Tuesday, March 13, 2012

လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုများသို့ အိတ်ဖွင့်ပေးစာ


ဒီလိုပဲ ရောက်လာတဲ့သူ
ကျနော်တို့ ၃-နှစ် ဆန့်ကျင်ရေး လုပ်ကြမယ်ဆိုတော့ ၊ ကိုရီးနိုင်ငံရောက် အီးပီလုပ်သား ညီတစ်ယောက်ဆီက စာလာပါတယ် ။ သူ့နာမည်က လူနေလို့ခေါ်သတဲ့ ။ ကဲဗျာ ၊ သူ့ရဲ့စာကို အရင်ဖတ်ကြည့်ရအောင် -

ဟုတ်ကဲ့ ကိုဝိုင်းခင်ဗျာ့ ကျနော်တတ်နိုင်သလောက် ဖြန့်ဝေပေးပါ့မယ် ဒါပေမယ့် အကို ကျနော် အမြင်ပြောရရင် သုံးနှစ်စာချုပ်မချုပ်ဖို့ထက် လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတယ့် ကျနော်တို့ညီအကိုတွေ အလုပ်လွယ်ကူစွာ ပြောင်းရွေ့နိုင်ဖို့ ပိုလိုအပ်မယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ရွာမှ က အကိုသိတဲ့အတိုင်းဘဲ သုံးနှစ်မကလို့ ဘာဘဲဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ လူတွေက များတယ်လေ ကျနော်တို့ တုန်းကလဲ ဒီလိုဘဲ လာကြတာ ဒီရောက်တော့မှ ကိုယ်ထင်တာနဲ့ လုပ်ရတာတွေက တလွဲတွေ ကြီးဘဲ ဖြစ်ပြီး ကြိတ်မှိတ်လုပ်ကြရတယ် ပြန်လို့ကလဲ မဖြစ်ဆိုတော့ အဲတော့ အကိုရာ လုပ်ငန်းခွင်မှာ တကယ်အန္တယ်ရှိ ဘယ်လိုမှမလုပ်နိုင်ကြတဲ့ ညီအကိုတွေ အတွက် အလုပ်လွယ်ကူစွာ ပြောင်းရွေ့နိုင်ရေးက ပိုပြီး အကျိုးရှိမယ်ထင်တယ် အကို ဒါက ကျနော့်ရဲ့ အမြင်ကို ပြောပြတာပါ ဘာဘဲဖြစ်ဖြစ် အခုကိစ္စကိုလဲကျနော်တတ်နိုင်သလောက်ကူညီ ဆောင်ရွက်ပေးသွားပါ့မယ်
လေးစားစွာဖြင့်


အများကြီးရှိနေပါတယ်
ညီလေးလူနေ ၊ ၃-နှစ်စာချုပ်မချုပ်ရေး လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ၊ လုပ်ငန်းခွင်မှာ အန္တရာယ်ရောက်နေတဲ့ သူတွေ အလုပ်လွယ်ကူစွာပြောင်းရွှေ့နိုင်ရေးပါပဲ ။ သည်ကိစ္စဟာ လွယ်မလိုလိုနဲ့ တော်တော်ခက်တဲ့အလုပ်ဆိုတာ ညီ သဘောမပေါက်သေးဘူးဖြစ်နေတယ် ။ ဘာကြောင့် ကိုယ်တို့ ၃-နှစ်စာချုပ်မချုပ်ရေး လုပ်ရသလဲ ဆိုတာ ညီသဘောပေါက်စေချင်တယ် ။

ညီလိုလူတွေ ထပ်ရောက်လာ ၊ သည်လိုပဲ ထပ်ဖြစ်ကြဦးမယ် ။ ပြဿနာတွေ သည်ထက်မက များလာနိုင်တယ် ။ အဲသည်ပြဿနာ ပိုက်ဆံယူပြီး ဖြေရှင်းပေးရင် စီးပွါးတောင်ဖြစ်နိုင်တယ်ဆိုတာကိုယ်သိတယ် ။ ရေနစ်သူဝါးကူထိုးသလို ဖြစ်နေမှာစိုးတာရယ် ၊ အဲသလိုနည်းနှင့် ရမယ့်ပိုက်ဆံတွေ မြိုမကျတာရယ်ကြောင့် ကလေးတွေ စားဖို့သောက်ဖို့ နဖူးကချွေးခြေမ ရောက်အောင် အလုပ်တွေ လုပ်ရင်းက ကိုယ့်အချိန်ကို ဖဲ့ယူပြီး ဒီလှုပ်ရှားမှုကို လုပ်နေရခြင်းဖြစ်တယ် ။

အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဆောင်ရွက်ကြဖို့
ကိုရီးယား အီးပီစနစ်အစမှာ ဥပဒေအရ ၊ စာချုပ်ကို ၁-နှစ်စီပဲ ချုပ်လို့ရတယ် ။ နောက်ပိုင်း လုပ်ငန်းလိုအပ်ချက်အရ အစိုးရက ၃-နှစ်အထိ ချုပ်ခွင့်ပြုလိုက်တယ် ။ အလုပ်ရှင် အလုပ်သမား ၂-ဦး၂-ဖက်ညီနှိုင်းပြီး စာချုပ် ချုပ်သွားကြဖို့ပါ ။ ဒါပေမယ့် ပြဿနာက ညီပြောသလိုပဲ ၊ ဟိုက လူတွေ (အီးပီလုပ်သားလောင်းတွေ) က ဒီကိုရီးယားရောက်လာဖို့အရေးပဲ စိတ်စောနေကြတော့ ၊ ကိုရီးယားရောက်ရင် နတ်ပြည်ရောက်မလိုပဲ အထင်ရောက်နေကြတော့ ၊ ဒီရောက်လာတော့ ပြဿနာတွေက ရှင်းလို့မပြီးနိုင် ဖြစ်နေတော့တာပဲ ။

သည်ပြဿနာအတွက် လုပ်လို့ရတဲ့ နည်း၃ခုရှိတယ်လို့ ကိုယ်တို့မြင်တယ် ။ အဲတာတွေက -
- ဥပဒေကို ၁-နှစ်စာချုပ်ပဲ ချုပ်ခွင့်ပြုဖို့ ဥပဒေ ပြန်ပြင်ရေး
- (ဥပဒေကို မပြင်ဘဲ) ကိုရီးယားလုပ်ငန်းရှင်များကို ၁-နှစ်စီသာချုပ်ဖို့ တိုက်တွန်းရေး နှင့်
- လုပ်သားလောင်းများကို ၃-နှစ်စာချုပ်မချုပ်ရေး တိုက်တွန်းခြင်းပေါ့ ။

ဥပဒေပြင်ဖို့ ပြောလို့မဖြစ်ဘူး
နံပတ်၁ အနေနှင့် အီးပီ ဥပဒေကို ၁-နှစ်စာချုပ်ပဲ ပြန်လုပ်ဖို့ (ဥပဒေပြင်ဖို့) ပါ ။ ဒါပေမယ့် ဥပဒေတစ်ခုပြင်ဖို့ဆိုတာ လွတ်တော်မှာ ကိုယ့်လူတွေ (အလုပ်သမားအရေးစိတ်ဝင်စားတဲ့ အမတ်တွေ) များများရှိဖို့လိုတယ် ။ ဒါပေမယ့် အလုပ်သမားတွေက အလုပ်သမားအရေးစိတ်ဝင်စားတဲ့ လွတ်တော်အမတ်တွေ လွတ်တော်ထဲရောက်ဖို့အရေး ဟာ ကိုယ့်အရေးဖြစ်တယ်လို့ မသိကြဘူး ၊ မတွေးကြဘူးဖြစ်နေတယ် ။ အဲသည်အကြောင်းပြောရရင် တော်တော်ခက်တယ် ။ အများကြီးခက်တယ် ။ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူကို အလုပ်သမားတွေက အထင်မကြီးဘူးဖြစ်နေတယ် ။ ကိုရီးယားလွတ်တော်ထဲမှာ မိုင်းခွဲပြီးပြောပြတာတောင် ၊ ကိုရီးယားအလုပ်သမားတွေက ဘာကြောင့်မိုင်းခွဲတာလဲ ဆိုတာ မသိဘူးဖြစ်နေတယ် ။ စတန့်ထွင်တယ်ပဲထင်နေကြတယ် ။ အလုပ်သမားအရေးလုပ်နေပါလားဆိုတာ မသိဘူးဖြစ်နေတယ် ။ အင်အားကြီး မီဒီယာများမှာ တခမ်းတနားဖော်ပြတဲ့ ကိစ္စတွေပဲ စိတ်ဝင်စားပြီး ၊ မီဒီယာများမှာ မကြာမကြာ ဖော်ပြခံရတဲ့ ကိစ္စတွေပဲ အမှန်လို့ထင်နေကြတာကများတယ် ။ အမှန်ကို သိဖို့ ပညာလိုတယ် ။ ဆင်းရဲလို့ ပညာမရှာနိုင် ၊ ပညာမရှာနိုင်တော့ ဆင်းရဲ ။ သံသယာလည်နေကြတယ်လို့ထင်တယ် ။

သူဌေးများရဲ့နှလုံးသားထဲ စာနာမှုတွေ ထည့်ဖို့
နောက်တစ်ခု ၊ နံပါတ် ၂ ။ ကိုးရီးယားသူဌေးများကို ၃-နှစ်စာချုပ်မလုပ်ဖို့ပြောကြဖို့ ။ သည်ကိစ္စပြောဖို့ကျပြန်တော့ ၊ ခရီးမရောက်ဖြစ်နေပြန်တယ် ။ မေတ္တာနှင့် လူသားချင်းကိုယ်ချင်းစာနာမှုစိတ်ကလေး ကိုရီးယားသူဌေးများရဲ့ နှလုံးသားတွေထဲ ထည့်ပေးဖို့ ဆိုပါတော့ ။ အလုပ်သမားအရေး စိတ်ဝင်စားတဲ့သူတွေက သည်ကိစ္စ စဉ်ဆက်မပြတ် ပြောနေကြတာပါပဲ ။ မဖြစ်ဘူး ။ ဒီကိစ္စ အင်အားကြီး မီဒီယာတွေပေါ်မရောက်ဘူး ။ အင်အားကြီး မီဒီယာတွေကို အင်အားကြီးတဲ့သူ(ပိုက်ဆန်များများရှိတဲ့သူ)တွေက ပိုင်ထားတယ်လေ ။

အလုပ်သမားလောင်းတွေကို တိုက်တွန်းဖို့
သည်တော့ ကိုယ်တို့ လုပ်စရာ က မြန်မာ အလုပ်သမား(လောင်း) တွေ ၃-နှစ်စာချုပ် လက်မှတ်မထိုးဖို့ ပြောဖို့ပဲ ကျန်တော့တယ် ။ ကိုယ်တို့အလုပ်သမားတွေပိုင်တဲ့ ဟန်းဂုရွာ ဘလော့မီဒီယာကြီးကနေပဲ ကြားနိုင်သလောက်ကြား ကြပါစေဆိုပြီး ပြောလိုက်ရတာပါပဲ ။ ဒါကြောင့် သည်လှုပ်ရှားမှု့ကို လုပ်ရခြင်းဖြစ်တယ် ။ ဒါကို သဘောပေါက်စေချင်လို့ ဒီစာကို အပင်ပမ်းခံပြီး ထပ်ရေးလိုက်ရခြင်းပါ ။

၃-နှစ်စာချုပ်ချုပ်တဲ့ အလုပ်ရုံဆို အခြေအနေမကောင်းဘူးဟေ့
လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတွေ မြန်မာပြည်မှာ ကျန်ရစ်နေတဲ့ သူတွေဆီကို သဘောပေါက်အောင် ပြောပေးကြစေချင်တယ် ။ ၃-နှစ်စာချုပ်မိထားတဲ့ သူတွေ သည်ရောက်လာမှ အလုပ်အလွယ်တကူ ပြောင်းလို့မရဘူး ၊ ဒီမှာ အခြေအနေမကောင်းဘူးဟေ့ ဆိုပြီး (တစ်ယောက်စီ) ပြောပြတော့ ၊ မြန်မာပြည်က လူတွေက ဟာ မင်းတို့က ရောက်သွားပြီဆိုတော့ သည်စကားပြောတော့မှာပေါ့လို့ ဆိုကြတယ်မဟုတ်လား ၊ နောက်သူတို့စိတ်ထဲမှာ ဒီကောင် ငါတို့ ကိုရီးယားရောက်လာမှာ မနာလိုလို့ သည်စကေားပြောတာပါကွာဆိုပြီး အထင်လွဲခံရမယ် ။ ဒါကြောင့် သည်လှုပ်ရှားမှုကို လူသိရှင်ကြားလုပ်ရတာပဲ ။ ကန့်ကွက်ချင်တဲ့သူရှိရင် ၊ ကိုဝိုင်းတို့ပြောတာမမှန်ဘူး ဟေ့ ဆိုပြီး တန်ပြန်လှုပ်ရှားမှု လုပ်လို့ရပါတယ် ။ ၃-နှစ်စာချုပ်သာ လက်မှတ်ထိုးရေးပေါ့ ။

ကဲ ၊ ကိုလူနေနှင့်တကွ လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ သူများ ၊ သည်လှုပ်ရှားမှုအကြောင်း မြန်မာပြည်က အီးပီလုပ်သားလောင်းလျာများကို ထပ်ဆင့်ပြောပြပေးကြပါ ။ ညီလေးတို့ တာဝန်ကျေအောင်လို့ ။

ဒါပါပဲ ။
အလုပ်ပြောင်းရွှေ့ရေး အဆင်ပြေပါစေလို့ ။

လေးစားမှုဖြင့် -

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
အဖွဲ့ဝင်(၁)
ကိုဝိုင်း (မိုညှင်း)
၂၀၁၂ခုနှစ် မတ်လ ၁၂ ရက်

3 comments:

akar said...

(၃)နှစ်စာချုပ် မချုပ်ဖို့တိုက်တွန်းတာကောင်းပါတယ် ဒါပေမယ့် (၃)နှစ်မဟုတ်ဘူးအလုပ်မကြိုက်လို့လက်မှတ်မထိုးဘူးပြောရင်တောင်(၈)မိုင် လေဘာရုံးကပြသနာ ရှာခြင်တယ် အဲ့ဒါကြတော့ဘယ်လို ဖြေရှင်းကြမလဲ

ကိုဝိုင်း (မိုးညှင်း) said...

သဘောတူ စာချုပ်ဆိုတာ ကာယကံရှင်တွေက သဘောတူမှ ၊ ကိုယ့်စာချုပ် ကိုယ်လက်မှတ်ထိုးမှ ဖြစ်ပါတယ် ။ အဓမ္မ ထိုးခိုင်းလို့ သဘောတူစာချုပ်မမြောက်ပါဘူး ။ အလုပ်မကြိုက်တာကို လေဘာက ပြဿနာရှာတယ်ဆိုရင် ၊ ဘယ်လိုရှာသလဲ ၊ လေဘာက ဘယ်သူလဲ ။ ရှာပုံရှာနည်းပြောပြပါ ။ သက်သေနှင့်တကွပေါ့ ။ ပြဿနာရှာတာမဟုတ်ဘဲ ရှာချင်တယ်(ရှာချင်)ဆိုတာကတော့ ပြဿနာရှာသေးတာမှ မဟုတ်ဘဲနော် ။ ဟုတ်ဘူးလား ။ နောက်ပြီး လေဘာရုံးက အရာရှိ တစ်ဦးဦးက အဓမ္မလက်မှတ်ထိုးခိုင်းလို့ ၃-နှစ်စာချုပ်ကို မထိုးချင် ထိုးချင် ထိုးခဲ့ရပါတယ် ဆိုတဲ့ လူများရှိရင်လည်း ပြောပါ ။ အဲသလို ဆို ဥပေးအရ လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ် ။ ကယယကံရှင်က လက်မှတ်ထိုးဖို့ ငြင်း ရင် ဘယ်သူမှ အာဏာပါဝါသုံးပြီး သဘောတူခိုင်းလို့မရပါ ။ ကာယကံရှင်တွေက ကြည်ကြည်သာသာ သဘောတူထားတဲ့ကိစ္စကိုလည်း ဘယ်သူမှ လိုက်ဖျက်ပေးလို့မရနိုင်ပါ ။ ၃-နှစ်ပြီးအောင်သာ ရုန်းပေတော့ ။ မခံနိုင်ရင် ပြေးလိုပြေး ၊ ပြန်လိုပြန် ။ ငြီးသံညူသံ ၊ ငိုတဲ့အသံတွေ မကြားပါရစေနှင့် ။ (မဆိုင်တဲ့သူတွေ အာရုံဖြောင့်ဖြောင့် အလုပ်လုပ်ပါစေ ။)

အလွမ်းမဲ့နှလုံးသား said...

တစ်​၇ုံတည်းမှာသုံးနှစ်​ပြည့်​ပြီး​တော့ ​နောက်​စက်​၇ုံမှာ ဆက်​ပြီးလုပ်​ခွင့်​ ရှိပါသလားခင်​ဗျာ..တစ်​နှစ်​နှင့်​ဆယ်​လသက်​တမ်းကို​ပြောတာပါခင်​ဗျ..