Showing posts with label အလုပ်ခွင်ရေးရာ. Show all posts
Showing posts with label အလုပ်ခွင်ရေးရာ. Show all posts

Tuesday, December 2, 2014

မြန်မာ အလုပ်သမားတစ်ဦး အလိုရှိသည်

- ရာဘာ ပရက်စ် (အန္တရာယ် မရှိပါ)
- မြန်မာအလုပ်သမားများ ၃ ၊ ၄ ဆက် (၁၀နှစ်ကျော်) လုပ်လာသော အလုပ်ရုံဖြစ်သည် ။
- ညှိနှိုင်းလစာ
- အလုပ်ချိန် = ကိုရီးယား အလုပ်ချိန် (တစ်နေ့၈နာရီ)
- ထမင်း ၂ နှပ် ကျွေး (နေ့လည်စာ ၊ ညနေစာ)
- စနေ ၊ တနင်္ဂနွေနှင့် အနီရက်များ အားလုံးပိတ်
- အလုပ်ခွင် လွတ်လပ်မှုရှိ၍ ၊ အေးအေးလူလူလုပ်နိုင်သော အလုပ်ရုံဖြစ်သည်
- ဗီဇာ တစ်ခုခု ရှိဖို့ လိုအပ်ပါသည်
- ဂုရိုဘူတာအနီး ၀၂-၂၆၃၃-၄၂၀၀
- ကိုယ်တိုင်ဗျူးပါ ။ အခက်အခဲရှိပါက ၀၁၀-၅၅၄၉-၂၄၅၇ ထံ အကူအညီတောင်းနိုင်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 18, 2014

EPS Guide: အီးပီအက်စ်လမ်းညွှန်



ကိုရီးယားနိုင်ငံကို EPS အလုပ်ပါမစ်စနစ်နဲ့ သွားရောက်ဖို့ စိတ်ကူးရှိပါသလား...
အီးပီအက်စ်နဲ့ သွားရောက်ဖို့ စတင်လုပ်ဆောင်နေပြီလား...
ကိုရီးယားမှာ အီးပီအက်စ်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေပြီလား...
ဘာပဲဖြစ်ဖြစ် အီးပီအက်စ်နဲ့ ပတ်သက်မယ်ဆိုရင် ဒီစာအုပ်ကို ဆောင်ထားပါ။

ဒီစာအုပ်မှာ...

ကိုရီးယားမှာ နေထိုင်လုပ်ကိုင်တဲ့အခါ မလုပ်မဖြစ် လုပ်ဆောင်ရမှာတွေ၊ မသိမဖြစ် နားလည်ရမှာတွေ၊ မပြောမဖြစ် စကားလုံးတွေကို တိတိကျကျ သေသေချာချာ ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားပါတယ်။

ကိုရီးယားရဲ့ အလုပ်သမားဆိုင်ရာတွေကို မြန်မာလို လွယ်လွယ်ကူကူနဲ့ ပီပီပြင်ပြင် နားလည်ရမယ်လို့ အာမခံပါတယ်။

ကြော်ငြာချင်ရင်...

ဒီစာအုပ်မှာ ကိုရီးယား-မြန်မာ စီးပွားရေးလုပ်ငန်းများကို
လမ်းညွှန်ကြော်ငြာ အဖြစ် ထည့်သွင်းချင်တယ်ဆိုရင် အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမယ်။

၁) 100mmX40mm အကျယ်အ၀န်အတွင်း၊ အဖြူအမည်း ပုံနှိပ်ပါမယ်။
၂) လုပ်ငန်းအမည်၊ အမျိုးအစား၊ ဖုန်းနံပါတ်၊ လိပ်စာ စသည် ထည့်သွင်းနိုင်ပါတယ်။
၃) လိုဂို၊ ဒီဇိုင်း ထည့်လိုရင် ကြော်ငြာရှင်က လုပ်ပြီးပေးရပါမယ်။ (Image resolution: 300dpi, Color: BW, File format: jpg/jpeg/png/gif/psd/ai ဖြစ်ရပါမယ်။)
၎) ၂၀၁၄ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား လက်ခံသွားပါမယ်။
၅) ကြော်ငြာခနဲ့ အသေးစိတ်သိရှိလိုပါက အီးမေးလ် win1000dow.kr@gmail.com, paw369maung@gmail.com သို့ စာဖြင့် ဆက်သွယ်ပါ။ ဖေ့ဘွတ်မှ ဆက်သွယ်ချင်ရင် https://www.facebook.com/marlar.shwe သို့ ဆက်သွယ်ပါ။ ဖုန်းနဲ့ဆိုရင်တော့ +82) 010-2642-5712, +82) 010-4034-5712 သို့ ဆက်သွယ်ပါ။

ထောင်စုပြတင်းစာအုပ်တိုက်မှ စက်တင်ဘာလအတွင်း မြန်မာပြည်နဲ့ ကိုရီးယားမှာ တပြိုင်နက် ထုတ်ဝေဖြန့်ချိပါမယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 21, 2014

လုပ်သက်ဆုကြေး ၊ ပြည်ထွက်အာမခံကြေး နှင့် ပြည်တော်ပြန်စရိတ်အာမခံ ဘယ်လိုတောင်းယူကြမလဲ

လုပ်သက်ဆုကြေး(Gratuity)

ဘယ်သူ့ဆီကတောင်းမလဲ
သက်ဆိုင်ရာ သူဌေး(လုပ်ငန်းရှင်)ထံမှ တောင်းယူကြရပါမည် ။

ဘယ်အချိန်တောင်းမလဲ
- အလုပ်ပြောင်းလျင် သို့မဟုတ် ထွက်လျင် တောင်းပါ ။
- အပြီး ပြန်လျင်တောင်းပါ ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
သက်ဆိုင်ရာ အလုပ်ရုံ စက်ရုံတွင် အနည်းဆုံး ၁ နှစ် နှင့် အထက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- လုပ်သက် ၁ နှစ်လျင် ၁ လစာ နှုန်းဖြင့် လုပ်သက် ရှိသလောက်ရရှိမည် ။
- ၁ နှစ်မပြည့်သော ရက် ၊ လ များကို နှစ်၏ အစိတ်အပိုင်းအဖြစ် နှစ်ဖွဲ့ တွက်ချက်မည် ။
- နောက်ဆုံး ၃လ တာကာလ လုပ်ခလစာ စုစုပေါင်း ၏ ပျမ်းမျှကြိတ်နှုန်း ကိုအခြေခံပြီး တွက်ချက်မည် ။
- လုပ်ငန်းရှင်က ပြည်ထွက်အာမခံ(Departure Guarantee Insurance) ပေးသွင်းထားငွေများကို ခုနှိမ် နှုတ်ပယ်၍ ပေးချေခွင့်ရှိသည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- မိမိလုပ်ငန်းရှင်က တွက်ချက်ထုတ်ပေးမည်ဖြစ်သဖြင့် စာရွက်စာတမ်း အထွေအထူးလိုအပ်မည်မဟုတ်ပါ ။ (တွက်ချက်မှု မှန်မမှန် စစ်ဆေးကြည့်ဖို့ လိုအပ်ပါမည်။)

ပြည်ထွက်အာမခံကြေး (Departure Guarantee Insurance)

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ
- ကိုရီးယားမှ ထွက်ခွါမည့်ရက်ကို ညှိနှိုင်းဆုံးဖြတ်ပါ ။
- လေယာဉ် သို့မဟုတ် သင်္ဘော လက်မှတ် ဝယ်ပါ ။
- ဆိုင်ရာ အလုပ်သမားထောက်ပံ့ရေးဌာနတွင် ပြည်ထွက်ရန် အစီစဉ်ကို တင်ပြပြီး ၊ ပြည်ထွက်ရန် အစီအစဉ်မှန်ကန်ကြောင်းထောက်ခံစာကို ရယူပါ ။ အဆိုပါ ထောက်ခံစာကို ကိုရီးယားမှ မထွက်ခွါမှီ ၁ လ အလိုမှစ၍ လျှောက်ထားနိုင်ပါသည် ။ လျှောက်ထားရာတွင် ယာဉ်စီးလက်မှတ်မိတ္တူ နှင့် နိုင်ငံခြားသားမှတ်ပုံတင်ကတ် မိတ္တူတို့ လိုအပ်ပါသည် ။

ပြည်ထွက်အာမခံကြေးကို ဘယ်သူ့ဆီကတောင်းရမလဲ
ဆမ်ဆောင်း မီးနှင့် ပင်လယ်ရေကြောင်း အာမခံ (Samsung Marine and Fire Insurance) ဌာန (Tel: 02-2119-2400, Fax: 0505-161-1421) ထံမှ တောင်းယူကြရပါမည် ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
အလုပ်ခွင် တစ်ခုတွင် အနည်းဆုံး ၁ နှစ်နှင့် အထက် ဆက်တိုက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- အနည်းဆုံး ၁ နှစ်နှင့် အထက် အလုပ်လုပ်ခဲ့သော အလုပ်ရုံ ၊ စက်ရုံများတွင် မိမိရရှိခဲ့သော လစာစုစုပေါင်း၏ ၈.၃ (၈ ဒသမ ၃) ရာခိုင်နှုန်းအထိ နှင့် အပ်နှံထားသည့် ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကို ရရှိနိုင်ပါသည် ။
- သို့ရာတွင် သက်ဆိုင်ရာ လုပ်ငန်းရှင်က အာခံဌာနသို့ ထည့်ဝင်ထားသလောက်နှင့် ၊ ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကိုသာ ရရှိပါမည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- ပြည်ထွက်ခွါရန်အစီအစဉ် မှန်ကန်ကြောင်း ထောက်ခံစာ
- ပြည်ထွက်အာမခံကြေး လျှောက်ထားလွှာ
- မိမိအမည်ဖြင့် ပြုလုပ်ထားသည့် ဘဏ်စာအုပ်
- နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကတ်

အာမခံကြေး လျှောက်ထား လက်ခံရယူနိုင်သော နည်းလမ်း (၂)ခု
အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း နှင့် ၊ မိခင်နိုင်ငံသို့ ပြန်ပြီးမှ လက်ခံရယူခြင်း ဟူ၍ နည်းလမ်း၂ မျိုးရှိပါသည်-
- အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း ။ ။ လျှောက်လွှာ တင်စဉ် လေဆိပ်တွင်ယူမည်ဟု ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီမှ အာမခံကြေးထုတ်ယူခွင့်လက်မှတ် ထုတ်ပေးပါမည် ၊ ပြည်ပထွက်ခွါသည့်နေ့တွင် လေဆိပ်ရှိ ဘဏ်တွင် အာမခံကြေးထုတ်ယူခွင့် လက်မှတ်ကို တင်ပြပါ ၊ လေဆိပ်ဘဏ်မှ အာမခံကြေး နိုင်ငံခြားငွေလဲလှယ်ခွင့် လက်မှတ် ထုတ်ပေးပါမည် ၊ လူဝင်မှုကြီးကြပ်ရေးဂိတ်ဖြတ်ဝင်ပြီးနောက် နိုင်ငံခြားငွေလဲလှယ်ခွင့်လက်မှတ်ကို နိုင်ငံခြားငွေလဲဌာနတွင် တင်ပြခြင်းဖြင့် ပြည်ထွက်အာမံကြေးအား နိုင်ငံခြားငွေဖြင့် ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

- မိခင်နိုင်ငံသို့ ပြန်ပြီး လက်ခံရယူခြင်း ။ ။ လျှောက်လွှာတင်ချိန်တွင် ပြည်ပရှိ မိမိ၏ နိုင်ငံခြားငွေစာရင်း သို့မဟုတ် မိမိတိုက်ရိုက်ပေးပို့စေလိုသည့် ဘဏ်အမည် တို့ကို ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီအနေဖြင့် လိုအပ်သည်များ စစ်ဆေးပြီး နောက် “တရားရေးဌာနမှ ပြည်ထွက်ကြောင်း အတည်ပြုချက်ရရှိပါက အာမခံကြေးထုတ်ပေးရန် ညွှန်ကြားလွှာ” ကို (ကိုရီးယားရှိ) သက်ဆိုင်ရာဘဏ်သို့ပေးပို့ပါမည် ။ သက်ဆိုင်ရာ ဘဏ်သည် ပြည်ထွက်ပြီးကြောင်း ညွှန်ကြားချက် ရရှိသည်နှင့် တစ်ပြိုင်နက် ညွှန်ကြားခံထားရသည့် အတိုင်း နိုင်ငံခြားငွေလွဲပို့ပါလိမ့်မည် ။ ၄င်းနောက် မိမိညွှန်ကြားထားသည့် ဘဏ်တွင် ပြည်ထွက်အာမံကြေးအား ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

ပြည်တော်ပြန်စရိတ်အာမခံ (Return Cost Trust Insurance)
- ပြည်ထွက်အာမခံကြေး နှင့်အတူ ပူးတွဲ လျှောက်ထား တောင်းခံရမည်ဖြစ်ပါသည် ။ သီးသန့် တောင်းခံရန်မလိုအပ်ပါ ။
- မူလက ထည့်ဝင်အပ်နှံထားငွေ ဝမ် ၅ သိန်းနှင့် အပ်နှံငွေ ကာလအတိုက် သတ်မှတ်ထားသည့် အတိုးငွေကို ရရှိနိုင်ပါသည် ။

အားလုံး အဆင်ပြေကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၄၀၆၂၁
Incheon, Korea

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, April 17, 2014

ကိုရီးယား အီးပီ လုပ်သားတိုင်း သိထားသင့်သော ပြည်ထွက်အာမခံကြေး (၂)

စကားချီး
ဤ ဆောင်းပါးသည် ကိုရီးယားအစိုးရက လက်ရှိ မောင်းနှင်နေသော အီးပီစနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ပြည်ထွက်အာမခံ (출국만기보험•신탁) စနစ် နှင့် လုပ်သက်ဆုကြေးစနစ် (퇴직급여제도) အကြောင်း မသိနားမလည်သေးသော ဆွေမျိုးပေါက်ဖော် သွေးချင်း ညီငယ် မြန်မာ အီးပီ လုပ်သားများအား မိမိ ဆည်းပူးလေ့လာ နားလည် တတ်သိထားသည်များကို ပြန်လည် မျှဝေ ရှင်းလင်းတင်ပြပေးနေခြင်းသာ ဖြစ်ပါသည် ။
ထို့ပြင် ကျနော်၏ တင်ပြချက်များသည် ကိုရီးယားအီးပီစနစ်အား ကောင်း၏ သို့မဟုတ် ဆိုး၏ ဟု ဆိုလိုခြင်း မဟုတ်မူဘဲ ၊ အီးပီစနစ် မောင်းနှင်နေပုံကိုသာ တင်ပြနေခြင်းဖြစ်ကြောင်း သတိမူကြစေလိုပါသည် ။

*****

လုပ်သက်ဆုကြေး (퇴직급여) ကို ဥပဒေ (အဟောင်း) အတိုင်း ဆက်လက်ထုတ်ပေးမည်
ကိုရီးယားအစိုးရဟာ လုပ်သက်ဆုကြေး (퇴직급여) ဥပဒေအား ပြင်ဆင်ထားခြင်း မရှိသည့်အတွက် ယခင် အတိုင်း ဆက်လက်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ် ။
သည်တော့ ရပ်ကွက်ထဲမှာ ပြောနေကြသလို စက်ရုံ အလုပ်ရုံ ပြောင်းရင် ထုတ်မပေးဘူး ဆိုတာ မဟုတ်ပါ ။ စက်ရုံပြောင်းရင် ထွဲဂျစ်ကွမ့် ထုတ်မပေးတော့ ဒုက္ခရောက်နေမှာပေါ့ ဆိုပြီး တွေးပူနေကြတဲ့ သူတွေရှိပါတယ် ။ ထွဲဂျစ်ကွမ့်အတွက် လုံးဝစိတ်ပူစရာမလိုပါ ။
စက်ရုံ ၊ အလုပ်ရုံ တစ်ခုတည်းတွင် ၃နှစ်လုပ်ခြင်းမဟုတ်ပဲ ၁ နှစ်သာလုပ်ပြီး အခြားစက်ရုံသို့ပြောင်းလုပ်သည့် အလုပ်သမားများအနေဖြင့် ၊ လုပ်သက်ဆုကြေး (퇴직금) ကို ယခင် (သက်ဆိုင်ရာ) စက်ရုံ အလုပ်ရှင် ထံမှ တောင်းဆိုရပါမယ် ။ သက်ဆိုင်ရာ အလုပ်ရှင်သည် သက်ဆိုင်ရာ လုပ်သက်ဆုကြေးအား ၁၄ ရက်အတွင်း ထုတ်ပေးကြရမှာဖြစ်ပါတယ် ။ ထုတ်ပေးခြင်း မရှိပါက ဥပဒေအရ ဆက်လက် တိုင်ကြားတောင်းဆိုနိုင်ပါတယ် ။
အဲသလို တိုင်ကြားတောင်းဆိုရာမှာ အချိန် ဘယ်လောက်ကြာမယ် မသိ ဆိုပြီး ပြောဆိုနေကြခြင်းဟာလည်း အမှန်မဟုတ်ပါ ။ ကိုရီးယား နိုင်ငံမှာ အလုပ်ရှင် အလုပ်သမား ဖြန်ဖြေရေးအမှု (ဝါဏိဇ္ဈ ပဋိပက္ခအမှု) ကို ရက်ပေါင်း ၆၀ အတွင်း အပြီးဖြတ်ရမှာဖြစ်ကြောင်း ဥပဒေရှိပြီးသားပါ ။ (မပြီးပြတ်ပါက တရားရုံးသို့ ဆက်လက် တိုင်ကြားရမှာပါ။)
နောက်ပြီး ၊ ထွဲဂျစ်ကွမ့်ကို ပြန်လည်စစ်ဆေးနိုင်သည့် စနစ် မရှိဘူး ဆိုပြီး ရပ်ကွက်ထဲ အော်နေတာတွေလည်း ကြားနေရပါတယ် ။ အလုပ်ရှင်များ ထွဲဂျစ်ကွမ့် အာမခံထားရှိခြင်း ရှိမရှိ နှင့် သွင်းထားသော အာမခံကြေး မည်မျှ ရှိကြောင်း အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်း အတည်ပြုချက်ယူနိုင်ကြပါကြောင်း တင်ပြအပ်ပါသည် -
- Tel 02-2119-2400 သို့ ခေါ်ပါ ။
- လူကြီးမင်း အသုံးပြုလိုသည့် ဘာသာစကား ရွေးချယ်ခိုင်းပါလိမ့်မည် ။ (မြန်မာဘာသာမရှိသေးပါ ၊ ဆန္ဒပြပြီး တောင်းဆိုနိုင်ပါသည်။)
- ကိုရီးယားဖြင့် နားထောင်လိုပါက ၁ ကိုနှိပ်ရန်ဖြစ်ပြီး ၊ အင်္ဂလိပ်လိုနားထောင်လိုပါက ၂ ကိုနှိပ်ရန်ဖြစ်ပါသည် ။
- ၄င်းနောက် လုပ်ငန်းရှင်အနေဖြင့် မေးမြန်းလိုပါက လုပ်ငန်းရှင် မှတ်ပုံတင် အမှတ် ဂဏန်း ၁၀ လုံး နှင့် ရှပ် သင်္ကေတ (#) ကို နှိပ်ရမည်ဖြစ်ပြီး ၊ အလုပ်သမားအနေဖြင့် မေးမြန်းလိုပါက နိုင်ငံခြားသား မှတ်ပုံတင်အမှတ် ဂဏန်း ၁၃ လုံးနှင့် ရှပ်သင်္ကေတ (#) ကိုနှိပ်ရပါမည် ။ မိမိ နှိပ်သည့် ဂဏန်းအား ပြန်လည် ဖတ်ပြပါမည် ။ မှန်ကန်ပါက ၁ ကို နှိပ်ပြီး အတည်ပြုချက်ပေးရန်နှင့် မမှန်ပါက ၂ ကိုနှိပ်ပြီး ပြင်ဆင်ချက်ပြုရပါမည် ။
- ၄င်းနောက် ၊ မိမိနှင့် သက်ဆိုင်သည့် အာမခံကြေးကိစ္စများ မေးမြန်းရန် နံပါတ် ၁ ကို နှိပ်ရပါမည် ။ ထိုအခါ မိမိ သိရှိလိုသော အာမခံကြေး ကိစ္စများကို စေ့ငုစွာ မေးမြန်းနိုင်ကြောင်း တင်ပြလိုက်ရပါသည် ။

****

လုပ်သက်ဆုကြေးကို ဘယ်လိုထုတ်ပေးမလဲ ။
ဥပမာအဖြစ် တင်ပြပါမည် ။ ၁ လ ပုံသေ လစာ ၁၅ သိန်း ဖြင့် ၁ နှစ်တိတိ အလုပ်လုပ်ပြီး အလုပ်ပြောင်းမည့် အလုပ်သမား ၁ ယောက်၏ ထွဲဂျစ်ကွမ့် နှင့် ပြည်ထွက်အာမခံကြေးကို တွက်ချက်တင်ပြပါမည် ။
ရမည့် ထွဲဂျစ်ကွမ့်-
- 1,500,000 Won
- အသေးစိတ်တွက်နည်း (ဤတွင်ရှုပါ) ။
- အဆိုပါ လုပ်သက်ဆုကြေးကို အလုပ်ပြောင်းချိန်ဖြစ်စေ ၊ ကိုရီးယားမှ အပြီး ပြန်ချိန်တွင် ဖြစ်စေ သက်ဆိုင်ရာ အလုပ်ရှင်ထံမှ ဥပဒေနှင့်အညီ တောင်းခံရယူခံစားနိုင်မည်ဖြစ်ပါသည် ။
- တောင်းယူ၍ မရပါက ဥပဒေနှင့်အညီ အလုပ်သမားရုံးတွင် အမှုဖွင့်တိုင်ကြားခြင်း ၊ မပြေလည်ပါက တရားရုံး အဆင့်ဆင့် တွင် အယူခံတက်တိုင်ကြားခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ပါသည် ။
- ဗီဇာ ကုန်နေသဖြင့် ၊ အမှုမတိုင်ကြားနိုင်ဆိုသည်မှာ မသိသဖြင့် ပြောခြင်းဖြစ်သည် ။ ထိုကိစ္စများဆောင်ရွက်နိုင်ရန် အတွက် ၊ မူလ အီးနိုင်း ဗီဇာ ၅ နှစ်မှ ၂ လ ကို နှုတ်ထားသဖြင့် (၄နှစ်၁၀လဖြစ်သွား) သည်ကို သဘောပေါက်ပါလေ ။ (၂ လအတွင်း အမှုမပြတ်သော် ဗီဇာ ဆက်တိုးနိုင်ပါသေးသည် ။)

ရရှိမည့် ပြည်ထွက်အာမခံကြေး-
- 1,500,000 X 8.3% X 12 = 1,494,000 Won
- အဆိုပါ ပြည်ထွက်အာမခံကြေးကို မူ အလုပ်ရှင်ထံမှ တောင်းယူရန်မဟုတ်မူဘဲ ၊ အာမခံပေါ်လစီအား လက်ခံဆောင်ရွက်ပေးနေသည့် ဆမ်ဆောင်းအာမခံဌာနတွင် ၃ နှစ်အတွင်း တောင်းယူကြရပါမည် ။
- အကြောင်းအမျိုးမျိုးကြောင့် ၃ နှစ်ကျော်ပြီး မှ တောင်းဆိုလိုပါက ၊ ဆမ်ဆောင်းအာမခံဌာနတွင် တောင်းခံ၍ ရနိုင်တော့မည်မဟုတ်ပါ ။ အဆိုပါ မတောင်းဖြစ်သော အာမခံကြေးများကို ၁ လအတွင်း ကိုရီးယား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (한국산업인력공단) သို့ လွဲပြောင်း ပေးထားမည်ဖြစ်သဖြင့် ၊ ၄င်းဌာနတွင် တောင်းယူရပါမည် ။
- သို့ရာတွင် ပြည်ထွက်အာမခံကြေးမှာ ၊ ပြင်ဆင်လိုက်သည့် အီးပီဥပဒေအရ ကိုရီးယားမှ ပြန်လည်ထွက်ခွါချိန် (သို့မဟုတ် ကင်းလွတ်ခွင့်ပြုထားသည့် အခြေအနေ) မှ သာ ထုတ်ပေးရမည်ဆိုသဖြင့် ၊ အလုပ်ပြောင်းချိန်တွင် ထုတ်ယူရရှိနိုင်မည် မဟုတ်ပါ ။

******

လုပ်သက်ဆုကြေး နှင့် ပြည်ထွက်အာမခံ ဘယ်လိုပတ်သက်နေသလဲ
အလုပ်ရှင်များအနေဖြင့် ၊ အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ (근로자퇴직급여 보장법) အရ မိမိအလုပ်တွင် ၁ နှစ်နှင့်အထက် စဉ်ဆက်မပြတ်အလုပ်လုပ်ခဲ့သော အလုပ်သမားအား ၊ အလုပ်မှ ထွက် သို့မဟုတ် ပြောင်း ချိန်တွင် လုပ်သက်ဆုကြေးပေးရန် တာဝန်ရှိနေသလို ၊ အီးနိုင်းဥပဒေ (외국인 근로자의 고용등에 관한 법률) အရ လည်း မိမိ ငှားရမ်း အသုံးပြုသော နိုင်ငံခြားသား အလုပ်သမားများအတွက် ပြည်ထွက် အာမခံကြေးကို လစဉ်ပေးသွင်းရန်လည်း တာဝန်ရှိလာပါသည် ။ သို့ရာတွင် -
အီးနိုင်း ဥပဒေ ပုဒ်မ ၁၃ ပုဒ်မခွဲ၂ အရ ၊ အလုပ်ရှင်သည် ပြည်ထွက်အာမခံ အစရှိသည်တွင် အာမခံထားရှိပြီးဖြစ်လျင် အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ၁ အရ လုပ်သက်ဆုကြေးစနစ်အား လိုက်နာဆောင်ရွက်သကဲ့သို့ မှတ်ယူမည် ။
//외국인 근로자의 고용등에 관한 법률 제13조
- ② 사용자가 출국만기보험등에 가입한 경우 「근로자퇴직급여 보장법」 제8조제1항에 따른 퇴직금제도를 설정한 것으로 본다. //
ဟုဆိုထားသဖြင့် ၊ လုပ်သက်ဆုကြေးကို ပေးရန်တာဝန်မှ ပြည်ထွက် အာမခံကြေးကို ပယ်နှုတ် ခုနှိမ်ပြီး ပေးချေခွင့် ရရှိသွားပါသည် ။

သို့ဖြစ်ရာ ၊ အထက် နမူနာပါ လုပ်သက်ဆုကြေးဖြစ်စဉ်တွင် ၊ အလုပ်သမားအနေဖြင့် လုပ်သက်ဆုကြေး ၁၅ သိန်း အပြည့်မရနိုင်တော့ဘဲ ၊ အလုပ်ရှင် မှ ပေးရန်ရှိ လုပ်သက်ဆုကြေး ၁၅ သိန်းမှ ၊ ပြည်ထွက်အာမခံကြေးအဖြစ် ပေးသွင်း အပ်နှံထား ငွေ ၁၄သိန်း ၉ သောင်း ၄ထောင် ကို ခုနှိမ်ပြီး ရရှိမည်ဖြစ်ပါသည် ။
အီးနိုင်း အလုပ်သမားအနေဖြင့် လုပ်သက်ဆုကြေးနှင့် ပြည်ထွက်အာမခံ ခြားနားငွေ [1,500,000 – 1,494,000 =](လုပ်သက်ဆုကြေး) ၆ ထောင်ကိုသာ လုပ်ငန်းရှင်ထံမှ ရရှိနိုင်မည်ဖြစ်ပြီး ၊ ကျန် ပြည်ထွက်အာမခံကြေး ကိုမူ ကိုရီးယားမှ ထွက်ခွါချိန်တွင် ထုတ်ယူရရှိနိုင် မည်ဖြစ်ပါသည် ။
ပြောင်းလဲလိုက်သော အီးပီ/အီးနိုင်း ဥပဒေအရ အလုပ်ပြောင်းချိန် ထွဲဂျစ်ကွမ့်ထုတ်မပေးရ ဆိုသည်မှာ မမှန်ပါ ။ ထို့ပြင် ထွဲဂျစ်ကွမ့်ကို ဆမ်ဆောင်းက ဘယ်နှရာခိုင်နှုန်းပေးရပြီး ၊ အလုပ်ရှင်က ဘယ်နှရာခိုင်နှုန်းပေးရမည် ဟု ရပ်ကွက်ထဲပြောဆိုနေသည်များမှာလည်း မှန်ကန်သော ကျမ်းထွက်စကား မဟုတ်ပါ ။

(ဆက်လက်တင်ပြပါမည်)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၄၀၄၁၇

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်မှပေးမယ့် ထွဲဂျိဂွန်ဥပဒေသစ်နဲ့ ပတ်သက်ပြီး အမေးအဖြေ

ရေးသားသူ — စိုးမိုးသူ

၁။ ရွှေ့ပြောင်းအလုပ်သမားတွေကို ထွဲဂျိဂွန်ပေးတဲ့ ဥပဒေ ဘယ်လို ပြောင်းသွားပါသလဲ?
- ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့မှာ ဥပဒေပြောင်းပါတယ်။ ဥပဒေအရ တနှစ်အထက် လုပ်ခဲ့တဲ့ အလုပ်ကနေ အလုပ်ထွက်တဲ့အခါ ထွဲဂျိဂွန်အဖြစ် ရတဲ့ ပြည်ပြန်အာမခံကြေးကို ၃နှစ်(အများဆုံး ၄နှစ်၁၀လ)အထိ ဆမ်းဆောင်မီးအာမခံဌာနမှ ထည့်ထားရမည်ဖြစ်ပြီး ကိုရီးယားက ပြန်တော့မှ လက်ခံရယူနိုင်မယ်လို့ ဆိုပါတယ်။

၂။ကိုရီးယားက ပြန်တော့မှ ထွဲဂျိဂွန်ကို ရမယ်ဆိုတဲ့ သဘောလား?
-  လူဝင်မှုကြီးကြပ်ရေး ပြည်ထွက်စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက် လေယာဉ်စီးဖို့ စောင့်ရမယ့်နေရာမှာ ထွဲဂျိဂွန်ကို လက်ခံရယူနိုင်မှာဖြစ်သလို၊ မိမိတိုင်းပြည်ကို ပြန်သွားပြီး ကိုယ်ပိုင်ဘဏ်အကောင့်ဖြင့်လည်း လက်ခံရယူနိုင်ပါတယ်။

၃။ ကိုရီးယားမှာ အလုပ်လုပ်စဉ် အလုပ်ရုံပြောင်းတဲ့အခါမျိုး ကျရင်ကော?
- အလုပ်ရုံပြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ အလုပ်ရှင်က လစဉ် ပေးသွင်းပေးနေတဲ့ ဆမ်းဆောင်းက ပြည်ပြန်အာမခံကြေးကို ယူလို့မရပါ။ကိုရီးယားကနေ ပြန်တော့မှသာ ယူလို့ရပါမယ်။

၎။ ဒါဆို ဒီဥပဒေဟာ ကိုရီးယားနိုင်ငံရဲ့ အခြေခံအလုပ်သမားဥပဒေနဲ့ ညီညွတ်ပါသလား?
- လုံးဝ မညီညွတ်ပါဘူး။ ဒီ ဥပဒေဟာ ကိုရီးယားရဲ့ အခြေခံအလုပ်သမားဥပဒေ ပုဒ်မ ၃၆ပါ ထွဲဂျိဂွန်ကို အလုပ်ထွက်ပြီး ၁၄ရက်အတွင်း ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဆန့်ကျင်ထားပါတယ်။

၅။ ရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ ဒီလို ဥပဒေသတ်မှတ်တာ မတရားဘူးလို့မြင်ပါတယ်။ဒါဟာ ခွဲခြားမှုဖြစ်ပါသလား?
- မှန်ပါတယ်။ လုပ်သက် ၁နှစ်အထက် ရှိသူတိုင်း အလုပ်သမားဥပဒေအရ ထွဲဂျိဂွန်ကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒီဥပဒေသစ်ကတော့ ဒီအခွင့်အရေးကို ပိတ်ပင်ထားပါတယ်။ ပြီးတော့ ဒါဟာ အီးနိုင်း ရွှေ့ပြောင်းအလုပ်သမားတွေကိုသာ သီးသန့်သတ်မှတ်ထားတာမို့ ခွဲခြားမှုပဲဖြစ်ပါတယ်။

၆။ ပြည်ပြန်အာမခံကြေးဟာ အမြဲပဲ ထွဲဂျိဂွန်ထက် နည်းလေ့ရှိပါတယ်။ ဥပဒေပြောင်းရင် ခြားနားငွေကို ဘယ်လိုတောင်းယူရမလဲ?
- ထွဲဂျိဂွန် ခြားနားငွေကို အရင်လိုပဲ အလုပ်ရှင်ကနေ တောင်းယူရပါမယ်။ လုပ်သက်၁နှစ်ပြည့်လို့ အလုပ်ကထွက်ရင် ရမည့် ထွဲဂျိဂွန်ထဲက ဆမ်းဆောင်းက အာမခံကြေးကိုတော့ တိုင်းပြည်က ပြန်မှ ရမှာဖြစ်ပြီး၊ ခြားနားငွေကိုတော့ အလုပ်ရှင်ဆီကနေ အခုလိုပဲ ပေးဖို့ တောင်းယူရပါမယ်။

၇။ အကယ်၍ ကိုရီးယားက ပြန်တဲ့အထိ အလုပ်ရှင်က ထွဲဂျိဂွန်ခြားနားငွေကို မပေးတဲ့အခါ ဘယ်လိုလုပ်ရမလဲ?
- ပြန်တဲ့အချိန်အထိ အလုပ်ရှင်ဆီကို ငွေပေးဖို့ ဆက်တောင်းနေရပါမယ်။လေယာဉ်စီးရမယ့် အချိန်ထိ ငွေမရသေးဘူးဆိုရင်တော့ ရွေးခြယ်စရာကတော့
-တိုင်းပြည်ပြန်ပြီး အလုပ်ရှင်ဆီကနေ ငွေဆက်တောင်းခံမလား
-လေယာဉ် မစီးပဲနေမလား
-ငွေယူဖို့ လက်လျော့ပြီးပြန်မလား ပဲရှိပါတယ်။

၈။ တခါတလေ ဆမ်းဆောင်းမီးအာမခံဘက်က မှားယွင်းမှုကြောင့် လေယာဉ်စီးရမယ့်အချိန်အထိ ငွေဝင်မလာသေးတာမျိုးရှိသလို ကာယကံရှင်ရဲ့ ဘဏ်အကောင့်မဟုတ် သူများဘဏ်အကောင့်ထဲ ထည့်ပေးလိုက်တာမျိုးတွေလည်း ရှိပါတယ်။အဲ့ဒီ အခါမျိုး ဘယ်လိုလုပ်မလဲ?
- မိမိအမှားမဟုတ်ပေမယ့်လည်း ဒီလို ကိစ္စမျိုးဖြစ်လာတဲ့အခါ လေယာဉ်မစီးမီ ဖြေရှင်းနိုင်တဲ့ ပြသနာမျိုး၊ ငွေပြောင်းထည့်ပေးနိုင်တဲ့ အနေအထားမျိုး မဟုတ်တာမို့ ပြသနာက ပိုမို ရှုပ်ထွေးလာစေပါတယ်။ တကယ့်ဖြစ်ရပ်ရှိခဲ့ပါတယ်။ မွန်ဂိုအလုပ်သမားက ပေးတဲ့ ဘဏ်အကောင့်ကို မပို့ပေးပဲ တခြားလူ ဘဏ်အကောင့်ထဲ မှားထည့်ပေးခဲ့တာမို့ ဒါကို ပြန်ထည့်ပေးဖို့တောင်းဆိုတဲ့အခါ မွန်ဂိုအလုပ်သမားထံမှ အထောက်အထားစာရွက်တွေ တပြုံချည်းတောင်းခဲ့တာမို့ တော်တော် စိတ်ရှုပ်စရာကောင်းစွာ ဖြေရှင်းခဲ့ပေးဖူးပါတယ်။ဘာသာစကား မကျွမ်းကျင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ဒီလိုကိစ္စမျိုးကို လက်ရှိမှာ စင်တာတွေ အကူအညီဖြင့် ဖြေရှင်းနိုင်ပေမယ့် လေဆိပ်ထဲမှာတော့ မိမိဖာသာဖြေရှင်းဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။
ဒါဟာ ဆမ်းဆောင်းဘက်ကမှားတာမို့ ဆမ်းဆောင်းက တာဝန်ယူဖြေရှင်းပေးရပါမယ်။ဒါပေမယ့် ဒီလို အချိန်မျိုးမှာလည်း ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ရွေးခြယ်စရာက ပြည်တော်ပြန်ပြီးနောက် ဆမ်းဆောင်းဘက်ကို ဖြေရှင်းပေးဖို့တောင်းဆိုမလား၊ လေယာဉ်စီးဖို့ လက်လျော့မလား၊ဒါမှမဟုတ် ငွေတောင်းဖို့ လက်လျော့မလားပါပဲ။

၉။ ကျနော်တို့ နိုင်ငံက ကိုရီးယားနဲ့မတူတာမို့ ဘဏ်တွေကနေ ငွေထုတ်ဖို့သွားတဲ့အခါ စနစ်တွေကရှုပ်၊ ၀န်ဆောင်မှုက နှေး၊ ၀န်ဆောင်ခက ဈေးကြီးပြီး ဘဏ်ကလည်း ဝေးတော့ မြို့ထဲထိသွားရတာမို့ ကားခလည်း အများကြီးကုန်ကျပါတယ်။ ဒီလို နစ်နာမှုတွေ အဆင်မပြေမှုတွေ များတာမို့ ဒါတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းမရှိဘူးလား?
- ဒီ ဥပဒေသစ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နိုင်ငံတွေက ဘဏ်စနစ်တွေဟာ ကိုရီးယားနဲ့ မတူဘူးဆိုတာတွေကို စဉ်းစားပြီး ရေးဆွဲထားတာမဟုတ်ပါ။ဒါကြောင့် မိမိတိုင်းပြည်ဘက်က ပြသနာကို မိမိဖာသာ ဖြေရှင်းဖို့ကလွဲပြီး အခြားနည်းမရှိပါ။

 ၁၀။ ပြည်ပြန်အာမခံကြေးမို့လို့ ပြည်ပြန်မှ ရမယ်ဆိုပြီးပြောနေသူရှိပါတယ်။မှန်ပါသလား?
- အမည်ကြောင့်ေ၀၀ါးတတ်ပါတယ်။ဒါပေမယ့် အဲ့ဒါမမှန်ပါ။ ဒီ စနစ်ဟာ ကိုရီးယားမှာ ထွဲဂျိဂွန်မရကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ များတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ထွဲဂျိဂွန်ရရှိစေဖို့အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် အီးပီအက်စ်စနစ် ကျင့်သုံးလာခဲ့တဲ့ ၁၀နှစ်သက်တန်းမှာ အလုပ်ပြောင်းတဲ့အခါတိုင်း ထွဲဂျိဂွန်အဖြစ်ဖြင့် လက်ခံရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ အာမခံစနစ်ဟာ ထွဲဂျိဂွန်ကို ပေးဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ စနစ်ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 15, 2014

ကိုရီးယား အီးပီ လုပ်သားတိုင်း သိထားသင့်သော ပြည်ထွက်အာမခံကြေး (၁)

ခုတလော ၊ မျက်နှာစာအုပ်မှာ ပူညံ ပူညံ စာတွေ ဖတ်နေရတယ် ။ ထွဲဂျစ်ကွမ့် ဥပဒေကို ပြင်တယ်ဆိုလားပဲ ။ လေ့လာကြည့်လိုက်တော့ ၊ ထွဲဂျစ်ကွမ့်ဥပဒေကို ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်း အလျဉ်းမရှိကြောင်း တွေ့ရပါတယ် ။ ထွဲဂျစ်ကွမ့်ဥပဒေသည် နဂိုအတိုင်း လည်ပတ်လျက်ရှိနေကြောင်း သိရပါတယ် ။
ဖြစ်ပုံက ဤလိုပါ ။
ကိုရီးယားအစိုးရဟာ ၊ အီးနိုင်းလုပ်သားများ ဗီဇာကုန်ဆုံးချိန်မှာ ကိုရီးယားက အသာတကြည် ပြန်လည်ထွက်ခွါကြစေဖို့ဆိုတဲ့ အကြံနှင့် ပြည်ထွက်အာမခံစနစ် ကိုကျင့်သုံးဖို့ အီးပီ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ် ။ ကိုရီးယားလိုတော့출국만기보험 (ချူးလ်-ကုက်-မန်-ကီ-ဘို-ဟောမ်) လို့ ခေါ်ပါတယ် ။ အင်္ဂလိပ်လိုတော့ Departure Guarantee Insurance လို့ ဘာသာပြန်ထားကြပါတယ် ။
မြန်မာလိုပြန်ရရင်တော့-
- ပြည်ပထွက်ခွါ(출국)
- ပြီးဆုံးခြင်း ၊ သက်တမ်းကုန်ခြင်း(만기)
- အာမခံ(보험)
တိုတိုတုတ်တုတ်ပြောရရင်တော့ ၊ ပြည်ထွက်အာမခံ ။
အဓိပ္ပါယ်ကတော့ (ကိုရီးယား) ပြည်က ထွက်လျင်ပေးမယ့် အာမခံငွေ ။
မြန်မာလိုထပ်ပြောပါမယ် ။ ကိုရီးယားနိုင်ငံမှ (ပြန်လည်) ထွက်ခွါတဲ့အခါ ထုတ်ပေးမယ့် အာမခံငွေပါ ။ ရှင်းအောင် နောက်တစ်နည်း ထပ်ပြောကြည့်ပါဦးမယ် ။ ဥပဒေအမည်အရ ကိုရီးယားက မထွက်သေးလျင် မပေးဘူးဆိုတဲ့ အာမခံဥပဒေ ပါ ။ သည်တော့ သည်အာမခံငွေကို လိုချင်ရင် ကိုရီးယားကနေပြီး တနည်းနည်း (အသေဖြစ်ဖြစ် ၊ အရှင်ဖြစ်ဖြစ်)ဖြင့် ထွက်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ယူရင် ရမယ်ထင်ပါတယ် ။
ဒါဆိုလျင် ၊ သည်အာမခံကြေးကို ဘယ်အချိန်မှာ ထုတ်ပေးရမလဲဆိုတာ ကျနော်တို့ ကိုကိုအီးနိုင်း ညီအစ်ကိုများ ရှင်းလင်းလောက်ပြီထင်ပါတယ် ။

ကိုကိုတိုင်း ခိုက်တဲ့ ထွဲဂျစ်ကွမ့် (လုပ်သက်ဆုကြေး)
အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ (근로자퇴직급여 보장 법) (2005 ဥပဒေအမှတ် 7379) အရ ၊ စက်ရုံ အလုပ်ရုံ တစ်ခုမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ခဲ့သည် အလုပ်သမား တစ်ဦးဦး ဟာ အဆိုပါ စက်ရုံ အလုပ်ရုံမှ အနားယူ (ထွက်/ထုတ်) သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ရက် ၃၀ စာ အထက် ( အကြမ်းဖျင်း) ကို တရားဝင် အနားယူ စရိတ် (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ လစာ (Salary/월급) လို့ မသုံးပဲ ၊ စရိတ်/ခွင့်ပြုငွေ/ကြေး (Allowance/급여) လို့ သုံးထားတာကို သတိပြုကြစေချင်ပါတယ် ။ [သည်စနစ်ဟာ မြန်မာပြည်မှာ တရားဝင်သုံးစွဲနေတဲ့ လုပ်သက်ဆုကြေး(Gratuity) ဆိုတဲ့ ဝေါဟာရ သဘောသဘာဝ နှင့် ခပ်ဆင်တင်တူနေလို့ ကျနော့်ဆောင်းပါးမှာတော့ လုပ်သက်ဆုကြေးလို့ပဲ သုံးပါ့မယ်]
နှစ်ရှည်လများ အလုပ်လုပ်လာတဲ့ အလုပ်သမားများ အနားယူတဲ့အခါ လူမှုရေးအရ အလုပ်ရှင်က ပြန်လည် ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ သဘောပါ ။ လူမှုစနစ် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အစီအမံလည်းဖြစ်ပါတယ် ။ သည်ခွင့်ပြုငွေဟာ မသိနားမလည်တဲ့ ကလေးတစ်ချို့ ပြောဆိုသုံးနှုန်းနေကြတဲ့ လုပ်သက် ခံစား ခွင့် (Earned Leave) ဆိုတာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ ။ [လုပ်သက်ဆုကြေး အနုစိတ်တွက်နည်းကို (ဤနေရာတွင်) ဖတ်ရှုနိုင်ပါသည်]
သည် ဆုကြေး ချီးမြှင့်ဖို့ ယခင်က အလုပ်သမား ဦးရေ ခြွင်းချက် ထားပေမယ့် ၂၀၁၃ ဇန္နဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမား အားလုံး (ခြွင်းချက်မရှိ) တန်းတူခံစားခွင့် ရရှိလာပါတယ် ။ လုပ်သက်ဆုကြေးပေးရန် ပျက်ကွက်သည့် အလုပ်ရှင်များကို လည်း ပြစ်မှုကြောင်းအရ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ၊ ဒဏ်ငွေ ဝမ် သိန်း ၂၀၀ (နှစ်ရာ) ထိဖြစ်စေ ချမှတ်နိုင်ပါတယ် ။
သည်တော့ ရပ်ကွက်ထဲက ကလေးတွေအော်နေကြသလို ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ ထွဲဂျစ်ကွမ့် ပေးဖို့ အာရုံမထားဘူးဆိုတဲ့ စွပ်စွဲချက် မမှန်သေးဘူးဆိုတာ သေခြာနေပါပြီ ။ သည်ထက်ဂရုစိုက်ဖို့ဆို မပေးတဲ့ လုပ်ငန်းရှင် လူပုံအလည်မှာ တစ်ခါတည်း ကျောက်ခဲနှင့် ဝိုင်းထုပြီး သေဒဏ်ပေးရမလို ဖြစ်နေပါတယ် ။ ကိုရီးယားကို ရှာရီယာဥပဒေနှင့်အုပ်ချုပ်နိုင်တဲ့ အချိန်မှာတော့ အဲသလို ဥပဒေမျိုး ဖြစ်နိုင်ခြေရှိမှာပါ ။
သည် လုပ်သက်ဆုကြေးကို သက်ဆိုင်ရာ အလုပ်သမားများက သက်ဆိုင်ရာ အလုပ်ရှင်ဆီမှာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း တောင်းယူကြရမှာပါ ။ မပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရ တရားစွဲပြီး တောင်းဆိုသွားကြရမှာပါ ။

ပြည်ထွက် အာမခံ-အပ်နှံငွေ (Departure Guarantee Insurance /출국만기보험•신탁)
သည်အာမခံဘယ်ကလာသလဲ ။ သည်အာမခံစနစ်ကို ဥပဒေတစ်ခု အဖြစ် သီးသန့်ပြဋ္ဌာန်းပြီး မောင်းနှင်နေခြင်းမဟုတ်ပါ ။ နိုင်ငံခြား အလုပ်သမားများ ငှားရမ်းအသုံးပြုခြင်းစသည် ဆိုင်ရာ ဥပဒေ (외국인 근로자의 고용 등에 관한 법률) ပုဒ်မ ၁၃ နှင့် ၊ နည်းဥပဒေ (-ဆိုင်ရာဥပဒေ ၊ အမိန့်ဒီကရီ) ပုဒ်မ ၂၁ (-시행령 제21조) တို့အရ လည်ပတ်နေခြင်းဖြစ်ပါတယ် ဆိုတာကို သိထားပြီးသူ တော်တော် နည်းပါသေးတယ် ။
သည်အာမခံကြေးကို ဘယ်သူက သွင်းရမလဲ ။ ၂၀၁၃ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ အစပြုပြီး အလုပ်သမားရဲ့ လစဉ်ဖျမ်းမျှ လစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို လုပ်ငန်းရှင်က လစဉ် ပေးသွင်းရမှာဖြစ်ပါတယ် ။ လစာငွေမှ နှုတ်ယူ၍မဟုတ်ဘဲ ၊ အပိုဆောင်းပြီး ပေးသွင်းကြရမှာပါ ။
အဲသည် အာမခံမထား(ပျက်ကွက်)သည့် လုပ်ငန်းရှင်ဟာ ဝမ် သိန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမား (အီးနိုင်း) ငှားရမ်းခွင့်ပါ တားမြစ်ခံရမှာဖြစ်ပါတယ် ။
သည်တော့ နိုင်ငံခြားသားအလုပ်သမား (အီးနိုင်း) ငှားရမ်းသုံးစွဲလိုတဲ့ လုပ်ငန်းရှင် တစ်ဦးဦးဟာ သည်အာမခံ (အပ်နှံငွေ)ကို မထားမဖြစ်ထားရှိရမှာ ဖြစ်ပါတယ် ။ သည်တော့ ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ သည်အာမခံကြေး မှန်မှန်ပေးဖို့ ဂရုမစိုက်ဘူး ဆိုတာလည်း မဟုတ်ဘူးလို့ ပြောလို့ရပါတယ် ။ သည်ထက်ဂရုစိုက်ဖို့ဆို သည် အာမခံကြေးမပေးတဲ့ လုပ်ငန်းရှင်ကိုလည်း သေဒဏ်ပေးရမလို ဖြစ်နေပြန်ပါတယ် ။
သည်အာမခံငွေဟာလည်း အချို့ပြောနေကြတဲ့ ပြည်ပြန်စရိတ်အာမခံ (Return Cost Insurance Trust / 귀국비용보험) နှင့်လည်း မသက်ဆိုင်ပါ ။
သည်အာမခံစနစ် အစပိုင်းကဆို ၊ အဲသည်အာမခံငွေကို အလုပ်သမားဆီကဖြတ်ပြီး သွင်းတဲ့ လုပ်ငန်းရှင်တွေတောင် ရှိခဲ့ပါတယ် ။ (ဤတွင်ရှု) ။
နည်းဥပဒေ နှင့် ညွှန်ကြားချက်တွေ မသိသေးကြတဲ့အချိန် ၊ သဘောမပေါက်ကြသေးတဲ့အချိန်တုန်း ကပါ ။ (ခုတော့ လည်း အဟင်း ၊ မသိချင်ယောင်ဆောင်ကြတုန်းပါ) ။
သည်အာမခံကြေး (ပြန်အမ်းငွေ) ကိုတော့ ၊ သက်ဆိုင်ရာ အာမခံ ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း သို့မဟုတ် လုပ်ငန်းထံမှ သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် ကိုယ်စားလှယ်က သတ်မှတ်ကာလအတွင်း နည်းလမ်းတကျ လျှောက်ထားတောင်းယူကြရမှာပါ ။
သက်ဆိုင်ရာ အာမခံဌာနက အာမခံကြေးကို အတိုးနှင့်တကွ ထုတ်ပေးမှာ ဖြစ်ပါတယ် ။ ထုတ်ပေးနေဆဲဖြစ်တာကို တွေ့နေရသလို ၊ ဆက်လက်ပြီးတော့လည်း ထုတ်ပေးနေဦးမှာပဲလို့ ယုံကြည်ရပါတယ် ။ အပ်နှံငွေအတိုးမရဘူးဆိုတာ မသိတဲ့ သူတွေက ရမ်းသမ်းပြီး ပြောတဲ့ ကောလဟလစကားဖြစ်ကြောင်းလည်း သိရပါတယ် ။

(ဆက်ပါမည် ။ နားပါဦးမည် ။)

လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၄၀၄၁၅
အင်ချောန်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 25, 2014

ငရဲပြည်ထက်ဆိုးတဲ့ စက်ရုံ

ရေးသားသူ — စိုးမိုးသူ
 
ညနေဘက် ရုံးခန်းထဲ အလုပ်တွေ ပိနေတုန်း ညီလေး တယောက် သုတ်သီးသုတ်ပြာ ရုံးခန်းထဲ
ဝင်လာတယ်။  အလုပ်ဝတ်တောင် မလဲပဲ အပြေးအလွှားလာတဲ့ သူ့မျက်နှာမှာ စိုးရိမ်သောကတွေကလည်း အပြည့်နဲ့လေ။
 
ဘာဖြစ်လာတာလဲညီ။
 
အကို၊ ကျနော့်ကို သူဌေးကနှင်လိုက်တယ်။
ပြီးတော့ မင်းခုချိန်ကစပြီး ဘူးလ်ဘော့(တရားမ၀င်နေထိုင်သူ)ဖြစ်သွားပြီတဲ့ဗျာ။
သူပြောသလို ကျနော့် တကယ် ဘူးလ်ဘော့ဖြစ်ပြီလား အကို၊
ကျနော် ဘာလုပ်ရမလဲ၊
ကျနော့်ကို ကယ်ပါဦး။
 
လုပ်လက်စ အလုပ်ကိုရပ်ကာ သူ့ကို ထိုင်ခိုင်းပြီး

ညီ၊
သူက ဘူးလ်ဘော့ဖြစ်စေဆိုတိုင်း ဘူးလ်ဘော့ဖြစ်ရအောင်
မင်းသူဌေးက စေတလုံးပိုင်ရှင်မှ မဟုတ်တာ၊
ဘာမှ စိုးရိမ်မနေနဲ့ မင်းဘာမှ
မဖြစ်ဘူး၊ကဲ စိတ်အေးအေးထားပြီး အကို့ကို ဖြစ်သမျှအကြောင်း ပြောပေတော့။
 
ဘာမှ မဖြစ်ဘူးလို့ အာမခံလိုက်တော့မှ သူ့မျက်နှာ အတန်ငယ်ပျော့ပြောင်းသွားတယ်။
ပြီးတော့ နာကျည်းခြင်း မခံမရပ်နိုင်ခြင်းတွေ အပြည့်ပါတဲ့ အသံတုန်ကြီးနဲ့ ဖြစ်ကြောင်း ကုန်စင်ကိုပြောပါတော့တယ်။
 
အန္တရာယ်ရှိတဲ့ စက်ကို သေချာ သင်မပေးပဲ အတင်းခိုင်းတဲ့အကြောင်း၊
မလုပ်ရဲလို့ငြင်းတာကို ဆဲဆို အတင်းခိုင်း၊မြန်မာပြည်ပြန်ပို့မယ်ခြိမ်းခြောက်၊
၃ယောက် မ မှ ရမယ့် ပစ္စည်းကို တယောက်တည်း အတင်း မ ခိုင်း၊
မ မနိုင်တာကို ဆဲ၊ ခြေနဲ့ကန်၊
ထမင်းစားချိန်အပြည့်မပေး၊
နားရက်ကို အလုပ်မလုပ်ပေးရင် မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက် အလုပ်ခိုင်း။
 
ပြောပြရင်း အသားတဆတ်ဆတ်တုန်လာတဲ့ သူ့ကို ကျနော်က

အိုကေ ရပြီ လုံလောက်ပြီ ညီ၊ ဘာမှ မပူနဲ့တော့၊ အကိုဖြေရှင်းပေးမယ်၊ဟုတ်ပြီလား
ကဲ အခုတော့ ၀ါးတီးဆွဲကြမယ်၊ မင်း ထမင်းစားပြီးပြီလား။
 
အလုပ်ပြီးပြီးချင်းထွက်လာတာ အကို ဘာမှ မစားရသေးဘူး၊
 
အိုကေ လာခဲ့ အကိုနဲ့အတူဆွဲမယ်ဆိုပြီး
မီးဖိုချောင်ထဲသွား ဟင်းအိုးတွေ လိုက်လှန်ကြည့်လိုက်တော့
ပိတောက်ရိပ်က တို့အမကြီးရဲ့ လက်ရာကောင်း
ဝက်သား၊ ပုဇွန်၊ ပဲဟင်း ၊ငါးပိရည်တို့စရာတွေက သွားရည်ကျစရာ အပြည့်ပဲလေ။
 
အမကြီးကလည်း ကျနော့်နောက်ကလိုက်လာပြီး
ဟင်းတွေ ကူပြင်ပေးရင်း ထည့်ထည့် များများထည့်ပေးလိုက်၊
ဒီလိုအချိန်လေး တို့တွေ ကုသိုလ်ယူရတာ။
သြော် ဒုက္ခဒုက္ခ တို့နိုင်ငံသားတွေ တိုင်းတပါးမှာ ဒုက္ခတွေရောက်နေရရှာတယ်ဆိုပြီး
စိတ်မကောင်းသံနဲ့ ညီးရှာတယ်။
 
ဒါနဲ့ သူနဲ့ကျနော် အမကြီး ပြင်ပေးတဲ့ ထမင်းပွဲကို အားပါးတရဆွဲကြတယ်။
သူလည်း အလုပ်က ပင်ပန်းတော့ အတော်ဆာနေပုံရတယ်၊
ထမင်း အပြည့်၂ပန်းကန် တခဏတွင်း ပြောင်သွားတယ်။
 
၂ယောက်သား ဗိုက်လဲ တင်းရော  ဖြစ်သမျှအကြောင်းကို  သူက မြန်မာလိုရေး
ကျနော်က ကိုရီးယားလို ဘာသာပြန်ရေးပေး၊
နက်ဖြန် ဘူဖြောင်း နိုင်ငံခြားသားအလုပ်သမားစင်တာသွားနည်း၊
နိုဒုန်ဘူသွားနည်းကို လမ်းညွှန်ရင်း
၂ယောက်သား နှုတ်ဆက်လမ်းခွဲလိုက်ကြတယ်။
 
ကျနော့်ကို တရိုတသေ နှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း
သူပြောသွားတဲ့ စကားလေးတခွန်းက  ကျနော့ရင်ထဲမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတယ်။
 
အကိုရယ် ဒီငရဲပြည်လို စက်၇ုံကိုတော့ ကျနော်ဘယ်လိုနည်းနဲ့မှ ပြန်မသွားပရစေနဲ့။
နောက်ဆုံး ကျနော် အိုဗာစတေးဖြစ်လည်း ဖြစ်ပါစေတော့ အကိုရာ၊
အဲ့ဒီလို အိုဗာစတေးဖြစ်လို့  မြန်မာအစိုးရက ဒဏ်ငွေ သိန်း၃၀ရိုက်လည်း မတတ်နိုင်ဘူး၊ လောလောဆယ်  ဒီ ငရဲပြည်ကို ပြန်မသွားရဖို့က ပိုအရေးကြီးပါတယ်
...တဲ့။
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 22, 2013

EPS စနစ်အောက် အလုပ်ပြောင်းရွှေ့ခြင်း

ရေးသားသူ — စိုးမိုးသူ

 
အကိုရေ အလုပ်က အရမ်း ပင်ပန်းလို့ ပြောင်းချင်တယ်ဆိုတဲ့ ညီအကိုတွေ အသံကြားတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
ကျနော်လည်း ၈နှစ်လောက် ရေလည် ပြိုင်းတဲ့ စက်ရုံမှာ မနက်ကနေ အာရုဏ်တက်အထိ လုပ်ချင်ချင် မလုပ်ချင်ချင် နှလုံးသားမပါပဲ အလုပ်ကြမ်းလုပ်ခဲ့ဖူးသူမို့ ရေလည် ကိုယ်ချင်းစာပါတယ်။

ဒါပေမယ့် လက်ရှိ ကိုရီးယားရဲ့ အီးပီအက်စ်စနစ်အောက် အလုပ်ပြောင်းခွင့်ဘယ်လိုရှိ ဆိုတာကို ကျနော်တို့ ညီအကိုတွေ သိထားမှ ဘယ်လိုလုပ်ရမလဲ စဉ်းစားနိုင်မှာမို့ ဒီ စာကို ရေးလိုက်ပါတယ်။

အီးပီအက်စ်စနစ်ဟာ ၃နှစ်တာ အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ စနစ်ဖြစ်ပါတယ်။
၃နှစ်အတွင်း အလုပ်နေရာ ၃ခါ ပြောင်းရွှေ့ခွင့် ရှိပါတယ်။
အလုပ်ပြောင်းရခြင်း အကြောင်းရင်းက စာချုပ်သက်တန်းပြည့်သွားလို့ မဟုတ်ပဲ အောက်ပါအကြောင်းများကြောင့်ဆိုရင်တော့ ပြောင်းခွင့်ရှိတဲ့ ၃ခါထဲ ထည့်မတွက်ရပါ။

အလုပ် ပြောင်းရွှေ့နိုင်တဲ့ အခြေအနေများ။
၁) စက်ရုံ ဒေ၀ါလီခံရတဲ့အခါ
၂) အလုပ်စာချုပ်ပါ အကြောင်းအရာများ ချိုးဖောက်ခံရတဲ့အခါ
၃) လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ
၎) အလုပ်ကြောင့် ထိခိုက် ရောဂါ ရတဲ့အခါ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၃နှစ်ပြည့်ပြီးရင် ၁နှစ်၁၀လ အလုပ်ထပ်လုပ်ခွင့် ဘယ်လိုရ

ရေးသားသူ —စိုးမိုးသူ

ကျနော့်ဆီ ဖုန်း၊ ဖေ့စ်ဘွတ်၊ ဗိုင်ဘာကနေ အမေးအများဆုံး မေးခွန်းပါပဲ။

အကိုရေ တစက်ရုံတည်း ၃နှစ်ဆက်တိုက်နေမှ နောက်ထပ် ၁နှစ်၁၀လ ထပ်တိုးခွင့်ရှိတယ်ကြားလို့ လက်ရှိစက်ရုံမှာ အောင့်အီးပြီးနေနေရပါတယ်တဲ့။
ကျနော်တို့ အောင့်အီးရကျိုးကော နပ်ပါ့မလားဗျာတဲ့။

ကဲဖြေပြီ။
တိုတိုဖြေရရင် မအောင့်အီးနဲ့ အလုပ်ထွက်လို့ရရင် ထွက်ပြီး တခြားသက်သာတယ် ထင်တဲ့ နေရာကို ပြောင်းလုပ်ပါ။
၃နှစ်ပြည့်ပြီး ၁နှစ်၁၀လ ထပ်တိုးလုပ်ခွင့်ဆိုတာ
၁) ၃နှစ်ပြည့်မယ့် နောက်ဆုံး စက်ရုံမှာ အနဲဆုံး ဗီစာသက်တန်း ၁လ ကျန်နေသေးတယ်၊
၂) အလုပ်ရှင်ကလည်း ကိုယ့်ကို ထပ် အလုပ်ခန့်ချင်တယ်ဆိုရင်

재고용계약လို့ခေါ်တဲ့ အလုပ်ပြန်လည်ခန့်အပ် စာချုပ်ကို ချုပ်ဆိုပြီး ၁နှစ် ၁၀လ ထပ် အလုပ်လုပ်ခွင့်ရှိပါတယ်။
နောက်ထပ် ၁နှစ်၁၀လအလုပ်လုပ်ရင်း အလုပ်ပြောင်းခွင့် ၂ကြိမ် ထပ်ရပါတယ်။ ဆိုလိုတာက နောက်ဆုံးစက်ရုံမှာ အလုပ်ပြန်လည်ခန့်အပ်စာချုပ်ချုပ်ပြီးနောက် အဆင်မပြေရင် တခြားစက်ရုံကို ၂ကြိမ် ထပ်ပြောင်းခွင့်ရှိတာကို ပြောတာပါ။

ကဲ ၄နှစ် ၁၀လပြည့်ပြီး 성실근로자လို့ခေါ်တဲ့ လုပ်သားချွန် အဖြစ်နဲ့ ကိုရီးယားကို ပြန်ဝင်လာချင်တယ်ဆိုရင်တော့ နဲနဲ ကွာသွားပြီ။

성실근로자လုပ်သားချွန်ဆိုတာ တစက်ရုံထဲမှာ ၄နှစ်၁၀လ ဆက်တိုက် အလုပ်လုပ်သူကို ဆိုလိုတာပါ။

သူတို့က ၄နှစ်၁၀လပြည့်ပြီးရင် ၃လ မြန်မာပြည်ပြန်နား ပြီးတော့ ကိုရီးယားကို ပြန်လာပြီး အလုပ်၃နှစ်ထပ်လုပ်နိုင်တယ်လေ။

တစက်ရုံမှာ ၄နှစ်၁၀လ ဆက်တိုက် မလုပ်ဖြစ်ပဲ အခြားစက်ရုံတွေကို ပြောင်းခဲ့တာမျိုးရှိခဲ့လည်း
အလုပ်စာချုပ်ပြည့်မှု၊ စက်ရုံဒေ၀ါလီခံရမှု၊ အလုပ်ရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုစတဲ့
ကိုယ့်ကြောင့်မဟုတ်တဲ့ အလုပ်ပြောင်းမှုမျိုးကြောင့် အခြား စက်ရုံကို ပြောင်းရွှေ့ခဲ့ရတယ် ဆိုရင်လည်း လုပ်သားချွန်လို့ ခေါ်ဆိုနိုင်ပါတယ်။
လုပ်သားချွန်အဖြစ်နဲ့ ၃နှစ် အလုပ်စာချုပ် ထပ်ချုပ်ပြီး အလုပ်လုပ်စဉ် အခြား အလုပ်ပြောင်းရွှေ့ခွင့်လည်း ရရှိပါတယ်။

ကဲ ကိုယ့်ညီအကိုတွေ အဆင်ပြေကြပါစေဗျာ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 5, 2013

အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြော ဆွေးနွေးပွဲ



ကိုရီးယားမှာ အလုပ်လာလုပ်နေသူတိုင်း သိထားသင့်တဲ့ `အလုပ်ခွင် လုံခြုံရေးနဲ့ ထိခိုက်မှုများ´
အလုပ်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာကို ဘယ်လိုဖြေရှင်း ဆောင်ရွက်မလဲ?
ကာကွယ်ရေးနဲ့၊ ခံစားပိုင်ခွင့်တွေ ဘယ်လိုရှိတယ် ဘာတွေလုပ်နိုင်တယ် စတဲ့… စတဲ့…
အကြောင်းအရာတွေကို ဟောပြော ဆွေးနွေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

အလုပ်ခွင်အတွင်း ဖြစ်ပေါ်တတ်သော ထိခိုက်မှုများအတွက် ကြိုတင်ကာကွယ်ခြင်း၊ ရှောင်တခင် ကာကွယ်ခြင်း၊ အရေးပေါ် ဖြေရှင်းခြင်း၊ လုပ်ငန်းကြောင့် ဖြစ်သော ကျန်းမာရေး ချွတ်ယွင်းမှုများ၊ နောက်ဆက်တွဲ ပြဿနာများနဲ့ စောင့်ရှောက်မှုဆိုင်ရာ နည်းစနစ်များ စသည်တို့ကို ဟောပြောဆွေးနွေးမယ့် “အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ”သို့ မည်သူမဆို လာရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်။

ဆွေးနွေးပွဲ ဖြစ်တာကြောင့် မိမိတို့ သိလိုရာကို လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။ လက်တွေ့ ပြဿနာကြုံတွေ့နေရသူတွေ၊ ကိုယ့်ပြဿနာကို ကိုယ်တိုင် လက်တွေ့ကျကျ ဖြေရှင်းလိုသူတွေ လာရောက် မေးမြန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆွေးနွေးပွဲ လာရောက်သူများကို မြန်မာလို ဘာသာပြန်ထားတဲ့`အလုပ်ခွင် လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်´များ အခမဲ့ ပေးဝေပါမယ်။

နေ့ရက် = ၂၀၁၃ အောက်တိုဘာ ၆ (တနင်္ဂနွေနေ့)
အချိန် = မွန်းလွဲ ၁း၀၀ မှ ၃း၀၀ နာရီထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့


미얀마센터 နှင့် (사)노동인권회관/외국인이주노동자인권을위한모임 တို့ ပူးပေါင်းစီစဉ်၍ ကျွမ်းကျင်သူများက သရုပ်ပြ ဟောပြော ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 6, 2013

နိုင်ငံခြားသား အလုပ်သမား လူ့အခွင့်အရေးစင်တာ(한국 이주인권 센터) လမ်းညွှန်

ရေးသားသူ — စိုးမိုးသူ
မြန်မာရွှေ့ပြောင်းအလုပ်သမားအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲကို အပြည့်အ၀ ကူညီဖြေရှင်းပေးနေတဲ့  နိုင်ငံခြားသား အလုပ်သမား လူ့အခွင့်အရေးစင်တာ(한국 이주인권 센터) ရဲ့ လမ်းညွှန်ဖြစ်ပါတယ်။


ဟုမ်းပေခ်ျ့။  http://www.migrant114.org/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, July 13, 2013

၂၀၁၄ခုနှစ် အခြေခံလစာတိုးမြင့် သတ်မှတ်ချက်

ရေးသားသူ — စိုးမိုးသူ

တနာရီ လုပ်ခ- 5210 ၀မ်
တနေ့ လုပ်ခ (၈နာရီ)- 41,680 ၀မ်
တလ လုပ်ခ(တပတ်နာရီ ၄၀)- 1,088,890 ၀မ်

၂၀၁၄ခုနှစ် ၁လပိုင်းမှ စတင်ပြီး ၁၂လပိုင်းအထိ ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် ကိုရီးယားနိုင်ငံတွင်းရှိ အလုပ်သမား အားလုံးသည် အထက်ပါ သတ်မှတ်ချက်အတိုင်း အခြေခံလစာအား ရရှိမည် ဖြစ်ပါတယ်။
မူရင်းသတင်း လင့်ခ် http://www.jejusori.net/news/articleView.html?idxno=131420

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 7, 2013

အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ



အလုပ်ခွင်အတွင်း ဖြစ်ပေါ်တတ်သော ထိခိုက်မှုများအတွက် ကြိုတင်ကာကွယ်ခြင်း၊ ရှောင်တခင် ကာကွယ်ခြင်း၊ အရေးပေါ် ဖြေရှင်းခြင်း၊ လုပ်ငန်းကြောင့် ဖြစ်သော ကျန်းမာရေး ချွတ်ယွင်းမှုများ၊ နောက်ဆက်တွဲ ပြဿနာများနှင့် စောင့်ရှောက်မှုဆိုင်ရာ နည်းစနစ်များ စသည်တို့ကို ဟောပြောဆွေးနွေးမည့် “အလုပ်ခွင် လုံခြုံရေးနှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဟောပြောဆွေးနွေးပွဲ”သို့ မည်သူမဆို လာရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်။

နေ့ရက် = ၂၀၁၃ ဇွန် ၉ (တနင်္ဂနွေနေ့)
အချိန် = နံနက် ၁၀း၃၀ မှ မွန်းလွဲ ၁၂း၃၀
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့


미얀마센터 နှင့် (사)노동인권회관/외국인이주노동자인권을위한모임 တို့ ပူးပေါင်းစီစဉ်၍ ကျွမ်းကျင်သူများက သရုပ်ပြ ဟောပြောကြမှာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 10, 2013

အလုပ်စာချုပ်ပါ စက်ရုံနံမည်ပြောင်းသွားပြီဆိုရင်

ရေးသားသူ — စိုးမိုးသူ

အစ်ကို မင်္ဂလာပါ။
ကျွန်တော်၂၀၁၂ခုနှစ်၂လပိုင်းက အလုပ်ခေါ်စာcalling ကျတယ်။
ပရိဘောဂစက်ရုံမှာ ၃နှစ်စာချုပ်နဲ့ ၅လပိုင်းမှာ koreaရောက်လာတယ်။
ဒီရောက်တော့ ကျွန်တော်နဲ့စာချုပ်တဲ့ စက်ရုံက မရှိတော့ဘူး။ဖျက်သိမ်းလိုက်ပြီ။
သူဌေးကတော့ စာချုပ်ထဲက သူဌေးနာမည်ပဲ စက်ရုံနာမည်ပြောင်းသွားတာ။
identaty card လုပ်တော့လည်း သူပြောင်းထားတဲ့ စက်ရုံနာမည်နဲ့ပဲ လုပ်ပေးတယ်။
အဲဒီတော့အခုလုပ်နေတဲ့ စက်ရုံနာမည်နဲ့ စာချုပ် မရှိတော့ပြောင်းချင်ရင်ပြောင်းလို့ရလား သိချင်ပါတယ်။
ကျေးဇူးပြုပြီးmailပြန်ပို့ပေးပါအစ်ကို။
ရိုသေလေးစားစွာဖြင့်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 1, 2013

ကဲ အလုပ်ရဖို့အတွက် လိုအပ်ရင် မျက်နှာပါ ခွဲစိတ်ပြင်ဆင်ကြဖို့ လိုနေပြီနော်

ရေးသားသူ — စိုးမိုးသူ



ဘာသတင်းများထူးလဲလို့ အီးပီအက်စ် ဆိုဒ် https://www.eps.go.kr/kr/index.htmlကို သွားကြည့်မိ ပါတယ်။
ဆိုဒ်ထဲ ၀င်ဝင်ချင်းပဲ ခုမြင်ရတဲ့ Pop upကြေညာချက်က တွေ့လို့ ဘာပါလိမ့်ဆိုပြီး ဖတ်ကြည့်တော့
နိုင်ငံခြားသား အလုပ်သမား အလိုရှိတဲ့ အလုပ်ရှင်တွေ အနေနဲ့ နိုင်ငံခြားသားအလုပ်သမားရဲ့ ဥပဓိရုပ်ကို ကြည့်ပြီး ရွေးခြယ်နိုင်ပြီဆိုတဲ့ ကိုရီးယားအလုပ်သမားတင်သွင်းရေးဌာနရဲ့ ကြင်နာတတ် အလိုက်သိတတ်တဲ့ ကြိုးစားမှုလေးကို တွေ့လိုက်ရပါတယ်။

ကဲ ကိုရီးယားမှာ လာအလုပ်လုပ်ချင်တဲ့ ညီအကိုတို့နဲ့ ဒီမှာ ရောက်ရှိနေပြီး အလုပ်ရှာနေသူ ညီအကိုတို့ရေ။
 ခင်ဗျားတို့ အလုပ်ရဖို့၊ ဒီကို လာဖို့အတွက် စာမေးပွဲအောင်ရုံလောက်နဲ့ မရတော့ဘူးနော်၊ 
မှန်ထဲမှာ ကိုယ့်အခြေအနေကို ကြည့်ရင်း လိုအပ်ရင် မျက်နှာပါပြင်ပြီး လာရမလိုဖြစ်နေပြီနော်။
ဖြစ်ရလေ ကိုရီးယားရယ်...


စိုးမိုးသူ(facebook: moethu.soe) 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မေဒေး အလုပ်လုပ်ရပါက လုပ်ခ ၁၅၀% ပိုရရမယ်ဆိုတဲ့ ကိုရီးယား အလုပ်သမားဥပဒေ

ရေးသားသူ — စိုးမိုးသူ
 

ကမ္ဘာ့အလုပ်သမားနေ့ဖြစ်တဲ့ မေလ ၁ရက်မှာ အလုပ်လုပ်ရတဲ့ သူတွေအနေနဲ့ ဥပဒေအရ သတ်မှတ်ပေး ထားတဲ့ အားလပ်ရက်မှာ အလုပ်လုပ်တာ ဖြစ်တာမို့ တနေ့လုပ်ခရဲ့ ၁၅၀% ပိုရရမှာ ဖြစ်ပါတယ်။
ဥပမာ- မေဒေးမှာ အလုပ်၈နာရီ လုပ်ရပါက  ၃၈ ၈၈၀ ၀မ်(တနေ့၈နာရီ လုပ်ချိန်အတွက် ဥပဒေအရ သတ်မှတ်ထားသော အခြေခံလုပ်ခ)ကို ပိတ်ရက် အလုပ်လုပ်ခ ၁၅၀%နဲ့ မြောက်ရမှာ  ဖြစ်ပါတယ်။ တနေ့ အလုပ်လုပ်ခ ၃၈ ၈၈၀ ၀မ်ထက် လစာ ပိုရသော အလုပ်သမားအနေနဲ့ မိမိရဲ့ လစာမှ တရက်စာကို တွက်ယူကာ ၁၅၀%နဲ့ မြောက်နိုင်ပါတယ်။

အကယ်၍ အလုပ်ရှင်က မေဒေးမှာ အလုပ်ဆင်းခိုင်းပြီး အလုပ်ဆင်းခကို၁၅၀% ပိုမပေးပါက အလုပ်သမားဝန်ကြီးဌာနမှာ တိုက်ရိုက် တိုင်ကြားနိုင် သလို၊ ဒေသတွင်းရှိ ရွှေ့ပြောင်း အလုပ်သမား စင်တာများ၊ ဒေသတွင်း နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂ (민주노총)တို့မှာ သွားရောက် တိုင်ကြားနိုင်ပါတယ်။

အလုပ်သမားဥပဒေအရ
မေဒေးမှာ အတင်းအကြပ် အလုပ်စေခိုင်းပြီး လုပ်ခ၁၅၀%ပိုမပေးသူ အလုပ်ရှင်ကို ထောင်ဒဏ် ၃နှစ်နဲ့ ဒဏ်ငွေ ၀မ်သိန်း ၂၀၀ ပေးဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။
 


မေဒေးမှာ အလုပ်ဆင်းရတဲ့ သူတွေအနေနဲ့  လုပ်ခ ဘယ်လို တွက်ပေးပါသလဲလို့ အလုပ်ရှင် ကို မေးကြည့်ပါ။ ဥပဒေပါအတိုင်း မပြောရင် ဥပဒေပါအချက်ကို ရှင်းပြပေးပါ။ အများအားဖြင့် 
အလုပ်ရှင်တွေကလည်း အလုပ်သမားဥပဒေကို မသိကြတာ များကြပါတယ်။ အဲ သိရဲ့သားနဲ့ တမင် မပေးရင်တော့ ဥပဒေအရပေါ့။
ပြီးတော့ ဒီဥပဒေကို ရွှေ့ပြောင်းအလုပ်သမားများတင်မက ကိုရီးယားအလုပ်သမားများ အတော်များများ ပင် မသိကြတာကြောင့် မိမိ ဘေးပတ်ဝန်းကျင်ကိုလည်း ဖြန့်ပေးကြဖို့ တိုက်တွန်းပါတယ်။

စိုးမိုးသူ(facebook: moethu.soe) 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 29, 2013

ဂျီတော့ခ်က မေးလာသူနဲ့ ကျနော်

ရေးသားသူ — စိုးမိုးသူ


မေးသူ: အကို eps အလုပ်သမား law ပြောင်းသေးလားဗျ

ကျနော်: ဘာကြားလို့လဲ

မေးသူ: 3 နှစ်သမားတွေ တနှစ်ပြည့် ရင်ပြောင်းမရတော့ဘူးဆို့လို၊ 
          သယ်ငယ်ချင်းတယောက်ပြောတာ       
          မသေချာပါဘူး၊ အဲဒါ အကိုကိုမေးကြည့်တာ

ကျနော်: စာချုပ်ထဲက သက်တန်း အတိုင်းပေါ့ ပြောင်းချင်ရင်၊                 
 
          အခြားအချက်တွေ ကိုက်ညီရင် ပြောင်းခွင့်ရပါတယ်         
          စက်ရုံဒေ၀ါလီခံရလို့၊ မတရားဖိနှိပ်လို့၊အလုပ်ကြောင့်ရောဂါရလို့

မေးသူ: ညီက တနှစ်ပြည့်ရင် ပြောင်းမလို့

ကျနော်: ဘယ်နှနှစ် စာချုပ်ချုပ်ထားလို့လဲ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 27, 2013

ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေးလှုပ်ရှားသူ မီနူးကို မိတ်ဆက်ပေးပါရစေ

ရေးသားသူ — စိုးမိုးသူ

Stop Crack Down တီးဝိုင်း-စိုးသီဟ(မြန်မာ)၊ စုံမြောင်ဟွန်း(ကိုရီးယား)၊ မီနူး(နီပေါ)၊ ဟဲရီ(အင်ဒိုနီးရှား)၊ စိုးမိုးသူ(မြန်မာ)

လွန်ခဲ့တဲ့ ၁၉၉၂ခုနှစ်မှာ ကိုရီးယားကို ၀င်ရောက်လာခဲ့ပြီး စားသောက်ဆိုင်၊ အထည်ချုပ်ဆိုင် စတဲ့ အလုပ်မျိုးစုံကို လုပ်ကိုင်ကာ ၁၈နှစ်ကြာ နေထိုင်ခဲ့သူ နီပေါလူမျိုး အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ် သမား မီနူး သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမား လူ့အခွင့်အရေး လှုပ်ရှားသူအကြောင်း မိတ်ဆက်ပေး ပါရစေ။

သူဟာ ဘ၀တူ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် 
အရင်းရှင် ကိုရီးယား အစိုးရရဲ့ ခေါင်းပုံဖြတ် ဖိနှိပ်ခြင်း၊ အလုပ်ရှင်ဆိုးများ ဖိနှိပ်ခြင်းအောက်မှ လွတ်မြောက် ကာ အခြေခံ လူ့တန်ဘိုးကို ရရှိပြီး အလုပ်လုပ်ကိုင် နေထိုင်နိုင်ရန် အတွက်  

ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ဘ၀ကို တေးသီချင်းဖြင့် ဖော်ကျူးသော
ရွှေ့ပြောင်းအလုပ်သမား တီးဝိုင်း Stop Crack down band လှုပ်ရှားမှုဖြင့်လည်းကောင်း





ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crack down band ဖျော်ဖြေပွဲတခု

ရွှေ့ပြောင်းသူဘ၀ သရုပ်ဖော် တေးစီးရီးခွေ FREEDOM












Stop Crackdown bandရဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် မြန်မာ့ဒီမိုကရေစီ ရံပုံငွေရှာဖွေပွဲ


လုပ်ခလစာ မရရှိသူ ရွှေ့ပြောင်းအလုပ်သမားဘ၀ကို ရေးစပ်ထားတဲ့ လစာထုတ်ရက် သီချင်းဗီဒီယို

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 13, 2013

(အဖမ်းအဆီးသတင်း) မတ်၁၈မှ စတင်ပြီး အထောက်အထားမဲ့အလုပ်သမားများအား စတင် ဖမ်းဆီးရန် တရားရေးမှ ကြေညာ

ရေးသားသူ — စိုးမိုးသူ




တရားရေးဝန်ကြီးဌာနဟာ လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး အထောက်အထားမဲ့(ဗီစာမဲ့)နေထိုင် အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားများအား စတင်ဖမ်းဆီးသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ဒေသအသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးဌာနများ အချင်းချင်း ပူးပေါင်းပြီး ဖမ်းဆီးမယ့် နည်းလမ်းကို အသုံးပြုမှာဖြစ်ပါတယ်။

တရားရေးဝန်ကြီးဌာနဟာ ဖမ်းဆီးမယ့် ရက်မတိုင်မီ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ် ကိုင်လေ့ရှိကြတဲ့ ဒေသတွင်းရှိ လုပ်ငန်းရှင်များထံ ကြိုတင်ပြီး အသိပေးစာများအား ပေးပို့သွား မှာ ဖြစ်ပါတယ်။ အသိပေးစာတွင် အထောက်အထားမဲ့ အလုပ်သမားများအား အသုံးပြုပါက ငွေဒဏ် ၀မ် သိန်း၂၀၀ (သို့) ထောင်ဒဏ် ၃နှစ်ကျခံရမှာ ဖြစ်သလို  ရွှေ့ပြောင်းအလုပ်သမားများအား အသုံးပြုခွင့်ကို လည်း ဆုံးရှုံးရမှာဖြစ်ကြောင်း ပါရှိပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>