Showing posts with label အထေ့အငေါ့. Show all posts
Showing posts with label အထေ့အငေါ့. Show all posts

Tuesday, June 3, 2014

ရွေးချယ်ခွင့်

ရေးသားသူ — ခန့်နေသူတိုး




ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း ညီအကိုမောင်နှမတွေ အများဆုံး ဝင်ရောက် အသုံးပြုနေကြတဲ့ လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ ဟန်းဂုရွာ စာမျက်နှာပေါ်မှာ အခုတလော လူကြီးလူငယ် အရွယ်ရွယ်တို့ တွေးကြ ၊ ရေးကြ ၊ ဆွေးနွေး နေကြသမျှ အကြောင်းအရာ အမျိုးမျိုးတွေထဲက မြန်မာနိုင်ငံမှာ သံဃာတော်တစ်ချို့နဲ့ တပည့်ဒါယကာ ပြည်သူအချို့တို့ ဥပဒေတစ်ရပ်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ လှုပ်ရှား ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာနဲ့ ပါတ်သက်လို့ သေချာ ပြန်လည်လေ့လာ သုံးသပ်ကြည့်ရမယ် ဆိုရင် … ။

မျိုးစောင့်ဥပဒေဆိုတာ ဘာသာခြား အိမ်ထောင်ဖက် ဖြစ်သူရဲ့ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းအပေါ် ရလိုမှုနဲ့ အခြေခံထားတဲ့ ဥပဒေများ ဖြစ်နေမလားလို့ပဲ ကောက်ချက်ချမိပါတယ်။ ဘာကြောင့် ဒီလို ကောက်ချချမိသလဲ ဆက်လက်ရှင်းလင်း တင်ပြပါမယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင် တစ်ယောက်နဲ့ မွတ်စ်ဘာသာဝင် (အချို့လူတွေ အဆိုအရ အကြမ်းဖက်ဘာသာဝင် ) တစ်ယောက်တို့ လက်ထပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် စည်းကမ်းအရရယ် .. မြန်မာနိုင်ငံ တော်ဆိုင်ရာ အက်ဥပဒေအရရယ် ဆိုရင်တော့ လက်ရှိအနေအထားအရ ဘာသာမတူသူချင်း လက်ထပ်လို့ရပေမယ့် မွတ်စ်ဥပဒေ ( အချို့ဘာသာဝင်တွေ အဆိုအရ မိစ္ဆာအယူဥပဒေ ) အရတော့ ဘာသာတူသူမှ လက်ထပ်လို့ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်းတွေက မွတ်စ်ကို ပြောင်းချင်ပြောင်း .. ဒါမှမဟုတ် မွတ်စ်က ဗုဒ္ဓဘာသာကို ပြောင်းရပါတယ် .. ။

ဒီလိုပဲ ယခင်ကလည်း ဟိုဘက်ဘာသာဝင် ဒီဖက်ဘာသာဝင်တွေ အင်းစိန်နဲ့ ဆူးလေကို ပြေးဆွဲတဲ့ လိုင်းကားတွေလိုပဲ ဟိုဖက်က ဒီဖက်ကို ဒီဖက်က ဟိုဖက်ကို “အင်းစိန်သွားမယ် .. အင်းစိန်သွားမယ် .. ဆူးလေသွားမယ် ဆူးလေသွားမယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောင်းခဲ့ကြပါတယ်။ အဲ . ဒါပေမယ့် အဲလို ပြောင်းခဲ့ကြသူ တွေထဲမှာ ဒီလို လိုင်းကားတွေ ပြေးဆွဲသလိုမျိုး ပေါ့ပျက်ပျက်ပုံစံမျိုး ၊ ပုဂ္ဂလိကအရေးတွေကြောင့် မဟုတ်ပဲ တကယ့်ကို စစ်မှန်တဲ့ ဘာသာတရားဆိုင်ရာ ယုံကြည်ချက်ကြောင့် ဗုဒ္ဓဘာသာထဲကနေ မွတ်စ်ထဲကို ပြောင်းသွားသူ တွေလည်း ရှိနိုင်သလို မွတ်စ်ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြတာတွေလည်း ရှိခဲ့ကြပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ဗုဒ္ဓဘာသာတရားဆိုင်ရာ အယူအဆစာပေ လက်ရာမွန်တွေကို မပြတ် ရေးထုတ် ဟောကြားပေး နေတဲ့ ဆရာတော် ဦးဇောတိကတို့ .. ဟိုး .. ရှမ်းပြည်နယ် အင်းလေးနားက မထင်မရှား ဘုန်းတော်ကြီးကျောင်းလေးမှာ အေးဆေးငြိမ်သက်စွာ တရားအားထုတ်ရင်း ပျံလွန်တော်မူသွားတဲ့ “ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာ သူ တစ်ယောက်အကြောင်း” ဆိုတဲ့ ကျမ်းစာတမ်းကြီး အပါအဝင် စာပေများစွာကို ပြုစုရေးသားခဲ့တဲ့ (ဘွဲ့အမည်မမှတ်မိပါ) လူအမည် ဦးဆန်းလွင်တို့တွေဟာ မွတ်စ်ဘာသာကနေ ကူးပြောင်းလာကြတဲ့ နာမည် ကျော်ကြားတဲ့ အထင်ကရတွေ ဖြစ်ကြပါတယ်။

ဟုတ်ပြီ .. အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပဒေလုပ်ထုံးတွေကို ပြန်ဆက်ပါမယ်။ ဒီလိုမျိုး မွတ်စ်နဲ့ လက်ထပ်မယ်ဆိုရင် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အကြောင်း အကြမ်းမျဉ်းကို သိထားပြီဆိုရင် မြန်မာအမျိုးသမီးတွေ ၊ မြန်မာ အမျိုးသားတွေ အပူမရှာကြပဲ ကိုယ့်မြန်မာ အချင်းချင်းကိုပဲ ယူပေါ့။ ဒါက တစ်အချက် ။ ဟုတ်ပြီ ဘာသာခြားက ကိုယ့်အမျိုးသားထက် ပိုပြီး စွဲမက်စရာကောင်းလို့ .. (ရုပ်ရည်အရ ချောမောလှပလို့ပဲ ဖြစ်ဖြစ် ၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေပါလို့ အသဲယားသွားလို့ပဲဖြစ်ဖြစ် ၊ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုအရပဲ ဖြစ်ဖြစ် ၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် .. အစရှိသဖြင့် ) ချစ်မိကြိုက်မိပြီ ဆိုရင်လည်း .. မူလကျီ မာလကျီ လုပ်မနေပဲ သူ့ဘာသာထဲ ဝင်လိုက်ပေါ့ ။ ဒါမှမဟုတ်လို့ ကိုယ်က စွမ်းဆောင်နိုင်ရင်လည်း ကိုယ့်ဘာသာထဲ ဝင်လာအောင် စည်းရုံးယူပေါ့။ ဒါက နှစ်အချက် ။ ကဲ သုံးအချက်ကတော့ ကိုယ်ကလည်း သူ့ဘာသာထဲ မဝင်နိုင်ဘူး .. သူ့ကိုလည်း ကိုယ့်ဘာသာထဲ ဝင်လာအောင် မစည်းရုံးနိင်ဘူး .. ဒါပေမယ့် အသဲပေါက်မတတ် တုန်နေအောင်လည်း ချစ်နေတယ် .. ဆိုရင်တော့ .. ဘာ တရားဝင် လက်ထပ်တာတွေ ဘာတွေ ညာတွေ လုပ်မနေနဲ့ .. ခိုးစားကြပေါ့။ အာဒန်နဲ့ ဧဝတို့လည်း တရားရုံးတက်ပြီး လက်ထပ်ကြတာမှ မဟုတ်တာ .. ဒီလိုပဲ မျက်နှာပြောင်တိုက်ပြီး လက်မထပ်ပဲ အတူနေခဲ့ကြတာပဲ .. သမ္မာကျမ်းစာထဲမှာ အကုန်ပါတယ် ။ ကဲ .. ဒီလိုမျိုးတော့ ကျနော် ကျမတို့က ရှက်တယ် .. လက်မထပ်ပဲတော့ အတူ မနေနိုင်ဘူး .. ယဉ်ကျေးမှုက ရှိသေးတယ် ဆိုရင်လည်း .. ကိုယ့်ကိုမှ မချစ်လို့ ကိုယ့်ဖက် မပါတဲ့လူ .. သံယောဇဉ်ကို ဖြတ်ပြစ်လိုက်ပေါ့။ ဘာလဲ .. သူ့ ပိုင်ဆိုင်မှုတွေ ပြီးတော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေကို မက်နေသေးလို့လား ။

လက်ရှိ ဖေ့စ်ဘွတ်စစ်တမ်းတွေအရ ကြည့်မယ်ဆိုရင် ဘာသာခြား (မွတ်စ်) တွေနဲ့ အိမ်ထောက်ကျပြီး ပြသနာတွေ ဖြစ်ကြလို့ (ရုံးရောက် ဂတ်ရောက် မဟုတ်) ဘုန်းကြီးကျောင်း ရောက်ကြရတဲ့ မြန်မာအမျိုးသမီးတွေကို ကြည့်လိုက်ရင် အားလုံးလိုလိုဟာ ဘဝတွေက ပေစုတ်စုတ်ရယ်ပါ။ ပေစုတ်စုတ်ဆိုတာ တမင်နှိမ့်ချပြီး ပြောတာ မဟုတ်ပါ။ အခြေခံအားဖြင့် ဆင်းရဲကြရှာတယ် .. ပညာမတတ်ကြပါဘူး။ လောကမှာ ဆင်းရဲတိုင်း ပညာမတတ်တိုင်း ပေစုတ်စုတ် မဖြစ်ကြသေးပါဘူး .. သူတို့လေးတွေရဲ့ ပြသနာက ဆင်းရဲခြင်းနဲ့ ပညာမတတ်ခြင်းမှာ အတွေးအခေါ် နဲပါးမှုပါ ပေါင်းထည့် ခံလိုက်ရလို့ ဘဝတွေက ပေစုတ်စုတ်ဖြစ်သွားရတာပါ။ မန္တလေး မစိုးရိမ်ကျောင်းတိုက် တိုက်သစ် ဆရာတော်ဘုရားကြီး သံဃာတော် အရှင်သူမြတ် ဦးဝီရသူ ကိုယ်တော်တိုင် ကြီးမှုးပြီး စစ်တမ်း ကောက်ယူတော် မူထားတဲ့ မွတ်စ်ဘာသာဝင်နဲ့ အိမ်ထောင်ပြုပြီးနောက် အမျိုးမျိုးသော နှိပ်စက်မှု ပြသနာများကို ကြုံတွေ့ခဲ့ကြရတဲ့ မြန်မာမိန်းမလေးများတို့ရဲ့ ဗွီဒီယိုဖိုင်များကို လေ့လာကြည့်မိပါတယ်။

ဆရာတော်ဘုရားကြီး ဦးဝီရသူက မေးတော်မူပြီး အဆိုပါ မိန်းမလေးတွေက ဖြေကြားကြတဲ့ အခါမှာ .. ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက်က ဒီလောက် ကြီးမြတ်တော်မူလှတဲ့ သံဃာတော်အရှင်သူမြတ်ကြီးကို .. ကိုယ့်ကိုယ်ကို “တပည့်တော်မက” လို့ မပြောပဲ .. “ကျမ” တဲ့ ၊ “သာမီး” တဲ့ .. ဘေးက ဆရာတော်ဘုရားကြီးရဲ့ လက်ထောက် အခြားသံဃာတော်အရှင်သူမြတ် တစ်ပါးက ဝင်ထောက်ရတယ် .. ဟဲ့ တပည့်တော်မလို့ ပြောလေ .. တဲ့ ။ ဒီမိန်းမလေး ဗုဒ္ဓဘာသာဝင်ဆိုတာကို ကျနော်တော့ ဘယ်လို ဥာဏ်အဆင့်နဲ့ ယုံကြည်ပေးရမှန်းတောင် မသိတော့ပါ။ ပြီးတော့ မိန်းမလေးက ပြောပါတယ် .. “သာမီးက ဆယ်တန်းတက်တယ် .. ညနေဖက်ကျ ကျုရှင်သွားတော့ . . အဲဒီ ကုလား အောင်သိန်းလင်းက (ရန်ကုန်မြို့တော်ဝန်ဟောင်း မဟုတ်ပါ .. အမည်တူတာပါ) သာမီးကို လိုက်စကား ပြောတယ် .. နောက်တော့ တစ်ရက်ကျတော့ ငှက်ပျောတောထဲ ခေါ်သွားတယ် .. သာမီးလည်း ပါသွားတယ် .. “ဟဲ့ .. နင်က မအော်ဘူးလား” ကျနော်လည်း မနေနိုင်ပဲ ဗွီဒီယိုဖိုင်ကို ကြည့်နေရင်းက အသံထွက်ပြီး မေးမိတယ် .. အံမယ် သာမီးက ကျနော်ဖက်လှည့်ပြီး မျက်စောင်းတစ်ချက် ထိုးရင်း ပြန်ဖြေတယ် .. “အော်မယ်လည်း လုပ်ရော.. ကောင်းနေပြီကော အကိုရယ်” တဲ့ ။

အဲလို အဖြစ်တွေနဲ့ မိန်းမလေးတွေဟာ ဘာသာခြား မွတ်စ်တွေနဲ့ ညားကြတယ်လို့ ဆိုပါတယ် ။ ဟုတ်မဟုတ်တော့ မသိပါ ။ အားလုံးဟာ သူတို့ မှားခဲ့တယ် မိုက်ခဲ့တယ် .. အနိုင်ကျင့် ခံရတယ်လို့ ပြောပါတယ်။ ဘုရားပုံတော်တွေကို ခြေထောက်နဲ့ နင်းခိုင်းတယ် ။ မနင်းရင် ပါးကို ရိုက်တယ် ။ သူတို့ ဘာသာထဲကို အတင်းဝင်ခိုင်းတယ် ။ သက်သေ ဓါတ်ပုံတို့ ဗွီဒီယိုတို့ မရှိတော့ ကျနော်အနေနဲ့တော့ နဲနဲ တွေးရခက်တယ် ။ ဘာလို့ အဲလို အလုပ်ခံရတာကို ရဲသားကြီး ကိုလှရွှေကို သွားမပြောကြတာလဲ ဆိုတာကလည်း မြန်မာနိုင်ငံတော် ပြည်သူ့ရဲ့တပ်ဖွဲ့နဲ့ ဘာသာခြားတို့ရဲ့ အနိုင်ကျင့် အနှိပ်စက်ခံ မြန်မာမိန်းမလေးတို့ရဲ့ ကြားက ယခုတိုင် ဖြေရှင်းလို့ မရနိုင်တဲ့ ဘာမြူဒါ ထရိုင်အန်ဂဲယ် (TRI ANGLE) စမူဆာ ပြသနာပါပဲ ။ ဒါပေမယ့် ဒီလို သက်သေလည်းမရှိပဲ ၊ အများကို ချပြတော့မယ် .. ဖေ့စ်ဘွတ်ပေါ် တင်မယ်ဆိုရင်လည်း သက်သေ ခိုင်လုံမှုရှိအောင် .. တကယ်ဟုတ် မဟုတ်ကို ရဲသားကြီး ကိုလှရွှေတို့နဲ့ အတူပူးပေါင်း အကွက်ဆင် ဖမ်းဆီး အရေးယူခြင်းမျိုး မရှိပဲ .. ဥာဏ်ပညာ ကြီးမြတ်တော် မူလှသော .. မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ဦးဝီရသူ သံဃာတော် အရှင်သူမြတ်က လွယ်ကူစွာပဲ ယုံကြည်လက်ခံလိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ကာ ဒီလို အဖြစ်တွေ နောင်မဖြစ်ရစေဖို့ .. ကိုယ့်မြန်မာ မိန်းမလေးများကို အမျိုးစောင့် ဥပဒေနဲ့ ပြဌါန်းကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတော့တယ် ။ အဲလိုနဲ့ အများပြည်သူကလည်း အံတကြိတ်ကြိတ်နဲ့ ၊ မွတ်စ် မုန်းတီးရေး ဝါဒတွေ ပျံ့နှံ့ကာ ( မွတ်စ်ဘာသာဝင် မဟုတ်သော အခြား အသားမဲ လူမျိုးခြားများတောင် အပြင်မထွက်ရဲ့တဲ့ အထိ) ယုံကြည် ထောက်ခံကြပါတော့တယ်။

ကျနော်လည်း အများပြည်သူနဲ့ အတူ လိုက်ထောက်ခံချင်တာနဲ့ ဆရာတော်ဘုရားကြီး တိုက်တွန်းတော်မူထားတဲ့ တရားတော် ဟောကြားခွေများကို လိုက်လံရှာဖွေ နာယူခဲ့မိပါတော့တယ်။ ဆရာတော်ဘုရားကြီး ဦးဝီရသူ သံဃာအရှင်သူမြတ်က မျက်လုံးတော်များကို အတင်း မှိတ်တော်မူရင်း .. ပါးစပ်တော်များကိုလည်း မဲ့တော် ရွဲ့တော်မူကာ တစ်မျိုး .. ဦးခေါင်းတော်များကိုလည်း စောင်းတော်မူ၍ တစ်ဖုံ .. ဈာန်သမ္မာပါ့ဒ် ဝင်စားကာ တစ်သွယ် .. ဟောကြားတော် မူခဲ့သည့် မွတ်စ်ဆန့်ကျင်ရေး တရားများ .. “တပည့်တော်က အချက်ပေးလိုက်ရင် အရှင်ဘုရားတို့ ထွက်လာကြတော့” ဟူသည့် .. အခြားသံဃာတော် အရှင်သူမြတ်များကို တောင်းပန်လျှောက်ထားချက်များ .. ခရိုနီထောက်ခံရေး တရားများ .. အစရှိသည့် တရားတော်များကို အခေါက်ခေါက် အခါခါ နာယူခဲ့သော်လည်း မိမိသည် ဥာဏ်နဲ၍လားမသိ .. ဝိပသနာ တရားတော်များထက် ခက်ခဲနက်နဲပုံရသော ဆရာတော်ဘုရားကြီး၏ အဆိုပါ တရားတော်များကို မည်သို့မျှကို နားမလည်နိုင်ခဲ့။ ဒါကြောင့် ကိုယ်လည်း ကိုယ်နားလည်နိုင်သည့်ဖက်က စဉ်းစားအဖြေရှာတော့သည်။

ဘုရားပုံတော်တွေကို နင်းခိုင်းတယ် ။ ဘာသာထဲ မဝင်ချင်တာကို အတင်းဝင်ခိုင်းတယ် ။ ဒါဆို ပြန်လာခဲ့ပေါ့ ။ ဘာလို့ ပြန်မလာနိုင်သလဲ ။ ပြန်လာပြီးတော့ရော .. ဘာတွေ ကိုကိုမုတ်ဆိတ် အကြောင်းကို စမြုံ့ပြန်ချင်နေသေးသလဲ ။ မကောင်းတာကို သိပြီ .. ပြတ်ပြီပေါ့ ။ အိမ်ထောင်ဖက်ရဲ့ ပိုင်ဆိုင်မှုကို ဘာတွေ လိုချင်နေသေးသလဲ ။ အားလုံးကို ငှက်ပျောတောထဲမှာ ထားခဲ့လိုက် ။ မာန မရှိဘူးလား။ ဆင်းရဲရင် ငှက်ပျောသီးနဲ့ ဆားနဲ့ တို့စားလိုက် .. အဲလောက်ကို မက်မနေနဲ့ ။ ပြီးတော့ ဒီလို မိုက်လို့ မှားလို့ ဖြစ်ကြရတဲ့ အတွေးအခေါ် နဲကြရတဲ့ ပေစုတ်စုတ် တစ်ချို့တစ်လေအတွက် ကျုပ်တို့ မြန်မာတစ်မျိုးသားလုံးက ဥပဒေကြီးထုတ်ပြီး ကာကွယ်ပေးနေရအုံးမှာလား ။ ဒီလောက်ပဲ ကျုပ်တို့ တစ်မျိုးသားလုံးမှာ သောက်လုပ် သောက်ကိုင် မရှိတော့ဘူးလား။ အားအား ယားယား ဖြစ်နေကြသလား ။ လုပ်မယ်ဆိုလည်း ကျူရှင်အပြန် ညမှောင်မှောင် ငှက်ပျောတောထဲ လိုက်သွားတဲ့ မိန်းမလေးတွေ အတွက်မှ မဟုတ်ပဲ .. မိဘကို လုပ်ကျွေးဖို့အတွက် တရုပ်ပြည်ဖက် အလုပ်သွားလုပ်ရင်း .. ဘဝပျက် သွားရတဲ့ မိန်းခလေးတွေ .. ယိုးဒယားဖက်မှာ လူမှောင်ခိုကူး ခံလိုက်ရတဲ့ မိန်းခလေးတွေ .. ပြည်တွင်းမှာကိုပဲ တရုပ်ရဲ့ အငယ်အနှောင်းအဖြစ် မတရား သိမ်းပိုက်ခံ နေရတဲ့ မန္တလေးမြို့ကို လျှော်ဖွတ်ပြစ်ဖို့တွေ .. မလေးရှားမှာ မြန်မာအချင်းချင်းရဲ့ ပါးရိုက်နားရိုက်ခံ ဘဝရောက်နေကြရသူတွေ .. စတာတွေကိုပါ တစ်ပြိုင်နက်ထဲ လုပ်ပါလား ။ ဒါတွေ အတွက်ပါ မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ဈာန်သမ္မာပါ့ဒ် ဝင်စားပြီး တရားဟောတော်မူပါလား .. ။ နားမလည်နိုင်တာချင်း အတူတူ အပြောင်းအလဲ အဖြစ် ဒါမျိုးတွေလည်း နာချင်ပါသေးတယ် ။

ကဲ .. တို့ပြည်သူတွေကရော .. အမျိုးသားရေး အတွက် လုပ်စရာ ကိုင်စရာတွေ ဒီလောက်ပဲ ရှားပါးနေသလား။ နိုင်ငံတော်ကြီးက ဒီလောက်ပဲ မိုးပျံနေအောင် အဖက်ဖက်က ပြည့်စုံကုန်လုံ ကမ္ဘာ့အလည် စံချိန်မှီနေလို့ ဒီလောက်အဆင့်အထိ ကိစ္စတွေကို ဆင်းပြီး အမျိုးသားရေး ခေါင်းစဉ်တပ်ကာ အုံးအုံးကြွက်ကြွက်နဲ့ သံဃာလူထု အတူစုလို့ ဆောင်ရွက်နေကြရတာလား။ မေးစမ်းပါရစေ ။ ကျူပ်ပြောပြမယ် ။ ဒီလို ငှက်ပျော်တောထဲ လိုက်သွားတဲ့ ကိစ္စမျိုးကတော့ နမူနာသာ ပေးထားလိုက်စမ်းပါ။ အဲလို မိုက်ရင် အဲလို ခံရမယ်မှတ် .. လို့ ။ မီးကို ကိုင်ရင် ပူမယ်။ ရေကို ထိရင် အေးမယ်။ အရာရာမှာ အားလုံးကို လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ ပေးထားတာပဲ။ မီးကို မပူအောင် ၊ ရေကို မအေးအောင် .. လူတွေကို ရွေးချင်တာရွေး အားလုံး ဗဲရီးဂွတ်ကြီး ဖြစ်နေအောင် ကျုပ်တို့ ဘာမှ လိုက်အားထုတ်ပေးနေစရာ မလိုဘူး။ အားထုတ်ပေးလို့လည်း မရဘူး ။ အဲလို လုပ်နိုင်ရင်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ၄၅ ဝါကာလပါတ်လုံး တရားဟောနေတော့မှာ မဟုတ်ဘူး။ “အရက်သောက်တဲ့လူကို လျှာဖြတ်” .. “မုသာဝါဒ ပြောတဲ့လူ ဆဲတဲ့လူကို သွားနှုတ်” .. “သူများအိမ်ထောင် ဖောက်ပြားရင် .. ယောင်္ကျားဆို အဝှာကို ငရုပ်ကျဉ်ပွေ့နဲ့ ထု .. မိန်းမဆို ထောင်း ” အစရှိတဲ့ ငရဲမရောက်ကြောင်း ဥပဒေတွေ .. အားလုံးကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို အဲဒီခေတ် အာဏာပိုင်တွေနဲ့ ပေါင်းပြီး ရေးဆွဲပြဌါန်းတော် မူမှာပေါ့ ။ မြတ်စွာဘုရားဟာ ကံကံ၏ အကျိုးကိုပဲ ရှင်းပြတယ် ။ လွတ်မြောက်နိုင်မယ့် လမ်းတွေ (way) ကို ညွှန်ပြတယ် ။ ရွေးချယ်ခွင့်ကိုလည်း ပေးထားတယ်။ ကြိုက်တာကို ရွေး.. မှားရင် ခံ ။ ဒါကြောင့် မြတ်စွာဘုရားရဲ့ သမိုင်းမှာ ငရဲပြည်ကြွပြီး ကျွတ်အောင်လွတ်အောင် တရားသွားဟောတယ်ဆိုတာ မရှိခဲ့တာပါ။

ညီအကိုတို့ .. ကျုပ်တို့မှာ လုပ်စရာတွေ အများကြီးရယ် .. ငှက်ပျောတောထဲ ဝင်သွားပြီး မှားပါတယ် ပြောသူတိုင်းကို ကယ်ထုတ်တာထက် .. အဲဒီ ငှက်ပျောတောကြီးက ဘာဆိုတာကို သေချာရှင်းပြဖို့ လိုမယ်ထင်ပါတယ်။ ငှက်ပျောတောထဲ ဝင်ချင်ရင် ဝင်ကြ .. ဝင်သွားပြီး အမှားအယွင်း ဖြစ်လည်း ကိုယ့်အမျိုးမို့ အကာအကွယ် ပေးမယ်။ အကာအကွယ်ဖြစ်စေမယ် ဆိုတဲ့ ဥပဒေကို ပြဌါန်းရင် .. ရှေ့လျှောက် ငှက်ပျောတောထဲ ဝင်တဲ့သူတွေ ပိုတောင် များလာအုံးမှာဖြစ်တယ်။ ဟီဟီ ဟီဟီနဲ့ ပိုတောင် အရသာတွေ့ပြီး ပျော်နေကြအုံးမှာပါ။ လုပ်ရမှာက စိတ်ဓါတ်တွေကို မြှင့်ပေးဖို့ ။ ငှက်ပျောတောထဲ ဝင်ချင်စိတ်ကို မရှိတော့အောင် .. ငှက်ပျောတောရဲ့ ရုပ်ထွေးမှုကို မြင်လာအောင် .. အဲဒီကမှ တစ်ဆင့် အဲဒီ ငှက်ပျောတောကြီး အပေါ် ဘာခံစားချက်မှ မရှိတော့အောင် လုပ်ရမှာပါ။ တစ်ချို့က ငှက်ပျောတောကို ရှင်းပြစ်မယ် .. တဲ့ ။ စိတ်ဓါတ်တွေကို မပြင်ပေးလို့ကတော့ ငှက်ပျောတော မရှိတော့လည်း သရက်တောထဲတို့ .. ကင်မွန်းခြုံထဲတို့ .. သွားကြမှာပါပဲ ။ မထူးပါဘူး ။ ဒါကြောင့် အဓိကကျတာကို အရင်လုပ်ပါ။ အဓိကကျတာတွေ အရှေ့မှာ တန်းစီးနေတာပဲ ။ အဲဒါတွေ အရင်လုပ်ကြပါ။ မီးကို ရွေးရင် ပူမယ် .. ရေကို ရွေးရင် အေးမယ် ။ ရွေးချယ်ခွင့်ကတော့ အားလုံးကို ပေးထားရမှာပဲ ဖြစ်တယ်။ ဒါပါပဲ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 6, 2013

သူတို့ဘဝ သူတို့သာ အသိဆုံး


“ကိုရီးယား”ဆိုရင် မြန်မာပြည်က လူတွေက အားလုံးအထင်ကြီးနေကြ၏။ လူဆိုရင်လည်း ကိုရီးယားမှာလို့ဆိုရင် အလိုလို “အိုပါး” လုပ်ချင်နေကြ၏။ ဘုန်းကြီးဆိုရင်လည်း ရဟန်းတော်အချင်းချင်းက အစ “ဟန်ကျတာပေါ့ဘုရား” ဆိုကာ “စပွန်ဆာလေးဘာလေး လုပ်ဦးနော် ငါ့ရှင်”ဟု မိန့်တော်မူကြ၏။ “အင်း.. သူ့ခေတ်နဲ့ သူပဲလေ”ဟုသာ နှလုံးပိုက်ရင်း မိမိကိုယ်တိုင်သည်ပင် “ကိုရီးယား ဆရာတော်”ဟူသည့် အသုံးလေးကိုယူကာ တရားဓမ္မ ဟောပြောပြသဖြင့် အတော်အသင့်ပင် စင်ပေါ်ကို ပင့်နေကြပြီ မဟုတ်ပါလား။ 

ဟုတ်တော့လည်း ဟုတ်ပါ၏။ သို့သော် မဟုတ်သည်ကား အထင်နှင့်အမြင်၊ စိတ်ကူးနှင့်လက်တွေ့ အခက်တွေ့နေကြသည့် ကိုရီးယားရောက် ရွှေမြန်မာများ၏ ဘဝပင် ဖြစ်ပါ၏။ “ဘာပဲဖြစ်ဖြစ် ကိုရီးယားကို ရောက်ဖို့က အဓိကပဲ”ဟု ဆိုကာ ကိုရီးယားကို ရောက်ရေးအလေးပေးပြီး “စိုက်ပျိုးရေးလည်း မသိ၊ ဆောက်လုပ်ရေးလည်း မလို၊ မွေးမြူရေးလည်း မရွေး လာခွင့်သာ ပေးမယ်ဆိုရင်တော့ ကြွကြတာပေါ့”ဟူသည့် ခံယူချက်ဖြင့် အရောက်သာ ပေါက်ခဲ့မိကြသည့် ကိုရွှေမြန်မာများမှာ ကိုရီးယားရောက်ပြီးမှသာ “လာချင်ဦးဟ ကိုရီးယား”ဟု ညီးညူကာဖြင့် နောင်မှရသည့် နောင်တများဖြင့် အခက်အခဲကိုရင်ဆိုင် အိုဗာစတေးလို  နေထိုင်မိကြသူတွေလည်း ရှိနေကြလေတော့၏။ 

သိတော့လည်း သိနေကြပါ၏။ ခက်တာက အမိမြေကလည်း အသိတွေကအစ မရှိလို့ကတော့ ကြည့်ရှုပေးကြဖို့နေနေသာ ရှိနေတာကိုပင် မသိသလို အသွင်အပြင်နဲ့ မမြင်ချင်ယောင် ဆောင်နေကြသည်က အများသား ဖြစ်နေကြသဖြင့် တပြားသားမှ မရှိလည်း အငှါးထားတာလေးကို ယူငင်ဆွဲပြီး ကိုရီးယားဆိုတဲ့ ရေမြေတကွဲမှာ အလွဲတကာအလွဲတွေနဲ့ မွဲတာတွေ နည်းသွားစေဖို့ ကြိုးစားကာ လာခဲ့ကြရပြန်ပေ၏။ 

ရောက်တော့ရောက်လာခဲ့၏။ မောက်မာခဲ့မိသည့် ဒဏ်လားတော့မသိ။ လေးဆိပ်ကို ရောက်ကတည်းက အငေါက်ခံနေရ၏။ တာဝန်ရှိသူကလည်းငေါက်၊ လာကြိုသူကလည်းငေါက်၊ စီနီယာတွေကလည်းငေါက်၊ ဘန်းဂျန်းကလည်းငေါက်၊ သူဌေးကလည်းငေါက်၊ ဘယ်ရောက်ရောက် အငေါက်ကိုသာ ခံနေရ၏။ နောက်ဆုံးတော့ ဘုန်းကြီးကျောင်းရောက်မှပဲ အငေါက်ပျောက်တော့၏။ ဒါတောင်မှ ကိုယ်အနေအထိုင် မတော်ရင် အမြင်မတော်သူများ၏ အငေါက်ကို ခံချင်ခံရနိုင်သေး၏။ ကိုရီးယားဆိုတာ ရောက်ချင်နေမှတော့ ငေါက်ချင်လည်း ငေါက်ကြပေါ့လို့  အတွေးမမှားအောင် ကြိုးစားရ၏။ 

အခုဆို လူ့အလို နတ်မလိုက်နိုင်လို့ ဆိုရမလားပဲ။ တအားခဲပြီး ရောက်လာခဲ့သည့် ကိုရီးယား၊ အကိုကြီးများလည်း မကယ်နိုင် ဘယ်မှာတိုင်ရမှန်းတောင် မသိရဘဲ အလုပ်ထဲမှာလည်း ဆဲ၊ လက်ထဲမှာလည်း ခဲနဲ့ တစ်ချို့ ကိုရီးယား ဆိုတဲ့ ငနဲတွေက လူကိုလူလို မမြင်ဘဲ အချိန်ကိုလည်း ဆွဲလို့စား၊ လုပ်အားကိုလည်း ဆွဲလို့စား၊ အခွင့်အရေးကိုလည်း ဆွဲလို့စား လခဆိုလည်း ဆွဲကာထားပြီး လွဲချင်ရာ လွဲနေကြပေ၏။ အဆွဲများပြီး အလွဲသွားခဲ့ကြသည်မှာ အသက်နှင့်ကိုယ်ပင် လွဲသွားခဲ့ကြသူများလည်း ရှိနေကြပေ၏။ အလုပ်ထဲမှာ လွဲသဖြင့် လက်တလွဲ၊ ခြေတလွဲ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေလည်း လွဲခဲ့ဖူးသူများ ရှိနေကြ၏။ အဆိုးဆုံးက အတွေးလွဲပြီး စိတ်နဲ့ကိုယ်ပါ မတွဲဖြစ်ကာ အရက်သောက်၊ ဖဲရိုက်၊ နိုက်ကလပ်ပါ လိုက်မိရာက အကျင့်တွေပါ လွဲနေကြသူများအဖြစ် အလွဲတွေနဲ့ နစ်နေကြရသည့် အဖြစ်ပင် ရှိနေ၏။ 

တော်ပါသေး၏။ ကိုရီးယားတွင် အခမဲ့ အကူအညီ ပေးနေသူများ ရှိနေဘိ၏။ တခြားနိုင်ငံတွေမှာလို မြန်မာပွဲစားတွေ၊ မြန်မာလုပ်စားတွေ မရှိဘဲ လူချင်းမသိသော်လည်း လိုအပ်ရင် ဘုန်းကြီးကျောင်းလောက်တော့ လွဲပေးနိုင်ကြသူများ ရှိနေကြပေ၏။ အဆိုးထဲက အကောင်းပင် ဖြစ်၏။ ကိုရီးယားရောက် ရွှေညီအစ်ကိုများ၏ ညီညွတ်မှုသည် ကိုရီးယားရောက် သာသနာပြု ဆရာတော်များ၏ စံပြအဖြစ် ညီညွတ်နေမှုနှင့် အတူထုစစ်ကာ တွဲလက်မဖြုတ် အမျိုးဘာသာ အကျိုးမယုတ်အောင် အမြဲလုပ်နိုင်ဖို့ အားထုတ်လို့ နေသူများလည်း ရှိနေဘိ၏။ အဆိုးများရှိသလို အကောင်းများလည်း ရှိနေသဖြင့် ကိုရီးယားတွင် အခက်အခဲ ဖြစ်နေသော်လည်း အတော်အသင့် အခေါ်ဆင့်နိုင်သေး၏။

တစ်ဖက်ကကြည့်လျှင် ရွှေပြည်တော်ကို ပြန်လိုသော်လည်း မျှော်တိုင်းဝေးနေသည့် ပြည်တော်အရေးကြောင့် မပြန်အားဘဲ အားခဲကာနေနေရ အခြေမကျလှတဲ့ ကိုရီးယားမှာ ငွေရတာကလွဲလို့ ပေးဆပ်နေရတာတွေကလည်း အများသားပင်။ အချိန်တွေနဲ့ ပေးဆပ်ရ၊ ခန္ဓာကိုယ်နဲ့ ပေးဆပ်ရ၊ ကိုယ့်ကျင့်တရားနဲ့ ပေးဆပ်ရ အကြွေးဆပ်နေကြရတဲ့ ဘဝမျိုးပင် ဖြစ်ပါ၏။ ရွှေပြည်တော်က လူတွေက ကကြီးက ညီတော်တွေကို အတော်ပင် ဟန်နေကြ၊ ပြည့်စုံနေကြတယ်လို့ ထင်နေကြပေမယ့် လက်တွေ့ဘဝမှာ အခက်တွေ့နေကြတာကိုတော့ ကိုရီးယားမှာ ရောက်နေကြသည့် သူတို့သူတို့ကလွဲလို့ မည်သူတွေက ပိုပြီးသိနိုင်ကြမည်လဲပေါ့။ 

ဆိုတော့ကား။ မည်သူသိသိ၊ မသိသိ မိမိဘဝ မိမိသာ သိနေကြသည် ဖြစ်သဖြင့် အပြင်ကသူတွေ တင်စားနေသည့် ကိုရီးယား၊ လက်ရှိရှိနေသည့် သူများက အပိုကြီးမကြွားမိအောင် ကြိုးစားပြီး ပေးဆပ်နေရသည့် မိမိဘဝကို ဖြစ်သလို မနေဘဲ ရိုးသားစွာဆင်ခြင် ပြင်သင့်တာကိုပြင်ပြီး လောကဓံ မုန်တိုင်းကြုံသမျှတိုင်းမှာ အဆင်မပြေတာကို အပြစ်ဖြစ်စေမယ့် အပျော်အပျက်တွေနဲ့ မဖြေဖျောက်ဘဲ အဆင်မပြေမှုတွေ များများကြုံလေ အပြစ်ကင်းစင်တဲ့ ကောင်းတဲ့အမှုတွေနဲ့ များများခြုံလေဖြစ်အောင် မိမိကိုယ်ကိုဆုံးမ အသုံးကျအောင် နေထိုင်ကျင့်သုံးကြရမည်သာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ တစ်လုံးတပါဒ အသိမျှလိုက်ရပေတော့၏။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 18, 2013

ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ဖော်ထုတ်အရေးယူမည့် ကလောင်ရှင်ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး

2013-01-17
ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့ အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင် ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်ရှင်ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်မင်း ဒေါက်တာစိုးရင် က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပြီး ၊ ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး အရေးယူပေးဖို့ အဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ ရန်ကုန် တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်းတစ်ဦး ဖြစ်တဲ့ အပြင် ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါက်တာဆိပ်ဖွား၏ ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား (above the law) ဆိုတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရာဇဝင်တွင်ရစ်တော့မယ့် ဆောင်းပါး အပြည့်အစုံကို ဟန်ဂုရွာသားများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ကြစေရန် ထပ်ဆင့်မျှဝေတင်ပြလိုက်ပါတယ် ။

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။
ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....


ဒေါက်တာဆိတ်ဖွါး


Ref:
http://doctorsatephwar.blogspot.com/2013/01/blog-post_4901.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 1, 2012

လူကို ခွေးဖြစ်အောင်လုပ်မယ့် လွှတ်တော်လား

ရေးသားသူ — ဦးအောင်ထူး(ရှေ့နေ)

ယခင်ဗြိတိန်ပါလီမန် နှင့် ယနေ့ မြန်မာ့လွတ်တော်
ပါလီမန် ဒီမိုကရေစီ ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဗြိတိန်နိုင်ငံ တွင် ပါလီမန် ဟု ခေါ်သည့် လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးခဲ့ဖူးသည်။ ယင်းကို တင်စားပြောဆိုကြသည့် စကားတစ်ခုရှိသည်။ "လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟူ၍ဖြစ် သည်။ ယင်းကို ပါလီမန်လွှတ်တော်၏ အချုပ်အခြာဖြစ်မှု၊ အင်္ဂလိပ်ဘာသာဖြင့် Parliamentary Supremacy ဟု ခေါ်ကြ သည်။ ယခုမကျင့်သုံးတော့ပါ။
မြန်မာနိုင်ငံ၌ စစ်အစိုးရတည်ထောင်ဖွဲ့စည်းထားသောလွှတ်တော်သည် ဗြိတိန် ပါလီမန် က အချုပ်အခြာသဘွယ် ကျင့်သုံးခဲ့သည့် ကာလကထက်ပို၍ပင် တန်ခိုးထွားကာ ဥပဒေစိုးမိုးရေးအခြေခံကို ပြောင်းပြန်လှန်လျှက် လူကိုခွေး ဖြစ်အောင် လုပ်တော့မည်လားဟူ၍ပင် စိုးရိမ်ဘွယ်အခြေအနေကို တွေ့နေရသည် ။ အဘယ်ကြောင့်ပါနည်း။
တောင်အာဖရိက မင်ဒဲလား
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာ၌ တိုင်းနိုင်ငံများတွင် အမြင့်ဆုံးတရားရုံးများသည် အချက်အခြာနေရာမှ ပါဝင်ကြ သည်။ အာဏာပိုင်များ နိုင်ငံရေးခေါင်းဆောင်များက အမြင့်ဆုံးတရားရုံးကြီးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက် နာကြောင်းပြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးကြသည် ။ တောင်အာဖရိက နိုင်ငံတွင် သမတ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေသတ်မှတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟူ၍ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် သမတ နယ်လ်ဆင်မန်ဒဲလားသည် သတင်းစာရှင်းလင်းပွဲခေါ်ယူခဲ့သည်။ ၄င်းက သမတ ကိုယ်တိုင် အမြင့်ဆုံးတရား ရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း၊ ဤသည်ကို နမူနာယူကာ တောင်အာဖရိက နိုင်ငံ သားများအားလုံး သည်လည်း အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း လမ်းညွှန်ခဲ့သည်။
အိန္ဒိယ မစ္စစ်အင်ဒီယာဂန္ဒီ
အိန္ဒိယ နိုင်ငံတွင် မစ္စစ် အင်ဒီရာဂန္ဓီ ၀န်ကြီးချုပ်ဖြစ်ခဲ့သည့်အတွင်း ၁၉၇၅ မှ ၁၉၇၇ ခုနှစ်များ ကာလတွင် သံလက်ဖြင့် အုပ်ချုပ်ခဲ့သည်ဟု ဝေဘန်ခံခဲ့ရသည်။ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်အမြောက်အများကို ဖမ်းဆီး ဖိနှိပ်ခဲ့သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရှေ့တော်သွင်းစာချွန်တော် အခွင့် အာဏာကို အသုံးပြု၍ အိန္ဒိယ တရားရုံးချုပ်က ပြန်လွှတ်ပေးခဲ့သည်။ ၀န်ကြီးချုပ် မစ္စစ် အင်ဒီရာဂန္ဓီ ခေါင်းဆောင်ပြီး ပါလီမန် အတွင်း၌ နေရာအများစုရထားသော ကွန်ဂရက်ပါတီသည် လွှတ်တော်အတွင်း၌ တရားသူကြီးချုပ်များအပေါ် စွပ်စွဲပြစ် တင်ခြင်း မရှိခဲ့။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးခဲ့ကြ သည်။
အမေရိကန်အယ်လ်ဂိုးလ်
၂၀၀၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သမတ ရွေးကောက်ပွဲကျင်းပစဉ်အတွင်း မဲရေတွက်ကြရာ ဒီမိုကရက်ပါတီ နှင့် ရီပတ်ဘလီကန် ပါတီ နှစ်ဘက်လုံးက သူနိုင်ကိုယ်နိုင်အငြင်းပွားခဲ့ကြသည် ။ နှစ်ဘက် ပါတီကို ထောက်ခံသူများ လမ်းမပေါ်ထွက်ဆန္ဒပြကြပြီး မိမိတို့ပါတီက နိုင်ကြောင်းကြွေးကြော်ကြသည်။ နှစ်ဘက်လုံးက တရားရုံးချုပ်တွင် အမှု စွဲဆိုကြသောအခါ နောက်ဆုံးတွင် တရားရုံးချုပ်က ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဒီမိုကရက်ပါတီ သမတလောင်း အယ်လ်ဂိုးသည် ရုပ်မြင်သံကြား ရှေ့ကို ထွက်လာကာ "အမေရိကန်ပြည်သူများခင်ဗျား၊ ကျွန်တော်တို့ လေးစားတန်ဘိုးထားရတဲ့ တရားရုံးချုပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်ပါပြီ။ ကျွန်တော်အပါအ၀င် အမေရိကန်ပြည်သူတွေ အားလုံး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးပြီး ဆန္ဒ ပြနေကြတဲ့ လူထုတွေ အားလုံး အိမ်ကို ပြန်ကြပါတော့" ဟု မိန့်ခွန်းပြောကြားရင်း လူထုကို ထိမ်းခဲ့သည်။ တရားရုံး ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မကြေနပ်သူ အမြောက်အများရှိခဲ့သော်လည်း လေးစားလိုက်နာခဲ့ကြသည်။ တရားရုံးချုပ်ကို ပြသနာမရှာခဲ့။ ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးခဲ့ကြသည် ။
ယနေ့မြန်မာနိုင်ငံ လွတ်တော်
ယခုမြန်မာနိုင်ငံ၏ မြင်ကွင်းကို ကြည့်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်နေကြသည့် လွှတ်တော် အမတ်များမှာ အတော်ပင် တက်ကြွနေကြသည် ။ ပြည်ထောင်စုလွှတ်တော်တွင် စွပ်စွဲပြစ်တင်ကြောင်း အဆို အနိုင်ရသွားပြီးနောက် ၄င်းတို့မှာ အောင်ပွဲရနေသကဲ့သို့ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးသည် ရှေ့ခြေတစ်လှမ်းပင် မတိုးရသေးခင် နောက်ခြေနှစ်လမ်း ပြန်ဆုတ်နေပြီ ဟု ခံစားမိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၄င်းအပေါ်အခြေခံ၍ တည်ထောင်ထားသည့် တရားစီရင်ရေးစနစ်သည် ဥပဒေစိုးမိုး ရေးကို စစ်မှန်စွာဖေါ်ဆောင် ပေးနိုင်မည့် အလားအလာမှာ လွန်မင်းစွာနည်းလွန်းလှသည်။
သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အရပင်ဖြစ်ပါစေ လူများစုဒီမိုကရေစီကို ကျင့်သုံးသည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာအပေါ် လွတ်လပ်၊ ဘက် မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးက ထိမ်းကြောင်းသည့် မူမျိုးကို တတ်နိုင်သလောက်ကျင့်သုံးလျှင် အကျိုးရှိ မည် ဟု ယူဆပါသည်။ လက်တွေ့မြင်ကွင်းအရမူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အကြီးအကျယ် စိမ်ခေါ် ခံနေ ရပြီ ဖြစ်သဖြင့် ဤမူသည်ပင် သွက်သွက် ခါအောင် ကိုင်လှုပ် ခံနေရပြီဟု မှတ်ယူရပါမည်။ ဤတွင် ခုံရုံးကများ အမှား ကြီး မှားနေသလားဟူ၍ လေ့လာကြည့်မိသည်။
လွတ်တော်အသီးသီးက ဖွဲ့စည်းလိုက်သောကော်မတီ
သမတက ခုံရုံးသို့ တင်သွင်းလာသော အငြင်းပွားမှုမှာ "လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် ထည့်သွင်းဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိမရှိ" ဖြစ်သည်။ ညီညွတ်ခြင်းမရှိဟူ၍ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို ခုံရုံးက၂၀၁၂ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့သည်။ ၄င်းတို့အနက် အဓိကအားဖြင့် အောက်ပါစာပုဒ်ကို သတိပြုမိသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေးအခန်းတွင် ပြဋ္ဌာန်းပါရှိသည့် လွှတ်တော်တွင် ရှင်းလင်းဆွေးနွေး ပြောဆိုခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်းအရာပါ ပုဒ်မများ ဥပဒေကြမ်းတင်သွင်းခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်း အရာပါ ပုဒ်မများအရ အဓိပ္ပါယ်ကောက်ယူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် လွှတ်တော် အဖွဲ့ အစည်းအသီးသီးနှင့် ယင်းလွှတ်တော် အသီးသီးတို့မှ ကိုယ်စားလှယ်များကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း ထင်ရှား ပါသည်။"
တိုင်းးပြည်အဆောက်အအုံ နှင့် ပုဂ္ဂိုလ်များ
ဤရှင်းလင်းချက်ကို လူတိုင်းနားလည်အောင် ဖွင့်ဆိုရလျှင် နှစ်ပိုင်းရှိသည်။ ပထမတစ်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတည်ထောင်ထားသည့် တိုင်းပြည်အဆောက်အအုံများ (Constitutional Institutions) ကိုရည်ညွှန်းသည်။ ဒုတိယ တစ်ပိုင်းမှာ ယင်း အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များ အား ရည်ညွှန်းသည်။
ပြည်ထောင်စုအဆင့်ဆိုသည်မှာ
ခုံရုံး၏ဖွင့်ဆိုချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်း၍ ပြည်ထောင်စုအဆင့်အနေဖြင့် ဖွဲ့စည်းထားသောတိုင်းပြည် အဆောက်အအုံများ (Constitutional Institutions) တို့ကိုသာ ပြည်ထောင်စု အဆင့်သတ် မှတ်သည်။ ၄င်းတိုင်းပြည် အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်နေကြသူများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင် နေ ကြသူများအဖြစ် ခုံရုံးက လက်ခံသည်။ သာဓက အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော် ချုပ်အား ပြည်ထောင်စု အဆင့်အနေဖြင့် ဖွဲ့စည်းထား သည်။ သို့ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင်နေကြ သူများ အဖြစ် ခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်က ထပ်မံဖွဲ့စည်းသော ကော်မတီစသည်များ
ဆိုလိုသည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု အဆင့်ဖြစ်သော်လည်း လိုအပ်ချက်အရ ကော်မတီနှင့် ကော်မရှင်များ ထပ်မံဖွဲ့စည်းစေဦးတော့၊ ယင်းတို့သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ သတ်မှတ် ထားသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမဟုတ်၊ ယင်းသို့ ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် ကော်မရှင်များ တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စု အဆင့်ခံစားခွင့်များ မရထိုက်ဟူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းပါသည်ဟူ၍ မည်သို့ပြောနိုင်ပါအံ့နည်း။
ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော်
ပြည်ထောင်စု လွှတ်တော်ဘက်မှ ပြန်လည် စဉ်းစားကြည့်ကြပါစို့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နံမည်ကိုပင် ပြည် ထောင်စု လွှတ်တော်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသဖြင့် ပြည်ထောင်စု အဆင့်ရှိသည်မှာ မည်သို့မျှ အငြင်းမပွားနိုင်။ သို့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့နှစ်ရပ်ပေါင်းလျှင် ပြည်ထောင်စုလွှတ်တော် ဖြစ်သည်ဟု ဆိုသော်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု လွှတ်တော်ဟူ၍ မပြော နိုင်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက်အရ ဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် တိုင်းပြည်အဆောက် အအုံများ (Constitutional Institutions) မဟုတ် ဟူ၍ နားလည်ရမည်ဖြစ်သည်။
မြန်မာလွတ်တော်အမတ်များ ရှေထိုးနောက်ပြန် ကျွမ်းထိုးကြ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟူ၍ လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်နေရာတွင်မျှမပါရှိပါ။ ခုံရုံး၏ သုံးသပ်ချက်ကို ထောက်ရှု၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တရပ်ခြင်းစီသည်ပင် ပြည်ထောင်စု အဆင့်တိုင်းပြည်အဆောက်အအုံ စာရင်းထဲ တွင် ပါဝင်ခြင်းမရှိပါက ယင်းတို့မှ ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များသည် မည်သို့လျှင် ပြည်ထောင်စု အဆင့် ရှိနိုင်ပါမည်နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားကြသူများအနေဖြင့် ခုံရုံး၏ ဖွင့်ဆိုချက်ကို မကြိုက်လျှင်လည်း ကိုယ့်စိတ်ကို ကိုယ် မထိမ်းနိုင်ပါက ရှေ့ပြန်နောက်ပြန် ကျွမ်းထိုးနေကြရုံသာ ရှိသည်။ မည်သို့မျှ တတ်နိုင်မည်မဟုတ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက် လုံးဝမှားနေပါသည်ဟူ၍လည်း မပြောနိုင် သောကြောင့် ဖြစ်သည်။
ဒါလားဟဲ့ အများဆန္ဒ
ဤသည်ကို နားလည်သဘောပေါက်သွားကြသောအခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများက ၄င်းတို့၏ အဆင့်အားနှိမ့်ချခြင်းခံလိုက်ရသည်ဟု ခံစားသွားကြပုံရသည်။ ရှူးရှူးရှဲရှဲနှင့် ဒေါသူပုန်ထသွားကြ တော့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဖြစ်သွားကြတော့သည်။ ဥပဒေ ကြောင်းအရ နိုင်အောင် မပြောနိုင်တော့သောအခါ အများစုနှင့် ကိုင်ဖို့ကြိုးစားလာကြတော့သည်။ အများညီ ဤ ကို ကျွဲဖတ် ဇာတ်ခင်းလာကြသည်။

မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေး ဇာတ်လမ်းမှာ အထက်တွင် တင်ပြခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံများနှင့် နိုင်းယှဉ်လျှင် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများသည် မျက်စိသူငယ် တရားခံအနေအထားနှင့် အစစ်ခံကြရတော့မည့်ကိန်းဆိုက် နေပါပြီ။
ယခုမှ ပေါ်လာသော ပြဿနာမဟုတ်
စင်စစ်အားဖြင့် ယင်းသို့ဖြစ်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရည်ရွယ်ချက် ရှိရှိ ပညာ သားပါပါ ခင်းထားသော လမ်းကြောင်းကြောင့်ဖြစ်သည်။ ခုံရုံး၏ ရှင်းလင်းချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်ကထဲက အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌက ချထားခဲ့သည့် လမ်းညွှန်ချက်အား ပြန်လည် ကိုးကားထားသည်ကို လေ့လာကြည့်ပါ။ ယခုမှ ပေါ်ပေါက်လာသည့် ပြသနာ မဟုတ်။ အမျိုးသားညီလာခံ စတင် ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကထဲက စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သော လမ်းကြောင်းဖြစ်ကြောင်း တွေ့ရ သည်။
အများအားကို ထိန်းညှိထားတဲ့ ဥပဒေ
ယင်းနှင့် ဆက်စပ်ကာ နှစ်ချက် သုံးသပ်လိုပါသည်။ ပထမ အချက်မှာ နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် လွှတ်တော်တွင် အမတ်နေရာ အများစုရပြီးရွေးချယ်တင်မြှောက်ခံရစေ ဦးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမတ စနစ်ကို တီထွင် ကျင့်သုံးထားသဖြင့် စစ်တပ် နှင့် စစ်ခေါင်းဆောင် ဟောင်းများက မထောက်ခံသမျှ ကာလပတ်လုံး ၄င်းပါတီ၏ ခေါင်းဆောင်သည် သမတ မဖြစ်နိုင်ပါ။ သမတ တွင်သာ ပြည်ထောင်စု ၀န်ကြီးအဖွဲ့ဝင်များအား ခန့်ခွင့်ဖြုတ်ခွင့် ရှိသဖြင့် သမတ က နိုင်ငံရေးအရ ချော့ထားသည့် အနေဖြင့် လွှတ်တော်အတွင်း အများစု နေရာရထားသော ပါတီ မှ ပုဂ္ဂိုလ်အချို့အား အရေးမပါသည့် ၀န်ကြီးနေရာအချို့ပေး ကောင်းပေးမည်။ ရွေးကောက်ပွဲတွင်နိုင်ပြီး လွှတ်တော်အတွင်းတွင် အမတ်နေရာအများစုရသော ပါတီသည် ဤမျှနှင့် သာ ကြေနပ်ရပါမည်။ သမတ နေရာမရနိုင်သဖြင့် အစိုးရဖွဲ့ခွင့် မည်သည့်အခါတွင်မျှ ရမည်မဟုတ်ပါ။ အစိုးရဖွဲ့ခွင့်မရ လျှင် လူထုအတွက် သာမက တပ်မတော်သားထုအတွက်ပါ ဆိုးဝါးသော စစ်အာဏာရှင်စနစ်အား၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ကျင့်သုံးထားမှုကို ချုပ်ငြိမ်းအောင်လုပ်ဘို့ မလွယ်လှပါ။

တရားမျှတရေး အချိန်မဆွဲသင့်
ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ယူသွားခဲ့ကြသည့် ပြသနာကို ရွေးကောက်ပွဲ ကော်မရှင်က ၀န်ခံပါလျှက် အရေးယူဖြေရှင်းပေးခဲ့ခြင်းမရှိ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပြားအပေါ် ဖယောင်းသုတ်ထားသည့် ပြသနာအားဖေါ်ထုတ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းသည်ပင်လျှင် တရားလိုအဖြစ်မှတရားခံ ဘ၀သို့ကျရောက်သွားခဲ့ရသည်။ မည်သည့် မသမာမှုကိုမျှ ဖေါ်ထုတ်အရေးယူခြင်းမရှိပြန်။ လက်ရှိအချိန်တွင်လည်း စစ်မှန်သည့် ရွေးကောက်ပွဲ များကျင်းပခွင့်ရစေရန် ရွေးကောက်ပွဲဥပဒေများအား ပြင်ဆင်ပြောင်းလဲပြဌာန်းစေရေး ကြိုးပမ်းသည့် လှုပ်ရှားမှု တစ်ခုမျှ မရှိ။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မသမာမှုပေါင်းစုံ ထပ်မံ ပေါ်လာနိုင်သည်။ လူထု ကိုယ်စားလှယ် အစစ်မဟုတ်သူ အမြောက်အများ နေရာဝင်ယူကြဦးမည်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရေး ဟူသောအကြောင်းပြချက်ဖြင့် အချိန်မဆွဲသင့်ပါ။
ကျော်မကောင်းကြားမကောင်း
လွှတ်တော်နှင့် ခုံရုံးအကြား လက်ရှိအငြင်းပွားကြသည့် အကြောင်းရင်းခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှင်းလင်းမှုကြောင့် ဖြစ်ရသည့် ပြသနာအပေါ် ခုံရုံးကို အပြစ်ရှာခြင်း၊ ခုံရုံးတရားသူကြီးများကို အရေးယူဘို့ကြိုးပမ်းခြင်းမှာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျော် မကောင်း ကြားမကောင်းသည့် ကိစ္စဖြစ်သည်။ မလုပ်သင့်သော ကိစ္စဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံခုံရုံး တည်ရှိခြင်းမှာ
စင်စစ်အားဖြင့်မူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်ထားရှိခြင်းမှာ ဖွဲ့စည်းပုံဆိုင်ရာနှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ အငြင်းပွားမှုများရှိလာလျှင် ရှင်းလင်းဖွင့်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်သည်။ ဆုံးဖြတ်ချက်များ အပေါ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရပါမည်။ လူများစုက ကြိုက်မှ လိုက်နာမည် ဟု ဆိုပါက လူများစုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်အပေါ် လူနည်းစုဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ထားသည့် တရားစီရင်ရေးက ဥပဒေရှုဒေါင့်မှ ကြပ်မတ်သည့် အခြေခံတွင် ဥပဒေစိုးမိုးရေးစနစ်တည်ဆောက်မှု ကို ငြင်းပယ်လိုက်ရာ ကျပါမည်။
ယခုလွှတ်တော်သည် ဤလမ်းကြောင်းကို လျှောက်လျှက်ရှိသည်။ လူများစု ဆန္ဒမဲရလျှင် ဘာမဆိုလုပ်နိုင်သည့် သဘောမျိုးပြုမူလျှက်ရှိသည်။ ဗြိတိသျှ ပါလီမန်က ကျင့်သုံးခဲ့သည့် ပါလီမန် လွှတ်တော်၏ အချုပ်အခြာဖြစ်မှု Parliamentary Supremacy ကို အတင်းအကြပ်ကျင့်သုံးရန် ကြိုးပမ်းလျှက် ရှိသည်။

လူစင်စစ်မှ ခွေးဖြစ်ရမည့်ကိန်းဆိုက်
"လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟု ပြောခြင်းမှာ တင်စားခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံလက်တွေ့တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး တရား သူကြီးများ အနေဖြင့် ၄င်းတို့၏တာဝန်ကို တတ်စွမ်းနိုင်သလောက် ထမ်းဆောင်ပါလျှက် အကယ်၍ ပြည် ထောင်စု လွှတ်တော်က သာ အရေးယူထုတ်ပယ်လိုက်မည် ဆိုလျှင် တရားသူကြီးများအား အတင်းအကြပ် လူအဖြစ်မှ ခွေးဇာတ် သွင်းစေလိုက်ခြင်း ဖြစ်ပါမည်။ ၄င်းတို့ဘ၀တွင် ဂုဏ်သိက္ခာအရ များစွာထိခိုက်ကျဆင်းစေမည် ဖြစ်သော ကြောင့်ပင်။
ဤသည်မှာ လုံးဝ မလုပ်သင့်သော အလုပ်ဖြစ်သည်။
ငါတကော ခေတ်မရှိတော့ပြီ ၊ အပြန်အလှန်ထိန်းညှိ
ဗြိတိသျှ ပါလီမန်က ပါလီမန် လွှတ်တော်၏ အချုပ် အခြာဖြစ်မှု ကျင့်သုံးခဲ့ပုံမျိုးကို ဖေါ်ဆောင်လိုသည်ဆိုလျှင် စစ်မှန် သော ရွေးကောက်ပွဲများကို ဖြတ်သန်းပြီး လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ထား သူများနှင့်သာ ဖွဲ့စည်းသည့် လွှတ်တော်ဖြစ်ရန် ကြိုးပမ်းဘို့ လိုပါဦးမည်။ ဤအခြေအနေများအားလုံးကို သန့်ရှင်းစေပြီးမှသာ ဗြိတိသျှ ပါလီမန် လုပ်ဟန်မျိုးကို စဉ်းစားလိုက စဉ်းစားနိုင်ကြပါမည်။
သို့ရာတွင် ယင်းလုပ်ဟန်မျိုးသည်ပင် ကမ္ဘာတွင်ခေတ် မရှိတော့ပါ။ ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင် ဟူသော အာဏာကြီး သုံးရပ် အပြန်အလှန် ထိမ်းညှိရေးကိုသာ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြသည်။
ရေးရာက်ေမတီများသည့် တိုင်းပြည်အဆင့် မဖြစ်သင့်
အလျှောက်သင့်ဆုံးလမ်းကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးတစ်ခုလုံးအား ပြင်လိုက်ရန်သာဖြစ်သည်။ လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သော တရားစီရင်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင် တည်ဆောက်ရန်ဖြစ် သည်။ ထို့အပြင် လွှတ်တော်က ဖွဲ့စည်းပေးမည့် ကော်မတီနှင့် ကော်မရှင်များ ကိစ္စကို ဖွဲ့စည်းပုံတွင် ရှင်းရပါဦးမည်။ လွှတ်တော်ကဖွဲ့စည်းသည့် ရေးရာကော်မတီများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်သည့် တိုင်းပြည် အဆောက်အအုံများ (Constitutional Institutions ) မဖြစ်နိုင်ပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

ကျရာလုပ်ငန်းကော်မတီ တာဝန်ထမ်းဆောင်
အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် သက်ဆိုင်ရာ အကြောင်းရပ်အလိုက် သတင်းအချက်အလက်များ မေးမြန်းလေ့လာ စုဆောင်း၊ သုတေ သနပြု သုံးသပ်၊ တွေ့ရှိချက်များကို လွှတ်တော်သို့တင်သွင်း ဆွေးနွေး စသည့်လုပ်ငန်းများကို သာ အဓိက လုပ်ဆောင် ရသောကြောင့်ဖြစ်သည်။ လွှတ်တော် အမတ်များ အနေဖြင့် အမတ်များရသင့် သည့် ခံစားခွင့်ရိုးရိုးကိုယူကာ အမတ်တစ်ယောက်၏ တာဝန်ကို ကျရာ လုပ်ငန်းကော်မတီ တခုခုတွင် ၀င်ရောက်ထမ်း ဆောင်ခြင်းမျိုးသာ ဖြစ်ရပါမည်။ ဤအတိုင်းပင် နိုင်ငံအသီးသီးရှိ လွှတ်တော်များတွင် ဖေါ်ဆောင်လျှက်ရှိကြသည်။ လွှတ်တော် နှစ်ရပ်ပေါင်းတွင် ကော်မတီ သုံးဆယ်ခန့်ရှိသည်ဟု ကြားရသည်။ ယင်းကော်မတီဝင်များ အားလုံးကိုသာ ပြည်ထောင်စု အဆင့် ခံစားခွင့်မျိုးပေးရလျှင် စားရတပ်ကြီးလွန်းလှ သဖြင့် တိုင်းပြည် ဆင်းရဲ တွင်းနက်သည့် ဘ၀က ရုန်းထွက်နိုင်မည် မဟုတ်ပါ။
ပြည်ထောင်စုအဆင့်ရှိကော်မရှင်ဆိုသည်များ
တတိုင်းပြည်လုံး အဆင့် တနည်းအားဖြင့် ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင်ဆိုသည်များကို (Constitutional Institutions ) များ အဖြစ်သတ်သတ် စဉ်းစားရပါမည်။ မိမိတိုင်းပြည် ၏ ထူးခြားချက်နှင့် လိုအပ်ချက်အရ အထူးပြုဆောင်ရွက်ရမည့် အနေအထားရှိသည့် အကြောင်းရပ်များ အား အဆိုပါ ကော်မရှင်များက အဓိကတာဝန်ယူ ဖေါ်ဆောင်ကြလေ့ရှိပါသည်။
ဥပဒေရှိဖို့လိုတဲ့ ပြည်ထောင်စု အဆင့်ကော်မရှင်
သာဓကအားဖြင် တောင်အာဖရိက နှင့် နိုင်ငံတချို့ တွင် ကျားမ တန်းတူရေးကော်မရှင် တို့ရှိသည်။ နယူးဇီလန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ထိုင်း စသောနိုင်ငံ များတွင် အစိုးရလက်အောက်ခံမဟုတ်ဘဲ လွတ်လပ်သည့် လူ့အခွင့်အရေးကော်မရှင်များ ရှိသည်။ ၄င်း ကော်မရှင်များအတွက် လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်းလည်ပတ်ပုံ စသည်တို့ကို သက်ဆိုင်ရာ နိုင်ငံများ တွင် သီးခြား ဥပဒေများ ပြဋ္ဌာန်းပေးကြရသည်။ ၄င်းတို့ သုံးစွဲမည့် ဘဏ္ဍာငွေကြေးကို တိုင်းပြည် ဘဏ္ဍာငွေမှ နေ၍ လွှတ်တော်က သီးခြား သတ်မှတ်ပေးရသည်။ အစိုးရထံမှ လက်ဖြန့်ခံတောင်းစရာမလိုခြင်းဖြင့် ၄င်းကော်မရှင်များသည် အားကောင်းကောင်းလည်ပတ်နိုင်သည်။

ဒါ ပြည်ထောင်စုအဆင့် ကော်မရှင်ဖြစ်မလား
သာဓကအားဖြင့်ပြောပါမည်။ ယခု ပြည်သူ့လွှတ်တော်မှ နေ၍ ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်စေကာ ဖွဲ့စည်း ပေးထားသည့် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေးကော်မရှင်မှာ ထိထိရောက်ရောက် လုပ်နိုင်ဘို့ မလွယ်လှပါ။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း၊ ပါဝင်တာဝန်ယူကြသော လွှတ်တော် အမတ်များသည်လည်း ကောင်း အရည်အချင်း ညံ့ဖျင်းကြ၍ မဟုတ်ပါ။
ပထမ အချက်မှာ လွှတ်တော်၏ကော်မတီ တစ်ရပ်အဆင့်တွင်သာ ရှိနေ၍ ဖြစ် သည်။
ဒုတိယ အချက်မှာ ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင် (Constitutional Institution) မဟုတ်သဖြင့် ၄င်းအတွက် သတ်သတ်မှတ်မှတ်လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်း လည်ပတ်ပုံ စသည်တို့ကို ဥပဒေတစ်ရပ်သီးသန့်ပြဋ္ဌာန်း မပေးနိုင်၍ ဖြစ်သည်။
ယင်းကော်မတီမှာ ယခုအချိန်၌ လူထုထံမှ တိုင်ကြားစာများကို လက်ခံစစ်ဆေးနေကြောင်းကြားသိရသည်။ သို့ရာတွင် ပြသနာမှာ တာဝန်ရှိအစိုးရအာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးပိုင်ခွင့် ယင်းကော်မရှင်တွင်ရှိမရှိ မသေချာ၊ ကော်မရှင် က စစ်ဆေးပြီးနောက် တရားစွဲအရေးယူရန်လိုအပ်သည်ဟု လွှဲအပ်ပေးပါက ရှေ့နေချုပ်ရုံးက လက်ခံပြီး အမှုကို တရား ရုံးမှာ ဖွင့်ပေးမပေး မသေချာ။
ဘဏ္ဍာငွေရှိမှ အားရှိသည့် ကော်မရှင်ဖြစ်မည်
တတိယ အချက်မှာ ဘဏ္ဍာငွေ မရှိသည့် ပြသနာဖြစ်သည်။ အစိုးရက ထုတ်ပေးမှ လုပ်ငန်းလည်ပတ်နိုင်မည်။ အစိုးရ က အကြောင်းကြောင်းကြောင့် ပညာပြပြီး ထုတ်မပေးဘဲ နေ၊ ကော်မတီအနေဖြင့် ပြည်တွင်းလူထုနှင့် နိုင်ငံတကာမှ လွတ်လပ်စွာ ရံပုံငွေ ရှာဖွေခွင့်အား ဥပဒေနှင့် အညီ အပ်နှင်းထားခြင်းလည်း မခံရပါက ရံပုံငွေမရှာနိုင်။ ရံပုံငွေမရှိပါက လုပ်ငန်းများ ထိရောက်စွာ မလည်ပတ်နိုင်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်း ကော်မတီ တွင် တာဝန်ယူနေ ကြသူများ၏ အရည်အချင်း နှင့် လုပ်အားများ အလဟသ ဖြစ်နေမှာ စိုးရိမ်ရသည်။ သို့ဖြစ်၍ ယင်းကဲ့သို့အရေးကြီး သော လုပ်ငန်းမျိုးအား လွှတ်တော်၏ ကော်မတီတစ် ရပ်ထက်ပို၍ အဆင့်မြင့်သော တိုင်းပြည်အဆောက်အအုံသို့တိုးမြှင့် ဖွဲ့စည်းပေးရန် လိုပါသည်။
ပြည်ထောင်စုအဆင့် ရှိဖို့လိုနေတဲ့ ကော်မရှင်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်တွေ့လိုအပ်ချက်အရ ပြည်ထောင်စု အဆင့် တိုင်းပြည်အဆောက်အအုံ (Constitutional Institutions ) များအနေဖြင့် မရှိမဖြစ် လိုအပ်သော အောက်ပါ ကော်မရှင်လေးခုကို အဆိုပြုပါသည်။
(၁) ဥပဒေစိုးမိုးရေး ကော်မရှင်
(၂) လူ့အခွင့်အရေးကော်မရှင်
(၃) တိုင်းရင်းသားရေးရာ ကော်မရှင်
(၄) အမျိုးသမီးရေးရာ ကော်မရှင်

ယခုလက်ရှိ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား အပြစ်မရှိ အပြစ်ရှာ၊ ဥပဒေစိုးမိုး ရေး အခြေခံကို ငြင်းပယ်၊ တိုင်းပြည်၏ ဘဏ္ဍာငွေကုန်၊ အချိန်ကုန်၊ လူပန်း အကျိုးမရှိစေဘဲ လူကိုခွေးဖြစ်အောင်လုပ်သည့် ဇာတ်လမ်းအား ရပ်တန်းက ရပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဇောင်းပေးလုပ်ဆောင် သင့်ပါသည် ။

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၃၁) ရက်

ပို့စ်တင်သူမှတ်ချက် ။
ဆရာဦးအောင်ထူး၏ မူရင်းဆောင်းမှာ ခေါင်းစဉ်ခွဲများမပါပါ ၊ စာရှုသူများ ငြီးငွေ့ဖွယ်ရာများဖြစ်လေမလားဟူ၍ တွေးထင်ပါသဖြင့် ၊ ခေါင်းစဉ်ငယ်များ ဖြည့်ထားသည်မှအပ ဆရာ၏ မူလအာဘော်အတိုင်းသာဖြစ်ပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 4, 2011

အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍……

ရောက်လာတဲ့ စာက သည်လိုဗျ ။ ကဲ ဖတ်ကြည့်ရအောင် ၊

ကို ၀ိုင်းရေ
၂၄-၈-၂၀၁၁ နေ့က ပထမအကြိမ် Eps–klt အောင်မြင်ထားပြီး Korea မှ အလုပ်ခေါ်စာမရသေးသော မြန်မာများအတွက် ရှင်းလင်းပွဲတခု လုပ်ခဲ့ပါသည်။

အဲဒီ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က ကျန်သေးသောသူများစာရင်းကို တရားဝင် ထုတ်ပြန် ခြင်း ဖြစ်ပါသည်။ ကျန်သေးသောသူ (၉၂)ယောက် ရှိကြောင်း ၊ အဲဒီစာရင်းမှာ အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း နေသောသူများ ပါရှိကြောင်း ၊ အဲဒီ စာရင်းကို Korea ဘက်က ယခု အတောအတွင်းမှ ပေးပို့ထားကြောင်း ၊ ၄၈ယောက် ရှိကြောင်း ၊ ဒါပေမယ့် ၈-၈-၂၀၁၁နေ့က Korea ဘက်သို့ ပြန်ပြီး(၉၂) ယောက် စာရင်းပို့ထားကြောင်း ပြောဆိုခဲ့ပါသည်။

ဖော်ပြပါ စာရင်းမှ အချက်အလက် ပြည့်စုံသောသူများ Calling ရနိုင်ဖို့ အခွင်အရေးရှိပြီး ကျန်လူများလည်း မျှော်လင့်နိုင်ကြောင်း ပြောဆိုသောကြောင့် ၉၂ ယောက် စာရင်းကိုလည်း ကပ်ပေးထားခဲ့ပါသည်။


ရှင်းလင်းပွဲ ပြီးနောက် ကျန်နေသေးသောသူများမှ မိမိက ဘယ်စာရင်းမှာ ပါကြောင်း သိချင်ခဲ့ကြပါသည်။ ၁မှ ၉၂ထိအနက် ၊ အချက်အလက် ပြည့်စုံသောသူများသည် ၁မှ ၃၉အထိသာဖြစ်ကြောင်း ၊ ကျန်လူများမှာ အချက်အလက် မပြည့်စုံသောသူများဖြစ်ပြီး ၊ DG ထံမေးမြန်းနိုင်ကြောင်း ပြောဆိုသော ကြောင့် အသီးသီးက တက်ရောက် ပြီးမေးသောအခါ အမျိုးမျိုးဖြေကြားကြောင်း ၊ Korea ဘက်မှ Calling ရရှိပြီး CCVI မရရှိသူကို လည်းကောင်း ၊ ဒု အကြိမ် စာမေးပွဲ ပြန်ဖြေထားသောသူများကိုလည်းကောင်း အချက်အလက် မပြည့်စုံသောသူများ စာရင်းမှာပါနေကြောင်း တွေ့ရှိရပါသည်။

နောက်ဆုံးမှာ MD က စာရင်းကို အလျဉ်းသင့်သလို ရိုက်ထားကြောင်းဖြေကြားခဲ့တာကြောင့် ရှင်းလင်းပွဲ ဖြစ်ပေမယ့် မရှင်းလင်းပွဲ ဖြစ်ခဲ့ရပါသည်။

ဖော်ပြပါ ရှင်းလင်းပွဲနဲ့ ပတ်သက် ပြီး ကို ၀ိုင်းအနေနဲ့ comment ပေးပါအုံး။
# အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း်နေသောသူ 48 ယောက် စာရင်းကို Korea ဘက်က ယခုအတောအတွင်းမှ ပေးပို့တာ ဖြစ် နိုင်လား?
# 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် job seekerမှာ မဟုတ်လား?
ရှိမရှိ သက်သေပြလို့ရနိုင်လား?
# ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ?
# အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ?

보내 사람 : korealover드림
**********
ကိုကို ကိုရီးယားလဗ္ဗာခင္ဗ်ား ၊
ခင်ဗျားရဲ့ မေတ္တာရပ်ခံချက်အရ ၊ မေတ္တာဖြင့် မင့်လိုက်ပါတယ် ။

- Calling ဆိုတာ ဘာကိုဆိုလိုမှန်းမသိပါ ။ ထင်တာပြောရရင်တော့ အလုပ်စာချုပ် (မူကြမ်း) ဖြစ်ဖို့များပါတယ် ။ စာချုပ်မူကြမ်းကို အလုပ်သမားက လက်မှတ်ထိုး ၊ ကိုရီးယား ပြန်ပို့ပြီးတဲ့အခါမှ အလုပ်ရှင်ဖက်က CCVI ပြန်ပို့မှာဖြစ်လို့ အလုပ်စာချုပ် အတည်မဖြစ်တာဖြစ်စေ ၊ အလုပ်စာချုပ်အတည်ဖြစ်ပြီးသော်လည်း အလုပ်ရှင်ဖက်က အကြောင်းမညီညွတ် (စက်ရုံဒေဝါလီခံခြင်း ၊ အလုပ်သမားမလိုတော့ခြင်း ၊ လဝကထံမှ CCVI ထုတ်ပေးရန်ငြင်းဆန်ခံရခြင်း စသည်) တော့လို့ မခေါ်တော့တာလည်း ဖြစ်နိုင်ပါတယ် ။
- အချက်အလက်မပြည့်စုံလို့ ကိုရီးယားဖက်က ပြန်ပို့တဲ့သူက ၄၈ ယောက် ရှိတယ်ဆိုတာလည်း ဖြစ်နိုင်ကောင်းပါတယ် ။ ခုနက ပြောခဲ့တဲ့ ကိစ္စတွေရှိနေနိုင်လို့ပါ ။ သို့သော်လည်း ကိုရီးယားဖက်မှ ပြန်ပို့သည့် စာရင်း ၄၈ ယောက် ၊ မြန်မာပြည်ဖက်က ထပ်ပြီး ပြန်ပို့လိုက်တာက ၉၂ ယောက်ဆိုတာကတော့ စဉ်းစားစရာများဖြစ်နေမလားလို့ပါ ။ ၄၈ ယောက်ထက် ၄၄ ယောက် အပိုဆောင်းပြီး ပြန်ပို့လိုက်တယ်လို့ သဘောရပါတယ် ။ အဲသည်အထဲမှာ မြန်မြန်ပါစေချင်လို့ ဒုတိယအကြိမ်စာမေးပွဲအောင်ထားသူများ ရောပြီး ပါသွားတာဖြစ်မယ်လို့ ယူဆပါတယ် ။ အဲဒီထဲ ၃၉ ယောက်က မပြည့်စုံတဲ့သူဆိုတော့ ၊ ၄၈ ယောက်မှာ မှ ၃၉ ယောက်ကို ပြန်ပို့တာဖြစ်ပြီး ၉ ယောက်က ပြန်ပို့ဖို့ အပယ်ခံလိုက်ရသူတွေဖြစ်နိုင်တယ် ။ ၁၄ ယောက်ကတော့ ဒုတိယအကြိမ် စာမေးပွဲအောင်ထားသူတွေ ဖြစ်မယ် (အမ်ဒီကြီးပြောတဲ့အတိုင်းဆို အလျဉ်းသင့်သလို ရိုက်ထည့်ခံလိုက်ရတဲ့သူတွေစာရင်း) လို့ ထင်ပါတယ် ။ အဲသည်သူများကတော့ ဘာမှ မပြောဘဲ ငြိမ်နေကြမယ့် သူတွေ ဖြစ်ပါလိမ့်မယ် ။
- 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် အလုပ်ရှာသူများစာရင်းမှာ ရှိမရှိ သက်သေပြလို့ရနိုင်လား ဆိုတဲ့မေးခွန်းကို ဖြေရလျင်တော့ ၊ မြန်မာပြည်မှ (ကိုရီးယား အိပ်ခ်ျအာရ်ဒီမှတစ်ဆင့်) ပေးပို့ထားတဲ့ အဲသည် စာရင်းဟာ ကိုရီးယား အလုပ်အကိုင်ထောက်ပံ့ရေး ဌာန အလုပ်သမားတန်းစီဇယားမှာ ရှိနေမှာ ဖြစ်ပါတယ် ။ သို့သော်လည်း အဲသည်စာရင်းအားလုံးကို တရားဝင်လူသိရှင်ကြားထုတ်ပြန်ထားတာမရှိပါဘူး ၊ သက်ဆိုင်ရာ အလုပ်ရှင်က လျှောက်ထားတဲ့အခါမှသာ အလျဉ်းသင့်သူများအမည်စာရင်းကို ပေးတယ် ၊ အလုပ်ရှင်က အလုပ်သမား ၅ ယောက်လျှောက်ထားတယ်ဆိုရင် ထောက်ပံ့ရေးဌာနက အလုပ်သမား ၁၀ ယောက်စာရင်း ထုတ်ပေးတယ်လို့သိရပါတယ် ။
- ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ကြီးတဲ့ဖား တန်းပေါ်၂ ခါလျှောက်ခိုင်းတဲ့ သဘောလို့ ထင်ပါတယ် ။
- အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ? သည်မေးခွန်းအတွက်ကတော့ သည်းခံယုံမှတစ်ပါး အခြားမရှိလို့ ထင်ပါတယ် ။ ထင်တာပြောရရင်တော့ သမ္မတကြီး ဦးသိန်းစိန်ပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ(Clean Government) ပေါ်ပေါက်လာရေး အတူတကွ ကြိုးပမ်းကြဖို့လိုမယ်လို့ ထင်ပါတယ် ။ သန့်ရှင်းသောအစိုးရပေါ်လာလျင် ညစ်ပတ်သော ဝန်ထမ်းများလည်း ပျောက်သွားနိုင်လို့ပါ ။ ကောမ်မင့်ပေးပါဆိုလို့ ပေးကြည့်တာပါဗျာ ။ ဟုတ်မဟုတ်တော့ ဖထီးမသိပါ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 4, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၈

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးရဲ့ ခြိမ့်ခြိမ့်သဲသဲ ကောက်ရွေးပွဲကြီး ပြီးစီးသွားတော့ ဖိုးတက်ကြွတို့ မကြွတက်တို့ကို “ကိုင်း ဘယ့်နှယ် ရှိစ” လို့ ကိုကြီးပေါ်က မေးလိုက်ချင်တော့ တာပါပဲ။ ခံလိုက်ရတဲ့ အရသာက အတော်လေးမှ အီအီစိမ့်စိမ့် ရှိလိမ့်မယ် ထင်ပါရဲ့။

ကိုကြီးပေါ် တယောက်မှာဖြင့် အမတ်လောင်းလည်း မဖြစ်လိုက်ရ။ မဲလည်း ၀င်မပေးလိုက်ရ။ ဟိုးအဝေးကနေ မှန်ပြောင်းကလေးနဲ့ ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့ရသပ။ ကိုကြီးပေါ်လိုပဲ ငေးကြည့်ခဲ့ရသူတွေ ပြည်ပမှာ သန်းဂဏန်းလောက်တော့ ရှိမယ် ထင်ပါရဲ့။ ရွှေပြည်တော်ကြီးရဲ့ ဒီမိုကရေစီ ထွက်တော်မူခန်းကြီးမှာ တနေရာမှ မပါလိုက်ရတာကို ၀မ်းနည်းရမှာလား, ၀မ်းသာရမှာလား ဆိုတာတော့ မကြာခင်မှာ အဖြေတွေ့လာလိမ့်မယ် ထင်ပါတယ်။

ရာနှုန်းကျော် မဲဆန္ဒ

ကိုကြီးပေါ်တို့ ငယ်စဉ်က မဆလလက်ထက်မှာ ရာနှုန်းပြည့်မီ စိုက်ပျိုးထုတ်လုပ်ရေး ဆိုတဲ့ စကားရပ်တခု အတော် တွင်ကျယ်ခဲ့ပါတယ်။ နောက်တော့ သိပ်မကြာဘူး ရာနှုန်းကျော် ထုတ်လုပ်နိုင်တယ် ဆိုတဲ့ စကားက သတင်းစာထဲမှာ နေရာယူလာပါတယ်။ ရာကျော်စပါး ဆိုတာလည်း ခေတ်စားလာပါတယ်။ အဲ အခုတော့ တဖန်ပြန်လည် ပေါ်ထွက်လာတာက “ရာနှုန်းကျော် မဲဆန္ဒ” ဆိုပါလား။

စပါးစိုက်တာ ဘယ်လိုနည်းနဲ့ ရာနှုန်းကျော်တယ်လို့ ကိုကြီးပေါ် ရှင်းမပြတတ်ပါဘူး။ ကျွမ်းကျင်သူတို့ကို မေးကြည့်ရမှာပါပဲ။ အခု ရာနှုန်းကျော် မဲဆန္ဒ ဆိုတာကျတော့ ဘယ်လိုနည်းနဲ့ ကျော်တယ်လို့ မပြောတတ် ပေမယ့် ရာကျော်အောင် လက်သံပြောင်တဲ့ နအဖ စစ်ဗိုလ်မင်းကြီးများရဲ့ ဉာဏ်တော် စူးရောက်ပုံကိုတော့ အံ့မခန်းပါကလားလို့ စုပ်သပ်မိပါရဲ့။

ဒီကိစ္စ တယောက်တည်းနဲ့ မဖြစ်သေးဘူး။ သတင်းထောက် မောင်ချွန်တွန်းကို မေးကြည့်ဦးမှ။

“မောင်ချွန်တွန်းရေ ရွေးကောက်ပွဲက အေးအေးဆေးဆေးနဲ့ ပြီးသွားသလားဗျ”

“အေးတာမှ ဘာသံမှကို မကြားရဘူး။”

“လူထုက မဲအတော် ထည့်ကြသလား”

“လူထုက မဲထည့်စရာ မလိုဘူးဗျ။ အေးအေးဆေးဆေး ကိုယ့်အိမ်မှာ ကိုယ်နေရုံပဲ”

“ဘယ်လို ဘာဖြစ်လို့”

“ဒီတခါ ရွေးကောက်ပွဲမှာ မဲရုံတွေက နည်းတယ်။ လူကများတယ်။ မဲပေးရမှာကလည်း ရှုပ်တယ်။ ဒီတော့ လူတွေ တန်းစီနေရမှာ ပင်ပန်းမှာ စိုးတာရယ်၊ မသမာသူတွေရဲ့ တိုက်ခိုက်မှုကြောင့် အန္တရာယ် ဖြစ်မှာ စိုးလို့ရယ်၊ အဲဒါကြောင့် လူတွေကို မဲရုံကို မလာခိုင်းဘူးဗျ။”

“မဲရုံမလာဘဲ မဲ ဘယ်လိုထည့်မလဲ”

“ကိုယ်တိုင် ထည့်စရာ မလိုဘူးလေ။ တာဝန်ရှိသူများက အားလုံးအတွက် ထည့်ပေးလိုက်တာပဲ။ အရေးကြီးတာက မဲပေးတယ် ဆိုတာ ဖြစ်သွားဖို့ပဲလေ။ ဖြစ်သွားရင် ပြီးတာပဲ။”

“နိုင်ငံတကာမှာတော့ အဲသလို မလုပ်ကြပါဘူး…”

“တော်တော် ကိုကြီးပေါ်။ ခင်ဗျား ပြည်ပမှာ နေပြီး နိုင်ငံတကာ ဆိုတာမျိုး ပြောမယ်ဆိုမယ် ဆိုရင်တော့ ခင်ဗျားရဲ့ အထူးသတင်းထောက် အလုပ်ကနေ ကျုပ် ထွက်ရလိမ့်မယ်။ ဒါ ရွှေပြည်တော်ဗျ။ ရွှေပြည်တော်မှာ ဖြစ်တာပျက်တာ မှန်သမျှဟာ ရွှေပြည်တော်ရဲ့ စံနဲ့ပဲ တိုင်းတာ ကြည့်ရတယ်ဗျ။ ကျုပ်က သတင်းထောက်။ မြင်တာကို မြင်တယ်ပဲ၊ ဖြစ်တာကို ဖြစ်တယ်ပဲ ပြောရမှာပဲ။”

“ဟုတ်ပါပြီ မောင်ချွန်တွန်းရယ်။ နောက်ဆို ဆင်ခြင်ပါ့မယ်။ အခု ပြောသလို လူတွေက မဲရုံသွားစရာ မလိုဘဲ မဲထည့်ပေးလိုက်တယ် ဆိုတော့ မဲဆန္ဒရှင်တွေက အဲဒါကို လက်ခံလား”

“ဟား… လက်ခံတာပေါ့ဗျ။ နဂိုကတည်းက ကိုယ့်ဘာသာ ဘယ်သူ့ကိုပဲ မဲပေးပေး ဖွတ်တွေပဲ အမတ်ဖြစ်မယ် ဆိုတာ အားလုံး သိထားပြီးသားပဲ။ ဘာလို့ အပင်ပန်းခံမလဲ။ လူတွေက ဟို ထိုင်းက တပ်ဆင်လို ပိုက်ဆံပေး မလားလို့တောင် ထင်နေကြတာ။ အခု ပိုက်ဆံမရဘဲ သူတို့ အမတ်ဖြစ်တော့ သိပ်တော့ မကြည်ဘူးပေါ့ဗျာ။ အချို့ လမ်းတ၀က်ပဲ ခင်းထားတာတို့၊ မီးကြိုးတပ်ထားပြီး မီးမလာသေးတာတို့ကျတော့ ပွစိပွစိတော့ ဖြစ်တာပေါ့။ ဘာပဲပြောပြော ရွေှ့ပြည်တော်သားတွေကတော့ အေးဆေးပဲဗျ။ ဘောလုံးပွဲ လောင်းထားသလို ရင်ခုန်စရာ ကောင်းတာမှ မဟုတ်ပဲဟာကို။ အဲဒီနေ့က ချဲဆီးက ထိုင်တဲ့ ရွှေပြည်တော်သားတွေ ၀က်ဝက်ကွဲသွားကြတယ်လေ။ မန်ယူပွဲက တဖက်သတ်ဖြစ်နေတာနဲ့ ချဲဆီးမှာ အောကြတာ။ လီဗာပူးသမားတွေတော့ ထောသွားတာပေါ့။ တကယ်ဆိုဗျာ …”

“ဟေ့ ဟေ့ မောင်ချွန်တွန်း မင်းစကားတွေက ဘောလုံးပွဲထဲ ရောက်သွားပြီကွ။ ငါမေးနေတာ ရွေးကောက်ပွဲ ကိစ္စလေ”

“အေးဗျာ ကျနော်လည်း ကိုယ်ဝါသနာပါတဲ့ အကြောင်းဆိုတော့ ပြောမိရင် ရပ်မရ ဖြစ်သွားတတ်တယ်။ ကဲကဲ မေး ရွေးကောက်ပွဲ ကိစ္စ ခင်ဗျား ဘာသိချင်လဲ”

“ဟို သတင်းစာထဲမှာတော့ မဲထည့်တဲ့ ဓာတ်ပုံတွေ တွေ့ရတယ်ဗျ။ အဲဒါ…”

“ဒါက ရွှေပြည်တော်ရဲ့ စတိုင်ဗျ။ ဓာတ်ပုံရိုက်ဖို့ သက်သက်လုပ်တာ။ သံတမန်တွေ ခေါ်မယ်။ လူတွေခေါ်မယ်။ ဓာတ်ပုံရိုက်မယ်။ သတင်းထဲထည့်မယ်။ ဓာတ်ပုံတွေကို သေသေချာချာကြည့်။ ဗိုလ်ချုပ်မင်းတပါးက မဲပုံးထဲကို မဲထည့်နေရင် သူ့ကတော်က နောက်လှည့် ဖင်ပေးနေရမယ်။ အဲသလို ပုံစံချပြီး ရိုက်ထားတာဗျ”

“ဟို လားရှိုးမှာလား မသိဘူး။ မဲရုံမှာ လူတွေ တန်းစီနေတာ တကွေ့တပတ်ကြီးပဲ။ အဲဒါ အရပ်သားတွေ မဟုတ်ဘူးလား”

“ဟားဟား… ကိုကြီးပေါ်… ခင်ဗျား ခံလိုက်ရပြီ။ ရွှေပြည်တော်ပါး မ၀သေးဘူးဆိုတာ ပေါ်ပြီ။ ရွှေပြည်တော်မှာ ဓာတ်ပုံ ဖြတ်ညှပ်ကပ်တဲ့ ပညာ သူများထက် သာတယ်ဗျ။ အစဉ်အလာနဲ့ကို သာတာ။ ဟိုးတုန်းက လက်နဲ့ ကူးဆေးရတဲ့ ခေတ်ကတည်းကိုက သတင်းစာ တစောင်စာပြည့်အောင် ဓာတ်ပုံကို ဆက်တတ်တယ်။ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာတော့ ပျင်းတောင်ပျင်းသေးတယ် ပြောရမှာပဲ။ ခင်ဗျားပြောတဲ့ပုံကို ပြန်ကြည့်။ ကျောင်းခေါင်မိုးက တဆစ်ချိုးကြီး ရွဲ့နေတာ တွေ့လိမ့်မယ်။ ရွှေပြည်တော်က သတင်းဓာတ်ပုံတွေမှာ အဲသလို ဖြတ်ညှပ်ကပ် လုပ်ပြီး အင်ထုနေတာ ဆယ်နှစ်မကတော့ဘူး။ ”

“သြော်… ဒီလိုလား။ အမတ်လောင်းတွေရဲ့ မဲရရှိတဲ့ ဇယားတွေကို ဖတ်ကြည့်တော့ ရာနှုန်းပြည့် မဲပေးကြတာတွေ တွေ့တယ်ဗျ။ အများစုက ကိုးဆယ်ရာနှုန်း အထက်တွေချည်းပဲ။ အဲ ကျနော် နားမလည်တာက ၁၀၂ ရာနှုန်းတို့ ၁၀၄ ရာနှုန်းတို့ဆိုတာ ဘယ်လိုဟာကို ပြောတာလဲဗျ။ ခင်ဗျား သတင်းထောက်တော့ ဘာတွေ့လဲ”

“အဲဒါ ရာနှုန်းကျော် တယ်လို့ ခေါ်တယ်”

“ကျနော်တို့ ငယ်စဉ်က စပါးစိုက်တာ ရာနှုန်းကျော်တယ်လို့ ကြားဖူးတယ်ဗျာ။ ဒီလောက်ထွက်ရမယ်လို့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုထွက်လာရင် ရာနှုန်းကျော်တယ်လို့ ဆိုလိုတယ်လို့ နားလည်မိတာပါပဲ။ အခုဟာက မဲပေးတာလေ။ မဲပေးခွင့်ရှိသူထက် ပိုပေးလို့မှ မရဘဲ။ ရာနှုန်းကျော်တယ် ဆိုတော့ ဘယ်က မဲလက်မှတ်တွေ ဒီထဲ ရောက်လာလို့လဲ”

“ပြောပြီးပါပကော။ မဲကို လူထုက ကိုယ်တိုင်ပေးတာ မဟုတ်ဘူး။ တာဝန်ရှိသူများက ပေးတာ။ တာဝန်ရှိသူ ဆိုတာက တယောက်တည်းမှ မဟုတ်ဘဲကို။ ဒီတော့ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် ပေးလိုက်ကြတော့ မဲက ရှိရမှာထက် ပိုနေတော့တာပေါ့။ ဒါကို စာရင်းဇယားတွက်သူက ဘယ်သိပါ့မလဲ။ သူ့ဆီရောက်လာတဲ့ ကိန်းဂဏန်းကို ကွန်ပျူတာထဲမှာ အော်တိုတွက်ချက်လိုက်တော့ ရာကျော်တွေ ဖြစ်ကုန်တာပေါ့ဗျ”

“ဒါဆိုလဲ တွက်တဲ့သူက ဂဏန်း မှားနေတယ်လို့ မသိဘူးလား”

“သိစရာလား။ သူ့အလုပ်က တွက်ဆိုတွက်ပဲ။ သူနဲ့မဆိုင်ဘူးလေ”

“ဒါဆို ဟို ကင်ပေတိုင်က လူကြီးတွေကကော မစစ်ဆေးဘူးလား။ သူတို့ လက်မှတ်ထိုးရမှာလေ”

“စစ်စရာလား။ သူတို့အလုပ်က ဖွတ်တွေ အနိုင်ရကြောင်း ကြေညာပေးဖို့ပဲ”

“သြော်… ဒါကြောင့်ထင်တယ်။ ရွေးကောက်ပွဲ မလုပ်တဲ့ နေရာမှာတောင် ဖွတ်တကောင် အနိုင်ရတယ်လို့ ဇယားထဲ ပါလာတာ။”

“ကင်ပေတိုင်က မနေ့တနေ့ကမှ ကောက်ဖွဲ့တာ။ သူတို့မှာ ဘာမှ ပြင်ဆင်လုပ်ကိုင်ထားတာ မရှိဘူး။ သူတို့က ဖွတ်ပါတီက ပေးပို့လိုက်တဲ့ စာရင်းဇယားတွေကို မူတည်ထားပြီး ကြေညာချက်တွေ ထုတ်ပေးနေတာ။ ဒီတော့ မှားတဲ့အခါလည်း မှားပေမပေါ့ဗျ”

“မှားတာကြီးတွေကလည်း ရုပ်ပျက်ဆင်းပျက်ပဲ။ ပြီးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တခု တွေ့တယ်ဗျ။ ကြိုတင်မဲတွေ အားလုံးက လုံးဝ ပယ်မဲ မဖြစ်တာပဲ။ ပယ်မဲ ပျောက်မဲ ဆိုတာက မဲလက်မှတ်ထဲမှာပဲ ဖြစ်တယ် ဆိုတဲ့ သဘောပေါ့။ ကြိုတင်မဲမှာ လုံးဝလုံးဝကို ပယ်မဲ မရှိဘူးဆိုတာ အံ့သြစရာကြီးပဲ”

“မအံ့သြနဲ့။ ကြိုတင်မဲဆိုတာ အသေအချာ အတိအကျ လုပ်ထားတာ။ ဘယ်လိုလုပ် ပယ်မဲ ဖြစ်မှာလဲ။ မှားနေရင် ပြင်ထည့်ထားပြီးသားပဲဟာကို”

“ထားပါတော့ဗျာ။ ဗိုလ်ချုပ်မင်းကြီးများရဲ့ ရာနှုန်းကျော် မဲဆန္ဒပေးပွဲကြီးမှာ ဖွတ်မင်းကြီးတွေ အောင်ပွဲခံတယ် ဆိုတော့ မဖွတ်ဘဲ “ကျွတ်”သွားသူတွေကော ဘယ်လို ရှိသလဲဗျ”

“အချို့ကတော့ ဒေါ်စုဆီ ပြေးကပ်ကြတာပဲ။ လွှတ်တော်မှာ ဥပဒေပြုမယ် ဆိုတဲ့သူက မဲဆယ်ဂဏန်းတောင် မရတော့ ချေးထားတဲ့ ငွေငါးသိန်း ဘယ်လို ပြန်ဆပ်ရမလဲ မသိလို့ ရှောင်နေတယ် ကြားတာပဲ။ အချို့ကတော့ နောက်ငါးနှစ်မှာ ပြန်တွေ့မယ်လို့ ဆိုသဗျ”

“သြ သြ စိတ်မကုန်သေးဘူး ဆိုတဲ့သဘောပေါ့”

“စိတ်မကုန်တာ မဟုတ်ဘူး။ စိတ်ကော ငွေကော ကုန်ပြီ။ အဲဒါ အရှက်ပြေ လေပြေထိုးတာဗျ”

“ဒါနဲ့ဗျ။ အနှစ်နှစ်ဆယ်ကျော် ပါတီကြီး၊ အင်အားသန်းကျော် ရှိတယ်ဆိုတဲ့ တစညကော ဘယ်လိုနေလဲ”

“အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ အမတ်အားလုံး ပေါင်းကြည့်ရင် ငါးဆယ်ကျော်မယ် မထင်ဘူး။ နေရာ တော်တော်များများမှာ တစညနဲ့ ကြံ့ဖွတ် နှစ်ဦးထဲ ပြိုင်ကြတာဗျ။ သူတို့က ရွေးကောက်ပွဲ ထပ်လုပ်ဖို့ ဟိုးအစောကြီး ကတည်းက ဗိုလ်ချုပ်မင်းတွေကို အသနားခံခဲ့တာ။ အခုတော့ သူတို့ရွေးတဲ့ ဇာတ်မှာ သူတို့ပဲ ဗီလိန်ပြန်ဖြစ်သွားတာပဲဗျ”

ကိုကြီးပေါ်ခမျာ သတင်းထောက် မောင်ချွန်တွန်းနဲ့ မေးမြန်းကြည့်တော့မှ ရာနှုန်းကျော် မဲဆန္ဒများရဲ့ အဖြစ်သနစ်ကို သိရပေတော့တယ်။ ဖွတ်တွေက ၈၅ ရာခိုင်နှုန်းနိုင်တယ်တဲ့။ ဒါဆိုရင် စစ်တပ်ကလာမယ့် စစ်အမတ်တွေနဲ့ ပေါင်းလိုက်ရင် ဖွတ်စစ်အုပ်စုက ၉၀ ကျန်အုပ်စုက ၁၀ ရာနှုန်းစီ ရှိမယ့်သဘော တွေ့ရပါတယ်။

လွှတ်တော်ပေါ်လာရင် နိုင်ငံရေးမှာ အပြောင်းအလဲ ဖြစ်မယ်လို့ ဆိုခဲ့သူများ၊ စစ်တပ်က စနစ်တကျ ဆုတ်ခွာနေတာပါလို့ ပြောခဲ့သူများ၊ ရွေးကောက်ပွဲမှတပါး အခြားမရှိလို့ ယုံကြည်ခဲ့သူများ၊ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ နိုင်မယ်လို့ ထင်မှားခဲ့သူများကို ကိုကြီးပေါ် အကြံကောင်းတခု ပေးချင်ပါတယ်။

အဲဒါကတော့ ခင်ဗျားတို့တွေ သေလို့ရပါပြီ။ ကိုယ့်ဘာသာကိုယ် အမြန်ဆုံးသာ သေလိုက်ကြပါတော့။ ဘာကြောင့်လဲဆိုတော့ မြန်မြန်သေလိုက်မှ မြန်မြန် လူပြန်ဖြစ်ပြီး၊ နိုင်ငံရေးကို ကကြီးခကွေးကနေ ပြန်လည် သင်ယူနိုင်မှာ ဖြစ်တာက တကြောင်း၊ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဘ၀သစ်နဲ့ တဖန် ပြန်လည် ပါဝင်နိုင်ခွင့် ရှိမှာက တကြောင်းတို့ကြောင့် ဖြစ်ပါတယ် ခင်ဗျာ…။


ကိုကြီးပေါ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 2, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၇

ဘာလိုလိုနဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးတောင် အပြောင်းအလဲတွေ ဖြစ်တော့မှာပါလား။ သြော် ကမ္ဘာကြီးမှာက “Change” ဆိုတဲ့ အသံတွေ အတော်ဆူညံနေတဲ့ ကာလပါလားလို့ ရှုမှတ်မိပါရဲ့။ ဒီလို အတွေး ပေါ်လာတော့ ကိုကြီးပေါ်လည်း အပြောင်းအလဲ လုပ်ရင် ကောင်းမယ်လို့ ယူဆမိပါတယ်။ ဒါမှလည်း ခေတ်မီတော့မပေါ့။ ကိုကြီးပေါ်က ရွှေပြည်တော်ကြီးကို အင်တာနက် ပြတင်းပေါက်က ချောင်းကြည့်နေရသူ ဆိုတော့ ဘယ်လို အပြောင်းအလဲ လုပ်ရင် ကောင်းမလဲ စဉ်းစားရတော့တာပါပဲ။

အဲ သိပ်မစဉ်းစားလိုက်ရပါဘူး။ အတွေးပေါ်လာပါတယ်။ ယနေ့ခေတ်မှာ ပြည်ပမှာ ရှိတဲ့ မီဒီယာတွေဟာ ရွှေပြည်တော်က သတင်းစစ်စစ်တွေကို အလျင်အမြန် သူ့ထက်ငါဦးအောင် ဖော်ထုတ်နိုင်ဖို့အတွက် ပြည်တွင်းသတင်းထောက်တွေ ဒလဟောခန့်နေကြတယ် မဟုတ်လား။ ကိုယ်ပိုင် ပြည်တွင်းသတင်းထောက် မရှိရင် အရာမ၀င်ဘူး၊ ထောက်ပံ့ကြေးမရဘူး၊ မျက်နှာငယ်ရတယ် ဆိုပဲ။ ရွှေပြည်တော်ကြီးမှာလဲ “သတင်းပေါက်ကွဲမှု” ရဲ့ နောက်ဆက်တွဲ “သတင်းထောက် ပေါက်ကွဲမှုကြီး” ဖြစ်နေတာကို မြင်ကြားသိနေ ရတယ်လေ။ အချို့ဆို သတင်းထောက် နံပတ်တွေ တန်းစီတပ်လို့ပေါ့။

အချို့လည်း ဘာမှုညာမှုတွေနဲ့ ကင်ပေတိုင်ရဲ့ အဖမ်းခံ သားကောင်တွေ ဖြစ်ရနဲ့ပေါ့။ မိုးသောက်ကြယ်တောင် ပြည်တွင်းသတင်းထောက်တွေ ခန့်ဖို့ စီစဉ်နေတယ် ကြားတာပဲ။ သေချာသိချင်ရင်တော့ အယ်ဒီတာမင်းများကိုသာ မေးကြည့်ပေတော့။

ဒီတော့ ကိုကြီးပေါ်လည်း အများနည်းတူ ခေတ်မီအောင် ပြည်တွင်းသတင်းထောက် ခန့်ခြင်းဖြင့် အပြောင်းအလဲ ဒွန်ဒရာကြီးမှာ ဒန့်သလွန်တပင် ပါဝင်အံ့လို့ ဆုံးဖြတ်လိုက်တော့ တာပါပဲ။ ဟုတ်ကဲ့ ဒီကနေစလို့ ကိုကြီးပေါ်ရဲ့ ချောင်းကြည့်တဲ့ အရာတွေကို ကိုကြီးပေါ်ရဲ့ ကိုယ်ပိုင် အထူးသတင်းထောက် “မောင်ချွန်တွန်း” ကနေ ဖြည့်စွက် ချောင်းကြည့် အတည်ပြုပေးပါလိမ့်မယ် ခင်ဗျာ။

အလံပြောင်းတာ ယတြာ

အောက်တိုဘာ ၂၁ ရက်နေ့က ရွှေပြည်တော်ကြီးမှာ အလံပြောင်းတယ် ဆိုတဲ့သတင်း ကိုကြီးပေါ် မှန်ပြောင်းထဲကို တည့်တည့်ကြီး တိုးဝင်လာပါတယ်။ ဒါ ယတြာလုပ်တာလို့လဲ တဆက်တည်း သိရပါတယ်။ နောက်တနေ့မှာတော့ ယတြာ မဟုတ်ပါဘူးတဲ့။ တခါတည်း အလံပြောင်းတာပါတဲ့။ နအဖက အမိန့်ထုတ်ပြန်ပြီး အလံပြောင်းကြောင်း အတိအလင်း ကြေညာပါသတဲ့။ ဒါနဲ့ပဲ ပူပူနွေးနွေး အထူးသတင်းထောက် မောင်ချွန်တွန်းကို မေးကြည့်တဲ့အခါ…

“အလံပြောင်းတယ် ကြားလို့ ဟုတ်လား”

“ဟုတ်တယ်။ ဒီနေ့ပဲ တနိုင်ငံလုံး ပြောင်းတယ်”

“ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းတာလဲ”

“ရွှေပြည်တော်မှာ အားလုံးဟာ ရုတ်တရက် ဖြစ်တာချည်းပဲ။ နာဂစ်တိုက်တာလဲ ရုတ်တရက်ပဲ။ ကြပ်ပြေးကို ပြောင်းတာလဲ ရုတ်တရက်ပဲ။ အခြေခံဥပဒေ အတည်ပြုတာလဲ ရုတ်တရက်ပဲ။ ဒါ အထူးအဆန်း မဟုတ်ဘူးဗျ။”

“သြ သြ… မှတ်ထားပါ့မယ် ခင်ဗျာ။ ဒါနဲ့ ဒီအလံက လွှတ်တော်ခေါ်ပြီး အခြေခံဥပဒေ အတည်ဖြစ်မှ ပြောင်းရမယ်လို့ ဆိုထားတာ မဟုတ်ဘူးလား”

“ခင်ဗျားတို့က ပြည်ပမှာနေပြီး အတော်တုံးတဲ့ လူတွေပဲ။ ရွှေပြည်တော်မှာ အားလုံးကို အမိန့်နဲ့ပဲ သတ်မှတ်တယ်။ အမိန့်ထုတ်လိုက်ရင် ထုတ်တဲ့အတိုင်း မှတ်။ ပြန်မေးစရာ မလိုဘူးဗျ။”

“ဒီလိုပါဗျာ။ ကျနော် နားလည်တာက အခြေခံဥပဒေ ဆိုတာ လူထုဆန္ဒခံယူလို့ မဲရေတွက်ပြီးတာနဲ့ အတည်ဖြစ်မဖြစ် ကြေညာရတာမျိုးပါ။ အခြေခံဥပဒေ အတည်ဖြစ်ပြီးမှ ရွေးကောက်ပွဲ ဆိုတာ လုပ်ရတာပါ။ ဒါပေမယ့် အခု နအဖက အခြေခံဥပဒေကို ဆန္ဒခံယူ၊ ပြီးတော့ ရွေးကောက်ပွဲလုပ်၊ ပြီးမှတခါ လွှတ်တော်ခေါ်၊ ဒီတော့မှ အခြေခံဥပဒေက အတည်ဖြစ်မယ်လို့ ဆိုတာကိုး။ သူပြောတော့ သူ့စကားအတိုင်း အခု အတည် မဖြစ်သေးဘူးလို့ တွေးမိပြီး မေးမိတာပါ။”

“အေးလေ၊ အစကတည်းက ကမောက်ကမ လုပ်ထားတာပဲ။ အခုလဲ ကမောက်ကမပဲ ဖြစ်မှာပေါ့။ ရှေ့ဆက်ပြီးလဲ ကမောက်ကမတွေပဲ ဖြစ်ဦးမှာပဲ။ ဒါ ရွှေပြည်တော်ဗျ။ ဘယ်သူနဲ့မှကို မတူစေရဘူး။ အခုလုပ်တာလဲ ဥပဒေထဲမှာ ပါတာတွေကို ပြင်ဆင်တဲ့ အနေနဲ့ ကြိုတင်လုပ်ရင်လည်း ဥပဒေအရ လုပ်တယ်လို့ပဲ သဘောထားရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အတိုင်း လုပ်တာဗျ။”

“ဒါဆိုရင်လဲ နားမရှုပ်အောင် ဥပဒေ အတည်ဖြစ်ပါပြီလို့ ပြောလိုက်လဲ ရတာပဲ မဟုတ်လား။”

“အဲသလို ပြောလိုက်ရင် ဗိုလ်ချုပ်မင်းတွေရဲ့ ရည်ရွယ်ချက် ဘယ်အောင်မြင်တော့မလဲဗျ။”

“ဆိုပါဦး မောင်ချွန်တွန်းရဲ့”

“ဥပဒေကို အခု အတည်ပါလို့ လုပ်လိုက်ရင် နအဖဟာ ယာယီအစိုးရ ဖြစ်သွားမှာပေါ့။ လွှတ်တော်ကျမှ အတည်လို့ လုပ်ထားတော့ သူက အခု အနေချောင်တယ်လေ။ ဘယ်ကောင်မှ လာဖိအားပေးလို့ မရတော့ဘူး။ ရွေးကောက်ပွဲမှာ သူစိတ်ကြိုက် မဖြစ်ရင် လွှတ်တော်ကို မခေါ်ဘဲ ထားလိုက်မှာပေါ့။”

“အရင်တခါလည်း လွှတ်တော် မခေါ်လို့ သံသရာ ရှည်ခဲ့ရပြီ။ အခုတခါ လွှတ်တော် မခေါ်ဘူးဆိုရင် သံသရာ နှစ်ခါရှည် ဖြစ်တော့မှာပေါ့။”

“နှစ်ခါမရှည်အောင် အခု အလံပြောင်းတာဗျ။”

“ဘယ်လို ဘယ်လို။ ရှင်းပါဦး”

“ကျနော် ဒီနေ့ပဲ အတွင်းရော အူရော ကလီစာရော အနှံ့အစပ် သတင်းထောက်ခဲ့လို့ ရလာတာဗျ။”

“အာ… ဒီလိုအားကိုးရလို့ မောင်ချွန်တွန်းကို အထူးသတင်းထောက် ခန့်ထားတာ။ မြန်မြန်ပြောစမ်းပါ။”

“အရင်တခါတုန်းက ဆယ့်လေးလုံးအလံကို သုံးပြီး ရွေးကောက်ပွဲ လုပ်တော့ ဒီမိုသမားတွေ အပြတ်အသတ် နိုင်သွားတယ်တဲ့။ အဲဒါ အစိုးရက အရင်အစိုးရရဲ့ အလံဟောင်းကို သုံးလို့ ကံနိမ့်ပြီး အတိုက်အခံက နိုင်သွားတာတဲ့။ ဒါကြောင့် ဒီတခါမှာ အစိုးရက အနိုင်ရအောင် အလံဟောင်းအစား အလံသစ်ကို လဲပစ်ရတာတဲ့။ ဒါဆိုရင် အတိုက်အခံတွေ အပြတ်အသတ် ရှုံးလိမ့်မယ်လို့ အစိုးရက ယူဆတယ်တဲ့ ခင်ဗျ။”

“အတိုက်အခံ ဒီမိုသမားတွေက လူစေ့တောင် မ၀င်နိုင်တာ မပြိုင်ခင်ကတည်းက ရှုံးနေပြီ မဟုတ်လား။ ဘာပူနေစရာ ရှိလို့လဲ။”

“ပူရတယ်။ ခင်ဗျားတို့ မပူပေမဲ့ ဗိုလ်ချုပ်မင်းတွေက ပူတယ်။ ရွှေပြည်တော်သားတွေ မဲဆန္ဒပေးတဲ့ နေရာမှာ ဘယ်လောက် ပါးနပ်တယ်ဆိုတာ သမိုင်းရှိတယ်။ ဒီတော့ ပူတယ်ဗျ။”

“သူတို့ချည်းပဲ စိတ်ကြိုက်လုပ်နေတာ မဟုတ်လား။ လွတ်လပ်ဖို့ဆိုတာ အရိပ်တောင် မြင်ရတာမှ မဟုတ်တာ။ သူတို့ပဲ နိုင်မှာ သေချာနေတာပဲဟာကို။”

“နိုင်တာ မနိုင်တာက တပိုင်းဗျ။ ဗိုလ်ချုပ်မင်းကြီး အာဏာမပြုတ်ဖို့က တပိုင်းဗျ။”

“မောင်ချွန်တွန်းရယ် အင်တာနက်ထဲမှာ အဲဒါမပါဘူး။ ရှင်းပြပါဦး”

“ရွှေပြည်တော်မှာ ဘယ်လိုပဲ အပြောင်းအလဲတွေ ဖြစ်ဖြစ် ဗိုလ်ချုပ်မင်းကြီးဟာ ထိပ်ဆုံးနေရာကနေ သေတာတောင် ဖယ်မှာ မဟုတ်ဘူး။ ဒါ လုံးဝ တိကျတဲ့ သတင်း။ သက်စွန့်ဆံဖျားလိုက်ထားရတာ။ ဒါကြောင့် သူ အာဏာတည်နေဖို့ တခုတည်းသော အလုပ်ကတော့ ယတြာချေတာပဲ။ အခု အလံပြောင်းတာလဲ ယတြာချေတာပဲ။”

“ဒါဆို ဒီကိစ္စကို ရွှေပြည်တော်သားတွေက ဘယ်လို သဘောထားကြလဲ။”

“ဘာသဘောထားမှ မရှိဘူး။ ကိုယ့်ထမင်း ကိုယ်ရှားစားဖို့ အရေးကြီးတယ်။ ဒါ အဆန်းမှ မဟုတ်တာ။”

“ဟုတ်ကဲ့။ အခုဆို ရွေးကောက်ပွဲရက်က နီးနေပြီ ဆိုတော့ လူထုက ရွေးကောက်ပွဲ အပေါ် ဘယ်လို ပြင်ဆင်နေကြပါသလဲ။”

“ခင်ဗျား မေးခွန်းက ပြည်ပမီဒီယာတွေကနေ ကြက်တူရွေးစာအံသလို ထပ်ချည်းတလဲလဲ မေးနေတဲ့ ဖွတ်ကြား မေးခွန်းပဲ။ မဖြေဘူး။”

“ကိုကြီးပေါ်ဆိုတာလဲ ဘာမှ မဟုတ်တဲ့ကောင် ဆိုတော့ ဒီလိုမေးရင် လူအထင်ကြီးမလားလို့ မေးကြည့်တာပါ။ သူတို့က ကမ္ဘာကျော်တွေ မဟုတ်လား။ အတုခိုးကြည့်တာပါ။ စိတ်တော့ မဆိုးပါနဲ့။ မောင်ချွန်တွန်း မြင်တာလေး တခုတော့ ပြောပါဦး။”

“အလုပ်မရှိ အကိုင်မရှိတွေက အလကားရတဲ့ I vote တီရှပ်တွေ ၀တ်ပြီး လမ်းသလားနေတာပဲဗျ။” ဂွပ်…

ကိုကြီးပေါ်ရဲ့ အထူးသတင်းထောက် မောင်ချွန်တွန်းလဲ ဘုတောပြီး ဖုန်းချသွားလေရဲ့။ သူပြောသလို ယတြာချေတဲ့ အနေနဲ့ အလံပြောင်းတာ ဆိုရင်တော့ ကိုကြီးပေါ်တို့ ရွှေပြည်တော်သားတွေဟာ နှစ်ဆယ့်တစ်ရာစုရဲ့ အထူးခြားဆုံး လူသားမျိုးနွယ်တခုလို့ ဆိုရတော့မှာပါပဲ။

ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ ယတြာဆိုတာ လူသားတွေရဲ့ အတွေးအခေါ်မှာ မရှိတော့ပါဘူး။ ရှိခဲ့ရင်လည်း အဲဒါဟာ စိတ်ခံစားမှုပေါ် အခြေခံတဲ့ စိတ်စွဲရောဂါ တမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ စိတ်ကျေနပ်မှု အရ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ယတြာလုပ်တာကိုတော့ လူ့သဘာဝ နားလည် ခွင့်လွှတ်နိုင်စရာ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတခု အမျိုးသားတရပ်လုံးနဲ့ ပတ်သက်တဲ့ ကိစ္စတခုကို ယတြာလုပ်တယ် ဆိုရင်တော့ ဒီလူသားတွေဟာ လူလိုတွေးတဲ့ လူတွေမှ ဟုတ်ပါရဲ့လားလို့ ထင်မှတ်စရာပါပဲ။

အဖြောင့်တွေးရင် အတော်ရှက်စရာ ကောင်းတဲ့ အဖြစ်ပါ။ ဒါပေမယ့် ကိုကြီးပေါ်တော့ လုံးဝကို မရှက်ပါဘူး။ ဘာကြောင့်ဆို ကြွေးထူမပူ သန်းထူမယား တဲ့။ ရွှေပြည်တော်မှာ ရှက်စရာတွေ များလွန်းလို့ ရှက်တယ်ဆိုတာ ဘာလဲလို့ မေးနေရပြီဆိုတော့၊ ကိုကြီးပေါ်လဲ ဘာရှက်နေစရာ လိုမလဲနော့။

အဲ လတ်တလော ပေါ်လာတဲ့ အခက်အခဲ တခုကတော့ ဒီမိုသမားတွေ ဆန္ဒပြတဲ့အခါ ဘယ်အလံကို မီးရှို့ရမလဲ ဆိုတာပါပဲ။ အလံဟောင်းကို ရွေးရင် နအဖတောင် မသုံးတော့တာမို့ ဘာမှ အဓိပ္ပာယ်မရှိပြန်ဘူး။ အလံသစ်ကို ရွေးပြန်တော့ သူတို့ အမိန့်အာဏာကို သွယ်ဝိုက်ပြီး အတည်ပြုပေးရာ ရောက်ပြန်ရော။ ကိုင်း ဘယ်လို လုပ်ရင် ကောင်းမယ်ပ။

ကိုကြီးပေါ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, October 19, 2010

ကိုရက်ပ်-စ် မြန်မာအလုပ်သမား ပို့ဆောင်ရေး နာမည်သာပြောင်း၍ လူပြောင်းမည်မဟုတ်ဟု ဆို

ဆောအူးလ် ။
၂၀၁၀ပြည့်နှစ် ၊ အောက်တိုဘာလ ၁၉ ။

ကိုရီးယားအီးပီစနစ် (ကိုရက်ပ်-စ်) (Korean Employment Permit System: KorEPS) ဖြင့် ကိုရီးယားနိုင်ငံသို့ မြန်မာ အလုပ်သမားများ စေလွတ်ရေး ကိစ္စနှင့် ပတ်သက်၍ ၊ အောက်တိုဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးမှ တာဝန်ရှိ အရာရှိ တစ်ဦးက ကိုရီးယားသံရုံးတွင် မြန်မာ စာနယ်ဇင်းသမားများနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း ၊ သတင်းစာ ရှင်းလင်းပွဲမှ အကြောင်းအရာများကို အောက်တိုဘာလ ၁၂ ၊ ၁၃ ရက်နေ့များတွင် မြန်မာအစိုးရထုတ် သတင်းစာများနှင့် ပုဂ္ဂလိက စာနယ်ဇင်းများ၌ ထုတ်ပြန် ဖော်ပြခဲ့ကြောင်း သိရသည် ။

ယခု မြန်မာအလုပ်သမားများကိုရီးယားနိုင်ငံသို့ ပို့ဆောင်ရေးကိစ္စသည် ၊ မြန်မာပြည်တွင်းထုတ် စာနယ်ဇင်းများတွင် ဖော်ပြ ပါရှိသည့် အတိုင်း မြန်မာ အစိုးရနှင့် ကိုရီးယား အစိုးရတို့ တရားဝင် ညှိနှိုင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်ဟု ဟန်းဂုရွာ သတင်းရပ်ကွက်မှ စုံစမ်းသိရှိရပါသည် ။
သို့ရာတွင် ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများစေလွတ်ရေးအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Understanding) ကိုမူ မြန်မာအစိုးရနှင့်ကိုရီးယားအစိုးရတို့ ယခုအချိန်ထိ တရားဝင်ချုပ်ဆိုနိုင်ခြင်းမရှိသေးကြောင်း ၊ လိုအပ်သည့် စာရွက်စာတမ်းများကို နိုဝင်ဘာလ ၂ ရက်နေ့ မတိုင်မီ ကိုရီးယားအစိုးရထံသို့ အရောက်ပေးပို့ရန် မြန်မာဖက်က စီစဉ်နေဆဲဖြစ်ကြောင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးမှ တာဝန်ရှိသူတစ်ဦး၏ ခန့်မှန်းချက်အရ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးကြလိမ့်မည်ဖြစ်ကြောင်း ဟန်းဂုရွာ သတင်းရပ်ကွက်မှ စုံစမ်းသိရှိရပါသည် ။

ထို့ပြင် စိတ်ဝင်စားဖွယ် သိရှိရသည်မှာ ၊ ယခင် ကိုရီးယားသို့ မြန်မာသင်တန်းသားများ စေလွတ်ခဲ့ရာတွင် အကျိုးဆောင်ခွင့်ရရှိခဲ့သည့် ကမ္ဘာကျော် အကျိုးဆောင် ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ယခု ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပြီး ၊ ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟုဆိုသည် ။ ဈေးကွက်မြှင့်တင်ခံရပ်ကွက်မှ စုံစမ်းသိရှိရသည်မှာ မြန်မာလုပ်သားလောင်းများ ကိုရီးယားနိုင်ငံသို့ ထပ်မံပို့ဆောင်နိုင်ရေး စွမ်းစွမ်းတမန် အားကျိုးမာန်တက် ဆောင်ရွက်ပေးနေသည့် ပုဂ္ဂိုလ်ကျော်များမှာ ယခင် ကမ္ဘာကျော် အကျိုးတော်ဆောင် ကုမ္ပဏီမှ လူကြီးမင်းများပင်ဖြစ်ပြီး ၊ အကြောင်းအမျိုးမျိုးကြောင့် ၄င်းတို့နာမည်ကို တရားဝင်သုံးစွဲခြင်းမပြုဘဲ ၊ ကုမ္ပဏီ ဝန်ထမ်းဟောင်း၏ နာမည်ကို အသုံးပြုလျက် မြန်မာလုပ်သားလောင်းများ ကိုးရီးယားနိုင်ငံသို့ ပို့ဆောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ယခု ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပြီး ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်နေသည့် ကမ္ဘာကျော် အကျိုးဆောင် ကုမ္ပဏီမှ ဝန်ထမ်းဟောင်း က ဆိုပါသည် ။

ယခုအခါ ကိုရီးယားအီးပီစနစ်ဖြင့် ၊ ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားလောင်းများ ပို့ဆောင်ပေးမည့် အေဂျင်စီကို “နာမည်သာပြောင်း၍လူမပြောင်း” သော အကျိုးဆောင်လုပ်ငန်းကြီးဟု ဝေဖန် ပြောဆို နေကြ သည်များလည်း ရှိနေပါသည် ။

မြန်မာပြည်တွင်း စာနယ်ဇင်းများ၌ ထုတ်ပြန်ခဲ့သည့် သတင်းများတွင် ၊ မြန်မာလုပ်သားလောင်းများ အနေဖြင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိရေးအတွက် မည်သူ့ကိုမျှ အကျိုးဆောင်ခ ပေးရန်မလိုကြောင်း ဖော်ပြထားသော်လည်း ၊ မည်သူတွေက မည်သူ့ဆီမှ အကျိုးဆောင်ခ ဘယ်လောက်တောင်းယူထား၍ မည်သို့ ပြဿနာ တက်နေပါသည်ဆိုသည့် သတင်းများကို ဟန်းဂုရွာက နားမထောင်လိုသော်လည်း ၊ ကျနော်တို့ ထပ်မံ ကြားရပေလိမ့်ဦးမည် ထင်ပါသည် ဟု ကိုဝိုင်း(မိုးညှင်း) က ပြောသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 3, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၆

ကိုကြီးပေါ်ကို မိတ်ဆွေများက မေးလေ့ရှိပါတယ်။ “ချောင်းလို့ မကုန်သေးဘူးလား”တဲ့။ အကောင်း မေးတာလား။ ရွဲ့မေးတာလားတော့ မပြောတတ်ပါဘူး။ ဒီလို မေးဖော်ရတာကိုပဲ ကိုကြီးပေါ်က ငါဟုတ်လှပြီ ဆိုပြီး ဘ၀င် ကြိတ်မြောက်နေတာကိုတော့ သူတို့ မသိရှာဘူး ထင်ပ။ အဟဲ…။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ကြံဖန်ပြီး အထင်ကြီးအောင် လုပ်ရတာပဲ မဟုတ်လား။ ဟို အမေရိကန် ဆိုတဲ့ နိုင်ငံကြီးမှာတောင် ကျောင်းပညာရေးထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် မွေးပေးရမယ်လို့ လုပ်ခဲ့ကြသေးတယ်လေ။ နောက်ဆုံးတော့ ဘ၀င်ရူးလေးတွေ များများလာလို့ သူတို့ ပညာရေးကို ပြန်ပြင်လိုက်ပါပြီ။ ဒါပေမယ့် အမေရိကန်လို့ ဆိုတာနဲ့ ငါတို့က အားလုံးထက်သာတယ် ဆိုတဲ့ ညဉ်ကလေးကတော့ ကျန်နေသေးတယ် ထင်ရဲ့။

တကယ်တော့ အမေရိကန်တွေက အထင်ကြီးစိတ်ကို မွေးမြူပေးရမယ်လို့ မသိခင်ကတည်းက မြန်မာဏသီ ရွှေပြည်တော်ကြီးက အနှီ ပုဂ္ဂိုလ်ကြီးငယ်တွေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလို့ လေထဲမှာ တလူလူလွင့်နေခဲ့တာ ကြာလှပေါ့။ ရွှေပြည်တော်ကို ငါတို့ စစ်တပ်ကြီး ကယ်တင်မှရမယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင် အကြီးကြီးနဲ့ လုပ်ခဲ့ကြတာ ခုဆိုရင် ကမ္ဘာမှာ သတင်းတမွှေးမွှေးနဲ့ ဖြစ်နေရော့ မဟုတ်လား။

၈၈ မှာ အာဏာလက်ရှိ မဆလပါတီက သူ့ခါးပိုက်ဆောင် စစ်တပ်ကို အာဏာ ခဏလွှဲပေးပြီး ရွေးကောက်ပွဲ လုပ်ခိုင်းခဲ့တယ်လေ။ ရည်ရွယ်ချက်ကတော့ “တပါတီစနစ်” ကနေ “စစ်တပ်ထောက်ခံသော တပါတီ ကြီးစိုးတဲ့စနစ်” ကို အသက်သွင်းဖို့ပါပဲ။ သွားလေသူ ဗိုလ်နေ၀င်း အပါအ၀င် ထိပ်ပိုင်း ပုဂ္ဂိုလ်ကြီးများ အသေအချာ ပေသီးခေါက်ထားတဲ့ တွက်ကိန်းကြီးပေါ့ ခင်ဗျာ။ သူတို့ တွက်ကိန်းကလည်း မဆိုးပါဘူး။ ကလေးက အစ အလွယ်ကလေး သိတယ်ဆိုတော့ အတော်လေး ကြိုးစား တွက်ချက်ထားပုံ ရပါတယ်။

ဒီမိုကရေစီကို လိုလားတဲ့ ပါတီတွေက ရာနဲ့ချီလို့။ ဒီတော့ မဲတွေက အကုန် ပြန့်ကုန်မှာ။ နှစ်ဆယ့်ခြောက်နှစ် စည်းရုံးထားတဲ့ ငါတို့ တစညပါတီက မဲအရေအတွက် ၂၅ ရာနှုန်းလောက်ပဲ ရဦး မဲတနယ်ချင်းအလိုက် အများဆုံး ဖြစ်ပြီး ငါတို့ပဲ အနိုင်ရမယ်ပေါ့။ တကယ်တော့ သူတို့ တွက်တာ မမှားပါဘူး။ တစညပါတီဟာ စုစုပေါင်း မဲအရေအတွက်မှာ ၃၅ ရာနှုန်းလောက်နဲ့ ဒုတိယလိုက်ပါတယ်။ ရွှေပြည်တော်သားတွေကသာ တက်တက်ကြွကြွ မဲမထည့်ခဲ့ဘူး ဆိုရင်၊ ဒီချုပ်တခုတည်းကိုပဲ သဲသဲမဲမဲ မဲမထည့်ခဲ့ကြဘူး ဆိုရင် ဗိုလ်နေ၀င်းတို့ လက်ခမောင်း ခတ်ဦးမှာပေါ့။ အဲသလို ပိုင်ပြီဆိုပြီး အထင်ကြီး တခွဲသားနဲ့ လုပ်ချလိုက်တာ ငါ့နဖူး ဟက်တက်ကွဲရောဟ ဆိုသလိုပေါ့။

ဒီတခါလည်း ဗိုလ်ချုပ်မင်းကြီးများက ကိုယ့်ကိုယ်ကိုယ် အထင်တကြီးနဲ့ လုပ်နေပြန်ပါပြီ။ အထင်ကြီးချက်များ ဘယ်လောက်သင်းသလဲ ဆိုရင် ကြပ်ပြေး ပျဉ်းမနားမှာ မဲဆန္ဒနယ်ဖွဲ့ပြီး ပုဆိုးဝတ် ဗိုလ်ချုပ်ကြီးများက ၀င်အရွေးခံမတဲ့လေ။ အဲသည့်မှာ မဲပေးနိုင်သူ စာရင်းက ထောင်ဂဏန်းတောင် မရှိပါဘူးတဲ့။ ဒါတောင် ဗိုလ်ချုပ်မင်းတွေရဲ့ တဆွေလုံး တမျိုးလုံး တပည့် ကပ်ပါး လက်ပါးစေ အိမ်မွေးတဲ့ ခွေး ကြောင်က အစ စာရင်းထည့်ထားတာလို့ ဆိုသဗျ။

ပျဉ်ဖိုးနားလည်ထားတဲ့ ဗိုလ်ချုပ်မင်းတွေက ဒီတခါတော့ အငှားပါတီတွေ ဘာတွေ မထားတော့ပါဘူး။ သူတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး ပေးလို့ ရထားတဲ့ အာဏာအမွေကလေး အတော်ခိုင်သွားပြီ ဆိုတော့ သူ့ပါတီနဲ့လည်း အိုးစားခွဲလိုက်တာ ကြာပါပြီ။ ဟုတ်တာပေါ့။ ကိုယ်ရထားတဲ့ အမွေ ဘာလို့ ပြန်ပေးမလဲ။ ဘာလို့ ရှယ်ယာ လုပ်မလဲ။ ကိုယ်ပဲ အပိုင် ကိုင်ထားရပေမပေါ့။ ဒီတော့ ကိုယ်ပိုင်ပါတီ ထောင်သပေါ့။ လွှတ်တော်ထဲမှာလည်း ၂၅ ရာနှုန်း ယူသပေါ့။ ကဲ ဘာဖြစ်သေးလဲပေါ့။ ငါတို့ အကုန်လုပ်နိုင်တယ် ဆိုတဲ့ အထင်ကြီးစိတ်နဲ့ ဗိုလ်ချုပ်မင်းများ ထင်ရာစိုင်းချက်ကတော့ နာဂစ်ထက် ပြင်းပါသေးရဲ့။

ရွှေပြည်တော်ကြီးမှာ ကျင်းပဖို့ အကြီးအကျယ် ပြင်ဆင်နေတဲ့ ကောက်ရွေးပွဲ ဆိုတာက ကမ္ဘာပေါ်မှာ တခါမှာ မပေါ်ထွန်းသေးတဲ့ ဖြစ်စဉ်တခုပါပဲ။ ဒီဖြစ်စဉ်ကို အသေးစိတ် လေ့လာမှတ်သားပြီး စာတမ်းတွေ ကျမ်းတွေ ပြုစုမယ်ဆိုရင် ဒေါက်တာဘွဲ့လောက်တော့ အသာကလေး ရနိုင်တာပ။ ဘာကြောင့်လဲ ဆိုတော့ ပြောချင်ရာ ပြောပြီး လုပ်ချင်ရာ လုပ်တဲ့ ကောက်ရွေးပွဲဆိုတာ လူ့သမိုင်းမှာ ဒါပထမဆုံးပဲလေ။ ဒီအထဲမှာ မထည့်မဖြစ် ထည့်ရမှာကတော့ ဒီမိုကရေစီ ဆိုင်းဘုတ်အောက်က အမတ်ရူးတွေ ပါပဲ။

အမတ်ရူးတွေလို့ ပြောရတာတော့ အားနာစရာ ကောင်းပါရဲ့။ ကောက်ရွေးပွဲ ဖြစ်စဉ်ကြီးကို ရှောင်လွှဲမရလို့ ဒီကွင်းထဲ ၀င်ကစားတာကို ကိုကြီးပေါ်က နားလည်ပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ့်ရဲ့ နိုင်ငံရေး ကစားစရာ ကွင်းအဖြစ် သဘောထား လှုပ်ရှားကြမယ်ဆိုရင်၊ လူထုမှာ နိုင်ငံရေး နိုးကြားမှု လှုပ်ရှားမှု တစုံတရာ ဖြစ်လာနိုင်တာပေါ့။ ကလိမ်ကကျစ် ကိစ္စတွေကိုလည်း တဖက်တလမ်း ဖော်ထုတ်နိုင်စရာ ရှိတာပေါ့။ အခုတော့ ၃၇ မင်း … အဲ ယောင်လို့ ၃၇ ပါတီစလုံးရဲ့ ဦးတည် လှုပ်ရှားနေပုံက ကောက်ရွေးပွဲမှာ အောင်နိုင်ရေးတဲ့လေ။ ပွဲမစခင်ကတည်းက အဖြေထွက်ပြီးသား ကောက်ရွေးပွဲမှာ နိုင်ငံရေး အကျိုးအမြတ်ကို မရည်ရွယ်ဘဲ အမတ်ဖြစ်ဖို့ ရည်ရွယ်တယ်ဆိုတော့ အနှီပုဂ္ဂိုလ်များကို အမတ်ရူးလို့ ကင်ပွန်းတပ်ရုံမှတပါး အခြားမရှိတော့ဘူးပေါ့။

ဟိုး အတော် စောစောတုန်းကတော့ လွှတ်တော်ကနေ အခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့ အသံတွေ ကြားခဲ့ရသေးရဲ့။ အဟဲ အခုလို မဲဆွယ်ကာလလည်း ရောက်ရော အဲဒီအသံတွေ ဘယ်ရောက်သွားပါလိမ့်။ ကိုကြီးပေါ် အင်တာနက်က ချောင်းနားထောင်တာ ဘာမှ မကြားရတော့ပါလား ဟရို့။ လွှတ်တော်မှာ ဘာတင်ပြမယ် ညာတင်ပြမယ် ဆိုတာတွေတော့ ကြားလာပြန်ရဲ့။ အမတ်မင်းကြီးများက ကောင်းပေ့ ညွန်ပေ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ဆိုတာ ခဏထားပါဦး။ အမတ်မင်း တို့အတွက် လွှတ်တော်တက်တဲ့ ရုံးစရိတ် ဘယ်လောက်ရမှာလဲ ဆိုတာ သေချာအောင် အရင်လုပ်ပါဦးလို့ ကိုကြီးပေါ်က တိုက်တွန်းချင်ပါရဲ့။

ရွှေပြည်တော်ကို မျှော်ကြည့်လိုက်ရင် ဒီပွဲက တယောက်တည်းပြေးတဲ့ ပွဲပါပဲ။ အခြား ပြိုင်ပွဲဝင် ပါတီတွေဟာ ကင်ပေတိုင် လက်ချက်နဲ့တင် အားလုံး ပက်လက်လန်နေကြပြီ ဟုတ်။ ပြေးလမ်းပေါ်တောင် တက်မယ် မကြံရသေးဘူး ကင်ပေတိုင်က ကုပ်ကိုင် ဆွဲထုတ်နေပြီကော။ အမျိုးသားညီလာခံမှာ ခေါင်းပေါင်း တလူလူနဲ့ အသုံးတော်ခံခဲ့တဲ့ ကချင်ခေါင်းဆောင်ကြီးခမျာ ပါတီလည်း ဖွဲ့မရ၊ အမတ်လည်း ၀င်ရွေးမရ၊ လက်နက် ပြန်ကိုင်လို့လည်း မရ။ အင်း မျောက် သစ်ကိုင်းလွတ်တယ် ပြောရလား။ ကျောချမှ ဓားပြမှန်းသိတယ် ပြောရမလား။ အရှင်ကြီး ချီးမြောက်ခါမှ သမီးပါ လင်နောက်လိုက်တယ် ပြောရမလား။

သြော် စဉ်းစားကြည့်ရင် အနှီပုဂ္ဂိုလ်တွေလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဒီတပွဲမှာ ၀င်နွှဲကြတာပဲ မဟုတ်လား။ နိုင်ငံရေး အကွေ့တခုမှာ ငါတို့ တနေရာတော့ ရနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ၀င်ကြိတ်တာ မဟုတ်ပါဘူး ဆိုရင် ဘယ်လို ဆင်ခြေပေးမလဲ ဆိုတာ ကိုကြီးပေါ် ကြားလိုက်ချင်ပါရဲ့။

ရွှေပြည်တော်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူတွေ လှုပ်လှုပ်ရွရွ ဖြစ်နေသလောက် သာမန် ရွှေပြည်တော်သား တွေကတော့ ၀မ်းရေးအတွက် ရတက်မအေးရလို့ ကောက်ရွေးပွဲဆိုတာ ဂျိုနဲ့လားလို့တောင် မေးယူရမယ့် အဖြစ်ပါပဲ။ ကောက်ရွေးပွဲကို ရွှေပြည်တော်သားတွေကို စိတ်ဝင်စားစေချင်တယ် ဆိုရင် လုပ်တဲ့နည်းတွေ ရှိပါရဲ့။ မဲဆွယ်စည်းရုံးရေးတွေ လုပ်ပြီး နိုင်ငံရေး နိုးကြားအောင် လုပ်ဖို့ မလိုပါဘူး။ ထိုင်းက သက်ဆင်လို ပိုက်ဆံပေးပြီး မဲဝယ်စရာလည်း မလိုပါဘူး။

လုပ်ရမယ့်နည်းက မဲဆန္ဒနယ်ထဲမှာ ကောက်ရွေးပွဲလုပ်လို့ ထွက်ပေါ်လာမယ့် ဂဏန်းတွေရဲ့ နောက်ဆုံး သုံးလုံး နှစ်လုံးကိုသာ လောင်းကစားလုပ်ဖို့ ခွင့်ပေးလိုက်ပါ။ မဲဆန္ဒရှင်တွေ မဲရုံရှေ့မှာ တအုန်းအုန်းနဲ့ ၀ရုန်းသုန်းကား ဖြစ်မနေရင် ကိုကြီးပေါ်ကို ပြောချင်တိုင်းပြော။

ကိုကြီးပေါ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 28, 2010

တောင်ကိုရီးယားမှ ထုတ်လုပ်ဖြန့် ချီမည့် “အကုန်ထ အုံကြွ” တေးသီချင်းစီဒီ

ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာများ အတူတကွ ပူးပေါင်းပြီး စီစဉ်တင်ဆက်ထားသည့် အကုန်ထအုံကြွဟု အမည်ပေးထားတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၂) တေးသီချင်းစီဒီ ကို နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် လာမည့် အောက်တိုဘာလ (၃)ရက် တနင်္ဂနွေနေ့တွင် စတင် ထုတ်ဝေဖြန့်ချီမည်ဟု စီစဉ်ထားကြောင်းသိရပါတယ် ။

ထိုတေးသီချင်းစီဒီထဲတွင် တချိန်ကနာမည်ကြီး လူကြိုက်များပြီး အများပါးစပ်ဖျားဝယ် ရေပန်းစားခဲ့သည် မြန်မာ့ခေတ်ဟောင်းတေးသီချင်းများဖြစ်သည့် သုံးပန်လှ ၊ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ၊ အစရှိသည့် တေးသီချင်း(၈)ပုဒ်ရဲ့ တေးသွားသံစဉ်နှင့်အလိုက်ကိုယူပြီး အထူးသဖြင့် နအဖ စစ်အုပ်စုရဲ့ ကလိမ်စေ့ငြမ်းဆင် လိမ်ညာလှည့်စားထားပြီး မကြာခင်လပိုင်းအတွင်းကျင်းပပြုလုပ်ရန် ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချထားကာ လှောင်ပြောင်သရော်ထားသည့် စာသားများဖြင့်ထည့်သွင်းကာ ပြန်လည်သီကုံး ထားပြီး တင်ပြသီဆိုထားခြင်းဖြစ်ပါတယ်။




သီချင်းစာသားများကို ရဲနိုင်ဝင်း(ရွှေကျွန်း)မှ တကိုယ်တော်ပင်တိုင် ရေးသားသီကုံးထားပြီး ၊တေးသီချင်းများကို အာကြယ်၊ ၀င်းလှိုင်(နန်းတော်ရှေ့)နှင့် အာဗြဲ တို့က အထူးခံစားသီဆိုသရော်ထားကြပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ Sound 21 စတူဒီယိုတွင် ခေတ်မီအသံဖမ်းစက်ကရိယာများဖြင့် အကောင်းဆုံးဖြစ်အောင် အသံသွင်း ဖမ်းယူထားကြောင်းသိရပါတယ်။

တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွန်း)နှင့် အဆိုရှင်များဖြစ်ကြသည့် အာကြယ် နှင့် အာဗြဲ တို့အတွဲဟာ လွန်ခဲ့သည် ၂၀၀၇ ခုနှစ်ကလည်း ခြစားယို့ယွင်း မြန်မာ့ရှု့ခင်း လို့အမည်ရှိတဲ့ ပြည်သူ့ရင်ဖွင့်သံတေးစု(၁)ကို စတင်ထုတ်ဝေဖြန့်ချီခဲ့ပြီး နအဖစစ်အုပ်စုကိုအကွက်ကျကျအချက်ကျကျဖြင့် လှောင်ပြောင်သရော်ထားသည့် သူတို့ရဲ့တေးသီချင်းများသည် ကမ္ဘာအနှံ့အပြားရှိ မြန်မာနိုင်ငံသားများအတွင်းမှာ အောင်မြင်ကျော်ကြားရေပန်းစားခဲ့သည့် တေးသီချင်းများအဖြစ် မှတ်တမ်းတင်ထားနိုင်သူများဖြစ်ခဲ့ပါတယ်၊

ယခုတကြိမ် အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစု(၂)အား စီဒီတစ်ချပ်လျှင် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ ကိုရီးယားဝမ်(၅၀၀၀)နှုန်းဖြင့် ဖြန်ချီရောင်းချပေးမှာဖြစ်ပြီး ကမ္ဘာအနှံအပြားမှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ အလိုရှိလျင် စီဒီတချပ်လျင် အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနှုန်းဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပေးပို့ရမည့် နိုင်ငံအလိုက်စာတိုက်ပို့ခကြေးကို ထည့်ပေါင်းပေးဆောင်ရမည်မှာဖြစ်ပါတယ်။ ရရှိလာမည့် အကျိုးအမြတ်အားလုံးကို မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများအကျိုးကိုဆောင်ရွက်နေသည့် လူမှုရေး အဖွဲ့အစည်းများအား ပေးပို့လှုဒါန်းကူညီသွားမှာဖြစ်သည့်အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် ၀ယ်ယူအားပေးခြင်းဖြင့် အတူတကွ ကုသိုလ်ပါဝင်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတွေစီစဉ်တာဆိုရင် သူများတွေနဲ့မတူ တမူ ထူးခြားတတ်တာမို့ ကမ္ဘာအနှံအပြားက မြန်မာတို့အနေနဲ့ ယခု အကုန်ထ အုံကြွ လို့အမည်ပေးထားသည့် တေးသီချင်းစီဒီကို အမြဲ တမ်းနားဆင်ဖို့နှင့် အမှတ်တရ သိမ်းဆည်းထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုရန်နိုင်ထွန်း(ဖုံးနံပါတ်+၈၂+၁၀-၈၇၂၃-၄၇၇၃)ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး

အီးမေလ်းအနေနဲ့ဆိုရင် yannainghtunkorea@gmail.com ကို စာရေးမှာကြားနိုင်သလို

အကုန်ထအုံကြွ ပြည်သူ့ရင်ဖွင့်သံ တေးစုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသူများ အနေဖြင့် တေးရေးဆရာ ရဲနိုင်ဝင်း(ရွှေကျွှန်း) (ဖုံးနံပါတ်+၈၂+၁၀-၄၇၉၉-၄၃၂၂)နှင့် တေးသံရှင် ၀င်းလှိုင်(နန်းတော်ရှေ့) (ဖုံးနံပါတ်+၈၂+၁၀-၅၁၈၀-၂၂၀၈) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 3, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၅

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ မိုးဥတုဟာ အရေးပါတဲ့ ကာလတခု ဖြစ်လေ့ရှိပါတယ်။ ဆန်စပါးကို အဓိက အားထားရတဲ့ ရွှေပြည်တော် ဖြစ်တာမို့ မိုးအခါမှာ လယ်ယာလုပ်ငန်းကို အားစိုက်ခွန်စိုက် လုပ်ကြရလေ့ ရှိပါတယ်။ မိုးမှာ စိုက်မှ ဆောင်းမှာ ရိတ်နိုင်မှာ မဟုတ်လား။ မိုးလွန်မှ ထွန်ချလို့ မရဘူးလေ။

အဲသည့် မိုးအခါမှာပဲ မြန်မာ့နိုင်ငံရေး မုန်တိုင်းတွေ ထန်ခဲ့လေသပေါ့။ ရွေးကောက်ပွဲ နှစ်ပတ်လည်, ဒေါ်စုမွေးနေ့, ဆဲဗင်းဇူလိုင်, အာဇာနည်နေ့, ရှစ်လေးလုံး, စက်တင်ဘာ ၁၈, ရွှေဝါရောင် စတာတွေ စီကာစဉ်ကာပါပဲ။ ဒီလို နိုင်ငံရေး မုန်တိုင်းထန်ချိန်မျိုးမှာ နိုင်ငံအုပ်ချုပ်တဲ့ ဗိုလ်ချုပ်မင်းကြီးများကတော့ ရွှေပြည်တော်ကြီး တိုးတက် သာယာ ဖွံ့ဖြိုး ကြီးထွား ပေါက်ပြဲ နေပုံများကို တိုင်းခန်းလှည့်လည် ကြည့်ရှုတော်မူတတ်ပါတယ်။

ဒီနှစ်မှာတော့ ကြပ်ပြေးလိုဏ်ခေါင်းများကို အစိုးရတော်မူသော ဗိုလ်ချုပ်မင်းကြီးက မဇ္စျိမဒေသသို့ တိုင်းခန်းလှည့်လည်တော် မူတယ်ခင်ဗျ။ ကိုကြီးပေါ်လည်း တရုတ်-၀ုခုန်းရဲ့ မဇ္ဈိမခရီးနဲ့ ရွှေ-၀ုခန်းရဲ့ မဇ္စျိမခရီး ဘယ်လိုနေသလဲလို့ ချောင်းကြည့်လိုက်မိတယ် ခင်ဗျ။

ဆင်ဖြူယောင် ဂါတဲ့အခါ

ရွှေပြည်တော် အနောက်ဖက်က ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ ကုလားပြည်ဟာ ဗိုလ်ချုပ်မင်းကြီးများနဲ့ နှစ်ပြည့်တပြည် ပလူးပလဲ လုပ်နေတာ နှစ်အတော်ကြာပါပြီ။ အရင်တုန်းကတော့ ဒီ မမိုရင် ကရေ မစီဘူး ရယ်လို့ ခတ်တင်းတင်း နေခဲ့လေသပေါ့။ ဒါပေမယ့် ဗိုလ်မင်းများကို အရှေ့ဖက် တရုတ်ကြီးက “ပေါက်ဖော်” လုပ်တော့ အနောက်ဖက် ကုလားကြီးကလည်း “ဆွေမျိုး” လုပ်လာရတာပါပဲ။ အဲ… ကြားထဲက နအဖကို တရုတ်နဲ့ ကုလားက တယောက်တဖက် ဆွဲနေကြပေမယ့် သူတို့ချင်းတော့ လက်ချင်းတိုက်ရိုက် ဆွဲမဆွဲ မသေချာဘူး ခင်ဗျ။

အခု ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ကို ဒုတိယမ္ပိ ကြွတော်မူတာကို “ချစ်ကြည်ရေး”လို့ ခေါင်းတပ်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေါင်းတပ်တပ်ပါလေ နောက်ဆုံးတော့ ဆွေမျိုး-ပေါက်ဖော် ပြဇာတ်ကကြတာပဲ ဆိုတာ အားလုံး သိပြီးသားရယ်ပါ။ ဒီခရီးမှာ သဘောတူ စာချုပ်တွေ, နားလည်မှု စာချွန်လွှာတွေ တထပ်ကြီး လက်မှတ် ရေးထိုးကြပါတယ်။ တရုတ်ဖက်က ကြိုးတချောင်း တင်းရင် ကုလားဖက်ကလည်း ကြိုးတရစ် တင်းရပေမပေါ့။

ဒီခရီးမှာ နိုင်ငံရေးအရ ဘာညာဘာညာ ဆိုတာတွေထက် အများသူငါ စိတ်ဝင်စားတာကတော့ “ငွေရောင်ပ၀ါ” ဖက်ရှင်နဲ့ “ဂန္ဒီဂျီးဗိမာန်”ကို ဂါရ၀ါပြုတာပါပဲ။

ဗုဒ္ဓဂါယာမှာ ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကတော်တို့ ဘုရားဖူးကြတဲ့အခါမှာ ငွေရောင်ပ၀ါ လည်မှာ စုံချထားတဲ့ ဖက်ရှင်အသစ်ကို တွေ့လိုက်ရပါတယ်။ အင်း… ဘုရားဖူးတဲ့အခါ ပခုံးပေါ်မှာ တင်တဲ့ အ၀တ်ဆိုတော့ တဘက် ခေါ်ရမလားပဲ။ သို့သော် တဘက်ဆိုရင် ပခုံးတဖက်တည်းမှာ တင်ချင်တင် ဒါမှမဟုတ် ညာချိုင်းအောက်ကနေ ဘယ်ပခုံးထက်ကို ရစ်သိုင်းပြီး လက်ကတော့ထိုးရင်ထိုး ဒီလို လုပ်ကြလေ့ ရှိတယ် မဟုတ်လား။ ခုနှယ် လည်ပင်းမှာ ဘယ်ညာစုံချထားတော့ ပ၀ါလား မာဖလာလား တဘက်လား ဘယ်လို ခေါ်ရမယ် မသိ။ ထားပါတော့။ ဒီဇိုင်း အသစ်လို့ပဲ ဆိုကြပါစို့။

အဲသည် ဒီဇိုင်းအသစ် ဖျတ်ခနဲ ပေါ်လာတာနဲ့ ဗိုလ်ချုပ်မင်းကြီးကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ရွှေပြည်တော်သားတွေက လှစ်ခနဲ မြင်ပြီးသားပဲ။ မြင်လျှင်မြင်ချင်းပဲ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဆက်တိုက် ပေါ်လာတာပါပဲ။ ဒါ ယတြာချေတာ…။ ငွေရောင်ဆိုတာ ဘာလဲ…။ ဘာလို့ လည်မှာ စုံချတာလဲ…။ လဲ လဲ လဲ … အောက်မလေး ဖွင့်ဆိုချက်တွေ မေးခွန်းတွေ တသီကြီးကို ထွက်လာတော့တာပါပဲ။ ကိုကြီးပေါ်တောင် မူးနောက်သွားတယ်။

ဟိုလိုဒီလို ပြောကြတာတွေကို ကိုကြီးပေါ် ပြန်ပြောမနေတော့ပါဘူး။ သိချင်ရင် ရှာသာဖတ်ကြည့် လက်တို့မေးကြည့် ကြပါတော့။ မိုးသောက်ကြယ် ပရိသတ်ကိုတော့ သို့လောသို့လောတွေ အတွေးပွား မနေရအောင်လို့ ကိုကြီးပေါ်က တခါတည်း ပြောလိုက်ပါ့မယ်။ မှတ်ထားလိုက်ကြပေတော့။

တကယ်က ဗိုလ်ချုပ်မင်းကြီး မောင်နှံ ငွေရောင်ပ၀ါ လည်မှာ စုံချတာဟာ “ငါတို့ ဆင်ဖြူသခင်” ဖြစ်ပြီလို့ သင်္ကေတနည်းနဲ့ ဖော်ပြလိုက်တာပါပဲ။ ဆက်စပ်ကြည့်လေ။ မကြာသေးခင်က ဆင်ဖြူရတယ်လို့ ကြေညာတယ် မဟုတ်လား။ ဆင်ဖြူသခင် ဖြစ်ကြောင်း ကြွားဖို့ရာ ကြံနေတုန်းမှာ ကုလားပြည် သွားဖို့ကိစ္စ ပေါ်လာတယ်လေ။ ကုလားပြည်ဆိုတာလည်း ဆင်ဖြူရောဂါ ကိုယ်တွင်းပါ နိုင်ငံပဲ မဟုတ်လား။ ဒီကုလားတွေကိုတော့ ငါဟာ ဆင်ဖြူသခင်ပဲဟေ့လို့ ပြောမှဖြစ်မှာပေါ့။

အင်း… ခက်တာက ဆင်ဖြူရကြောင်း ပေါ်တင်ကြီး ပြောရမှာလည်း နည်းနည်း ခက်သလေ။ ဒီတော့ သင်္ကေတနည်းနဲ့ ပြမှပဲဆိုပြီး ငွေရောင်ပ၀ါကို လည်မှာ စုံချလိုက်တာပေါ့။ ငွေရောင်ဆိုတော့ ကြည့်လိုက်ရင် ဆင်စွယ်နှစ်ဖက်လို ထင်ရတာပေါ့။ ဘုရားကန်တော့တဲ့အခါ ခေါင်းလေးအငုံ့ ပ၀ါနှစ်ဖက် ဖျတ်ခနဲအမ ဆိုရင် ဆင်တကောင်အလား တသားတည်းပေါ့။

အဲသလို ဗိုလ်ချုပ်မင်းကြီးက ဆင်ဖြူရှင်ဖြစ်ကြောင်း သင်္ကေတ ပြလိုက်တာကို ဟို ကုလားတွေကလည်း ရိပ်မိတယ် ခင်ဗျ။ သြ… ဒင်းက ဆင်ဖြူရှင်ဆိုပြီး ငါတို့ကို လာကျောတာပေါ့လေ၊ ဒါမျိုးတော့ ဘယ်ရမလဲ၊ ဒီကောင့်ကို ပြန်ဦးနှိမ်မှလို့ ကုလားကလည်း ပြန်တွက်တာပေါ့။ ဒီမှာတင် မဟတ္တမ ဂန္ဒီဂျီးဗိမာန်ကို ဂါရ၀ ပြုဖို့ စီစဉ်လိုက်တော့တာပါပဲ။

ဂန္ဒီ ဆိုတာက လက်နက်မကိုင်တဲ့ ငြိမ်းချမ်းရေးသမား။ နအဖ စစ်ဗိုလ်ချုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဗိုလ်ချုပ်မင်းကြီးကလည်း လက်နက်မဲ့ ငြိမ်းချမ်းရေးသမားကို အထင်ကြီး လေးစားတာ မဟုတ်ပါဘူး။ သိပ်တော့ သွားချင်တာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဂန္ဒီဂျီးကို “ဂါ”လိုက်ရင် “ခွင်”တည့်မယ် ဆိုတာနဲ့ သွား ဂါတာပါ။

ရွှေပြည်တော်မှာ ဘာလုပ်ချင်သလဲ၊ သက်ဆိုင်တဲ့ “အဘ”ကို “ဂါ”လိုက်၊ အားလုံး အိုကေ။ အဘ ဆိုတာက စစ်ဗိုလ်ချုပ်ကြီးများကို ဆိုလိုတာ။ ဂါတယ် ဆိုတာက ဂါရ၀ ရဲ့ အတိုကောက်။ “ကျနော် အဘကို ဂါရ၀ ပြုချင်လို့ပါ” ဆိုပြီး အဘကတော် ဆီမှာ အထုပ်လိုက်, အချောင်းလိုက်, အတံလိုက်, အပွင့်လိုက် ဂါရတယ်တဲ့။ အမလေး ကိုကြီးပေါ်ကို မဟုတ်တယုတ်တွေ ရေးတယ်လို့ ချော်မတွေးနဲ့နော်။ အထုပ်လိုက် ဆိုတာ ပိုက်ဆံ၊ အချောင်းလိုက် ဆိုတာ ရွှေ၊ အတံလိုက် ဆိုတာ ကားသော့ အိမ်သော့၊ အပွင့်လိုက် ဆိုတာ စိန် ကိုပြောတာပါ။

ကုလားပွဲစားက ဂန္ဒီဂျီးကို ဂါလိုက်ပါလို့ တိုက်တွန်းတာနဲ့ သွားဂါကြတာ။ သူတို့က ရွှေပြည်တော်မှာလိုပဲ ခွင်တည့်ချင်ရင် အရင် ဂါရမယ် အမှတ်နဲ့ သွားဂါတာ။ သူ့အတွေးနဲ့သူ အိုကေ။ အဟဲ… ကုလားကလည်း သူ့အကြောင်းနဲ့ သူပါပဲ။ ဂန္ဒီဂျီးက ပွဲကြီးလမ်းကြီးတွေဆိုရင် ဆင်စီးပြီး သွားလေ့ ရှိတယ်လေ။ ဒီအချက်ကိုတော့ ဂိမ်းဆော့ဖို့နဲ့ ကွမ်းဝါးဖို့လောက်ပဲ ၀ါသနာပါတဲ့ ဗိုလ်ချုပ်မင်းကြီးတို့ ဘယ်သိပါ့မလဲ။ သူ့နားက လူတွေလည်း မသိပါဘူး။ ဂန္ဒီဆိုတဲ့ နာမည်တောင် ကြားဖူးတာမှ မဟုတ်တာ။ ဒီတော့ ဆင်ဖြူယောင် ဖန်ဆင်းပြတဲ့ ဗိုလ်ချုပ်မင်းကြီးကို ဆင်စီးတဲ့ ဂန္ဒီရှေ့မှာ ဦးညွှတ်ခိုင်းလိုက်တာက ကုလားရဲ့ တန်ပြန် ယတြာပါတဲ့ ခင်ဗျား။

ပြီးတော့မှ ဂန္ဒီက သူ့မြေး လူမမယ်လေးအတွက် ရေးပေးခဲ့တဲ့ ဆုံးမစာကို ဗိုလ်ချုပ်မင်းကြီး ဆင်မောင်နှံကို လက်ဆောင်ပေးတယ်တဲ့။ ရွှေပြည်တော်ကြီးမှာ သွားလေရာ လမ်းညွှန်, ရောက်လေရာ သြ၀ါဒပေး, ရွှေပြည်သားတွေ စည်းကမ်းရှိဖို့ နေ့စဉ် ဆုံးမနေတော်မူတဲ့ အပူဇော်ခံ အကန်တော့ခံ ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ရောက်မှ ၀ဋ်လည်တော့တာပါလား။ ဆုံးမစာ လက်ခံခဲ့ရသတဲ့။ သြ… မလိမ်မိုး မလိမ်မာ လေးတွေမို့ ကုလားက ဆုံးမယ်တယ် ထင်ပါရဲ့။ အဲ… ဆုံးမစာက လူမမယ် မြေးအရွယ် အတွက်ရေးခဲ့တာ ဆိုတော့… ကောင်လေးနဲ့ ကောင်မလေး မင်းတို့ ကလေးပဲ ရှိသေးတယ်လို့များ ဆိုချင်လေသလား။

ကဲ… ကိုကြီးပေါ် ချောင်းကြည့်လိုက်တာ အမှားတွေ တသီချည်းပါပဲလား။ ဒီတခေါက် ကုလားရဲ့ လုပ်နည်းကားက တွေးစရာလေးတွေ ချန်ထားခဲ့လေတော့ နောက်တခါ တရုတ်ပြည်ကို သွားတဲ့အခါ ဆင်မောင်နှံ အဖို့ ဆွန်ယက်ဆင်တို့ မော်စီဒုံးတို့ရဲ့ ဆုံးမစာကလေးတွေများ လက်ဆောင် ရလိမ့်ဦးမလား ထင်မိပါရဲ့။

ကိုကြီးပေါ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 4, 2010

မေတ္တာ နှင့် အနေတတ်ခြင်း သဘောတို့ကို တူးဆွကြည့်ခြင်း

“ မေတ္တာရဲ့သဘောမှာဗျာ ၊
အဟော-ငါ ၊ နစ်နာသွားပါသကောရယ်လို့ ၊
ပြောဖွယ်ရာ ရှိမည်မဟုတ်ပါ ။”
လောကကြီးမှာဗျာ ၊
အနေသာ တတ်ခဲ့မယ်ဆိုရင်လေ ၊
ဒေဝဒတ်လိုလည်း ၊
မကျေနပ်စရာတွေ ပြည့်နေလိမ့်မည် မဟုတ်ပါ ။



ကိုဝိုင်း (မိုးညှင်း)
၂၀၁၀ပြည့်နှစ် ဇူလိုင်လ ၄ ရက် ။
ခေတ္တ ၊ ကိုရီးယား ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 3, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၄

နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။ တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။ နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။

ကိုကြီးပေါ် တယောက် ရာသီဥတုကို စာရင်းလိုက်ကောက် နေရတာက အကြောင်းရှိပါတယ်။ ရွှေပြည်တော်ကြီးမှာ “စား ၀တ် နေ” ဆိုတဲ့ အရေးသုံးပါးအနက် နေရေးကိစ္စမှာ နေ့စဉ်နဲ့အမျှ ရာသီဥတုနဲ့ စီးချင်းထိုး နေရတာကြောင့်မို့ပါ။ ကိုကြီးပေါ်တို့ရဲ့ ရွှေပြည်တော်ကြီး ဆိုတာက အင်မတိအင်မတန် သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်တဲ့ ပြည်တော်ကြီး မဟုတ်လား။ လူကဖန်တီးထားတဲ့ အရာတွေကို လုံးဝ ဆန့်ကျင်တယ်လေ။ လျှပ်စစ်မီး မသုံးဘူး။ လောင်စာစွမ်းအင် မသုံးဘူး။ သဘာဝ အလင်းရောင်နဲ့ နေတယ်။ သဘာဝကပေးတဲ့ စွမ်းအင်နဲ့ပဲ နေတယ်။ သဘာဝတရားကို အဲသလောက် ချစ်မြတ်နိုးစွာ အမြော်အမြင် ကြီးစွာ ထိမ်းသိမ်းထားတာကလား။

ဒီလို သဘာဝအတိုင်း နေထိုင်သူတွေ ဆိုတော့ သဘာဝ ရာသီဥတုနဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရနေတာကိုက ဒုလ္လဘတရားပါပဲ။ ပူမယ်ဆို ပူလိုက်၊ အေးမယ်ဆို အေးလိုက်၊ လေတိုက်ချင် တိုက်ပစ်လိုက်၊ ရေကြီးချင် ကြီးပစ်လိုက်။ ရွှေပြည်တော်မှာ သဘာဝ ရာသီဥတုက လွတ်လပ်ခွင့် အပြည့်နဲ့ သောင်းကျန်းသမျှကို ရွှေပြည်တော်သားတွေက မေတ္တာမပျက် ခံယူလျက်ပါ။ ဒါတင်မက မိုးရွာလို့ ရေကြီးတာကို မြို့ထဲနေသူတွေ မခံစားလိုက်ရမှာ စိုးလို့ မြို့လယ်ခေါင်မှာကို ရေကြီးအောင် လုပ်ပေးထားတာ။ ရွှေပြည်တော်ကြီးရဲ့ ခေတ်ရှေ့ပြေးမှုကို ဘယ်သူတွေ လိုက်မီလိမ့်မလဲ။

အဲ… ခက်နေတာက ရွှေပြည်တော်မှာ ဖြစ်ပျက်သမျှကို လူတွေက အမီလိုက်နိုင်ပေမယ့် တိရစ္ဆာန်တွေက အမီမလိုက်နိုင်ရှာတော့ ခမျာတို့မှာ ကပ်ဘေးတွေနဲ့ ကြုံနေရရှာရဲ့…။

ကြွက်ရယ်, ဆင်ရယ်, လိုဏ်ခေါင်းရယ်

ဇွန်လကုန်ပိုင်းမှာ ထူးထူးခြားခြား ကြားလိုက်ရတဲ့ သတင်းက ကြတ်ပြေးနေပြည်တော်က ကြွက်တွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းနေကြတယ် ဆိုတာပါပဲ။

ကြွက်ဆိုတာ မြေအောင်းသတ္တ၀ါ။ နေရာ အနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အကောင်ရေ ထောင်သောင်းချီပြီး သွားလာနေတယ် ဆိုရင်တော့ ဒါ ပုံမှန် မဟုတ်တော့ဘူးပေါ့။ သဘာဝကို မှီခိုနေရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ နေထိုင်မှုဟာ ဗီဇတုံ့ပြန်မှုကြောင့် အဓိက ဖြစ်လာရပါသတဲ့။ သဘာဝက တခုခု အပြောင်းအလဲ ဖြစ်လာရင် သူတို့လည်း အပြောင်းအလဲ ဖြစ်လာတယ် ဆိုတဲ့ သဘောပေါ့။ တချို့ ကိစ္စတွေမှာ သဘာဝက ပြောင်းလဲလာတော့မယ့် အခြေအနေနဲ့ လိုက်လျောအောင် တိရစ္ဆာန်တွေကလည်း ကြိုတင်ပြီး ပြောင်းလဲလာတတ်တယ်တဲ့။ ဒါကို တိရစ္ဆာန်တွေက ကြိုသိနေတယ်လို့ အလွယ် ပြောကြတာပေါ့။

ဆူနာမီတုန်းက အာချေးက တံငါရွာတရွာဟာ ရေလှိုင်းဒဏ်က လွတ်ခဲ့သတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပုရွတ်ဆိတ်တွေ ကုန်းပေါ် ရွှေ့ပြောင်းတက်လာတာကို တွေ့တော့ သူတို့ ဘိုးဘွားတွေ အစဉ်အလာ မှတ်သားခဲ့တဲ့ စကားကို အမှတ်ရပြီး ရေလှိုင်းကြီးတွေ လာတော့မယ် ဆိုတာကို ကြိုသိနေသတဲ့။ ဒါကြောင့် ကုန်းပေါ်ကို အချိန်မီ ရွှေ့နေခဲ့နိုင်လို့ တရွာလုံး ဆူနာမီဒဏ်က လွတ်ခဲ့ပါသတဲ့။

ကဲ… ကြွက်တွေကတော့ ရွှေ့ကုန်ပြီ။ လူတွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြမလဲ။ ကိုကြီးပေါ်တော့ ဒီကိစ္စမျိုး သိပ်မသိလို့ သိပ်မပြောတတ်ပါဘူး။ ဟို မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေကို မေးကြည့်ရင် ကောင်းမယ် ထင်တာပဲ။ အတိုက်အခံ တွေကတော့ ကြွက်ပြေးတာ နအဖကြောင့်လို့ပဲ ကောက်ချက်ချမယ် ထင်ပ။ အဝေးရောက် ၀န်ကြီးတွေကတော့ ဒီကိစ္စကို နိုင်ငံတကာမိသားစုက ကြည့်မနေဖို့ တိုက်တွန်း သွားပါ့မယ်လို့ အင်တာဗျူးလုပ်ရင် ဖြေကြမယ် ထင်ပါရဲ့။ အချို့ကတော့ ကြွက်ကယ်ဆယ်ရေး ရန်ပုံငွေတွေ ဘာတွေများ ထူထောင်မယ်လား မသိ။

ဘိုးတော်တွေ ဗေဒင်ဆရာတွေကိုတော့ မမေးရဲဘူး ခင်ဗျ။ သူတို့ရဲ့ အတိတ်နိမိတ် ကောက်ယူပုံတွေကို ကိုကြီးပေါ် လုံးဝ နားမလည်လို့ပါ။ ဘိုးတော်နဲ့ ဗေဒင်ဆရာတွေ တော်ချက်က ဖြစ်ပြီးတာတွေ အကုန်မှန်ပြီး မဖြစ်သေးတာတွေ အကုန်မှားတာပါပဲ။ “ဒီမိုကရေစီရေးဆိုင်ရာ ဟောချက် အလွဲများ” ဆိုပြီး စာအုပ်ထုတ်ရင်တော့ တော်တော်ထူမယ့် သဘောရှိတယ်။ တမြန်နှစ်က ဒေါ်အောင်ဆန်းစုကြည် သီတင်းကျွတ်ရင် လွတ်ကိုလွတ်ရမယ်၊ မှားရင် အသေခံမယ်ဆိုပြီး “ပညာကျော်” ဆိုတဲ့ အမည်ဝှက်နဲ့ ခေတ်ပြိုင်မှာ ဟောတဲ့ ဗေဒင်ဆရာလည်း ဘယ်ဘုံဘယ်ဘ၀ ရောက်လေပြီ မသိ။ ကိုကြီးပေါ်ဖြင့် အမျှကလေးတောင် မဝေလိုက်ရပါဘူး။ ကျွတ်..ကျွတ်..။

ကိုကြီးပေါ် ထင်တာ ပြောရရင်တော့ ငတ်လို့ ပြေးတယ် ထင်တာပါပဲ။ ငတ်တယ်ဆိုတာက မူလနေရာမှာ စားစရာ ရှားလာလို့ရယ်၊ အခြားနေရာမှာ စားစရာ ပေါတာကြောင့်ရယ် နေရာသစ်ကို ရွှေ့တဲ့သဘောပေါ့။

ဝါးပွင့်ရင် ကြွက်အုပ်ကျတတ်တယ်လို့ ဆိုစမှတ် ရှိတယ်။ ၀ါးဆိုတာ ပွင့်ခဲတယ်။ ၀ါးပွင့်ကို ကြွက်က အလွန်ကြိုက်တယ်။ ဒါကြောင့် ၀ါပွင့်ရာကို ကြွက်တွေအုပ်လိုက် ရောက်လာ, ၀ါးပွင့် သာမက အခြား သီးနှံတွေကိုပါ စားသောက်ပစ်တော့ အဲဒီ အရပ်မှာ စားစရာ ရှားပါး ငတ်ပြတ် ဖြစ်ရတယ်လို့ မှတ်သားရပါတယ်။ မနှစ်ကတုန်းက ချင်းပြည်နယ်မှာ ၀ါးတွေပွင့် ကြွက်အုပ်တွေ ကျလို့ စိုက်ခင်းတွေ ပျက်စီးပြီး အစားအစာ ရှားပါးခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

စာတွေပေတွေထဲမှာလည်း ကြွက်အုပ်တွေကျလို့ မြို့ရွာတွေ ပျက်စီးရတယ် ဆိုတာမျိုး ဖတ်မှတ်ရဖူးပါတယ်။ ဒီတော့ ကြွက်အုပ်ကျရင် သေချာတာက အဲသည် ကြွက်တွေက ငတ်နေတဲ့ ကောင်တွေ ဖြစ်မယ်။ တွေ့ကရာ အကုန်စားမယ်။ သူတို့နဲ့အတူ ရောဂါပိုးမွှားတွေ ပါလာမယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုဟာ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်ပြီး ပျက်စီးမယ်။ ဒီလို ယူဆနိုင်မယ် ထင်ပါတယ်။

ဟိုးတချိန်တုန်းက အလယ်ရိုးမဆိုတာ ၀ါး အင်မတန်ပေါတဲ့ တောကြီးပေါ့။ ကြွက်တွေရဲ့ တာဝတိံသာလို့ ဆိုရမှာပေါ့။ ပျဉ်းမနား ကြွက်ကြော်ဆိုတာလည်း နာမည်ကြီးရဲ့။ ဒီ အလယ်ပိုင်းဒေသမှာ ပလိပ်ရောဂါ ဖြစ်လို့ သေကြေခဲ့ရတာတွေလည်း ရှိပ။ တခါတရံ ကြွက်အုပ်တွေ ကျတတ်တယ်ဆိုတာလည်း ကြားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ပျဉ်းမနား, ကြတ်ပြေး နဲ့ ကြွက်ဆိုတာ သိပ်တော့ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။

ခုတော့ ကြတ်ပြေးက “ကြွက်ပြေး” ဖြစ်သွားပါပြီ။ ဒီအရပ် ဒီဒေသမှာ ကြွက်တွေ မှီခိုနေထိုင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငတ်ပြီ။ အစာရှိရာ အခြားအရပ်ကို ပြောင်းကြပြီ။ ပြဿနာက ကြွက်တွေ စွန့်ခဲ့တဲ့ ဒေသ မဟုတ်ဘူး။ ကြွက်တွေ ရောက်လာမယ့် ဒေသ ဖြစ်ပါတယ်။ ဒါကိုတွေးပြီး ကြတ်ပြေးမင်းကြီးကတော့ ကြိတ်ပြုံးနေမယ် ထင်ပ။ သူပြုံးနေချိန်မှာ အနီးအနား ဒေသရပ်ရွာတွေကတော့ “သရောကြီးခိုင်း”ရင် ဘယ်လို ပြေးရမလဲလို့ ရင်တမမ နေရတော့မယ့် အဖြစ်ပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြွက်ပြေးချိန်မှာ ဆင်ဖြူ ဆိုတာက ပေါ်လာသဗျ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်မင်းကြီးများဟာ ဆင်ဖြူ ဆိုတာကိုတော့ အင်မတန် မက်မောတယ် ခင်ဗျ။ ဆင်ဖြူ မရှိသေးတော့ လေယာဉ်ပျံ ပိစိကွေးကို ဆေးအဖြူသုတ်ပြီး “ဆင်ဖြူတော်” လို့ အမည်ပေး စီးသတဲ့။ ကိုကြီးပေါ် သိတာကတော့ ဆင်ဖြူတော် ဆိုတာ မြေဖြူပါပဲ။

ဆင်ဖြူဆိုတဲ့ အကြောင်းအရာက ရှေးဟောင်းစာပေတွေမှာ ပါခဲ့လေတော့ အာရှယဉ်ကျေးမှုမှာ အတော် စိမ့်ဝင်နေတဲ့ ကိစ္စပါ။ ဆင်ဟာ လူကို အကျိုးပြုတဲ့ တိရစ္ဆာန်ဆိုတာ မှန်ပါတယ်။ ရှေးက ခရီးသွားဖို့, ကုန်ဆွဲဖို့, စစ်တိုက်ဖို့ ကိစ္စတွေမှာ ဆင်, မြင်း, နွား, ကျွဲ ဆိုတာတွေဟာ မရှိ မဖြစ်ပေါ့။ ဆင်က အင်အား အကြီးဆုံး ဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဆင်များများ ရှိလေ အင်အား ပိုရှိလေပေါ့။ ဒီတော့ ဆင်မွေးမြူရေးဟာ အရေးကြီးလာတယ်။ ဆင်ဟာ တိုင်းပြည်ရဲ့ အင်အားတရပ် ဖြစ်လာတာကြောင့် ရှင်ဘုရင်ရဲ့ ရတနာစာရင်းမှာ ဆင်ကို ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။

သာမန်အားဖြင့် ဆင်ဟာ မည်းပေမယ့် မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့် တချို့ဆင်ဟာ အရေပြားအရောင် ဖြူနေတတ်ပါသတဲ့။ အခြားသတ္တ၀ါတွေမှာလည်း ဒီသဘောအတိုင်း ရှိပါသတဲ့။ ရှေးကတော့ တွေ့ရခဲတဲ့ ဆင်ဖြူဆိုတာ ထူးခြားတယ်လို့ ထင်ခဲ့ကြတာပေါ့။ လူတွေဟာ ရှားပါးတာကို တန်ဖိုးထားတတ်ကြတယ် မဟုတ်လား။ ဒီတော့ ရှားပါးတဲ့ ဆင်ဖြူကိုလည်း နှစ်သက်မြတ်နိုးစရာ တခုလို သဘောထားခဲ့ကြတာပါပဲ။ ပတ္တမြား နီလာ စတဲ့ ကျောက်မျက်ရတနာတွေ လိုပဲ ဆင်ကိုလည်း သက်ရှိရတနာ တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အိမ်မွေးတိရစ္ဆာန် အကြီးစား ဆိုပါတော့။

ဒီမှာတင် ဆင်ဖြူကို ဋီကာချဲ့ပြီး ထမင်းအိုးချဲ့တဲ့ လူတွေ ပေါ်လာတော့တာပါပဲ။ ဆင် ဘာကြောင့် ဖြူတယ် ဆိုတာ သိပေမယ့် ကိုယ့်ရဲ့ ထမင်းအိုး ပျက်မသွားအောင် ဟိတ်လုံးမြှောက်လုံးတွေနဲ့ တန်ဆာဆင်ခဲ့ကြတာပါပဲ။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အရှိသား မဟုတ်လား။ ဆင်ဖြူထိန်းတဲ့ လူတွေက ရှင်ဘုရင်ကို ဆင်ဖြူပြပြီး ဗုံမြောက်ပေးကြတော့ ရှင်ဘုရင်တွေလည်း ဆင်ဖြူရှင် ဆိုရင် ဂုဏ်ရှိတယ်လို့ ထင်လာကြတော့တာပါပဲ။ အခြား ဘုရင်တွေတော့ ဘယ်လို ရှိတယ် မသိပေမယ့် ဗမာရှင်ဘုရင်တွေကတော့ ဆင်ဖြူ အတော် ရူးကြပါတယ်။ ဆင်ဖြူမ အသေကောင်ကို ၀ါးနဲ့ထောက် အဲဒီပေါ် တက်စီးပြီး ဆင်ဖြူရှင် အမည်ခံတဲ့ ပင်းယခေတ်က “တစီးရှင် သီဟသူ” ဆိုတာ ရှိခဲ့လေသပ။ ဆင်ဖြူ တကောင်မှ မရှိလည်းဘဲ စာရေးတော့ “ဆင်ဖြူများရှင် ဆဒ္ဒန်ဆင်မင်းသခင်” လို့ ရေးခဲ့ကြတာပါပဲ။

ဆင်အုပ်ထဲမှာ ဆင်ဖြူပါရင် အဲဒီ အဖြူကောင်ကို ကျန်တဲ့ အမည်းတွေက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒါကို ဆင်ဋီကာချဲ့သူတွေက ဆင်မည်းထက် ဆင်ဖြူက သာလွန်တယ်လို့ ဆိုပဲ။ တကယ်က ဗီဇဖောက်ပြန်မှုအရ ဆင်ဖြူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပါတယ်။ ဆင်တွေဟာ သူတို့အချင်းချင်း အားနည်းသူကို စောင့်ရှောက်တတ်တဲ့ သဘာဝ ရှိသူတွေပါ။ အမျိုးသမီးများနဲ့ ကလေးများကို ဦးစားပေးပါ ဆိုတာ လူထက် ဆင်က စောပါတယ်။ သူတို့သဘာဝအရ အားနည်းတဲ့ ဆင်ဖြူကို ကျန် ဆင်မည်းတွေက စောင့်ရှောက်ပေး တာပါ။ ဆင်ဖြူဟာ ဆင်မည်းထက် အသက် တိုလေ့ရှိပါတယ်။

ဆင်ဖြူကို လူကမွေးတော့လည်း အလုပ်မခိုင်းဘဲ တယုတယ ထားပါတယ်။ အမှန်က ဆင်ဖြူဆိုတာ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေက ဟန်သာရှိပြီး လက်တွေ့ အလုပ်မဖြစ်တဲ့လူ၊ တန်ဖိုးကြီးပေးရပြီး အသုံးမတဲ့တဲ့ အရာကို white elephant လို့ တင်စားသုံးနှုန်းခဲ့ကြတာပါ။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆင်ဖြူဆိုတာ “အလကားကောင်” ဖြစ်နေပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုမှာတော့ ဆင်ဖြူဆိုတာ “အာဏာဝိသေသ” ဖြစ်နေရတာကိုက လောကရဲ့ သရော်ချက် တခုပါပဲ။

သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာမှ မကြာသေးဘူး၊ ဗိုလ်သန်းရွှေက ဆင်ဖြူ ရောဂါထပြီး ရခိုင်မှာ ဆင်ဖမ်းပါသတဲ့။ အခု ခြောက်လ တနှစ် ကြာတော့ တွေ့ပါပြီ။ အသက် ၃၈ နှစ်လောက် ရှိတဲ့ ဆင်မတဲ့။ ဓာတ်ပုံထဲ မြင်ရတာတော့ ဦးခေါင်းရိုး ငေါင်းစင်းစင်းနဲ့။ ဆင်အုပ်ကလည်း လေးငါးကောင်ပဲ ရှိတယ် ဆိုတော့ ဆင်တွေလည်း အငတ်ဘေးကို အတော်ခံစားနေရပုံ ရပါတယ်။

ရွှေပြည်တော်မှာ လူတွေက သဘာဝ ရာသီဥတုကို ဒုံရင်းအတိုင်း ရင်ဆိုင် နေထိုင်ကြရချိန်မှာ ကြွက်တွေ ဆင်တွေကတော့ သူတို့ သဘာဝ နေထိုင်မှုကို စွန့်ပြီး မြို့ရွာတွေထဲ နန်းတော်ထဲ ၀င်လာနေကြလေရဲ့။

ကိုကြီးပေါ်ကတော့ ဒီအဖြစ်သနစ်တွေကို ကြည့်ပြီး အမှားတွေ ပွားနေမိရဲ့။

ရွှေပြည်တော်မှာ ဗိုလ်ချုပ်မင်းကြီးက “ရေမြေအလုံးကို အစိုးရတော်မူသော” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် မြေတွင်း လှိုဏ်ခေါင်းတွေ နက်နက် တူးနေတာ အံ့မခန်းဆိုရဲ့။ ရလဒ်ကတော့ မြေတွင်းက ကြွက်တွေခမျာ နေစရာ မရှိ စားစရာ မရှိတော့လို့ ထွက်ပြေးနေရလေရဲ့။ အဲဒီ လှိုဏ်ခေါင်းတွေထဲမှာ လျှို့ဝှက် ထုတ်လုပ်နေတဲ့ ညူကလီးယား ဆိုတာကြီးက ဗုံးဖြစ်ဖို့ နေနေသာသာ လောက်စာလုံးတောင် မဖြစ်သေးဘူးလို့ ပညာသည်တွေက ပြောလိုက်တော့ ဗိုလ်ချုပ်မင်းကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ရပြန်ရဲ့။
သြော်.. “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မင်းကြီးရဲ့ ညူကလီးယားဆိုတာ “ဆင်ခေါင်း ခွေးချီ” ကြီးပါလား ဟရို့။

အခုချိန်မှာ အဖြစ်သင့်ဆုံးကတော့ မြေတွင်းအောင်းနေတဲ့ ဗိုလ်ချုပ်မင်းကြီးဟာ “ဆင်ဖြူရှင်” ဘွဲ့ကို အမြန်ဆုံး ခံလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆင်ဖြူဆိုတာ ဟန်သာရှိပြီး အဆန်မရှိတဲ့ အလကားကောင် မဟုတ်လား။ နအဖရဲ့ လုပ်ရပ် အရည်အချင်း အားလုံးကို ခြုံငုံနိုင်တဲ့ သင်္ကေတ ဖြစ်သွားတာပေါ့။

ဒါမှမဟုတ် သွားလေသူ ဗိုလ်ခင်ညွန့်ကို နမူနာယူ ပြောရရင် ဆင်ရေချိုးတဲ့လူ မြန်မြန် ဂျောင်းရလေသတဲ့။

ကိုကြီးပေါ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 23, 2010

ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၃)

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာတော့ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုတဲ့ အတိုင်း နေအပူဒဏ်ကို အလူးအလိမ့် ခံနေကြရပါတယ်။ တနှစ်ထက် တနှစ် ပိုပိုပူလာတဲ့ နွေနေမင်းဟာ ရွှေပြည်တော်ကြီးကို အညှိုးတကြီးနဲ့ မီးလောင်တိုက်သွင်းနေသလား ထင်ရပါရဲ့။ မြေပေါ်မြေအောက်က ရေတွေကိုပါ ခန်းခြောက်အောင် အပူက စုပ်ယူသွားလေတော့ ရေအငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပိုဆိုးတာက မြေအောက်မှာ ရေရှိရင်တောင် စုပ်ယူစရာ လျှပ်စစ်မီး မရှိတာပါပဲ။ ရွှေပြည်တော်သားတွေဟာ ရေငတ် မီးငတ် ဘေးဒုက္ခအတိကို ငုတ်တုတ်ခံနေကြရတာပါ။ ရှေးစာတွေထဲမှာပါတဲ့ “မိုးခေါင်၍ ပြည်ပျက်သည်” ဆိုတာ ဒါကို ခေါ်တာပါလားလို့ ကိုကြီးပေါ်တော့ သံဝေဂ ရမိပါရဲ့။

ဒီဒုက္ခတွေကြားမှာ လင်းလက် ပေါ်ထွန်းလာတာကတော့ ရွှေပြည်တော်သားတွေရဲ့ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီကြတဲ့ စေတနာနဲ့ လုပ်ဆောင်မှုတွေပါပဲ။ “နွံထဲကကြာ” ဆိုပါတော့။ လှူဒါန်း ပေးကမ်းဖို့ ဆိုရင် ဘာသာရေးဖက်မှာပဲ အာရုံကျတတ်တဲ့ ရွှေပြည်တော်သားတွေဟာ အခုဆိုရင် လူမှုရေးဖက်ကို အာရုံစိုက်တတ်လာပြီလို့ သာဓုခေါ်ရမှာပေါ့။ ရေဘေး လေဘေး မီးဘေး နာဂစ်ဘေး ... စတဲ့ ဘေးအန္တရာယ် ပေါင်းစုံကြားက အသက်တွေကို ကယ်ဆယ်ဖို့ သာမန်ပြည်သူတွေက နိုးကြားတက်ကြွစွာနဲ့ လုပ်ကိုင်နေကြချိန်၊ မရှိမဲ့ရှိမဲ့ထဲက “ဖဲ့”လှူနေကြချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော် မူကြကုန်သော ဗိုလ်ချုပ်မင်းကြီးများကတော့ ဖဲကြိုးဖြတ် မပျက်, မိန့်ခွန်းခြွေ မပျက်, အလှူငွေလက်ခံ မပျက်, ... မပျက်... မပျက်, ရွှေပြည်ကြီးကို “ဖဲ့”မပျက်... ပါခင်ဗျာ။

ဖောင်ဒေးရှင်းစတန့်

ရွှေပြည်တော်မှာ ရေအငတ်ဘေး ကြုံနေရသူတွေကို တပိုင်တနိုင် တစုတဖွဲ့ ၀ိုင်းဝန်း ကူညီနေကြချိန်မှာ မထော်မနမ်း ဗိုလ်ကျော်ဆန်း ဆိုသူက ဖောင်ဒေးရှင်း ဆိုတာကြီး တခုကို ထူထောင်တယ် ခင်ဗျ။ ရေငတ်တာ ကူညီဖို့တော့ မဟုတ်ပါဘူး။ စာဖတ်ဖို့လို့ ဆိုပါတယ်။ နာမည်က “ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း” ပါတဲ့။ ဒီလို ဖောင်ဒေးရှင်း ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က မိုးပျံပူပေါင်းလေး တလုံးကို အပြေးအလွှား သတိရမိပါရဲ့။ ပြီးတော့ စာကြည့်တိုက်တို့ စာဖတ်ဖို့တို့ ဆိုပြန်တော့ သွားလေသူ ဗိုလ်နေ၀င်းရဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီးကိုလည်း ပြန်ပြောင်း အောက်မေ့မိပါရဲ့။

ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ မဆလပါတီ လက်ထက်မှာ တတိုင်းပြည်လုံး စာတတ်မြောက်ရမယ် ဆိုပြီး အရေး အဖတ် အတွက် “အသုံးလုံး” စီမံချက်ကို အုတ်အုတ်ကျက်ကျက် လုပ်ခဲ့လေသပေါ့။ ကုလသမဂ္ဂရဲ့ အထောက့်အပံ့တွေလည်း အတော်များများ ရခဲ့လေရဲ့။ ယူနက်စကို ဆုတွေဘာတွေတောင် ရခဲ့သေး ထင်ရဲ့။ အဲသည်တုန်းက နွေရာသီ ကျောင်းပိတ်ပြီဆိုရင် အသုံးလုံး လုပ်အားပေးဆိုတာ ကောလိပ်ကျောင်းသားတွေ ကြားမှာ အတော် ခေတ်စားတာကိုး။ လူငယ် အများစုကတော့ ရပ်ဝေးခရီး သွားရ အတွေ့အကြုံသစ်တွေရ ဆိုတော့ ပျော်ကြတာပေါ့။ အဲ နည်းနည်းပါးပါး စပ်စုတတ်တဲ့ ကိုကြီးပေါ် တို့လို ကျောင်းသားတွေ အဖို့မှာတော့ အသုံးလုံးရဲ့ နောက်ကွယ်က “လိမ်ဆင်”တွေကိုပါ သိလာကြရတော့တာပါပဲ။

သတင်းစာတွေမှာတော့ ဘယ်မြို့ ဘယ်နယ်ကို ဘယ်ကျောင်းသားတွေ သွားရောက် စာသင်ပေးကြတယ်။ စာတတ်မြောက်မှု အောင်ပွဲတွေ ဘယ်လို ကျင်းပတယ်ဆိုတာတွေက ထိပ်တန်း သတင်းတွေပေါ့လေ။ လူအများ မသိလိုက်တာက ဒီလို လုပ်အားပေး သွားတယ်ဆိုတဲ့ နေရာတွေထဲမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ အနက်ရောင် အညိုရောင် နယ်မြေတွေ မပါဘူး ဆိုတာပါ။ လုံခြုံရေးအရ စိတ်ချရပြီးသား နေရာတွေကိုပဲ ကျောင်းသားတွေကို ခေါ်သွားတာပါ။ ဒါတောင် တချို့နေရာတွေဆို ရွာအပြင်မှာ စစ်တပ်ချထားပြီး ကန့်သတ်နယ်မြေ အပြင်ဖက်ကို လုံးဝ ထွက်ခွင့် မပြုပါဘူး။ ဆိုတော့ အသုံးလုံး စီမံချက်ဆိုတာ တပြည်လုံးအနှံ့ လုပ်နိုင်တာ မဟုတ်ဘူးလို့ အလွယ် သိနိုင်ပါတယ်။ ဒါပေမယ့် မဆလက ကြေညာတော့ ၉၈ ရာနှုန်း စာတတ်ပြီ ဆိုပဲ။

မှတ်သားစရာလေး တခုကို ပြောပြချင်သေးရဲ့။ ရွာတရွာမှာ လုပ်အားပေး စခန်းသိမ်းတော့ ခေါင်းဆောင်လုပ်တဲ့ ဆရာက နှုတ်ဆက် စကားပြောပါတယ်။ ရွှေပြည်တော်က တောသူရွာသားတွေဟာ ရိုးသား ခင်မင်တတ်သူတွေ ဆိုတော့ တလတာလောက် အတူနေခဲ့ကြတဲ့ ဧည့်သည်တွေကို ခွဲခါနီးမှာ ၀မ်းနည်းနေကြတာပေါ့။ ဒီခံစားမှုကို ပြေလျော့သွားအောင် ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အာဝဇ္ဇန်းကောင်းတဲ့ ဆရာက ဟာသလေးတခု ထည့်ပြောလိုက်ပါတယ်။ “ကျနော်တို့ ဒီရွာရောက်စ ရက်တွေမှာ မနက်ဆိုရင် ကြက်တွန်သံ စည်နေအောင် ကြားရတယ်။ အခု ပြန်ခါနီး ရက်တွေမှာတော့ ကြက်တွန်သံ မကြားရတော့တာ သတိပြုမိပါတယ်။ ကျနော်တို့ ပြန်တာကို လူတွေက ၀မ်းနည်းပေမယ့် ကြက်တွေကတော့ ၀မ်းသာနေမယ် ထင်တယ်။” တဲ့။ တကယ်တော့ အဲဒီ ဟာသဟာ လက်တွေ့ ဖြစ်နေတာပါ။ လုပ်အားပေး ကျောင်းသားတွေ ပြန်ရင် ရွာမှာ တနှစ်စာ စုထားသမျှလည်း ပြောင်တာပါပဲ။ မဆလရဲ့ အသုံးလုံးဒဏ်ကို ခါးစည်းခံရတာကတော့ ကျေးရွာလူထုတွေပါပဲ။

တပြည်လုံး စာတတ်ပြီလို့ ဂုဏ်ယူနေတဲ့ ဗိုလ်နေ၀င်းဟာ ကမ္ဘာ့ဘဏ်ကနေ ငွေချေးလို့ မရတော့ အသုံးလုံး အလုပ်ကို ချက်ချင်း ရပ်ပစ်လိုက်ပါရောလား။ ဖြစ်ပုံက တတိယနိုင်ငံ အဖြစ်နဲ့ ငွေချေးတော့ ဟိုက - မင်းတို့က ၉၈ ရာနှုန်းတောင် စာတတ်တာ, ဒီရာနှုန်းဟာ ဒုတိယနိုင်ငံတွေ ထက်တောင် သာသေးတယ်, မူအရ ငွေချေးလို့ မရဘူး - လို့ ငြင်းလိုက်သတဲ့။ ဒီတော့မှ စာအတတ်လွန်သွားတဲ့ ဗိုလ်နေ၀င်း လေကျယ်တာ တထစ်လျော့သွားလေရဲ့။

ဟော အခု နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့...” လို့ ဆိုရတော့မယ်။ စာကြည့်တိုက်တဲ့။ ကျေးရွာ စာကြည့်တိုက် ဆိုပဲ။ ရွှေပြည်တော်မှာ အမျိုးသား စာကြည့်တိုက်ကို ဘယ်နား ဖွင့်ရမယ် နေရာမရလို့ တ၀ဲလည်လည် ဖြစ်နေချိန်မှာ ကျေးရွာစာကြည့်တိုက်တွေ ပလူပျံအောင် ဖွင့်တယ် ဆိုပါလား။ ကျေးရွာပေါင်း ၆၄,၉၈၉ အနက် စာကြည့်တိုက်ပေါင်း ၅၅,၇၅၅ ဖွင့်ပြီးပြီ ဆိုပဲ။ ဒီအထဲက ၂၉,၁၈၅ က အဆောက်အအုံနဲ့ စာကြည့်တိုက်မှူးနဲ့ အခိုင်အမာ ဖြစ်ပြီ ဆိုပဲ။ စာတတ်မြောက်မှုကလည်း ၉၄ ရာနှုန်းတဲ့။ အံ့ဖွယ်သရဲပါပဲ။

ရွှေပြည်တော်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဆိုတာကို တည်ထောင်ပြီး နောက်မှာ ပြန်/ဆက် စာကြည့်တိုက် ဆိုတာတွေ ဖွင့်လာတာ တွေ့ရပါတယ်။ သတင်းစာ ဆောင်းပါးကို ၀ိုင်းဖွဲ့ဖတ်တဲ့ အကြောင်း ဓာတ်ပုံသတင်း ထည့်ရတာကလည်း ဖက်ရှင်တခု ဖြစ်လာပါတယ်။ အခု ကျေးရွာတိုင်းမှာ စာကြည့်တိုက် ဖွင့်နိုင်အောင် ဒီဖောင်ဒေးရှင်းက ဆက်လုပ်သွားမယ် ဆိုပါတော့။ ဖောင်ဒေးရှင်းကို လှူလိုက်ကြတဲ့ ငွေက ၇၂၀,၉၄၃,၅၀၀ ကျပ်။ သိန်း ၇,၂၀၀ ပေါ့။ ဒကာက ၃၅၄ ဦး။ သတင်းစာမှာ ဖော်ပြချက်အရ လှူတဲ့သူတွေက အဖွဲ့အစည်း, ကုမ္ပဏီနဲ့ စီးပွားလုပ်ငန်းရှင်တွေလို့ ဆိုပါတယ်။ သာမန် ပြည်သူတွေ မပါပါဘူး။ ရွှေပြည်တော်က သူဌေးသူကြွယ်တွေက “ရေအငတ်ဘေး” ထက် “စာဖတ်ဖို့အရေး” က ပိုအရေးကြီးတယ်လို့ ယူဆပုံ ရပါတယ်။

အသုံးလုံး လုပ်တာ, စာဖတ်တာ, စာကြည့်တိုက် ဖွင့်တာကို မကောင်းဘူး ပြောနေတာလားလို့ ကိုကြီးပေါ်ကို အပြစ်တင် မစောလိုက်ပါနဲ့ဦးနော်။ မှန်ပြောင်းထဲ ချောင်းကြည့်လို့ မြင်သမျှကို တင်ပြနေတာပါ။ လူတွေ စာတတ်တာ ကိုကြီးပေါ် ကြိုဆိုတာပေါ့။ သို့ပေမယ့် လူကြီးတွေ စာတတ်ဖို့ထက် ကလေးတွေ စာတတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိလို့ပါ။ စာကြည့်တိုက်တွေ ဖွင့်တာ ကောင်းတာပေါ့။ သို့ပေမယ့် လူတွေ စာလာဖတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိတာပါ။ မိုးလင်း မိုးချုပ် စားဖို့အတွက် အလုပ်နဲ့လက် မပြတ်ကြရသူတွေက ဘယ်အချိန်မှာ စာလာဖတ်ကြမှာပါလဲ။ မိသားစု အရေးအတွက် ဘ၀ကို ဖဲ့ပေးနေရတဲ့ ကလေးအလုပ်သမားလေးတွေက စာကြည့်တိုက်ကို လာနိုင်မှာတဲ့လား။ စာသင်ကျောင်း မရှိ, ကျောင်းဆရာ မရှိတဲ့ ရွာမှာ စာကြည့်တိုက်ကြီး ဟီးနေတော့... ဟုတ်ကဲ့ ဟီးတာပေါ့ ခင်ဗျာ။

ကမ္ဘာမှာတော့ နိုင်ငံအဆင့် တက္ကသိုလ်အဆင့် စာကြည့်တိုက်တွေ ပြီးရင် ဒေသဆိုင်ရာ မြို့စာကြည့်တိုက်တွေ တည်ထောင်ထားကြပါတယ်။ ပြီးမှ ကျေးရွာ စာကြည့်တိုက်ဆိုတာ ဆက်လုပ်ကြပါတယ်။ အပေါ်ကနေအောက် အဆင့်ဆင့် သဘောပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာတောင် အများပြည်သူ သုံးနိုင်တဲ့ မြို့စာကြည့်တိုက် တခုမှ မရှိသေးဘဲနဲ့, အထက်တန်းကျောင်းတွေမှာတောင် စာကြည့်တိုက် စုံအောင် မရှိသေးဘဲနဲ့, ကျေးရွာကုန်စုံဆိုင်မှာတောင် စာအုပ်တင်ရောင်းတဲ့ ဓလေ့ မရှိသေးဘဲနဲ့ ကျေးရွာလုံးစေ့ စာကြည့်တိုက်တွေ ဖွင့်တယ် ဆိုတော့... ဟုတ်ကဲ့ ဗိုလ်နေ၀င်းရဲ့ အသုံးလုံး အလံရှူးကလေး တလူလူ ပျံလွင့်လာတာလို့ပဲ ကိုကြီးပေါ်က မြင်မိပါတော့တယ်။

စာပေစိစစ်ရေး ဆိုတဲ့ “စာပေကင်ပေတိုင်” ထားပြီး စာပေလွတ်လပ်မှုကို အဓမ္မချုပ်ကိုင်ထားသူတွေက ပြည်သူအများ စာဖတ်နိုင်ဖို့ စာကြည့်တိုက်ဖွင့်တယ်တဲ့။ လူသတ်သမားက ဘုရားတည်, သူခိုးက ကျောင်းလှူတဲ့ ခေတ်မှာ နှုတ်ပိတ်လက်ချိုး ကင်ပေတိုင်က စာကြည့်တိုက်ဖွင့်တာ ဆန်းမယ်တော့ မထင်။

န၀တခေတ်က တန်ခိုးထွားခဲ့တဲ့ ကုန်သွယ်ရေးဝန်ကြီး လုပ်တဲ့ ဗိုလ်ထွန်းကြည်ဟာ “ကရုဏာဖောင်ဒေးရှင်း” ဆိုတာလုပ်ပြီး တပြည်လုံးကို ကရုဏာ သက်ပြခဲ့ဖူးပါတယ်။ သူက “ရာသက်ပန် နာယက” လုပ်တယ်လေ။ အလှူငွေတွေ သောက်သောက်လဲ ရသပေါ့။ အရှင်မွေးတော့ နေ့ချင်းကြီးပေါ့။ လက်ညှိုးထိုးမလွဲ ကရုဏာဖောင်ဒေးရှင်း ဖြစ်ခဲ့သပေါ့။ မကြာပါဘူး။ ကိုယ်တော်ချောလည်း ရာထူးပြုတ်ကရော ဖောင်ဒေးရှင်းကြီးလည်း ဘုံးဘုံးလဲရော။ ခုတော့ စုန်းစုန်းမြုပ်သွားပါပြီ။ သူမသေခင် ဖောင်ဒေးရှင်းက မရှိတော့ဘူး ဆိုတော့ ဘယ်ဆီမှာများ ရာသက်ပန်နေတယ် မသိ။

အခု ပြန်ကြားရေးဝန်ကြီး မထော်မနမ်း ဗိုလ်ကျော်ဆန်းက ဖောင်ဒေးရှင်း ထောင်ပြီး နာယက လုပ်ပြန်ပြီ။ ဟိတ်လုံး ဟန်လုံး ကြွားလုံးတွေနဲ့ ကြားဖူးနာဝ မဆံ့မပြဲ စကားလုံးတွေ လျှောက်ပြော ပြန်ပါပြီ။ လုပ်တဲ့ အကြောင်းအရာသာ ကွာသွားပေမယ့် တွေးခေါ်စဉ်းစားပုံက ရှေ့က သွားလေသူတို့ အတိုင်း ဖ၀ါးခြေထပ်ပါပဲ။ ကဲ ဒီတော့ သွားလေသူတို့ သွားရာလမ်းအတိုင်း နိဂုံးမဆိုက်ရင် ဘယ်ကို ဆိုက်ပါ့မလဲ။

ရှေ့မှာ နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့” လို့ ဆိုရတော့မယ်လို့ ပြောခဲ့ပါတယ်။ အခု နောက်ပါဒလေး ဆက်ဆိုလိုက်ကြပါစို့လား။ “ဟေ ဟေ ၀ါး” လို့ပါ။

ကိုကြီးပေါ်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>