Wednesday, June 19, 2013

ကျနော်လည်း အစ္စလမ်ဘာသာကို ဆန့်ကျင်သူတယောက်ဖြစ်ခဲ့ပါတယ်

ရေးသားသူ —စိုးမိုးသူ

ယနေ့ လူမျိုး ဘာသာမတူတာကို အခြေခံပြီး လူလူချင်း ရန်လိုနေတာကို အပြင်းအထန် ကန့်ကွက်နေတဲ့ ကျနော် ကိုယ်တိုင်လည်း တချိန်က မွတ်စလင် ဘာသာကို အပြင်းအထန် မုန်းတီးခဲ့သူဖြစ်သလို မွတ်စလင် ဘာသာ ဆန့်ကျင်ရေး ဟောပြောပွဲမှာ တက်ပြီး ရဲရဲတောက် ဟောပြောခဲ့သူ တယောက်ပါ။

ဒီလိုပါ။
ကျနော် ငယ်ငယ်တုန်းက ၅တန်းကစပြီး ၁၀တန်းထိ နွေရာသီရောက်ပြီဆို မဟာစည် သာသနာ့ရိပ်သာမှာ ၁လခွဲကြာ ကိုရင်ဝတ်ပြီးတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းကို တက်လေ့ရှိပါတယ်။
သင်တန်းမှာ နှစ်စဉ် အငယ်တန်း၊ အလတ်တန်း၊အထူးတန်းတွေကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့သ လို နောက်ဆုံး တက်စရာ အတန်းကုန်သွားလို့ အထူးတန်းကို ထပ်တက်ခဲ့ပါသေးတယ်။

ကျနော် ကိုရင်ဝတ်နဲ့ အလတ်တန်းတုန်းကပေါ့။
မွတ်စလင်ဘာသာဆန့်ကျင်ရေး ဟောပြောပွဲကို ရိပ်သာ ဓမ္မာရုံထဲမှာ ကျင်းပပေးပါ တယ်။
 ဟောပြောသူတွေ ကတော့ ယဉ်ကျေးမှုသင်တန်းတက် ကိုရင်နဲ့ သီလရှင်လေးတွေ ပါ။
 ဟောပြောလိုသူတွေ စာရင်းပေးပြီး ကိုယ်ပြောလိုတာကို စာတမ်းပြုစုလာ အချိန်အကန့် အသတ်မရှိ တက်ပြောနိုင်ပါတယ်။
ကျနော်လည်း စာမျက်နှာ ၁၀မျက်နှာပါ ဟောပြောပွဲ စာတမ်းရှည်ကြီး ကို ရေးပြီး ဗိုလ်ချုပ်အောင် ဆန်းလေသံနဲ့ တက်ဟောပြောခဲ့ပါတယ်။
အင်း
ကျနော်က အဲဒီထဲက သူများ အကြောင်းရေးရမယ်ဆိုရင် လက်သံက နဲနဲပြောင်တော့ ကျနော့်ဟောပြော မှုကို သင်တန်းသင် ဆရာတော်တွေကော၊ ကိုရင် သီလရှင် အပေါင်းက အကောင်းဆုံး ဟောပြောသူအဖြစ် အသိအမှတ်ပြုကြပါတယ်။ ကျနော့်အတွက် လက်ခုတ်သံတွေကလည်း တဖွဲဖွဲပေါ့။

ဒါပေမယ့် အမှန်အတိုင်း ၀န်ခံရရင် ကျနော် အဲဒီတုန်းက သင်ခဲ့ရတာ ဗုဒ္ဓဘာသာ ဆိုင်ရာ စာပေ အသိ သက်သက်ပါ။
ကုသိုလ် အကုသိုလ် ခွဲခြားတတ်ရုံပါ။
စာပေထဲမှာ သင်ယူခဲ့တဲ့ လိမ္မာစွာ နေထိုင်နည်း သိရုံလောက်ပါ။
ဂုဏ်တော်မျိုးစုံ၊ပရိတ်ကြီးတွေ နှုတ်ကနေ ရွှတ်ခနဲ နေအောင်အလွတ်ဆိုနိုင်ပါတယ်။
ကျနော့် ရင်ထဲမှာ သင်ထားတဲ့ ဗုဒ္ဓဘာသာစာပေ အသိတွေက အပြည့်ပေါ့။

ဒါပေမယ့် ဗုဒ္ဓရဲ့ မေတ္တာဝါဒကို ညဘက် ဘုရားရှိခိုးတဲ့အခါ အရပ်၁၆မျက်နှာ မေတ္တာပို့ပေးရင် လုံလောက်ပြီ လို့ ထင်ခဲ့ပါတယ်။
ပြီးတော့ ကိုယ့်ဘာသာက လွဲရင် တခြားဘာသာကို အထင်မကြီးသလို သူများဘာသာ အယူဝါဒ အပေါ် နှိမ်ချပြောဆိုဖို့လည်း ၀န်မလေးခဲ့၊ တတ်ထားတဲ့ ဗုဒ္ဓစာပေနဲ့ ထိုးထိုးနှက်နှက် ဘာသာရေး စကားစစ်ပွဲထိုးဖို့လည်း သွေးကြွခဲ့သူပါ။

အဲဒီတုန်းက ဟောပြောပွဲ တက်ဟောဖြစ်တာကလည်း အစ္စလမ်ဘာသာ အကြောင်း ကောင်းကောင်းလေ့ လာဖူးခြင်း မရှိပေမယ့် ကိုယ့်တိုင်းပြည်မှာ တခြား ဘာသာရှိတာ မလိုလားလို့ ကြားဖူးနားဝတွေကို စာစီကုံး ကာ သရော်ရေးသား ဟောပြောခဲ့တာပါ။
အဲဒီလို သူများဘာသာကို လေသံပြင်းပြင်းနဲ့ ဟောပြောအပြီး ကိုယ့်ဘာသာဝင် အချင်းချင်းတွေရဲ့ ကောင်း ချီးပေးသံမှာလည်း သာယာခဲ့တာပေါ့။

ဒီလိုနဲ့ ကိုရီးယားရောက်လာခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဘိုးထားတဲ့ တိုင်းပြည်ဆိုတော့ ကိုရီးယားလူမျိုးတွေနဲ့ တန်းတူ ရွှေ့ပြောင်းအလုပ်သမား ကိုယ့်ရဲ့ လူသား တန်ဘိုးကိုလည်း အမှန်အတိုင်း လက်ခံပေးလိမ့်မယ်လို့ ထင်ခဲ့တာပေါ့။

ဒါပေမယ့်ဗျာ။
သူတို့အချင်းချင်းတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးကို ကျင့်သုံးပြီး ကျနော်တို့ ရွှေ့ပြောင်းအလုပ် သမားတွေ အပေါ်မှာတော့ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ချုပ်ခြယ်ကြတယ်လေ။
အဲဒီလို မြန်မာပြည်မှာ မြန်မာတွေက ကုလားကို ဆက်ဆံသလိုမျိုး ကိုယ်တွေကို ကိုရီးယားတွေက ဆက် ဆံကြတာကို ခံရတော့ တော်တော် မခံမရပ်နိုင်ဖြစ်ခဲ့ရသလို မြန်မာပြည်က ကုလားတွေကိုလည်း ကိုယ်ချင်း စာမိတတ်လာတယ်လေ။ ကုလားကို နှိမ်ခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေကိုလည်း ရှက်မိလာတယ်။

ကိုယ်ခံရမှပဲ ကိုယ့်တန်ဘိုးကို လျော့ကျသွားခြင်းမရှိအောင် လုပ်ရမယ်ဆိုပြီး 
ကိုရီးယားတွေနဲ့ တန်းတူ အလုပ်ကို ကြိုးစား၊
အသိတရားမြင့်စေတဲ့ စာပေတွေဖတ် သင်တန်းတွေတက်ရောက် သင်ယူ၊ 
လူမျိုးစုံနဲ့ ဆက်ဆံရတဲ့ အသင်းအဖွဲ့အလုပ်တွေလုပ် စတာတွေကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တော့ တချိန်က လူမျိုး ဘာသာ မတူတာကို ရန်လိုခဲ့မိတဲ့ အတိတ်က ကိုယ့် အတွေးနဲ့ လုပ်ရပ်တွေ အပေါ် တကယ် နောင်တရမိပါတယ်။

တရားစာ တပြုံချည်း အလွတ်ရတာနဲ့ ဗုဒ္ဓဘာသာဝင် စစ်စစ်လို့ ကိုယ့်ဖာသာ ကိုယ် ခေါ်ဝေါ်ပြီး ကျေနပ်ခဲ့ တာတွေလည်း ရှက်လာတယ်။
မေတ္တာဓာတ်ပြည့်ဝတဲ့ ဗုဒ္ဓဘာသာကို အကြမ်းဘက် ချုပ်ချယ်တဲ့နည်းတွေ၊ လှုံ့ဆော်မှုတွေနဲ့ ပူဇော်နေတဲ့ ဘာသာရေး ဘန်းပြ အရည်းကြီးနောက်လိုက်တွေကိုလည်း ရွံလာမိတယ်။
တရားမျှတမှုကို လိုလားတဲ့ ဗုဒ္ဓဘာသာကို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ အရောင်တင်ချင်တဲ့ ဒေ၀ဒတ် လက်သစ်တွေကိုလည်း ရှုံချမိတယ်။
ပြည်သူပြည်သားတွေ ရင်ထဲမှာ ဘုရားတည်နိုင်အောင် ကြိုးစားရမယ့်အစား ဓားဓားချင်း ဒုတ်ဒုတ်ချင်း ၀ါဒကို အမျိုးစောင့်ဝါဒအဖြစ် မတရား အသက်သွင်းမယ့် သင်္ကန်းဝတ်တွေကိုလည်း ကိုယ့်အတိတ်က လုပ်ရပ်နဲ့ နှိုင်းယှဉ်ပြီး စိတ်ပျက်မိတယ်။

ဒါကြောင့် ကျနော် ယနေ့
ဘယ်သူပဲဖြစ်နေနေ၊ဘာအကြောင်းကြောင့်ပဲဖြစ်နေနေ
ဥပဒေမဲ့ အကြမ်းဖက်ရင် ပြစ်တင် ရှုံချပါတယ်။
အင်အားနဲတာကို အခွင့်ယူပြီး မတရားသဖြင့် အနိုင်ကျင့်ရင် ကန့်ကွက်ပါတယ်။
ဖရုသ၀ါစာ ရိုင်းစိုင်းစွာ ဆဲဆိုရေးသားသူများကို ရှောင်ကျဉ်ပါတယ်။

ပြီးတော့
ငြိမ်းချမ်းရေး၊တရားမျှတရေးကို တန်ဘိုးထားတဲ့ ဗုဒ္ဓဘာသာရဲ့ အရေကို ခြုံပြီး 
လူမျိုးခြား၊ ဘာသာခြားက လုပ်တော့ မိမိတို့ကို စော်ကားတယ်လို့ သွေးနားထင်ရောက်တဲ့သူတွေ 
ကိုယ်တိုင်က သူတို့ ပြစ်တင်တဲ့ သူတွေရဲ့ နည်းအတိုင်း ပြန်လုပ်တာကိုတော့
မိမိတို့ လုပ်ရပ်အပေါ် ဒါတရားတယ်၊ ဒါအမျိုးဘာသာ သာသနာ ကာကွယ်တာဖြစ်တယ် ဆိုပြီး အသံကောင်းဟစ်၊ မကောင်းမှုကို သိသိကြီးနဲ့ ကျူးလွန်နေသူတွေကို အထူး အထူး စက်ဆုပ် ရွံရှာပါတယ်။

လောကပါလ တရားဖြစ်တဲ့ "မကောင်းမှုကို ပြုလုပ်ခြင်းအား ရှက်ခြင်းနဲ့ ကြောက်ခြင်း" ကို မကျင့်သုံးနိုင်သမျှ မည်သည့် အမျိုးကိုမှ ကာကွယ်ပေးနိုင်စွမ်း မရှိဘူးဆိုတာကို လက်တွေ့ သိမြင်ခဲ့တဲ့အတွက် ရှေ့ကိုလည်း ဗုဒ္ဓက ညွှန်ကြားတဲ့ အမှန်တရားကို ညစ်ညူးအောင်လုပ်မယ့် မည်သည့် လုပ်ရပ်မဆို ပြင်းထန်စွာ ဆန့်ကျင်သွားမယ်လို့ အဓိဌာန်ပြုမိတယ်ဗျာ။
ကျနော့်လို မမှားကြစေဖို့ပါ။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

3 comments:

Unknown said...

ကိုးရီးယားကိုလာပြီးအလုပ်လုပ်ာကသူတွေဟာနှိမ့်ချဆက်ဆံခံရတယ်ဆိုတာကိုယ်တွေ့ မလို့ လက်ခံပါတယ်.ဒါပေမဲ့
မြန်မာပြည်ကကုလားတွေနဲ့ တော့ ရောပြီးမကျိတ်စေချင်ဘူးလေ.ဒီရောက်နေတဲ့အလုပ်သမားတွေကကိုရီးယားလူမျိုးတွေရဲ့ဘာသာယဉ်ကျေးမှုကိုလေးစားပြီးနေကြရတာပါ
မြန်မာပြည်ကကုလားတွေဆိုတာကတရားမဝင်ဝင်ရောက်နေထိုင်ကြတာ.ပြီးတော့အိမ်ရှင်နိုင်ငံရဲ့ဘာသာ.ယဉ်ကျေးမှု
ကိုရောဘယ်လိုတုန့် ပြန်နေထိုင်ကြလဲဆိုတာလဲမကြားချင်
အဆုံးပါပဲဗျာ..အကိုလဲအလတ်တန်းတောင်အောင်မြင်
ထားပြီဆိုတော့အကြောင်းအကျိုးကိုဝေဖန်ဆန်းစစ်နိုင်စွမ်းရှိမှာပါဗျာ..ဘုရားဟောတာတော့..တူသောအကျိုး
ပေးတယ်လိုကြားဘူးတာပဲလေ

ကိုဝိုင်း (မိုးညှင်း) said...

စိတ်ပျက်မိတာအမှန်ပါ

စိုးမိုးသူ said...

အေးဗျာ၊ မြန်မာပြည်က ကျနော့်သူငယ်ချင်းကုလားတွေကတော့ မြန်မာတချို့ထက်တောင် ယဉ်ကျေးသိမ်မွေ့ကြတယ်လေ။ဒါပေမယ့် သူတို့ ရိုင်းတဲ့ မြန်မာတွေ့ရင် မြန်မာတွေရိုင်းတယ်လို့မပြောပါဘူး၊ မြန်မာတချို့လို့ပဲပြောတယ်လေ။ ရောကြိတ်တယ် မကြိတ်ဘူးဆိုတာ ဒါမျိုးကိုပြောတာလားမသိဘူးနော်။
တရားမ၀င်ဝင်ရောက်နေထိုင်လို့ ပြသနာဖြစ်ရတယ်လို့ မမြင်ပါဘူး။ ကျနော် အပါအ၀င် ယနေ့ကိုရီးယားက နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းတွင်း ဦးဆောင်သူတွေ၊ လှုပ်ရှားနေသူတွေ အားလုံး တချိန်က ကိုရီးယားမှာ တရားမ၀င် နေထိုင်ခဲ့သူတွေပါ။
ကျနော်တို့ တရားမ၀င်နေထိုင်တာကလွဲရင် ဒီမှာရှိတဲ့ မြန်မာတွေ၊ ဘ၀တွေ ရွှေ့ပြောင်းအလုပ်သမားတွေအကျိုးအတွက် အိပ်စိုက် အချိန်ပေး ကြိုးစားလုပ်ကိုင်နေထိုင်ခဲ့တာ သမိုင်းတွင်နေပါပြီ။
မြန်မာပြည်မှာ တိုင်းတပါးသားတွေ ထင်တိုင်းဝင်နေနိုင်တာဟာ ကိုယ့်ခြံကိုယ်လုံအောင် မစောင့်ရှောက်နိုင်တဲ့ အစိုးရကိုလည်း မေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။
အိမ်ရှင်နိုင်ငံရဲ့ ဘာသာ၊ ယဉ်ကျေးမှုကိုပဲဖြစ်ဖြစ် လူနည်းစုက ယုံကြည်ကိုးကွယ်တဲ့ ဘာသာကိုပဲဖြစ်ဖြစ် ဥပဒေမဲ့ တုန့်ပြန်တယ်ဆိုရင်တော့ တုန့်ပြန်သူကော ဥပဒေမဲ့နေတဲ့ တိုင်းပြည်အစိုးရကိုကော အပြစ်ပေးရမှာပါ။
ဗမာက ကုလား မစော်ကား၊ ကုလားက ဗမာမစော်ကားတဲ့ အခြေအနေရောက်ဖို့ ၂ဘက်လုံးစောင့်ထိမ်းပေးကြရမှာဖြစ်သလို မစောင့်ထိမ်းပဲ ထိခိုက်နစ်နာအောင်လုပ်တဲ့ ဗမာဖြစ်ဖြစ် ကုလားဖြစ်ဖြစ် မျှတတဲ့ ဥပဒေအောက်မှာ အစီရင်ခံရမှာဖြစ်ပါတယ်။
မြန်မာပြည်တွင်း ဥပဒေအရိပ်အာဝါသအောက် ကောင်းကောင်းမနေသူတွေ အကုန်လုံး ရင်သား ကျောသားမရွေး စီရင်ရမယ်ဆိုတာ ကျနော့် တိုက်တွန်းချက်ပါ။