြီး အားထည့် ကြိုးစားကြမည်ဆိုလျင် ၂ နှစ် ၃ နှစ်အတွင်းမှာ အဖြေထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ပညာရှင်များ ဂရုပြုနိုင်ဖို့အတွက် “ လူမျိုးဘယ်လောက်ရှိသည်ကိုမသိသေးလျင် ၊ ဘာသာစကား ဘယ်လောက် ရှိသည် ဟူသော အချက်ကို မသိသေးသဖြင့် Linguistic survey လုပ်ရန်လိုကြောင်း ” ဦးမြင့်ကြည် (မြန်မာစာအဖွဲ့ဝင်) ရဲ့ တင်ပြချက်ကိုလည်း ထပ်ဆင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

နိဂုံး
၆ ။ ခုအချိန်မှာ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အဆိုဟာ အမှန်လိုလို အတည်လိုလို ဖြစ်နေပါတယ် ။ နဝတဥက္ကဌကြီးရဲ့ မိန့် ကြားချက်ဖြစ်သမို့ မြန်မာ့ သမိုင်းပညာရှင် များလည်း မထိရဲ ၊ မတို့ရဲ ဖြစ်နေကြပါတယ် ။ ဘယ်သူမှ ဝေဖန်ဆန်းစစ်ခြင်း ၊ သုတေသနပြုခြင်း မရှိခဲ့ကြပါဘူး ။ အမှား တစ်ခုဟာ ကြာလာရင် အမှန်လိုလို ဖြစ်သွားနိုင်တာမို့ ၊ အမှားဟာ အမှန် ၊ အမှန်ဟာ အမှား ဖြစ်မသွားရလေအောင် သမိုင်းကြောင်းလေး ကိုပြန်လည် တည့်မတ်ပေးကြဖို့ စာတမ်းဖြင့် မေတ္တာရပ်ခံတင်ပြအပ်ပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ် ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)


မှတ်ချက် ။ စစ်မဟာဗျူဟာလေ့လာရေး နှင့် သုတေသနရုံးမှ ပြုစုထုတ်ဝေသော စာအုပ် တစ်အုပ်မှ စာရေးသူကူရေး ထားသည့် မှတ်စုအား ကိုးကားတင်ပြထားခြင်းဖြစ်ပါသည် ။ စာတမ်းအမည် ကူးရေးရန်မေ့လျော့ခဲ့သည့်အတွက် တင်ပြနိုင်ခြင်း မရှိပါ ။

***********
ပို့စ်တင်သူ၏ မှတ်ချက် ။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ၊ ကိုရီးယားနိုင်ငံဘူချောန်းမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖတ်ကြားတင်သွင်းခဲ့သော စာတမ်းကို ကောက်နှုတ်၍ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>