ရေးသားသူ —စိုးမိုးသူ
အမျိုးစောင့် ဥပဒေနဲ့ အမျိုးစောင့်ဖို့ ကြိုးစားတာထက် မြန်မာပြည်မှာ
ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ တိုးပွားအောင် ကြိုးစားပေးဖို့ တိုက်တွန်းပါတယ်။
မြန်မာပြည်သူပြည်သားတွေ ဘ၀လုံခြုံရေးနဲ့ ဘာသာရေး အခြေခံ သက်လုံကောင်းဖို့အတွက်
အစိုးရ အနေနဲ့က တရားမျှတသော ဥပဒေအောက်မှာ တိုင်းပြည်တိုးတက်ချမ်းသာအောင် လုပ်ပေးရမှာ ဖြစ်သလို
ဦးဝီရသူတို့လို သံဃာတော်များက ဗုဒ္ဓတရားတော်မြတ်တွေကို ပြည်သူများ အသွေးထဲ
အသားထဲထိ စိမ့်ဝင် စီးဆင်းနေအောင် စွမ်းဆောင် လုပ်ဆောင်ပေးရမှာပါ။
ကျားမ မရွေး မည်သူဖြစ်စေ ကိုယ်ခံအားကောင်းတဲ့ ဗုဒ္ဓဘာသာဝင် စင်စစ် မှန်ရင်
ခြင်္သေ့မြက်မစားဆိုတဲ့ အတိုင်း ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ပါစေ
အခြားဘာသာရဲ့ သိမ်းသွင်းခြင်းကို ခံရဖို့ လမ်းမရှိပါဘူး၊ ခုဟာက
ကိုယ့်လူကိုယ်ပိုင်အောင် မလုပ်နိုင်လို့ သူများခြေလှမ်းကို
စိုးရိမ်နေရတာမျိုးဖြစ်နေပါတယ်။ မျိုးစောင့်ဥပဒေကို ပြဌာန်းဖို့ထက် အရေးအကြီးဆုံး လုပ်ဆောင်ရမှာက ဒီနေ့ ကမ္ဘာမှာ မြန်မာကို အပုပ်နံ့ထွက်စေတဲ့ ထင်ရာစိုင်း လူရမ်းကားတွေရဲ့ တရားဥပဒေစိုးမိုးမှုမဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် အမြန်ဆုံးပြုပြင်ဖို့ မျှတတဲ့ တရားဥပဒေ စိုးမိုးမှုရှိအောင် အားစိုက်ရမှာ ဖြစ်ပါတယ်။ သမာသမတ်ကျတဲ့ ဥပဒေအောက်မှာ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကမှ တဘက်သားကို ဘာအကြောင်းကြောင့်နဲ့မှစော်ကား ခွင့်၊ ထိုင်ရာစိုင်းခွင့်၊ အနိုင်ကျင့် ချုပ်ချယ်ခွင့် မရှိနိုင်ပါဘူး။ပြီးတော့
ဦးဝီရသူထင်သလို ကျနော်တို့
မြန်မာအမျိုးသမီးတွေ အဲဒီလောက် ၀ံသာနုစိတ်ဓာတ်မရှိ၊
ဘာသာရေး အခြေခံအားနည်းသူတွေ မဟုတ်ကြပါဘူး၊သူတို့ကို ယုံကြည်ပေးပါ။
နှစ်၁၀၀နီးပါး နယ်ချဲ့လက်အောက်နေ ခဲ့ရပေမယ့် ကျနော်တို့
လူမျိုးမပျောက်သွားတာကို ကြည့်ရင် ကျနော်တို့ လူမျိုးတွေ မညံ့တာကို
သဘောပေါက်မယ် ထင်ပါတယ်။
ဗုဒ္ဓဘာသာဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ ကြိုက်သလို စမ်းစစ်နိုင်တဲ့ ၀ိဘဇ္ဇ ၀ါဒီပါ။
မြန်မာပြည်မှာ ပြည်သူတွေ အသွေးအသားထဲထိ ဗုဒ္ဓအဆုံးအမတွေ ရောက်အောင်
သင်ကြားပြသပေးနိုင် တဲ့ အထင်ကရ ဆရာတော်ကြီးတွေ၊ သိန်းနဲ့ချီတဲ့ သံဃာတော်တွေ
ရှိနေကြသ လို ပြည်သူတွေကလည်း ဆရာတော်တွေကို သဒ္ဓါအပြည့်
ထောက်ပံ့လှူဒါန်းပေးနေကြပါတယ်။
ဆရာဒကာ တက်ညီလက်ညီနဲ့ ဘာသာရေးစိတ်
နှလုံးသွေးထဲထိရောက်အောင် အားစိုက် လုပ်နိုင်ကြ ရဲ့သားနဲ့ လူမျိုးဘာသာကို
ကာကွယ်ဖို့နည်းလမ်းကို အပြင်မှာ ထွက်ရှာနေတာဟာ ကိုယ့်တာဝန် ကိုယ် မမြင်တဲ့
လုပ်ရပ်လို့ ပြောပါရစေ။
"ရင်ထဲမှာ ဘုရားတည်ပါ" ဆိုတာကို အပြောမဟုတ် တကယ်လက်တွေ့ဖြစ်အောင် တာဝန်သိသိနဲ့ ကြိုးပမ်း လုပ်ဆောင်ဖို့ အလေးအနက် တိုက်တွန်းပါတယ်။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
No comments:
Post a Comment