Showing posts with label ဘယ်သူဘာပြောလဲ. Show all posts
Showing posts with label ဘယ်သူဘာပြောလဲ. Show all posts

Saturday, March 7, 2015

လက်ရှိ အစိုးရကို ဖြုတ်ချချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဖြုတ်ချကြပါ ။ ထူးပြီး ၀မ်းနည်းရန် မရှိပါလေ ။ ဒါပေမယ့် … လိုဘ တစ်ခုအတွက် မြန်မာနိုင်ငံ နဲ့  မြန်မာ ဆိုတဲ့ အမည်ရဲ့  အနာဂတ် ကို သတ်မပစ်ကြပါနဲ့ 

ရေးသားသူ — Wai Nwe Lwin

ခုတလော မြန်မာနိုင်ငံသားများ စိတ်ဝင်တစားရှိနေကြတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်နေတာလေး အောန်လိုင်းမှာတွေ့မိတဲ့ ဆောင်းပါးရှင် Wai Nwe Lwin ရဲ့ တင်ပြချက်ကို မိတ်ဆွေများ အချက်အလက် တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ကြဖို့ ထပ်ဆင့်မျှဝေအပ်ပါတယ် ။
==================

မရေးတော့ဘူးလို့  နေနေတာ ။ ဒါပေမယ့် ရေးဖြစ်သွားတယ် ။ စာတော့ တော်တော်ရှည်သွားတယ် ကျေးဇူးပြုပြီး ဆုံးအောင်တော့ ဖတ်ပေးပါ ။

ဘာကြောင့် ကျောင်းသား သပိတ်ကို မထောက်ခံသလဲ ။ ဘာကြောင့် NNER ကို မယုံကြည်ရသလဲ
ဇေယျာလွင် ကနေပဲ အစပြန်ကောက်မယ် ။ ဇေယျာလွင် က ဘက ကျောင်းတွေ ဖျက်သိမ်းဖို့ ပြောတယ် ဆိုပြီး ပထမ သတင်းတက်လာတယ် ။ နောက် NNER က ပြန်ရှင်းတယ် ။ ဘက ကျောင်းတွေ ဖျက်ဖို့  သူတို့ မပြောပါဘူး ။ ဒါပေမယ့် ခရစ်ယာန် ကျောင်းတွေက ထောက်ပြတောင်းဆိုလာတဲ့ အတွက် အခြားသော ဘာသာရေးအဖွဲ့ အစည်း များက ဖွင့်တဲ့ သင်ရိုးညွှန်းတမ်း အတိုင်း သင်တဲ့ စာသင်ကျောင်းများကို လွတ်လပ်စွာ ဖွင့် ခွင့် ပေးရမယ်ဆိုပြီး ပြောတာပါဆိုပြီး ရှင်းတယ် ။
ဒါပေမယ့် နောက်ပိုင်း သူတို့ တွေဆီကပဲ စကားသံတွေ ပြန်ထွက်လာတယ် ။ NNER က ဘက ကျောင်း တွေ ဖျက်ဖို့ မပြောဘူး ။ ဇေယျာလွင် ဟာ သူ့ စကားအတွက် သူတာဝန်ယူရမယ် ဆိုပြီး ။ နောက် ဆရာမ နဲ့  စကားများ တဲ့ ဗီဒီယို ထဲ မှာ ဆရာမက အဲ့ဒါဆို မင်းဘာလို့  ဘက ကျောင်းတွေကို ထည့် ပြောရသလဲ ဆိုပြီး ပါလာတယ် ။ ဗီဒီယို က ဖြတ်တင်တော့ အစုံပါမလာတော့ အတိအကျတော့ ပြောရခက်တယ် ။စဉ်းစားကြည့်တာတော့ ဒီလိုဖြစ်နိုင်တယ် ။ သူတို့ တွေက တခြား ဘာသာရေးအဖွဲ့ အစည်းက ဖွင့်တဲ့ ကျောင်းတွေကိုပါ လွတ်လွတ်လပ်လပ်ဖွင့် ခွင့် ပေးရမယ်လို့ ဆိုလိမ့်မယ်။ ဒါကို ဆရာမတွေက ကန့် ကွက်တော့ ဒါဆို ဘက ကျောင်းတွေပါ ပိတ်ရမှာပေါ့ ဆိုပြီး ဇေယျာလွင် က ပြန်ပြောပါလိမ့်မယ် ။အဲဒါကြောင့် ဆရာမက ဘက ကျောင်းတွေ ဘယ်ဝန်ကြီးဌာနအောက် ရှိလဲ မင်းသိလား ဆိုပြီး ပြန်မေးတာနေမယ် ။ဒီလို စဉ်းစားမိတယ် ။NNER အနေနဲ့ ကတော့ ဘက ကျောင်းတွေ ဖျက်ဖို့ ပြောမယ် မထင်ဘူး ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ဖွင့် သကဲ့သို့ သာ ကျန် ခရစ်ယာန်ချက်ကျောင်းများ ဗလီများက လည်း အတန်းပညာသင်ကျောင်းတွေ ဖွင့်ချင်ရင် လွတ်လွတ်လပ်လပ် ဖွင့်ခွင့် ပေးရမယ်လို့ သာ ပြောခြင်း ဖြစ်တယ် ။အဲ့တော့ အဲဒီအခြားဘာသာက ဖွင့်မယ့် ဘာသာရေးကျောင်းမဟုတ်သော အတန်းပညာသင်ကျောင်းတွေကို ဖွင့်ခွင့်မပေးနိုင်ရင် ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်းကဖွင့်တဲ့ အတန်းပညာရေးကျောင်းကိုလည်း ပိတ် ။ ဒါမှ တရားမျှတမယ် ။ ဒီဖြစ်ရပ် တစ်ခုတည်းပဲ ကြည့်ရင် ဇေယျာလွင်ပြောတာ မှန်သားပဲ ။ ဒါပေမယ့် အမှန်တရားဆိုတာ တခါတလေ သိပ်ကျယ်ပြန့် လွန်းပါတယ် ။

နောက်တစ်ချက်ဆက်ရရင် သူတို့ တောင်းဆိုတဲ့ အထဲမှာ အခြေခံပညာကျောင်းတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်လို့ ဆိုတယ် ။ တက္ကသိုလ်တွေမှာတောင် ကိုယ်ပိုင်ပြပြဋ္ဌာန်းခွင့် ဆိုတာကို လက်ရှိ မြန်မာနိုင်ငံ အနေနဲ့  အဆင့်သင့်ဖြစ်ပါ့မလားဆိုတာတောင် သံသယ၀င်စရာ အခြေအနေပါ ။ ဒါကို အခြေခံကျောင်းတွေအတွက် ကိုယ်ပိုင်ပြပြဋ္ဌာန်းခွင့်ဆိုတော့ အဲ့ဒီ ဥပဒေရေးတဲ့ သူတွေက မြန်မာနိုင်ငံက အခြေခံကျောင်း ဘယ်နှကျောင်းလောက် ကို သွားရောက်လေ့လာပြီးမှ ရေးဆွဲတာလဲမေးချင်တယ် ။လက်ရှိ မြို့ ပေါ်ကျောင်းတွေထားတော့ တောရွာတွေက ကျောင်းတွေဟာ သင်ရိုးညွှန်းတမ်းတစ်ခုကို ရေးဆွဲနိုင်တဲ့ အခြေအနေ ဖြစ်နေပြီလား ။ အဲဒီ့လို ယုံကြည်နေသလား ။ အဲဒါတွေကို ဘယ်သူက လုပ်မှာလဲ ဆိုတော့ လက်ရှိ မိဘ ဆရာအသင်းကို ဖျက်ပြီး ကျောင်းအုပ်ချုပ်ရေး ကော်မတီ ဖွဲ့ ရမတဲ့ ။ အဲထဲမှာ ဆရာအချို့ ရယ် ကျောင်းသား ကိုယ်စားလှယ်တွေရယ် ရပ်မိ ရပ်ဖတွေရယ် ပါရမတဲ့ ။အဲဒီ အဖွဲ့ က သင်ရိုး ညွှန်းတမ်းဆွဲမယ့် ကိစ္စတွေ ဆရာတွေကို ဝေဖန်အမှတ်ပေးတာတွေ လုပ်ကြမတဲ့ ။ ကျောင်းသားတွေက ကိုယ်သင်ရမယ့် သင်ရိုးညွှန်းတမ်းကို ကိုယ်တိုင်ပါဝင်ရေးဆွဲကြရမတဲ့ ။ အခြေခံကျောင်းမှာတောင် ကျောင်းသား သမဂ္ဂဖွဲ့ ပြီး ကျောင်းအုပ်ချုပ်ရေးထဲ ပါမယ်တဲ့ ။ ကျေးရွာတွေမှာ ရှိတဲ့ ရပ်မိ ရပ်ဖဆိုတာအားလုံးက ဟားဗတ်စ် တက္ကသိုလ်က ဘွဲ့ ပြီးသားတွေချည်းပဲလို့ ထင်နေလားမသိ ။ ကျောင်းသားတွေကရော ဟို သင်ရိုးမသင်ချင်ဘူး ဒီသင်ရိုးကို မသင်ချင်ဘူးလို့  ငြင်းခွင့် ရှိနေမယ့်ပုံ ။ ဆရာမတွေကို ကျောင်းသားက ပြန်အကဲဖြတ်ရမယ်ဆိုတာကို အဆင့်မြင့်ပညာ အဆင့်တွေမှာ အတိုင်းအတာတစ်ခုထိ လက်ခံပေမယ့် အခြေခံအဆင့်တွေမှာတော့ လက်မခံနိုင်ဘူး ။ လက်မခံသင့် သေးဘူး ။မြန်မာနိုင်ငံမှာ အခြေခံကျောင်းပေါင်း သောင်းနဲ့ ချီရှိရင် သင်ရိုးက သောင်းနဲ့ ချီ ထွက်လာမယ် ။ အဲဒါတွေ အားလုံးဟာ အဆင့်မီ ပညာရေး ဖြစ်မယ်လို့  ခင်များတို့ ထင်ပါသလား ။ ကျောင်းသားတွေ အတွက် သင်ရိုးညွှန်းတမ်းဆိုတာကို ဆိုက်ကားသမားက ရပ်မိရပ်ဖဖြစ်နေရုံ နဲ့  ဆွဲခွင့် ရှိသတဲ့လား ။ပညာရေး သုတေသနတွေလုပ် ကလေးတွေရဲ့ ဥာဏ်ရေ ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်း ဒါတွေကို အများကြီး စမ်းသပ်လေ့လာပြီးမှ ပညာရှင်တွေပေါင်းစုစဉ်းစားပြီး ထုတ် ကြရမှာ မဟုတ်ဘူးလား ။ ဒီဥပဒေဟာ ပျက်စီးနေတဲ့ မြန်မာပြည် ပညာရေးကြီးကို တိုးတက်သွားစေမတဲ့လား ။ တကယ်ပဲ အဲ့ဒီလို ယုံကြည်လို့  ဒီဥပဒေကို ရေးဆွဲ ပြီး မဖြစ်မနေတောင်းဆိုနေကြတာလား ။

နောက်တစ်ချက် မိခင်ဘာသာစကား အခြေပြုသင်ကြားရမယ်ဆိုတာပါတယ် ။ မိခင်ဘာသာ စကားအခြေပြု ဆိုတော့ ကုလားက ကုလားလိုသင် ၊ တရုတ်က တရုတ်လိုသင်၊ ဗမာက ဗမာလိုသင် ၊ ကရင်က ကရင်လိုသင် ၊ ကချင် က ကချင်လိုသင်ပေါ့  ။ အဲဒီ့လို ။ အဲဒီ့တော့ မေးပါပြီ ။ သင်ရိုးကိုပါ မိခင်ဘာသာစကားနဲ့  ထုတ်ရမှာဖြစ်တဲ့အတွက် ကချင်ပြည်နယ် မိုးကောင်း-မိုးညှင်းမှာ ကချင်ဘာသာနဲ့ ထုတ်မလား ရှမ်းဘာသာနဲ့ ထုတ်မလား ။ ဗမာဘာသာနဲ့  ထုတ်မလား ။ ကချင်နဲ့  ထုတ်ရင် ဂျိမ်းဖောလို ထုတ်မလား ၊လီဆူး လိုထုတ်မလား ။ ဘာသာတစ်ခုနှင့် ထုတ်မယ်ဆိုတာနဲ့  ကျန်လူမျိုး ကလေးတွေက ဘယ်လိုလုပ်မလဲ ။ ကယားပြည်နယ် နေရာတော်တော်များများမှာ ကယား ကယန်း ရှမ်း ဗမာတွေ နေကြတယ် ။အဲ့ နေရာတွေမှာ ဘယ်ဘာသာနဲ့ ထုတ်မလဲ ။ ဘယ်လိုသင်ကြမလဲ ။ မြန်မာနိုင်ငံ မှ တိုင်းရင်းသား လူမျိုး တစ်မျိုး တည်း သီးသန့် နေထိုင်ပါတယ် ဆိုတဲ့ နေရာတစ်ခု မြို့ တစ်ခု ရှိတယ်ဆိုရင် ကျွှန်တော့ ကို လာပြောပြကြပါ ။ အဲ့ဒီတော့ မြို့ တစ်မြို မှာ ရှမ်းရယ် ကချင်ဲက လီဆူးရယ် ဂျိမ်းဖောရယ် ဗမာရယ် ဂေါ်ရခါးရယ် ဘင်္ဂါလီတွေရယ် စုပေါင်း နေတယ် ဆိုကြ ပါစို့  ။ အဲဒီ့ မြို့ မှာ မိခင်ဘာသာ စကား ကျောင်း ခြောက်ကျောင်း ဖွင့် ရမှာ ပေါ့ ။ အဲဒီ့ ကျောင်းတွေအတွက် ဘယ်မှာလဲ ပိုက်ဆံ ။ ဘယ်မှာလဲ မိခင်ဘာသာ စကား အခြေပြု ပြီး သင်မယ့် ဆရာ ဆရာမ ။ အဲဒါတွေ ဘယ်က ရမလဲ ။ ဒီဥပဒေဟာလည်း ဒီနိုင်ငံနဲ့  ဘယ်လို မှ မသင့်တော်ဘူး ဆိုတာ ပေါ်လွင်ပြီထင်ပါတယ် ။ နေရာအားလုံးမှာ လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်နေကြတဲ့ ဒီနိုင်ငံ မှာ ၊ တိုင်းရင်းသား 135 မျိုးရှိတဲ့ ဒီနိုင်ငံမှာ မိခင်ဘာသာစကား အခြေပြု ဖြစ်ဖြစ် ၊ တိုင်းရင်းသား ဘာသာစကား အခြေပြု ဖြစ်ဖြစ် အဲဒီ့ နှစ်ခုလုံးဟာ တိုင်းပြည်ဖျက်မယ့် ပြည်ဖျက်လက်နက်ပါ ။
ကျွှန်တော် အပေါ်က ပြောတဲ့ အချက်တွေဟာ မြန်မာနိုင်ငံနဲ့  ဘယ်လို မှ အသုံး မ၀င်ဘူး ဆိုတာ ပြောပြီးပြီ ။ အခု NNER နဲ့  ကျောင်းသားဆိုသူတွေတောင်းဆိုနေတဲ့ ဥပဒေ အတိုင်း မဖြစ်ဖြစ်အောင် လိုက်ပြီး လုပ်ကြည့်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ထပ်စဉ်းစားကြည့်မယ် ။
- ဘာသာရေး အဖွဲ့ အစည်းတိုင်း က ဖွင့်မယ့် သင်ရိုး ညွှန်းတမ်း နဲ့  သင်မယ့် ကျောင်းတိုင်းကို လွတ်လပ်စွာ ဖွင့်ခွင့် ပေးရမယ် ။
- မိခင် ဘာသာစကားနဲ့  သင်ခွင့် ပေးရမယ် ။
- သင်ရိုး ညွှန်းတမ်းကို ကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဝင်တွေက ရေးဆွဲကြမယ် ။
- ကျောင်းအုပ်ချုပ်ရေး အဖွဲ့ မှာ ဆရာအချို့  ၊ကျောင်းသားကိုယ်စားလှယ် နဲ့  ရပ်မိရပ်ဖ ဆိုသူတွေပါမယ် ။
အမှန်တော့ ထပ်တောင် ရှင်းစ၇ာ မလိုတော့ပါဘူး ။ ဒီ လေးကြောင်းကို အစဉ်လိုက်ဖတ်ကြည့်လိုက်ရင်ကို အဖြေက ရှင်းရှင်းကြီးပေါ်နေပါပြီ ။

အဲဒီ့အခါ ဘာကျောင်းတွေ ပေါ်လာမလဲဆိုတော့ ခရစ်ယာန်ဘာသာရေး အခြေခံ စာသင်ကျောင်း တို့  ၊ အစ္စလာမ်ဘာသာရေး အခြေခံ စာသင်ကျောင်းတို့  က တောရာ မြို့ မှာပါ ပေါချင်း သောချင်း ၊ ပေါ်လာမှာပေါ့ ။ အဲဒီ့တော့ မူစလင်တွေက အစ္စလာမ် အခြေခံကျောင်းမှာ တက်မယ် ။မူစလင်ဆရာတွေပဲ စာသင်ကြမယ် ။ ခရစ်ယာန်တွေက ခရစ်ယာန်ဘာသာရေး အခြေခံကျောင်းမှာ တက်မယ် ။ ခရစ်ယာန် ဆရာတွေပဲ စာသင်ကြမယ် ။ ဗုဒ္ဓဘာသာတွေက ရိုးရိုးစာသင်ကျောင်းတွေမှာ တက်မယ် ။ ဘက ကျောင်းတွေပဲ ရှိတဲ့နေရာဆို ဘက ကျောင်းမှာ တက်မယ် ။ ဗုဒ္ဓဘာသာ ဆရာတွေပဲ စာသင်ကြမယ် ။ အားလုံးဟာ သီးသန့် ခွဲထုတ်ပြီးသား ဖြစ်သွားမယ် ။ စဉ်းစား ကြည့် လေ ။ကျွှန်တော်သာဆို ကိုယ်က ဗုဒ္ဓဘာသာ ကိုယ့်ကလေးကို ဘယ်လောက်ပဲ သင်ကြားရေး အဆင့်မြင့် မြင့် မူစလင်ကျောင်းမှာ သွားမ ထားဘူး ။ ခရစ်ယာန်ကျောင်းမှာ သွားမထားဘူး ။အဲ့ လိုပဲ အခြား မူစလင်တွေ ခရစ်ယာန်တွေလည်း အဲ့ လိုနေမှာပဲ ။ကိုယ်ချင်းစာကြည့် ။ အဲဒါဆို အဲဒီ့အသိုင်းအ၀ိုင်းတွေကြားထဲမှာ ဖြစ်လာမယ့် ကွာဟမှုကို ခင်များတို့  သတိထားမိမလား ။

ကျွှန်တော်က ခြောက်တန်းကနေ ဆယ်တန်းထိ ခရစ်ယာန် တောထဲမှာ ကြီးခဲ့ တယ် ။ ခရစ်ယာန်သူငယ်ချင်းတွေ အများကြီးပဲ ။ ခုထိ သတိရတုန်း လွမ်းတုန်း ။ ။ ခရစ်ယာန် ဆရာ ဆရာမတွေ အများကြီးပဲ ။ ပြီးခဲ့ တဲ့ လပိုင်းကကို ပြည်နယ်တွေ ခြားနေတာတောင် တကူးတက သွား ကန်တော့ခဲ့တယ် ။ ကိုယ်နေခဲ့ဖူးတဲ့ အင်မတန် ခေါင်လွန်းတဲ့ တောမြို့ လေးကို သံယောဇဉ် ဘယ်လောက်ကြီးသလဲ ကျွှန်တော်နဲ့  အပြင်ခင်တဲ့ သူငယ်ချင်းတွေ အသိဆုံး ။ တက္ကသိုလ် တက်တယ် ။ မောင်နှမလို သွေးရင်းသားရင်းလို ချစ်ခင်ရတဲ့ မူဆလင် သူငယ်ချင်းတွေရှိတယ် ။ ကျွှန်တော့လို လူမျိုးကို မူဆလင်တိုင်း မကောင်းဘူး လာပြောရင် ခရစ်ယာန်တွေတိုင်း မကောင်းဘူးလာပြော ရင် ကျွှန်တော် ရယ်မှာပေါ့ ။ ကျွှန်တော့မှာ သိပ်ကောင်းတဲ့ ခရစ်ယာန် ဆရာ ဆရာမတွေ သူငယ်ချင်းတွေ ၊ ကောင်းတဲ့ မူဆလင် သူငယ်ချင်းတွေ ရှိတယ်လေ ။ မူဆလင်ကလေးတွေမှာ သူတို့ ချစ်တဲ့ ဗုဒ္ဓဘာသာဆရာမတွေ ရှိတာ ၊ မူဆလင် ကျောင်းဆရာတစ်ယောက်မှာ သူချစ်တဲ့ ခရစ်ယာန် တပည့် ၊ ဗုဒ္ဓဘာသာ တပည့်တွေ ရှိတာ ၊ မူဆလင်ကလေး ခရစ်ယာန်ကလေး ဗုဒ္ဓဘာသာကလေးတွေ သိပ်ချစ်တဲ့ ငယ်သူငယ်ချင်းတွေဖြစ်နေတာ ကျွှန်တော်တို့ နိုင်ငံမှာ ဘာသာပေါင်းစုံ အေးချမ်းစွာ အတူတကွ နေထိုင်ဖို့ အတွက် နှောင်ကြိုးလေးတွေ မဟုတ်ဘူးလား ။

တိုင်းပြည်မှာ ကလေးဆိုတာ တိုင်းပြည်ရဲ့  အနာဂတ် ။ ကျွှန်တေိာတို့ တိုင်းပြည်ရဲ့  အနာဂတ်တွေကို ခင်များတို့  သွေးခွဲဖို့  ကြံစည် နေသလား ။ ဘာသာရေးဆိုတာ သိပ်ကို အကဲဆတ်လွန်းတဲ့ အရာ ။ ဘာသာရေး အထိကရုဏ်းဆိုတာ မျက်လုံးက တဆင့် ကူးစက်တတ်တဲ့ ရောဂါ ။ တစ်ကမ္ဘာလုံးမှာ အကြမ်းဖက် ၀ါဒတွေ ပြန့် နှ့ံ့ပြီး လူထုက သတိထားမိလာတဲ့ ဒီလို အချိန် ၊ မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓါတ်တွေ ပြင်းထန်လာတဲ့ ဒီလို အချိန်မှာ ခင်များတို့ က ဒီလို ဥပဒေဆွဲတာ ရိုးသားတယ်လို့  ပြောချင်ပါသလား ။ ဒါက ဘာသာရေးနဲ့  ပတ်သတ်ပြီးပြောတာ ။

အခု တိုင်းရင်းသား အရေးကို ဆက်စဉ်းစားကြည့်ရအောင် ။ အပေါ်ကလို ပါပဲ ။ လူမျိုးအလိုက်ခွဲပြီး ကျောင်းတွေဖွင့်မယ် ။ ကိုယ်ပိုင်ပြပြဋ္ဌာန်းခွင့်ပြုမယ် ။ အဲ့ ဒီတော့ မွန်တွေက သမိုင်းမှာ ဗမာဘုရင်တွေက သူတို့ ကို အနိုင်ကျင့်ပြီး ပိဋိကတ် သုံးပုံကို လုယူပါတယ် လို့  သမိုင်းသင်မယ် ။ ရခိုင်တွေက သူတို့ ဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နိုင်ငံတည်နေခဲ့တာ ၊ ဘကြီးတော်ဘုရားလက်ထက်မှ ဗမာတွေကျွှန်ပြု ပြီး မဟာမုနိဘုရားကြီးကို မန်းလေးယူသွားတာပါ လို့ သမိုင်းသင်မယ် ။ ကချင်က သူတို့ ဟာ သီး ခြားလူမျိုးစု လွတ်လပ်သော ၀မ်ပေါင်နိုင်ငံထူထောင်ရေး အနာဂတ် ရည်မှန်းချက် ကို ပထ၀ီမှာသင်မယ် ။ကရင်တွေက သူတို့ ဟာ မြန်မာမျိုးနွယ်မဟုတ် ။ ဥရောပ က ပျောက်သွားတဲ့ လူမျိုးတစ်မျိုး ရေကြည်ရာ မျက်နုရာ ရှာပြီး မြန်မာနိုင်ငံကို ရောက်လာတာလို့  သမိုင်းသင်မယ် ။ စောဘဦးကြီးပြောသလို ဖလံတောင်မွှေး ပေါက်တဲ့မြေဟာ ကရင်မြေပဲ လို့  ပထ၀ီသင်မယ် ။ အိုး အတွေးထဲမှာတောင် ကောင်းလိုက်တဲ့ ဥပဒေ ။ လူမျိုး တစ်မျိုး နဲ့ တစ်မျိုး ထိစပ် ပတ်သတ်မှုကနည်း ၊နဂိုကတည်းက လူမျိုးတွေ များသလောက် ဘယ်တော့ မညီညွှတ်လို့  သယံဇာတပုံကြီးပေါ် ဖင်ခုထိုင်ပြီး ခုထိ ခွေးဖြစ်လို့ ကောင်းနေတဲ့ တိုင်းပြည်မှာ ထပ်ထပ်ခွဲလို့  ကောင်းလိုက်မယ့်အမျိုး ။

ကျောင်းတက်ချိန် နိုင်ငံတော်သီချင်းဆိုပြီး နိုင်ငံတော် အလံ အလေးပြု ဖို့ ဆိုရင် မူဆလင်ကျောင်းတွေက ဘုရားစာရွတ်ပြီး အလ္လာကိုပဲ ဦးညွှတ်နိုင်ကြောင်း ပြောမယ် ။ တိုင်းရင်းသားကျောင်း တွေ ပြည်နယ်သီချင်း ဆိုပြီး ပြည်နယ်အလံကိုပဲ အလေးပြုနိုင်မယ်လို့  ပြောမယ် ။ ဘယ်မှာလဲ ပြည်ထောင်စုစိတ်ဓာတ်ကို ဘယ်လိုရိုက်သွင်းမလဲ ။ နိုင်ငံသား သစ္စာ ဆိုတာကို ကလေးတွေရင်ထဲ ရောက်အောင် ဘယ်လို ထည့်ကြမလဲ ။ ပြောကြစမ်းပါ ။ ဒီဥပဒေကို သိပ်ကိုထောက်ခံပါတယ် ဆိုတဲ့ သူတွေ ၊ ဒီဥပဒေကို မူအားဖြင့် ထောက်ခံပါတယ် ဆိုတဲ့ သူတွေ ၊ အခုNNER နဲ့  ကျောင်းသားဆိုသူတွေရဲ့ လှုပ်ရှားမှုဟာ ပညာရေးတိုးတက်ဖို့ အတွက် သက်သက် လို့  ယုံကြည်ပါတယ် ဆိုတဲ့ သူတွေ လာပြောပြ ကြစမ်းပါ ။ ဒီအကြောင်းတွေကို ကျွှန်တော့လို ပညာရေးနယ်ပယ်က မဟုတ်တဲ့ သာမန် ပြည်သူတစ်ယောက်တောင် တွေးမိသေးတယ်ဆိုရင် ခင်များတို့  ကိုးကွယ်နေတဲ့ NNER က မဟာပညာကျော်ကြီးများက မတွေးမိကြဘူးလား ။ မတွေးမိဘူး ဆိုတာ ယုံတယ်တဲ့ လား ။ သိပ်အံ့သြစရာကောင်းတာပဲ ။

ပြီးတော့ ရှိသေးတယ် ။ ဘာတဲ့ ဆရာ ဆရာမ နှင့် ကျောင်းသားတွေကို ပါတီ နိုင်ငံရေး လွတ်လပ်စွာလုပ် ခွင့်ပေးရမတဲ့ ။ ကျောင်းအုပ်က NLD ၊ ဒုကျောင်း အုပ်က USDP ၊ အထက်တန်းပြ တစ်ချို့ က NDF ၊ NLD ကတစ်ချို့ လူတွေက NDF ကို သစ္စာဖာက်လို့ စွပ်စွဲ ၊ ဂျာနယ်ထဲပါလာ ၊ NLD ကျောင်းအုပ်က စိတ်တွေတို ၊ ကျောင်းအလာ ဆယ်မိနစ်လောက် နောက် ကျသွားတဲ့ NDF ဆရာမကို ပိုပိုသာသာလေး ဆူလိုက်မိ ။ အဆူခံရတဲ့ ဆရာမက စိတ်တွေတို ၊ အဲဒီ့အချိန်မှာ USDP ဒုကျောင်းအုပ်က NLD တွေက အဲလို အစွန်းရောက်ကြောင်း မိမိတို့  USDP က အင်မတန်သဘောထားကြီးကြောင်း မဲဆွယ်သွေး ထိုး ၊ NDF ဆရာမက ခံစားချက်တွေ ပေါက်ကွဲ ၊ သူစာသင်ရတဲ့ အတန်းထဲက မြို့ နယ် NLD ပါတီ ဥက္ဏဌသား က အိမ်စာမလုပ်လာတာကို နင်က အဖေအရှိန်နဲ့  ငါကို မလေးစားတာလား ၊နင်တို့ ပါတီ ဥက္ကဌကို ငါက သောက်ဂရုကို မစိုက်ဘူး လို့ ပြောမိ ၊ အဲ့ ကျောင်းသားက ပါတီကို စော်ကားတာ မခံဘူးဆိုပြီး NLD ကျောင်းအုပ်ကြီးနဲ့ သွား တိုင် ၊ ကျောင်းအုပ်နဲ့  ဆရာမနဲ့  ပြသနာတွေ အကြီးအကျယ်တက် ၊ အဲဒီမှာ USDP ဒုကျောင်းအုပ်က ပညာရေးမှူးကို NLD ကျောင်းအုပ်ကြီး ညံ့ကြောင်း မျက်နှာလိုက်ကြောင်း သွား သွေးထိုး ပြသနာတွေတက် ။

အတွေးထဲမှာကို ပျော်စရာကြီးနော် ။ဝန်ထမ်းဆိုတာ နိုင်ငံတော်ရဲ့  အဖွဲ့ အစည်းပါ ။ ဘယ်သူ ဘယ်ပါတီ အစိုးရဖြစ်ဖြစ် တက်လာတဲ့ အစိုးရဟာ ဒီဝန်ထမ်းတွေရဲ့  အားကို ယူပြီး နိုင်ငံတောိကို မောင်းနှင်ရမှာပါ ။ဘာလို့  Team Work နဲ့ အလုပ်လုပ်ကြရတဲ့ အဖွဲ့ အစည်းတွေကို စိတ်ဝမ်းကွဲအောင် လုပ်ကြမလဲ ။ နိုင်ငံရေးနဲ့ ပတ်သက်ရင် မိဘ နဲ့ သားသမီး ၊ မောင် နှင့် အစ်မ တောင် မခေါ်နိုင် မပြောနိုင်သည်အထိ စိတ်ဝမ်းကွဲကြသေးတာ ၀န်ထမ်းတွေက ဘယ်လိုလူတွေ မို့ တုန်း ။ တခြားဘာမှ မကြည့် နဲ့  ။ ခင်များတို့ တောင် Facebook ပေါ်မှာ ကိုယ်နဲ့  သိပ်အယူအဆကွာသူတွေကို Unfriend Block လုပ်ကြသေးတယ်မလား ။သူတို့  ပိုစ်တွေ မြင်ရင် စိတ်ဆင်းရဲ တယ်ဆိုပြီးလေ ။ ၀န်ထမ်းအချင်းချင်းက မမြင်ရအောင် Block လုပ်လို့ မရဘူး ဗျ ။ သူတို့ မှ ကိုယ် ကြိုက်တဲ့ ပါတီ မဲပေးခွင့် ရှိနေတာ ပဲလေ ။ ရုံးခန်းမှာ သမ္မတပုံ ချိတ်ထားပေမယ့် ကိုယ်ပိုင်အိမ်မှာ ဒေါ်စု ပြက္ခဒိန်တွေ ပလူပျံအောင် ချိတ်ထားတဲ့ ကျောင်းအုပ်တောင် ခင်များတို့  ဥပဒေကို မထောက်ခံဘူး ။ တက္ကသိုလ် ကျောင်းသားတွေ နိုင်ငံရေးလုပ်တာ လက်ခံလို့ ရပေမယ့် အခြေခံတွေမှာ နိုင်ငံရေး အရောင်တွေ မဆိုးသင့်ဘူး။ ကိုယ့်ကိုကိုယ်ပဲ တွေးကြည့် ။ ကိုယ်ဆယ်တန်း အသက် 15နှစ်လောက်တုန်းက ကိုယ့်အတွေးအခေါ်တွေ အသက် 25 နှစ်မှာ မှန်တယ်လို့ ထင်သေးရဲ့ လားလို့  ။ သိပ်နုလွန်းတဲ့ နှလုံးသားတွေကို အရောင်ဆိုးဖို့  ကြိုးစားတာ ပညာရေးတိုးတက်ဖို့ တဲ့ လား ။ အခြေခံပညာကျောင်းသား တစ်ယောက်ဟာ အရာရာကို တော်လှန်ဖို့ စိတ်ဝင်စားတာထက် အရာရာကို သင်ယူဖို့ ပဲ စိတ်ဝင်စားသင့်သေးတယ် ။

မြန်မာနိုင်ငံရဲ့  ပညာရေးစနစ်ကြီးကောင်းတယ် လို့  တစ်ခါမှ မတွေးဖူး မပြောဖူးဘူး ။ ဒါပေမယ့် အဲဒီအတွက်တော့ နိုင်ငံတော် သစ္စာဖောက်တွေ ဆွဲတဲ့ ဥပဒေကို မျက်လုံးမှိတ် မထောက်ခံနိုင်ဘူး ။ (သေချာဖတ်ကြနော် ။ အမျိုးသား သစ္စာဖောက်လို့ မသုံးဘူး ။ အစိုးရ သစ္စာဖောက်လို့ မသုံးဘူး ။ နိုင်ငံတော် သစ္စာဖောက်လို့  သုံးထားတာ ) ။ ကိုယ့် ဆီမှာ ရှိတဲ့ မုန့် က စားမကောင်းလို့  တမြည့်မြည့်သေမယ့် အဆိပ်သီးကို တော့ ဘယ်သူမှ ခူးမစားဘူးမလား ။ တချို့ ကပြောတယ် ။ဒီဥပဒေကို မူအရထောက်ခံတာ အသေးစိတ်က လွှတ်တော်မှာ ဆက်ညှိကြပါလိမ့်မယ်တဲ့ ။ အဲဒါဆို သူတို့ ဆွဲလာတဲ့ ဒီဥပဒေကို သူတို့ စိတ်တိုင်းကျ အတည်မပြုပေးရင် သပိတ်ဆက်မှောက်မယ်လို့  ကြိမ်းဝါးတာ ဘယ်သူတွေလဲ ။ လွှတ်တော် အဆုံးအဖြတ်ကို နာခံဖို့ မပြောနဲ့  လွှတ်တော်မှာ ကြားနာမယ့် ကြားနာမှုကို တောင် မစောင့်နိုင်တဲ့ သူတွေဟာ လွှတ်တော်မှာ ဆက်ဆွေးနွေးရင် ပြေလည်မယ်ထင်လို့ လား ။အခု အစိုးရက ခင်များတို့ ပြောတဲ့ အတိုင်း လွှတ်တော်တင်ပေးပြီးပြီ ။ ရည်ရွယ်ချက်ရိုးသားတယ်ဆို လွှတ်တော်က ခင်များတို့ ကို ဖိတ်ထားတဲ့ ကြားနာမှု ကို သွားတက်သင့်ပြီ ။ အခုတော့ ဒါတောင် ရန်ကုန် မ၀င်ရလို့  ပွဲ မဆူ ဆူအောင်လုပ်နေတယ် ။ ခင်များတို့ က ရန်ကုန်ဝင်ချင်တာလား ၊ ဥကဒေပြင်ချင်တာလားလို့  ပြန်မေးရမလိုဖြစ်နေပြီ ။ အဆင့်အတန်း ရှိရှိ လွှတ်တော်ခေါ်ဆွေးနွေးတာကို ဘာလို့ များ လမ်းဘေးမှာ ထိုင်ပြီးအော်ချင်နေတာလဲ ဆိုတာ စဉ်းစားတတ်တဲ့ သူတိုင်း တွေးမိတယ် ။

ဘက ကျောင်းနဲ့ စဖွင့်တော့ ဘက ကျောင်းနဲ့ ပဲ ပြန်ပိတ်မယ် ။ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းဆယ်ကျောင်းလောက်မှာ ရှစ်ကျောင်းလောက်က ဘုန်းကြီးကျောင်းဝင်းထဲ မှာ ရှိကြတာပါ ။ ဟိုးအရင်ခေတ်ကတည်းက ရွာတိုင်းမှာ စာသင်ကျောင်းသာ မရှိမယ် ဘုန်းကြီးကျောင်းကတော့ ရွာတိုင်းရှိကြတဲ့အတွက် စာသင်ကျောင်းအတွက် နေရာ မရှိတဲ့ ရွာတွေမှာ ဘုန်းကြီးတွေက သူ့ မြေနေရာကို လှူထားကြတယ် ။နောက်ပိုင်း အစိုးရက ကျောင်းဆောင်သစ်တွေ ချပေးလာတော့ ကျောင်းမြေနေရာဟာ ပုံစံ 105 ပေါက်မှ ချပေးတော့တာ ဖြစ်တဲ့အတွက် ရွာကျောင်းဘုန်းဘုန်းတွေက သူတို့  ကျောင်းမြေကို တရားဝင် စွန့် လွှတ် လှူဒါန်းကြရတယ် ။ အဲ့ဒါကြောင့် စာသင်ကျောင်းအများစုဟာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိကြတာကိုတွေ့ ရတယ် ။ကျွှန်တော်ရောက်ဖူးတဲ့ ရွာတွေကတော့ မြန်မာပြည် အလယ်ပိုင်းက ရွာတွေများတဲ့ အတွက် ခရစ်ယာန်တော့ မတွေ့ ဘူး ။အစ္စလာမ်ဘာသာဝင်တွေတော့များတယ် ။ ဘုန်းကြီးကျောင်းဝင်းထဲက စာသင်ကျောင်းကို မူစလင်ကလေးတွေ ကျောင်းလာတက်လို့  ပြသနာဖြစ်တယ်လို့  တစ်ခါမှ ကို မကြားဖူးခဲ့ ဘူး ။ဒါကို ရေးပြတာက ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေ ပညာရေးတွေအပေါ် ဘုန်းကြီးတွေရဲ့  သဘောထားကို ပေါ်လွင်စေချင်လို့ ပါ ။

ဗုဒ္ဓဘာသာ ဟာ မြန်မာလို့ အစပြုလာမယ့် ပျူခေတ်ကတည်းက ဒီတိုင်းပြည်မှာ ထွန်းကားခဲ့ တဲ့ ပြည်တည်ထောင်ဖက် ဘာသာ ပါ ။ မြန်မာ့ သမိုင်းအဆက်ဆက် ရှင်ဘုရင်တွေ က စလို့  လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိ ဘကကျောင်းကထွက်ခဲ့ကြတာပါ ။ ခေတ်အဆက်ဆက်ခေါင်းဆောင်များ ဘယ်သူတွေ ဘက ကျောင်းတွေနဲ့  ကင်းခဲ့ပါသလဲ ။ လက်ရှိလည်း ကျေးရွာတွေမှာ ဘက ကျောင်းတွေ လိုအပ်နေတုန်းပါ ။ မြို့ ပေါ်မှာလည်း မိဘမဲ့ ကလေးပေါင်း မြောက်မြားစွာဟာ အဲဒီ့ ဘက ကျောင်းတွေကို မှီခိုနေရဆဲပါ ။ ဗုဒ္ဓဘာသာ ဆိုတာ လက်ရှိ လည်း ဒီနိုင်ငံရဲ့  လူဦးရေ 70% နှုန်းလောက် ကိုးကွယ်နေတဲ့ ဘာသာပါ ။ မြန်မာနိုင်ငံ သူ့ ကျွှန်ဘ၀ရောက် ကတည်းက ကျေးလက်မြန်မာ့ပညာရေးကို ဘက ကျောင်းတွေနဲ့  ဘုန်းတော်ကြီးတွေက ကျားကန်ပေးခဲ့ကြတာပါ ။

ဒီကျေးဇူးတွေကိုမှ မထောက် ဘက ကျောင်းတွေ ဖွင့်ခွင့်ပေးပြီး အခြားဘာသာရေး အခြေခံကျောင်းတွေ ဖွင့်ခွင့် မပေးတဲ့ အတွက် နိုင်ငံတော် သီချင်းထဲက “ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ မြေ “ ဆိုတဲ့ စာသားကို ဆိုဖို့  ရှက်ကြတယ်ဆိုတဲ့ လစ်ဘရယ်အစွန်းရောက်တွေကို မေးချင်ပါတယ် ။ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လုပ်ရသလား ။ ဘကကျောင်းဖွင့်လို့ ရလား ။ အမေရိကန်မှာ သွားဖွင့်မယ့် ဘက ကျောင်းကို အမေရိကန် အစိုးရက တရားဝင် အသိအမှတ်ပြုမလား ။ လက်ခံမလား မေးချင်ပါတယ် ။ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိ မရှိ မူဆလင်ဦးရေ ဗလီအချိုး ၊ ခရစ်ယာန်ဦးရေ ချက်ကျောင်း အချိုးကို ကြည့်ကြပါ ။ မြန်မာရှင်ဘုရင်တွေ လက်ထက်ကတည်းက ကိုယ့်မြေမှာ အခြားဘာသာကို သာသနာလာပြု တဲ့ အဖွဲ့ ကို ၊မြေနေရာပေး ချတ်ကျောင်းဆောက်ခွင့် ပေးခဲ့တဲ့ နိုင်ငံပါ ။ စစ်ရှုံးလို့ ပါလာတဲ့ ဘာသာခြားသုံ့ ပန်းတွေ အတွက် ဗလီဆောက်ပေးပြီး မြေနေရာချထား ပေးခဲ့ တဲ့ နိုင်ငံပါ ။ ဒါတောင် ဘက ကျောင်းတွေ အပြိုင် စာသင်ကျောင်း ဖွင့်ခွင့် မရလို့  ရှက်တယ်ဆိုတော့ကာ ဘယ်လိုနားလည်ရမှန်း မသိတော့ပါ ။ သမိုင်းချင်းတူသလားလို့ ပဲ မေးချင်ပါတယ် ။

အဲ့ဒီတော့ အခြားဘာသာရေးအခြေခံ စာသင်ကျောင်းတွေ ဖွင့်ခွင့် မရလို့  ဒီဆန္ဓပြ ပွဲကြီးကို မရုတ်နိုင်ဘူး ဆိုခဲ့ရင်တော့ အမျိုးသားရေး မောင်နှမများ အားလုံးကို လည်း တောင်းပန်ပါတယ် ။ ကျွှန်တော်တို့ ပဲ ဘက ကျောင်းတွေကို ဖျက်ပေးလိုက်ကြရအောင်လားဗျာ ။ လက်ရှိ လူဦးရေ 70%ကျော်ကိုးကွယ်တဲ့ ပြည်တည်ထောင်ဖက်ဘာသာတစ်ခုအတွက် ဒီလောက်တောင် အခွင့်ခံစားခွင့် မရှိဘူးဆိုရင် ကျွှန်တော်တို့ ပဲ လျှော့ လိုက်ကြရအောင်လေ ။ ဒီနိုင်ငံ အနာဂတ်အတွက် အခြား ဘာသာရေးအခြေခံကျောင်းတွေကို တော့ ဖွင့်ခွင့်မပေးပါရစေနဲ့  ။ တိုင်းရင်းသား ဘာသာ စကား တွေလည်း တိုးတက်စေချင်ပါတယ် ။ အခြေခံကတည်း က တိုင်းရင်းသား လူမျိုးအလိုက် စာသင်ချိန်တွေမှာ တစ်ချိန်သက်သက်ယူပြီး တိုင်းရင်းသား ဘာသာသင် ၊ တဖြည်းဖြည်းချင်း အဆင့်မြှင့် ၊နောက် ဆုံး တက္ကသိုလ်တွေမှာပါ BA မြန်မာစာ လိုမျိုး ၊ BA ရှမ်းစာ ၊တို့  BA ကရင်စာ တို့အထိ လုပ်ကြပါ ။ ကန့် ကွက်ရန် မရှိပါ ဗျာ ။ သင်ရိုး ကိုတော့ မိခင်ဘာသာစကား အခြေပြု လို့  မလုပ်ကြပါနဲ့ ။မိခင်ဘာသာစကား အခြေပြုဆိုရင် ကျွှန်တော်တို့ လို ၀န်ထမ်းသားသမီးတွေက ကရင်ပြည်နယ်ပြောင်းရင် ကရင်လိုသင်လိုက် ကယားပြောင်းရင် ကယားလိုသင်လိုက် ၊ရှမ်းပြောင်းရင် ရှမ်းလိုသင်လိုက်နဲ့ ဘယ်လိုလုပ် စာတတ်ပါတော့မလဲလေ ။

လူတွေဆိုတာ တစ်ယောက်နဲ့  တစ်ယောက် အမြင်မတူတဲ့ အတွက် လွတ်လပ်စွာ ကွဲလွဲခွင့် ရှိတယ်ဆိုတာ နားလည်ပါတယ် ။ ကွဲလွဲခွင့် ဆိုတာကို အပြန်အလှန်လေးစားဖို့ အတွက်က တစ်ယောက်နဲ့  တစ်ယောက် ရိုးသားတယ်ဆိုတာကို ယုံကြည်မှု ရှိဖို့ လိုပါတယ် ။ ကျွှန်တော်ကတော့ NNER ကို လုံးဝကို ယုံလို့ မရတော့တာက အထက်က အချက်တွေကို အရင်ပညာရေးဥပဒေဆွဲကတည်းက ထည့်ဖို့ ကြိုးစားခဲ့လို့  ဆရာ ဆရာမကြီးတွေက မဖြစ်နိုင်ကြောင်း အကြိမ်ကြိမ် ရှင်းပြပြီးသားပါ ။ ဒါကို သပိတ်မှောက်တဲ့ နည်းနဲ့  ထပ်ထည့်ဖို့ ကြိုးစား လာကတည်းက အဖြေက ရှင်းနေပါပြီ ။ဒါပြင် ဥပဒေပြင်ဖို့ ထက် ရန်ကုန်ဝင်ဖို့ က ပိုအရေးကြီးနေလေတော့ ပိုရှင်းသွားတယ် ဆိုရမှာပါ ။

ဒီ ပညာရေး ဥပဒေ ပြသနာဟာ ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် အန္တရာယ်ကြီးတာ မဟုတ်ပါဘူး ။ ကျွှန်တော်တို့  တစ်နိုင်ငံလုံးကို အစိတ်စိတ်ခွဲမယ့် ရေရှည်စီမံကိန်းပါ ။ နောက်ဆုံးပြောချင်တာကတော့ တိုင်းပြည်တစ်ပြည်မှာ ပြည်သူလူုထုနဲ့ တန်တဲ့ အစိုးရပဲ ရမယ်ဆိုတာ လက်ခံတဲ့ အတွက် ဘယ်အစိုးရတက်တက် သိပ်စိတ်မ၀င်စားဘူး ။ ပြည်သူလူထု ဥာဏ်ရည် နဲ့ စိတ်ဓာတ်အဆင့်အတန်း မြင့်မားလာဖို့ ကို ပိုစိတ်ဝင်စားပါတယ် ။ အဲဒီတော့ ခင်များတို့ ဘာသာ အမုန်းကြောင့် ဖြစ်ဖြစ် ၊ အငြိုးကြောင့်ဖြစ်ဖြစ် ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖြစ်ဖြစ် ၊ ပိုက်ဆံကြောင့်ဖြစ်ဖြစ် လက်ရှိ အစိုးရကို ဖြုတ်ချချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဖြုတ်ချကြပါ ။ထူးပြီး ၀မ်းနည်းရန် မရှိပါလေ ။ ဒါပေမယ့် မြန်မာ ဆိုတဲ့ အမည်နဲ့  လက်ရှိ မြန်မာနိုင်ငံဆိုတဲ့ နယ်နမိတ်ဖြစ်ပေါ်လာဖို့  အနော်ရထာလက်ထက်က စလို့  ခေတ်အဆက်ဆက် ကျွှန်တော်တို့  ဘိုးဘွားတွေရဲ့ သွေးနဲ့  တည်ဆောက်ခဲ့ရတာပါ ။ ခင်များတို့  လိုဘ တစ်ခုအတွက် မြန်မာနိုင်ငံ နဲ့  မြန်မာ ဆိုတဲ့ အမည်ရဲ့  အနာဂတ် ကို သတ်မပစ်ကြပါနဲ့ လို့  ပဲ ပြောချင်ပါတယ် ။


Credit to : Wai Nwe Lwin

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 26, 2013

ဆေးရုံကြီးတွေမှာ ပြသဘို့ နိုးဆော်လိုက်ပါတယ်။

ကိုရီးယား နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား တိုင်းရင်းသား အပေါင်းတို့ခင်ဗျာ - 
မင်္ဂလာပါ။
ကိုရီးယားနိုင်ငံအတွင်း ဆေးကုသကြမယ်ဆိုရင် ဆေးရုံအကြောင်း သိတဲ့ သူတွေနဲ့ ကြိုတင် တိုင်ပင်ပြီး ဘယ်လို ဆေးရုံတွေမှာ ပြသရမလဲဆိုတာ ဆွေးနွေးစေချင်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ရောဂါအလိုက် ဆေးရုံ၊ ဆေးခန်းတွေက ခွဲပြီး ကုသပေးနေလို့ တချို့ဆို မသိလို့ နားစေး ချောင်းဆိုဖြစ်တာတောင် အရိုးအထူးကုကို သွားပြဘူးတဲ့ အနေအထားတွေ ရှိနေပါတယ်။  နှာစေး၊ ချောင်းဆိုးလောက်ဆိုရင် ဆေးခန်း ဆေးရုံ အသေးတို့မှာ ပြသကုသလို့ ကောင်းပေမယ့် မိမိတို့ ရောဂါ အနေအထားက ကြီးမယ် ထင်ရင် တက္ကသိုလ် ဆေးရုံကြီးတွေမှာ ပြသကြပါ။ တချို့က ဘာသာစကား အခက်အခဲကြောင့် (သို့)  တက္ကသိုလ် ဆေးရုံကြီးကို သွားဘို့ အချိန်မပေးနိုင်တာတွေကြောင့် ဆေးရုံလေး ဆေးခန်းလေးမှာဘဲ ပြသကြရပါတယ်။
           အဲဒီ ဆေးခန်း ဆေးရုံလေးတွေမှာ ပြလို့ တိတိကျကျ သေသေချာချာ ကုသပေးမယ် သူတို့ဘက်က မတတ်နိုင်လို့ အဲဒီ ဆေးရုံထက် စိတ်ချရမယ့် ဆေးရုံကြီးသို့ လမ်းညွှန်ပေးမယ်ဆိုရင် ကိစ္စမရှိပါဘူး။ အဲဒီလို မဟုတ်ဘဲ ရောဂါက တခြား၊ ဆေးကတခြား ရက်ရှည် လများ သောက်ဆေးဘဲ ပေးပြီး ဆွဲကုနေတဲ့ ဆေးခန်း၊ ဆေးရုံလေးတွေလည်း ရှိနေပါတယ်။ အဲဒီလို ဆေးခန်း၊ ဆေးရုံလေးတွေမှာ ကုပြီး မပျောက်လို့ ဆိုပြီး ကျနော့်ထံ အကူအညီတောင်းတော့ တက္ကသိုလ် ဆေးရုံကြီးကို ခေါ်ပြီး ပြသပေးခဲ့ပါတယ်။ ဆရာဝန်ကြီးက အားလုံးကို ဓာတ်မှန်ရိုက် စစ်ဆေးကြည့်လိုက်တော့ ဘာရောဂါမျှ မရှိဘဲ အကြောနာနေတာဖြစ်တဲ့အတွက် အနှိပ်ကလေးနဲ့ ပျောက်သွားတဲ့ လူနာတွေ၊ ဆေးသောက်ပြီး ပျောက်သွားတဲ့ လူနာတွေ လက်တွေ့ ရှိနေလို့ အဲဒီလို လူနာတွေက များလာနေလို့ အလကားနေရင်း ငွေကုန် အချိန်မကုန်စေဘို့ ရောဂါတွေ ထပ်မတိုးစေဘို့ အကျိုးမျှော်ပြီး နိုးဆော်လိုက်ရပါတယ်။ အခုခေတ်မှာ တရားဝင် ဆေးအာမခံတွေရှိနေတဲ့ အလုပ်သမားတွေဖြစ်နေကြတဲ့အတွက် ဆေးရုံကြီးတွေမှာ ကုသစရိတ် မကြီးဘဲ ပြသနိုင်သလို ဗီဇာ မရှိတဲ့ သူတွေအတွက်ဆို ရွှေ့ပြောင်း အလုပ်သမားဌာနတွေမှာ ဆေးအာမခံတွေကို လျှောက်ထားခနဲ့ လစဉ် ၀ါန် ၆ထောင်ပေးပြီး လျှောက်ထားနိုင်ကြပါတယ်။ 
တက္ကသိုလ် ဆေးရုံကြီးတွေမှာ ပြသ ကုသဘို့ ပြောရခြင်းက အဲဒီ ဆေးရုံကြီးတွေမှာ ဆရာဝန်ကြီးတွေ၊ ဆေးပစ္စည်းတွေ၊ ဆေးတွေက အစုံအလင် တစ်နေရာတည်းမှာ ရှိနေလို့ပါ။ 
 
အားလုံး ကိုယ်စိတ် နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာ၊ ချမ်းသာ လိုအင် ဆန္ဒများ ပြည့်ဝကြပါစေ။ 
 ကျော်ဇင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 9, 2012

ပြည်သူအားကိုယ်စားပြုထားသောလွှတ်တော်ကိုယ်စားလှယ်များအား အကြံပြုလွှာ

ရေးသားသူ — အောင်မျိုးထွဋ်
သို့
အယ်ဒီတာ
မကြာမီရက်များအတွင်း လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်ရန်ဆောင်ရွက်မှုများပြုလုပ်နေသည်ကို တွေ့မြင်ရပါသည်။ ဥပဒေပြုလွှတ်တော်အနေဖြင့် ထိုကဲ့သို့ အရေးယူမှုများကို ပြုလုပ်နိုင်သည့်အခွင့်အာဏာရှိသည်ကို ငြင်းပယ်၍မရနိုင်ပါ။သို့ရာတွင် ဥပဒေပြုအဖွဲ့ထံ ထိုကဲ့သို့ အခွင့်အာဏာကိုအပ်နှင်းထားသည်ဆိုခြင်းသည် ထိုအာဏာကို မိမိကြိုက်သလို၊သုံးချင်သလိုသုံး၍ရသည်ဟု ဆိုလိုခြင်းမဟုတ်သည်ကို နားလည်ရန်လိုပါသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ယခုကဲ့သို့ စွပ်စွဲပြစ်တင်အရေးယူမှုများသည် တိုင်းပြည်၏ ဒီမိုကရေစီတည်ဆောက်မှုလုပ်ငန်းစဉ်များအတွက် မလိုလားအပ်သည့်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသည်။
အထူးသဖြင့် တိုင်းပြည်၏တရားစီရင်ရေးကဏ္ဍအား အလွန်အမင်းအားနည်းသွားစေနိုင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ယထာဘူတကျကျကြည့်လျှင် တရားစီရင်ရေးမဏ္ဍိုင်သည် အားအနည်းဆုံးမဏ္ဍိုင်တစ်ခုဖြစ်သည်မှာအများအသိပင်ဖြစ်ပါသည်။

ယခုကဲ့သို့ လွှတ်တော်အမတ်များ၏ စွပ်စွဲအပြစ်တင် အရေးယူမှုများသည် ဖွဲ့စည်းပုံအခြေခံခုံရုံးအနေဖြင့် ဒီမိုကရေစီစနစ်အတွင်းခိုင်မာသည့် တရားစီရင်ရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်မှုမရှိအောင် ပြုလုပ်သလို ဖြစ်နေပါသည်။
ထို့အပြင် ဤကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်လိုစိတ်ကို ချိုးနှိမ်လိုက်သလိုဖြစ်သွားနိုင်ပါသည်။လွှတ်တော်အမတ်များအနေဖြင့် မိမိတို့သဘောမတူသည့်ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ချမှတ်တိုင်း ထိုခုံရုံးမှတရားသူကြီးများကို စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်မည်ဆိုသည့်သဘောမျိုးဖြစ်လာစေနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏တာဝန်ကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါက လွှတ်တော်၏ တာဝန်နှင့် လုပ်ဆောင်မှုများအား စစ်ဆေးစောင့်ကြည့်နိုင်မည့်အင်စတီကျူးရှင်းကို အားနည်းအောင် တမင်လုပ်နေသလို ဖြစ်နေပါသည်။ ထိုအရေးယူမှုများကို တိုင်းပြည်ကိုချစ်၍ ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို လုပ်ဆောင်နေသည့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအနေဖြင့် မပြုလုပ်သင့်ကြောင်းပြောကြားလိုပါသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်မှုလမ်းကြောင်းပေါ်သို့စတင်ရောက်ရှိနေသောအခြေအနေတွင်ရှိပါသည်။ ထိုသို့ ဒီမိုကရေစီစနစ်တည်ဆောက်ရေး၏ ကနဦးကာလတွင် လွှတ်တော်အနေဖြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အားနည်းသွားစေမည့်အပြုအမူများကို မလုပ်ဆောင်မိစေရန်လိုအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ခုသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် အရေးပါသော အင်စတီကျူးရှင်းတစ်ခုဖြစ်ပါသည်။ ထိုအဖွဲ့အား စွပ်စွဲပြစ်တင်အရေးယူမှုသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးသည့်အကြောင်းတစ်ခုဖြစ်သည့်မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များပိုင်းခြားထားမှုကို အဓိပ္ပာယ်မဲ့သွားစေပါသည်။

မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲခြားထားမှုရှိမှသာ အစိုးရအဖွဲ့အစည်းတစ်ခုလုံးရှိ ကဏ္ဍများ တစ်ခုနှင့်တစ်ခုအပြန်အလှန်ကွပ်ကဲမှုရှိပြီး အာဏာရှင်စနစ်များ ပေါ်ထွက်လာနိုင်မှုကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

တရားစီရင်ရေးကဏ္ဍသည် အခြားကဏ္ဍကဲ့သို့ ငွေကြေးဆိုင်ရာနှင့် အစိုးရ၏ အာဏာစက်ကို တိုက်ရိုက်အသုံးပြုသည့် အခွင့်အာဏာမရှိသော်လည်း တိုင်းပြည်အတွင်းရှိ ဥပေဒများ၏ အဓိပ္ပာယ်ကိုဖော်ဆောင်သည့်တာဝန်ကို ယူထားသည့် တစ်ခုတည်းသောမဏ္ဍိုင်ဖြစ်ပါသည်။ တရားစီရင်ရေးအဖွဲ့အနေဖြင့် တရားဥပဒေများ၏အဓိပ္ပာယ်ကို ဖွင့်ဆိုခွင့်ပေးထားသလို အခြေခံဥပဒေခုံရုံးအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါသည်။

တရားသူကြီးအား သူတို့၏ဆုံးဖြတ်ချက်ကို သဘောမကျ၍သူတို့အား စွပ်စွဲပြစ်တင်ရှုတ်ချမှုများပြုလုပ်ရန် လုံးဝမဖြစ်သင့်သည်မှာဆင်ခြင်တုံတရားရှိသောသူများအားလုံး လက်ခံနိုင်မည့်အချက်တစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေခုံရုံးမှ တရားသူကြီးများကို စွပ်စွဲအပြစ်တင် အရေးယူမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများသည် တရားရေးကဏ္ဍလုပ်ပိုင်ခွင့်နယ်ပယ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်နေသည့် သဘောဆောင်နေပါသည်။

ဤသို့လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတရားသူကြီးများ မိမိတို့တာဝန်ကို ထိရောက်စွာလုပ်ဆောင်လိုစိတ်များ အားနည်းသွားအောင်ပြုလုပ်သလို လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏လုပ်ပိုင်ခွင့်အာဏာကိုကျော်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်ရေးသုံးသပ်ချက် (Judicial Review) ကိုလုပ်ဆောင်သည့်သဘောလည်းဖြစ်နေပါသည်။

ဥပဒေပြုမှုကို အဓိကထားလုပ်ဆောင်ရမည့် လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်သည့်အာဏာကို ယူလိုက်ပါက အစိုးရအဖွဲ့ကဏ္ဍများအကြား အပြန်အလှန်ကွပ်ကဲမှုကို အားနည်းသွားစေပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များအားလုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းစဉ်ကို မည်သို့မည်ပုံ ညှိနှိုင်းဆောင်ရွက်သွားသည်ကို ဖွင့်ဆိုထားသည့်ဥပဒေဖြစ်သည်ဟု နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ကို တိုက်ရိုက်စီမံအုပ်ချုပ်နေသည်ဟု မမြင်သင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်ပုံစံများမည်သို့မည်ပုံ ဖွဲ့စည်းသင့်သည်ကို ဖော်ဆောင်ပေးထားသည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။
တိုင်းပြည်အား အမှန်တကယ်အုပ်ချုပ်သူများသည် ဖွဲ့စည်းပုံအရ ရွေးချယ်ထားသည့် သို့မဟုတ် ခန့်အပ်ထားသည့်သူများဖြစ်ပါသည်။ ထိုသူများအနေဖြင့် မိမိတို့၏ အတ္တမာန်မာန လက်စားချေလိုစိတ်များကို အခြေမခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့် အစိုးရမဏ္ဍိုင်များအကြား အာဏာနှင့် တာဝန်ခွဲဝေ မှုများကိုလေးစားမှုဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါမှ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်အဓိပ္ပာယ်ရှိစွာ အသက်ဝင်လာမည် ဖြစ်ပါသည်။
တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဒီမိုကရေစီတည်ဆောက်ရေးကအထောက်အပံ့ပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် တိုင်းပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူမဖြစ်စေသည့်လုပ်ဆောင်မှုများကို မလုပ်ခြင်းဖြင့်တိုင်းပြည်ကိုချစ်သည့် တာဝန်ရှိ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြသင့်ပါသည်။

အောင်မျိုးထွဋ်
(The Voice Weekly)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 1, 2012

လူကို ခွေးဖြစ်အောင်လုပ်မယ့် လွှတ်တော်လား

ရေးသားသူ — ဦးအောင်ထူး(ရှေ့နေ)

ယခင်ဗြိတိန်ပါလီမန် နှင့် ယနေ့ မြန်မာ့လွတ်တော်
ပါလီမန် ဒီမိုကရေစီ ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဗြိတိန်နိုင်ငံ တွင် ပါလီမန် ဟု ခေါ်သည့် လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးခဲ့ဖူးသည်။ ယင်းကို တင်စားပြောဆိုကြသည့် စကားတစ်ခုရှိသည်။ "လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟူ၍ဖြစ် သည်။ ယင်းကို ပါလီမန်လွှတ်တော်၏ အချုပ်အခြာဖြစ်မှု၊ အင်္ဂလိပ်ဘာသာဖြင့် Parliamentary Supremacy ဟု ခေါ်ကြ သည်။ ယခုမကျင့်သုံးတော့ပါ။
မြန်မာနိုင်ငံ၌ စစ်အစိုးရတည်ထောင်ဖွဲ့စည်းထားသောလွှတ်တော်သည် ဗြိတိန် ပါလီမန် က အချုပ်အခြာသဘွယ် ကျင့်သုံးခဲ့သည့် ကာလကထက်ပို၍ပင် တန်ခိုးထွားကာ ဥပဒေစိုးမိုးရေးအခြေခံကို ပြောင်းပြန်လှန်လျှက် လူကိုခွေး ဖြစ်အောင် လုပ်တော့မည်လားဟူ၍ပင် စိုးရိမ်ဘွယ်အခြေအနေကို တွေ့နေရသည် ။ အဘယ်ကြောင့်ပါနည်း။
တောင်အာဖရိက မင်ဒဲလား
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာ၌ တိုင်းနိုင်ငံများတွင် အမြင့်ဆုံးတရားရုံးများသည် အချက်အခြာနေရာမှ ပါဝင်ကြ သည်။ အာဏာပိုင်များ နိုင်ငံရေးခေါင်းဆောင်များက အမြင့်ဆုံးတရားရုံးကြီးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက် နာကြောင်းပြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးကြသည် ။ တောင်အာဖရိက နိုင်ငံတွင် သမတ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေသတ်မှတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟူ၍ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် သမတ နယ်လ်ဆင်မန်ဒဲလားသည် သတင်းစာရှင်းလင်းပွဲခေါ်ယူခဲ့သည်။ ၄င်းက သမတ ကိုယ်တိုင် အမြင့်ဆုံးတရား ရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း၊ ဤသည်ကို နမူနာယူကာ တောင်အာဖရိက နိုင်ငံ သားများအားလုံး သည်လည်း အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း လမ်းညွှန်ခဲ့သည်။
အိန္ဒိယ မစ္စစ်အင်ဒီယာဂန္ဒီ
အိန္ဒိယ နိုင်ငံတွင် မစ္စစ် အင်ဒီရာဂန္ဓီ ၀န်ကြီးချုပ်ဖြစ်ခဲ့သည့်အတွင်း ၁၉၇၅ မှ ၁၉၇၇ ခုနှစ်များ ကာလတွင် သံလက်ဖြင့် အုပ်ချုပ်ခဲ့သည်ဟု ဝေဘန်ခံခဲ့ရသည်။ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်အမြောက်အများကို ဖမ်းဆီး ဖိနှိပ်ခဲ့သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရှေ့တော်သွင်းစာချွန်တော် အခွင့် အာဏာကို အသုံးပြု၍ အိန္ဒိယ တရားရုံးချုပ်က ပြန်လွှတ်ပေးခဲ့သည်။ ၀န်ကြီးချုပ် မစ္စစ် အင်ဒီရာဂန္ဓီ ခေါင်းဆောင်ပြီး ပါလီမန် အတွင်း၌ နေရာအများစုရထားသော ကွန်ဂရက်ပါတီသည် လွှတ်တော်အတွင်း၌ တရားသူကြီးချုပ်များအပေါ် စွပ်စွဲပြစ် တင်ခြင်း မရှိခဲ့။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးခဲ့ကြ သည်။
အမေရိကန်အယ်လ်ဂိုးလ်
၂၀၀၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သမတ ရွေးကောက်ပွဲကျင်းပစဉ်အတွင်း မဲရေတွက်ကြရာ ဒီမိုကရက်ပါတီ နှင့် ရီပတ်ဘလီကန် ပါတီ နှစ်ဘက်လုံးက သူနိုင်ကိုယ်နိုင်အငြင်းပွားခဲ့ကြသည် ။ နှစ်ဘက် ပါတီကို ထောက်ခံသူများ လမ်းမပေါ်ထွက်ဆန္ဒပြကြပြီး မိမိတို့ပါတီက နိုင်ကြောင်းကြွေးကြော်ကြသည်။ နှစ်ဘက်လုံးက တရားရုံးချုပ်တွင် အမှု စွဲဆိုကြသောအခါ နောက်ဆုံးတွင် တရားရုံးချုပ်က ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဒီမိုကရက်ပါတီ သမတလောင်း အယ်လ်ဂိုးသည် ရုပ်မြင်သံကြား ရှေ့ကို ထွက်လာကာ "အမေရိကန်ပြည်သူများခင်ဗျား၊ ကျွန်တော်တို့ လေးစားတန်ဘိုးထားရတဲ့ တရားရုံးချုပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်ပါပြီ။ ကျွန်တော်အပါအ၀င် အမေရိကန်ပြည်သူတွေ အားလုံး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးပြီး ဆန္ဒ ပြနေကြတဲ့ လူထုတွေ အားလုံး အိမ်ကို ပြန်ကြပါတော့" ဟု မိန့်ခွန်းပြောကြားရင်း လူထုကို ထိမ်းခဲ့သည်။ တရားရုံး ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မကြေနပ်သူ အမြောက်အများရှိခဲ့သော်လည်း လေးစားလိုက်နာခဲ့ကြသည်။ တရားရုံးချုပ်ကို ပြသနာမရှာခဲ့။ ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးခဲ့ကြသည် ။
ယနေ့မြန်မာနိုင်ငံ လွတ်တော်
ယခုမြန်မာနိုင်ငံ၏ မြင်ကွင်းကို ကြည့်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်နေကြသည့် လွှတ်တော် အမတ်များမှာ အတော်ပင် တက်ကြွနေကြသည် ။ ပြည်ထောင်စုလွှတ်တော်တွင် စွပ်စွဲပြစ်တင်ကြောင်း အဆို အနိုင်ရသွားပြီးနောက် ၄င်းတို့မှာ အောင်ပွဲရနေသကဲ့သို့ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးသည် ရှေ့ခြေတစ်လှမ်းပင် မတိုးရသေးခင် နောက်ခြေနှစ်လမ်း ပြန်ဆုတ်နေပြီ ဟု ခံစားမိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၄င်းအပေါ်အခြေခံ၍ တည်ထောင်ထားသည့် တရားစီရင်ရေးစနစ်သည် ဥပဒေစိုးမိုး ရေးကို စစ်မှန်စွာဖေါ်ဆောင် ပေးနိုင်မည့် အလားအလာမှာ လွန်မင်းစွာနည်းလွန်းလှသည်။
သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အရပင်ဖြစ်ပါစေ လူများစုဒီမိုကရေစီကို ကျင့်သုံးသည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာအပေါ် လွတ်လပ်၊ ဘက် မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးက ထိမ်းကြောင်းသည့် မူမျိုးကို တတ်နိုင်သလောက်ကျင့်သုံးလျှင် အကျိုးရှိ မည် ဟု ယူဆပါသည်။ လက်တွေ့မြင်ကွင်းအရမူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အကြီးအကျယ် စိမ်ခေါ် ခံနေ ရပြီ ဖြစ်သဖြင့် ဤမူသည်ပင် သွက်သွက် ခါအောင် ကိုင်လှုပ် ခံနေရပြီဟု မှတ်ယူရပါမည်။ ဤတွင် ခုံရုံးကများ အမှား ကြီး မှားနေသလားဟူ၍ လေ့လာကြည့်မိသည်။
လွတ်တော်အသီးသီးက ဖွဲ့စည်းလိုက်သောကော်မတီ
သမတက ခုံရုံးသို့ တင်သွင်းလာသော အငြင်းပွားမှုမှာ "လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် ထည့်သွင်းဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိမရှိ" ဖြစ်သည်။ ညီညွတ်ခြင်းမရှိဟူ၍ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို ခုံရုံးက၂၀၁၂ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့သည်။ ၄င်းတို့အနက် အဓိကအားဖြင့် အောက်ပါစာပုဒ်ကို သတိပြုမိသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေးအခန်းတွင် ပြဋ္ဌာန်းပါရှိသည့် လွှတ်တော်တွင် ရှင်းလင်းဆွေးနွေး ပြောဆိုခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်းအရာပါ ပုဒ်မများ ဥပဒေကြမ်းတင်သွင်းခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်း အရာပါ ပုဒ်မများအရ အဓိပ္ပါယ်ကောက်ယူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် လွှတ်တော် အဖွဲ့ အစည်းအသီးသီးနှင့် ယင်းလွှတ်တော် အသီးသီးတို့မှ ကိုယ်စားလှယ်များကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း ထင်ရှား ပါသည်။"
တိုင်းးပြည်အဆောက်အအုံ နှင့် ပုဂ္ဂိုလ်များ
ဤရှင်းလင်းချက်ကို လူတိုင်းနားလည်အောင် ဖွင့်ဆိုရလျှင် နှစ်ပိုင်းရှိသည်။ ပထမတစ်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတည်ထောင်ထားသည့် တိုင်းပြည်အဆောက်အအုံများ (Constitutional Institutions) ကိုရည်ညွှန်းသည်။ ဒုတိယ တစ်ပိုင်းမှာ ယင်း အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များ အား ရည်ညွှန်းသည်။
ပြည်ထောင်စုအဆင့်ဆိုသည်မှာ
ခုံရုံး၏ဖွင့်ဆိုချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်း၍ ပြည်ထောင်စုအဆင့်အနေဖြင့် ဖွဲ့စည်းထားသောတိုင်းပြည် အဆောက်အအုံများ (Constitutional Institutions) တို့ကိုသာ ပြည်ထောင်စု အဆင့်သတ် မှတ်သည်။ ၄င်းတိုင်းပြည် အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်နေကြသူများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင် နေ ကြသူများအဖြစ် ခုံရုံးက လက်ခံသည်။ သာဓက အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော် ချုပ်အား ပြည်ထောင်စု အဆင့်အနေဖြင့် ဖွဲ့စည်းထား သည်။ သို့ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင်နေကြ သူများ အဖြစ် ခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်က ထပ်မံဖွဲ့စည်းသော ကော်မတီစသည်များ
ဆိုလိုသည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု အဆင့်ဖြစ်သော်လည်း လိုအပ်ချက်အရ ကော်မတီနှင့် ကော်မရှင်များ ထပ်မံဖွဲ့စည်းစေဦးတော့၊ ယင်းတို့သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ သတ်မှတ် ထားသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမဟုတ်၊ ယင်းသို့ ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် ကော်မရှင်များ တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စု အဆင့်ခံစားခွင့်များ မရထိုက်ဟူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းပါသည်ဟူ၍ မည်သို့ပြောနိုင်ပါအံ့နည်း။
ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော်
ပြည်ထောင်စု လွှတ်တော်ဘက်မှ ပြန်လည် စဉ်းစားကြည့်ကြပါစို့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နံမည်ကိုပင် ပြည် ထောင်စု လွှတ်တော်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသဖြင့် ပြည်ထောင်စု အဆင့်ရှိသည်မှာ မည်သို့မျှ အငြင်းမပွားနိုင်။ သို့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့နှစ်ရပ်ပေါင်းလျှင် ပြည်ထောင်စုလွှတ်တော် ဖြစ်သည်ဟု ဆိုသော်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု လွှတ်တော်ဟူ၍ မပြော နိုင်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက်အရ ဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် တိုင်းပြည်အဆောက် အအုံများ (Constitutional Institutions) မဟုတ် ဟူ၍ နားလည်ရမည်ဖြစ်သည်။
မြန်မာလွတ်တော်အမတ်များ ရှေထိုးနောက်ပြန် ကျွမ်းထိုးကြ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟူ၍ လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်နေရာတွင်မျှမပါရှိပါ။ ခုံရုံး၏ သုံးသပ်ချက်ကို ထောက်ရှု၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တရပ်ခြင်းစီသည်ပင် ပြည်ထောင်စု အဆင့်တိုင်းပြည်အဆောက်အအုံ စာရင်းထဲ တွင် ပါဝင်ခြင်းမရှိပါက ယင်းတို့မှ ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များသည် မည်သို့လျှင် ပြည်ထောင်စု အဆင့် ရှိနိုင်ပါမည်နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားကြသူများအနေဖြင့် ခုံရုံး၏ ဖွင့်ဆိုချက်ကို မကြိုက်လျှင်လည်း ကိုယ့်စိတ်ကို ကိုယ် မထိမ်းနိုင်ပါက ရှေ့ပြန်နောက်ပြန် ကျွမ်းထိုးနေကြရုံသာ ရှိသည်။ မည်သို့မျှ တတ်နိုင်မည်မဟုတ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက် လုံးဝမှားနေပါသည်ဟူ၍လည်း မပြောနိုင် သောကြောင့် ဖြစ်သည်။
ဒါလားဟဲ့ အများဆန္ဒ
ဤသည်ကို နားလည်သဘောပေါက်သွားကြသောအခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများက ၄င်းတို့၏ အဆင့်အားနှိမ့်ချခြင်းခံလိုက်ရသည်ဟု ခံစားသွားကြပုံရသည်။ ရှူးရှူးရှဲရှဲနှင့် ဒေါသူပုန်ထသွားကြ တော့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဖြစ်သွားကြတော့သည်။ ဥပဒေ ကြောင်းအရ နိုင်အောင် မပြောနိုင်တော့သောအခါ အများစုနှင့် ကိုင်ဖို့ကြိုးစားလာကြတော့သည်။ အများညီ ဤ ကို ကျွဲဖတ် ဇာတ်ခင်းလာကြသည်။

မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေး ဇာတ်လမ်းမှာ အထက်တွင် တင်ပြခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံများနှင့် နိုင်းယှဉ်လျှင် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများသည် မျက်စိသူငယ် တရားခံအနေအထားနှင့် အစစ်ခံကြရတော့မည့်ကိန်းဆိုက် နေပါပြီ။
ယခုမှ ပေါ်လာသော ပြဿနာမဟုတ်
စင်စစ်အားဖြင့် ယင်းသို့ဖြစ်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရည်ရွယ်ချက် ရှိရှိ ပညာ သားပါပါ ခင်းထားသော လမ်းကြောင်းကြောင့်ဖြစ်သည်။ ခုံရုံး၏ ရှင်းလင်းချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်ကထဲက အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌက ချထားခဲ့သည့် လမ်းညွှန်ချက်အား ပြန်လည် ကိုးကားထားသည်ကို လေ့လာကြည့်ပါ။ ယခုမှ ပေါ်ပေါက်လာသည့် ပြသနာ မဟုတ်။ အမျိုးသားညီလာခံ စတင် ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကထဲက စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သော လမ်းကြောင်းဖြစ်ကြောင်း တွေ့ရ သည်။
အများအားကို ထိန်းညှိထားတဲ့ ဥပဒေ
ယင်းနှင့် ဆက်စပ်ကာ နှစ်ချက် သုံးသပ်လိုပါသည်။ ပထမ အချက်မှာ နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် လွှတ်တော်တွင် အမတ်နေရာ အများစုရပြီးရွေးချယ်တင်မြှောက်ခံရစေ ဦးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမတ စနစ်ကို တီထွင် ကျင့်သုံးထားသဖြင့် စစ်တပ် နှင့် စစ်ခေါင်းဆောင် ဟောင်းများက မထောက်ခံသမျှ ကာလပတ်လုံး ၄င်းပါတီ၏ ခေါင်းဆောင်သည် သမတ မဖြစ်နိုင်ပါ။ သမတ တွင်သာ ပြည်ထောင်စု ၀န်ကြီးအဖွဲ့ဝင်များအား ခန့်ခွင့်ဖြုတ်ခွင့် ရှိသဖြင့် သမတ က နိုင်ငံရေးအရ ချော့ထားသည့် အနေဖြင့် လွှတ်တော်အတွင်း အများစု နေရာရထားသော ပါတီ မှ ပုဂ္ဂိုလ်အချို့အား အရေးမပါသည့် ၀န်ကြီးနေရာအချို့ပေး ကောင်းပေးမည်။ ရွေးကောက်ပွဲတွင်နိုင်ပြီး လွှတ်တော်အတွင်းတွင် အမတ်နေရာအများစုရသော ပါတီသည် ဤမျှနှင့် သာ ကြေနပ်ရပါမည်။ သမတ နေရာမရနိုင်သဖြင့် အစိုးရဖွဲ့ခွင့် မည်သည့်အခါတွင်မျှ ရမည်မဟုတ်ပါ။ အစိုးရဖွဲ့ခွင့်မရ လျှင် လူထုအတွက် သာမက တပ်မတော်သားထုအတွက်ပါ ဆိုးဝါးသော စစ်အာဏာရှင်စနစ်အား၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ကျင့်သုံးထားမှုကို ချုပ်ငြိမ်းအောင်လုပ်ဘို့ မလွယ်လှပါ။

တရားမျှတရေး အချိန်မဆွဲသင့်
ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ယူသွားခဲ့ကြသည့် ပြသနာကို ရွေးကောက်ပွဲ ကော်မရှင်က ၀န်ခံပါလျှက် အရေးယူဖြေရှင်းပေးခဲ့ခြင်းမရှိ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပြားအပေါ် ဖယောင်းသုတ်ထားသည့် ပြသနာအားဖေါ်ထုတ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းသည်ပင်လျှင် တရားလိုအဖြစ်မှတရားခံ ဘ၀သို့ကျရောက်သွားခဲ့ရသည်။ မည်သည့် မသမာမှုကိုမျှ ဖေါ်ထုတ်အရေးယူခြင်းမရှိပြန်။ လက်ရှိအချိန်တွင်လည်း စစ်မှန်သည့် ရွေးကောက်ပွဲ များကျင်းပခွင့်ရစေရန် ရွေးကောက်ပွဲဥပဒေများအား ပြင်ဆင်ပြောင်းလဲပြဌာန်းစေရေး ကြိုးပမ်းသည့် လှုပ်ရှားမှု တစ်ခုမျှ မရှိ။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မသမာမှုပေါင်းစုံ ထပ်မံ ပေါ်လာနိုင်သည်။ လူထု ကိုယ်စားလှယ် အစစ်မဟုတ်သူ အမြောက်အများ နေရာဝင်ယူကြဦးမည်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရေး ဟူသောအကြောင်းပြချက်ဖြင့် အချိန်မဆွဲသင့်ပါ။
ကျော်မကောင်းကြားမကောင်း
လွှတ်တော်နှင့် ခုံရုံးအကြား လက်ရှိအငြင်းပွားကြသည့် အကြောင်းရင်းခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှင်းလင်းမှုကြောင့် ဖြစ်ရသည့် ပြသနာအပေါ် ခုံရုံးကို အပြစ်ရှာခြင်း၊ ခုံရုံးတရားသူကြီးများကို အရေးယူဘို့ကြိုးပမ်းခြင်းမှာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျော် မကောင်း ကြားမကောင်းသည့် ကိစ္စဖြစ်သည်။ မလုပ်သင့်သော ကိစ္စဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံခုံရုံး တည်ရှိခြင်းမှာ
စင်စစ်အားဖြင့်မူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်ထားရှိခြင်းမှာ ဖွဲ့စည်းပုံဆိုင်ရာနှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ အငြင်းပွားမှုများရှိလာလျှင် ရှင်းလင်းဖွင့်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်သည်။ ဆုံးဖြတ်ချက်များ အပေါ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရပါမည်။ လူများစုက ကြိုက်မှ လိုက်နာမည် ဟု ဆိုပါက လူများစုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်အပေါ် လူနည်းစုဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ထားသည့် တရားစီရင်ရေးက ဥပဒေရှုဒေါင့်မှ ကြပ်မတ်သည့် အခြေခံတွင် ဥပဒေစိုးမိုးရေးစနစ်တည်ဆောက်မှု ကို ငြင်းပယ်လိုက်ရာ ကျပါမည်။
ယခုလွှတ်တော်သည် ဤလမ်းကြောင်းကို လျှောက်လျှက်ရှိသည်။ လူများစု ဆန္ဒမဲရလျှင် ဘာမဆိုလုပ်နိုင်သည့် သဘောမျိုးပြုမူလျှက်ရှိသည်။ ဗြိတိသျှ ပါလီမန်က ကျင့်သုံးခဲ့သည့် ပါလီမန် လွှတ်တော်၏ အချုပ်အခြာဖြစ်မှု Parliamentary Supremacy ကို အတင်းအကြပ်ကျင့်သုံးရန် ကြိုးပမ်းလျှက် ရှိသည်။

လူစင်စစ်မှ ခွေးဖြစ်ရမည့်ကိန်းဆိုက်
"လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟု ပြောခြင်းမှာ တင်စားခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံလက်တွေ့တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး တရား သူကြီးများ အနေဖြင့် ၄င်းတို့၏တာဝန်ကို တတ်စွမ်းနိုင်သလောက် ထမ်းဆောင်ပါလျှက် အကယ်၍ ပြည် ထောင်စု လွှတ်တော်က သာ အရေးယူထုတ်ပယ်လိုက်မည် ဆိုလျှင် တရားသူကြီးများအား အတင်းအကြပ် လူအဖြစ်မှ ခွေးဇာတ် သွင်းစေလိုက်ခြင်း ဖြစ်ပါမည်။ ၄င်းတို့ဘ၀တွင် ဂုဏ်သိက္ခာအရ များစွာထိခိုက်ကျဆင်းစေမည် ဖြစ်သော ကြောင့်ပင်။
ဤသည်မှာ လုံးဝ မလုပ်သင့်သော အလုပ်ဖြစ်သည်။
ငါတကော ခေတ်မရှိတော့ပြီ ၊ အပြန်အလှန်ထိန်းညှိ
ဗြိတိသျှ ပါလီမန်က ပါလီမန် လွှတ်တော်၏ အချုပ် အခြာဖြစ်မှု ကျင့်သုံးခဲ့ပုံမျိုးကို ဖေါ်ဆောင်လိုသည်ဆိုလျှင် စစ်မှန် သော ရွေးကောက်ပွဲများကို ဖြတ်သန်းပြီး လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ထား သူများနှင့်သာ ဖွဲ့စည်းသည့် လွှတ်တော်ဖြစ်ရန် ကြိုးပမ်းဘို့ လိုပါဦးမည်။ ဤအခြေအနေများအားလုံးကို သန့်ရှင်းစေပြီးမှသာ ဗြိတိသျှ ပါလီမန် လုပ်ဟန်မျိုးကို စဉ်းစားလိုက စဉ်းစားနိုင်ကြပါမည်။
သို့ရာတွင် ယင်းလုပ်ဟန်မျိုးသည်ပင် ကမ္ဘာတွင်ခေတ် မရှိတော့ပါ။ ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင် ဟူသော အာဏာကြီး သုံးရပ် အပြန်အလှန် ထိမ်းညှိရေးကိုသာ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြသည်။
ရေးရာက်ေမတီများသည့် တိုင်းပြည်အဆင့် မဖြစ်သင့်
အလျှောက်သင့်ဆုံးလမ်းကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးတစ်ခုလုံးအား ပြင်လိုက်ရန်သာဖြစ်သည်။ လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သော တရားစီရင်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင် တည်ဆောက်ရန်ဖြစ် သည်။ ထို့အပြင် လွှတ်တော်က ဖွဲ့စည်းပေးမည့် ကော်မတီနှင့် ကော်မရှင်များ ကိစ္စကို ဖွဲ့စည်းပုံတွင် ရှင်းရပါဦးမည်။ လွှတ်တော်ကဖွဲ့စည်းသည့် ရေးရာကော်မတီများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်သည့် တိုင်းပြည် အဆောက်အအုံများ (Constitutional Institutions ) မဖြစ်နိုင်ပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

ကျရာလုပ်ငန်းကော်မတီ တာဝန်ထမ်းဆောင်
အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် သက်ဆိုင်ရာ အကြောင်းရပ်အလိုက် သတင်းအချက်အလက်များ မေးမြန်းလေ့လာ စုဆောင်း၊ သုတေ သနပြု သုံးသပ်၊ တွေ့ရှိချက်များကို လွှတ်တော်သို့တင်သွင်း ဆွေးနွေး စသည့်လုပ်ငန်းများကို သာ အဓိက လုပ်ဆောင် ရသောကြောင့်ဖြစ်သည်။ လွှတ်တော် အမတ်များ အနေဖြင့် အမတ်များရသင့် သည့် ခံစားခွင့်ရိုးရိုးကိုယူကာ အမတ်တစ်ယောက်၏ တာဝန်ကို ကျရာ လုပ်ငန်းကော်မတီ တခုခုတွင် ၀င်ရောက်ထမ်း ဆောင်ခြင်းမျိုးသာ ဖြစ်ရပါမည်။ ဤအတိုင်းပင် နိုင်ငံအသီးသီးရှိ လွှတ်တော်များတွင် ဖေါ်ဆောင်လျှက်ရှိကြသည်။ လွှတ်တော် နှစ်ရပ်ပေါင်းတွင် ကော်မတီ သုံးဆယ်ခန့်ရှိသည်ဟု ကြားရသည်။ ယင်းကော်မတီဝင်များ အားလုံးကိုသာ ပြည်ထောင်စု အဆင့် ခံစားခွင့်မျိုးပေးရလျှင် စားရတပ်ကြီးလွန်းလှ သဖြင့် တိုင်းပြည် ဆင်းရဲ တွင်းနက်သည့် ဘ၀က ရုန်းထွက်နိုင်မည် မဟုတ်ပါ။
ပြည်ထောင်စုအဆင့်ရှိကော်မရှင်ဆိုသည်များ
တတိုင်းပြည်လုံး အဆင့် တနည်းအားဖြင့် ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင်ဆိုသည်များကို (Constitutional Institutions ) များ အဖြစ်သတ်သတ် စဉ်းစားရပါမည်။ မိမိတိုင်းပြည် ၏ ထူးခြားချက်နှင့် လိုအပ်ချက်အရ အထူးပြုဆောင်ရွက်ရမည့် အနေအထားရှိသည့် အကြောင်းရပ်များ အား အဆိုပါ ကော်မရှင်များက အဓိကတာဝန်ယူ ဖေါ်ဆောင်ကြလေ့ရှိပါသည်။
ဥပဒေရှိဖို့လိုတဲ့ ပြည်ထောင်စု အဆင့်ကော်မရှင်
သာဓကအားဖြင် တောင်အာဖရိက နှင့် နိုင်ငံတချို့ တွင် ကျားမ တန်းတူရေးကော်မရှင် တို့ရှိသည်။ နယူးဇီလန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ထိုင်း စသောနိုင်ငံ များတွင် အစိုးရလက်အောက်ခံမဟုတ်ဘဲ လွတ်လပ်သည့် လူ့အခွင့်အရေးကော်မရှင်များ ရှိသည်။ ၄င်း ကော်မရှင်များအတွက် လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်းလည်ပတ်ပုံ စသည်တို့ကို သက်ဆိုင်ရာ နိုင်ငံများ တွင် သီးခြား ဥပဒေများ ပြဋ္ဌာန်းပေးကြရသည်။ ၄င်းတို့ သုံးစွဲမည့် ဘဏ္ဍာငွေကြေးကို တိုင်းပြည် ဘဏ္ဍာငွေမှ နေ၍ လွှတ်တော်က သီးခြား သတ်မှတ်ပေးရသည်။ အစိုးရထံမှ လက်ဖြန့်ခံတောင်းစရာမလိုခြင်းဖြင့် ၄င်းကော်မရှင်များသည် အားကောင်းကောင်းလည်ပတ်နိုင်သည်။

ဒါ ပြည်ထောင်စုအဆင့် ကော်မရှင်ဖြစ်မလား
သာဓကအားဖြင့်ပြောပါမည်။ ယခု ပြည်သူ့လွှတ်တော်မှ နေ၍ ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်စေကာ ဖွဲ့စည်း ပေးထားသည့် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေးကော်မရှင်မှာ ထိထိရောက်ရောက် လုပ်နိုင်ဘို့ မလွယ်လှပါ။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း၊ ပါဝင်တာဝန်ယူကြသော လွှတ်တော် အမတ်များသည်လည်း ကောင်း အရည်အချင်း ညံ့ဖျင်းကြ၍ မဟုတ်ပါ။
ပထမ အချက်မှာ လွှတ်တော်၏ကော်မတီ တစ်ရပ်အဆင့်တွင်သာ ရှိနေ၍ ဖြစ် သည်။
ဒုတိယ အချက်မှာ ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင် (Constitutional Institution) မဟုတ်သဖြင့် ၄င်းအတွက် သတ်သတ်မှတ်မှတ်လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်း လည်ပတ်ပုံ စသည်တို့ကို ဥပဒေတစ်ရပ်သီးသန့်ပြဋ္ဌာန်း မပေးနိုင်၍ ဖြစ်သည်။
ယင်းကော်မတီမှာ ယခုအချိန်၌ လူထုထံမှ တိုင်ကြားစာများကို လက်ခံစစ်ဆေးနေကြောင်းကြားသိရသည်။ သို့ရာတွင် ပြသနာမှာ တာဝန်ရှိအစိုးရအာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးပိုင်ခွင့် ယင်းကော်မရှင်တွင်ရှိမရှိ မသေချာ၊ ကော်မရှင် က စစ်ဆေးပြီးနောက် တရားစွဲအရေးယူရန်လိုအပ်သည်ဟု လွှဲအပ်ပေးပါက ရှေ့နေချုပ်ရုံးက လက်ခံပြီး အမှုကို တရား ရုံးမှာ ဖွင့်ပေးမပေး မသေချာ။
ဘဏ္ဍာငွေရှိမှ အားရှိသည့် ကော်မရှင်ဖြစ်မည်
တတိယ အချက်မှာ ဘဏ္ဍာငွေ မရှိသည့် ပြသနာဖြစ်သည်။ အစိုးရက ထုတ်ပေးမှ လုပ်ငန်းလည်ပတ်နိုင်မည်။ အစိုးရ က အကြောင်းကြောင်းကြောင့် ပညာပြပြီး ထုတ်မပေးဘဲ နေ၊ ကော်မတီအနေဖြင့် ပြည်တွင်းလူထုနှင့် နိုင်ငံတကာမှ လွတ်လပ်စွာ ရံပုံငွေ ရှာဖွေခွင့်အား ဥပဒေနှင့် အညီ အပ်နှင်းထားခြင်းလည်း မခံရပါက ရံပုံငွေမရှာနိုင်။ ရံပုံငွေမရှိပါက လုပ်ငန်းများ ထိရောက်စွာ မလည်ပတ်နိုင်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်း ကော်မတီ တွင် တာဝန်ယူနေ ကြသူများ၏ အရည်အချင်း နှင့် လုပ်အားများ အလဟသ ဖြစ်နေမှာ စိုးရိမ်ရသည်။ သို့ဖြစ်၍ ယင်းကဲ့သို့အရေးကြီး သော လုပ်ငန်းမျိုးအား လွှတ်တော်၏ ကော်မတီတစ် ရပ်ထက်ပို၍ အဆင့်မြင့်သော တိုင်းပြည်အဆောက်အအုံသို့တိုးမြှင့် ဖွဲ့စည်းပေးရန် လိုပါသည်။
ပြည်ထောင်စုအဆင့် ရှိဖို့လိုနေတဲ့ ကော်မရှင်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်တွေ့လိုအပ်ချက်အရ ပြည်ထောင်စု အဆင့် တိုင်းပြည်အဆောက်အအုံ (Constitutional Institutions ) များအနေဖြင့် မရှိမဖြစ် လိုအပ်သော အောက်ပါ ကော်မရှင်လေးခုကို အဆိုပြုပါသည်။
(၁) ဥပဒေစိုးမိုးရေး ကော်မရှင်
(၂) လူ့အခွင့်အရေးကော်မရှင်
(၃) တိုင်းရင်းသားရေးရာ ကော်မရှင်
(၄) အမျိုးသမီးရေးရာ ကော်မရှင်

ယခုလက်ရှိ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား အပြစ်မရှိ အပြစ်ရှာ၊ ဥပဒေစိုးမိုး ရေး အခြေခံကို ငြင်းပယ်၊ တိုင်းပြည်၏ ဘဏ္ဍာငွေကုန်၊ အချိန်ကုန်၊ လူပန်း အကျိုးမရှိစေဘဲ လူကိုခွေးဖြစ်အောင်လုပ်သည့် ဇာတ်လမ်းအား ရပ်တန်းက ရပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဇောင်းပေးလုပ်ဆောင် သင့်ပါသည် ။

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၃၁) ရက်

ပို့စ်တင်သူမှတ်ချက် ။
ဆရာဦးအောင်ထူး၏ မူရင်းဆောင်းမှာ ခေါင်းစဉ်ခွဲများမပါပါ ၊ စာရှုသူများ ငြီးငွေ့ဖွယ်ရာများဖြစ်လေမလားဟူ၍ တွေးထင်ပါသဖြင့် ၊ ခေါင်းစဉ်ငယ်များ ဖြည့်ထားသည်မှအပ ဆရာ၏ မူလအာဘော်အတိုင်းသာဖြစ်ပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 18, 2012

လွန်ခဲ့တဲ့ အနှစ် ၂၄ နှစ်က နိုင်ငံတော် သမ္မတကြီး ဦးမောင်မောင် ဟောခဲ့တဲ့တရား ၊ ဘာများလဲလို့

နောင် အနှစ် ၂၀ အစိတ် လောက်ကြာရင် ခင်ဗျား တို့ သိမယ် လို့ သမ္မတကြီး ဦးမောင်မောင်ပြောခဲ့တာ တွေ အမှန်တကယ်ဖြစ်လာပါပြီ ။ နောင် အများကြီးလာဦးမယ် ။ ဒါအစပဲ ရှိသေးတယ် ။ ဒါဟာ ဒီမိုကရေစီရဲ့ ဖွားဘက်တော်တွေပါ ။ ပညာရှိတွေ တွေးကြည့်တာဟာ ၊ ပြေးကြည့်တာထက်မှန်သတဲ့ဗျ ။ ကဲ ၊ ဘာများတုန်းဗျာ ၊ သိချင်ရင် ဆက်ဖတ်ရန်ကို နှိပ်ကြည့်ပါတော့ဗျာ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 24, 2011

ဘယ်သူနိုင်ငံရေးသမားလဲ

နိုင်ငံရေးမလုပ်တဲ့သဘော မဟုတ်ဘူး
ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မဝင်စားလို့ မဟုတ်ဘူး။ မနှစ်သက်လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။ နိုင်ငံရေးသမားမျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီတခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေးလုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေးသမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။
လှေခါးထမ်း ကော်ပုံးဆွဲ
တကယ်ကတော့ အရွယ်မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆ နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ်ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ ဖဆပလ၊ ပမညတ ဌာနချုပ်တွေသွားလိုက်နဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမညတထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလဖြစ်သူတွေ ဖြစ်သွားခဲ့ကြပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောကထဲမှာပဲ ရှိနေခဲ့တယ်။
နိုင်ငံဝန် ထမ်းတာချင်းအတူတူ
ပါတီဆိုင်းဘုတ်တခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့လေးခုမြောက်မဏ္ဍိုင် မဟုတ်လား။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ တခြားမဏ္ဍိုင်များနည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင်နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမားဆိုတာလည်း အစိုးရအဖွဲ့ထဲက ဝန်ကြီး ဝန်ကလေးတွေလို၊ တရားလွှတ်တော်ချုပ်က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြသူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသမားတွေ ထောင်ထဲရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲရောက်ကြရတာပါပဲ။
ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်
အချိန်အခါ တခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေးလုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာမဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။
ဖော်ဂွတ်သွားသူတွေ
အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့နေထိုင်ဖို့ (Far good) သွားရောက်ကြမယ့်သူတွေ များတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။ အဲဒီလို အပြီးအပိုင်သွားကြမယ့်သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့အချက်တွေ အသေးစိတ်ပြောပြပြီး "Home Sweet Home" ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှမရှိဆိုတဲ့ကဗျာကို တသုတ်ပြီး တသုတ် အဆက်မပြတ် သင်ကြားပေးခဲ့တယ်။ သူတို့ နိုင်ငံခြားထွက်တဲ့အခါမှာလည်း "Home Sweet Home" ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင်ပေးလေ့ရှိတယ်။ တချို့တပည့်တွေရဲ့အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလားဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ် ။
နိုင်ငံရေးသမားဆိုတာ
နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံရေးပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ်လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင်ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံအတွက်တို့၊ ပြည်သူအတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများအတွက် အလုပ်လုပ်တဲ့သူမျိုးကိုမှ နိုင်ငံရေးသမားကောင်းလို့ ခေါ်နိုင်တာ ဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင်ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြားလေ့ မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဆိုတဲ့စကား အရှိသားမဟုတ်လား ။
ညံ့တဲ့စာရေးဆရာ
စာတွေ ပေတွေရေးတဲ့အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ ကျွန်တော်ဆိုလိုတဲ့ အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြနေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာဆိုရင် အချစ်ဆိုတဲ့ စကားလုံးတလုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်းကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီးအဖြစ် သရုပ်ဆောင်ရတဲ့အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ်ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင်ကယ်ကြီးတွေ ဇာတ်ခုံမှာတင်ပြီးပြစရာ မလိုပါဘူး။
စံပြုအပ်တဲ့ ပန်းသာမစာအု
ဆင်းရဲသား ကာကဝလိယ အဖြစ် သရုပ်ဆောင်တဲ့အခါမှာလည်း တောင်ရှည်ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ဝတ်ပြီး အဆိုအပြောနဲ့ ဆင်းရဲသားသဏ္ဍာန်ထွက်အောင် သရုပ်ဆောင်သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ဝတ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင်စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ ‘ပန်းသာမစာအု’ ဝတ္ထုကြီးဟာ နိုင်ငံခြားဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားတဲ့ဝတ္ထု ဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာဝတ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။
ကြယ်နီ၊ အောင်စိုးတို့စာတွေ
အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊ တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက်နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင်လွန်းတာကြောင့် ရှုမဝ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ဆိုကြရတဲ့ တင့်တယ်တို့ ဝတ္ထုတွေနဲ့အပြိုင် စာဖတ်ပရိသတ်က စွဲမက်ခဲ့ကြရတယ်။
ဇာတ်ကောင်နဲ့ စရိုက်တခြားစီ
ခုခေတ် ဝတ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီးစိတ်ပျက်ရတာပဲ များတယ်။ ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေးအကြောင်း ရေးတော့ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်းတွေဖြစ်ပြီး ပြောကြတဲ့စကားတွေကလည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလိုဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ် အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကားအနေနဲ့သာ အချစ် အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံမရဘူး။
ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲ
စာရေးဆရာက သူတို့သိပ်ဆင်းရဲကြပါတယ်လို့ တခွန်းမှဝင်မပြောဘဲနဲ့ ဆင်းရဲခြင်းအကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့စကားလုံး တလုံးမှမပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင်ဖွဲ့နိုင်မှ စာရေးကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေးလုပ်တဲ့နေရာမှာလည်း နိုင်ငံရေးစကားတွေ တခွန်းမှမပြောဘဲနဲ့ နိုင်ငံရေးလုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမားနာမည်ခံပြီး နိုင်ငံရေးမလုပ်ဘဲ ကိုယ့်အရေးကိုသာလုပ်တဲ့သူမျိုးရှိသလို နိုင်ငံရေးသမား နာမည်မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများအရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူမျိုးတွေလည်း ရှိပါတယ် ။ ဘယ်သူဟာ နိုင်ငံရေးသမားစစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။
လူထုစိန်ဝင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, December 16, 2011

ဘုန်းကြီးတွေလည်း နိုင်ငံရေးလုပ်ခွင့်ရှိတယ် ၊ ဒါပေမယ့်…

ရေးသားသူ — Myint Shwe

ဘုန်းကြီးတွေနိုင်ငံရေးလုပ်သင့်သလားဆိုတဲ့ Donald Seekins မေးတာကိုမဖြေမီ -

- တကယ်ကဘယ်သူ့ မေးခွန်းကိုမဆိုမဖြေမီ ကျနော်လုပ်တတ်တဲ့အကျင့်တစ်ခုကိုပြောချင်တယ် -
(ဒီအကျင့်ကအချိန်တွေမတရားပိုနေတဲ့ထောင်ထည်းမှာဖြစ်လာတာ)

အဲဒါကတော့ ဒီမေးခွန်းကိုမေးတဲ့လူကဘယ်လိုလူလဲ - နောက်သူမေးတဲ့အချိန်အခါ
(context / situation) နဲ့ သူမေးပုံမေးနည်းစတာတွေကို ချက်ချင်းစိတ်ထဲမှာ scan ဖတ်ပြီး analyze လုပ်လိုက်တာပါ။ ဒါကလဲစာနဲ့ ချရေးပြရင်သာကြာနေတာ - စိတ်ကအလုပ်လုပ်တာမြန်တယ် - မျက်စေ့တမှိတ်လျှပ်တပြက် အတွင်းနာမ်ဓါတ်က ကုဋေတစ်သိန်းချုပ်တယ်လို့ ဘုရားဟောတယ်လေ

လက်တွေ့ မှာ ဘယ်သူကမေးတာလဲ၊ ဘယ်အချိန်မျိုးမှာမေးတာလဲ ဆိုတာတွေကကိုယ်သိပြီးသား မေးပုံမေးနည်းတစ်ခုတည်း ကိုသာစဉ်းစားရတာပါ - သူဘယ်လိုအဖြေမျိုး ငါ့ဆီကမျှော်လင့်သလဲပေါ့

(မြန်မာ)ဘုန်းကြီးတွေနိုင်ငံရေးလုပ်သင့်သလားလို့ 
အနောက်နိုင်ငံသားတစ်ဦးကမေးတဲ့အခါ သူတို့ စိတ်ထဲမှာ ဒလိုင်းလာမားနဲ့ ဒက်စမွန်တူးတူးကရှိနေပြီးသား - ကမ္ဘာသိ မြန်မာ့သမိုင်းမှာလဲ ဦးဥတ္တမ နဲ့  ဦးဝိစာရ တို့ ကရှိပြီးသား -

ဒါ့အပြင်နှစ်ငါးဆယ်မြန်မာစစ်အာဏာရှင်စံနစ်ကြီးကလဲအိမ်ရှိလူကုန်ထွက် တိုက်တာတောင်
မနိုင် နိုင်ဘူးဖြစ်နေတော့ ကဲ ခင်ဗျားဆိုယင် ဘယ်လိုဖြေမလဲ -
အဆိုးဆုံးက ဘုန်းကြီးတွေနိုင်ငံရေးမလုပ်သင့်ကြောင်း ဘယ်သူကအကျယ်လောင်ဆုံးပြောခဲ့သလဲ
ဘယ်သူရှိမလဲ မြန်မာ့အလင်းလေ - New Light of Myanmar လေ -
ကဲ ချောင်ပိတ်ဖမ်းတာခံရပြီလို့ မခံစားရဘူးလား -

ကျနော်ကတော့အဲဒီလိုမခံစားမိခဲ့ပါဘူး - ကျနော့်အကြောင်းနဲ့ ကျနော်ဆိုပါတော့

Seekins ကို သူထင်ချင်သလိုထင် ကျနော်ထင်သလိုပြန် ဖြေဘူးတဲ့အကြိမ်တွေကထပ်နေပြီ
ဒါတောင်သူကကျနော့်ကိုအဖက်လုပ်ပြီးမကြာမကြာမေးတတ်သေးတယ်
တချို့ ငဖြူတွေဆိုယင်ကျနော့်ကိုတစ်ကြိမ်ထဲနဲ့ လန်ထွက်ကုန်တာ -

(စကားစပ်မိလို့ ကြားညှပ်ပြီးတစ်ခုထပ်ဖြည့်ပြောရရင် ၁၉၉၂ ခုနှစ်တုံးက ပေါ့ ဘန်ကောက်မှာ ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မရှင်ကနေ အေးရှ ပစိဖိတ်ဖိုရမ် UNHRC Asia Pacific Forum ဆိုပြီး
ချူလာလောင်ကောင်တက္ကသိုလ်မှာကျင်းပပါလေရော - အဲဒီကွန်ဖရင့်မှာသမိုင်းတင်ရမဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်

ကမ္ဘာ့လူ့ အခွင့်အရေးများစာရင်းထဲမှာအာရှတန်ဘိုးများ (Asian Values ) ထည့်ပေးဘို့ ကျိုးစားခဲ့ကြလို့  - ထားပါတော့)
အစည်းမဝေးမစမီ အပြင်မှာ ကျနော့်အကြောင်းကိုသိထားတဲ့ Steve Thompson ( သူက နယူးဇီလန်သား environmentalist
ကျနော် တို့ နဲ့ မာနယ်ပလောမှာငှက်ဖျားအတူတက်လာခဲ့တဲ့ဘော်ဒါတွေ -
မင်းတို့ တော်လှန်ရေးအဖွဲ့ တွေကလဲ Too many chiefs, not enough Indian လို့ 
အစည်းအဝေးတစ်ခုမှာ ဘိုမြ ကိုရှေ့ မှာထားပီးပြောတဲ့အကောင် -
သူ့ ကိုမသင်္ကာသလိုလိုဆက်ဆံတဲ့လူဆိုယင် ငါ့ကို CIA ကလွှတ်ထားလို့ 
ဒီမှာဒုက္ခခံလာနေတာလေ လို့ ဘုပြောတတ်တဲ့ကောင် - သူကလဲခေသူမဟုတ်)

အဲဒီ Steve က ကျနော့်ကို အစည်းအဝေးမစမီအပြင်မှာ UK ကလာတဲ့ အင်္ဂလိပ်အစစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။
ဒီပုဂ္ဂိုလ်က ကျနော်ဗမာဖြစ်တာရယ် မာနယ်ပလောက လာတယ်ဆိုတော့ ဘာစိတ်ကူးပေါက်တယ်မသိပါဘူး။

"ဖက်ဒရယ်မူကိုဗမာပြည်အတွက်လက်ခံသလား" လို့  ကောက်ခါငင်ကာမေးပါလေရော
အငိုက်မိသလိုဖြစ်သွားတဲ့ကျနော်ကလဲစိတ်ထဲရှိတာကိုအရင်းတိုင်းဘဲပြန်ဖြေလိုက်တယ်
" သူတို့ ပြောနေကြတဲ့အတိုင်းဆိုယင်တောငါ့လက်မခံနိုင်ဘူး" လို့ 
(ဘန်ကောက်မှာမို့ ပြောရဲတာ - တိုင်းရင်းသားတစ်ယောက် မှလဲအနားမှာမရှိလို့ ပြောရဲတာ)

အဲဒီအချိန်က ၁၉၉၂ လေ - မာနယ်ပလောနိုင်ငံရေးကကမ္ဘာအာရုံကိုဖမ်းစားထားတဲ့အချိန်။
ဗိုလ်ချုပ်သန်းရွှေခမျာ "Give us a chance" လို့  Leaders Magazine မှာပြောနေရတဲ့အချိန်
မာနယ်ပလောစာချုပ် (Manerplaw Agreement) အရ ပြည်ထောင်ပေါင်းချုပ်ပြည်ထောင်စုဆိုတဲ့ လူမျိုးကြီးရှစ်မျိုး- ပြည်နယ်ရှစ်ပြည်နယ်မူကိုချထားကြတာကိုး -

ဒီမှာတင်ကိုအင်္ဂလိပ်က ကျနော့်ကို မင်းဒီမိုကရေစီကို လက်ခံထားတာမဟုတ်ဘူးလား လို့ 'ချည်' ပါလေရော - ကျနော်လဲစိတ်ထဲမှာတင်းကနဲ ဖြစ်သွားပီး ဘုတောပါလေရော-

" မင်းတို့  ယူကေ (အင်္ဂလန်) ကောဖက်ဒရယ်နိုင်ငံလား - ဖက်ဒရယ်မဟုတ်တာနဲ့  ဒီမိုကရေစီမဖြစ်ရတော့ဘူးလား" လို့  ပြန်ပက်တော့တာပေါ့။ အမှန်ကကျနော်ဖက်ဒရယ်မူကိုကြိုက်တယ်
အဲဒီအကြောင်းတော့ နောက်စကားစပ်မိမှ သပ်သပ်ပြောမယ်

စကားတွေ ဟိုရောက်ဒီရောက်ဖြစ်ကုန်ယင် သီးခံပြီးတော့သာဖတ်ပေါ့ဗျာ
ခင်ဗျားဖတ်နေတာ "အရူးတစ်ယောက်ရဲ့ ဒိုင်ယာရီ" လေ။ အယ်ဒီတာ့အာဘော်မဟုတ်ဘူး

မူလအကြောင်းကဘာလဲ - ဘုန်းကြီးနဲ့ နိုင်ငံရေး သင့်မသင့်

Seekins ကသူသိချင်လို့ ရိုးရိုးသားသားမေးတာကို ကျနော်ကသိနေတော့

contexts တွေကို ထည့်စဉ်းစားတွက်ချက်ပီးဖြေနေစရာမလိုတော့ဘူး -
ထုံးစံအတိုင်းကျနော်တစ်ယောက်တည်းရဲ့ ပုဂ္ဂလဓိဌာန်အကျဆုံးအမြင်ကိုပဲတိုတိုပြောချလိုက်တယ် -

ဘုန်းကြီးတွေတင်မက လူမှန်ယင် ဘယ်သူမဆိုနိုင်ငံရေးလုပ်ခွင့်ရှိတာပေါ့
ဒါပေမဲ့ ငါကတော့ နိုင်ငံရေးနယ်ထဲရောက်လာသူဘယ်သူ့ ကိုမဆို နိုင်ငံရေးသမားလိုပဲဆက်ဆံမယ်

နိုင်ငံရေးဆိုတာက ငါတို့ အမြင်မှာ လောဘ ဒေါသ မာန အာဃာတ ဦးစီးပြီးလုပ်ရတဲ့အလုပ်မျိုးဖြစ်တယ် -
အဲဒါတွေခေါင်းပါးအောင် တခြားသူတွေထက်ပိုအားထုတ်ဖို့ လိုတဲ့သူတွေအတွက်ဆို နဲနဲများလွဲနေမလားလို့ -

ငါတို့ လူသာမန်တွေဟာ အရက်သောက်တယ် - ရုပ်ရှင်ကြည့်တယ် - မိမ္မနဲ့ အိပ်တယ် -
နိုင်ငံရေးလုပ်တယ် - ဘုံးဖို့ အခွင့်ရတဲ့အခါဘုံးတယ် -
လိမ်စရာလိုယင်လိမ်တယ် - ဆဲစရာလိုယင်ဆဲတယ် -
ဘယ်လောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေပစေ ကိုယ့်လူဘက်ကဘက်လိုက်တယ်

အဲဒီငါတို့ လုပ်နေတဲ့အလုပ်တစ်ခုခုကိုလိုက်လုပ်ယင် ဒီလူဟာ ငါတို့ နဲ့  အတူတူဖြစ်မနေဘူးလား။ သူ့ ကိုငါတို့ ကကိုးကွယ်နေစရာလိုသေးသလား။

အမှန်က သူတို့ ကိုငါတို့ ကကိုးကွယ်ထားချင်တာ - ငါတို့ လို လောဘ ဒေါသ မာနတွေနဲ့  ပြစ်ချွဲနေတဲ့ဘ၀မျိုး
ငါတို့ နဲ့ အတူ တစ်အိုင်ထည်းမှာအတူတူ လာပြီးလူးမနေစေချင်ဘူး

သူတို့ ကိုငါတို့ ထက်ပိုမြင့်မြတ်နေစေချင်တယ် - ဒါမှငါတို့ မှာကိုးကွယ် စရာရှိမယ်

အမှန်ကသူတို့ အဲဒီလိုမြင့်မြတ်နေမှ ငါတို့ အတွက် -သူတို့ ကိုယ်တိုင်နိုင်ငံရေးဝင်လုပ်တာထက် -
ငါတို့ ကိုပိုအကျိုးရှိစေတယ် - သူတို့ ကိုယ်နေရာကနေကိုယ့်အလုပ်ကိုယ်လုပ်နေတာကိုက
သူတို့ လဲ နိုင်ငံရေးလုပ်နေတာဘဲဖြစ်တယ် - သူတို့ နည်းနဲ့ သူတို့  -
ကိုယ်နေရာက နေကိုယ်ဆိုပါတော့။ Seekins ကိုပေးခဲ့တဲ့ကျနော့်အဖြေကတော့အဲဒါပါဘဲ

ကုန်ဈေးနှုံးတွေတက်လို့ ( ၂၀၀၇ တုံးကဓါတ်ဆီဈေးတက်လို့ ) ဆိုပြီး လူတွေလိုလမ်းမပေါ်တက်အော်ပြီးစစ်ဘိနပ်နဲ့ အကန်ခံတာ မျိုးလုပ်မလား။

သီတဂူဆရာတော်လို "လူမိုက်ရဲ့လက္ခဏာတွေကဘာတွေဖြစ်တယ်" ဆိုပြီးဘုရားဟောကျမ်းဂန်ကိုညွှန်ပြပီး -
အုပ်စိုးသူတွေကိုကော အုပ်စိုးခံတွေကိုပါ နှစ်ဘက်စလုံးကိုမျှမျှတတလဲဖြစ် နားခံသာတဲ့စကားလုံးမျိုးတွေနဲ့  အမြင်မှန်ရအောင်ဆုံးမပေးတဲ့အလုပ် မျိုးလုပ်မလား

သီတဂူနည်းဟာဘုန်းကြီးတွေလုပ်နိုင်တဲ့နိုင်ငံရေးလုပ်နည်းလို့ ပြောမယ်ဆိုယင်တောင် ပြောနိုင်တယ်

ဒီလိုမျိုးမဟုတ်ဘဲ လူတွေနည်းတူ ဘီဘီစီ အာအက်ဖ်အေ ဒီဗွီဘီတွေထဲက ကြားရတဲ့ ကံကောင်းတဲ့သူတွေကိုအားကျပီးသူတို့ လိုလိုက်လုပ်ယင်သူတို့ လိုအဖြေမျိုးထွက်ချင်မှထွက်မှာ -

နောက်ဆုံးမတော့ ဘယ်သူမဆိုနိုင်ငံရေးလုပ်ခွင့်ရှိပါတယ် -
အဲ နိုင်ငံရေး နယ်ထဲရောက်လာယင်တော့နိုင်ငံရေးသမားလိုဆက်ဆံခံရလိမ့်မယ် -

အစိုးရရဲ့ နိုင်ငံရေးသမားတွေကိုဆက်ဆံတဲ့နည်းကလဲနဲနဲကြမ်းတယ်လေ - သူက နိုင်ငံရေးသမားတွေသူ့ လက်ထဲမှာရှိတယ်လို့ တောင်ဝန်ခံတာမဟုတ်ဘူး

ဘာဘဲဖြစ်ဖြစ်လေ ကျနော်ကသူတို့ ကို - ဘုန်းကြီးတွေကို - ကိုးကွယ် ထားချင်တာ
ကျနော်တို့ လူးနေတဲ့အိုင်ထဲကိုဆင်းလာပီးကျနော်တို့ နဲ့ အတူတူလာမလူးစေချင်ဘူး

နို့ မဟုတ်ယင်ကျနော်တို့ လူဝတ်ကြောင်တွေဆောက်တည်ရာမရတဲ့အခါ ဘယ်သူ့ ကိုအားကိုးရမလဲ ။

ဒါပါဘဲ
Myint Shwe

Ref:
- http://www.facebook.com/myint.shwe

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 13, 2011

ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင် ဟုတ်၏လော


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံ ရောက်ချိန်မှာ ဟီလာရီ ကလင်တန်က "ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင် ဖြစ်သည်" လို့ ပြောခဲ့ပါတယ်။

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းကတော့ "ဒီမိုကရေစီသည် နောက်ဆုံး ပန်းတိုင် မဟုတ်" လို့ ဆိုပါတယ်။ ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တစ်ယောက်ကတော့ မှားနေတာသေချာပါတယ်။ လုထုစိန်ဝင်း လည်း လူမှား တစ်ယောက် ဖြစ်နိုင်သလို၊ ဟီလာရီကလင်တန်ကလည်း လူမှားတစ်ယောက် ဖြစ်နိုင်ပါတယ်။ လူထုစိန်ဝင်း ပြောခဲ့တာကတော့...

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်

ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။


မစားရ၀ခမန်း

ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ ‘မဟာသြသဓ’ နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ ‘ရွှေပြည်တော်ကြီး’ ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက ‘မစားရ ဝခမန်း’ ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ ‘ပါစင်အောင်’ လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ ‘နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။

မကောင်းမှုတွေ ဘယ်ကစ

ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊


ကောင်းဘွိုင် ယဉ်ကျေးမှုအစ

အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။


လူသားများရဲ့ မျှော်လင့်ချက်

တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ် ၊ ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။

ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ

အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။


ဒေါ်လာ ၆ သိန်းတန်ခွေး

စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ ‘၀မ်’ ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း ‘ကျင်ဟိုင်း’ ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ ‘ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး’လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။

ဒီမိုကရေစီအနှစ်သာရလား

အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ ‘၀မ်’ လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။

ဗြဟ္မပါလနိုင်ငံတော်

လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’ ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။


လမ်းတွေမှအများကြီး

ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း ‘ကျေးဇူးဆပ်စာပေ’တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က ‘ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်’။


လူထုစိန်ဝင်း

အခြေအမြစ်-
- http://www.myanmarexpress.net/2009/10/blog-post.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 3, 2011

မြန်မာအမျိုးသမီးလုပ်သားရာချီ တစ်စုတစ်ဝေးတည်း အလုပ်ခန့်နိုင်မှသာ တောင်ကိုရီးယားသို့စေလွှတ်မည်

ရန်ကုန် ၊ နိုဝင်္ဘာ ၂၄ ။
မြန်မာအမျိုးသမီး လုပ်သားရာချီ စက်ရုံတစ်ခုတည်းတွင် တစ်စုတစ်ဝေးတည်း အလုပ်ခေါ်ယူခန့်ထားနိုင်သော စက်ရုံ အလုပ်ရုံများ ရှိမှသာလျှင် မြန်မာအမျိုးသမီးအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်နိုင် မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။ ''လုပ်ငန်းတစ်ခုတည်းမှာ အလုပ်သမားရာချီစုပြီး လုပ်ရဖို့ဆိုတာက ဒီဘက်က လိုချင်တာပဲရှိသေးတယ် ။ တကယ်ဖြစ်နိုင် မဖြစ်နိုင် စောင့်ကြည့်ဖို့တော့လိုမယ် ။ အဲဒါဖြစ်လာမှ တောင်ကိုရီးယားကို အမျိုးသမီးအလုပ်သမားတွေ စေလွှတ်နိုင်မယ်'' ဟု ၄င်းကဆိုသည်။
ယခုလက်ရှိအခြေအနေတွင်မူမြန်မာအမျိုးသမီးလုပ်သား စေလွှတ်နိုင်သော အနေအထားမရှိသေးကြောင်း၊ တောင်ကိုရီးယား နိုင်ငံဘက်ကလည်း မြန်မာအမျိုးသမီး အလုပ်သမား ရာချီခေါ်ယူနိုင်သော အခြေအနေမရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည် ။
'' အခုလွှတ်ရင် လုပ်ငန်းတစ်ခုကို အမျိုးသမီးအလုပ်သမား တစ်ယောက်စ နှစ်ယောက်စလောက်ပဲ လွှတ်လို့ ရသေးတော့ လွှတ်ဖို့အားမရှိသေးဘူး'' ဟုအထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
ယခုလက်ရှိ ပြည်ပအလုပ်အကိုင်ဈေးကွက်တွင် မြန်မာအမျိုးသမီးအများစု သွားရောက် လုပ်ကိုင်လျက်ရှိကြသော မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှာ အကျိုးခံစားခွင့် နည်းပါးခြင်း ၊ လုံခြုံမှု နည်းပါးခြင်း၊ ဝန်ဆောင်ခ စရိတ်ကြီးမားခြင်း တို့ကြောင့် မြန်မာအမျိုးသမီးအများစု မသွားလိုကြဘဲ အကျိုးခံစားခွင့်ကောင်းသော တောင်ကိုရီးယားအလုပ်အကိုင်ကို စိတ်ဝင်စားလျက်ရှိကြသည် ။
''မလေးရှားတို့၊ ထိုင်းတို့ဆိုရင်လည်း သွားလုပ်ဖို့ အခြေအနေမကောင်းဘူး ။ ကိုရီးယား သွားခွင့်ရရင်တော့ သွားမယ် ။ မသွားရရင်တော့ ပြည်တွင်းမှာပဲလုပ်မယ်''ဟု စမ်းချောင်းမြို့နယ်ရှိပုဂ္ဂလိက အဆင့်မြင့် ဆေးခန်းတစ်ခုတွင် လုပ်ကိုင်နေသူ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ တောင်ကိုရီးယားနိုင်ငံသို့ ဂျီ တူ ဂျီ စနစ်ဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက ဝင်ရောက်လုပ်ကိုင်လျက်ရှိကြပြီး မြန်မာနိုင်ငံမှအပကျန် ၁၄ နိုင်ငံမှ အမျိုးသမီးအလုပ်သမားများကို တရားဝင်ခေါ်ယူလျက်ရှိကာ မြန်မာနိုင်ငံက ကမ်းလှမ်းပါက လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကို စက်တင်ဘာလအတွင်း လာရောက်ခဲ့သည့် ကိုရီးယား လူ့စွမ်းအားအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး လင်ဂယောင်ရှစ် က ပြောကြားသည်။
ယခုလက်ရှိ အမျိုးသမီးအလုပ်သမားများကို ဂျီ တူ ဂျီ စနစ်ဖြင့် ထိုင်းနိုင်ငံတစ်နိုင်ငံတည်းကိုသာ တရားဝင်စေလွှတ်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည် ။
သတင်းအခြအမြစ် -
- Voice Weekly (7/51)
- KorEPS

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 29, 2011

မြန်မာတွေ တကယ်ပဲ ညံ့ကြလို့လား

ရေးသားသူ — သွန်းနေစိုး Thorn Nay Soe
အင်္ဂလိပ်ကို ပထမဆုံးစစ်ရှုံးရတာ ကုန်းဘောင်ခေတ်မှာဖြစ်ပါတယ်။ ဒီ့အတွက် မဟာဗန္ဓုလကပဲ ညံ့သလိုလို အပြစ်ပြောချင်ကြတယ်။ မဟာဗန္ဓုလရဲ့ တပ်သားတွေဟာ အရေးတော်ကြုံမှ ထောင်ပြုမြို့၊ ဆယ်ပြုမြို့ စတာတွေကနေ စုဆောင်းထားရတဲ့ တပ်သားတွေ။ နယ်ချဲ့တပ်ကတော့ ကြေးစားတပ်တွေ။
ဒီကတည်းက စကွာနေပါပြီ။ ပြီးတော့ လူအင်အားချင်းလဲ မယှဉ်သာ လက်နက်အင်အားကလည်း တခြားစီ။ ဒါတောင်မှ `မြန်မာတပ်တွေဟာ ပန်းဝါစစ်မျက်နှာမှာ ဘင်္ဂလားခြေလျှင်တပ်ရင်းကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြန်းအောင်နှိမ်နင်းနိုင်ပြီးတဲ့နောက် ဆက်သာ စစ်ချီမယ်ဆိုရင် စစ်တကောင်းနဲ့ ဘင်္ဂလားနယ်အထ် အလွယ်တကူ သိမ်းနိုင်လိမ့်မယ်´
လို့ အဲဒီတုန်းက နယ်ချဲ့ဘက်က တိုက်ခိုက်ခဲ့သူ လက်ဖ်တင်နင် De Rhe Phillipe က ရေးခဲ့တယ်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ အင်္ဂလိပ်ဘက်က ခေါင်းဆောင်က General Morrison ဒုဦးစီးက Brig: Gen: Mc Bean သူတို့အောက်က တပ်မဟာမှုးတွေက Brig: Gen: W. Richards, Brig: Gen: C. Grants. C. B., Brig: Gen:Fair
သူတို့နဲ့အတူ ပါလာတဲ့ တပ်တွေက ...
26th Native Infantry
54th Regiment
10th Madras Native Infrantry
44th Regiment
26th Bengal Native Infrantry
42nd Bengal Native Infrantry
49th Bengal Native Infrantry
62nd Bengal Native Infrantry
16th Bengal Native Infrantry
Bengal Artillery 8-9 pounders, 4-12 pounders
4-5 howitzers
Madras Artillery 4-9 pounders
Six Companies of Pioneers
Levy of Mugh Pioneers
1st light Lnfantry Battalion
2nd Regiment Local Horse
ဒါ့အပြင် ရေတပ်တွေပါသေးတယ်။ မဟာဗန္ဓုလက ကြည်းတပ်တစ်ခုတည်းအားကိုးနေရချိန်မှာ အဘက်ဘက်အသွယ်သွယ်က စစ်ဆင်လာတဲ့ ကြေးစားတပ်တွေရဲ့ အင်အားကို သူဘယ်လို ရင်ဆိုင်နိုင်မလဲ?

မဟာဗန္ဓုလရဲ့တပ်က အာသံကနေရန်သူတွေကို မောင်းထုတ်ဖို့သွားတယ်။ သူတာဝန်ကျေပွန်ခဲ့တာပဲ။ အင်္ဂလိပ်က စစ်ကြောင်းကြီးသုံးကြောင်းအပြင် ရေတပ်ပါညှပ်ပြီး စစ်ဆင်လာတော့ အင်းဝကို ကာကွယ်ဖို့ရခိုင်ရိုးမဖြတ်ပြီး ပြန်လာရပြန်တယ်။ အဲဒီတုန်းက အင်္ဂလိပ်ဘက်က Colonel Bowen ရဲ့အစီရင်ခံစာကို ကောက်နုတ်တင်ပြပါ့မယ်။
They Fought with a bravery and obstinancy I never witnessed in any troops. They fought desperately, reserving their fire to the last moment and seldom missing their object. Little is known of the march of Mahabandula's forces a cross the mountains of Arakan to the Irrawaddy;
a distance, by the Shortest rouths, of upwards of two hundred miles, at a season of the year when none but Burmans could have kept the field for a week , much less have attempted to pass the insalubrious jungles and pestilential marshes of Arakan, which rivers, arms of the sea and mountain torrents opposing their progress at every step.
မြန်မာ့သတ္တိနဲ့ ဇွဲကို နိုင်ငံခြားသားတစ်ယောက်ရဲ့ စာမှာတောင် မြင်နိုင်ပါတယ်။

အစားထိုးစရာ လူမရှိလို့မို့ ရခိုင်ရိုးမကြီးကိုဖြတ်ပြီး စစ်ပြန်ဆုတ်လာရတာ မဟာဗန္ဓုလ မှားသလား? သူ့ရဲ့ အပင်ပန်းအဆင်းရဲခံခဲ့မှုကို မငဲ့တောင် သူ့သမိုင်းကိုတော့ မဖျက်သင့်ပါ။ ရန်သူက အ၀ိုင်းခံနေရလို့ လက်နက်ချဖို့ ရာဇသံအပေးခံနေရချိန် (နောက်ဆုံးအချိန်) မှာ မင်းကြီး မဟာဗန္ဓုလဟာ ဟော့ဒီလို စာပြန်ခဲ့တယ်။
`ကျွန်ုပ်တို့ နှစ်ဦးလုံးဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုက်ခိုက်နေခြင်းဖြစ်သည်။ အသင့်ဂုဏ်သိက္ခာကို အသင်ထိန်းသိမ်းသလို ကျွန်ုပ်ဂုဏ်သိက္ခာကိုလည်း ကျွန်ုပ်ထိန်းသိမ်းရပေမည်။ မိတ်ဆွေတစ်ဦေးအနေနှင့် ဓနုဖြူမြို့ကို လာကြည့်လိုပါလျှင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပြပါမည်။ ရန်သူအနေနှင်လာလိုက တက်ခဲ့ပါ´ လို့ စာပြန်ခဲ့သူကိုမှ ရန်လိုတယ်လို့ စွပ်စွဲချင်နေတာဟာ အမျိုးကို စော်ကားတာပါပဲ။

တစ်ချိန်က ရွှေထီးဆောင်းခဲ့တာကို ပြန်တမ်းတတာ မဟုတ်ပါ။ မြန်မာတွေ ညံ့တယ်လို့ စွပ်စွဲချင်ရင် ဘုရင့်နောင်ခေတ်ကို မသိချင်ယောင်ဆောင်ပြီး ကျော်မသွားပါနဲ့လို့ ပြောချင်တယ်။
`ဒီကမ္ဘာမြေပြင်မှာ ပဲခူး(ဟံသာဝတီ) ဘုရင်လောက် တန်ခိုးအင်အား ကြီးမားသူ မရှိ´ လို့ရေးခဲ့တာ မြန်မာ့သမိုင်းမှာ တမင်ကြွားရေးထားတာ မဟုတ်။
Samuel Purchas ရဲ့ Hakluytus or Punrhas His Pilgrimes ဆိုတဲ့ စာအုပ်က စကားဖြစ်တယ်။

နောက်ထပ် ပြစရာ အထောက်အထားတွေ၊ ကျနော်တို့ရဲ့ တောက်ပြောင်ခဲ့တဲ့အတိတ်သမိုင်းတွေ တောင်ပုံရာပုံရှိပါသေးတယ်။ လတ်တလောဆိုတော့ ခပ်သွက်သွက်ပဲ ပြပါ့မယ်။ ဟော့ဒါက ကနောင်မင်းသားကြီးအကြောင်းရေးထားတာပါ။
`မင်းသားသည် ရည်မှန်းချက်ကြီးတစ်ခုကို မဖြစ်မနေ ဆောင်ရွက်ရန စိတ်ဓာတ်ခိုင်မာလှသူ ဖြစ်လေသည်။ ထိုရည်မှန်းချက်မှာ ဥရောပမှာ ခေတ်ပညာများ တတ်မြောက်၍ မြန်မာနိုင်ငံခေတ်မီလာစေရေးပင်တည်း။ .... မိမိတို့ လူမျိုး အဆင့်အတန်းတက်ရန် ပညာလိုသည်ကို သူ ထိုးထွင်း၍ သိလေသည်။ .... သူကဲ့သို့ ယောက်ျားကောင်းသည် ရှာမရှားလောက်ပေသည်´
တဲ့။ အဲဒီလို ရေးသူကတော့ Paul Amrose Bigandet ပါ။ An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 စာအုပ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်မှာပဲပေါ်ပေါက်ခဲ့တဲ့ မက္ခရာမင်းသားကြီးကိုလည်း ကာနယ်ဗာနေးက `မင်းသားကြီးကဲ့သို့ ပညာဗဟုသုတပြည့်စုံ၍ ဥာဏ်ထက်မြက်သောပုဂ္ဂိုလ်မျိုးကို မတွေ့ဘူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာဗဟုသုတအရာတွင် ငတ်မပြေ သိကျွမ်းလိုသော သူမျိုးကို မတွေ့ဘူးပါ´ လို့ ရေးခဲ့တယ်။

ပြီးတော့ ထိုင်းကို သိပ်အထင်ကြီးပြီး မြန်မာကိုပုတ်ခတ်တာလဲတွေရပြန်တယ်။ ထိုင်းရဲ့ အင်မတန်ထင်ရှားတဲ့ သမိုင်းဝင်ဘုရင် ဖရနရေစူဝမ်ဟာ ဘယ်နိုင်ငံမှာ စစ်ပညာသင်ခဲ့တာလဲ? အသေအချာ ဆန်းစစ်ကြည့်ပါ။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်လုပ်ခဲ့တဲ့ ဦးသန့် တော်ကြောင်းသိကြသလို တခြား ပြစရာ မြန်မာအများကြီးရှိသေးတာကိုလည်း သတိပြုသင့်ပါတယ်။ လက်လှမ်းမီရာ အမြန်ပြောရရင် ဦးတင်ထွဋ်ဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ရာမှာ အတော်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ နောက်ထပ်မြန်မာပညာရှင်တွေ အများကြီးရှိပါသေးတယ်။

စာမှာတင်မဟုတ်ပါဘူး။ ဦးဘဥာဏ်တို့ ဦးဇော်ဝိတ်တို့လို အနုပညာ၊ အားကစားဘက်တွေမှာလဲ မြန်မာ့အစွမ်းပြခဲ့သူတွေအများကြီးရှိပါတယ်။ အခုခေတ်စားနေတဲ့ ဘောလုံးမှာဆိုလဲ တစ်ချိန်က မြန်မာဟာ အာရှအဆင့်ရှိခဲ့မှန်းလူတိုင်းသိပါတယ်။

ကျနော်က မြန်မာတွေ တော်လှချည့်လို့ မျက်စိမှိတ်ဇွတ်ငြင်းနေတာ မဟုတ်ပါ။ ဒါပေမဲ့ မြန်မာကို ညံ့တယ်လို့ ဘယ်လို ဆင်ခြေမျိုးနဲ့ ပြောချင်ပါသလဲ? တော်တယ် ညံ့တယ်ဆိုတာကို ဘယ်လို စံနှုန်းမျိုးနဲ့ သတ်မှတ်မလဲ?
ပြောနေရတာကတော့ ထိုင်းလောက်ကို သိပ်ကိုးကွယ်ချင်နေတာတွေ တွေ့နေရလို့ပါ။

Howard Malcom ရဲ့ Travels in South Eastern Asia စာအုပ်မှာ မြန်မာဆိုတာ လုပ်စရာကိစ္စပေါ်လာရင် ဖင်မလေးတတ်ကြောင်း၊ လူစုလူဝေးနဲ့ လုပ်ကိုင်ရရင်လည်း ညီညီညွတ်ညွတ်နဲ့လုပ်ကြ သည်းခံကြ တစ်ဦးကိုတစ်ဦး ပံ့ပိုးကြကြောင်း အ၀မြို့ကို လှေနဲ့ ဆန်တက်ရတဲ့ခရီးမှာ သူကြုံခဲ့ရပုံကို ရေးပြခဲ့တယ်။
ဟော့ဒါက Albert Fytche ရဲ့ Burma Past and Present ဆိုတဲ့ စာအုပ်က ကောက်နုတ်တင်ပြချက်။ `မြန်မာလူမျိုးဟာ အနေအစားရိုးရှင်းသည်။ လောဘစိတ်နည်းသည်။ သူတို့သည် ကမ္ဘာမြေပြင်ကို အလုပ်ရုံအဖြစ် ပြောင်းလဲလိုစိတ်မထား´ တဲ့။
ကျနော်တို့မြေပေါ်မှာ ကျနော်တို့ လွတ်လပ်အေးချမ်းစွာနေထိုင်ခဲ့ကြတယ်။ ဒါကို ညံ့တယ်လို့ ဆိုချင်သလား? ပေတံဆိုတာက သူ့ပေတံကိုယ့်ပေတံအမျိုးမျိုးရှိပါလိမ့်မယ်။ အရာရာကို ထိုင်းအထင်ကြီးတဲ့ မျက်မှန်ကြီးတပ်ပြီး စွပ်မရမ်းချင်ပါနဲ့။

အခုလို အချိန်မှာ ကျနော်တို့ဟာ ရောင်ခြည်ကလေးပျို့လာတာကို မြင်ရကာစဖြစ်ပါတယ်။
အတိမ်းအစောင်းမခံတဲ့အခြေအနေပါ။
ဒီအချိန်မှာ သေချာတာကတော့ လူငယ်တွေရဲ့ စိတ်ကို အားတက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

သမိုင်းမှာလဲ တို့တော်ခဲ့တယ်။ ခုခေတ်မှာပိုတော်အောင်ကြိုးစားကြမယ်လို့ တိုက်တွန်းတာ ကောင်းသလား?
ငါတို့က ဘယ်တုန်းကမှ မတော်ခဲ့ပါဘူးလို့ ပုတ်ခတ်ချင်နေတာ ကောင်းသလား?
နားလည်လွယ်အောင် ထပ်ပြောပါ့မယ်။
လူငယ်တစ်ယောက်ကို ...
သားရေ၊ မင်းက တော်ပါတယ်ကွာ၊ ကြိုးစားလိုက်စမ်းပါလို့ပြောတာ ကောင်းသလား?
ဟေ့ကောင် မင်းညံ့တယ်ကွ၊ ဒါပေမဲ့ တော်အောင်ကြိုးစားစမ်းလို့ပြောတာ ကောင်းသလား?

တကယ်တော့ သမိုင်းကြောင်းကြီးတစ်ခုလုံးကို ဒီလိုကောက်ချက်လွယ်လွယ်ပေးဖို့ဆိုတာ စာတစ်အုပ်နှစ်အုပ်ထဲနဲ့ဖြစ်နိုင်မယ့် ကိစ္စမဟုတ်ပါ။ လုပ်လည်း မလုပ်သင့်ပါ။
ကျနော်လည်း မပြောအပ်သလို။ အခု မြန်မာကို ပုတ်ခတ်ချင်နေတဲ့ ယိုးဒယားအလံရှုးတွေလည်း မလုပ်အပ်ဘူး။
သမိုင်းကြီးတစ်ခုလုံးနဲ့ ချီပြောရရင် ဘယ်နိုင်ငံမှ တော်လည်း မတော်ဘူး ညံ့လည်း မညံ့ဘူး။
ဒီလောက်နှစ်ကာလများစွာ ဖြတ်သန်းခဲ့စဉ်မှာ ကောင်းကွက် တော်ကွက်တွေရှိသလို ရှော်ကွက် ညံ့ကွက်တွေလည်းရှိမှာပါပဲ။

ကျနော်တို့က တော်ကွက်ကောင်းကွက်ကို ရွေးပြောတယ်။ ဘာလို့ဆို
စိတ်ပညာမှာ အညွှန်းခံစိတ်ဆိုတာ ရှိပါတယ်။
`တို့ကဗီဇမှာ တော်ပါတယ်´ ဆိုတာက လူတော်ဖြစ်လာအောင် ညွှန်းဆိုမှုပေးလိုက်ခြင်းဖြစ်ပြီး
မြန်မာတွေ ညံ့ပါတယ်ကွာလို့ ပြောချင်သူကတော့ လူငယ်တွေရဲ့ အနာဂတ်ကို အညွှန့်ချိုးခြင်းသာဖြစ်ပါလိမ့်မယ်။

ဒီစာဟာ တောင်းဆိုလာသူတွေ ရှိလို့သာရေးရခြင်းဖြစ်ပါတယ်။
ကျနော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ အကောင်းဆုံးလို့ ခံယူသူပါ။
လောလောဆယ် နိုင်အောင် မတိုက်နိုင်သေးလို့ ငါတို့ ညံ့တယ်လို့ ပြောချင်ရင် တကယ်လုပ်နေသူတွေရဲ့ မျက်နှာကို အိုးမဲသုတ်ချင်နေသလို ခံစားရပါတယ်။
အပြင်ကနေတော့ လေပန်းမနေပါနဲ့။ သိပ်သတ္တိရှိရင် လာပါ၊ အတူစွန့်ကြရအောင်။

သေချာတာကတော့ ကျနော်တစ်ခွန်းတည်းပြောမယ်။
မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။
ဘယ်နေရာမှာ တော်သလဲ?
စိတ်ဓာတ် သတ္တိ ဇွဲမှာ တော်တယ်။

ကျနော်တို့ သူများ ကျွန်ဖြစ်ခဲ့ရတာ မှန်တယ်။
ဒါဟာ ကျနော်တို့ချည်းအပြစ်မဟုတ်ဘူး။ အာရှတစ်ခုလုံးနီးပါး ဥရောပ အလွှမ်းမိုးခံခဲ့ရတာ။
နောက်ပြီး နောက်ထပ် ခါးသီးတဲ့ တိုင်းပြည်ကံကြမ္မာတွေနဲ့ ကြုံခဲ့ရလို့ ကျနော်တို့ နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရတယ်။
လောလောဆယ် ပတ်ဝန်းကျင်နိုင်ငံတွေက ကျနော်တို့ထက် သာနေတာ မှန်တယ်။
ဒါဟာ သာနေခြင်းသာ ဖြစ်တယ်။ သာသွားခြင်းမဟုတ်။
ဒီလို သာနေခြင်းမှာလဲ ကျနော်တို့ဆီမှာ ပိတ်နေလို့ သူတို့က အသာရနေခြင်းတွေ အများကြီး ပါတယ်။
ကျနော်တို့ကြောင့် ကောင်းကျိုးရနေတာတွေ အများကြီးရှိတယ်။

ဒါပေမဲ့ အခု ကျနော်တို့ ပြန်လာနေပြီ။

လောလောဆယ် ကျနော်တို့မှာ အားထားစရာ စိတ်ဓာတ်ပဲ ရှိတယ်။
အဲဒီစိတ်ဓာတ်ကိုတော့ ဘယ်သူထိပါးတာမှ မခံကြနဲ့။
အဲဒီ စိတ်ဓာတ်နဲ့ပဲ အားလုံးရအောင်ပြန်ယူမယ်။

ဒါကြောင့် မြန်မာတစ်ယောက်ပီပီ မြန်မာတွေကိုယ်စား ကြွေးကြော်လိုက်ချင်တယ်။
မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့သူတွေဖြစ်တယ်။
မြန်မာဆိုတာ လူတော်စာရင်းဝင်ခဲ့တယ်၊ အနည်းဆုံး အာရှမှာဆိုရင်ပေါ့။
နောက်ကို ဒီ့ထက်တော်ဖို့ ကျနော်တို့ခေတ်မှာ ကြိုးစားကြမယ်။

သွန်းနေစိုး Thorn Nay Soe
စာရေးသူ၏ မှတ်စုများ
၁။ [Facebook ကို ဖွဘုတ်လို့ ပြောနေကြသလိုပဲ။ ခုတလော ပုတ်ခတ်တာတွေ တော်တော်တွေ့နေရတယ်။ နောက်ဆုံး ကိုယ့်နိုင်ငံသမိုင်းပါ ပုတ်ခတ်လာတယ်။ ဒါဟာ တိုင်းပြည်ချစ်တဲ့လူငယ်တစ်ယောက်ရဲ့ ရှောင်တခင် ခုခံချေပချက်ဖြစ်တယ်။]
၂။ (တမင် အင်္ဂလိပ်စာအုပ်တွေက အကိုးအကားထုတ်ရတာဟာ မြန်မာဆရာတွေရေးတဲ့စာအုပ်ဆိုရင် မြန်မာချင်း ပင်းပြောတယ်ထင်မှစိုးလို့ပါ။ ညတွင်းချင်းရှာရတာမို့ စိတ်ရှိသလောက် မပြနိုင်ဘူး။ အရေးထဲ Connection ကကျနေတော့ Internet ပေါ်က လုံးဝ ယူမရခဲ့ဘူး)

Ref:
Hakluytus or Punrhas His Pilgrimes by Samuel Purchas
An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 by Paul Amrose Bigandet
History of the British Residency in Burma 1826-1840 by W. S Desai
History of Burma by G. E. Harvey
The Making of Burma by Dorothy Woodman
Travels in South Eastern Asia by Howard Malcom
Burma Past and Present by Albert Fytche
ပို့စ်တင်သူ၏ မှတ်ချက် -
- ကြိုက်လို့ ဟန်းဂုရွာမှာ ရှယ်လိုက်တာပါ ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 18, 2011

ကိုရီးယား စာပေဟောပြောပွဲ အမှတ်တရ

ရေးသားသူ — ThuThuAung


ကျနော်တို့ ကိုရီးယားမှ မြန်မာသူငယ်ချင်းများ အချင်းချင်း အရင်ဆို တခုခုပွဲဖြစ်ရင် ဖုန်းနဲ.ဖြစ်ဖြစ် ဂျီတော.က ဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်မှာ ဖြစ်ဖြစ် တဦးနဲ.တဦး အကြောင်းကြားပြီးသား ဒီတခေါက် စာပေဟောပြောပွဲ ကိုတော. ဘယ်သူကိုမှ အကြောင်း မကြားဖြစ်၊ ဒါကလည်း အကြောင်းရှိသည်။ စာပေဟောပြောပွဲ မတိုင်ခင် တပါတ်လောက်အလို သူငယ်ချင်း တယောက်ကို စာပေဟောပြောပွဲ လိုက်မလား မေးမိတာ၊ စိတ်မဝင်စားဘူး ပျင်းစရာကြီးလို့ ပြန်ပြောလို့ ရင်ထဲ တော်တော် အောင့်သွားတယ်။

ဟုတ်တော့ဟုတ်သည် စာပေဟောပြောပွဲ ဆိုတာ စာဖတ်ခြင်း စိတ်ဝင်စားမှ ခုလာရောက် ဟောပြောမယ့် စာရေးဆရာကို လေးစားမှုရှိမှ စာပေဟောပြောပွဲ လာရောက် နားထောင်တာ သင့်တော်ပါသည်။ မဟုတ်လျှင် လာရောက် နားထောင်သူ အတွက်လည်း အကျိုးမရှိ ဟောပြောနေသူ အတွက်လည်း အကျိုးမရှိလှပေ။ထို့ကြောင့် မည်သူကိုမှ စာပေဟောပြောပွဲကို လာကြပါလို့ မဖိတ်ခဲ့၊ အံ့သြစရာ စာပေဟောပြောပွဲ ကျင်းပရာ ခန်းမရောက်တော့ ကိုရီးယားရောက် မြန်မာများ၊ သူငယ်ချင်းများ၊ ကိုရီးယားရောက် မြန်မာ ကျောင်းသား ကျောင်းသူများ အစုံအလင် တွေ့လိုက်ရသည်။ နယ်မှာနေသူ၊ ခရီးဝေးလံ သူဖြစ်လို့ မလာရောက် နိုင်သူများသာလျှင် ရောက်မလာ ဖြစ်တာမျိုးရှိမည်။ စာပေချစ်သူ တော်တော်များများ မြင်တွေ့လိုက်ရသည်။ကိုရီးယားရောက် မြန်မာတွေရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်၊ စာဖတ်ခြင်းကို စိတ်ဝင်စားမှုကိုတော့ လေးစား အထင်ကြီးမိပါသည်။ ကျနော်လို ဘီးကျဲ ကတော့ ထားပါတော့ လူငယ် တွေရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်ကို လေးစားမိပါတယ်။ စာပေဟောပြောပွဲ တက်ရောက် နားထောင်ရတာလည်း များစွာအကျိုး ရှိလှပါပေတယ်။

ဆရာအော်ပီ ကျယ်က .. ရေကြည်ရာမျက်နုရာ..ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပြီး

ဆရာဖေမြင့် ကတော. ..ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့သည်။

ဆရာအော်ပီကျယ်က ရေကြည်ရာမျက်နုရာ ကိုရီးယားမှာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ရင်းက ကျနော်တို့ရေ ကျနော်တို့ မြေကို ရေကြည်အောင် မလုပ်နိုင်ရင်တောင် ရေနောက်အောင် မလုပ်ကြပါနဲ့၊ ကျနော်တို့မြေ ကျနော်တို့ ရေကို ရေပြန်ကြည်အောင် မျက်ပြန်နုအောင် ကျနော်တို့ ကိုယ်တိုင်ကြိုးစား ကြရမယ်၊ မကြိုးစားနိုင်သူ မကြိုးစား ချင်ရင်နေပါ၊ ရေပြန်ကြည်အောင် မျက်ပြန်နုအောင် ကြိုးစားနေသူကို အနှောင့်အယှက် မပေးပါနဲ့ ရေနှောက် သူမဖြစ်ပါစေနဲ့၊ သူများစိုက်တဲ့ မျက်နုနုလေးတွေကို နင်းခြေပစ်တဲ့သူ မဖြစ်ပါစေနဲ့ဟု တိုက်တွန်းပြောကြားသွားသည်။

သဘာဝ သံယံဇာတ ပေါသောမြေဗုဒ္ဓဘာသာ ထွန်းကားသောမြေ၊ အင်မတန် ဥာဏ်ပညာထက်မြက်သော လူတော်တွေရဲ့မြေ၊ ပျော်ရာမှာမနေ တော်ရာမှာ နေရပေမယ့် ခင်ဗျားတို့ရဲ့ ပျော်ရာဟာ မြန်မာပြည် ဖြစ်အောင် ခင်ဗျားတို့ တော်ရာဟာ မြန်မာပြည် ဖြစ်အောင် ခင်ဗျားတို့ ကျနော်တို့ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမယ်လို့ အမှာစကား ပြောကြားသွားသည်။ကိုယ့်မြေ ကိုယ့်ရေကို ရေပြန်ကြည်အောင် မျက်ပြန်နုအောင် အားလုံး ဝိုင်းဝန်း ကြိုးစားကြပါလို့ အလေးအနက် ပြောကြားသွားသည်။

မြစ်ထဲမှာ မှောက်နေသော လှေတစင်းကို ဥပမာပေး ပြောကြားသွားသည်။ ကျနော်တို့တွေဟာ မြစ်ထဲမှာ မှောက်နေသော လှေတစင်းမှာ စီးနင်း လိုက်ပါလာသလိုပါပဲ၊ မြစ်ထဲမှာ လှေမှောက်ရင် လှေကို စွန်.ခွာ ပြေးမည်လား ကမ်းနဲ့ သိပ်ဝေးလျှင် အသက်ရှင် ရပ်တည်မှုအတွက် ကူးခတ်နိုင်မည်လား၊ ကိုယ်လွတ်ရုန်း ကူးခတ် သင့်ရဲ့လား အကောင်းဆုံးကတော့ အတူတူ တက်ညီလက်ညီ မှောက်နေသောလှေကို ပြန်လှန် လှေထဲမှ ရေကို ပြန်ခပ် ပက်ထုတ် ပြီး ပန်းတိုင်ရောက်အောင် ဆက်လက်လှော်ခတ် သွားဖို့ ကြိုးစားကြရမယ်။

ကျနော်တို့ ခုချိန်ဟာ တိုင်းပြည်အတွက် မှောက်နေသော လှေကို ပြန်လှန်ဖို့ လှေထဲမှ ရေကို ပြန်ခပ် ထုတ်ပက် ဖို. အချိန်ကာလဖြစ်ပါတယ်။ မြစ်ထဲမှာ မှောက်နေသော လှေကို စွန်.ခွာ ပြေးခြင်း မလုပ်ပဲ မှောက်နေသောလှေကို ပြန်လှန်ပြီး ဆက်လက် လှော်ခတ်နိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို. တိုက်တွန်း ပြောကြားသွားသည်။

ဆရာ ဖေမြင့် ကတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း..
စာဖတ်ခြင်းရဲ့ အကျိုး ကျေးဇူးတွေ ..
မည်သို့ စာဖတ်မလဲ ..အကျိုးရှိအောင် ဘယ်လိုမှတ်မလဲ ..

စာအုပ်တွေက ဘာတွေ ပေးလည်း ...
1-Infomation
သတင်းအချက်အလက်(ဗဟုသုတ)
2-Entertainment / Relaxation
ဖျော်ဖြေရေး/ အပမ်းဖြေ ခြင်း
3-Sublimation
ပိုမိုကောင်းမွန်လာစေခြင်း ..
4-Inspiration
လှုံ.ဆော်ခြင်း
စတာတွေကို အသေးစိတ် ရှင်းလင်းပြောကြားသည်။

စာဖတ်သူမှာဘာတွေရသလဲ ..
Information သတင်းအချက်အလက်(ဗဟုသုတ) ===>
Knowledge အသိပညာ ===>
Wisdom .ဥာဏ်ပညာ===>
Judgement စဉ်းစားဆုံးဖြတ်နိုင်ခြင်း===>
Decision Making ဆုံးဖြတ်ချက်ချခြင်း===>

နိဂုံးမှာတော. ..စာဖတ်ခြင်းကြောင်. ဗဟုသုတကြွယ်ဝသူအမြင်ကြွယ်သူ နှိုင်းချိန်စဉ်းစားတတ်သူ ဦးနှောက်ရော နှလုံးသားပါ ရင့်ကျက် ပြည့်ဝသူအဖြစ် ရောက်ရှိ လာနိုင်ကြောင်းကို ကိုးကားချက် အစုံအလင်ဖြင့် အသေးစိတ် ဟောကြားခဲ.သည်။စာအုပ် တအုပ်ကြောင့် နိုင်ငံ တနိုင်ငံ သမိုင်း ပြောင်းလဲ သွားလောက်အောင် လှုံဆော်ပေးနိုင်ခဲ့တဲ့ စာအုပ်တွေ အကြောင်း၊ စာဖတ်ခြင်းကြောင့် ဘဝတခုလုံး ပြောင်းလဲခဲ့ပြီး အညတရ ဘဝမှ အမေရိကန်သမတ ဖြစ်သွားတဲ့ လင်ကွန်းအကြောင်း အသေးစိတ် ဟောပြောခဲ့သည်။ စာဖတ်ကြဖို့ စာဖတ်ပြီး အကျိုးရှိအောင် မှတ်ဖို့ ဖတ်ဖို့ တိုက်တွန်း မှာကြားသည်။

ဆရာဖေမြင့် ဟောပြောချက်သည် ပညာရှင်ဆန်ပြီး အချက်အလက်ဆန်သည် လေးနက်သည်။ ဆရာအော်ပီကျယ် ဟောပြောချက်သည် ကာတွန်းဆရာပီပီ ဟာသဥာဏ် ပါသည် ရယ်စရာမောစရာ လေးတွေနှင့် စိတ်ဝင်စားအောင် ပြောတတ်သည်။

ကိုယ်လေးစားသော စာရေးဆရာများ ကိုယ်တိုင် တွေ့ဘူး ကြုံဘူး မြင်ဘူး ခဲ့သည်။ စာရေးဆရာတွေ ဟောပြောတာ နားထောင် ရခြင်းကြောင် ယခု စာပေဟောပြောပွဲလေးဟာ များစွား အကျိုးရှိလှ ပေသည်။ စာပေဟောပြောပွဲ ဖြစ်မြောက်အောင် စီစဉ် ပေးသော ကိုရီးယားမှ စာပေကော်မတီဝင်များနှင့် အဖက်ဖက်မှ ပူးပေါင်း ပါဝင် ကူညီကျသော ကိုရီးယားရောက် မြန်မာများ အားလုံးကို များစွာ ကျေးဇူးတင်မိပါသည်။

Credit to ThuThuAung (myanmarcupid.net )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 5, 2011

မေ့နေလား?

ရေးသားသူ — “ဇ”

မေ့နေလားလို့ မေးမယ်ဆိုရင်၊ ဟုတ်ကဲ့ မေ့နေတယ်လို့ပဲ ဖြေရမှာပါ။ နိုင်ငံရပ်ခြားကို ထွက်လာစ အချိန်က ထားရှိခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ၊ တရားသဘော အရကြည့်မယ်ဆိုရင် မမြဲတဲ့ အနိစ္စသဘော သေခြင်းတရား ဆိုတာတွေကိုလည်း မေ့နေမိပါတယ်။ ကျွန်တော်တို့ ဒေဂူးမြို့မှာ ဆုံးပါးသွားတဲ့ သူငယ်ချင်း လေးယောက်ရှိသွားပါပြီ။ ယူတတ်ရင်တော့ သတိသံဝေဂ ရစရာပါ။ ဒီနေ့ပြောချင်တာက အဖမ်းအဆီးနဲ့ ပတ်သက်တာလေးတွေကို မေ့မနေပဲ သတိရှိကြဖို့ပါ။ အဖမ်းအဆီး သတင်းဆိုတာ (T) ညီအစ်ကိုတွေအတွက် အရေးမကြီးပေမယ့် (၀) ညီအစ်ကိုတွေ အတွက်သတိတော့ ထားစရာပါ။ ခုတလော အဖမ်းအဆီး သတင်းလေးတွေ ကြားလာရပါတယ်။ ဒေဂူးမှာလည်း (၇) လပိုင်းအထိ စီမံချက် ရှိတယ်လို့  သိထားပါတယ်။ အဓိကပြောချင်တာက အဖမ်းအဆီးနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်လေး ပြောပြချင်လို့ပါ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ။ သူငယ်ချင်းက ခင်မင်စရာ ကောင်းပါတယ်။ အလုပ်လည်း ကြိုးစားပါတယ်။ ဒါပေမယ့် အသုံးအဖြုန်း ကြီးပြီး ယမကာမှီဝဲတတ်တာကတော့ သူ့ရဲ့မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သူဟာ လုပ်ငန်းခွင်မှာ နှစ်ကြာလာတဲ့အတွက် နေရာလေးလည်း၊ လခလည်းတိုးလာတော့ ဘ၀န်လေးပါ မြင့်လာပြီး ပိုသုံးပိုရမ်း လာပါတယ်။ အိမ်ကိုလည်း ငွေမပို့တော့ပါဘူး။ ကံဆိုးချင်တော့ သူ့မွေးနေ့ပွဲကို လခအကုန်ခံ ကျင်းပပြီးနောက်ရက် အပြင်မှာ အဖမ်းခံခဲ့ ရပါတယ်။ ကြိုတင်စုဆောင်း ပြင်ဆင်ထားတာလည်း မရှိတော့ စက်ရုံမှာ ကျန်တဲ့လခလေးနဲပဲ ပြည်တော်ပြန် လိုက်ရပါတယ်။ သူနဲ့ကျွန်တော် ဖုန်းပြောဖြစ်တော့ သူပြောတဲ့ စကားလေးက ကျွန်တော့ကိုပါ အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ “စု မိတယ်ဗျာ နောင်တတွေ”တဲ့။ သူပြောသွားတဲ့ စကားပါ။

ဟုတ်ပါတယ်။ ၂ နှစ်လောက်နေပြီး သူ စုမိသွားတာ နောင်တတွေပါ။ ကျွန်တော်တို့တတွေ နိုင်ငံရပ်ခြားလာပြီး စီးပွားရှာရတာ ပင်ပန်းပေမယ့် မိဘ၊ ဘိုးဘွား မိသားစုများကို ထောက်ပံ့ကန်တော့ နိုင်တာမို့ ကုသိုလ်လည်းရ ၀မ်းလည်းဝဆိုတဲ့ အနေအထားမျိုး ရှိကြသူတွေပါ။ ကျွန်တော်ဆိုလိုချင်တာက အသုံးနဲ့အဖြုန်း ဝေဖန်ပိုင်းခြားပြီး တန်ဖိုးရှိတဲ့အချိန်တွေကို အကောင်းဆုံးဖြစ်အောင် အသုံးချသွားစေချင်တာပါ။ တကယ်တော်ပြီး စည်းစနစ်ရှိသူတွေလည်း အများကြီးရှိပါတယ်။ အတုယူသင့်ပါတယ်။ ကျွန်တော်ကိုယ် တိုင်လည်း အမှားတွေကြားမှာ သံသရာလည်ပြီး နှစ်တွေကြာခဲ့ရပါပြီ။ အချိန်တန် အိမ်ပြန်ရမယ်ဆိုတဲ့ အသိလေးကို “မမေ့ပဲ” တန်ဖိုးရှိတဲ့ အချိန်လေးတွေကို အသုံးပြုမှန်စေဖို့ မရေးတတ်ရေးတတ်နဲ့ပဲ ဒီအသိပေးစာလေးကို စေတနာအရင်းခံနဲ့ ရေးသားတင်ပြလိုက်ပါတယ်။ သူငယ်ချင်းပြောခဲ့တဲ့ စကားလေးနဲ့ နိဂုံးချုပ်ရရင်

“စု မိ တယ် ဗျာ နောင်တ တွေ” မဖြစ်စေဖို့ ….
“ဇ”

(ဒေဂူးအသံ) http://vodaegu.blogspot.comမှ ကူးယူဖော်ပြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, April 3, 2011

ဘ၀မှာ ရပ်တာ မှန်ပါစေ...

ရေးသားသူ — ဆရာ စိုးဝင်းငြိမ်း

ဘ၀မှာ ရပ်တာ မှန်ပါစေ...



ရဲရင့်တည်ကြည်တဲ့သူတွေက
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြတယ်...

နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကြီးသူက
ကိုယ့်နှလုံးသားပေါ်ကိုယ် ရပ်ကြတယ်...

တွေးခေါ်မျှော်မြင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိသူက
ကိုယ့်ဦးနှောက်ပေါ်ကိုယ် ရပ်ကြတယ်.. .

ကြီးမြတ်သူတွေကတော့
အမှန်တရားပေါ် ရပ်ကြတယ်...

ဘ၀မှာ ရပ်တာ မှန်ပါစေ...
အမှန်တရားမှာ ရပ်နိုင်ပါစေ...

စိုးဝင်းငြိမ်း
၁၉၉၉

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 6, 2010

စည်းလုံးမှ နောက်တဆင့်တက်...

မနေ့က ရုပ်ရှင်သရုပ်ဆောင်ကြီး ဒေါ်တင်တင်လှရဲ့ အသုဘအခမ်းအနားကို ကျနော်တို့ နာရေးကူညီမှုအသင်းက လုပ်ပေးရတယ်။ ဒေါ်တင်တင်လှ ဆိုတာ ကျနော်တို့ငယ်ငယ် ကလေးဘ၀ကတည်းက မင်းသမီး ဖြစ်လာတဲ့ ၀ါရင့်သရုပ်ဆောင်ကြီးပါ။ ဒေါ်တင်တင်လှရဲ့ ဈာပနအခမ်းအနားမှာ ဆိုရင် ရုပ်ရှင်သမားဆိုလို့ ဒေါ်နွဲ့နွဲ့စန်းနဲ့ အမေနှစ်ယောက်လောက်ပဲ ကျနော် တွေ့တယ်။ ဒါတွေက စည်းလုံးမှု မရှိဘူး ဆိုတာကို ပြတာပဲ။ နိုင်ငံရေးကို သွားလုပ်ဖို့ စိတ်မကူးပါနဲ့ဦး၊ ကိုယ့်ရဲ့ လူမှုရေး အသင်းအဖွဲ့တွေ၊ ကိုယ်နဲ့ ပတ်သက်တဲ့ လူတွေရဲ့ သာရေးနာရေး ကိစ္စတွေကို စည်းစည်းလုံးလုံး တက်တက်ကြွကြွ လုပ်ဖို့ အရေးကြီးပါတယ်။ ရုပ်ရှင်လောကသားတွေ စည်းလုံးမှ နောက်တဆင့်ကို တက်ပြီး နိုင်ငံရေးလုပ်ချင် လုပ်ကြပါ။ နိုင်ငံရေးကို ကျော်ပြီး လုပ်ဖို့ စိတ်ကူးမရှိပါနဲ့။ နိုင်ငံရေး လုပ်တာ ကိုယ်ကျိုးအတွက် လုပ်တာလား၊ အများအကျိုးအတွက် လုပ်တာလား ဆိုတာကိုတော့ ခေါင်းထဲမှာ စဉ်းစားဖို့ ကောင်းပါတယ်။ တချိန်ကျတော့မှ ကိုယ်ကျိုးအတွက် လုပ်နေတယ်ဆိုရင် ဒီသမိုင်းဟာ လုံးဝ ဖျောက်လို့ရမှာ မဟုတ်တော့ပါဘူး။


ကျော်သူ
(ကြံ့ဖွတ် ခင်ရွှေရဲ့ စည်းရုံးရေးခရီးမှာ လွင်မိုး, နန္ဒာလှိုင် နဲ့ မိုးဒီတို့ လိုက်ပါသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့အာရှအသံက မေးမြန်းရာမှာ ပြန်လည်ဖြေကြားတဲ့ ကိုကျော်သူရဲ့ မှတ်ချက်စကား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>