Wednesday, February 11, 2009

ကံ၊ဥာဏ် ၊ဝီရီယ

ရေးသားသူ — fwd:mailမှကူးယူဖော်ပြပါသည်။

တခါကရွာတရွာမှာ တံငါသည် တယောက်ဟာ ငါးဖမ်းထွက်ဘို့ ချောင်းအတိုင်းစုန်ဆင်းလာသတဲ့၊ ပိုက်ကွန်ချပြီးငါးဖမ်းလာလိုက်တာ နေ့ဝက်ကျိုးရော ငါးတကောင်မှမရသေးဘူးဆိုဘဲ။ တနေရာရောက်တော့ ပိုက်ဆွဲကြည့်တော့ ငါးသုံးကောင်ပါလာတယ်။ အဲဒီ ငါးသုံးကောင် ကို လှေဝမ်းထဲထည့်လိုက်ပြီး လှေကိုဆက်ပြီးလှော်လာခဲ့တယ်။ ငါးသုံးကောင် မှာ တကောင်က ကံကိုယုံပြီး၊ တကောင်ကဥာဏ်ကိုယုံတယ်၊ကျန်တကောင်က ၀ီရိယကိုယုံသတဲ့။

ကံငါး က ကံကောင်းရင်လွတ်မြောက်မယ်လို့ယုံကြည်နေသလို၊ ဥာဏ်ငါး ကတော့ လက်ရှိအခြေအနေကို သေသေချာချာ လေ့လာနေသတဲ့၊ ၀ီရိယငါးကတော့ ကြိုးစားရင်လွတ်မယ်လို့ယုံကြည်ပြီး တဖျတ်ဖျတ်နဲ့ ခုန်နေတော့တာပေါ့။ တံငါသည်လည်း လှေလှော်နေရင်းက မျက်စေ့နောက်လာပြီး ငါးလွတ်သွားမှာစိုးလို့ ဒီလောက် ခုန်နေတဲ့ငါး သေပေတော့ ဆိုပြီး လှော်တက်နဲ့ ရိုက်သတ်လိုက်တယ်။

နောက်တနေရာရောက်တော့ တံငါသည်လည်း ပိုက်ကွန် ချဘို့ လှေပေါ်ကနေမတ်မတ်ရပ်ပြီး လှေတဘက်ရှိရာကို ပိုက်ကိုတအားလွှဲပစ် လိုက်တယ်၊ ဒီအခါမှာ ပိုက်ရဲ့အလေးချိန် ပစ်လိုက်တဲ့အားကြောင့် လှေကတဘက်ကိုစောင်းသွားပြီး ငါးတွေလည်းလှေစောင်းတဲ့ဘက် ကို အရှိန်နဲ့ရောက်သွားတာပေါ့၊ ဒီအခါ ဥာဏ်ငါးက လှေစောင်းသွားတဲ့အနေအထားနဲ့ ခုနက၀ီရိယငါးခုန်နိုင်တဲ့အမြင့် ကို မှန်းဆကြည့် ပြီးအားမွေး နေသတဲ့။ တအောင့်လောက်ကြာတော့ တံငါသည် လည်းပိုက်ပြန်ဆွဲလိုက်တော့ ငါးမပါလာပြန်ဘူးတဲ့။

ဒါနဲ့ တံငါသည်လည်း နောက်တနေရာကိုသွားပြန်ရော။ ဒီတခါပိုက်အချ လှေအစောင်းမှာ ဥာဏ်ငါးလည်း သူ့မှာရှိသမျှ ခွန်အားနဲ့ အားကုန်ခုန်ထွက်လိုက်တာပေါ့၊ ရေပေါ်ကိုဘွန်းကနဲအကျ ဥာဏ်ငါးလည်း လှေနဲ့ ဝေးရာကို ကဗျာကယာ ကူးခတ်ပြီး ထွက်ပြေး လွတ်မြောက် သွားတော့တယ်။ ကံငါးခမျာတအံ့တသြကြည့်နေရှာတာပေါ့၊ သူလည်းနောက်တခါဆို ဥာဏ်ငါးလိုဘဲ လွတ်မြောက်အောင် ကြိုးစားမယ်ပေါ့၊ တံငါသည် ကငါးလွတ်သွားတာသိသွားတယ်။ ပိုက်ပြန်အသိမ်းမှာ ငါးမရရှာပြန်ဘူးတဲ့။

တံငါသည်လည်းနောက်တနေရာကို ထပ်သွားပြန်တာပေါ့ ။ ဒီတခါ ပိုက်ချတဲ့အခါ လှေသိပ်မစောင်းအောင်သတိထားလိုက်လို့ ကံငါးအတွက် ခုန်ထွက်လို့ မလွတ်တော့ဘူးပေါ့။ ကံငါးကတော့ ကံယုံတဲ့သူပီပီ ကံကောင်းရင် အခွင့်အရေးရလာမယ်လို့မျှော်လင့် နေတယ်။ တံငါသည် ပိုက်သိမ်းပြီးချိန်မှာ ငါးပါမလာပြန်လို့ နေလည်းစောင်းပြီ အိမ်ပြန်ချိန်လည်းရောက်ပြီမို့ တံငါသည်လည်း လှေကိုလှော်ပြီး အိမ်ပြန်ခဲ့တော့တယ်။ ကံယုံငါးလည်း ၀ီရိယငါးနဲ့အတူ တံငါသည်ရဲ့ ဟင်းအိုးထဲရောက်သွားရရှာတာပေါ့ကွယ်။

မိမိတတ်မြောက်တဲ့ပညာဥာဏ်စွမ်းအားကို ပေးလာတဲ့ ကံအခွင့်အရေးနဲ့ လိုက်လျောညီထွေအောင် အသုံးချပြီး ရိုးသားတဲ့ဝီရိယဖြင့် အောင်မြင်မှုပန်းတိုင်ကို အရောက် လှမ်းနိုင်ကြရန် ရည်ရွယ်လျက်............

No comments: