Showing posts with label မိတ်ဆက်ကိုရီးယား. Show all posts
Showing posts with label မိတ်ဆက်ကိုရီးယား. Show all posts

Monday, June 10, 2013

ဇွန် ၁၀ ဒီမိုကရေစီအရေးတော်ပုံ


၁၉၈၇ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် ဆိုးလ် (ဆောအုလ်) တက္ကသိုလ် ကျောင်းသာ ဘဂျူန်ချောလ်သည် နာမ်ယောန် စခန်း (ယခု အမှတ် ၁ မြေအောက် ရထားလမ်း Namyoung Station နာမ်ယောန် (နာမြောန်း) ဘူတာ အနီးရှိ အနီရောင် အဆောက်အအုံ၊ ရဲစခန်း ) တွင် မတရား ညှင်းပမ်း နှိပ်စက် သတ်ဖြန်ခံခဲ့ရ၍ မိဘများက မကြေနပ်ဖြစ်ခဲ့ပြီး အဆိုပါ စခန်းသို့ လာရောက်၍ ဆန္ဒပြ တောင်းဆိုခဲ့ကြရာမှ ကျောင်းသား ပြည်သူများ၏ စိတ်ထဲမှာ ထင်စွဲနေခဲ့ကြပါသည်။  
၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် တနိုင်ငံလုံးရှိ နေရာ အနှံတွင် ဘဂျူန်ချောလ်၏ အောက်မေ့ဘွယ် အခမ်းအနားများ ကျင်းပပြီး ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်လာခဲ့ကြပါသည်။ ၁၉၈၇ ခုနှစ် မတ် ၃ ရက် ကိုရီးယား ရိုးရာ ၄၉ ရက်မြောက် နေ့တွင် နေရာ အနှံ့အပြားတွင် လမ်းလျှောက်ပွဲများ ကျင်းပပြီး ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့ပါသည်။ ၁၉၈၇ ခုနှစ် ဧပြီ ၂ ရက် ဆိုးလ် (ဆောအုလ်) တက္ကသိုလ် ကျောင်းသား မိဘများ ၁၃၀ ယောက်ခန့်သည် ဖမ်းဆီးခံ ကျောင်းသားများ လွတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုကြသလို အစာငတ်ခံ ဆန္ဒပြခဲ့ကြပါသည်။ ၁၉၈၇ ခုနှစ် ဧပြီ ၁၃ ရက် သမတ ချန်ဒူဝါန်( ဂျောန်ဒူဝါန်)က အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးပေးမည် ဖြစ်ကြောင်း ပြောဆို ၁၉၈၇ ခုနှစ် ဧပြီ ၁၄ ရက် ရိုမာန်ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ကင်းမ်ဆုဟွာန်( ကွယ်လွန်) က ဧပြီ ၁၃ ပြောဆိုချက်ကို ဝေဖန်ပြီး ထုတ်ပြန်ချက် ကြေညာခဲ့သည်။ ဧပြီ ၂၄ ရက် ပူးပေါင်းရေး ဒီမိုကရေစီ အဖွဲ့ တည်ထောင်ခြင်းအတွက် နှောက်ယှက်ခြင်း ခံခဲ့ရသည်။ ၁၉၈၇ ခုနှစ် မေ ၁၇ ရက် အလုပ်သမား ဟွာန်ဘိုယောန်ဂုဂ်က ဘူဆာန် ဆာန် အထက်တန်းကျောင်း (ယခု ဂဆောန် အထက်တန်းကျောင်း) ရှေ့တွင် စစ်အစိုးရ ကျဆုံးပါစေ ဟု ကြွေးကြောပြီး မိမိကိုယ်ကို မီးရှို့ ဆန္ဒပြတောင်းဆိုခဲ့ရာ တစ်ပတ်အကြာတွင် သေဆုံးခဲ့ရသည်။ ၁၉၈၇ ခုနှစ် မေ ၁၈ ရက် ဆိုးလ် (ဆောအုလ်) မြောန်ဒုန် ရိုမာန်ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် ၇ နှစ်မြောက် ဂွာန်ဂျူအရေးအခင်း နှစ်ပတ်လည် အခမ်းအနားတွင် ဆရာတော် ကင်းမ်ဆုဟု(န်)က ဘဂျူန်ချောလ် ညှင်းပမ်း သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့သဖြင့် ပြည်သူအများ ဒေါမာန်ဟုန် ဖြစ်ခဲ့ရပါသည်။ ၁၉၈၇ ခုနှစ် မေ ၂၃ ရက် ဘဂျူန်ချောလ် သတ်ဖြတ်မှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြည်သူ့ ဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီကို တည်ထောင်ပြီး ဇွန် ၁၀တွင် ဆန္ဒပြဘို့ ပြင်ဆင် သတ်မှတ်ခဲ့သည်။ ၁၉၈၇ ခုနှစ် မေ ၂၆ ရက် ဂျောန်ဒူဝါန် သမတက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဖြစ် ၀န်ကြီးချုပ် နိုရှင်းယောန် ကို ဖြုတ်ချပြီး ယိဟန်ဂီအား ၀န်ကြီးချုပ် အသစ် ခန့်အပ်လိုက်သည်။ ၁၉၈၇ ခုနှစ် မေ ၂၇ ရက် တနိုင်လုံးရှိ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းက ဒီမိုကရေစီနည်အရ ဖွဲ့စည်းပုံ အခြေခံ ဖြစ်ပေါ်ရေး လှုပ်ရှားမှုကို စတင်ခဲ့ရာ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းများပါ ပါဝင်လာခဲ့ကြသည်။ ၁၉၈၇ ခုနှစ် ဇွန် ၉ ရက် ယောန်ဆဲ တက္ကသိုလ်ရှေ့တွင် ဆန္ဒပြနေသော ကျောင်းသားများထဲသို့ မျက်ရည်ယို ဗုံး ပစ်ထည့်လိုက်ရာ ကျောင်းသား ယိဟာန်ယောလ်က မျက်ရည်ယို ဗုံး ထိမှန်သွားပြီး ဇူလိုင် ၅ ရက်တွင် သေဆုံးသွားခဲ့သည်။ 
၁၉၈၇ ခုနှစ် ဇွန်၁၀ ရက်နေ့တွင် တနိုင်လုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့သည်။ ၁၉၈၇ ခုနှစ် ဇွန် ၂၆ ရက်တွင် တနိုင်လုံး ဆက်တိုက် ဆန္ဒပြတောင်းဆိုခဲ့ကြရာ ၃၊ ၄၆၇ ဦး အဖမ်းခံခဲ့ရသည်။ 
၁၉၈၇ ခုနှစ် ဇွန် ၂၉ ရက်တွင် နိုထဲအုက ဒီမိုကရေစီနည်းလမ်းအရ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးနှင့် အဖမ်းဆီးခံထားရသူများကို လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၁၉၈၇ ခုနှစ် အောက်တိုဘာတွင် သမတရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းအရ ကျင်းပပေးခဲ့ရာ ကင်းမ်ဒဲဂျူန်၊ ကင်းမ်ယုန်ဆာမ်တို့က ရွေးကောက်ပွဲကို ဖိအားပေးခဲ့ပေမယ့် နိုထဲအုက သမတ ဖြစ်သွားခဲ့ပါသည်။ ဘယ်လိုဘဲ ဖြစ်နေပါစေ နိုထဲအု လက်ထက်ကစတင်ပြီး ပြောင်းလဲမှုတွေကို စတင်ခဲ့သည့် ကိုရီးယားသည် အခုတော့ ကမ္ဘာ အဆင့်မှီ နိုင်ငံကြီး တစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့ပါပြီ။ အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။ လိုအပ်သည်များကို ထပ်မံ ဖြည့်စွပ်ပါမည်။ 
 ဇော်မိုးအောင် (ကိုရီးယား)  
ဓာတ်ပုံများကြည့်ရန် 






 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, June 6, 2013

ဟယောန်ချူ(န်)အိလ် အောက်မေ့ဘွယ်နေ့

 
နိုင်ငံတော် သုဿာန်အတွင်းရှိ ကျောက်တိုင် အဆောက်အအုံရှေ့တွင် အောက်မေ့ဘွယ် အခမ်းအနားကို ကျင်းပနေပုံ ( ဓာတ်ပုံကို အင်တာနက်ကတစ်ဆင့် ဖော်ပြပါသည်။ )

ကိုရီးယားနိုင်ငံ၏ လွတ်လပ်ရေးနှင့် နိုင်ငံတော်အတွက် အသက်စွန့်ပေးသွားကြသော အာဇာနည်၊ သူရဲကောင်း အပေါင်းတို့ကို အမြဲထာဝရ မေ့ပျောက် မသွားစေရန်အအတွက် ရည်သန်ပြီး သမတ ယိစွန်မာန် လက်ထက်တွင် ၁၉၅၆ ခုနှစ် ဇွန် ၆ရက်နေ့မှ စတင်ပြီး အောက်မေ့ဘွယ် အခမ်းအနားအဖြစ် ကျင်းပလာခဲ့ကြပါသည်။
၁၉၇၅ ခုနှစ် သမတ ဘဂျောန်ဟီလက်ထက်မှ စတင်ပြီး အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့ပါသည်။
ဇွန် ၆ ရက် နံနက် ၁၀ နာရီအချိန်တွင် နိုင်ငံတော် သမတက နိုင်ငံတော် သုဿာန်သို့ ရောက်ရှိလာပြီး နိုင်ငံတော် သမတကို အစိုးရ ၀န်ကြီးအဖွဲ့နှင့် အဖွဲ့ဝင်များက ခြံရံလျက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တည်ဆောက်ထားသော ကျောက်တိုင်ရှေ့အထိ ချီတက်ကာ နိုင်ငံတော် သမတက လွှမ်းသူ့ ပန်းခွေချပြီး အမွှေးတိုင်များ ထွန်းညှိပြီး အားလုံးက အလေးပြုကြပါသည်။ ၄င်းနောက် အောက်မေ့ဘွယ် အခမ်းအနားကို နိုင်ငံတော် သုဿန်အတွင်းတွင် ဆက်လက် ကျင်းပရာ သမတကိုယ်တိုင် တက်ရောက်ပြီး ၀မ်းနည်း၊ ဂုဏ်ပြုစကား ပြောကြားပါသည်။
အဆိုပါ အောက်မေ့ဘွယ် အခမ်းအနား၏ အဓိက ပုံရိပ်ကတော့ ၁၉၅၀ ခုနှစ်မှ ၁၀၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော တောင်နှင့် မြောက်ကိုရီးယား ပြည်တွင်း စစ်ပွဲအတွင်း ကျဆုံးသွားကြသော အာဇာနည်၊ သူရဲကောင်းတို့အတွက် ရည်စူး ကျင်းပခြင်း ဖြစ်ပေမယ့် နောက်ပိုင်းတွင် နိုင်ငံတော်အတွက် အသက်ပေးသွားကြသူများအတွက် ရည်စူးပြီး ကျင်းပလာကြပါသည်။
အောက်မေ့ဘွယ် အခမ်းအနားကို ဆိုးလ် (ဆောအုလ်) နိုင်ငံတော် သုဿာန်တွင် မကဘဲ တစ်နိုင်လုံးရှိ ပြည်နယ်၊ မြို့ အသီးသီးတို့မှာ ကျင်းပကြပါသည်။

ဇော်မိုးအောင် (ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 18, 2013

မေ ၁၈ ဂွာန်ဂျူ ဒီမိုကရေစီအရေးတော်ပုံ

  ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ ရက် သမတ ဘဂျောန်ဟီကို ထောက်လှမ်းရေး ညွှန်ချုပ် ကင်းမ်ဂျဲဂယူက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် နိုဝင်ဘာ ၇ ရက်တွင် မစ္စတာ ချွဲဂယူဟာက သမတ ရာထူးကို ခေတ္တ ရယူထားပါတယ်။ ၁၉၈၀ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ရုံးချုပ်မှူး ဂျောန်ဒူဝါန် (ချာန်ဒူဝါန်)က နိုင်ငံတော် သမတနှင့် တပ်မတော် ဦးစီးချုပ်၊ ၀န်ကြီးများကို ဖမ်းဆီးပြီး တိုင်းပြည် အာဏာကို သိမ်းယူလိုက်ပါတယ်။     
၁၉၈၀ ခုနှစ် မေ ၁၀ ရက် တက္ကသိုလ် ကျောင်းပေါင်း ၂၃ ခုက ခေါင်းဆောင်များ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ စုပေါင်း အဖွဲ့က အရေးပေါ် စီမံကိန်းကို ချက်ခြင်း ရပ်၊ ဂျောန်ဒူဝါန်၊ ရှင်းဟယောင်းဟွာဂ်တို့ ချက်ခြင်း နုတ်ထွက်ပေး စတဲ့ ထုတ်ပြန်ပြီး လှည့်လည် ကြွေးကြော် ဆန္ဒပြ တောင်းဆိုကြပါတယ်။ ဆန္ဒပြကျောင်းသားများဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားကို သွေးထိုး လှုံဆော်တာဖြစ်တယ်ဆိုပြီး ဂျောန်ဒူဝါန်က တပ်အင်အားသုံး ဖိနှိပ်ဘို့ အမိန့်ပေးလိုက်ပါတယ်။ မေ ၁၅ ရက်မှာ ကျောင်းသားများ ဦးဆောင်တဲ့ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုဟာ လှိုင်းတံပိုးများ ပမာ လှုပ်ရှားခဲ့ပါတော့တယ်။ မေ ၁၄ ရက် ဂျောန်လာဒို (ဒို- ပြည်နယ်) ဂျောန်နာမ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ဘဂွာဟယောန်က မိမိလက်ရေးနဲ့ အရေးပေါ် စီမံကိန်းကို ချက်ခြင်း ရပ်၊ ဂျောန်ဒူဝါန်၊ ရှင်းဟယောင်းဟွာဂ်တို့ ချက်ခြင်း နုတ်ထွက်ပေး စတဲ့ တောင်းဆိုချက်များကို ဖြန့်ဝေပြီး ညနေ ၄ နာရီအချိန်မှာ ဂျောန်လာပြည်နယ်ရုံးအထိ တက္ကသိုလ် ကျောင်းသား ၃ သောင်းခန့်ဟာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုကြပါတယ်။  မေ ၁၅ ဆိုးလ် (ဆောအုလ်) ဘူတာရှေ့ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီး တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ရပါတယ်။ ၀န်ကြီးချုပ် မစ္စတာ ရှင်းက ဆန္ဒပြပွဲများကို အမြန်ဆုံး ရုပ်သိမ်းရန် အရေးပေါ် ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မေ ၁၆ ရက် နံနက် ၁၀ နာရီခန့် ဂျောန်နာမ် တက္ကသိုလ်ရှေ့မှာ ကျောင်းသားများ စုစည်းပြီး ပြည်နယ်ရုံးသို့ ချီတက် ဆန္ဒပြကြပါတယ်။ မေ ၁၇ ရက် ည ၉ နာရီမှာ အစိုးရ အသစ်က အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး အရေးပေါ် မာရှယ်လော ကို ထုတ်ပြန်ဘို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ၄င်းနောက် ဒီမိုကရေစီ ခေါင်းဆောင်များ ဖြစ်ကြတဲ့ အတိုက်အခံ အဖွဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ ကင်းမ်ဒဲဂျူန်၊ ကင်းမ်ယုန်ဆာန်၊ ကင်းမ်ဂျူန်ဖီလ်တို့ကို ဖမ်းဆီးလိုက်ပါတယ်။ မေ ၁၈ နံနက် ၉နာရီမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုများကနေ မာရှယ်လောကို ထုတ်ပြန်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ မေ ၁၈ ရက် နံနက်ပိုင်းမှာဘဲ ဂျောန်နာမ် တက္ကသိုလ် ကျောင်းသား ၁၀၀ ခန့်ဟာ အရေးပေါ် စစ်တပ်များထံသို ချီတက် ဆန္ဒပြ တောင်းဆိုကြရာ စစ်တပ်များနဲ့ အဓိကရုဏ်များ ဖြစ်ပွားခဲ့ပါတယ်။ ၄င်းနောက် ကျောင်းသား ၃၀၀ ခန့်ဟာ စစ်တပ်များရှိရာသို့ ကျောက်ခဲများနဲ့ ပစ်ပေါက်ရာ ရဲများက မျက်ရည်ယို ဗုံးများ ပစ်ခွဲပြီး လူစုခွဲစေခဲ့ပါတယ်။ မေ ၁၈ ရက် နံနက် ၄ နာရီမှာ တပ်မ ၇ က ဂွာန်ဂျူမြို့ထဲသို့ ၀င်ရောက်လာပြီး ဆန္ဒပြတောင်းဆိုကြတဲ့ ကျောင်းသားများအပြင် အသွေးအရောင် မခွဲခြားဘဲ အရပ်သားများ လှုပ်ရှားသွားသူများပါ မကျန် ပစ်ခတ် ရိုက်နှက် ဖိနှိပ် ဖမ်းဆီးပါတော့တယ်။ အဲဒီလုပ်ရပ်ကို မြင်တွေ့ရတဲ့ သူတွေက မခံမရပ်နိုင်ဖြစ်ပြီး ပြည်သူများ အထက်တန်းကျောင်းသားများပါ ပါဝင် ဆန္ဒပြ တောင်းဆိုလာရာ လူဦးရေ သုံးထောင်ကျော်ခန့် ရှိလာပါတယ်။ မေ ၂၀ ရက်မှာ လူဦးရေး ၂သိန်းခန့် ပါဝင်လာပြီး စစ်တပ်များ မ၀င်လာနိုင်စေရန် ခရီးသည်တင် မော်တော်ကား အစီး ၂၀ ခန့်ကို လမ်းမကြီးမှာ ပိတ်ဆို့ထားခဲ့ပါတယ်။ ဂွာန်ဂျူဘူတာရှေ့မှာ တာဝန်ကျနေတဲ့ စစ်တပ် ၂တပ်က ပြည်သူများကို မပစ်ခတ်ဘို့ အမိန့်ပေးထားပေးမယ့် တပ်မ ၁၁ က အမိန့်ကို နာခံခြင်း မရှိခဲ့ပါ။ မေ ၂၁ ရက် ဂျောန်နာမ် တက္ကသိုလ်နဲ့ ပြည်နယ်ရုံး ရှေ့ တွင် ဆန္ဒပြတောင်းဆိုနေကြသော ကျောင်းသားပြည်သူများရှိရာသို့ ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး နေလည်ပိုင်းတွင် စစ်တပ်ကို ရုပ်သိမ်းပေးမယ်လို့ ကြေညာခဲ့ပေမယ့် နေ့လည် ၁နာရီအချိန်ခန့် ပြည်နယ်ရုံးရှေ့က စစ်တပ်က စတင်၍  ဆန္ဒပြနေကြသူများကို လက်နက်အားကိုးနဲ့ မတရား ဖိနှိပ် သတ်ဖြတ်ခဲ့သဖြင့် မြို့အတွင်းရှိ ၁၂၀ ခုသော ဆေးရုံများ၊ အထွေထွေ ဆေးရုံကြီးနဲ့ ကျန်းမာရေး ဆေးပေးခန်းများမှာ ထိခိုက် ဒဏ်ရာ ရရှိသူများဟာ ပြည့်နှက်သွားခဲ့ရပါတယ်။ မေ ၂၃ မှာ ၅သောင်းခန့် သော ကျောင်းသားပြည်သူများက ဆက်လက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ည ၇ နာရီ ၄၄ မီနစ်မှာ ဖမ်းဆီးခံထားရသူ ၃၃ ဦးက ပထမဦးဆုံး ပြန်လည် လွတ်မြောက်လာပါတယ်။ မေ ၂၄ ရက် တပ်မ ၁၁က ရေကူးနေသော ကလေး ၄ဦးကို ပစ်သတ်ခဲ့၊ တပ်မ ၁၁ နဲ့ အမြောက်တပ်ကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ၉ ဦးသေ၊ ၄၀ ဒဏ်ရာရ အရပ်သား ၄ ဦး သေဆုံးခဲ့ရ။ မေ ၂၅ ရက် ခရစ်ယာန် ဂိုဏ်းချုပ် ကင်းမ်စုဟွာန်က ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် သိန်း ၁၀၀နဲ့ အားပေးစာကို ပေးပို့ခဲ့ပါတယ်။ မေ ၂၆ ရက်မှာ ဆက်လက် ဖြစ်ပွားခဲ့ပြီး မေ ၂၇ ရက် နံနက်ပိုင်းမှာ အမြောက်တပ်များနဲ့ လက်နက် အပြည့်အစုံ တပ်ထားတဲ့ စစ်ကားများ စစ်သားများ အလုံးအရင်းနဲ့ ဂွာန်ဂျူမြို့သို့ အင်အားသုံး ၀င်ရောက်လာပြီး နေရာအနှံ့အပြားမှာ နေရာ ယူထားလိုက်ပါတယ်။ စစ် ဂျစ်ကား ပေါ်တွင် အော်လံစက် (အသံချဲ့စက်)နဲ့ ကျောင်းသား အများပြည်သူများ လမ်းမပေါ်သို့ မထွက်ကြရန် နေရာအနှံ့ လိုက်လံ သတိပေးနေပါတယ်။ အမိအဘ၊ သားသမီး၊ ညီအကို၊ မောင်နှမများ ပျောက်ဆုံး သေဆုံး ထိခိုက် ဒဏ်ရာ ရရှိထားကြတဲ့ မိသားစုများရဲ့ ရင်ထဲ နှလုံးသားထဲနဲ့  ပြည်သူအများရဲ့ ရင်ထဲ နှလုံးသားထဲက ကြိပ်မှိတ် ငိုကြွေးသံတွေဟာ မိုးလုံးအပြည့် ရိုက်ခတ်နေလျက်ပါဘဲခင်ဗျာ။ 
ကျောင်းသားပြည်သူများကလည်း စစ်တပ် လက်နက် တိုက်ကို ဖောက်ပြီး လက်နက်များနဲ့ ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ကြပါတယ်။ တိုက်ပွဲဝင် ကျောင်းသား ပြည်သူများကို ဂွာန်ဂျူမြို့ရှိ အမယ်အိုနဲ့ အမျိုးသမီးကြီးများက ကင်းမ် (ကိုရီးယားနိုင်ငံထုတ် ပင်လယ် ရေညှီ)နဲ့ ထမင်းဆုပ်များကို ပြုလုပ်ပြီး ဝေငှ ပေးကြပါတယ်။
မေ ၁၈ အတွင်း ကျဆုံးသွားကြသူများရဲ့ စာရင်းကတော့ အသက် ၁၄နှစ်အောက် ၈ယောက်၊ ၁၅နှစ်မှ ၁၉ နှစ်အထိ ၃၆ယောက်၊ ၂၀နှစ်က ၇၃ ယောက်၊ ၃၀နှစ်က ၃၆ယောက်၊ ၄၀နှစ်က ၉ ယောက်၊ ၅၀နှစ်က ၆ယောက်၊ ၆၀နှစ်က ၄ယောက်၊ စစ်ဆေးလို့ မရတာက ၁ယောက်၊ ကျောင်းသား ၂၇ ယောက်၊ အရပ်သား ၂၁ယောက်၊ ကုမ္ပဏီဝန်ထမ်း ၁၄ ယောက်၊ ၀န်ထမ်း ၂ဦး၊ ကားမောင်းသမား ၁၁ ဦး၊ အလုပ်သမား ၃၄ ယောက်၊ အလုပ်မရှိသူ ၃၄ ယောက်၊ တပ်သား ၂ဦး စုစုပေါင်း ၃၀၈ ယောက် ဖြစ်ကြပါတယ်။ 
မေ ၁၈ ဂွာန်ဂျူ ဒီမိုကရေစီအရေးတော်ပုံကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။ လိုအပ်သည်များကို အချိန်ရရင် ရသလို ပြန်လည် ပြင်ဆင် ဖြည့်စွက် ထည့်သွင်းပေးသွားပါမည်။ 

စာဖတ်သူများကို လေးစားလျက် 

ဇော်မိုးအောင် (ကိုရီးယား) 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 16, 2013

ဗုဒ္ဓ မွေးနေ့

 
 တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၃ ခုနှစ် မေ ၁၇ ရက် သောကြာနေ့သည် ဗုဒ္ဓမြတ်စွာ ဘုရားသခင်၏ မွေးနေ့ဖြစ်ပါသည်။ ကိုရီးယားဘာသာစကားအရ စောဂ်ဂါထာန်ရှင်း အိလ် (သို့) ဘူချောနီး(မ်) အိုရှင်းနာလ်ဟု ခေါ်ဆိုကြပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓ မြတ်စွာဘုရား၏ မွေးနေ့ကို ကိုရီးယား ကောဇာသက္ကရာဇ်အရ ၄လပိုင်း ၈ ရက်ကို သတ်မှတ်ထားတာ ဖြစ်ပါသည်။ ဗုဒ္ဓ မြတ်စွာဘုရား၏ မွေးနေ့ကို ဆိုးလ်မြို့(ဆောအုလ်)ရှိ ဂျိုဂယဲဂျူန် ( ဂျိုဂယဲဂိုဏ်း) ၀င် ဂျိုဂယဲ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာသို့ နိုင်ငံတော် အကြီးအကဲ သမတကိုယ်တိုင် တက်ရောက်ကြပြီး ထဲဂျိုဂိုဏ်း၊ ချောန်ထဲဂိုဏ်း၊ ဂျင်ဂါဂ်ဂိုဏ်းစတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် ကျင်းပကြပါသည်။   တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓ မြတ်စွာ ဘုရား၏ မွေးနေ့အဖြစ် ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ် နိုဝင်ဘာတွင် နီပေါ (နီဖာလ်)နိုင်ငံ ခါထ်မာန်ဒုမြို့တော်တွင် ကျင်းပသည့် ၄ ကြီမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးကြီးတွင် ခရစ်သက္ကရာဇ် မေ ၁၅ ရက်ကို ဗုဒ္ဓ မွေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကိုရီးယားမှာ ကောဇာသက္ကရာဇ် ၄လပိုင်း ၈ ရက်အဖြစ် သတ်မှတ်ပြီး ကုသမဂ္ဂ၌ မေ၁၅ ရက်တွင် ဗုဒ္ဓ မွေးနေ့အဖြစ် သတ်မှတ် ကျင်းပကြပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓမွေးနေ့ရောက်တိုင်း ယောန်ဒွန် ချူဂျဲ ( ကြာပန်း ပွဲတော်) ကို ကျင်းပပြီး ယခင် ဒုန်ဒဲမု(န်) အားကစားကွင်းမှ ဂျိုဂယဲဆာ ( ဂျိုဂယဲ ဘုန်းတော်ကြီးကျောင်း)အထိ ဗုဒ္ဓ ရုပ်ပွားတော်ပုံတော်များ၊ ဗုဒ္ဓ မွေးဖွားစဉ်က ပုံတော်များ၊ ၁၂ လရာသီ တိရိစ္ဆာန်များ၏ ရုပ်ပုံများ၊ ကြာပန်းပုံများနှင့် ဗုဒ္ဓနှင့် ပတ်သက်သည့် စက္ကူ ရုပ်ထုတော်များကို ပြုလုပ်ပြီး မီးများ ထွန်းညှိ၍ လှည့်လည်ကြပါသည်။ အဆိုပါ ကြာပန်းပွဲတော်ကို ၁၉၉၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပါသည်။ ဓာတ်ပုံများကို အင်တာနက်က ကူးယူဖော်ပြပါသည်။ 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 19, 2013

ဧပြီ ၁၉ အရေးအခင်း

 
၁၉၆၀ ၀န်းကျင် ၁၉၄၈ ခုနှစ်က သမတ ရာထူးကို ရယူထားခဲ့သော သမတ ယိစွန်မာန်နှင့် အပေါင်းအဖော်တို့ရဲ့ လုပ်ရပ်များကြောင့် အများပြည်သူများ စိတ်သောက ရောက်ရှိနေကြရပါတယ်။ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စတုတ္ထ ကြီမ်မြောက် တောင်ကိုရီးယား သမတ ရွေးကောက်ပွဲတွင် လွတ်လပ်ရေးအဖွဲ့က ယိစွန်မာန်က ထပ်မံ သမတ ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ပြီး ဒီမိုကရေစီအဖွဲ့က ဂျိုဗြောန်အိုဂ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်က ကိုရီးယားရဲ့ သမတ သက်တမ်းဟာ ၄နှစ်ဖြစ်ပြီး တတိယအကြီမ်အထိ ၀င်ရောက် အရွေးခံပိုင်ခွင့် ရှိခဲ့ပေမယ့် သမတ ယိစွန်မာန်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဥပက္ခာပြုပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် ဇန်န၀ါရီ ၁၉ ရက် ဒီမိုကရေစီအဖွဲ့ သမတလောင်း မစ္စတာ ဂျိုဗြောန်အိုဂ်ရဲ့ ကင်ဆာ ရောဂါ စိုးရွားလာသဖြင့် အမေရိကန်နိုင်ငံ ဝေါ်ထာရစ် တပ်မတော်ဆေးရုံကြီးသို့ ပို့လိုက်ရပါတယ်။ သမတ ယိစွန်မာန်က ဖေဖော်ဝါရီ ၁ ရက် ရွေးကောက်ပွဲအစား မတ် ၁၅ ရက်သို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် သမတလောင်း ဂျိုဗြောန်အိုဂ်ဟာ အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။  
သမတလောင်း ဂျိုဗြောန်အိုဂ် ကွယ်လွန်သွားတဲ့အတွက် ဒုသမတအဖြစ် ရာထားသူ မစ္စ ဂျာန်မြောင်းက သမတလောင်းအဖြစ် ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်မှီ ဖေဖော်ဝါရီ ၂၈ ရက် တနင်္ဂနွေနေ့ ဒဲဂု အထက်တန်းကျောင်းသားများက ကျောင်းသားအခွင့်အရေး ရရှိရေးနဲ့ အာဏာရှင် အစိုးရ ကျဆုံးရေး ကြွေးကြော်ပြီး ဒဲဂုမြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြရာ ရဲများရဲ့ ပစ်ခတ်မှုကြောင်း ၂၀ ဒဏ်ရာရရှိပြီး ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။ မတ် ၅ ရက် ဆောအုလ် အားကစားရုံတွင် ကျင်းပတဲ့ ဒီမိုကရေစီအဖွဲ့ရဲ့ မဲဆွယ် ဟောပြောပွဲအပြီး တစ်ထောင်ခန့်ရှိ လူစုက ကျောင်းသားအရေး အောင်မြင်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။ မတ် ၈ ရက် ဒဲဂျောန်တွင် ကျောင်းသားများ ဆန္ဒပြတောင်းဆိုရာ ရဲများက ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြပြီး မတ် ၁၅ ရက်အထိ တောင်းဆို ဆန္ဒပြပွဲများဟာ နိုင်ငံအနှံ့မှာ ဖြစ်ပွားလျက် ရှိနေပါတယ်။ ၁၉၆၀ ခုနှစ် မတ် ၁၅ ရွေးကောက်ပွဲ ရလဒ်ကတော့ သမတ ယိစွန်မာန်ကဘဲ သမတ ရာထူးကို ဆက်လက် ရရှိခဲ့ပြီး ဒုသမတအဖြစ် ယိဂိဘုန်းကို ခန့်အပ်ခဲ့ပါတယ်။ အဆိုပါ မတ် ၁၅ ရက် ညနေ ၃ နာရီ ၄၀မီနစ် တောင်ကိုရီးယား တောင်ဘက်ပိုင်းရှိ မာဆန်တွင် ကျောင်းသားနဲ့ မြို့သူမြို့သားများ တစ်ထောင်ခန့်က ရွေးကောက်ပွဲ ရလဒ်ဟာ မှန်ကန်မှုမရှိသောကြောင့် ကန့်ကွက်ဆန္ဒပြခဲ့ကြရာ ည ၇နာရီအချိန်တွင် လူဦးရေ တစ်သောင်းခန့် များပြားလာခဲ့ပါတယ်။ ညနေ ၄နာရီ ခွဲအချိန်မှာ ဒီမိုကရေစီအဖွဲ့က မတ် ၁၅ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအမည်ခံ ပြည်သူ့အာဏာကို မတရား ဓါးပြတိုက်ခဲ့တာဟု ထုတ်ပြန် ကြေညာပါတယ်။ ည ၈ နာရီအချိန်လောက်မှာ ရဲများက ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သဖြင့် ၇ ဦး သေဆုံးပြီး ၈၇၀ ဦး ဒဏ်ရာရှိခဲ့ပါတယ်။ နောက်တစ်နေ့ သားပျောက် အမေတစ်ယောက် ဂွာန်ဂျာန်စုဟာ သူမရဲ့ သား မာဆန် စက်မှုကျောင်းသား ကင်းမ်ဂျူယောလ်က အိမ်ကို ပြန်လာလို့ မာဆန်မြို့အတွင်း နေရာတကာကို လှည့်လည် အော်ဟစ် မေးမြန်းခဲ့ပေမယ့် အဖြေမှန်ကို မရရှိခဲ့ပါဘူး။ သားပျောက် အမေရဲ့ အော်ဟစ် မေးမြန်းသံဟာ မာဆန်ရှိ မြို့သူမြို့သားများရဲ့ ရင်ထဲမှာ ထင်ဟပ်လာပြီး စိတ်ပါဝင်စားလာခဲ့ကြပါတယ်။ မတ် ၁၈ မာဆန်အရေးအခင်းကြောင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ ချွဲအင်ဂယူနဲ့ ရဲမှူး ယိဂါန်ဟာဂ်တို့က နုတ်ထွက်ခဲ့ကြပါတယ်။ မတ် ၂၄ ရက် ဘူဆန် အထက်တန်း အလယ်တန်း ကျောင်းသားများက တရားမျှတမှုမရှိတဲ့ ရွေးကောက်ဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုကြပြီး မတ် ၂၅ ရက်မှာ ဘူဆန်ရှိ ဘာသာရေး ကျောင်းနဲ့ အမျိုးသမီးများ ကျောင်းရှိ အလယ်တန်း အထက်တန်း ကျောင်းသား ကျောင်းသူများပါ ပူးပေါင်းလာကြပါတယ်။ ဧပြီ ၁ ရက်မှာ တက္ကသိုလ်ကျောင်းများ ပြန်လည် ဖွင့်လာခဲ့ပါတယ်။ သားပျောက် မိခင် မစ္စစ် ဂွာန်ဟာ သားပျောက်ရှာနေစဉ် ခင်ပွန်းသည် ကွယ်လွန်ကြောင်း ကြေးနန်းစာကို ရုတ်တရက် မမျှော်လင့်ဘဲ ရလိုက်ပါတယ်။ အဲဒါနဲ့ သားပျောက် ရှာဖွေရေးကို ခဏထားပြီး ခင်ပွန်းသည်ရဲ့ ဈာပန ဆောင်ရွက်ဘို့ နာမ်ဝါန်သို့ ဧပြီ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မီနစ်မှာ လိုင်းကား စီးပြီး မာဆန်မှ ထွက်ခွာလာခဲ့ပါတယ်။ အဆိုပါ ဧပြီ ၁၁ ရက် နံနက် ၁၁နာရီ ၂၀ မီနစ် မာဆန်မြို့ ရှင်ဖိုမြို့နယ် ပင်လယ်တွင် ညာဘက် မျက်လုံးထဲသို့ လက်ပစ်ဗုံး စိုက်ဝင်နေတဲ့ အလောင်း တစ်လောင်း ပေါ်လာကြောင်း တွေ့ရ၍ ပြည်သူများအများ ဆယ်ယူပြီး ကြည့်ရှုကြရာ မာဆန်မြို့ စက်မှုကျောင်းက အသက် ၁၆ နှစ်အရွယ်ရှိ ကျောင်းသား ကင်းမ်ဂျူယောလ် ( ၁၉၄၄ခုဘွား) ရဲ့ ရုပ်အလောင်း ဖြစ်နေကြောင်း သိရပါတယ်။ ဂျောန်လာဂ်ပြည်နယ် နာမ်ဝါန်မြို့သား ကင်းမ်ဂျူယောလ်ဟာ မာဆန် စက်မှုကျောင်း တက်ရောက်ရန်အတွက် စာမေးပွဲဝင်ဖြေပြီး အောင်စာရင်းကို စောင့်စားနေခဲ့ပါတယ်။ မတ် ၁၄ ရက်မှာ အကို ကင်းမ်ကွာန်ယောန်နဲ့အတူ ဆန္ဒပြပွဲသို့ ပါဝင်ခဲ့ပါတယ်။ မာဆန် စက်မှုကျောင်းရဲ့ အောင်စာရင်းကို မတ် ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက် ဆန္ဒပြတောင်းဆိုနေတဲ့ ကင်းမ်ဂျူယောလ်ဟာ ည ၈ နာရီမှ ၁၀ နာရီအတွင်း ရဲများက ပစ်ခတ်ကြောင့် ညာဘက် မျက်လုံးတွင် လက်ပစ်ဗုံး ထိုးစိုက်ဝင်သွားပြီး သေဆုံးခဲ့ရပါတယ်။ ကင်းမ်ဂျူယောလ်ရဲ့ အလောင်းကို ရဲ ဗိုလ် ဘဂျူန်ဖြိုက ပင်လယ်ပြင်သို့ လွှတ်ပစ်ခဲ့ပါတယ်။ မာဆန် စက်မှုကျောင်း အောင်လက်မှတ်ကို ညီ ကင်းမ်ဂျူယောလ်အစား ကင်းဂွာန်ယောန်က လက်ခံခဲ့ပါတယ်။ ကင်းမ်ဂျူယောလ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိပြီးနောက် ဧပြီ ၁၈ ရက် ဂိုလယောတက္ကသိုလ် ကျောင်းသားများက ရွေးကောက်ပွဲ ရလဒ် ကန့်ကွက်ကြောင်းနဲ့ ကင်းမ်ဂျူယောလ်အား ပစ်ခတ်သူများ အရေးယူ ပေးရေး သမတ ယိစွန်မာန်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လှည့်လည် ဆန္ဒပြတောင်းဆိုပြီး ကျောင်းသို့အပြန် ဂျူနို ၀ိုး(၅)ဂါအရောက် သမတ ယိစွန်မာန်ရဲ့ ကိုယ်ရေးအရာရှိ မစ္စတာ ဂွာန်က မွေးထားတဲ့ လူမိုက်တစ်စုက ၀င်ရောက် ရိုက်နှက်သဖြင့် ကျောင်းသား မြောက်များစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၁၉ ရက် နံနက်ပိုင်း ၈ နာရီ ခွဲခန့်က ဂိုဂွာန်း အထက်တန်းကျောင်းသား တစ်ထောင်ခန့်ဟာ ရှင်ဆောလ်ဒုန် လမ်းကွေ့မှ ဆောအုလ်(ဆိုးလ်)မြို့အတွင်းသို့ ၀င်ရောက် လှည့်လည် ဆန္ဒပြကြရာ နံနက် ၉ နာရီခန့်က ဆောအုလ် တက္ကသိုလ်က ကျောင်းသား ၆ ထောင်ခန့်၊ နံနက် ၁၀နာရီတွင် ဂိုလယော တက္ကသိုလ်က ၄ထောင်ခန့်၊ ဂေါ့န်ဂု တက္ကသိုလ်က ၂ထောင်ခန့်၊ ၁၁ နာရီတွင် ဒုန်ဂု တက္ကသိုလ်က ၂ထောင်ခန့်၊ ဆောန်ဂယူန်ဂွာန် တက္ကသိုလ်က ၃ထောင်ခန့်၊ နေ့လည် ၁၂နာရီတွင် ယောန်ဆဲ တက္ကသိုလ်က ၅ထောင်ခန့်၊ ဟုန်းအိဂ် တက္ကသိုလ်က တစ်ထောင်ခန့် စုစုပေါင်း တစ်သိန်းကျော်တို့ ဆန္ဒပြ တောင်းဆိုကြပါတယ်။ ရဲများက ဆန္ဒပြသူများကို ဟယိုဂျာဒုန်တွင် ပိတ်ဆို့ထားလိုက်ပြီး မီးသတ် ပိုက်များနဲ့ ထိုးဖြန်းကြပါတယ်။ နေ့လည် ၁နာရီ ၄၀ ခန့်မှာ မီးသတ်ကားများကို ဖယ်ရှားပြီး ရဲများက ဆန္ဒပြနေသူများကို စတင် ပစ်ခတ်ပါတော့တယ်။ ရဲများရဲ့ ပစ်ခတ်မှုကြောင့် တနိုင်ငံလုံးရှိ ကျောင်းသားများ ၁၈၆ ယောက် သေဆုံးပြီး ၆ထောင်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာ ယိစွန်မာန်အစိုးရက နုတ်ထွက်ပြီး ၂၈ ရက်မှာ ယာယီအစိုးကို ဖွဲ့စည်းခဲ့ပါတယ်။ မေ ၂၈ ရက်မှာ သမတ ဟောင်း ယိစွန်မာန်ဟာ အမေရိကန် ဟာဝိုင်ယီသို့ ထွက်ခွာသွားပြီး ၁၉၆၅ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် မေ ၁ ရက် ယာယီအစိုးရ သမတ ယူဘိုစောန်က ၁၉၆၀ မတ် ၁၅ ရွေးကောက် ရလဒ်ကို အသိအမှတ် မပြုကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဆက်လက် ဖော်ပြပေးပါမည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>