Wednesday, February 11, 2009

ရွှေအင်အားက ကိုရက်ပ်စ်-မြန်မာလုပ်သားများကို ဆက်လက် စောင့်ရှောက်မည်

ကိုဝိုင်း(မိုးညှင်း)
ဖေဖေါ်ဝါရီ ၃ ၊ ဆောအူးလ်မြို့ ။
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများကို ရွှေအင်အားကုမ္ပဏီက ဆက်လက် စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ၊ ယခုအခါ ရွှေအင်အား အနေဖြင့် ၄င်း၏ စောင့်ရှောက်မှုကို ခံယူလိုသည့် မြန်မာ အလုပ်သမားများနှင့် အစောင့်ရှောက်ခံသဘောတူ စာချုပ်များ ချုပ်ဆိုလျက်ရှိကြောင်း သိရှိရပါသည် ။
ရွှေအင်အား၏ စီမံခန့်ခွဲမှုဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သင်သင်တန်းသားအဖြစ် ရောက်ရှိလာခဲ့ကြပြီး ၊ ဥပဒေအရ ကိုရက်ပ်စ်- လုပ်သားများအဖြစ် သွတ်သွင်းခံခဲ့ရသည့် မြန်မာလုပ်သားအချို့ အဆိုပါ သဘောတူစာချုပ်ကို ချုပ်ဆိုကြပြီးဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန် နေထိုင်သူ များအဖြစ် ရောက်ရှိသွားကြသူများကိုမူ ဆက်လက်စောင့်ရှောက်ခြင်း ရှိမရှိကိုမူ မသိရသေး ကြောင်းနှင့် ၊ မည်သည့် ကိစ္စများကို မည်ကဲ့သို့စောင့်ရှောက်မည်ဆိုသည် ကိုလည်း မသိရှိရသေးဟု ဆိုပါသည် ။
သေခြာသည့်အချက်မှာ စောင့်ရှောက်ခအဖြစ် တစ်လလျင် ကိုရီးယားဝမ် ၃ သောင်း ၃ ထောင် ပေးဆောင်ကြရမည်ဖြစ်ကြောင်း ၊ သို့ရာတွင် မြန်မာပြည်ပြန်သွားလျင် ဆက်လက် ကောက်ခံ တော့မည်မဟုတ်ဟု အစောင့်ရှောက်ခံစာချုပ်များချုပ်ဆိုရန် လှုံ့ဆော်နေသည့် ဝန်ထမ်းက ပြောဆိုသွားကြောင်း သိရပါသည် ။
ကိုရီးယားအစိုးရသည် ၊ သင်တန်းသားစနစ်ကို ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီး ဖြစ်ကြောင်း ၊၄င်းတို့၏ စီမံခန့်ခွဲမှုကိစ္စများကို ကိုရီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနက ဥပဒေအတိုင်း ဆက်လက် တာဝန်ခံ ဆောင်ရွက်ပေးရမည်ဖြစ်သဖြင့် ၊ ကိုယ်စားလှယ် ကုမ္ပဏီများ၏ အခန်းကဏ္ဍ နိဂုံးချုပ်ခဲ့ပြီး ဖြစ်ကြောင်း ၊ သို့ရာတွင် ကိုရီးယားနိုင်ငံသို့ သင်တန်းသားများ စေလွတ်ခဲ့သည့် အချို့သော နိုင်ငံများမှ အမိန့်ရ ကုမ္ပဏီများသည် အရှိန်မသေသေးဘဲ ၊ အသွင်ပြောင်း ကိုရက်ပ်စ် လုပ်သား (သင်တန်းသားဟောင်း) များထံမှ စီမံခန့်ခွဲမှု စရိတ်များကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက် ကောက်ခံခဲ့ကြ ကြောင်း ၊ တစ်ဦးလျင် ၁-နှစ်အတွက် ဝမ် ၃၉၆,၀၀၀နှုန်း ကောက်ခံခြင်းဖြစ်ရာ ၊ လုပ်သား တစ်ထောင် ကျော်ရှိသော နိုင်ငံ တစ်နိုင်ငံကဆိုလျင် ၁-နှစ်စာ အတွက် စီမံခန့်ခွဲစရိတ် ကောက်ခံရရှိမှုမှာ အမေရိကန် ဒေါ်လာ ၄ သိန်း ကျော် (မြန်မာကျပ်ငွေ သိန်း ၄ထောင်ကျော်) ဖြစ်ကြောင်း အခြား သတင်း အခြေအမြစ် များထံမှ သိရှိရပါသည် ။
မြန်မာကိုယ်စားလှယ် ကုမ္ပဏီ ရွှေအင်အား အနေဖြင့်မူ ၊ သင်တန်းသားစနစ်အဆုံးသတ်ပြီးချိန် ကာလအတွင်း စီမံခန့်ခွဲမှုစရိတ်များ ဆက်လက် ကောက်ခံမှု ရှိမရှိကိုမူ မိမိ သေသေခြာခြာ မသိဟု သတင်းပေးပို့လာသူက ဆိုပါသည် ။

11 comments:

စိုးမိုးသူ said...

ငွေယူပြီးစောင့်ရှောက်မယ့် ရွှေအင်အားရဲ့ အနိုင်ကျင့် တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့ အကျင့်ဆိုးကို အတူလက်တွဲတိုက်ပွဲဝင်ကြစို့
တို့မြန်မာနိုင်ငံသားတွေညီကြပါ၊ရလာတဲ့ သတင်းတွေ ကို pcnmbk@gmail.comကို ပေးပို့ပေးကြပါ။

ဝင်းပေါ်မောင် said...

အလုပ်ပါမစ်စနစ် (ကိုရက်စ်) အရ ကိုရီးယား အလုပ်သမား ဌာနမှာ မှတ်ပုံတင်ပြီးရင် ခြားခံ ကိုယ်စားလှယ်/ကုမ္ပဏီ/ပွဲစား ဘယ်သူမှ ၀င်ပါစရာ မလိုတော့ပါဘူး။ ကိုယ့်ကိစ္စကို အလုပ်သမားဌာနနဲ့ တိုက်ရိုက် ဆယ်သွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေ အဖို့ ကိုယ့်အားကိုယ်ကိုး ရမှာပါ။ ရွှေအင်အားရဲ့ အစောင့်အရှောက်ကို ခံယူလိုလို့ စာချုပ် ချုပ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် နွားကျခံတာပဲ ဖြစ်ပါလိမ့်မယ်။

winlatt said...

ခေါင်းပုံဖြတ်သူကို တိုက်ဖျက်ကြ။
အလိုတူအလိုပါ ကို(မြန်မာ)ကို နိုပ်ကွက်ကြ။
မသိနားမလည် ငွေဝယ်ကျွန်ဘဝ
မရှိစေရ။
မြန်မာအချင်းချင်း ရိုင်းပင်းကူညီကြ။

Unknown said...

ကိုကြီးဝိုင်းခင်ဗျား။
ရွှေအင်အားက အုပ်ချုပ်မှုစရိတ်ဆိုပြီး ၊ ကျနော်တို့ဆီက၂၀၀၈ ခု (၁) နှစ်လုံးဖြတ်ခဲ့ပါတယ်ခင်ဗျား ။
မဖြတ်ဖို့ စက်ရူံကိုပြောတော့ ၊ ရွှေအင်အားကိုပြောပါ ။ သူတို့ ဖြတ်ခိုင်းလို့ ဖြတ်ရတာဆိုပြီးပြောပါတယ် ။
ရွှေအင်အားကို မဖြတ်ဖို့ ပြောတော့ ၊ အဖြတ်မခံချင်ရင် အပြန်စရိတ်အာမခံငွေကို မပေးတော့ဘူး ။ ယူလိုက်မယ်ဆိုပြီး ပြောပါတယ် ။ အဲဒါနဲ့ပဲ - အေင့်သက်သက်နှင့် အဖြတ်ခံနေရတာပါ ။ အဲဒါကို ကျနော်တို့ မကျေနပ်ပါဘူး ။ ဘယ်လိုလုပ်ရင် ပြန်တောင်းလို့ရပါ့မလဲ ။ အကြံပေးပါဦးခင်ဗျာ ။
ကျနော်တို့စက်ရုံမှာ ရွှေ ၃ ယောက်ရှိပါတယ် ။
လေးစားစွာဖြင့်-
ညီငယ် ၊ အောင်အောင်

ကိုဝိုင်း (မိုးညှင်း) said...

၎င်းကိစ္စ ကိုဝိုင်းနှာစေးနေပါသည် ။ နှာစေးပျောက်လျင် နည်းနည်းစီ ရေးပါဦးမည် ။ တောင်းတဲ့နည်းကတော့ အမျိုးမျိုးရှိပါသည် ။ ငါးပိရှင်က အိပ်လို့ကောင်း ဆားရှင်က ခွေးမောင်း ဆိုသလို ဖြစ်နေလို့က မသင့်တော်ဟု သဘောရပါသည် ။......

burmaactionkorea said...

ကိုအောင်အောင်ခင်ဗျာ~
အလုပ်သမားတယောက်ရဲ့လစာကို အလုပ်သမားမှ သဘောတူညီချက်၊ ခွင့်ပြုချက် မပြုပါက အဆိုပါ လစာကို အခြားသူ တယောက်မှ တဆင့် အလုပ်သမားထံ လွှဲပေးခြင်း ၊ အခြားသူထံ လွှဲ ပြောင်းပေးခြင်း မပြုလုပ်ရလို့ ကိုရီးယားအလုပ်သ မားဥပဒေမှာ ဆိုထားပါတယ်။ ဥပဒေပါအကြောင်း အရာကနေ ဆန့်ကျင်ပြီး ဘယ်လိုချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပါစေ တရားမ၀င်တဲ့ စာချုပ်ပဲ ဖြစ်ပါတယ်။ ကျေနပ်မှုမရှိရင် အလုပ်သမားရုံးကိုတိုင်ပါ။ အခက်အခဲရှိရင် ၀၁၀ ၇၁၅၅ ၆၅၈၁ကိုဆက်သွယ်ပြီး အကူအညီတောင်းခံ နိုင်ပါတယ်။
မတရား ခေါင်းပုံဖြတ် အနိုင်ကျင့်မှု ကျဆုံးရမည်။

စစ်ကျွန်အဖြစ် နွံနစ်မခံ said...

ရွှေအင်အားက ဟောက်စား လုပ်နေတာပါခင်ဗျာ..။ သင်တန်းသားတွေ မလာခင်က မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများ အာမခံထားရတဲ့ ကိစ္စကိုကြည့်ပါ။ ဒီရောက်တော့ ထွက်ပြေးသွားတဲ့သူတွေ အများကြီးပါ..။ အဲဒီတုန်းကလည်း ဦးတင်မောင်မြင့်ကြီး တရားစွဲမယ်ဆိုပြီး ပဲခူးက တစ်ယောက်ကို ရုံးတင်ပါတယ်ခင်ဗျာ..။ သူပဲ ရှုံးသွားတာနဲ့ အုတ်အော်သောင်းနင်း မဖြစ်အောင် ဟန်ကိုယ့်ဖို့ လုပ်ခဲ့ရပါတယ်ခင်ဗျာ..။ အခု ဒီအကျိုးဆောင်ခ ကိစ္စကိုလည်း ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူနဲ့ ဆွေးနွေးဖူးပါတယ်ခင်ဗျာ။ KFSB ကလည်း သူတို့ကို ကောက်ခံဖို့ တာဝန်ပေးမထားပါဘူးတဲ့...။ ဒီမှာ ရှိနေတဲ့ သင်တန်းသားတွေရဲ့ နောက်ကြောင်းပြန် ထိမ်းသိန်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကိုရီးယားနိုင်ငံမှာ ရုံးခွဲဖွင့်လုပ်ဆောင်ဖို့ ရွှေအင်အားနဲ့ KFSB စာချုပ်ချုပ်ဆိုစဉ်က ပါရှိခဲ့ပါတယ်။ သို့သော် ဒီရုံးရဲ့ ကုန်ကျစားရိတ်တွေကိုတော့ ရွှေအင်အားကသာလျှင် အကုန်ကျခံရမှာ ဖြစ်ပါတယ်တဲ့ခင်ဗျာ..။ တစ်ကယ်တော့ စာချုပ်ချုပ်ထားတာက ရွှေအင်အားနဲ့ ကိုရီးယားသူဌေးနဲ့ပါခင်ဗျာ..။ အစကတည်းက ရွှေအင်အားရရင် သူက ဒီမှာ အကျိုးဆောင်ခ ကောက်မယ်ဆိုပြီး သဘောတူထားတာပါခင်ဗျာ..။ ကိုရီးယားဘက်မှာတော့ ရွှေအင်အားက ဘာမှ လုပ်လို့မရပါဘူးခင်ဗျာ့... သူတို့ကောက်လို့ မရပါဘူး။ မြန်မာပြည်ဘက်မှာတော့ သူတို့က အလုပ်သမားဝန်ကြီးကို သိန်းရာနဲ့ချီပြီး ပေးကျွေးပြီးတော့ သူတို့ လိုချင်တဲ့ ဥပဒေကို ဘောင်ထဲက တောင်းယူပါတယ်။ ဟိုတစ်လောက ရွှေအင်းဝနဲ့ ရွှေအင်အား သတင်းစာထဲကနေ အပြိုင်အဆိုင်ကြော်ငြာတာကို ကြည့်ပါ..။ ၀န်ကြီးက ဒီဘက်ကျတော့ စစ်တပ်၊ ဟိုဘက်ကတော့ အရာရှိပိုင်းနဲ့ ပါတ်သက်ပြီး သူ့ကို ပေးကျွေးထားတဲ့သူဆိုတော့ အပြစ်လွတ်အောင် ရွှေအင်းဝကို နှုတ်မိန့်နဲ့ပဲ ချပေးလိုက်ပါတယ်တဲ့ခင်ဗျာ..။ ဒီဘက်အပိုင်းကိုတော့ ရွှေအင်အားကပဲ ပေးကျွေးပြီးတော့ အပိုင်ကိုင်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်မှာ သူတို့ ရနေလို့ပါပဲ။ ဒါတင်မကသေးပါဘူး။ စက်ရုံတွေကိုလည်း သူတို့က ကိုင်ထားပြီး အဲဒီစက်ရုံတွေကနေ သူတို့ လက်ခံထားတဲ့လူတွေကို ပို့နိုင်အောင် ကျိုးစားဦးမှာပါ..။ ဒီဘက်အပိုင်းကို လုပ်ခွင့်မရတော့ကာ ရွှေအင်းဝမှာလည်း ဘာမှ သိပ်မတတ်နိုင်ရှာပါဘူး။ ကိုရီးယားဘက်က သူဌေးကလည်း ဒီဘက်အပိုင်းကို ပေးထားပါတယ်။ ဒါကြောင့် စာမေးပွဲဖြေဖို့ကို အကြာကြီး ကြာသွားရတာပါ။ ပြီးတော့ ကိုရီးယားစကား ကောင်းကောင်းမတတ်တဲ့သူတွေကို ငါတို့ စကားပြန်လုပ်ပေးမယ်ဆိုပြီး နားလှည့်ပါးရိုက်ပါတယ်။ ပြီးတော့ သူတို့ အပိုင်ကိုင်ထားတဲ့ စက်ရုံတွေ ရှိပါတယ်။ အလုပ်သမား ခေါ်ခွင့် သိပ်မရှိတဲ့ စက်ရုံတွေကို သူတို့က ဘောင်ထဲကနေ ပါးပါးလေး ချကျွေးထားပါတယ်။ ဒါတင်မကသေးပါဘူး..။ လက်ရှိ စကားပြန်လည်း ရှိပါသေးတယ်။ သူက ပြန်သွားလေတဲ့ စကားပြန်နဲ့ မတူတာတွေ ရှိပါတယ်။ ရောက်လာကတည်းက အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်။ အပိုင်းလေး နဲ့ သွားဖို့ ပြင်ပါတယ်။ သူက ဒီလမ်းကြောင်းလာချင်လို့ မြန်မာပြည်မှာထဲက သခင်အားရအောင် သင်တန်းသားတွေကို ဟောက်စားလုပ် နှိပ်စက်ခဲ့တာပါ။ ဒီရောက်တော့ သူလုပ်သွားတာက သင်းပါတယ်ခင်ဗျာ..။ အားလုံးကို အဆင်ပြေအောင် လုပ်ပေးတယ်ဆိုပြီး သတင်းထွက်အောင် လုပ်လိုက်ပါတယ်..။ အဲဒီတော့ ကြားကြားသမျှ ကိုကိုရွှေအပေါင်းကလည်း လှမ်းဖုန်းဆက်ပြီး အလုပ်ထွက်လိုက် ကျတော့တာပါပဲ..။ အလုပ်ထွက်တဲ့သူတွေ အများကြီးဖြစ်လာတော့မှ သူက စ ပါတော့တယ်။ လာထား..လာထား.. ပေါ့ဗျာ..။ ပြီးတော့ လူရင်းမွေးလိုက်ပါတယ်။ သူ မွေးထားတဲ့သူတွေ အများကြီးပါ..။ သူ့အခန်းခေါ်ထားပြီး သူတို့ အပိုင် စက်ရုံတွေက ခေါ်ရင် သူ့လူကို လက်သိပ်ထိုး ထည့်ပါတယ်။ သူများတွေ အလုပ်သမားရုံးက ရှာလာတဲ့အထဲက ရရင် သူ့လူတွေကို ညှပ်ထည့်ပါတယ်..။ ဒါကလည်း အကြောင်းရှိပါလိမ့်မယ်။ သူက ဒီမှာ တစ်ခြားလမ်းကြောင်း ရှာနေပုံရပါတယ်။ သူပုံစံကို ကြည့်ရတာ လူမွေးပြီး လမ်းကြောင်းပြောင်းမယ့် ပုံစံပါပဲ။ အရင်းစစ်လိုက်တော့ ဘာလဲ။ ကျွန်တော်တို့ အားလုံး အသုံးမကျလို့ ဖြစ်ရတာပါပဲ။ ကျွန်တော်တို့ သူတို့ အကူအညီ မရှိပဲ ကိုယ့်အားကိုယ်ကိုးနိုင်ရင် သူတို့ကို ဂရုစိုက်စရာ မလိုပါဘူး။ နောက်တစ်ခုက အသင်းအဖွဲ့တွေထဲကမှ မြန်မာအသင်းလိုအဖွဲ့ပါ။ သူတို့ မြန်မာအလုပ်သမားတွေကို ဘာမှ ထိထိရောက်ရောက် မကူညီနိုင်ပါဘူး။ အားနည်းနေပါတယ်။ အခုနောက်ပိုင်း အရည်အချင်းမရှိတဲ့သူတွေ များနေလို့ လို့ ထင်ပါတယ်။ ကျွန်တော်တို့ အားလုံးကလည်း တစ်ယောက်ကို တစ်လ သုံးလေးထောင်လောက် စုကြရင် ကိုရီးယားစကားကျွမ်းကျင်တဲ့သူ တစ်ယောက်ကို လစာပေးထားလို့ ရတာပေါ့ဗျာ..။ လစာရရင် စကားပြန်ပေးတဲ့သူလည်း လုပ်ပေးနိုင်တာပေါ့။ ဒီလို စကားပြန်ပေးတဲ့သူရှိပြီး မြန်မာအလုပ်သမားတွေရဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရင် ရွှေအင်အားဆိုတာ မလိုပါဘူး။ ကိုယ့်လူတွေကလည်း ပိုက်ဆံလေး သုံးလေးထောင်လောက်ကို နှမြောကြတယ်။ သောက်မယ် စားမယ်ဆိုရင်သာ လေး ငါး ခြောက်သောင်း သုံးလိုက်မှာ။ ဟုတ်တယ်နော်။ အသင်းအဖွဲ့တွေကလည်း ထိထိရောက်ရောက် လုပ်ပေးဖို့ လိုနေသလို၊ ကာယကံရှင်တွေကလည်း အသင်းအဖွဲ့တွေ အားရှိအောင် ထောက်ပံ့ပေးကြဖို့လည်း လိုပါတယ်။ အသင်းအဖွဲ့တွေကလည်း ဆိုင်းဘုတ်ကလေးတင်ပြီး အိပ်ငိုက်မနေဖို့လည်း လိုပါသဗျ။ အလွဲသုံးစားလုပ်နေတယ် မထင်ရအောင် ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင်လုပ်ပြဖို့ လိုသလို၊ မြန်မာ့အလုပ်သမားအရေးကို ထိထိရောက်ရောက် လုပ်ပေးဖို့ လိုနေပြီ ထင်ပါတယ်။ ပြောရတာလည်း ဂျာအေး သူ့အမေရိုက်ပါပဲဗျာ..။ ကျုပ်တို့အားလုံး အသုံးမကျတာနဲ့ပဲ ကြားထဲက ရွှေအင်အားက ငွေထုပ်ပိုက်နေတော့တာပါပဲ..။ အားလုံး မညီညွှတ်သရွေ့တော့ ခံပေဦးတော့ ကိုယ့်လူတို့ရေ..။ တော်ပြီဗျာ..။ မောတယ်။ ကျုပ်လည်း ဟိုဟိုဒီဒီ လည်လိုက်ဦးမယ်ဗျို..။ လူကြီးမင်းများ စဉ်းစားတော် မူကြပါကုန်....။

စိုးမိုးသူ said...

အခုလို တိတိကျကျ ထုတ်ဖော်ပြောကြားပေးတဲ ကိုပုဂံ သားကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အမှန်တော့ အသင်းအဖွဲ့တွေထဲမှာ လှုပ်ရှားနေတဲ့သူမှန်သမျှဟာ စက်ရုံအလုပ်သမားတွေပါပဲ။ ဒါကြောင့် ပိတ်ရက်မဟုတ်တဲ့ရက်တွေမှာ ဆိုရင် အလုပ်သမား ကိစ္စတွေကို အပြင်ထွက်ပြီး ဖြေရှင်းပေးဘို့ရာမှာ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ တခါက နိုင်ငံခြားသား အလုပ်သ မားစင်တာဌာနတခုက ဥက္ကဌတယောက်က ကျနော့်ကို အကြံပေးဘူးတယ်။
ခင်ဗျားတို့ထဲမှာ အလုပ်သမားတွေကို ကောင်းကောင်းအကူအညီပေးနိုင်တဲ့သူ(စကားပြန်၊
အလုပ်သမားဥပဒေကိုနားလည်သူ)ကို အကူအညီ တောင်းခံတဲ့သူတွေက အလှူငွေပေးပြီး အကူအ ညီတောင်းမယ်ဆိုရင်၊လစဉ်ငွေအနည်းငယ်စီ
စုပြီးထောက်ပံ့ပေးခြင်းအားဖြင့် ရပ်တည်ခိုင်းမယ် ဆိုရင် ဖြစ်နိုင်မလားလို့ မေးပါတယ်။ ကျနော်က ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ဒီအလေ့ အထက အတွေ့အကြုံနည်းတာရယ်၊ငွေပေးတာ ငွေယူတာကို အကောင်းထက် အဆိုးမြင်တာတွေ ကပိုများတာကြောင့် ကိုယ့်အိတ်စိုက်ပြီး ပီတိကိုစား အားရှိတယ်လို့ ခံယူချက်မရှိပဲ ဘယ်သူမှ လုပ်မှာမ ဟုတ်တာကြောင့် ဖြစ်နိုင်ရင် ခင်ဗျားတို့စင်တာမှာ မြန်မာအလုပ်သမားအရေးအကူအညီပေးမယ့် မြန်မာတယောက်ကို လစာပေးအလုပ်ခန့်ပါလား လို့ အကြံပေးဘူးပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ဟန်းဂုရွာညီအကိုတွေ မိမိတို့ ထင်မြင်ချက်၊အကြံကောင်းလေးတွေ ကွန်မင့်ပေးကြပါလားဗျို့~~

ဝင်းပေါ်မောင် said...

ပထမဆုံး ပြောချင်တဲ့ အချက်က - သင်တန်းသား/ပါမစ်အလုပ်သမားတွေ ကိုယ်တိုင် စတင်လှုပ်ရှားလာဖို့ လိုပါတယ်။ အခု နည်းနည်း စလာပြီလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ လိုသေးတယ်။ အလုပ်သမား အခွင့်အရေးကို တကယ်စိတ်ဝင်စားပြီး အကူအညီ ပေးခဲ့ကြ ပေးနေကြသူတွေက အိုတွေနဲ့ အခြားသူတွေပါ။ ကာယကံရှင်တွေကိုယ်တိုင် ဥပဒေဘောင်ထဲကနေ အရင်ဆုံး လှုပ်ရှားကြဖို့ လိုပါတယ်။

ဒုတိယအချက်က - သင်တန်းသား/ပါမစ်အလုပ်သမားတွေကို အလုပ်သမား အဖွဲ့အစည်းတွေမှာ မပါဝင်ရဘူး၊ မဖွဲ့စည်းရဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါကိုကြည့်ပြီး တချို့က အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ်။ အချို့အလုပ်ရှင်က အကြပ်ကိုင်တယ်။ ဒါကြောင့် ပါးနပ်လိမ္မာစွာ ဆက်ဆံ လုပ်ကိုင်နိုင်ဖို့ လိုတယ်။ အဖွဲ့အစည်းတွေက ရှေ့ကို ကျော်ထွက်လို့ မရသေးဘူး။ ကာယကံရှင်က ရှေ့ကထွက် အဖွဲ့အစည်းက နောက်တွန်း၊ ဆိုသလို လုပ်ကြရဦးမယ်။

တတိယအချက်ကတော့ - အားလုံး စုပေါင်းပြီး ဆွေးနွေးပွဲတွေ၊ ၀ပ်ရှော့တွေ လုပ်နိုင်ဖို့ လိုတယ်။ အရင်ကတည်းက ဒါမျိုးတွေ လုပ်ဖို့ ပြောဆိုခဲ့ကြတာတွေ ရှိပါတယ်။ တခါတရံ သင်တန်းတွေ ဘာတွေ လုပ်ကြတာလည်း တွေ့ပါတယ်။ တကြိမ်နဲ့တော့ မရဘူး။ များများ လုပ်နိုင်ဖို့ လိုတယ်။ လုပ်ရင်းနဲ့ လမ်းပွင့်သွားမှာပါ။

ကိုကိုနာရ်ဂစ် said...

ကိုပုဂံသားခင်ဗျာ ။
ပြောတာ နည်းနည်းလွဲနေပါတယ် ။ ရွှေအင်းဝက နှုတ်မိန့်နှင့်ရထားတဲ့ ကုမ္ပဏီမဟုတ်ပါ ။ ကိုရီးယားအစိုးရနှင့် MOU လက်မှတ်ထိုးရာမှာ Myanmar Military Junta ရဲ့ Recommendation အရ မြန်မာအစိုးရ ကိုယ်စားလက်မှတ်ထိုးထားတဲ့ တရားဝင် အခွင့်ရအဖွဲ့အစည်းပါ ။ နှုတ်ကတိနှင့်လုပ်စားခွင့်ပြုထားတာက ရွှေအင်အားကိုပါ ။ လုပ်ခွင့်လျှောက်ထားတဲ့အခါက ရွှေအင်အားအမည်မသုံးဘဲ ဦးတင်မောင်မြင့်ရဲ့ အမှတ်(မသိ)ဇနီး ဒေါ်မော်မော် နာမည်နှင့်လျှောက်တာလို့ဆိုပါတယ် ။ လုပ်ခွင့်ရအောင်လို့ဆိုပြီး မြန်မာအလုပ်သမားဆီက အကျိုးဆောင်က တစ်ပြားမျှမယူပါ ။ ကိုရီးယားလုပ်ငန်းရှင်ဆီက တောင်းယူပါမည်ဆိုပြီး ရွှေအင်အားကိုလိမ်ပြီး လျှောက်ခဲ့တာပါတဲ့ ။ အဲဒီအချက်နှင့်ပဲ ဒီလိုဆိုလုပ်ကြည့်ဆိုပြီး ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ် ။ စာထုတ်ြပီးခွင့်ပြုတာမဟုတ်ဘူးလို့ဆိုပါတယ် ။
နောက်ပြီး ကိုရီးယားမှာ ပိုက်ဆန်ဖြတ်တဲ့ကိစ္စ ကိုရီးယားကို တာဝန်လွှဲချသလို ဖြစ်နေပါတယ် ။ ဘယ်သူ့ကိုပဲ လွဲချလွဲချ မတရားယူထားတာ ဆိုလျင် ပြန်တောင်းလို့ ရရမှာပေါ့ခင်ဗျာ ။ အစိုးရရှိတဲ့နိုင်ငံ ၊ ဒီမိုကရေစီအခွင့်အရေး အတော်အသင့်ရှိတဲ့နိုင်ငံမဟုတ်လား ။
++++
ကိုပေါ်ခင်ဗျာ ။
ကိုဝင်းပေါ်မောင်ပြောတဲ့ဟာလည်းပဲ နည်းနည်းလွဲနေပါတယ် ။
အီးပီလုပ်သားများဟာ ဥပဒေအရ ၊ အလုပ်သမားများအခြေခံအခွင့်အရေး ၃ ရပ်ကို ရရှိကြပြီးဖြစ်ပါတယ် ။ ဖြစ်နေတာက တကယ်လက်တွေ့မှာ ကိုရီးယားအစိုးရက ၊ ခွင့်မပြုသေးတာပါ ။ ကိုယ်ထုတ်ထားတဲ့ဥပဒေကို ကိုယ်မလေးစားတဲ့ အစိုးရစာရင်းမှာ ကိုရီးယားအစိုးရလည်း ပါတယ်လို့ဆိုရမှာပေါ့ခင်ဗျာ ။ သာဓကအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားသမားအစည်းအရုံး(MTU)ခေါင်းဆောင်များကို ဖမ်းပြီးပြန်ပို့လိုက်တဲ့ကိစ္စတွေပါပဲဗျာ ။ ဆက်လက်တိုက်ပွဲဝင်သွားကြရင် အောင်မြင်နိုင်တဲ့ကိစ္စလို့ သဘောရပါတယ် ။ ဒီအခြေအနေထိ ဥပဒေမှာ ထည့်သါင်းပြထားပေးရတဲ့အထိ ဖြစ်လာတာလည်း ရွှေ့ပြောင်းအလုပ်သမားအရေးလိုလားသူများ မရပ်မနားတိုက်ပွဲဝင်ခဲ့ကြလို့မဟုတ်ပါလားခင်ဗျာ ။
ကိုပေါ်ပြောထားတဲ့ ဝပ်ရှော့ကိစ္စ မြန်မြန်အကောင်အထည်ဖော်နိုင်ကြရင် ကောင်းမယ်ဗျနော် ။
++++
ကိုဝိုင်း(မိုးညှင်း)ခင်ဗျာ။
ဖြတ်ထားတဲ့ပိုက်ဆန်တွေကို ပြန်တောင်းတဲ့နည်းအများကြီးရှိတယ်လို့ပြောထားပါတယ် ။ ခင်ဗျားကလည်း နှာစေးနေတယ်ပြောတယ် ။ တကယ်သိရင် နှာစေးမနေပါနှင့် ။ မြန်မာအလုပ်သမားများအတွက် နှာစေးမြန်မြန်ပျောက်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျား။

ညီဇေ said...

အားလုံးတက်ညီလက်ညီနဲ့ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြရမှာပါခင်ဗျာ..။ ရှေ့က နောင်တော်တွေ၊ ညီအကိုတွေ အားလုံး ရေးသားထားကြတဲ့ ကွန်းမန့်တွေ ဖတ်ရတော့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်ရပါတယ်..။ တစ်ဦးတစ်ယောက်ရဲ့ လိုအပ်ချက်ကို ၀ိုင်းဝန်းဆွေးနွေး အကြံပြုသွားကြတာ အရမ်းကောင်းပါတယ်..။ နောက်ထပ် အခြားသော ညီအကိုများ အနေနဲ့လည်း မိမိတို့ သဘောထားများ ၀င်ရောက်ရေးသားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။ အခုလို ၀ိုင်းဝန်းဆွေးနွေး အကြံပြုပေးသွားခဲ့ကြတဲ့ ကိုဒီမွေး၊ ကိုဝင်းပေါ်မောင်၊ ကိုဝင်းလတ်၊ ကိုအောင်အောင်၊ ဘားမားအက်ရှင်(ကိုရီးယား)၊ ကိုပုဂံသား၊ ကိုကိုနာဂစ်နဲ့ မူရင်းသတင်းပို့စ်ကို ရေးသားပေးသွားတဲ့ နောင်တော်ကြီး ကိုဝိုင်း(မိုးညှင်း)တို့ကို အထူးကျေးဇူးတင်မိပါတယ်..။ ညီဇေအနေနဲ့လည်း မိမိတတ်နိုင်တဲ့ ဘက်က လိုအပ်တဲ့အကူအညီများ ပေးဖို့ အသင့်ရှိနေပါတယ်..။