Showing posts with label အယူအဆ. Show all posts
Showing posts with label အယူအဆ. Show all posts

Saturday, February 8, 2014

အကြံပြုတာပါ



ဒီလိုလွတ်လပ်တဲ့ တိုင်းပြည်တခုမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ရှိပါတယ်။ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေက လိုအပ်တယ်ထင်လို့ မြန်မာအလုပ်သမားသမဂ္ဂ ဖွဲ့ကြမယ်လို့ သတင်းကြားလို့ ကျနော်လည်း အလုပ်သမား တယောက်အနေနဲ့ရော၊ မြန်မာနိုင်ငံသားတယောက် အနေနဲ့ပါ ဝင်ပြီး အကြံပြုတာပါ။ အကြံပြုတာဆိုတော့ လိုချင်လည်းယူ၊ မလိုချင်လည်း မယူနဲ့ပေါ့ဗျာ။

ကျနော်တခုမေးချင်တာက ကိုရီးယားရောက်မြန်မာအလုပ်သမားတွေအနေနဲ့ တကယ်ပဲ အလုပ်သမားသမဂ္ဂ ဖွဲ့ဖို့ လိုအပ်နေပြီလား၊ လိုအပ်လို့ ဖွဲ့တာဆိုရင်တော့ ဘာမှမပြောချင်ပါဘူးဗျာ။ အားလုံးကို အကျိုးမနည်းစေချင်လို့ မေးရတာပါ။

ဘာလို့လည်းဆိုတော့ အရင့် ၊အရင်တုန်းကလည်း မြန်မာအလုပ်သမားတွေကို ကူညီဖို့ဆိုပြီး မြန်မာတချို့ ဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းတွေ လည်းရှိခဲ့တာပဲလေ။ အဲဒီအဖွဲ့တွေအခုဘယ်ရောက်ကုန်ပြီလဲ။ ဖျက်လိုက်ကြပြီလား။ ဒါမှမဟုတ်အင်အားနည်းသွားလို့ တမျိုးတဖုံစဉ်းစားပြီး အသစ်ဖွဲ့ဖို့ ကြံစည်နေကြတာလား။ အဖွဲ့အစည်းတခုဖွဲ့လိုက်တာ လွယ်လွယ်လေးပါ။ အခုလူစု၊ အခုဖွဲ့လိုက်လို့ရတယ်။ မလွယ်တာက ရေရှည်သွားဖို့ ခက်တယ်။ ရေရှည်တည်တံ့ဖို့လိုတယ်။ ရေရှည်အကျိုးရှိဖို့လိုတယ်။ ခေါင်းဆောင်တဲ့သူတွေရိုးသားကြဖို့လိုတယ်။

အများအကျိုးအတွက်လုပ်ကြတာကို အားပေးပါတယ်။ အများအတွက်ဆိုပြီး ကိုယ်ကျိုးအတွက်လုပ်သွားကြတာတွေကို တွေ့နေရလို့ပါ။ မြန်မာပြည်က စစ်အာဏာရှင်တွေလို တိုင်းပြည်ကို ရာသက်ပန်စစ်ကျွန်ပြုရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပြီး အုပ်ချုပ် နေသလို မဖြစ်ဖို့လည်းအရေးကြီးပါတယ်။

အထက်ဖော်ပြပါဇယားကိုကြည့်ခြင်းအားဖြင့် ကိုရီးယားမှာရောက်နေတဲ့ မြန်မာအလုပ်သမားဟာ (၁၃၀၀၀) လောက်ရှိတယ်လို့ ပြောလို့ရတယ်။ ဘာပဲပြောပြော သမဂ္ဂ ဖွဲ့ပြီးလုပ်ကြမယ်ဆိုရပါတယ်။ အဲဒီသမဂ္ဂ မှာအချိန်ပြည့် ဝန်ထမ်းတွေခန့်အပ်မယ်ဆိုတဲ့ အတွက် ဘဏ္ဍာရေးလိုအပ်တယ်။ ဘဏ္ဍာငွေကို သမဂ္ဂ အဖွဲ့ဝင်တွေထည့်ဝင်ရမှာလည်းမှန်တယ်။ ဒါပေမယ့် အဲဒီ သမဂ္ဂ ဟာကိုရီးယားနိုင်ငံ ရောက် မြန်မာအလုပ်သမားအားလုံးကို အကူအညီပေးမှာမဟုတ်ဘူး။ သမဂ္ဂအဖွဲ့ဝင်တွေကိုပဲ အကူအညီပေးမယ့် သဘောသက်ရောက်နေ တယ်။ ယခုလက်ရှိ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ မြန်မာအသင်း၊ ဂွမ်ဂျုးမြန်မာလူမှုရေးအသင်း၊ အန်ဆန်းမြန်မာလူမှုရေးအသင်း နဲ့ ပူဆန်မြန်မာလူမှုရေးအသင်းတို့ဟာ ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားမည်သူ့ကိုမဆို အကူအညီပေးနေပါတယ်။ ကျနော်အနေနဲ့ကတော့ဗျာ မြန်မာပြည်မှာရှိနေတဲ့မြန်မာနိုင်ငံသားတွေဟာ အသုံးမကျတဲ့ စစ်အစိုးရတွေကြောင့် တိုင်းပြည်ရဲ့ ဝန်ကိုထမ်းနေရသလို၊ ကိုရီးယားကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အဲဒီဝန်တွေကို မထမ်းစေချင်တော့ဘူးဗျာ။ ဒီမှာ မလိုအပ်တဲ့ အလုပ်သမားသမဂ္ဂ ကိုဖွဲ့ပြီး အဖွဲ့ဝင်ကြေးတွေပေးနေမယ့်အစား တိုင်းပြည်မှာ လိုအပ်နေတဲ့ နေရာတွေကိုပဲ လှူစေချင်တယ်ဗျာ။ ဥပမာ အဖြူရောင်လူငယ်ညီအစ်ကိုတွေ အဖွဲ့ဝင်ကြေး တစ်သောင်းစီထည့်ဝင်ပြီး တိုင်းပြည်အတွက် လိုအပ်တဲ့ နေရာတွေကိုလှူဒါန်းနေတာ မွန်မြတ်ပါတယ်ဗျာ။

ယခုလက်ရှိ လူမှုရေးအသင်းတွေမှာ ဦးဆောင်နေသူအများစုဟာ မိမိဝမ်းစာရေးအတွက် အလုပ်လုပ်နေလို့ အချိန်ပြည့် မကူညီနိုင်ဘူး ဆိုပေမယ့် မြန်မာအသင်းဥက္ကဌ ကိုခင်မောင်ရင်အလုပ်လုပ်နေတာမှန်ပေမယ့် ဒုဥက္ကဌ ကိုသန့်ဇင်အောင်တို့၊ ကိုဝင်းနိုင်ဦးတို့၊ ကိုဝင်းမြင့်ဦး တို့ အချိန်ပြည့်နီးပါး စေတနာနဲ့ တာဝန်ယူဖြေရှင်းပေးနေတာပါ။ ဂွမ်ဂျုးလူမှုရေးအသင်းမှာဆိုလည်း ဦးသောင်းထွန်းအလုပ်တဖက်နဲ့ မအားလပ်ပေမယ့် ကိုရဲတို့၊ ကိုကျော်ဝင်းနိုင်တို့ ကိုအချိန်ပြည့် အကူအညီတောင်းလို့ရပါတယ်။ ပူဆန်မှာ ဆိုရင်လည်း ကိုတိုးသူရဦးဆောင်ပြီး ကိုဇော်မင်းတို့၊ ကိုဟိန်းလတ်တို့ အချိန်ပြည့် ကူညီနေတာပါ။ ဒါကျနော်သိသလောက်နော်၊ ကျနော်မသိသေးတဲ့မြို့တွေမှာ လူမသိ၊ သူမသိနဲ့ အကူအညီပေးနေတဲ့စေတနာ့ဝန်ထမ်းတွေ တပုံကြီးရှိပါသေးတယ်။




နောက်ပြီး အင်ချွန်းမှာဆိုရင်လည်း Incheon Support Center For Foreign Workers ရဲ့ အမြဲတမ်း မြန်မာဝန်ထမ်းအမျိုးသမီးဖြစ် တဲ့ မကေသွယ်အောင် တို့လည်းရှိတယ်။ အဲဒီ မကေသွယ်အောင်တို့ စင်တာကနေဆိုရင် လက်တွေ့အကူအညီပေးလိုက်တဲ့သူတယောက်ရှိတယ်။ ကိုနိုင်ဦးတဲ့။ ပြီးခဲ့တဲ့အပတ်ကပဲ မြန်မာပြည်ကိုပြန်သွားပြီ။ အထောက်အထားမဲ့ပါပဲ။ မပြန်ခင် ဘယ်ဖက်လက်ပြင်မှာ ရှိနေတဲ့ အကျိတ်ကို ဆေးရုံတက်ပြီး ခွဲစိတ်သွားတာကို မကေသွယ်အောင်တို့ စင်တာကနေပြီး အစအဆုံးတာဝန်ယူ အကူအညီပေးလိုက်လို့ ဆေးရုံမှာ (၂)ပတ် တက်ကုသွားတာ။ ကျနော်တို့ကတော့ စိတ်ပူနေတာပေါ့ ဆေးရုံခအများကြီးကျမှဖြစ်။ ကိုနိုင်ဦး ဆေးရုံကလည်းဆင်းလာရော ဘယ်လောက်ကျ သလဲလို့ မေးကြည့်လိုက်တော့ ၂၈၀၀ တဲ့။ ဒေါ်လာလာလို့ မေးတော့၊ ဝမ်တဲ့။ အဲဒါ ဆေးရုံပြေစာ ပြမှတကယ်ဆိုတာ ယုံတော့တယ်ဗျို့။ အထောက်အထားမဲ့တွေရော၊ အထောက်အထားရှိတွေရော အရေးပေါ်ခွဲစိတ်စရာရှိလို့ ရှိရင်ဆက်သွယ်လိုက်ပါ။ တကယ်ကူညီပါတယ်။ အဲဒီစင်တာမှာ ကိုသိန်းလွင် တစ်ယောက်တောင် volunteer လုပ်နေပါသေးတယ်။

ကျနော် ကိုရီးယားမှာ ဘဝင်မကျတာတခုရှိတယ်ဗျာ။ အဲဒါဘာလဲလို့ ဆိုရင် မေဒေး၊ အလုပ်သမားနေ့ပေါ့။ မေလ(၁) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ပေါ့။ တခြားနိုင်ငံအများစုမှာ မေဒေးနေ့ပိတ်ပေမယ့် ဒီကိုရီးယားမှာ မေဒေးနေ့မပိတ်ဘူးဗျာ။ တရားဝင် ပိတ်ရက်မဟုတ်တော့ လူလိုနားလည်တဲ့ သူဌေးတွေက ပိတ်ပေးပေမယ့်၊ လူလိုနားမလည်တဲ့ သူဌေးတွေက မပိတ်ဘူးပေါ့ဗျာ။ အဲဒီမှာ ကျနော်လည်ထွက်သွားတာက ဒီမှာရှိနေတဲ့ ကိုရီးယားအလုပ်သမား သမဂ္ဂ ပေါင်းချုပ်ကြီးက ဘာလုပ်နေလဲပေါ့။ သူတို့လည်း တောင်းဆိုမယ်လို့ ထင်တာပဲ။ မရလို့ နေမှာဘဲလို့ပဲတွေးမိတော့တယ်ဗျာ။ ကျနော်ဘာကို ဆိုလိုချင်တာလည်းဆိုတော့ ဒီကိုရီးယားအလုပ်သမား သမဂ္ဂ ပေါင်းချုပ်ကြီးဟာ အရာမရောက်ဘူး၊ နောက်ပြီး လုပ်ငန်းရှင်လူတန်းစားတွေရဲ့အောက်မှာပဲ ပြားပြားဝပ်နေရတယ်လို့ထင်တယ်ဗျာ။

ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ မြန်မာလူငယ်အများစုဟာ မြန်မာအဖွဲ့အစည်းတွေနဲ့ ဝေးဝေးမှာပဲ နေကြတာများတယ်ဗျ။ ဘာလို့လဲလို့ ကျနော်မေးကြည့်တော့ “ ကိုရီးယားကိုမလာခင် တချို့တွေဟာ မြန်မာပြည်မှာ လက်မှတ်ထိုးထားခဲ့ရတယ်တဲ့။ ကိုရီးယားမှာ ရှိတဲ့ မြန်မာအဖွဲ့အစည်းတွေနဲ့ မပတ်သက်ရဘူးတဲ့။” ကဲကြည့် ဒီမိုကရေစီအစိုးရပါဆိုပြီး နိုင်ငံတကာကြားအောင် ဖင်ကုန်းအော်နေတဲ့ ဗိုလ်သိန်းစိန်အစိုးရက ကလိမ်ကျလိုက်ပြန်ပြီ။ ကျနော်တို့ တတွေကလည်း ဒီလိုမတရားတဲ့ ဥပဒေတွေ၊ မတရားတဲ့ စာချုပ်တွေမှာ လက်မှတ် မထိုးလာဖို့ အသိပေးဖို့၊ ပညာပေးဖို့ လိုတယ်ဗျ။ ကျနော်တို့ ညီအစ်ကိုတွေအနေနဲ့ရော မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးလို့ ကိုရီးယားကို လာရ ပြီးတာပဲ ဆိုပြီးတော့ အကုန်လက်မှတ်ထိုးပြီးလာဖို့တော့ မသင့်ဘူးလို့ထင်တယ်။ မတရားတဲ့ စာချုပ်တွေကို ကာယကံရှင်တွေကိုယ်တိုင် ဆန့်ကျင့်ဖို့လိုပါတယ်။ အဲဒီလက်မှတ်မထိုးပဲရောက်လာတဲ့သူတွေလည်းအများကြီးပါ။

ကျနော်တို့ မြန်မာလူငယ်အများစုကလည်း ကိုရီးယားကိုရောက်ပြီး တလပြည့်လို့ လစာထုတ်တာနဲ့ ပထမဆုံး ကွန်ပြူတာလက်(ပ်) တော့ ဝယ်ပြီး လိုင်းပေါ်တက်တော့တာပဲ။ လိုင်းပေါ်တက်တာကောင်းပါတယ်။ လိုင်းပေါ်မှာလမ်းမပျောက်ဖို့တော့လိုတယ်ဗျ။ နောက်ပြီး အထူး သတိထားရမှာက လောင်းကစားပဲဗျ။ လောင်းကစားကတော့ မလုပ်ကြပါနဲ့ဗျာ။ လောင်းတဲ့သူတွေရော၊ ဒိုင်တွေရော၊ ဝိသမလောဘစီးပွားရေးသမားတွေရော အကုန်လုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဗျာ။ ကျနော်တို့ ညီအစ်ကိုတွေအနေနဲ့လည်း လိုအပ်လာမှ အဖွဲ့အစည်းတွေကို အကူအညီတောင်းတာမျိုးမဟုတ်ဘဲနဲ့ မြန်မာပြည်မှာထိုးလာတဲ့ မတရားတဲ့ စာချုပ်တွေကို လှစ်လျူရှုပြီး မြန်မာအဖွဲ့အစည်းတွေနဲ့ လာရောက်ပူးပေါင်းလှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။

ကျနော်တို့လို ကိုရီးယားကို အရင်ရောက်နှင့်သူတွေဟာ၊ နောက်မှရောက်လာကြတဲ့ ညီအစ်ကိုတွေကို ငါးစာကြီးပဲမပေးပဲ၊ ငါးမျှားနည်းကိုပါသင်ပေးသင့်တယ်ဗျ။ သူတို့ကိုယ်တိုင်သူတို့ ကာကွယ်တတ်ဖို့၊ လုံလုံခြုံခြုံနဲ့ အသက်အန္တရယ်ကင်းကင်း လုပ်ကိုင်နေထိုင်တတ်ဖို့အတွက်ကို ကျနော်တို့အနေနဲ့ ကိုရီးယားအစိုးရက ထုတ်ပြန်ထားတဲ့ နိုင်ငံခြားသားဥပဒေတွေကို မြန်မာလိုဘာသာ ပြန်ဆိုပြီး သူတို့ဆီကို ဖြန့်ဝေပေးဖို့လိုတယ်ဗျ။

လူတိုင်း ကွန်ပြူတာ အင်တာနက်သုံးနေတဲ့ ခေတ်ဆိုတော့ မြန်မာအလုပ်သမား သမဂ္ဂ နဲ့စာရင် မြန်မာတွေ သိသင့်၊သိထိုက်တဲ့ ဥပဒေတွေကို မြန်မာလိုဘာသာပြန်ဆိုပြီး Home Page တခုခုလုပ်ပြီးတင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တာဝန်သိပ်မကြီးတဲ့ blog တခုခုလုပ်ပြီး တင်တာပဲဖြစ်ဖြစ်လုပ်သင့်တယ်ဗျ။ မြန်မာပြည်က လာမယ့်သူတွေလည်း ဝင်ပြီးလေ့လာလို့ရတာပေါ့ဗျာ။ ကြိုသိထားတော့ ရှောင်သင့်တဲ့ဥပဒေတွေ၊ စာချုပ်တွေကို လက်မှတ်မထိုးမိတော့ဘူးပေါ့ဗျာ။ မြန်မာအစိုးရက ဇွတ်အတင်းလက်မှတ်ထိုးခိုင်းနေရင်လည်း ကျနော်တို့က ကိုရီးယားအစိုးရကို ဖိအားပေးခိုင်းဖို့ လိုတာပေါ့ဗျာ။ အဲဒီ blog မှာပဲ သက်ဆိုင်ရာ မြန်မာလူမှုရေးအသင်းတွေရဲ့ တည်နေရာတွေ၊ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေနဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြပေးသင့်တယ်။ နောက်ပြီး နိုင်ငံခြားသားတွေ ကြုံတွေ့နေရတဲ့ မှု့ခင်းသတင်းတွေနဲ့ တရားရင်ဆိုင်နေရတဲ့ သူတွေရဲ့ အမှု့သွား၊ အမှု့လာ ဆောင်းပါးတွေကို ရေးပြီး ဖော်ပြဖို့လိုပါတယ်။ ကြော်ငြာတွေကို မထည့်ဖို့ ရှောင်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ ကျနော်အကြံပြုချင်တာကတော့ ကိုရီးယားရောက် မြန်မာအလုပ်သမားတိုင်းရင်းသားတွေကို အတူလက်တွဲခေါ်ပြီး လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်အောင် ကျနော်တို့အနေနဲ့ အထိရောက်ဆုံး ၊ အရိုးသားဆုံးကူညီပေးသင့်တယ်လို့ထင်ပါတယ်။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, June 19, 2013

ဦးဝီရသူသို့

ရေးသားသူ —စိုးမိုးသူ

အမျိုးစောင့် ဥပဒေနဲ့ အမျိုးစောင့်ဖို့ ကြိုးစားတာထက် မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ တိုးပွားအောင် ကြိုးစားပေးဖို့ တိုက်တွန်းပါတယ်။

မြန်မာပြည်သူပြည်သားတွေ ဘ၀လုံခြုံရေးနဲ့ ဘာသာရေး အခြေခံ သက်လုံကောင်းဖို့အတွက်
အစိုးရ အနေနဲ့က တရားမျှတသော ဥပဒေအောက်မှာ တိုင်းပြည်တိုးတက်ချမ်းသာအောင် လုပ်ပေးရမှာ ဖြစ်သလို
ဦးဝီရသူတို့လို သံဃာတော်များက ဗုဒ္ဓတရားတော်မြတ်တွေကို ပြည်သူများ အသွေးထဲ အသားထဲထိ စိမ့်ဝင် စီးဆင်းနေအောင် စွမ်းဆောင် လုပ်ဆောင်ပေးရမှာပါ။

ကျားမ မရွေး မည်သူဖြစ်စေ ကိုယ်ခံအားကောင်းတဲ့ ဗုဒ္ဓဘာသာဝင် စင်စစ် မှန်ရင် ခြင်္သေ့မြက်မစားဆိုတဲ့ အတိုင်း ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ပါစေ အခြားဘာသာရဲ့ သိမ်းသွင်းခြင်းကို ခံရဖို့ လမ်းမရှိပါဘူး၊ ခုဟာက ကိုယ့်လူကိုယ်ပိုင်အောင် မလုပ်နိုင်လို့ သူများခြေလှမ်းကို စိုးရိမ်နေရတာမျိုးဖြစ်နေပါတယ်။ မျိုးစောင့်ဥပဒေကို ပြဌာန်းဖို့ထက် အရေးအကြီးဆုံး လုပ်ဆောင်ရမှာက ဒီနေ့ ကမ္ဘာမှာ မြန်မာကို အပုပ်နံ့ထွက်စေတဲ့ ထင်ရာစိုင်း လူရမ်းကားတွေရဲ့ တရားဥပဒေစိုးမိုးမှုမဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် အမြန်ဆုံးပြုပြင်ဖို့  မျှတတဲ့ တရားဥပဒေ စိုးမိုးမှုရှိအောင် အားစိုက်ရမှာ ဖြစ်ပါတယ်။ သမာသမတ်ကျတဲ့ ဥပဒေအောက်မှာ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကမှ တဘက်သားကို  ဘာအကြောင်းကြောင့်နဲ့မှစော်ကား ခွင့်၊ ထိုင်ရာစိုင်းခွင့်၊ အနိုင်ကျင့် ချုပ်ချယ်ခွင့် မရှိနိုင်ပါဘူး။ပြီးတော့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကျနော်လည်း အစ္စလမ်ဘာသာကို ဆန့်ကျင်သူတယောက်ဖြစ်ခဲ့ပါတယ်

ရေးသားသူ —စိုးမိုးသူ

ယနေ့ လူမျိုး ဘာသာမတူတာကို အခြေခံပြီး လူလူချင်း ရန်လိုနေတာကို အပြင်းအထန် ကန့်ကွက်နေတဲ့ ကျနော် ကိုယ်တိုင်လည်း တချိန်က မွတ်စလင် ဘာသာကို အပြင်းအထန် မုန်းတီးခဲ့သူဖြစ်သလို မွတ်စလင် ဘာသာ ဆန့်ကျင်ရေး ဟောပြောပွဲမှာ တက်ပြီး ရဲရဲတောက် ဟောပြောခဲ့သူ တယောက်ပါ။

ဒီလိုပါ။
ကျနော် ငယ်ငယ်တုန်းက ၅တန်းကစပြီး ၁၀တန်းထိ နွေရာသီရောက်ပြီဆို မဟာစည် သာသနာ့ရိပ်သာမှာ ၁လခွဲကြာ ကိုရင်ဝတ်ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းကို တက်လေ့ရှိပါတယ်။
သင်တန်းမှာ နှစ်စဉ် အငယ်တန်း၊ အလတ်တန်း၊အထူးတန်းတွေကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့သ လို နောက်ဆုံး တက်စရာ အတန်းကုန်သွားလို့ အထူးတန်းကို ထပ်တက်ခဲ့ပါသေးတယ်။

ကျနော် ကိုရင်ဝတ်နဲ့ အလတ်တန်းတုန်းကပေါ့။
မွတ်စလင်ဘာသာဆန့်ကျင်ရေး ဟောပြောပွဲကို ရိပ်သာ ဓမ္မာရုံထဲမှာ ကျင်းပပေးပါ တယ်။
 ဟောပြောသူတွေ ကတော့ ယဉ်ကျေးမှုသင်တန်းတက် ကိုရင်နဲ့ သီလရှင်လေးတွေ ပါ။
 ဟောပြောလိုသူတွေ စာရင်းပေးပြီး ကိုယ်ပြောလိုတာကို စာတမ်းပြုစုလာ အချိန်အကန့် အသတ်မရှိ တက်ပြောနိုင်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 24, 2013

ကျနော်မြင်တဲ့ ကိုရီးယား

ရေးသားသူ — စိုးမိုးသူ

ဒီနေ့ ညနေက SBSအသံလွှင့်ဌာနနဲ့အတူ လမ်းသွားလမ်းလာ ကိုရီးယားလူမျိုးတွေကို အင်္ဂလိပ်လို လမ်းမေးတဲ့အခါ ဘယ်လို တုန့်ပြန်ကြသလဲ ဆိုတာကို စစ်တမ်းယူဖို့ လျှို့ဝှက် ကင်မရာနဲ့ ရိုက်ကူးခဲ့ပါ တယ်။

လမ်းမေးဖို့ တာဝန်ယူကြတဲ့သူတွေက အာရှတိုက်သားအဖြစ် ကျနော်နဲ့ ဥရောပက အမေရိကန် တယောက်က တာဝန်ယူခဲ့ပါတယ်။
မနက်ပိုင်းမှာ အမေရိကန်နိုင်ငံသားကို ရိုက်ကူးခဲ့ပြီး ကျနော်က ညနေဘက်မှာ ရိုက်ကူးခဲ့ပါတယ်။

ကျနော်က လမ်းပေါ်သွားလာနေတဲ့ ကိုရီးယားလူမျိုးတွေကို အင်္ဂလိပ်လို လမ်းမေးပါတယ်။ SBSအသံလွှင့် ဌာနက ကင်မရာသမားတွေကတော့ အနီးက ကော်ဖီဆိုင်အပေါ်ထပ်၊ လမ်းတဘက်ကမ်းကနေ ပုန်းခို နေ ရာယူပြီး ကျနော်နဲ့ လမ်းသွား လမ်းလာတွေရဲ့ အဖြစ်အပျက်ကို လျှို့ဝှက် ရိုက်ကူးကြပါတယ်။

အချိန်၁နာရီကြာ လမ်းသွား လမ်းလာတွေကို အင်္ဂလိပ်လို လမ်းကို မေးတဲ့ အခါ ၇၀%လောက်က ကျနော့် အပေါ် စေတနာ ထက်သန်စွာနဲ့ လမ်းညွှန် ပြောပြကြပါတယ်။

ကိုရီးယားလူမျိုးတွေဟာ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းမှု အထူး အားနဲကြ ပေမယ့် အကူအညီလိုသူ ကျနော့် အား လက်ဟန် ခြေဟန်နဲ့ တတ်စွမ်း သမျှ အားကုန် ကြိုးစား လမ်းညွှန်ပြောပြပေးကြတာကို ကြုံတွေ့ခဲ့ ရပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို လမ်းမေးလို့မှ မဆုံးသေးဘူး မသိဘူး၊ အင်္ဂလိပ်လို မတတ်ဘူးလို့ ခေါင်းခါ လက် ခါပြပြီး ထွက်သွားတဲ့သူ၊ လှည့်တောင် မကြည့်ပဲ ထွက်သွားတဲ့သူတွေတော့ ရှိကြတာပေါ့။

ဒါပေမယ့် လူအများစုဟာ ကူညီလိုတဲ့ မျက်ဝန်းနဲ့ တက်တက်ကြွကြွ လမ်းညွှန်ပေးကြတာမို့ အထူး ၀မ်း သာမိပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 9, 2013

အပြန်အလှန် ဆွေးနွေးနိုင်တဲ့ အကျင့်ကောင်းများ ပြုစုပျိုးထောင်ကြပါစို့

ရေးသားသူ — စိုးမိုးသူ
(ဖေ့စ်ဘွတ်မှ တဆင့် ကူးယူဖော်ပြပါသည်)


ကျွန်တော်သတိထားကြည့်မိသလောက် မြန်မာတွေရဲ့ လူမှုအသိုင်းအ၀န်းမှာ အပြန်အလှန် ဆွေးနွေးမှုဆိုတာ မရှိသလောက် နည်းပါးခဲ့တယ် ဆိုရမယ်..... အိမ်မှာဆိုလဲ အိမ်အလျောက်၊ ကျောင်းမှာဆိုလဲ ကျောင်းအလျောက် ဗီတိုအာဏာအောက်မှာ ရှင်သန်လာကြရတော့ ငါကြီးလာရင်၊ ငါအဲ့ဒိေ...နရာကို ရောက်ရင်ဆိုတဲ့ စိတ်ကလေးက ပါလာကြတာ များပါတယ်......

မိဘစကား တစ်ခွန်းမကျန် မြေ၀ယ်မကျ နားထောင်ရမယ်၊ ပြန်မပြောနဲ့ အာမခံနဲ့ တွယ်ပလိုက်မယ် ဘာမှတ်နေလဲ ဆိုတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုက အာဏာရှင် စိတ်ဓါတ်တွေကို ဖြစ်လာစေတယ်....... ဆရာတွေနဲ့ အပြန်အလှန် ဆွေးနွေးခွင့်မရှိပဲ ဆရာပြောသမျှ နားထောင်ပြီးနေရတဲ့ အခြေအနေတွေက ကျောင်းသားတွေရဲ့ စိတ်ထဲက မတင်မကျ၊ နားမလည်မှုတွေကို ပန်းကောင်း အညွှန့်ချိုးခံရသလို ဖြစ်တဲ့အတွက် တအုံ့နွေးနွေးနဲ့ ဖြစ်စေတယ်..... ဒီကမှတဆင့် မကျေနပ်မှုတွေ အစပျိုးတတ်ကြတယ်....

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 18, 2013

ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ဖော်ထုတ်အရေးယူမည့် ကလောင်ရှင်ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး

2013-01-17
ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့ အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာမှာ အဆိုးမြင် ဝေဖန်ရေး သားဖော်ပြနေတဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်ရှင်ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်မင်း ဒေါက်တာစိုးရင် က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပြီး ၊ ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး အရေးယူပေးဖို့ အဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ ရန်ကုန် တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်းတစ်ဦး ဖြစ်တဲ့ အပြင် ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေါက်တာဆိပ်ဖွား၏ ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား (above the law) ဆိုတဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ရာဇဝင်တွင်ရစ်တော့မယ့် ဆောင်းပါး အပြည့်အစုံကို ဟန်ဂုရွာသားများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ကြစေရန် ထပ်ဆင့်မျှဝေတင်ပြလိုက်ပါတယ် ။

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။
ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....


ဒေါက်တာဆိတ်ဖွါး


Ref:
http://doctorsatephwar.blogspot.com/2013/01/blog-post_4901.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 9, 2012

ပြည်သူအားကိုယ်စားပြုထားသောလွှတ်တော်ကိုယ်စားလှယ်များအား အကြံပြုလွှာ

ရေးသားသူ — အောင်မျိုးထွဋ်
သို့
အယ်ဒီတာ
မကြာမီရက်များအတွင်း လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်ရန်ဆောင်ရွက်မှုများပြုလုပ်နေသည်ကို တွေ့မြင်ရပါသည်။ ဥပဒေပြုလွှတ်တော်အနေဖြင့် ထိုကဲ့သို့ အရေးယူမှုများကို ပြုလုပ်နိုင်သည့်အခွင့်အာဏာရှိသည်ကို ငြင်းပယ်၍မရနိုင်ပါ။သို့ရာတွင် ဥပဒေပြုအဖွဲ့ထံ ထိုကဲ့သို့ အခွင့်အာဏာကိုအပ်နှင်းထားသည်ဆိုခြင်းသည် ထိုအာဏာကို မိမိကြိုက်သလို၊သုံးချင်သလိုသုံး၍ရသည်ဟု ဆိုလိုခြင်းမဟုတ်သည်ကို နားလည်ရန်လိုပါသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ယခုကဲ့သို့ စွပ်စွဲပြစ်တင်အရေးယူမှုများသည် တိုင်းပြည်၏ ဒီမိုကရေစီတည်ဆောက်မှုလုပ်ငန်းစဉ်များအတွက် မလိုလားအပ်သည့်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသည်။
အထူးသဖြင့် တိုင်းပြည်၏တရားစီရင်ရေးကဏ္ဍအား အလွန်အမင်းအားနည်းသွားစေနိုင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ယထာဘူတကျကျကြည့်လျှင် တရားစီရင်ရေးမဏ္ဍိုင်သည် အားအနည်းဆုံးမဏ္ဍိုင်တစ်ခုဖြစ်သည်မှာအများအသိပင်ဖြစ်ပါသည်။

ယခုကဲ့သို့ လွှတ်တော်အမတ်များ၏ စွပ်စွဲအပြစ်တင် အရေးယူမှုများသည် ဖွဲ့စည်းပုံအခြေခံခုံရုံးအနေဖြင့် ဒီမိုကရေစီစနစ်အတွင်းခိုင်မာသည့် တရားစီရင်ရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်မှုမရှိအောင် ပြုလုပ်သလို ဖြစ်နေပါသည်။
ထို့အပြင် ဤကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်လိုစိတ်ကို ချိုးနှိမ်လိုက်သလိုဖြစ်သွားနိုင်ပါသည်။လွှတ်တော်အမတ်များအနေဖြင့် မိမိတို့သဘောမတူသည့်ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ချမှတ်တိုင်း ထိုခုံရုံးမှတရားသူကြီးများကို စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်မည်ဆိုသည့်သဘောမျိုးဖြစ်လာစေနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏တာဝန်ကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါက လွှတ်တော်၏ တာဝန်နှင့် လုပ်ဆောင်မှုများအား စစ်ဆေးစောင့်ကြည့်နိုင်မည့်အင်စတီကျူးရှင်းကို အားနည်းအောင် တမင်လုပ်နေသလို ဖြစ်နေပါသည်။ ထိုအရေးယူမှုများကို တိုင်းပြည်ကိုချစ်၍ ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို လုပ်ဆောင်နေသည့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအနေဖြင့် မပြုလုပ်သင့်ကြောင်းပြောကြားလိုပါသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်မှုလမ်းကြောင်းပေါ်သို့စတင်ရောက်ရှိနေသောအခြေအနေတွင်ရှိပါသည်။ ထိုသို့ ဒီမိုကရေစီစနစ်တည်ဆောက်ရေး၏ ကနဦးကာလတွင် လွှတ်တော်အနေဖြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အားနည်းသွားစေမည့်အပြုအမူများကို မလုပ်ဆောင်မိစေရန်လိုအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ခုသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် အရေးပါသော အင်စတီကျူးရှင်းတစ်ခုဖြစ်ပါသည်။ ထိုအဖွဲ့အား စွပ်စွဲပြစ်တင်အရေးယူမှုသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးသည့်အကြောင်းတစ်ခုဖြစ်သည့်မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များပိုင်းခြားထားမှုကို အဓိပ္ပာယ်မဲ့သွားစေပါသည်။

မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲခြားထားမှုရှိမှသာ အစိုးရအဖွဲ့အစည်းတစ်ခုလုံးရှိ ကဏ္ဍများ တစ်ခုနှင့်တစ်ခုအပြန်အလှန်ကွပ်ကဲမှုရှိပြီး အာဏာရှင်စနစ်များ ပေါ်ထွက်လာနိုင်မှုကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

တရားစီရင်ရေးကဏ္ဍသည် အခြားကဏ္ဍကဲ့သို့ ငွေကြေးဆိုင်ရာနှင့် အစိုးရ၏ အာဏာစက်ကို တိုက်ရိုက်အသုံးပြုသည့် အခွင့်အာဏာမရှိသော်လည်း တိုင်းပြည်အတွင်းရှိ ဥပေဒများ၏ အဓိပ္ပာယ်ကိုဖော်ဆောင်သည့်တာဝန်ကို ယူထားသည့် တစ်ခုတည်းသောမဏ္ဍိုင်ဖြစ်ပါသည်။ တရားစီရင်ရေးအဖွဲ့အနေဖြင့် တရားဥပဒေများ၏အဓိပ္ပာယ်ကို ဖွင့်ဆိုခွင့်ပေးထားသလို အခြေခံဥပဒေခုံရုံးအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါသည်။

တရားသူကြီးအား သူတို့၏ဆုံးဖြတ်ချက်ကို သဘောမကျ၍သူတို့အား စွပ်စွဲပြစ်တင်ရှုတ်ချမှုများပြုလုပ်ရန် လုံးဝမဖြစ်သင့်သည်မှာဆင်ခြင်တုံတရားရှိသောသူများအားလုံး လက်ခံနိုင်မည့်အချက်တစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေခုံရုံးမှ တရားသူကြီးများကို စွပ်စွဲအပြစ်တင် အရေးယူမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများသည် တရားရေးကဏ္ဍလုပ်ပိုင်ခွင့်နယ်ပယ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်နေသည့် သဘောဆောင်နေပါသည်။

ဤသို့လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတရားသူကြီးများ မိမိတို့တာဝန်ကို ထိရောက်စွာလုပ်ဆောင်လိုစိတ်များ အားနည်းသွားအောင်ပြုလုပ်သလို လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏လုပ်ပိုင်ခွင့်အာဏာကိုကျော်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်ရေးသုံးသပ်ချက် (Judicial Review) ကိုလုပ်ဆောင်သည့်သဘောလည်းဖြစ်နေပါသည်။

ဥပဒေပြုမှုကို အဓိကထားလုပ်ဆောင်ရမည့် လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်သည့်အာဏာကို ယူလိုက်ပါက အစိုးရအဖွဲ့ကဏ္ဍများအကြား အပြန်အလှန်ကွပ်ကဲမှုကို အားနည်းသွားစေပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များအားလုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းစဉ်ကို မည်သို့မည်ပုံ ညှိနှိုင်းဆောင်ရွက်သွားသည်ကို ဖွင့်ဆိုထားသည့်ဥပဒေဖြစ်သည်ဟု နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ကို တိုက်ရိုက်စီမံအုပ်ချုပ်နေသည်ဟု မမြင်သင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်ပုံစံများမည်သို့မည်ပုံ ဖွဲ့စည်းသင့်သည်ကို ဖော်ဆောင်ပေးထားသည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။
တိုင်းပြည်အား အမှန်တကယ်အုပ်ချုပ်သူများသည် ဖွဲ့စည်းပုံအရ ရွေးချယ်ထားသည့် သို့မဟုတ် ခန့်အပ်ထားသည့်သူများဖြစ်ပါသည်။ ထိုသူများအနေဖြင့် မိမိတို့၏ အတ္တမာန်မာန လက်စားချေလိုစိတ်များကို အခြေမခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့် အစိုးရမဏ္ဍိုင်များအကြား အာဏာနှင့် တာဝန်ခွဲဝေ မှုများကိုလေးစားမှုဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါမှ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်အဓိပ္ပာယ်ရှိစွာ အသက်ဝင်လာမည် ဖြစ်ပါသည်။
တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဒီမိုကရေစီတည်ဆောက်ရေးကအထောက်အပံ့ပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် တိုင်းပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူမဖြစ်စေသည့်လုပ်ဆောင်မှုများကို မလုပ်ခြင်းဖြင့်တိုင်းပြည်ကိုချစ်သည့် တာဝန်ရှိ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြသင့်ပါသည်။

အောင်မျိုးထွဋ်
(The Voice Weekly)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 1, 2012

လူကို ခွေးဖြစ်အောင်လုပ်မယ့် လွှတ်တော်လား

ရေးသားသူ — ဦးအောင်ထူး(ရှေ့နေ)

ယခင်ဗြိတိန်ပါလီမန် နှင့် ယနေ့ မြန်မာ့လွတ်တော်
ပါလီမန် ဒီမိုကရေစီ ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဗြိတိန်နိုင်ငံ တွင် ပါလီမန် ဟု ခေါ်သည့် လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးခဲ့ဖူးသည်။ ယင်းကို တင်စားပြောဆိုကြသည့် စကားတစ်ခုရှိသည်။ "လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟူ၍ဖြစ် သည်။ ယင်းကို ပါလီမန်လွှတ်တော်၏ အချုပ်အခြာဖြစ်မှု၊ အင်္ဂလိပ်ဘာသာဖြင့် Parliamentary Supremacy ဟု ခေါ်ကြ သည်။ ယခုမကျင့်သုံးတော့ပါ။
မြန်မာနိုင်ငံ၌ စစ်အစိုးရတည်ထောင်ဖွဲ့စည်းထားသောလွှတ်တော်သည် ဗြိတိန် ပါလီမန် က အချုပ်အခြာသဘွယ် ကျင့်သုံးခဲ့သည့် ကာလကထက်ပို၍ပင် တန်ခိုးထွားကာ ဥပဒေစိုးမိုးရေးအခြေခံကို ပြောင်းပြန်လှန်လျှက် လူကိုခွေး ဖြစ်အောင် လုပ်တော့မည်လားဟူ၍ပင် စိုးရိမ်ဘွယ်အခြေအနေကို တွေ့နေရသည် ။ အဘယ်ကြောင့်ပါနည်း။
တောင်အာဖရိက မင်ဒဲလား
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာ၌ တိုင်းနိုင်ငံများတွင် အမြင့်ဆုံးတရားရုံးများသည် အချက်အခြာနေရာမှ ပါဝင်ကြ သည်။ အာဏာပိုင်များ နိုင်ငံရေးခေါင်းဆောင်များက အမြင့်ဆုံးတရားရုံးကြီးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက် နာကြောင်းပြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးကြသည် ။ တောင်အာဖရိက နိုင်ငံတွင် သမတ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေသတ်မှတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟူ၍ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် သမတ နယ်လ်ဆင်မန်ဒဲလားသည် သတင်းစာရှင်းလင်းပွဲခေါ်ယူခဲ့သည်။ ၄င်းက သမတ ကိုယ်တိုင် အမြင့်ဆုံးတရား ရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း၊ ဤသည်ကို နမူနာယူကာ တောင်အာဖရိက နိုင်ငံ သားများအားလုံး သည်လည်း အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း လမ်းညွှန်ခဲ့သည်။
အိန္ဒိယ မစ္စစ်အင်ဒီယာဂန္ဒီ
အိန္ဒိယ နိုင်ငံတွင် မစ္စစ် အင်ဒီရာဂန္ဓီ ၀န်ကြီးချုပ်ဖြစ်ခဲ့သည့်အတွင်း ၁၉၇၅ မှ ၁၉၇၇ ခုနှစ်များ ကာလတွင် သံလက်ဖြင့် အုပ်ချုပ်ခဲ့သည်ဟု ဝေဘန်ခံခဲ့ရသည်။ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်အမြောက်အများကို ဖမ်းဆီး ဖိနှိပ်ခဲ့သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရှေ့တော်သွင်းစာချွန်တော် အခွင့် အာဏာကို အသုံးပြု၍ အိန္ဒိယ တရားရုံးချုပ်က ပြန်လွှတ်ပေးခဲ့သည်။ ၀န်ကြီးချုပ် မစ္စစ် အင်ဒီရာဂန္ဓီ ခေါင်းဆောင်ပြီး ပါလီမန် အတွင်း၌ နေရာအများစုရထားသော ကွန်ဂရက်ပါတီသည် လွှတ်တော်အတွင်း၌ တရားသူကြီးချုပ်များအပေါ် စွပ်စွဲပြစ် တင်ခြင်း မရှိခဲ့။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးခဲ့ကြ သည်။
အမေရိကန်အယ်လ်ဂိုးလ်
၂၀၀၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သမတ ရွေးကောက်ပွဲကျင်းပစဉ်အတွင်း မဲရေတွက်ကြရာ ဒီမိုကရက်ပါတီ နှင့် ရီပတ်ဘလီကန် ပါတီ နှစ်ဘက်လုံးက သူနိုင်ကိုယ်နိုင်အငြင်းပွားခဲ့ကြသည် ။ နှစ်ဘက် ပါတီကို ထောက်ခံသူများ လမ်းမပေါ်ထွက်ဆန္ဒပြကြပြီး မိမိတို့ပါတီက နိုင်ကြောင်းကြွေးကြော်ကြသည်။ နှစ်ဘက်လုံးက တရားရုံးချုပ်တွင် အမှု စွဲဆိုကြသောအခါ နောက်ဆုံးတွင် တရားရုံးချုပ်က ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဒီမိုကရက်ပါတီ သမတလောင်း အယ်လ်ဂိုးသည် ရုပ်မြင်သံကြား ရှေ့ကို ထွက်လာကာ "အမေရိကန်ပြည်သူများခင်ဗျား၊ ကျွန်တော်တို့ လေးစားတန်ဘိုးထားရတဲ့ တရားရုံးချုပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်ပါပြီ။ ကျွန်တော်အပါအ၀င် အမေရိကန်ပြည်သူတွေ အားလုံး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးပြီး ဆန္ဒ ပြနေကြတဲ့ လူထုတွေ အားလုံး အိမ်ကို ပြန်ကြပါတော့" ဟု မိန့်ခွန်းပြောကြားရင်း လူထုကို ထိမ်းခဲ့သည်။ တရားရုံး ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မကြေနပ်သူ အမြောက်အများရှိခဲ့သော်လည်း လေးစားလိုက်နာခဲ့ကြသည်။ တရားရုံးချုပ်ကို ပြသနာမရှာခဲ့။ ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးခဲ့ကြသည် ။
ယနေ့မြန်မာနိုင်ငံ လွတ်တော်
ယခုမြန်မာနိုင်ငံ၏ မြင်ကွင်းကို ကြည့်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်နေကြသည့် လွှတ်တော် အမတ်များမှာ အတော်ပင် တက်ကြွနေကြသည် ။ ပြည်ထောင်စုလွှတ်တော်တွင် စွပ်စွဲပြစ်တင်ကြောင်း အဆို အနိုင်ရသွားပြီးနောက် ၄င်းတို့မှာ အောင်ပွဲရနေသကဲ့သို့ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးသည် ရှေ့ခြေတစ်လှမ်းပင် မတိုးရသေးခင် နောက်ခြေနှစ်လမ်း ပြန်ဆုတ်နေပြီ ဟု ခံစားမိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၄င်းအပေါ်အခြေခံ၍ တည်ထောင်ထားသည့် တရားစီရင်ရေးစနစ်သည် ဥပဒေစိုးမိုး ရေးကို စစ်မှန်စွာဖေါ်ဆောင် ပေးနိုင်မည့် အလားအလာမှာ လွန်မင်းစွာနည်းလွန်းလှသည်။
သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အရပင်ဖြစ်ပါစေ လူများစုဒီမိုကရေစီကို ကျင့်သုံးသည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာအပေါ် လွတ်လပ်၊ ဘက် မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးက ထိမ်းကြောင်းသည့် မူမျိုးကို တတ်နိုင်သလောက်ကျင့်သုံးလျှင် အကျိုးရှိ မည် ဟု ယူဆပါသည်။ လက်တွေ့မြင်ကွင်းအရမူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အကြီးအကျယ် စိမ်ခေါ် ခံနေ ရပြီ ဖြစ်သဖြင့် ဤမူသည်ပင် သွက်သွက် ခါအောင် ကိုင်လှုပ် ခံနေရပြီဟု မှတ်ယူရပါမည်။ ဤတွင် ခုံရုံးကများ အမှား ကြီး မှားနေသလားဟူ၍ လေ့လာကြည့်မိသည်။
လွတ်တော်အသီးသီးက ဖွဲ့စည်းလိုက်သောကော်မတီ
သမတက ခုံရုံးသို့ တင်သွင်းလာသော အငြင်းပွားမှုမှာ "လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် ထည့်သွင်းဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိမရှိ" ဖြစ်သည်။ ညီညွတ်ခြင်းမရှိဟူ၍ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို ခုံရုံးက၂၀၁၂ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့သည်။ ၄င်းတို့အနက် အဓိကအားဖြင့် အောက်ပါစာပုဒ်ကို သတိပြုမိသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေးအခန်းတွင် ပြဋ္ဌာန်းပါရှိသည့် လွှတ်တော်တွင် ရှင်းလင်းဆွေးနွေး ပြောဆိုခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်းအရာပါ ပုဒ်မများ ဥပဒေကြမ်းတင်သွင်းခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်း အရာပါ ပုဒ်မများအရ အဓိပ္ပါယ်ကောက်ယူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် လွှတ်တော် အဖွဲ့ အစည်းအသီးသီးနှင့် ယင်းလွှတ်တော် အသီးသီးတို့မှ ကိုယ်စားလှယ်များကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း ထင်ရှား ပါသည်။"
တိုင်းးပြည်အဆောက်အအုံ နှင့် ပုဂ္ဂိုလ်များ
ဤရှင်းလင်းချက်ကို လူတိုင်းနားလည်အောင် ဖွင့်ဆိုရလျှင် နှစ်ပိုင်းရှိသည်။ ပထမတစ်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတည်ထောင်ထားသည့် တိုင်းပြည်အဆောက်အအုံများ (Constitutional Institutions) ကိုရည်ညွှန်းသည်။ ဒုတိယ တစ်ပိုင်းမှာ ယင်း အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များ အား ရည်ညွှန်းသည်။
ပြည်ထောင်စုအဆင့်ဆိုသည်မှာ
ခုံရုံး၏ဖွင့်ဆိုချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်း၍ ပြည်ထောင်စုအဆင့်အနေဖြင့် ဖွဲ့စည်းထားသောတိုင်းပြည် အဆောက်အအုံများ (Constitutional Institutions) တို့ကိုသာ ပြည်ထောင်စု အဆင့်သတ် မှတ်သည်။ ၄င်းတိုင်းပြည် အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်နေကြသူများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင် နေ ကြသူများအဖြစ် ခုံရုံးက လက်ခံသည်။ သာဓက အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော် ချုပ်အား ပြည်ထောင်စု အဆင့်အနေဖြင့် ဖွဲ့စည်းထား သည်။ သို့ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင်နေကြ သူများ အဖြစ် ခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်က ထပ်မံဖွဲ့စည်းသော ကော်မတီစသည်များ
ဆိုလိုသည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု အဆင့်ဖြစ်သော်လည်း လိုအပ်ချက်အရ ကော်မတီနှင့် ကော်မရှင်များ ထပ်မံဖွဲ့စည်းစေဦးတော့၊ ယင်းတို့သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ သတ်မှတ် ထားသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမဟုတ်၊ ယင်းသို့ ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် ကော်မရှင်များ တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စု အဆင့်ခံစားခွင့်များ မရထိုက်ဟူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းပါသည်ဟူ၍ မည်သို့ပြောနိုင်ပါအံ့နည်း။
ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော်
ပြည်ထောင်စု လွှတ်တော်ဘက်မှ ပြန်လည် စဉ်းစားကြည့်ကြပါစို့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နံမည်ကိုပင် ပြည် ထောင်စု လွှတ်တော်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသဖြင့် ပြည်ထောင်စု အဆင့်ရှိသည်မှာ မည်သို့မျှ အငြင်းမပွားနိုင်။ သို့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့နှစ်ရပ်ပေါင်းလျှင် ပြည်ထောင်စုလွှတ်တော် ဖြစ်သည်ဟု ဆိုသော်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု လွှတ်တော်ဟူ၍ မပြော နိုင်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက်အရ ဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် တိုင်းပြည်အဆောက် အအုံများ (Constitutional Institutions) မဟုတ် ဟူ၍ နားလည်ရမည်ဖြစ်သည်။
မြန်မာလွတ်တော်အမတ်များ ရှေထိုးနောက်ပြန် ကျွမ်းထိုးကြ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟူ၍ လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်နေရာတွင်မျှမပါရှိပါ။ ခုံရုံး၏ သုံးသပ်ချက်ကို ထောက်ရှု၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တရပ်ခြင်းစီသည်ပင် ပြည်ထောင်စု အဆင့်တိုင်းပြည်အဆောက်အအုံ စာရင်းထဲ တွင် ပါဝင်ခြင်းမရှိပါက ယင်းတို့မှ ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များသည် မည်သို့လျှင် ပြည်ထောင်စု အဆင့် ရှိနိုင်ပါမည်နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားကြသူများအနေဖြင့် ခုံရုံး၏ ဖွင့်ဆိုချက်ကို မကြိုက်လျှင်လည်း ကိုယ့်စိတ်ကို ကိုယ် မထိမ်းနိုင်ပါက ရှေ့ပြန်နောက်ပြန် ကျွမ်းထိုးနေကြရုံသာ ရှိသည်။ မည်သို့မျှ တတ်နိုင်မည်မဟုတ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက် လုံးဝမှားနေပါသည်ဟူ၍လည်း မပြောနိုင် သောကြောင့် ဖြစ်သည်။
ဒါလားဟဲ့ အများဆန္ဒ
ဤသည်ကို နားလည်သဘောပေါက်သွားကြသောအခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများက ၄င်းတို့၏ အဆင့်အားနှိမ့်ချခြင်းခံလိုက်ရသည်ဟု ခံစားသွားကြပုံရသည်။ ရှူးရှူးရှဲရှဲနှင့် ဒေါသူပုန်ထသွားကြ တော့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဖြစ်သွားကြတော့သည်။ ဥပဒေ ကြောင်းအရ နိုင်အောင် မပြောနိုင်တော့သောအခါ အများစုနှင့် ကိုင်ဖို့ကြိုးစားလာကြတော့သည်။ အများညီ ဤ ကို ကျွဲဖတ် ဇာတ်ခင်းလာကြသည်။

မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေး ဇာတ်လမ်းမှာ အထက်တွင် တင်ပြခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံများနှင့် နိုင်းယှဉ်လျှင် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများသည် မျက်စိသူငယ် တရားခံအနေအထားနှင့် အစစ်ခံကြရတော့မည့်ကိန်းဆိုက် နေပါပြီ။
ယခုမှ ပေါ်လာသော ပြဿနာမဟုတ်
စင်စစ်အားဖြင့် ယင်းသို့ဖြစ်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရည်ရွယ်ချက် ရှိရှိ ပညာ သားပါပါ ခင်းထားသော လမ်းကြောင်းကြောင့်ဖြစ်သည်။ ခုံရုံး၏ ရှင်းလင်းချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်ကထဲက အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌက ချထားခဲ့သည့် လမ်းညွှန်ချက်အား ပြန်လည် ကိုးကားထားသည်ကို လေ့လာကြည့်ပါ။ ယခုမှ ပေါ်ပေါက်လာသည့် ပြသနာ မဟုတ်။ အမျိုးသားညီလာခံ စတင် ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကထဲက စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သော လမ်းကြောင်းဖြစ်ကြောင်း တွေ့ရ သည်။
အများအားကို ထိန်းညှိထားတဲ့ ဥပဒေ
ယင်းနှင့် ဆက်စပ်ကာ နှစ်ချက် သုံးသပ်လိုပါသည်။ ပထမ အချက်မှာ နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် လွှတ်တော်တွင် အမတ်နေရာ အများစုရပြီးရွေးချယ်တင်မြှောက်ခံရစေ ဦးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမတ စနစ်ကို တီထွင် ကျင့်သုံးထားသဖြင့် စစ်တပ် နှင့် စစ်ခေါင်းဆောင် ဟောင်းများက မထောက်ခံသမျှ ကာလပတ်လုံး ၄င်းပါတီ၏ ခေါင်းဆောင်သည် သမတ မဖြစ်နိုင်ပါ။ သမတ တွင်သာ ပြည်ထောင်စု ၀န်ကြီးအဖွဲ့ဝင်များအား ခန့်ခွင့်ဖြုတ်ခွင့် ရှိသဖြင့် သမတ က နိုင်ငံရေးအရ ချော့ထားသည့် အနေဖြင့် လွှတ်တော်အတွင်း အများစု နေရာရထားသော ပါတီ မှ ပုဂ္ဂိုလ်အချို့အား အရေးမပါသည့် ၀န်ကြီးနေရာအချို့ပေး ကောင်းပေးမည်။ ရွေးကောက်ပွဲတွင်နိုင်ပြီး လွှတ်တော်အတွင်းတွင် အမတ်နေရာအများစုရသော ပါတီသည် ဤမျှနှင့် သာ ကြေနပ်ရပါမည်။ သမတ နေရာမရနိုင်သဖြင့် အစိုးရဖွဲ့ခွင့် မည်သည့်အခါတွင်မျှ ရမည်မဟုတ်ပါ။ အစိုးရဖွဲ့ခွင့်မရ လျှင် လူထုအတွက် သာမက တပ်မတော်သားထုအတွက်ပါ ဆိုးဝါးသော စစ်အာဏာရှင်စနစ်အား၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ကျင့်သုံးထားမှုကို ချုပ်ငြိမ်းအောင်လုပ်ဘို့ မလွယ်လှပါ။

တရားမျှတရေး အချိန်မဆွဲသင့်
ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ယူသွားခဲ့ကြသည့် ပြသနာကို ရွေးကောက်ပွဲ ကော်မရှင်က ၀န်ခံပါလျှက် အရေးယူဖြေရှင်းပေးခဲ့ခြင်းမရှိ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပြားအပေါ် ဖယောင်းသုတ်ထားသည့် ပြသနာအားဖေါ်ထုတ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းသည်ပင်လျှင် တရားလိုအဖြစ်မှတရားခံ ဘ၀သို့ကျရောက်သွားခဲ့ရသည်။ မည်သည့် မသမာမှုကိုမျှ ဖေါ်ထုတ်အရေးယူခြင်းမရှိပြန်။ လက်ရှိအချိန်တွင်လည်း စစ်မှန်သည့် ရွေးကောက်ပွဲ များကျင်းပခွင့်ရစေရန် ရွေးကောက်ပွဲဥပဒေများအား ပြင်ဆင်ပြောင်းလဲပြဌာန်းစေရေး ကြိုးပမ်းသည့် လှုပ်ရှားမှု တစ်ခုမျှ မရှိ။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မသမာမှုပေါင်းစုံ ထပ်မံ ပေါ်လာနိုင်သည်။ လူထု ကိုယ်စားလှယ် အစစ်မဟုတ်သူ အမြောက်အများ နေရာဝင်ယူကြဦးမည်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရေး ဟူသောအကြောင်းပြချက်ဖြင့် အချိန်မဆွဲသင့်ပါ။
ကျော်မကောင်းကြားမကောင်း
လွှတ်တော်နှင့် ခုံရုံးအကြား လက်ရှိအငြင်းပွားကြသည့် အကြောင်းရင်းခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှင်းလင်းမှုကြောင့် ဖြစ်ရသည့် ပြသနာအပေါ် ခုံရုံးကို အပြစ်ရှာခြင်း၊ ခုံရုံးတရားသူကြီးများကို အရေးယူဘို့ကြိုးပမ်းခြင်းမှာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျော် မကောင်း ကြားမကောင်းသည့် ကိစ္စဖြစ်သည်။ မလုပ်သင့်သော ကိစ္စဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံခုံရုံး တည်ရှိခြင်းမှာ
စင်စစ်အားဖြင့်မူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်ထားရှိခြင်းမှာ ဖွဲ့စည်းပုံဆိုင်ရာနှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ အငြင်းပွားမှုများရှိလာလျှင် ရှင်းလင်းဖွင့်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်သည်။ ဆုံးဖြတ်ချက်များ အပေါ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရပါမည်။ လူများစုက ကြိုက်မှ လိုက်နာမည် ဟု ဆိုပါက လူများစုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်အပေါ် လူနည်းစုဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ထားသည့် တရားစီရင်ရေးက ဥပဒေရှုဒေါင့်မှ ကြပ်မတ်သည့် အခြေခံတွင် ဥပဒေစိုးမိုးရေးစနစ်တည်ဆောက်မှု ကို ငြင်းပယ်လိုက်ရာ ကျပါမည်။
ယခုလွှတ်တော်သည် ဤလမ်းကြောင်းကို လျှောက်လျှက်ရှိသည်။ လူများစု ဆန္ဒမဲရလျှင် ဘာမဆိုလုပ်နိုင်သည့် သဘောမျိုးပြုမူလျှက်ရှိသည်။ ဗြိတိသျှ ပါလီမန်က ကျင့်သုံးခဲ့သည့် ပါလီမန် လွှတ်တော်၏ အချုပ်အခြာဖြစ်မှု Parliamentary Supremacy ကို အတင်းအကြပ်ကျင့်သုံးရန် ကြိုးပမ်းလျှက် ရှိသည်။

လူစင်စစ်မှ ခွေးဖြစ်ရမည့်ကိန်းဆိုက်
"လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟု ပြောခြင်းမှာ တင်စားခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံလက်တွေ့တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး တရား သူကြီးများ အနေဖြင့် ၄င်းတို့၏တာဝန်ကို တတ်စွမ်းနိုင်သလောက် ထမ်းဆောင်ပါလျှက် အကယ်၍ ပြည် ထောင်စု လွှတ်တော်က သာ အရေးယူထုတ်ပယ်လိုက်မည် ဆိုလျှင် တရားသူကြီးများအား အတင်းအကြပ် လူအဖြစ်မှ ခွေးဇာတ် သွင်းစေလိုက်ခြင်း ဖြစ်ပါမည်။ ၄င်းတို့ဘ၀တွင် ဂုဏ်သိက္ခာအရ များစွာထိခိုက်ကျဆင်းစေမည် ဖြစ်သော ကြောင့်ပင်။
ဤသည်မှာ လုံးဝ မလုပ်သင့်သော အလုပ်ဖြစ်သည်။
ငါတကော ခေတ်မရှိတော့ပြီ ၊ အပြန်အလှန်ထိန်းညှိ
ဗြိတိသျှ ပါလီမန်က ပါလီမန် လွှတ်တော်၏ အချုပ် အခြာဖြစ်မှု ကျင့်သုံးခဲ့ပုံမျိုးကို ဖေါ်ဆောင်လိုသည်ဆိုလျှင် စစ်မှန် သော ရွေးကောက်ပွဲများကို ဖြတ်သန်းပြီး လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ထား သူများနှင့်သာ ဖွဲ့စည်းသည့် လွှတ်တော်ဖြစ်ရန် ကြိုးပမ်းဘို့ လိုပါဦးမည်။ ဤအခြေအနေများအားလုံးကို သန့်ရှင်းစေပြီးမှသာ ဗြိတိသျှ ပါလီမန် လုပ်ဟန်မျိုးကို စဉ်းစားလိုက စဉ်းစားနိုင်ကြပါမည်။
သို့ရာတွင် ယင်းလုပ်ဟန်မျိုးသည်ပင် ကမ္ဘာတွင်ခေတ် မရှိတော့ပါ။ ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင် ဟူသော အာဏာကြီး သုံးရပ် အပြန်အလှန် ထိမ်းညှိရေးကိုသာ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြသည်။
ရေးရာက်ေမတီများသည့် တိုင်းပြည်အဆင့် မဖြစ်သင့်
အလျှောက်သင့်ဆုံးလမ်းကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးတစ်ခုလုံးအား ပြင်လိုက်ရန်သာဖြစ်သည်။ လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သော တရားစီရင်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင် တည်ဆောက်ရန်ဖြစ် သည်။ ထို့အပြင် လွှတ်တော်က ဖွဲ့စည်းပေးမည့် ကော်မတီနှင့် ကော်မရှင်များ ကိစ္စကို ဖွဲ့စည်းပုံတွင် ရှင်းရပါဦးမည်။ လွှတ်တော်ကဖွဲ့စည်းသည့် ရေးရာကော်မတီများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်သည့် တိုင်းပြည် အဆောက်အအုံများ (Constitutional Institutions ) မဖြစ်နိုင်ပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

ကျရာလုပ်ငန်းကော်မတီ တာဝန်ထမ်းဆောင်
အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် သက်ဆိုင်ရာ အကြောင်းရပ်အလိုက် သတင်းအချက်အလက်များ မေးမြန်းလေ့လာ စုဆောင်း၊ သုတေ သနပြု သုံးသပ်၊ တွေ့ရှိချက်များကို လွှတ်တော်သို့တင်သွင်း ဆွေးနွေး စသည့်လုပ်ငန်းများကို သာ အဓိက လုပ်ဆောင် ရသောကြောင့်ဖြစ်သည်။ လွှတ်တော် အမတ်များ အနေဖြင့် အမတ်များရသင့် သည့် ခံစားခွင့်ရိုးရိုးကိုယူကာ အမတ်တစ်ယောက်၏ တာဝန်ကို ကျရာ လုပ်ငန်းကော်မတီ တခုခုတွင် ၀င်ရောက်ထမ်း ဆောင်ခြင်းမျိုးသာ ဖြစ်ရပါမည်။ ဤအတိုင်းပင် နိုင်ငံအသီးသီးရှိ လွှတ်တော်များတွင် ဖေါ်ဆောင်လျှက်ရှိကြသည်။ လွှတ်တော် နှစ်ရပ်ပေါင်းတွင် ကော်မတီ သုံးဆယ်ခန့်ရှိသည်ဟု ကြားရသည်။ ယင်းကော်မတီဝင်များ အားလုံးကိုသာ ပြည်ထောင်စု အဆင့် ခံစားခွင့်မျိုးပေးရလျှင် စားရတပ်ကြီးလွန်းလှ သဖြင့် တိုင်းပြည် ဆင်းရဲ တွင်းနက်သည့် ဘ၀က ရုန်းထွက်နိုင်မည် မဟုတ်ပါ။
ပြည်ထောင်စုအဆင့်ရှိကော်မရှင်ဆိုသည်များ
တတိုင်းပြည်လုံး အဆင့် တနည်းအားဖြင့် ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင်ဆိုသည်များကို (Constitutional Institutions ) များ အဖြစ်သတ်သတ် စဉ်းစားရပါမည်။ မိမိတိုင်းပြည် ၏ ထူးခြားချက်နှင့် လိုအပ်ချက်အရ အထူးပြုဆောင်ရွက်ရမည့် အနေအထားရှိသည့် အကြောင်းရပ်များ အား အဆိုပါ ကော်မရှင်များက အဓိကတာဝန်ယူ ဖေါ်ဆောင်ကြလေ့ရှိပါသည်။
ဥပဒေရှိဖို့လိုတဲ့ ပြည်ထောင်စု အဆင့်ကော်မရှင်
သာဓကအားဖြင် တောင်အာဖရိက နှင့် နိုင်ငံတချို့ တွင် ကျားမ တန်းတူရေးကော်မရှင် တို့ရှိသည်။ နယူးဇီလန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ထိုင်း စသောနိုင်ငံ များတွင် အစိုးရလက်အောက်ခံမဟုတ်ဘဲ လွတ်လပ်သည့် လူ့အခွင့်အရေးကော်မရှင်များ ရှိသည်။ ၄င်း ကော်မရှင်များအတွက် လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်းလည်ပတ်ပုံ စသည်တို့ကို သက်ဆိုင်ရာ နိုင်ငံများ တွင် သီးခြား ဥပဒေများ ပြဋ္ဌာန်းပေးကြရသည်။ ၄င်းတို့ သုံးစွဲမည့် ဘဏ္ဍာငွေကြေးကို တိုင်းပြည် ဘဏ္ဍာငွေမှ နေ၍ လွှတ်တော်က သီးခြား သတ်မှတ်ပေးရသည်။ အစိုးရထံမှ လက်ဖြန့်ခံတောင်းစရာမလိုခြင်းဖြင့် ၄င်းကော်မရှင်များသည် အားကောင်းကောင်းလည်ပတ်နိုင်သည်။

ဒါ ပြည်ထောင်စုအဆင့် ကော်မရှင်ဖြစ်မလား
သာဓကအားဖြင့်ပြောပါမည်။ ယခု ပြည်သူ့လွှတ်တော်မှ နေ၍ ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်စေကာ ဖွဲ့စည်း ပေးထားသည့် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေးကော်မရှင်မှာ ထိထိရောက်ရောက် လုပ်နိုင်ဘို့ မလွယ်လှပါ။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း၊ ပါဝင်တာဝန်ယူကြသော လွှတ်တော် အမတ်များသည်လည်း ကောင်း အရည်အချင်း ညံ့ဖျင်းကြ၍ မဟုတ်ပါ။
ပထမ အချက်မှာ လွှတ်တော်၏ကော်မတီ တစ်ရပ်အဆင့်တွင်သာ ရှိနေ၍ ဖြစ် သည်။
ဒုတိယ အချက်မှာ ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင် (Constitutional Institution) မဟုတ်သဖြင့် ၄င်းအတွက် သတ်သတ်မှတ်မှတ်လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်း လည်ပတ်ပုံ စသည်တို့ကို ဥပဒေတစ်ရပ်သီးသန့်ပြဋ္ဌာန်း မပေးနိုင်၍ ဖြစ်သည်။
ယင်းကော်မတီမှာ ယခုအချိန်၌ လူထုထံမှ တိုင်ကြားစာများကို လက်ခံစစ်ဆေးနေကြောင်းကြားသိရသည်။ သို့ရာတွင် ပြသနာမှာ တာဝန်ရှိအစိုးရအာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးပိုင်ခွင့် ယင်းကော်မရှင်တွင်ရှိမရှိ မသေချာ၊ ကော်မရှင် က စစ်ဆေးပြီးနောက် တရားစွဲအရေးယူရန်လိုအပ်သည်ဟု လွှဲအပ်ပေးပါက ရှေ့နေချုပ်ရုံးက လက်ခံပြီး အမှုကို တရား ရုံးမှာ ဖွင့်ပေးမပေး မသေချာ။
ဘဏ္ဍာငွေရှိမှ အားရှိသည့် ကော်မရှင်ဖြစ်မည်
တတိယ အချက်မှာ ဘဏ္ဍာငွေ မရှိသည့် ပြသနာဖြစ်သည်။ အစိုးရက ထုတ်ပေးမှ လုပ်ငန်းလည်ပတ်နိုင်မည်။ အစိုးရ က အကြောင်းကြောင်းကြောင့် ပညာပြပြီး ထုတ်မပေးဘဲ နေ၊ ကော်မတီအနေဖြင့် ပြည်တွင်းလူထုနှင့် နိုင်ငံတကာမှ လွတ်လပ်စွာ ရံပုံငွေ ရှာဖွေခွင့်အား ဥပဒေနှင့် အညီ အပ်နှင်းထားခြင်းလည်း မခံရပါက ရံပုံငွေမရှာနိုင်။ ရံပုံငွေမရှိပါက လုပ်ငန်းများ ထိရောက်စွာ မလည်ပတ်နိုင်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်း ကော်မတီ တွင် တာဝန်ယူနေ ကြသူများ၏ အရည်အချင်း နှင့် လုပ်အားများ အလဟသ ဖြစ်နေမှာ စိုးရိမ်ရသည်။ သို့ဖြစ်၍ ယင်းကဲ့သို့အရေးကြီး သော လုပ်ငန်းမျိုးအား လွှတ်တော်၏ ကော်မတီတစ် ရပ်ထက်ပို၍ အဆင့်မြင့်သော တိုင်းပြည်အဆောက်အအုံသို့တိုးမြှင့် ဖွဲ့စည်းပေးရန် လိုပါသည်။
ပြည်ထောင်စုအဆင့် ရှိဖို့လိုနေတဲ့ ကော်မရှင်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်တွေ့လိုအပ်ချက်အရ ပြည်ထောင်စု အဆင့် တိုင်းပြည်အဆောက်အအုံ (Constitutional Institutions ) များအနေဖြင့် မရှိမဖြစ် လိုအပ်သော အောက်ပါ ကော်မရှင်လေးခုကို အဆိုပြုပါသည်။
(၁) ဥပဒေစိုးမိုးရေး ကော်မရှင်
(၂) လူ့အခွင့်အရေးကော်မရှင်
(၃) တိုင်းရင်းသားရေးရာ ကော်မရှင်
(၄) အမျိုးသမီးရေးရာ ကော်မရှင်

ယခုလက်ရှိ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား အပြစ်မရှိ အပြစ်ရှာ၊ ဥပဒေစိုးမိုး ရေး အခြေခံကို ငြင်းပယ်၊ တိုင်းပြည်၏ ဘဏ္ဍာငွေကုန်၊ အချိန်ကုန်၊ လူပန်း အကျိုးမရှိစေဘဲ လူကိုခွေးဖြစ်အောင်လုပ်သည့် ဇာတ်လမ်းအား ရပ်တန်းက ရပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဇောင်းပေးလုပ်ဆောင် သင့်ပါသည် ။

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၃၁) ရက်

ပို့စ်တင်သူမှတ်ချက် ။
ဆရာဦးအောင်ထူး၏ မူရင်းဆောင်းမှာ ခေါင်းစဉ်ခွဲများမပါပါ ၊ စာရှုသူများ ငြီးငွေ့ဖွယ်ရာများဖြစ်လေမလားဟူ၍ တွေးထင်ပါသဖြင့် ၊ ခေါင်းစဉ်ငယ်များ ဖြည့်ထားသည်မှအပ ဆရာ၏ မူလအာဘော်အတိုင်းသာဖြစ်ပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, July 31, 2012

၃-နှစ်စာချုပ်သမားတွေ ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ

ရေးသားသူ — Myint Than


မင်္ဂလာပါ အကို ကျွှန်တော်ကဒီရောက်တာ ကိုးလရှိပါပြီ အကို တို့သုံးနှစ်တိုက်ဖြတ်ရေးကို ဟန်ဂုရွာမှာတွေ့ရတာဝမ်းသာမိပါတယ် ဒါပေမယ့် မြန်မာပြည် အနေအထားနဲ့က မလွယ်ဘူးဗျ ကျွှန်တော့် သူငယ်ချင်းတစ်ယောက်ဆို သူကဒီကိုရောက်ဘူးတယ် ရေလုပ်ငန်းနဲ့ကျလို့မလားဘူး စာချုပ်မချုပ်ဘူး ဒါကိုမှတ်ချက်ရေးခိုင်းတယ် ရေးပေးလိုက်တော့လည်း စာရေးတာများတယ် ငါတို့မကောင်းဖြစ်မှာပေါ့ နောက်လူတွေလည်းအားနာအုံး နင်တစ်ယောက်မသွားရလို့ ဘာမှမဖြစ်ဘူး ကျန်တဲ့သူတွေရောက်ဘို့အရေးကြီးတယ် ဆိုပြီးပြောတယ် အရင်လူတွေဘယ်လောက်တောင်စောင့်ခဲ့ရလဲ အခုရတုန်းသွား ဆိုပြီးတိုက်တွန်းနေတော့ လာခြင်နေတဲ့သူတွေကိုဘယ်လိုတားမလဲအကို အဲ့ဒီမှာသူတို့အဘလို့ခေါ်နေတဲ့ သူကဆို သူတို့ပြောတာနားမလည်လို့ ပြန်မေးမိတာ ထိုးခံထိတယ် မင်းကဘာကောင်လဲဘာလဲနဲ့ အဲ့ဒီလောက်ဖြစ်နေတဲ့ လေဘာရုံးကို ဒီလာခြင်တွေက ဘယ်လိုနည်းနဲ့ လှန်ရဲမှာလည်း ဒါတွေကို ထည့်စဉ်းစားရင် မလွယ်ဘူးထင်လို့ပြောပြတာပါ ။
နောက်တစ်ခုက ဒီရောက်ပြီး တစ်နှစ်စာချုပ် တွေကသူတို့တစ်နှစ်ပြည့်ရင် အလုပ်ရှင်ကကြိုက်နေရင်လည်း ပြောင်းလို့ရပါသလား သိခြင်ပါတယ်
သုံးနှစ်စာချုပ်သမားတွေထဲက တစ်နှစ်ပြည့်လို့ပြောင်းခြင်ရင် ဘယ်လိုဆောင်ရွက်လို့ အဆင်ပြေနိုင်မလည်းသိခြင်ပါတယ် ။

********
ကိုမြင့်သန်းခင်ဗျာ။
အကြံပေးတာ ကျေးဇူးတင်ပါတယ်။
၁-နှစ် စာချုပ် ဆို ၁-နှစ်ပြည့်ပြီးရင် ၊ ကိုယ်ပြောင်းချင်ရင်ပြောင်းလို့ရပါတယ်။
၁-နှစ်စာချုပ်ကုန်ရင် ၊ သူဌေးက သူ့စက်ရုံမှာ ဆက်ခိုင်းချင်တယ်ဆို ၊ စာချုပ်အသစ်ထပ်ချုပ်ရပါတယ်။
အဲသည်မှာ ကိုယ်က သဘောမတူရင် ၊ စာချုပ်ဆက်မချုပ်လည်းဖြစ်ပါတယ် ။
၃-နှစ်ဆိုတော့ ၊ ကိုယ်က ကြိုက်ကြိုက်မကြိုက်ကြိုက် သူဌေးက ကြိုက်နေရင် ၃-နှစ်ပြည့်သည်အထိ ဆက်လုပ်ပေးဖို့တာဝန်ရှိနေပါတယ်။
သူဌေးက သဘောတူ ခွင့်ပြုမှ အခြားစက်ရုံကို ပြောင်းလို့ရပါတယ် ။
၃-နှစ်စာချုပ်သမားတွေက ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ၊ သူဌေးခွင့်ပြုချက်ရအောင်လုပ်ရပါ့မယ်။ သူဌေးခွင့်ပြုချက်ရမှ အဆင်ပြေပါမယ် ။
ကျန်တဲ့ နည်းတွေရှိပေမယ့် ၊ မလွယ်ကူလှကြောင်း သိရပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂-ဇူလိုင်-၃၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 18, 2012

အမှိုက်က စကြပါစို့

မြန်မာဆိုရိုးတွေထဲက “အမှိုက်က,စ ပြာဿဒ်မီးလောင်” ဆိုတာကို အားလုံး ကြားဖူးကြမှာပါ။ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုတွေရဲ့ အစဟာ အမှိုက်လို ဘာမဟုတ်တဲ့ အရာတွေက စတတ်တယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။ ရှေးတုန်းကတော့ အမှိုက်ဆိုတာ ဘာမှမဟုတ်တဲ့ စွန်ပစ်ပစ္စည်း ဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ အမှိုက်ဆိုတာ လူတွေရဲ့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးတဲ့ ကဏ္ဍတရပ် ဖြစ်နေပါပြီ။

မြို့မှာနေနေ တောမှာနေနေ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ခြင်းဟာ လူတယောက်အတွက် မရှိမဖြစ် ကိုယ်ရည်ကိုယ်သွေး တခုပါ။ လူတဦးချင်းစီ အတွက် မရှိမဖြစ် လိုအပ်သလို၊ မြို့တခု နိုင်ငံတခု အတွက်လည်း အလွန်ကို အရေးကြီးတဲ့ လုပ်ငန်းတခုပါပဲ။ ဒီထက်ပိုရင်တော့ လူသားတွေ တည်မှီနေရတဲ့ ကမ္ဘာကြီး မပျက်မစီး စိမ်းလန်းစိုပြေဖို့ အရေးဟာ လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေပေါ်မှာ များစွာ တည်နေတယ်လို့ ဆိုနိုင်မှာပါ။

ကျနော်တို့ မြန်မာတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ပြီလား။


ဒီမေးခွန်းကို မေးလိုက်တော့ လွန်တယ်လို့ ထင်ချင် ထင်ပါလိမ့်မယ်။ ကျနော်ကတော့ လိုအပ်တယ် ထင်လို့ မေးလိုက်ပါပြီ။ အကြောင်းကို ဆိုရရင် ဧပြီ ၁၅ ရက်နေ့က ကိုရီးယားနိုင်ငံ ပူချွန်းမြို့မှာ ကျင်းပတဲ့ မြန်မာသင်္ကြန်ပွဲမှာ လာရောက်ပျော်ရွှင်ကြတဲ့ ရွှေမြန်မာတို့ရဲ့ အမှိုက်ပစ်ပုံကို ကြည့်ခြင်းအားဖြင့် ဒီမေးခွန်းဟာ မေးဖို့ လုံလောက်နေလို့ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အမှိုက်စွန့်ပစ်တဲ့ စနစ်ကို ဒေသအလိုက် သက်ဆိုင်ရာ စီမံအုပ်ချုပ်သူများက စီစဉ်ပေးကြရပါတယ်။ လူတယောက်အဖို့ ကိုယ့်ဒေသမှာ ဘယ်လိုဘယ်နည်း အမှိုက်စွန့်တဲ့ စနစ်ကို ကျင့်သုံးခဲ့သည် ဖြစ်စေ၊ အခြားဒေသ တခုကို ရောက်ရင်တော့ သူ့ဒေသက သတ်မှတ်ထားတဲ့ စနစ်အတိုင်း လိုက်နာကြရမှာ ဖြစ်ပါတယ်။ စနစ်တွေက ဒေသအလိုက် ကွာတယ် ဆိုပေမယ့် အခြေခံ သဘောကတော့ အတူတူပါပဲ။ ကိုရီးယား ရောက်လာတဲ့ မြန်မာတွေ အဲဒီ အခြေခံ သဘောကို မသိသေးဘူး ဆိုရင်တော့ သိအောင်အရင် လုပ်ကြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့နေရာသူ့ဒေသမှာ အံဝင်ခွင်ကျ နေထိုင်သွားနိုင်ဖို့ သူ့စနစ်ကို လိုက်နာရမှာ ဖြစ်လို့ပါ။

မြန်မာအသင်း အပါအ၀င် ကိုရီးယားက မြန်မာအသင်းအဖွဲ့တွေဟာ ပွဲလမ်းသဘင် စီစဉ်ကျင်းပတာ၊ အမှိုက်စွန့်ပစ်တာ တွေကို ပူချွန်းမြို့က သတ်မှတ်ထားတဲ့ စနစ်အတိုင်း အကျွမ်းတဝင် လုပ်တတ်ကိုင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ အမှိုက်ကိစ္စကပဲ နှစ်စဉ်နှစ်စဉ် ပိုပိုဆိုးလာတာကို တွေ့နေရပါတယ်။ ပွဲတွေထဲမှာ သင်္ကြန်ပွဲကတော့ လက်အဝင်ဆုံးပါ။ ပြင်ပ ကွင်းထဲမှာ ကျင်းပတာရယ်၊ အစားရော အသောက်ရော စုံတာရယ်ကြောင့် လေရောမိုးရော ဆိုပါတော့။ မဏ္ဍပ် ၂၄ ခုက ကျွေးတဲ့ ပွဲ ၄၀၀၀ ကျော်စာရဲ့ တခါသုံး ဖော့ခွက်၊ စက္ကူခွက်၊ ပလတ်စတစ်ဇွန်း၊ တူ စတာတွေ၊ ရေဗူး၊ အအေးဗူး၊ ဘီယာဗူး၊ အရက်ပုလင်း စတာတွေ၊ ကျွတ်ကျွတ်အိတ်နဲ့ စက္ကူပုံး စတာတွေ အားလုံးစုလိုက်ရင် အမှိုက်ပုံကြီး တပုံစာ ရပါတယ်။

ပွဲတခုလုပ်ဖို့ နေရာ ငှားရင် ရှိရင်းပစ္စည်းတွေ မပျက်စီးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ တာဝန်ခံရပါတယ်။ ပွဲစီစဉ်သူတွေက အမှိုက် ဘယ်လောက်ထွက်မယ် ဆိုတာ ကြိုတွက်ထားပြီးသားပါ။ မဏ္ဍပ်တိုင်းရဲ့ ရှေ့ကော နောက်မှာပါ အမှိုက်အိတ် ၂ မျိုးစီကို အလုံအလောက် ချိတ်ပေးထားပါတယ်။ လိုရင်လည်း ထပ်တောင်းလို့ ရပါတယ်။ ရှေ့ဖက်က အိတ်အနက်မှာ ဖော့ခွက် စက္ကူခွက်နဲ့ တူ ဇွန်းတွေ ထည့်ဖို့၊ အိတ်အဖြူမှာ ပုလင်းနဲ့ ဗူးခွံတွေ ထည့်ဖို့ပါ။ မဏ္ဍပ်နောက်ဖက် အိတ်အနက်က စားကြွင်းစားကျန်တွေ ထည့်ဖို့ပါ။ ဒါပေမယ့် ဘယ်လိုပဲ စီစဉ်ထားထား ပွဲသိမ်းလို့ အိတ်တွေကို ကြည့်လိုက်ရင် အားလုံး ရောနေတော့တာပါပဲ။

မဏ္ဍပ်တာဝန်ခံတွေက အစပိုင်းမှာတော့ သပ်သပ်စီ ခွဲကြပါတယ်။ ဒါပေမယ့် ပွဲရှိန်တက်လာချိန်မှာတော့ ဘယ်သူမှ မနိုင်တော့ပါဘူး။ ရှေ့ကခွဲ နောက်က ရောပါပဲ။ ဒီနှစ်မှာဆိုရင် မဏ္ဍပ် ၃-၄ ခုလောက်ပဲ နိုင်အောင် သိမ်းနိုင်ပါတယ်။ ကျန်တာတွေ ဗြောင်းဆန်ချက်ကတော့ စံချိန်တင်လောက်ပါရဲ့။

ပွဲမတိုင်ခင်မှာ ကိုဘိုဘိုက မြန်မာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကို - ကျနော်တို့ ဘယ်နေရာ ၀ိုင်းလုပ်ပေးရမလဲ - လို့ မေးတော့ ဦးခင်မောင်ရင်က “အမှိုက်သိမ်းဖို့ လူအင်အား လိုတယ်” လို့ ဖြေပါတယ်။ ဘေးက နားထောင်နေတဲ့ ကျနော်က - မဏ္ဍပ်တွေကို စနစ်တကျ သိမ်းဖို့ မပြောဘူးလား - လို့ ၀င်မေးတော့၊ သူက “လုပ်တာပဲ၊ မနိုင်ဘူး။ တနှစ်ထက်တနှစ် ပိုဆိုးလာတယ်။ အားလုံးရောကုန်တော့ အိတ်တွေကို အကုန် ပြန်မှောက် တခုချင်း ပြန်ခွဲရတာ၊ ပွဲလုပ်ရတာထက် ပိုကြာတယ်။ ပြီးတော့ ကွင်းပတ်လည်က ပန်းခြံထဲမှာ စားသောက်ပြီး ပစ်ထားတဲ့တာတွေကို လိုက်သိမ်းရသေးတယ်” လို့ ရှင်းပြပါတယ်။

တကယ်တော့ အမှိုက်ကို စနစ်တကျ သိမ်းဆည်းဖို့ ကိစ္စဟာ ပွဲစီစဉ်သူတွေ မဏ္ဍပ်ထွက်သူတွေမှာချည်း တာဝန်ရှိတာ မဟုတ်ပါဘူး။ ပွဲလာသူ လူတိုင်းလူတိုင်းမှာ တာဝန်ကိုယ်စီ ရှိပါတယ်။ ကိုယ်စားပြီးသား စက္ကူခွက်ကို ခွက်ထည့်တဲ့ အိတ်ထဲမှာ ထည့်မယ်၊ ဗူးတွေ ပုလင်းတွေကို သတ်မှတ်ထားတဲ့ အိတ်ထဲမှာ ထည့်မယ်ဆိုရင် အင်မတန် လွယ်ကူ ရှင်းလင်းသွားမှာပါ။ စားကျန်ရှိနေရင် နောက်ဖက်မှာ သွန်ပြီးမှ ခွက်ကို ပစ်မယ်ပေါ့။ ဘာမှ အပန်းမကြီးတဲ့ ကိစ္စကလေးကို ဆယ်စက္ကန့်လောက် လုပ်လိုက်ရုံနဲ့ မိမိကိုယ်တိုင်လည်း ဒီပွဲတော်ရဲ့ လိုအပ်ချက်တခုကို ပါဝင် ဖြည့်စွက် ဆောင်ရွက်သူ ဖြစ်သွားမှာပါ။

တကယ်တော့ အမှိုက်အစို၊ စက္ကူ၊ ပလတ်စတစ်၊ ဗူး၊ ပုလင်း စသဖြင့် ခွဲခြား စွန့်ပစ်တာဟာ နေ့စဉ်နေ့တိုင်း လုပ်နေရတဲ့ အလုပ်တခုပါ။ မြို့ပြနေသူတယောက်အဖို့ အလိုလို အသားကျပြီးသား ဖြစ်နေရမှာပါ။

သင်္ကြန်ပွဲ လုပ်တဲ့နေရာဟာ ပူချွန်းမြို့ ပြည်သူ့အားကစားကွင်းရဲ့ အပမ်းဖြေရင်ပြင် ဖြစ်ပါတယ်။ ပတ်ပတ်လည်မှာ ပန်းခြံတွေ ရှိပြီး၊ တဖက်တချက်မှာ စားသောက်ဆိုင်နဲ့ ကလေးကစားကွင်းတို့ ရှိပါတယ်။ မည်သူမဆို လွတ်လပ်စွာ လာရောက် အပမ်းဖြေနိုင် အားကစားလုပ်နိုင်တဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာ အမှိုက်သိမ်း ၀န်ထမ်း သီးသန့် မရှိပါဘူး။ လာရောက်သူ အားလုံးဟာ ကိုယ့်အမှိုက်ကို ကိုယ့်ဘာသာ စနစ်တကျ စွန့်ပစ်ကြရပါတယ်။ အမှိုက်စွန့်ဖို့ နေရာတွေ လုပ်ပေးထားပါတယ်။ အပမ်းဖြေ လာရောက်ကြသူ ဘယ်သူမှ ရင်ပြင်ပေါ်မှာ အမှိုက်မပစ်သလို ပန်းခြံထဲမှာလည်း မပစ်ကြပါဘူး။

ရွှေပွဲလာ မြန်မာတွေဟာ သစ်ပင်ရိပ်မှာ အပမ်းဖြေရင်း သင်္ကြန်ပွဲကို ခံစားပြီးရင် ကိုယ့်အမှိုက်ကိုကိုယ် စနစ်တကျ စွန့်ပစ်ခဲ့ဖို့ တာဝန် ရှိပါတယ်။ ဒါဟာ ဒီနေရာမှ မဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘယ်နေရာမှာ မဆို လုပ်ရမယ့် ကျင့်ဝတ်တခုပါ။ ပိုက်ဆံပေးပြီး စားရတဲ့ ကော်ဖီဆိုင်တွေ အမြန်စား ဆိုင်တွေမှာတောင် ကိုယ့်ပန်းကန် ကိုယ့်အမှိုက်ကို စနစ်တကျ စွန်ပစ်ခဲ့ရတယ် ဆိုတာကို သတိမူမိရင်၊ အများပြည်သူနေရာမှာ ပိုလို့တောင် သတိမူရမှာ ဖြစ်ပါတယ်။ ပွဲကိုလာတယ်ဆိုတာ ပွဲဖြစ်မြောက်အောင် ပါဝင်ဆောင်ရွက်တာပါပဲ။ ကိုယ့်ရဲ့ ပါဝင်ဆောင်ရွက်မှုဟာ သူတပါးအပေါ် ဝန်ပိုမကျစေအောင် သတိပြုလိုက်မယ်ဆိုရင် လှပပြည့်စုံသွားမှာ အမှန်ပါ။

ဒီနှစ် အမှိုက်လိုက်သိမ်းတဲ့ ညီလေးတယောက်က - အမှိုက်အိတ်တိုင်းမှာ ကွမ်းတံတွေး ပါတယ် - လို့ မှတ်ချက်ပေးပါတယ်။ တကယ်တော့ အမှိုက်အိတ်ထဲမှာတင် မကပါဘူး။ ရင်ပြင်မှာလည်း ရဲနေတာပါပဲ။ ဆေးလိပ်တို ဆိုတာတော့ ပြောဖွယ်ရာ မရှိပေါ့။

“စည်းကမ်းရှိသူ တရာရဲ့ အမှိုက်ကို သိမ်းဖို့ လူတယောက်ပဲ လိုတယ်။ စည်းကမ်းမရှိသူ တယောက်ရဲ့ အမှိုက်ကိုတော့ လူတရာနဲ့ သိမ်းလို့ မနိုင်ဘူး” လို့ ဆိုရိုးရှိပါတယ်။ ခုခါမှာ - အမှိုက်ဆို စည်ပင် သိမ်းလိမ့်မယ် - ဆိုတဲ့ခေတ် ကုန်သွားပါပြီ။ ကိုယ့်အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့ ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ လူတဦးချင်းစီရဲ့ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဟာ လူ့အဖွဲ့အစည်းတခုရဲ့ အမှတ်အသား ဖြစ်နေပါပြီ။

ကိုရီးယားမှာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခါနီးက အမှိုက်စနစ်တကျ ပစ်ဖို့နဲ့ အများသုံးအိမ်သာတွေ သန့်ရှင်းဖို့ ငွေကြေးရော လူအင်အားရော အများအပြားသုံးပြီး ကင်ပိန်းခဲ့ကြတာကို အမှတ်ရမိပါတယ်။ ကိုရီးယားတွေက ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ချင်လို့ ပါတဲ့။ ဒါကို နမူနာယူပြီး လိုအပ်မယ်ဆိုရင် မြန်မာတွေရဲ့ ပွဲလမ်းသဘင်တွေမှာ အမှိုက်ကင်ပိန်း လုပ်ရလိမ့်မယ် ထင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ပြီး ရောက်ရှိနေတဲ့နေရာမှာ အံဝင်စံဝင် အသားကျ နေနိုင်ဖို့ပါ။

မကြာသေးမီ ကာလက ဧရာဝတီ မြစ်ဆုံကို ထိန်းသိမ်းကာကွယ်ဖို့ တမျိုးသားလုံး ဟစ်အော် တောင်းဆိုခဲ့ကြပါတယ်။ အင်မတန် ကောင်းပါတယ်။ မြစ်ဆုံကို ဘာကြောင့် ထိန်းသိမ်းချင်တာလဲ။ သဘာ၀၀န်းကျင် အလှတရားတခုကို မပျက်စီးစေချင်လို့လို့ ဖြေကြမယ် ထင်ပါတယ်။ ဟုတ်တာပေါ့။ အစားမထိုးနိုင်တဲ့ သဘာ၀၀န်းကျင်နဲ့ အလှတပါး မဟုတ်လား။ ဟိုးအဝေးက မြစ်ဆုံကို မပျက်စီးစေချင်ရင် ကိုယ့်အနားက ၀န်းကျင်ကိုလည်း ကိုယ့်အမှိုက်တွေနဲ့ အကျည်းမတန်စေသင့်ဘူးပေါ့။

အမှိုက်ကလေး တခုကို စနစ်တကျ စွန့်ပစ်တတ်တဲ့ အကျင့်နဲ့ အသားမကျသေးတဲ့ လူ့အဖွဲ့အစည်းတခုဟာ ကိုယ့်မြေကိုယ့်ရေရဲ့ သဘာဝအလှ တရားတွေကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ ဝေးနေလိမ့်ဦးမယ် ထင်ပါတယ်။

ရွှေမြန်မာတွေ ခေတ်မီ ယဉ်ကျေးပြီး သဘာဝအလှနဲ့ ပြည့်စုံတဲ့ အနာဂတ်တွေအတွက် ကျနော်တို့တွေ အမှိုက်က စလိုက်ကြပါစို့လား။

ဝင်းပေါ်မောင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 2, 2012

အခြေအနေအဆိုးရွားဆုံး လုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများ ရေရှည်မရှိစေရေးလှုပ်ရှားမှု လုပ်မည်

ဆောအူးလ် ၊ မတ်လ ၁
အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်ရင် ပြောင်းရွှေ့ခွင့်ရဖို့ တော်တော်ခက် ၊ အင်မတန်ခက်ပါတယ် ။

ဒီ-၄လုံးကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)


အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။

ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းမထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။

အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာကြာနားနေရမလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ အမြင့်ကြီးမှာ တစ်နေကုန် ၊ တက်လုပ်နေရတာတွေ ။

လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။

ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။
နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။
ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးပေါ့ ။
(ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံ ၊ လောကငရဲခံပြီး ရေရှည် လုပ်နေရမှာလား။)

အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ ပြဿနာတွေ အလီလီ တက်ကြတော့တာပါပဲ ။

အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများရေရှည်မရှိစေရေး
သည်တော့ ကိုရီးယားမှာ မြန်မာ အလုပ်သမားများ ဒီ-၄လုံးပြဿနာကင်းဝေးရေး လှုပ်ရှားမှု (Free 4-D Campaign) လုပ်မယ်လို့ စိတ်ကူးရပါတယ် ။ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာများ ရေရှည်မရှိစေရေးလှုပ်ရှားမှုပါ ။ မသိလို့ ၊ မှားယွင်းပြီး လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ဆိုလျင် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) လုပ်မှ ဖြစ်ပါမယ် ။ လှုပ်ရှားမှုအမည်ကိုတော့ -
- Free 4-D Campaign သို့မဟုတ်
- Anti 3 Years Contract: (A3Y Campaign) လို့ အမည်ပေးချင်ပါတယ် ။ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပေးကြစေလိုပါတယ် ။

စုပေါင်းလုပ်ကြရအောင်
သည်လှုပ်ရှားမှုကို တစ်ဦးတစ်ယောက်ကောင်းလုပ်လို့အောင်မြင်နိုင်မယ် မထင်ပါဘူး ၊ စုပေါင်းလုပ်ကြမှ အောင်မြင်မယ်လို့ ယုံကြည်ပါတယ် ။ မအောင်မြင်နိုင်စရာလည်း မရှိပါ ။ ရှေ့မှာ အောင်မြင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ် ။ (မြန်မာတွေကို စိုက်ပျိုးရေး ၊ ငါးဖမ်း လုပ်ငန်းတွေအတွက် မခေါ်တော့တဲ့ သာဓကပါ။)

ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
ကိုရီးယားလာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာပြည်တွင်းက အီးပီလုပ်သားလောင်း ညီငယ်များ ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများကို ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး ပြောပြ ရှင်းပြကြရပါမယ် ။ တစ်ချို့က ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ ၁ နှစ် စာချုပ်ပဲ ချုပ်ကြဖို့ ညီငယ်များ သဘောပေါက်အောင် အသိပေးဖို့ ရှင်းပြပေးဖို့ လိုပါမယ် ။ အထက်လူကြီးများသိအောင် စာအားဖြင့် နှုတ်အားဖြင့် ၊ အီးမေးလ်အားဖြင့် တင် ပြကြရပါမယ် ။ ပြည်တွင်းမီဒီယာများမှာ ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး နှင့် ၃-နှစ်စာချုပ်ရဲ့ အခက်အခဲများ ၊ စာချုပ်ကို ၁နှစ်ပြီး ၁နှစ် သာချုပ်သင့်တဲ့အကြောင်း သတင်းဆောင်းပါး စသည် ပါလာအောင် လုပ်ကြရပါမယ် ။ အီးမေးလ်များဖြန့်ဝေကြရပါမယ် ။

လုပ်မယ့်သူတွေ လိုတယ်ဗျာ
စိတ်ပါဝင်စားသူများ သည် လှုပ်ရှားမှုပါ ကျနော်တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်လိုသူများ 010-2331-2457 သို့မဟုတ် wyne1969@gmail.com သို့ ဆက်သွယ် ကြစေလိုပါတယ် ။
မိတ်ဆွေတို့ ရဲ့ အမည် ၊ အီးမေးလ် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်များ အနက် ကြိုက်ရာ တစ်ခုခု သို့မဟုတ် အားလုံး ပေးကြစေလိုပါတယ် ။ အတူတူ လှုပ်ရှားသူများအဖြစ် ဟန်းဂုရွာမှာ မှတ်တမ်းတင်ထားချင်လို့ပါ ။


လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၁ ရက်
ကိုရီးယား ၊ အင်ချောန်းမြို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 22, 2012

တွန့်ခြင်း ရွံ့ ခြင်း ကင်းပါစေ

ရေးသားသူ — ပေါ်ဦး

ရွှေပြည်တော်ရဲ့ အပြောင်းအလဲ ရင်ခုန်သံအစမှာ ကြားနေရတဲ့ အန်အယ်လ်ဒီရဲ့ လက်ကိုင်ကြုံးဝါးသံ ကတော့ “ပြည်သူအတွက် အကျိုးမရှိတဲ့ ဥပဒေတွေ ပြင်မယ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ လွှတ်တော်ဝင် ကြုံးဝါးသံကို စိတ်ဝင်စား မိရာကနေ သိထားတာလေးတစ်ချို့နဲ့ တွေးထင် ယုံကြည်ထားတာလေးတွေ မျှဝေချင်စိတ်ကြောင့် ဒီစာကို ရေုးဖြစ်ပါတယ်။

ကျနော်ထင်တာ မမှားဘူးဆိုရင် “ဥပဒေ” လို့ ကြားလိုက်တာနဲ့ ကျနော်တို့တစ်တွေ “တွန့်သွား၊ ရွံ့သွား” တတ်ကြတယ်လို့ ခံစားမိပါတယ်။ ဒီလိုဆိုတော့….ဥပဒေဆိုတာ တွန့်စရာ၊ ရွံ့စရာလား…? အဲဒီလို တွန့်တတ်၊ ရွံ့တတ်ကြသူတွေ ကိုယ်တိုင် (အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ။) ဘာကြောင့်ရယ်လို့ ပြန်လည်တွေးဆ၊ ဆင်ခြင်မှုရှိ မရှိ မသေချာပေမဲ့ လူတစ်ချို့ကတော့ တွန့်တာ၊ ရွံ့တာကိုပဲ အရသာကောင်း တစ်ပါးလို့ ခံယူထားကြသလို ကျနော်တို့တစ်တွေ တွန့်သွား၊ ရွံ့သွားလေအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးချလေ့ရှိတယ် ဆိုတာ အားလုံး လက်ခံထားကြပြီး ဖြစ်မှာပါ။ တစ်ချို့ကလည်း မသိသားဆိုးရွားစွာနဲ့ ၀င်ပြီးထင်ကြေးပေး၊ လေသံပစ်ကြတော့ မရှုပ်သင့်ပဲ ရှုပ်နေရတဲ့ ဇာတ်လမ်းဆိုပါတော့။ ဥပဒေလို့ ကြားလိုက်တာနဲ့.. ဘာတဲ့၊ “သွားမလုပ်နဲ့၊ ရူးသွားမယ်၊ ဂေါက်၊ စာအုပ်ကြီး၊ ငကြောင်၊..” စသည်ဖြင့်၊ စသည်ဖြင့်..။

ဒီတော့ ဥပဒေ ဆိုတာ ဘာလဲ..?

အရှင်းဆုံး ပြောရရင်တော့ ဥပဒေ ဆိုတာ စည်းမျဉ်း၊ စည်းကမ်း ပါပဲ။ အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေကို စနစ်တကျ စုဖွဲ့ထားရှိပြီး၊ လူအများ လိုက်နာစေဖို့ အုပ်ချုပ်မှုရေးရာမှာ အသုံးချပါတယ်။ အုပ်ချုပ်မှုရေးရာ ဆိုတာကလည်း ကျနော်တို့အားလုံး ကျောင်းသား၊ အလုပ်သမား၊ ၀န်ထမ်း၊ မိသားစု၊ ရပ်ကွက်၊ ဒေသ၊ နိုင်ငံတွေအကြား၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆက်စပ် ဆောင်ရွက်ချက်တွေကို ဆိုလိုတာဖြစ်ပြီး ယုံကြည်မှုနဲ့ တန်ဘိုးစံနှုန်းတွေအရ အဆိုပါ အုပ်စုတွေကြားမှာ လိုက်နာဖို့ ချမှတ် သဘောတူညီထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းစနစ်တွေလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ အများဆိုင်၊ ဘုံသဘော ကောင်းကျိုးရှေးရှုတဲ့ သာတူညီမျှမှု အခြေခံစည်မျဉ်း ဥပဒေတွေ ဆိုပါတော့။

သမိုင်းဦးအစ ဘီစီ ၃၀၀၀ လောက်က ရှေးအီဂျစ်လူမျိုးတွေရဲ့ “မတ်” နတ်ဘုရား အယူဝါဒ အပေါ် အခြေခံပြီး ဥပဒေသဘော အမြစ်တွယ်ခဲ့တာလို့ ဆိုကြပါတယ်။ နတ်ဘုရားက သူတို့ရဲ့ ဂြိုဟ်နတ်က္ခတ်၊ ရာသီဥတုနဲ့ နေမှုသေမှု အစစကို ဖန်ဆင်းနိုင်ပြီး ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာလောကကြီး အတွက် စီမံထားရှိပေးခဲ့တာလို့ မှတ်ယူခဲ့ကြပါတယ်။ “မတ် နတ်ဘုရား” ကို ဒီကမ္ဘာနဲ့ နှောင်းကမ္ဘာရဲ့ သဘာဝတရားနဲ့ လူမှုဆက်သွယ်ချက် ဆိုင်ရာ ပြယုဂ်အဖြစ် လက်ခံခဲ့ကြကြောင်း အီဂျစ်ပြည်ရှိ ပိရမစ်မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ တစ်ခါ ရောမတွေက အီဂျစ်ပြည်ကို သိမ်းတော့ သူတို့ဥပဒေတွေကိုပါ တစ်ခါတည်း သွတ်သွင်းခဲ့ကြ ပြန်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အရတော့ ဘေဘီလုံမင်းဆက်ရဲ့ ပထမဘုရင် ဟမ်ဘူရာဘီက သူ့အမည်တပ်ထားတဲ့ ကိုဓဥပဒေတွေကို ရှစ်ပေလောက်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ထွင်းထုထားရှိခဲ့တာကို အင်္ဂလိပ် သုတေသီတစ်ယောက်က ၁၉ ရာစု အကုန်ပိုင်း ပါရှားနိုင်ငံမှာ ပြန်လည်တွေ့ရှိပြီး အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်ဘာသာ အပါအ၀င် ဘာသာတော်တော်များများ ပြန်ဆိုခဲ့ကြရာက ဟမ်ဘူရာဘီကို ရှေးအကျဆုံး ဥပဒေလက်ဆင့်ကမ်းသူ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီခေတ်က သာတူညီမျှမှု အခြေခံ “မျက်လုံးတစ်လုံးကို တစ်လုံး၊ သွားတစ်ချောင်းဆို တစ်ချောင်း” ဥပဒေသကိုတော့ ကျနော်တို့အားလုံး သိပြီး ဖြစ်ပါတယ်။ သူ့ကျောက်ပြားတွေ ဖော်ပြချက်အရတော့ အဲဒီဥပဒေတွေကို နတ်ဘုရားထံက ရရှိခဲ့ပြီး ပြုစု ပြဌာန်းဖို့ စေလွှတ်ခံရသူလို့ သူ့ကိုသူ ဖော်ပြထားပါတယ်။ ရှေးခေတ် ဟီးဘရူးတွေ အတွက်လည်း မော့်စ် ဆိုသူကို စေလွှတ်ခဲ့တယ်လို့ ခေတ်ပြိုင်ပညာရှင်တွေ ပြောတဲ့ သမိုင်းလည်း ရှိပါသေးတယ်။

လူမှုအခြေပြု နိုင်ငံသားအခွင့်အရေးနဲ့ ဆက်စပ်ဥပဒေတွေ စတင်ဖွံ့ဖြိုး တိုးတက်ရာလို့ လက်ခံထားကြတာ ကတော့ ဂရိနိုင်ငံ အေသင်မြို့ပြ (ဘီစီ ၁၈ ရာစုခန့်) ဖြစ်ပြီး၊ ဥပဒေရယ်လို့ တိတိကျကျ သတ်မှတ်ဖော်ပြ ထားခဲ့တာမျိုး မတွေ့ရပေမဲ့ “နတ်ဘုရားဥပဒေ”၊ “လူမှုပြန်တမ်း” နဲ့“ဓလေ့ထုံးတမ်း” ဆိုပြီး (၃ ပိုင်း) ခွဲခြား အုပ်ချုပ်ခဲ့တာမို့ ဒီမိုကရေစီ သဘောဆောင် အခြေခံဥပဒေ သဘောတရားရဲ့ ဆန်းသစ်မှုအစလို့ မှတ်ယူကြပါတယ်။ ဒါကြောင့် နှောင်းပိုင်း ရောမ ဥပဒေတွေဟာ ဂရိသဘောတရားတွေ ရိုက်ခတ်လွှမ်းမိုး ခံခဲ့ရမှုရှိပြီး ခေတ်ကာလနဲ့ လူမှုရေးရာ အခြေအနေများ ပြောင်းလဲမှုကို လိုက်ပြီး ရောမတိမ်တောက်ချိန်မှ နေ၀င်ချိန်အထိ ဘုရင်သီအိုဒိုးဆီးယပ် နံပါတ် ၂ နဲ့ ဘုရင် ဂျပ်စတီးနီးယန်း နှစ်ပါးတို့ရဲ့ ပြန်လည် စီစစ်ပြဌာန်းမှုတွေ ရှိခဲ့ရာက နောက်ပိုင်းမှာ ဓလေ့ထုံးတမ်း (အစဉ်အလာ) ဥပဒေနဲ့ အဆုံးအဖြတ် ဥပဒေများအဖြစ် ပြောင်းလဲလာခဲ့သလို အင်္ဂလန်မှာလည်း ဆုံးဖြတ်မှု အခြေခံ ရိုးရာဥပဒေ၊ ဥရောပ တစ်လွှားမှာလည်း ကုန်သည်ဥပဒေ (ယခုခေတ်တွင် စီးပွားရေး ကူးသန်းရောင်းဝယ်မှု ဥပဒေဟု အမည်တွင်မည် ထင်ပါသည်။) များအဖြစ် ဆင့်ကဲပြောင်းလဲ တိုးတက်လာခဲ့ကြောင်း ဖော်ပြကြပါတယ်။

အာရှဘက်ခြမ်း အိန္ဒိယနဲ့ တရုတ်မှာတော့ သီးခြားလွတ်လပ်မှု သမိုင်းအစဉ်အလာအရ ပုံသဏ္ဍာန်ကွဲ ဥပဒေစနစ်တွေ ရှိခဲ့ပါတယ်။ အနောက်တိုင်း ဥပဒေစနစ်ပုံစံ ပြင်ဆင်မှုစနစ်နဲ့ ပတ်သက်လို့ ပြင်သစ်၊ ဂျာမန်တို့ထံမှ တဆင့် ဂျပန်ဟာ အာရှမှာ ပထမဖြစ်ခဲ့ပြီး တရုတ်က “ချင်မင်းဆက် နောက်ပိုင်း” မှာ ထပ်မံ ဆင့်ပွား ကျင့်သုံးခဲ့ပါတယ်။ “ဘုရင် အာသာ” တို့ “ဘုရင် မနူဟာ” တို့က အခြေပြုခဲ့တဲ့ ဟိန္ဒူဓလေ့ အခြေခံမှာ အင်္ဂလိပ် ရိုးရာဥပဒေ ပေါင်းစပ်ထားတဲ့ အိန္ဒိယဥပဒေ စနစ်ကတော့ ကျနော်တို့ မြန်မာပြည် အပါအ၀င် အရှေ့တောင်အာရှ တစ်လွှား လက်ခံကျင့်သုံး လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သမိုင်းကြောင်း အနှစ်ပြန်ချုပ်လိုက်မယ် ဆိုရင်တော့ ဥပဒေ ဆိုတာ “ဘာသာရေး အခြေခံ ဥပဒေ” နဲ့ “အုပ်ချုပ်မှု အခြေခံ ဥပဒေ” စနစ်နှစ်ရပ် ပေါင်းစပ်ထားတာ ဖြစ်ပြီး ပထမတစ်မျိုးကို သဘာဝအမှန်တရား ဥပဒေ (ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ဘာသာရေး အဆုံးအမ အများစု ပါဝင်သည်။) ဟုခေါ်ဆိုပြီး ဒုတိယ တစ်မျိုးကိုတော့ ပြဋ္ဌာန်းဥပဒေ (ဘုရင်၊ အုပ်ချုပ်သူ၊ ဥပဒေပြု အဖွဲ့တို့မှ အခါအားလျော်စွာ ချမှတ်ခြင်းများ ဖြစ်ပါသည်။) လို့ခေါ်ဝေါ်ကြကြောင်း ယေဘုယျ မှတ်သားနိုင်ပါတယ်။

ဥပဒေရဲ့ သဘောတရားကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘ၀တွေကို တည်ငြိမ် တိုးတက်စေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်စပ်ပုံဖော် ပြဋ္ဌာန်းပေးဖို့ ဖြစ်ပေါ်လာတာပါ။ တစ်ဦးချင်း သဘောတူညီမှုတွေကနေ ပဋိညာဉ်တွေ၊ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ စာချုပ်စာတမ်းတွေ၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုမှ နိုင်ငံချင်း မကျူးကျော်ရေး သဘောတူ စာချုပ်တွေ၊ ပုဂ္ဂလချင်း ယုံကြည်မှုမှတဆင့် အဖွဲ့အစည်းနဲ့ နိုင်ငံများအချင်းချင်း လွှဲပြောင်း ပေးပို့နိုင်တဲ့ ကုန်ပစ္စည်းဆိုင်ရာ ဥပဒေတေ ဖြစ်လာခဲ့သလို အသွေးအရောင်၊ ဘာသာ၊ လူမျိုး၊ ယုံကြည်ချက်နဲ့ အခြေချနေထိုင်ရာ အရပ်ဒေသမခွဲခြားဘဲ လူသားမှန်သမျှ ရရှိသင့်တဲ့ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တောင်းဆို ကာကွယ်ပိုင်ခွင့် ဥပဒေတွေ၊ အုပ်ချုပ်မှုနဲ့ ဆက်ဆံရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ဥပဒေတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေ၊ မြေ၊ လေ နဲ့ သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေတွေ၊ ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး၊ စစ်ပွဲများ ကင်းဝေးစေရေးနှင့် ငြိမ်းချမ်းရေး စောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု ဆိုင်ရာ သဘောတူ စာချုပ်စာတမ်းတွေ အထိ လက်တံရှည်ရှည် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ တိုးချဲ့ပုံဖော်၊ လက်ခံ ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတွင်းမှာ ပြည်သူတွေကလည်း ကျေနပ်၊ အစိုးရယန္တရား လည်ပတ်မှုလည်း ချောမွေ့စေဖို့ ခိုင်မာခေတ်မီတဲ့ ပြည်တွင်း ဥပဒေစနစ်နဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာလည်း ဂုဏ်သိက္ခာရှိရှိ အဆင်ပြေပြေ ဆက်ဆံ၊ ၀င်ဆန့်နိုင်စေဖို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဆိုပြီး နှစ်မျိုးနှစ်စား ရှိတဲ့အနက် ကျနော်တို့ နိုင်ငံ ကျင့်သုံးနေတဲ့ ဥပဒေစနစ် ကတော့ (ပြည်တွင်း ဥပဒေစနစ်ကို အဓိကထားပြီး ဖော်ပြသွားမှာပါ။) အင်္ဂလိပ်ရိုးရာ ဥပဒေ (Common Law)၊ ပြဋ္ဌာန်းဥပဒေ (Civil Law) နဲ့ ဓလေ့ထုံးတမ်း (Customary Law) စနစ်တွေ ရောနှော ပေါင်းစပ်ထားတဲ့၊ အားမနာတမ်းပြောရရင်၊ စပ်ထည်ကြီး ဖြစ်ပြီး၊ အသုံးပြုနေဆဲ ဥပဒေ အများစုကတော့ “နှစ်ဆင့်ခံ ဥပဒေ” တွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်က အိန္ဒိယကို အုပ်ချုပ်ဖို့ ဥပဒေရေးခဲ့တာကို ကျနော်တို့က တဆင့်ထပ်ပြီး ဆက်ခံ သုံးစွဲခဲ့တာမို့ “နှစ်ဆင့်ခံ ဥပဒေ” တွေလို့ ခေါ်လိုက်တာပါ။ အတိုကောတ် သညာပြုရရင်တော့ “စပ်ထည်ဟောင်းကြီး” ပေါ့ဗျာ။ (အများနည်းတူ လိုအပ်လို့ ကြွားကြမယ်ဟေ့ ရဲရဲ ဆိုရင်တော့လည်း “တမူထူးခြားတဲ့ ကိုယ်ပိုင် ဥပဒေစနစ်”၊ “ယူနစ်ခ်” ဘာညာပေါ့ဗျာ…နော်။)

ယနေ့ကမ္ဘာမှာ နိုင်ငံတကာ ဖြစ်ရပ်တွေကို လက်ပေါ် တင်ကြည့်နေနိုင်ပြီ ဖြစ်ပေမဲ့ ကျနော်တို့ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော် ၁၉ ရာစုက ဥပဒေဟောင်းတွေကို တခုတ်တရနဲ့ စပ်ဟပ်ဖာထေးပြီး အန်းဒိတ်ချစ်သူများ ဖြစ်နေကြဆဲပါ။ မရှိတော့ဘူးလား အသစ်တွေဆိုရင်၊ ရှိပါတယ်။ ဒါပေမဲ့ လွတ်လပ်သော လူမှုအခြေခံ သာတူညီမျှမှုစံတွေ အပြည့်နဲ့ နိုင်ငံတကာအဆင့် ပေမီဒေါက်မီတွေလို့ ဆိုရမှာထက် တဘက်မြင် လုံခြုံရေးအဓိက စံနှုန်းတွေနဲ့ သိမ်းကျုံး ဥပဒေသဘောတွေ ပိုကဲနေတယ်လို့ ထင်မိပါတယ်။ လုံခြုံရေးအတွက် (အင်မတန် ကျယ်ပြန့်တဲ့ အနက်အဓိပါယ် ရှိပါတယ်။) ဆိုပြီး လိုအပ်လာရင် အားလုံးကို သိမ်းကျုံးပစ်နိုင်အောင် ဦးစားပေးထားတဲ့ ဥပဒေတွေကို လစ်ဟာချက်မရှိ၊ ပြည့်ဝတဲ့ ဥပဒေလို့ ပြောရမှာ ခက်မယ် ထင်ပါတယ်။ အဲဒီလို ဥပဒေမျိုးတွေဆိုရင် ပြင်နေမဲ့အစား ပယ်ဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲတာက ပိုပြီးသင့်တော်မယ်လို့ ယူဆပါတယ်။ ဥပဒေရဲ့ နဂိုအခြေခံကောင်းတွေနဲ့ ဆန့်ကျင်ရာ အခြေအနေတွေ ရှိလာရင်…၊ ရှိနေသေးရင်…၊ ဥပမာဆိုပါတော့.. လမ်းဘေးက ဆေးဆိုင်၊ ရပ်ကွက်ထဲက သာမန်ဆေးခန်း မပြောနဲ့ ဆေးရုံကြီးတွေက ပေးတဲ့ ဆေးညွှန်းဟာ ဘာအာမခံချက်မှ၊ တာဝန်ယူမှုမှ မရှိဘူးဆိုရင် ကျနော်တို့ ရဲရဲတင်းတင်း သောက်ရဲပါ့မလား..? ဟုတ်ကဲ့.. သောက်နေကြရ ပါသေးတယ်။ ကျုပ်တို့ ရွှေပြည်ကြီးမှာပေါ့..။ အခြေအနေအရကိုး… ဟုတ်တယ်မှတ်လား..။ … ထားပါတော့လေ။

တကယ်တော့ ဥပဒေဆိုတာ တာဝန်နဲ့ ၀တ္တရားအပြင် တာဝန်ယူမှုပါ တခါတည်း အချိုးအစား မျှတ သက်ဝင်အောင် ပုံဖော် ပြဋ္ဌာန်းပေးရတယ်လို့ နားလည်ထားပါတယ်။ တာဝန်ယူမှုရှိရတဲ့ စည်းမျဉ်းစနစ်ကို လူအတန်းအစား မခွဲခြားဘဲ တပြေးညီ လိုက်နာစေဖို၊့ ရှင်းလင်းနားလည်လွယ်တဲ့ ပညာပေး ဆောင်ရွက်မှုတွေ စီမံဖို့ အတော့်ကို အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ၊ နားလည်အောင်လည်း လုပ်ပေးမထားတဲ့ အပြင် နားမလည်လို့ပါလို့ ပြောရင်တောင် အမျက်တော်ရှ ခံနေကြရတာက အတော့်ကို ရင်နင့်စရာ ကောင်းမနေဘူးလား။ အဲဒီလို နားလည်ရန် မလွယ်ကူသော ကမ္ဘာကြီးထဲမှာ ပြစ်မှုတစ်ခုအတွက် ဘ၀တစ်ခုစာ၊ လူတစ်ယောက် အတွက်နဲ့ မိသားတစ်စု၊ ဆွေမျိုးတစ်သိုက်စာ မက ရင်းခံ လိုက်ရတာတွေက နာကျင်စရာထက် ပိုမနေဘူးလား..? မျက်လုံးတစ်လုံးဆို တစ်လုံး…၊ သွားတစ်ချောင်းဆို တစ်ချောင်းတဲ့လား ဟမ်ဘူရာဘီ? ငါတို့ကမ္ဘာရဲ့ အမှတ်တရ ဒဏ်ရာရပ်ဝန်းနဲ့ ဝေးရာ ရာဇ၀င်ထဲမှာ မင်း နေရစ်ဦးပေါ့လို့ ပြောနိုင်မယ် ထင်ပါတယ်။ မချိုမြိန်တဲ့ အတိတ်ကို တူးဆွ ရေနူးတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မေ့ပစ်လိုက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သမိုင်းသင်ခန်းစာ ယူဖို့၊ အမှားနည်းတဲ့ မနက်ဖြန်တွေ တည်ဆောက်ဖို့ နာသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ အတိတ်က လိုအပ်တယ်လို့ ကျနော်တို့ အားလုံး လက်ခံထားပြီးသား ဖြစ်နေတာကြောင့်ပါ။ ထပ်ပြီးတော့ မအ,ကြ၊ မန,ကြ ရအောင် ယေဘုယျလောက်တော့ သိနေအောင် ကြိုးစားထားသင့်တယ်လို့ မြင်မိပါတယ်။

၂၁ ရာစုသစ်မှာ နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်များက ပြောကြပါတယ်။
“ဥပဒေဆိုတာ လွတ်လပ်မှုရဲ့ အုတ်မြစ်” တဲ့။
ဆက်ပြောကြပါသေးတယ်။ “လူတွေရဲ့ အပြုအမူ စရိုက်တွေကို ထိရောက်တဲ့ တွန်းအားပေးနိုင်တာ ဥပဒေပါ” ပဲတဲ့လေ။
သဘောကတော့ နိမ့်ကျနေရင်လည်း မျှတအောင်၊ ကြိုးစားရင်လည်း ကြိုးစားသလောက် ထိုက်တန်အောင်၊ မြင့်မားနေရင်လည်း ခိုင်မာတည်တံ့အောင် ဖေးမ ကာကွယ်ပေးတဲ့၊ အားလုံးက ယုံကြည်အားထားရတဲ့ အာမခံချက် ရှိတဲ့ ဘယ်နေရာမှာ ရောက်ရောက် လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ဥပဒေမျိုး ကျနော်တို့ လိုအပ်နေပါတယ်။ ဒီဘက်ခေတ် ဥပဒေပြုရာမှာ အကြောင်းအရာ အချက်အလက်တွေ ချည်းသာအားမပြုဘဲ လူမှုရေးရာ စံနူန်းတွေနဲ့ တန်ဘိုးတွေကိုပါ မဖြစ်မနေ ထည့်တွက်သင့်ကြောင်း ပညာရှင်တွေက တညီတညွတ်တည်း အကြံပြုထားကြပါတယ်။ ဒါ့အပြင် “ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘူးကွ၊ တရားမျှတရမယ်၊ ဘက်မလိုက်ဘူး၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပြောမယ်၊ ရေးမယ်၊ လျှောက်လဲမယ်၊ ဆုံးဖြတ်မယ်” ဆိုတာ ဥပဒေပြု အဖွဲ့အစည်းတွေရဲ့ အသက်အဖြစ် တည်ရှိနေရမှာ ဖြစ်သလို ရှေ့ရော နောက်ပါ တာဝန်သိသိ၊ အသိရှိရှိနဲ့ လေးစားလိုက်နာကြမယ် ဆိုတဲ့ ခံယူချက်ကလည်း လူထုရဲ့ သွေးကြောဖြစ်နေရမယ်လို့ ကျနော် ယုံကြည်ထားပါတယ်။

ကြည့်လေ..၊ အခြေခံ လူတန်းစားတွေ၊ သာမန် အလုပ်သမားတွေပေါတဲ့ ပြည်ကြီးမှာ အဲလို လူတန်းစားတွေ အတွက် ခိုင်လုံတဲ့ အာမခံချက် အပြည့်နဲ့ ကာကွယ်စောင့်ရှောက်ပေးမဲ့ ဥပဒေတွေ လုံလောက်ပြည့်ဝမှု ရှိမနေတာကိုက ခြောက်ပြစ် မပြောနဲ့၊ နှစ်ပြစ်၊ သုံးပြစ်လောက်ကင်းတဲ့ ဥပဒေဆိုရင်ပဲ ထိုင်ကန်တော့ရတော့ မလိုလို ဖြစ်နေပါတယ်။ ဒီ့အတွက် ခေတ်ကိုပဲ အပြစ်တင်ရမလား၊ စနစ်ကိုပဲ အပြစ်တင်ရမလားလို့ မြင့်မြတ်ရာ ဘုံဘ၀ကနေ ဆရာမြ တစ်ယောက် မေးနေဦးမှာလား မသိပါ။ ဒါမှမဟုတ်ရင်လည်း ဓားတွေက အိပ်ရာ၊ မီးတွေက စားစရာ ဖြစ်နေကြပြီလားလို့ မေးခွန်းတွေ ထပ်ဆင့်နေဦးမှာလားလို့ တွေးမိပါသေးတယ်။ ရောင်ခြည်ဦးမှာ တွန်ကြူးသံတွေ ကြားနေရပေါ့ ဆရာရေ….။
လွတ်လပ်မှုဆိုတာ အခုအချိန်အထိ ကျနော်တို့အားလုံး အငတ်မွတ်ဆုံး အရာပါ။

မွန်မြတ်သန့်စင်သော လွတ်လပ်မှုရဲ့ အုတ်မြစ်ဖြစ်သော ဥပဒေ၏ ပင်ရင်း ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ဘက် လားရာ ဥပဒေရဲ့ ဂုဏ်သိမ်၊ သာတူညီမျှမှုရဲ့ အနှစ်သာရကို အများကောင်းကျိုး ရှေးရှုတဲ့ အုပ်ချုပ်မှုရေးရာ အစား၊ တစ်အုပ်တစ်ဖွဲ့ အုပ်ချုပ်သူရေးရာ သက်သက် အသုံးချလိုက်ရင်၊ ဒါမှမဟုတ် အုပ်ချုပ်ဖို့သီးသန့် စိုးမိုးဖို့ အမြင်တစ်ခုတည်းနဲ့ အသုံးချမယ်ဆိုရင်တော့ လူထုအတွက် ကြောက်စရာ၊ အုပ်ချုပ်သူအတွက် လက်နက်၊ “ကြောက်စရာ လက်နက်” ဖြစ်သွားမှာ မလွဲပါဘူး။ ဒါဟာ ဥပဒေကို တလွဲ အသုံးချပြီး လူထုကို မတော်မတရား ပြုခြင်းလို့ ခေါ်ရမှာ ဖြစ်ပါတယ်။ သေချာတာပေါ့ဗျာ။ ကြောက်စရာ လက်နက် ဆိုမှတော့ ကျနော်တို့အားလုံး ကြောက်ပြီး တွန့်နေမှာ ဖြစ်သလို ယုံကြည်မှုတွေ မရှိဘဲ ရွံ့နေကြရမှပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလို ဘ၀မျိုး မဟုတ်တဲ့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် မနက်ဖြန်မှာ ကျနော်တို့အားလုံးရဲ့ ဘ၀တွေ “တွန့်ခြင်း၊ ရွံ့ခြင်းမှ ကင်းဝေးကြပါစေ” လို့ ဆုမွန်ကောင်း တောင်းနေမိပါတယ်။
သိပ်ကို သေချာတာပေါ့ဗျာ..၊ ဆုတွေ တောင်းနေရုံနဲ့တော့ ကျနော်တို့ မျော်လင့်ချက်တွေ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ။

ဆောင်းပါးရှင် ပေါ်ဦးသည် ကိုရီးယားတွင် ခေတ္တနေထိုင်သည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 28, 2012

ငါးထောင်တန်ဖုန်းအစီအစဉ် ဆက်သွယ်ရေးထံ ကမ်းလှမ်း

ရန်ကုန်၊ ဇန်နဝါရီ ၂၆
အစိုးရခွင့်ပြုချက်ရလျှင် ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည်ဟုဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီ၏ ငါးထောင်တန်ဖုန်းကိစ္စကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံသို့ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းစာနှင့် အစီအစဉ်အသေးစိတ်ကို ဇန်နဝါရီလ၂၅ ရက်နေ့က တင်ပြထားကြောင်း ယင်းကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်တောင်းက The Voice Weekly သို့ ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းလိုင်းလေးသန်းစီမံချက်ကို ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးထောင်တန်ဖုန်းချထားပေးနိုင်ခြင်းရှိ ၊ မရှိမေးခွန်းနှင့် ပတ်သက်၍ ''အစိုးရခွင့်ပြုရင် ဘာမဆိုဖြစ်ပါတယ် ။ အခုက သူတို့ခွင့်ပြုချက်ကို ထိုင်စောင့်နေတာပါ'' ဟု ၄င်းကဆို သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဖုန်းဌာနအင်ဂျင်နီယာချုပ် ဦးစိုးအောင်က အဆိုပါငါးထောင်တန် ဖုန်း စာတင်ခြင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့မသိရှိကြောင်း The Voice Weekly ၏ မေးမြန်းချက်ကို ပြန်လည် ဖြေပေးသည်။
''ဒီကိစ္စဖြစ်နိုင် မဖြစ်နိုင် လူကြီးပိုင်းတွေပဲ သိတဲ့ကိစ္စပါ ။ ကျွန်တော်တို့ မသိပါဘူး'' ဟု ၄င်းကဆိုသည်။
Sources:
- The Voice Weekly (8/7)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, January 14, 2012

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း

ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။

Q:၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ် ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လိုဖြေရှင်းပေးနိုင်ပါမလဲ။

A:ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။


Q:ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရော ရှိပါသေးသလား

A:ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

Q:ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့အခြေခံလိုအပ်ချက်တွေ အဆောက်အဦးတွေကိုရောဘယ်လိုစီစဉ်ထားပါသလဲ။


A:အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။


Q:အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင်အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။


A:လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။


Q:ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကိုဥပမာ ပြောပြလို့ရနိုင်မလား။


A:ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။


Q:မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကိုအကောင်အထည်ဖော်နေပါတယ်။ ခု ရွှေပြည်တံခွန်က လုပ်တဲ့ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့လုပ်ဆောင်မှာပါလား။


A:မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။


Q:ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာအရင်ရောင်းချမှာပါလဲ။


A:ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။


Q:အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့ စီးပွားရေးအရတွက်ခြေကိုက်မှုရော ရှိပါရဲ့လား။


A:ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။ ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။


Q:အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကိုပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ်မပြုဘူး မသိရသေးဘဲနဲ့ လူထုကို အသိပေးလိုက်တဲ့အပေါ်မှာရောဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructureတွေက အသင့်ဖြစ်ပါပြီလား။


A:အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပါ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။


Q:ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လိုပေးဆောင်ရမှာပါလဲ။ အင်တာနက် အသုံးပြုဖို့ကိုသီးသန့်ထပ်ပေးဖို့ လိုပါသလား။


A:အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။


Q:မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ်ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်ပါသလဲ။


A:ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။

ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Resources:
- http://www.mmtimes.com/2012/tech/609/index.html
- http://motherland-2009.blogspot.com/2012/01/md.html
- http://teletalki.blogspot.com/2012/01/md.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 3, 2012

အလုပ်ရုံပြောင်းရွှေ့ခွင့် ကန့်သတ် / တားမြစ်ထားခြင်းသည် တရားမျှတမှုရှိပါ၏လော

သည်အသံကျယ်ကျယ်လောင်လောင်မကြားရတတ်ပါ
အခုမျက်မှောက်ကာလမှာ နိုင်ငံတကာ အင်အားကြီးမီဒီယာများကတစ်ဆင့် ကျနော်တို့ အသံကျယ်ကျယ် ကြားနေ သိနေကြရတာတွေက ၊ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး ၊ တန်းတူညီမျှမှုရှိရေး ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့် ၊ လွပ်လပ်စွာကိုးကွယ်ခွင့် ၊ လွတ်လပ်စွာတရားစီရင်ခွင့် ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး ဆိုတာတွေပါ ။ သို့သော်လည်း အခြေခံအလုပ်သမားအခွင့်အရေး ဆိုတဲ့ အသံတွေကိုတော့ ကျယ်ကျယ်လောင်လောင် မကြားရတတ်ပါဘူး ။
တရားမျှတမှုရှိပါသလော
ကိုရီးယား အီးပီစနစ်မှာ အလုပ်သမားများကို အလုပ်ရုံပြောင်းရွှေ့ခွင့် ကန့်သတ်/တားမြစ်ထားပါတယ် ။ တရားမျှတမှုရှိတယ်လို့ မိတ်ဆွေ ယူဆပါသလား ။ တရားမျှတပါ၏ ဟု ယူဆသူများအဖို့ အထွေအထူးပြောစရာရှိမည် မထင်ပါ ။ သို့သော်လည်း အလုပ်ရုံပြောင်းရွှေ့ခွင့် ကန့်သတ်/တားမြစ် ထားခြင်းသည် တရားမျှတမှု မရှိ ဆိုသူများအဖို့တော့ “ ကျနော်တို့ ၊ ဘာတွေလုပ်နိုင်မလဲ ၊ ဘယ်လိုလုပ်နိုင်မလဲ ။ သည်အခွင့်အရေးတွေရဖို့ ၊ ဘယ်သူ့မှာ တာဝန်ရှိလို့ ၊ ဘယ်သူတွေက ဘာလုပ်ရမှာလဲ ” စတဲ့ မေးခွန်းတွေရှိလာမည်ဟု ယူဆပါတယ် ။
အီးပီလုပ်သားတိုင်းကြုံရတတ်တဲ့ပြဿနာပါ
ကိုရီးယားရောက်လာတဲ့ မြန်မာအီးပီလုပ်သား အတော်များများ (အတော်များများ) သည် ပြဿနာနှင့် ကြုံတွေ့ခဲ့ဖူးကြမှာပါ ။ လက်တွေ့လက်ရှိအခက်ကြုံနေကြသူတွေရှိသလို ၊ နောင်ကိုလည်း ကြုံတွေ့ကြရဦးမှာပါ ။ အဲသည် ပြဿနာမရှိအောင် ကျနော်တို့ ဘာတွေလုပ်နိုင်မလဲ ။ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာသိရှိနိုင်ကြဖို့ ၊ သည်ပြဿနာကို ဟန်းဂုရွာမှာ ဆွေးနွေးသွားကြဖို့ စိတ်ကူးရလာလို့ သည်ဆောင်းပါး ၊ သည်ကဏ္ဍကို စတင်ဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ် ။
သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးပေးကြစေလို
စိတ်ပါဝင်စားသူ သက်ဆိုင်သူ ညီအစ်ကို မောင်နှမများ အားလုံး ပါဝင်ဆွေးနွေးပေးကြစေလိုပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ဟန်းဂုရွာမှာ စီဘောက်လို့ခေါ်တဲ့ အလွယ်တကူ ရေးသားနိုင်တဲ့ နေရာလေး မရှိတော့ပေမယ့် ၊ အီးမေးလ်များ ( burmakorea@gmail.com နှင့် wyne1969@gmail.com ) တို့ ကနေတစ်ဆင့် ပေးပို့နိုင်သလို ၊ ဆောင်းပါးရဲ့ အထက်ညာဖက်ထောင့်မှာ ရှိတဲ့ ကောမ်မင့်(comment) သဘောထားမှတ်ချက် ရေးရန်နေရာမှာလည်း ရေးသားထားနိုင်ပါတယ် ။
ဒါမှမဟုတ် ကိုရက်ပ်စ် ဘလော့(http://koreps.blogspot.com ) မှာ “ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” ခေါင်း စဉ်တပ်ထားတဲ့ စီဘောက် ကတစ်ဆင့်လည်း ရေးသားထားနိုင်ကြပါတယ် ။
အားလုံး အဆင်ပြေကြပါစေဗျား ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, January 2, 2012

ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး

ရေးသားသူ — လူထုစိန်ဝင်း

နတ်ရှင်နောင်ရဲ့ စာအုပ်တွေ ဘေးမှာပုံထားပြီး တအုပ်ကို ဖတ်နေဆဲမှာ လူငယ်တစု ရောက်လာကြ ပါတယ်။ မကြာခဏ လာရောက်မေးမြန်းဆွေးနွေးနေကျ ဂျာနယ်သမားတွေပါ။ သူတို့ထဲက တယောက်က နတ်ရှင်နောင်စာအုပ်တအုပ် ယူကြည့်ပြီး၊ နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ "ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား" လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။

ခေါင်းမာတာ လူရိုင်းမဟုတ်

ဒီလူငယ်အပါအ၀င် လူတော်တော်များများက "အစွဲကြီးကြီးနဲ့ တော်တော်ခေါင်းမာတဲ့သူ" အဖြစ်သိထား ကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဖူးလို့ ယူဆပုံ ရပါတယ်။ နောက်ပြီးတော့ လူတော်တော်များများက ခေါင်းမာတာနဲ့ ရိုင်းစိုင်း ကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာ တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင်မှားတယ်လို့ မယူဆဘဲနဲ့လည်း ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်တကူ မစွန့်လွှတ်တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင်လိုက်ပြောင်းတတ်သူများက သူတို့ အားနည်းပျော့ညံ့မှုကို ခုခံကာကွယ်ဖို့အတွက် သူတို့ကအရင် သူများကို လက်ညှိုးထိုးလေ့ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်း ကြမ်းတမ်းသူတွေအဖြစ် မြင်နေကြတာ ဖြစ်တယ်။

အစွဲကြီးသူ သိမ်မွေ့တတ်

အစွဲအလမ်းကြီးတတ်သူတွေဟာ အများအားဖြင့် အင်မတန်သိမ်မွေ့ပြီး စိတ်ကူးယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ် နှစ်ယောက်စလုံးဟာ ပင်ပမ်းနွမ်းနယ်မှုကို တယောထိုးဖြေ ဖျောက်တတ်ပြီး၊ ဟိုချီမင်းနဲ့ မော်စီတုန်းတို့ ဆိုရင်လည်း ကဗျာဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့ အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊ စာရေးဆရာတွေချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊ လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာ တယ်သာ အပြောခံရတာ အီရတ်လို အာဖဂန်နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်းကျောင်းလေးပေါ် ဒုံးကျည် ကျရောက် ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း၊ မျက်နှာလွှဲပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ်ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင်တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။

စာတခြား လူတခြား

နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကို ကြိုက်တာ။ လူကို ကြိုက်တာ မဟုတ်ဘူး။ လူကိုတော့ စက်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ်လို့ လူကိုမုန်းတာနဲ့ သူ့စာတွေ မဖတ်ရ မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့သမားနဲ့ ပူးပေါင်းတဲ့အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြှုပ်ပစ်ရမယ် ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား၊ လူတခြား ခွဲခြားကြည့်ရမှာပေါ့။ လူက နယ်ချဲ့သမားနဲ့ပေါင်းပေမယ့် ကဗျာတွေက နယ်ချဲ့ဘုန်းတော်ဘွဲ့ တွေမှ မဟုတ်တာ။ နတ်ရှင်နောင်ဆိုတဲ့ ကဗျာဆရာ၊ ရတုဘုရင်ဟာ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် ဖြစ်တဲ့အတွက် သေဒဏ်အစီရင်ခံ လိုက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်ပြည် ကိုယ့်လူမျိုးကို သစ္စာဖောက်ပြီး တိုင်းတပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးတော် ခံခဲ့သူများကိုတော့ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ ခွင့်လွှတ်လို့ မရနိုင်ပါဘူး။

နယ်ချဲ့အလိုတော်ရိတွေ

ပဒေသရာဇ်စနစ်နေရာမှာ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ လုပ်တာဖြစ်တဲ့အတွက် ကင်းဝန် မင်းကြီးတို့ တတွေကို အပြစ်မတင်သင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့ အလိုတော်ရိအဖြစ် စိတ်ထဲမှာ ရွံ့ရှာ မုန်းတီးတာကိုတော့ ဖျောက်ပစ်လို့ မရပါဘူး။ အထူးသဖြင့် နယ်ချဲ့စစ်တပ်တွေ မန္တလေးမြို့တော်ကြီးကို သိမ်းပြီးစ ကာလမှာ မျိုးချစ်ပုဂ္ဂိုလ်တွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့သွားပြီး ရွှေပြည်အေးတရားဟောတဲ့ လုပ်ရပ်တွေကိုတော့ ခါးခါးသီးသီး အော့နှလုံးနာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ်စနစ်တိုက်ဖျက်တာ ပါလီမန်ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။ သူတို့အကျိုးစီးပွါးအတွက် သူတို့သြဇာအာဏာ တည်ဆောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာသာ ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တာတေလန်အကျင့်ဆိုးတဲ့

လောကမှာ မမှားဖူးသူ မရှိပါဘူး။ အလောင်းတော်မြတ်ကြီးသော်မှ မှားခဲ့လို့ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကို နားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှားတာ မတတ်လို့ မှားတာကို အပြစ် မမြင်ပါဘူး။ မှားမှန်းသိသိကြီးနဲ့ ကိုယ်ကျိုးစီးပွါးအတွက် "ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ဓာတ် မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တဲ့ အမှားမျိုးကိုတော့ ခါးခါးသီးသီး ရွံ့ရှာပါတယ်။ ဘယ်တော့မှလဲ ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန်မင်းကြီးတို့ စာတွေကို ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့လက်ကိုင်တုတ်သမားအဖြစ် ဆောင်ရွက်ခဲ့တာတွေကိုတော့ ဘယ်တော့မှာ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေးခေတ်နောက်ပိုင်း မြန်မာစာရေးဆရာတွေထဲမှာ စာကို ကြိုက်သလောက် လူကို မကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ "ရှာမှရှား" ဆိုလောက်သူတွေပါ။ ဒါပေမယ့် လူကျတော့ "တာတေလန်အကျင့်ဆိုးတဲ့ အရည်းတကာ့ ထိပ်သီးရှင်မထီး" ဆိုတဲ့ စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့် သူတွေပါ။

မသမာရည်ရွယ်ချက်

အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာမဟုတ်ပါဘူး။ အရက်သမားတိုင်း အကျင့်မဆိုး ပါဘူး။ ဆရာပီမိုးနင်းတို့၊ ဆရာမဟာဆွေတို့ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက်သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ ချမ်းသာကြီးပွါးရေးအတွက် ပြည်သူ လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြပါဘူး။ သစ္စာမဖောက်ရုံသာ မဟုတ်ပါဘူး။ တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းက လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာက ကိုယ်ကြီးပွါးချမ်းသာဖို့၊ ကိုယ်ထင်ပေါ်ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ဆိုတဲ့ "မသမာတဲ့ရည်ရွယ်ချက်" (ulterior motive) တွေနဲ့ လုပ်ဆောင်တာ မျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီး ရှိခဲ့သလို ခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ အများဆုံးရှိပေမယ့် စာပေနယ်မှာလည်း မနည်းလှပါဘူး။

စိတ်ဓာတ်အောက်တန်းကျမှု

ကိုယ်မှန်တယ်လို့ ယုံကြည်တာ တခုခုကို လုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ်မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည်တာ မဟုတ်ပဲနဲ့ ကိုယ်ကျိုးစီးပွား မျှော်ကိုးပြီး ယုံချင်ယောင်ဆောင် လုပ်ပြတာမျိုးကတော့ စိတ်ဓာတ် အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန်ကြီးမားတဲ့ အပြစ်ပါ။ အယူအဆမှားတာဟာ အပြစ်မဟုတ်ဖူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင် လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်အထိမှန်တယ်၊ ဘယ်အချိန်ထိ မှန်နေဦးမယ်ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာပြောနိုင်တာကတော့ ခုချိန်အထိ အမှန်ဆုံး၊ အကောင်းဆုံးလို့ ယုံကြည်တယ်ဆိုတာပဲ ဖြစ်တယ်။ ကိုယ်လို မယုံကြည်သူတွေလည်း အများကြီး ရှိနေတာပဲ။ ကိုယ်နဲ့မတူလို့ ရန်သူလို သဘောမထား ပါဘူး။ သူယုံကြည်တာကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့ သူများကို အယူအဆ မတူပေမယ့် လေးစား ရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့်ဆိုတာ အင်မတန် ရိုးသား ဖြောင့်မတ်တဲ့ သတင်းစာ ဆရာကြီးတယောက် ဖြစ်ပါတယ်။ ယုံကြည်မှုခြင်းကတော့ တယောက်နဲ့တယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစား တန်ဘိုးထားပါတယ်။ ကိုယ့်ဆရာ မဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ ကျွန်တော်ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက် အများကြီး ငယ်တဲ့ ကျွန်တော့်ကို အင်မတန် ခင်တွယ်ရှာပါတယ်။ သူ့ကျန်းမာရေး သိပ်မကောင်းတဲ့ ကြားကတောင် တပါတ်တခေါက်တော့ အနည်းဆုံး မှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တခါတလေများ မနက်တခေါက် ညနေတခေါက်တောင် ရောက်ချင် ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။

လိမ်တာသိဖို့ အရေးကြီး

ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာ ကိုင်စွဲထားသူကို ဆန့်ကျင်ဘက် အယူအဆ ရှိသူပဲဖြစ်စေ လေးစားတန်ဘိုးထားတတ်သူဟာ စိတ်ဓါတ် ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ်တယောက် ကြီးပွါး ချမ်းသာဖို့အတွက် မယုံတာကို ယုံချင်ယောင်ဆောင်ပြီး လိမ်နေတဲ့သူတွေကို ခွဲခြား သိမြင်ဖို့သာ ဖြစ်တယ်။ ဒီလို ကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြားထားလိုက် ရမှာပါ။ ဒီလူတွေဟာ၊ နတ်ရှင်နောင်လို၊ ကင်းဝန်လို အန္တရာယ်ကြီးမားသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

(Weekly Eleven တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါး။ ဧရာဝတီဘလော့ မှတဆင့် ကူးယူဖော်ပြပါတယ်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 24, 2011

ဘယ်သူနိုင်ငံရေးသမားလဲ

နိုင်ငံရေးမလုပ်တဲ့သဘော မဟုတ်ဘူး
ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မဝင်စားလို့ မဟုတ်ဘူး။ မနှစ်သက်လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။ နိုင်ငံရေးသမားမျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီတခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေးလုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေးသမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။
လှေခါးထမ်း ကော်ပုံးဆွဲ
တကယ်ကတော့ အရွယ်မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆ နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ်ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ ဖဆပလ၊ ပမညတ ဌာနချုပ်တွေသွားလိုက်နဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမညတထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလဖြစ်သူတွေ ဖြစ်သွားခဲ့ကြပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောကထဲမှာပဲ ရှိနေခဲ့တယ်။
နိုင်ငံဝန် ထမ်းတာချင်းအတူတူ
ပါတီဆိုင်းဘုတ်တခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့လေးခုမြောက်မဏ္ဍိုင် မဟုတ်လား။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ တခြားမဏ္ဍိုင်များနည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင်နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမားဆိုတာလည်း အစိုးရအဖွဲ့ထဲက ဝန်ကြီး ဝန်ကလေးတွေလို၊ တရားလွှတ်တော်ချုပ်က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြသူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသမားတွေ ထောင်ထဲရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲရောက်ကြရတာပါပဲ။
ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်
အချိန်အခါ တခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေးလုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာမဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။
ဖော်ဂွတ်သွားသူတွေ
အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့နေထိုင်ဖို့ (Far good) သွားရောက်ကြမယ့်သူတွေ များတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။ အဲဒီလို အပြီးအပိုင်သွားကြမယ့်သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့အချက်တွေ အသေးစိတ်ပြောပြပြီး "Home Sweet Home" ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှမရှိဆိုတဲ့ကဗျာကို တသုတ်ပြီး တသုတ် အဆက်မပြတ် သင်ကြားပေးခဲ့တယ်။ သူတို့ နိုင်ငံခြားထွက်တဲ့အခါမှာလည်း "Home Sweet Home" ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင်ပေးလေ့ရှိတယ်။ တချို့တပည့်တွေရဲ့အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလားဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ် ။
နိုင်ငံရေးသမားဆိုတာ
နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံရေးပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ်လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင်ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံအတွက်တို့၊ ပြည်သူအတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများအတွက် အလုပ်လုပ်တဲ့သူမျိုးကိုမှ နိုင်ငံရေးသမားကောင်းလို့ ခေါ်နိုင်တာ ဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင်ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြားလေ့ မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဆိုတဲ့စကား အရှိသားမဟုတ်လား ။
ညံ့တဲ့စာရေးဆရာ
စာတွေ ပေတွေရေးတဲ့အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ ကျွန်တော်ဆိုလိုတဲ့ အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြနေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာဆိုရင် အချစ်ဆိုတဲ့ စကားလုံးတလုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်းကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီးအဖြစ် သရုပ်ဆောင်ရတဲ့အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ်ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင်ကယ်ကြီးတွေ ဇာတ်ခုံမှာတင်ပြီးပြစရာ မလိုပါဘူး။
စံပြုအပ်တဲ့ ပန်းသာမစာအု
ဆင်းရဲသား ကာကဝလိယ အဖြစ် သရုပ်ဆောင်တဲ့အခါမှာလည်း တောင်ရှည်ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ဝတ်ပြီး အဆိုအပြောနဲ့ ဆင်းရဲသားသဏ္ဍာန်ထွက်အောင် သရုပ်ဆောင်သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ဝတ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင်စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ ‘ပန်းသာမစာအု’ ဝတ္ထုကြီးဟာ နိုင်ငံခြားဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားတဲ့ဝတ္ထု ဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာဝတ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။
ကြယ်နီ၊ အောင်စိုးတို့စာတွေ
အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊ တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက်နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင်လွန်းတာကြောင့် ရှုမဝ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ဆိုကြရတဲ့ တင့်တယ်တို့ ဝတ္ထုတွေနဲ့အပြိုင် စာဖတ်ပရိသတ်က စွဲမက်ခဲ့ကြရတယ်။
ဇာတ်ကောင်နဲ့ စရိုက်တခြားစီ
ခုခေတ် ဝတ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီးစိတ်ပျက်ရတာပဲ များတယ်။ ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေးအကြောင်း ရေးတော့ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်းတွေဖြစ်ပြီး ပြောကြတဲ့စကားတွေကလည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလိုဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ် အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကားအနေနဲ့သာ အချစ် အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံမရဘူး။
ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲ
စာရေးဆရာက သူတို့သိပ်ဆင်းရဲကြပါတယ်လို့ တခွန်းမှဝင်မပြောဘဲနဲ့ ဆင်းရဲခြင်းအကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့စကားလုံး တလုံးမှမပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင်ဖွဲ့နိုင်မှ စာရေးကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေးလုပ်တဲ့နေရာမှာလည်း နိုင်ငံရေးစကားတွေ တခွန်းမှမပြောဘဲနဲ့ နိုင်ငံရေးလုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမားနာမည်ခံပြီး နိုင်ငံရေးမလုပ်ဘဲ ကိုယ့်အရေးကိုသာလုပ်တဲ့သူမျိုးရှိသလို နိုင်ငံရေးသမား နာမည်မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများအရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူမျိုးတွေလည်း ရှိပါတယ် ။ ဘယ်သူဟာ နိုင်ငံရေးသမားစစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။
လူထုစိန်ဝင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>