Sunday, May 2, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉၉၀ပြည့် အောင်မြင်မှု ဆက်လက် သယ်ဆောင်ရေး

ကျနော်သည် နိုင်ငံရေးသမားမဟုတ်ပါ ။
မည်သည့် ပါတီ၏ အဖွဲ့ဝင်လည်း မဖြစ်ခဲ့ပါ ။
မည်သည့် အစိုးရ လက်ပါးစေမျှလည်းမဟုတ်ပါ ။
နိုင်ငံရေးဂုရုလည်းမဟုတ်ပါ ။

တောင်ကိုရီးယားနိုင်ငံတွင် အနေဆင်းရဲ အစားဆင်းရဲ ကိုယ်စိတ် ၂ပါး ဆင်းရဲခြင်းဖြင့် ဘဝရပ်တည်ရေးကြိုးပမ်းနေရင်း ၊ မြန်မာပြည်ရှိ မိသားစုကို ခက်ခဲပမ်းပမ်းစွာဖြင့် လုပ်ကျွေးနေသူ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသာ ဖြစ်ပါသည် ။ မှန်သောသစ္စာစကားဖြစ်ပါသည် ။

သို့ရာတွင် ယခုချိန်၌ ကျနော် မပြောလျင် သမိုင်းအကြွေးတင်လိမ့်မည်ဟု ခံစားမိပါသဖြင့် ဤ ဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည် ။

စစ်အစိုးရရေးဆွဲခဲ့သော ဥပဒေများနှင့် အမိန့်စုစည်းမှုများ တရားမျှတမှုရှိသည် မရှိသည်ကို အများသိရှိပြီးဖြစ်သဖြင့် ကျနော်မဝေဖန်လိုပါ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းကိုလည်း ကျနော်အနေဖြင့် ဘာမျှမပြောလိုပါ ။
ကျနော်ပြောလိုသည်မှာ စစ်အစိုးရကို ယှဉ်ပြိုင်ဖို့ရာမှာ စစ်ရေးနည်း ၊ အကြမ်းဖက်ခြင်းနည်း ၊ လူထုတိုက်ပွဲနည်းတို့သည် ထိရောက်ခြင်းမရှိနိုင် ၊ ငြိမ်းချမ်းသောနည်းလည်း မဖြစ်နိုင်ကြောင်း ကမ္ဘာ့သမိုင်းတွင်ရော မြန်မာသမိုင်းတွင်ပါ သမိုင်းသက်သေများ အပြည့်အစုံရှိပြီးဖြစ်ပါသည် ။ မသိသေးသူများ သခင်သန်းထွန်း ၊ ဗိုလ်ချုပ်ကြီးစောဘိုမြ နှင့် အိုစမာ ဘင်လာဒင် တို့ကို မေးကြည့်က သိနိုင်မည်ဟု သဘောရပါသည် ။

၁၉၉၀ ရွေးကောက်ပွဲအကြောင်းကိုလည်း အများသိရှိပြီးဖြစ်သဖြင့် ကျနော် ဘာမျှမပြောလိုပါ ။
အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်၏ နေရာသည် မည်သည့်နေရာတွင်ရှိသည်ကို ကမ္ဘာ့ခေါင်းဆောင်များကရော မြန်မာပြည်သူတစ်ရပ်လုံးကပါ သိရှိပြီးဖြစ်သဖြင့်လည်း ကျနော်ဘာမျှမပြောလိုပါ ။

လက်ရှိအနေအထားတွင် စစ်အစိုးရကို တရားဝင်ယှဉ်ပြိုင်ဖို့ရာမှာ ၊ စစ်အစိုးရက ဖွင့်ပေးထားသော ၂၀၁၀ ရွေးကောက်ပွဲသည်သာလျင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်နေသဖြင့် ၊ ပါတီအနေဖြင့် ရွေးကောက်ပွဲမဝင်သည့်တိုင် ပါတီကို ကိုယ်စားပြုလိုသည့် ၊ ၁၉၉၀ပြည့် အောင်မြင်မှုကို ဆက်လက်သယ်ဆောင်သွားလိုသည့် ပါတီဝင်များအနေဖြင့် ၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များအဖြစ် ရွေးကောက်ပွဲဝင်သွားသင့်သည် ၊ အဖွဲ့ချုပ်အနေဖြင့်လည်း ထို တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များကို ရွေးကောက်ပွဲဝင်ရန် ပါတီအနေဖြင့်ခွင့်ပြုလိုက်ကြောင်း သို့မဟုတ် ကန့်ကွက်ရန်မရှိကြောင်း ကြေငြာချက် ထုတ်ပြန်ပေးသင့်သည်ဟု ထင်မြင်ယူဆပါသည် ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာနှင့် မာနကိုလည်း ထိခိုက်နိုင်စရာမရှိနိုင်ဟု ကျနော်ထင်ပါသည် ။ မိခင်ပါတီအနေဖြင့် ရွေးကောက်ပွဲမဝင်သည့်နည်းဖြင့် ကြိုးပမ်းနေသလို ၊ အခြားတစ်ဖက်မှလည်း ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲဝင်သည့်နည်းဖြင့် တစ်ပြိုင်တည်းတွင် လမ်းကြောင်း ၂ ခုဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းသင့်သည် ဟု သဘောရပါသည် ။ သို့မှသာ ၁၉၉၀ပြည့်နှစ်၏ အရှိန်အဟုန်ကို ပြည်သူများ ဆက်လက် သယ်ဆောင်နိုင်ခွင့်ရလိမ့်မည်ဟု ယူဆပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမဝင်ခြင်းကြောင့် ၊ စစ်အစိုးရအနေဖြင့် လည်းကောင်း ကြံ့ဖွံ့အဖွဲ့ဝင်များအနေဖြင့်လည်းကောင်း ဝမ်းနည်းနေလိမ့်မည်ဟု ကျနော်မထင်ပါ ။

ကျနော်တို့နိုင်ငံမှ ဗမာပြည် ကွန်မြူနစ်ပါတီသည်လည်းကောင်း ၊ ကမ္ဘောဒီးယားမှ ခမာနီအဖွဲ့သည်ကောင်း ၊ တစ်စုံတစ်ရာမျှော်မှန်းနိုင်သည့် အနေအထားတွင် ရှိနေခဲ့ကြသော်လည်း ၊ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ကျောခိုင်းခဲ့သဖြင့် ယခုအခါ မူလ အခြေအနေသို့ပြန်လည်ရောက်ရှိရန်မှာ မဖြစ်နိုင်တော့သော အခြေအနေသို့ရောက်ရှိသွားပြီဖြစ်သည့် သာဓကများရှိခဲ့သည်ကိုလည်း မှတ်သားရဖူးပါသည် ။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံသည်လည်း စစ်အစိုးရကပြုလုပ်ပေးသည့် ပထမဆုံးသော ရွေးကောက်ပွဲတွင် ၊ ဒီမိုကရက်တစ်အင်အားစုများက စုစည်းမှုမရှိဘဲ ၊ ပါတီပေါင်းများစွာ အကွဲကွဲအပြဲပြဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ၊ ပြည်သူလူထုက မည်သည့်ပါတီကို မဲပေးရကောင်းမသိဖြစ်ကာ ၊ မဲများ ကွဲသွားခဲ့ပြီး လူသိများနေသော စစ်အစိုးရကိုယ်စားလှယ်များသာ အနိုင်ရသွားခဲ့ကြောင်း ၊ နောင်ရွေးကောက်ပွဲများကျမှသာ ဒီမိုကရက်တစ်အင်အားစုများ ပြန်လည်စုစည်းနိုင်ခဲ့သဖြင့် ဒီမိုကရက်တစ်ကိုယ်စားလှယ်များက အနိုင်ရနိုင်ခဲ့ကြောင်း သမိုင်းသင်ခန်းစာများကိုလည်း မှတ်သားရဖူးပါသည် ။

ဥပဒေဆိုသည်မှာ အသေ မဟုတ် ။ ဥပဒေကို နိုင်သူတို့က ပြဋ္ဌာန်းနိုင်သည်ဟု ထင်ပါသည် ။ ထို့အတူ နိုင်ငံရေးစနစ်များသည်လည်း အသေမဟုတ်ဟု ထင်ပါသည် ။

ဒီမိုကရေစီ ဘိုးအေ အမေရိကန်သည်ပင်လျင် ပြည်သူလူထုအကျိုး အမှန်အကန် ကိုယ်စားပြုမည့် လွတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြောက်ပေးနိုင်ခြင်းမရှိခဲ့သဖြင့် ၊ မဲဆွယ်ကောင်းပြီး အနိုင်ရချိန်တွင် အရင်းရှင်အကျိုးစီးပွါးကိုသာ ကြည့်သည့် အမတ်လောင်းများကိုသာ ရွေးချယ်မိလျက်သား ဖြစ်နေကြသဖြင့် ၊ မဲဆန္ဒရှင်အတော်များများကလည်း မဲပေးရန် စိတ်မဝင်စားကြသဖြင့် ၊ ပြည်သူလူထုကို အကျိုးမပြုခဲ့သည့် ကျန်းမာရေးအာမခံစနစ် ဥပဒေကို ပြုပြင်ရန် ကြိုးစားခဲ့ကြသည်မှာ အကြိမ်ကြိမ် ရှိခဲ့သော်လည်း အောင်မြင်မှုမရဘဲ ၊ မူလဥပဒေပြဋ္ဌာန်းခဲ့ချိန်မှ ၉၈ နှစ်ကြာခဲ့ကြောင်း ၊ လက်ရှိသမ္မတ အိုဘားမားသည်ပင်လျင် အကြိမ်တစ်ရာကျော် ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း ၊ ယခုအခါ ပြိုင်ဖက် လွတ်တော်ကိုယ်စားလှယ်များက ရာနှုန်းပြည့်ကန့်ကွက်နေသည့်ကြားမှ ပြုပြင်ပြောင်းလဲ လိုက်နိုင်ပြီဟုလည်း မှတ်သားရဖူးပါသည် ။

ဤသည်များကြောင့် ၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အဆင့်ဆင့်သော လွတ်တော်များသို့ ၇၅ ရာခိုင်နှုန်းသော ဒီမိုကရက်တစ် ကိုယ်စားလှယ်များ ရောက်ရှိနေစေရေး ကြိုးပမ်းသင့်သည်ဟု သဘောရပါကြောင်း ။


လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

မှတ်ချက် ။ သဘောထား တိုက်ဆိုင်မှုမရှိသူများ ဒီမိုကရေစီသဘောအရ လွတ်လပ်စွာ ဆဲနိုင်ကြပါကြောင်း ။

4 comments:

ဝင်းပေါ်မောင် said...

(Part 2)

ယနေ့ ဒီချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ၂၀၀၈ ဥပဒေနဲ့ ရွေးကောက်ပွဲကို လုံးဝ လက်မခံတဲ့ အထိုင်က ဖြစ်လို့ မှန်တယ်လို့ မြင်တယ်။ ထောက်ခံတယ်။ သို့သော် ဒီတချက်တည်းနဲ့ မပြီးသေးဘူးလို့ ထင်ပါတယ်။ ဆက်လုပ်ရမှာတွေ အများကြီး ရှိဦးမယ်။ မျိုးဆက် ဖော်ထုတ်တာကိုတော့ စတင် တွေ့မြင်နေရပြီလို့ ပြောနိုင်ပါတယ်။ ဒါ ကောင်းတဲ့ လက္ခဏာပါ။

ဝင်ကစားမလား? ဆိုတဲ့ ကိစ္စကတော့ ကြီးမားတဲ့ စိန်ခေါ်ချက်ပဲ။ ဦးခင်မောင်ဆွေလို ကစားချင်သူတွေ ရှိနိုင်သလို ဦးဝင်းတင်လို လုံးဝမကစားဘူး ဆိုသူတွေ ရှိနိုင်တယ်။ ကိုဝိုင်း ပြောသလို ၀င်ကစားချင်သူတွေအတွက် ပါတီက ကြေညာချက် ထုတ်ပေးစရာ လိုမယ်တော့ မထင်ပါ။ ဘာကြောင့်လဲ ဆိုတော့ တသီးပုဂ္ဂလ ၀င်မယ်ဆိုရင် ပါတီက အရင် ထွက်ရမှာ ဖြစ်လို့ ပါတီနဲ့ မသက်ဆိုင်တော့ပါ။

ကျနော် ကြံဆကြည့်သလို ကိုယ့်ရဲ့ ပါတီအသစ်တခုကို ဒီကွင်းထဲ ထည့်ပေးလိုက်မလား ဆိုတာကတော့ အခုတွေ့မြင်ရသလောက် ဆိုရင် ဖြစ်မယ် မထင်ပါ။ ကိုဝိုင်း စဉ်းစားသလို ပုဂ္ဂလိက ၀င်တာကတော့ ဆက်လက်စောင့်ကြည့်ရမယ် ထင်ပါတယ်။

ဒီနေရာမှာ ရဲဘော်ဖိုးသံချောင်း ပြောတဲ့စကားကို ယူသုံးချင်ပါတယ်။ သူက ဒီ ရွေးကောက်ပွဲမှာ ပါဝင်သူတိုင်းကို ရန်သူလို့ မသတ်မှတ်သင့်ဘူး။ ကြားထားသင့်တာကို ထား, နားလည်မှုပေးသင့်တာကို ပေး, ရန်သူကို သေသေချာချာ ရွေးလို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အင်မတန် ရှုပ်ထွေးနေတဲ့ အခင်းအကျင်းမှာ ပါးနပ်လိမ္မာစွာ ရှုမြင်ခွဲခြားဖို့ လိုပါတယ်။

မောင်စူးစမ်း ပြောတဲ့ “နိုင်ငံရေးသစ်” ဆိုတဲ့ ပြဇာတ်ဟောင်းကြီးကို နအဖက ပြန်ကဖို့ ကြိုးစားနေရာမှာ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင် နိုင်ငံရေး မျိုးဆက်သစ်တခု ပေါ်လာမှာတော့ အသေအချာပါပဲ။ နအဖဖက်မှာလည်း မျိုးဆက်သစ်တွေ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီမျိုးဆက်သစ်ကို မျိုးဆက်ဟောင်းက ဗိုလ်သန်းရွှေတို့ ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ သိပ် စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းပါ။ ဗိုလ်နေ၀င်းခေတ်က တပါတီ ဖွဲ့စည်းပုံအရ စစ်တပ်ကို ပါတီက ဦးဆောင်တယ်။ ပါတီ ကောင်စီ စစ်တပ် သုံးခုစလုံး ဗိုလ်နေ၀င်း လက်ထဲမှာ ရှိခဲ့တယ်။

အခု ဖွဲ့စည်းပုံအရ ပါတီတွေက ဟန်ပြသာ ဖြစ်တယ်။ ကြံ့ဖွတ်ပါတီဟာ စစ်တပ်ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။ ပြီးတော့ ဘယ်ပါတီကမှ အာဏာကို လွှမ်းနိုင်ယူနိုင်ခွင့် မရှိဘူး။ သမ္မတ (အစိုးရ) နဲ့ စစ်တပ်နဲ့ အာဏာ ရှယ်ယာလုပ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ကြံ့ဖွတ်နဲ့ စစ်တပ်ကို အာဏာခွဲပေးပြီး ကန့်လန့်ကာနောက်ကို ၀င်ပေးရမယ့် ခွင်ထဲ ရောက်နေတယ်လို့ မြင်တယ်။ အဲဒီ မျိုးဆက်သစ်တွေဟာ သူတို့လက်ထဲ အာဏာရပြီးတဲ့အခါ ကန့်လန့်ကာ နောက်ကွယ်က ဗိုလ်ဟောင်းသန်းရွှေကို သစ္စာခံပါဦးမလား။ မြန်မာ့သမိုင်းရဲ့ အစဉ်အလာအရတော့ ဘောင်းဘီကျွတ်သွားတဲ့ အာဏာရှင်ကို နောက်ပေါက် အာဏာရှင်က ပေလာယျကန် ထားလိုက်တာပါပဲ။ ဗိုလ်နေ၀င်း အဖြစ်က သက်သေပါ။

နအဖရဲ့ နိုင်ငံရေး လမ်းပြမြေပုံ ဆိုတာ လမ်းပြတဲ့အတိုင်း လိုက်သွား နောက်ဆုံးကျရင် မြေပုံ (သင်္ချိုင်း) တွေ့ရမယ်လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါပြီ။

ကျနော့် အမြင်ကတော့ လာမယ့် ရွေးကောက်ပွဲ အလွန်ကို ကြီးမား ပြင်းထန်တဲ့ နိုင်ငံရေးပေါက်ကွဲမှုတွေက စောင့်ကြိုနေတယ်လို့ မြင်ပါတယ်။ ဒီအမြင်က အဆိုးမြင် ဖြစ်ကောင်း ဖြစ်မယ်။ သို့သော်လည်း အကောင်းမြင်စရာလည်း တကယ်ကို မတွေ့မိသေးပါ။

ဝင်းပေါ်မောင် said...

(Part 1)

၂၀၀၉ နှစ်ကုန်ပိုင်းလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား ရုံးခန်းမှာ ပြုလုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ကျနော့်အမြင်တခုကို ပြောဆိုခဲ့ဖူးပါတယ်။ ပြောခဲ့တဲ့ အဓိကအချက်ကတော့ -

၁) ၂၀၀၈ ဥပဒေနဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အထိုင်ကနေ လုံးဝ ခွာပေးလို့မရဘူး
၂) သို့သော် ရွေးကောက်ပွဲ ဖြစ်လာခဲ့ရင် ရတဲ့နည်းနဲ့ ၀င်ကစားရမယ်
၃) ၀င်ကစားသူဟာ ဒီချုပ် ဖြစ်ချင်မှ ဖြစ်မယ်၊ အခြားအမည်တခု ဖြစ်ချင်ဖြစ်မယ်
၎) တော်လှန်ရေးကို လက်ဆင့်ကမ်း ယူသွားမယ့် မျိုးဆက်သစ်ကို ဒီချုပ်က မွေးထုတ်ပြီး လူထုလက်ကို အပ်ခဲ့ရမယ် ဆိုတာတွေပါ။

ဒါက ကျနော့်အမြင် သက်သက်သာ ဖြစ်တာမို့ ကိုယ့်မိတ်ဆွေတွေ ကြားမှာ ပြောဆိုဆွေးနွေးတာက လွဲလို့ စာနဲ့ ပေနဲ့ မရေးခဲ့ပါဘူး။ ဦးဆောင် ပါတီတခုရဲ့ ပေါ်လစီကို ဘေးက ၀င်ပြောတာ မသင့်တော်ဘူးလို့ ယူဆလို့ပါ။ အခုလည်း ၀င်ပြောတာ မဟုတ်ပါ။ အချင်းချင်း ဆွေးနွေးတာပါ။

ပထမ အချက်ကို ငြင်းချက်မရှိပေမယ့် ဒုတိယ အချက်ကို လက်မခံနိုင်သူ အတော်များပါတယ်။

ကျနော်ပြောရာမှာ “ကစား” ဆိုတဲ့ စကားလုံးကို တမင် ရွေးပြီး ပြောပါတယ်။ ဆိုလိုတာက ဒီရွေးကောက်ပွဲကနေ ဘာမှ ကြီးမားတဲ့ မျှော်လင့်ချက် မထားသင့်ဘူး။ သို့သော် ဖြစ်ပေါ်လာတဲ့ ကစားပွဲမှာ ကိုယ်က “တသင်း”၀င်ကစားခြင်းအားဖြင့် တဖက်အသင်းအတွက် အဟန့်အတား တခု ဖြစ်စေမယ်။ ဒီဖြစ်စဉ်ထဲမှာ ကိုယ်ပါလာမယ်၊ အကောင်းအဆိုး ပြောခွင့်ရလာမယ်၊ ဖော်ထုတ်ခွင့် ရလာမယ်၊ ဆန့်ကျင်ခွင့် ရလာမယ်။ တချိန်တည်းမှာပဲ ဒီလို ပါဝင်လိုက်တဲ့အတွက် နအဖအတွက် ကိုယ်က “အိမ်ဖြည့်” ဖြစ်မသွားဖို့ အရေးကြီးတယ်။ ဒါကြောင့် ကိုယ့်အတွက် အများဆုံး မျှော်လင့်နိုင်စရာက ကစားခွင့် တခုပဲဖြစ်လို့ ကစားရမယ်လို့ ပြောတာပါ။

တတိယအချက်ကတော့ ကြံဆချက်တခု ဖြစ်ပြီး၊ စတုတ္ထအချက်ကတော့ တကယ်လိုအပ်နေတဲ့ တော်လှန်ရေး ၀ိညာဉ်ကို ဆက်လက်သယ်ဆောင်ဖို့ အတွက်ပါ။ ကြီးမားတဲ့ နိုင်ငံရေး အလှည့် အပြောင်းတွေ ဖြစ်လာရင် နိုင်ငံရေး မျိုးဆက်တွေလည်း ပြောင်းလဲရစမြဲပါ။ ဘယ်သူမှ ဖက်တွယ် ထားလို့ မရဘူးဆိုတာ သမိုင်းသက်သေ ရှိပါတယ်။

ဒီချုပ်မှာ ပထမမျိုးဆက်ဟာ ဒေါ်စု တယောက်ကလွဲလို့ အလွန်အိုစာနေပြီး နောက်တကွေ့မှာ သူတို့ မပါနိုင်တော့ဘူး/မပါသင့်တော့ဘူး ဆိုတာ သိသာနေပါတယ်။ (မသိရင်တော့ အတော်ညံ့တာပဲ။) ကံကောင်းလို့ ဦးတင်ဦးနဲ့ ဦးဝင်းတင် ရှိနေနိုင်သေးတယ်။ ဘာပဲပြောပြော ဒေါ်စုအပါအ၀င် ဒီချုပ်ခေါင်းဆောင်တွေဟာ မျိုးဆက်မွေးဖို့ လက်ဆင့်ကမ်းဖို့ သူတို့ကို လူထုလက်ထဲ အပ်ဖို့ လိုကိုလိုအပ်နေတယ်လို့ မြင်ပါတယ်။

ကိုဝိုင်း (မိုးညှင်း) said...

ကိုကြီးပေါ်ခင်ဗျား ။
ကိုပေါ်နှင့်ကျနော် တေ့လွဲလေးလွဲနေကြသဗျ ။ ပါတီကိုကျောခိုင်းပြီး တစ်သီးပုဂ္ဂလအဖြစ် အရွေးခံမည့်သူများကို ပါတီအနေဖြင့် စဉ်းစားပေးဖို့လိုမည်မထင်ပါ ။ ပါတီ၏ အင်အားတစ်ရပ်အဖြစ် ပါတီအတွက် ရပ်တည်အရွေးခံလိုသည့် ပါတီဝင်များအတွက် ပါတီကလည်း လိုလိုလားလားဖြင့် တာဝန်တစ်ရပ် အဖြစ်ပေးအပ်ပြီး ရွေးကောက်ပွဲဝင်စေမည့် သဘော ၊ ပါတီကရရှိထားသောအရှိန်အဝါ ပါတီ၏ အရိပ်ကို ခိုလှုံခွင့်ပေးလိုက်သည့်သဘောကို ဆိုလိုရင်းဖြစ်ပါသည် ။ ပါတီကိုကိုယ်စားပြု၍ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း မဲဆန္ဒရှင်များကို သွယ်ဝိုက် အသိပေးသည့်သဘောဖြင့် ကျေညာချက်ထုတ်ပေးစေရန် ဆိုလိုခြင်းပါ ။ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည့်သူအနေဖြင့် မည်သည့်ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ကြောင်း တရားဝင်ပြောခွင့်ရှိမည်မဟုတ်ပါ ။ ထိုသို့မပြောခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် ပါတီကိုကျောခိုင်းလာသူအဖြစ် မဲဆန္ဒရှင်များ သဘောထားလိုက်မည်ဆိုပါကလည်း ၊ ၄င်းတစ်သီးပုဂ္ဂလအတွက် အဖြေမှာ တစ်မျိုးဖြစ်သွားနိုင်သည်ဟု ယူဆသောကြောင့် ။
(ကြက်ဥအရောင် တိမ်တောင်သဖွယ်-ဒီအတိုင်းပဲ ကောင်းပါတယ်ဗျာ ။)

မန်းပေ said...

NLD သည် ဘာပဲလုပ်လုပ်၊ ဘာပဲဆုံးဖြတ်ဆုံးဖြတ် အနာဂတ်နိုင်ငံရေးကနေခွါပြီ့း စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ကျနော်မထင်ပါ။ ရွေးကောက်ပွဲမ၀င်ခြင်းသည်လည်း နိုင်ငံရေးမှခွါထွက်ခြင်းမဟုတ်သကဲ့သို့ လမ်းတကာမှ ပလပ်စတစ်လိုက်ကောက်ခြင်းသည်လည်း နိုင်ငံရေးမှခွါထွက်ခြင်းမဟုတ်ပါ။ ပြတ်သားမှုရှိရမည့်အချိန်တွင် မပြတ်သားမိလျှင် တစ်ဘ၀တွင် နှစ်ခါနာ၊ နှစ်ခါသေကြဖို့သာ ရှိတော့မည်ထင်သည်။ ကိုဝိုင်းရွေးထုတ်ပြသည့် သခင်သန်းထွန်း၊စောဗိုလ်မြ၊ဘင်လာဒင်၊မြန်မာပြည်ကွန်မြူနစ်ပါတီ၊ ခမာနီတို့သည် အစွန်းရောက်ခဲ့သည်။ သို့မဟုတ် တခေတ်တခါက သို့မဟုတ် ခေတ်ကိုမျက်ခြေပြတ်နေသည့်နည်းများသုံးခဲ့သည်။ သည်နေရာတွင် ဒါမျိုးနှင့် ဥပမာမပေးသင့်ဟုကျနော်ထင်ပါသည်။ ငြိမ်းချမ်းသောနည်း၊ လူထုတိုက်ပွဲနည်းနှင့်သာမက အကြမ်းဖက်နည်း၊စစ်ရေးနည်းများနှင့်ပင် အောင်နိုင်ခဲ့သော သာဓကများမှာ လေ့လာခွင့်ရနိုင်သည့် ခေါမခေတ်မှသည် ယနေ့ချိန်ခါထိ ရှိနေခဲ့ပြီးသားဖြစ်ပါသည်။ ကာလ၊ဒေသ၊ပယောဂလေးသား အချိုးညီညီရှိဖို့လိုမည်ထင်ပါသည်။ ကိုဝိုင်းခင်ဗျာ- နအဖကလည်း သူတို့ဆွဲထားသည့်ဥပဒေများ ကိုဝိုင်းလို ရွေးကောက်ပွဲဝင်ပြီး ပြန်ပြင်ကြမည်ကို အတတ်သိ၍ ရေပက်မ၀င်အောင် ရေးဆွဲထားသည်ကိုလည်း သတိပြုတော်မူစေချင်ပါသည်။ နအဖသည် သူများထက်တမူးသာသော အရူးများဆိုသည်ကိုလည်း မမေ့အပ်ပါ။ ကျနော့်အမြင်မှာ နအဖရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ရွေးကောက်ပွဲဝင်ပြီး ပြင်ခြင်းထက် ဖျက်ဆီးပစ်ဖို့ရာ နောက်ထပ်၈၈တစ်ပွဲ ဆင်နွဲရခြင်းက ပို်မိုလွယ်ကူဦးမည်ထင်ပါသည်။ အခြားတစ်ဖက်၌လည်း နအဖသည် သူတို့နောင်တော်ကြီးများလျှောက်ခဲ့ဖူးသည့် ခယောင်းထပြီး မတ်စောက်သည့်လမ်းကို စမ်းတ၀ါးဝါးပြန်လျှောက်ကြည့်ဖို့ ကြိုးစားနေသည်။ နောင်တော်များစားခဲ့ဖူးသည့် အဆိပ်ပင်ကို ငါတို့စားလျှင် အားဖြစ်မလားထင်ကာ ပြန်စားကြည့်ဖို့ကြိုးစားနေခြင်းလည်းဖြစ်နိုင်ပါသည်။ ကျနော်မြင်သည်မှာ သူတို့၌ သည့်အပြင်ရွေးစရာလမ်းလည်းမရှိပါ။ NLD ၌ ရွေးစရာလမ်းတွေ တပုံတပင်ရှိသည်။ ထို့ကြောင့်လည်းေ၀၀ါးမှုတွေပေါ်လာခြင်းဖြစ်သည်။ ကွဲပြားမှုတွေကို ကျနော်လက်ခံပါသည်။ အဓိကအချက်မှာ ပရမတ္ထလောက်ကို ကျနော်မဆိုလို ယေဘုယျအမှန်လောက်ကိုသိအောင်လုပ်ဖို့နှင့် လောကဓံကိုအံတု၍ လက်ကိုင်ထားဖို့လိုမည်ထင်သည်။ လိမ်ညာခြင်း အမှားအယွင်းပြုခြင်းမှာ စက်ဝိုင်းပေါ်ကို စက်ဝိုင်းတွေအုပ်ပြီးဆွဲတာနှင့် ပုံဖော်နိုင်မည်ထင်သည်။ အလိမ်ကို အလိမ်နှင့်ဖုံးရင်း၊ အမှားကိုအမှားနှင့်ဖုံးရင်း နောက်ဆုံရုန်းမထွက်နိုင်အောင် ပိတ်မိနေဖို့သာရှိတော့သည်။ နအဖကို့ လှန်ထားသည့်ကြိုးမဆုံးသေးသရွှေ့ ဆက်လျှောက်ပါစေတော့ဟု စိတ်ကိုဒုန်းဒုန်းချက စောင့်ကြည့်ကြပါစို့။ မဝေးတော့ပါ။ မကောင်းဆိုးဝါး နအဖတို့လုပ်တိုင်းသာဖြစ်ရမည်ဆိုလျှင် အနိစ္စ၊ဒုက္ခ၊အနတ္တဆိုသော ဗုဒ္ဓစကားကို ပယ်ရပေတော့မည်။