မနေ့ညက မိတ်ဆွေတစ်ယောက်ဆီ ကျနော် ဖုန်းဆက်ဖြစ်သည်။ သူ့ဖုန်းကို သုံးခါခေါ်တာ ခေါ်မရ။ ဘာဖြစ်ပါလိမ့်ဟု စိုးရိမ်ကာ ညလယ်မှာ တစ်ကြိမ် ထပ်ခေါ်ကြည့်မိသည်။ ထိုအခါမှ “ ဟဲလို ” ဟူသော သူ့နှုတ်ဆက်သံကို ကြားရသည်။
“ဟဲလို နေကောင်းရဲ့လားဗျ။ ကျနော်ဖုန်းဆက်တာ ဒါနဲ့ပါဆို လေးခါရှိပြီ။ အလုပ်တွေ ရှုပ်နေတယ်ထင်တယ်” ဟု ကျနော် မေးလိုက်မိသည်။
“အလုပ်တွေ ရှုပ်တာတော့ မပြောပါနဲ့ဗျာ။ စက်တွေက ဟိုကဖောက် ဒီကဖောက်ဆိုတော့ ပိုဆိုးတာပေါ့။ မိန်းမတောင် သူဖုန်းခေါ်တာ မကိုင်လို့ဆိုပြီး စိတ်တွေ ဆိုးနေသေးတယ်။ သူကလည်း စကား အေးအေးဆေးဆေး ပြောချင်၊ ကိုယ်ကလည်း စက်တွေပျက်တာကို နားမလည်ဘဲ ပစ္စည်းမထွက်ရင် ပြောချင်ဆိုချင်တဲ့ သူဌေးအပြောလည်း မခံချင်တော့ ကိုယ်နားရမယ့် အချိန်ပါ လျှောက်လုပ်ပေးရင်းနဲ့ အလုပ်ရှုပ်ရုံတင် မကဘူး။ စိတ်ပါရှုပ်တယ်ဗျို့” ဟု သူက မနားတမ်း ရင်ဖွင့်လိုက်သည်။
သူပြောတာ မှန်သည်။ ကျနော်တို့ ကိုရီးယား၌ လုပ်နေကိုင်နေရတာတွေကို ဒီမှာ လုပ်နေသူ အချင်းချင်းသာ နားလည်နိုင်မည် ထင်သည်။ ခက်ခဲပင်ပန်းပြီး ဇယ်စက်သလို လုပ်ကိုင်နေရသည့် အလုပ်က များသည်။
ထို့အပြင် အန္တရာယ်ရှိတာ၊ ကျန်းမာရေး ထိခိုက်မှာကိုလည်း အခန်းထဲမှာ ရှိနေစဉ်လောက်သာ တခါတခါ စဉ်းစား စိုးရိမ်မိကြသည်။ စက်ရုံထဲ ၀င်သွားသည်နှင့် တပြိုင်နက် စိုးစဉ်းမျှ မစဉ်းစားဖြစ်တော့။ စက်မှ ထုတ်ပေးလိုက်သည့် ပစ္စည်းများကို ထုပ်ပိုးရ၊ စက်တစ်ခုမှ ထွက်လာသော ကုန်ချောကို ဆွဲထုတ်ပြီး၊ ကုန်ကြမ်းပြန်ထည့်၊ ပြီး နောက်စက်တစ်လုံးဆီ ဆက်သွား၊ ဆက်လုပ်နှင့် အသက်ပင် မှန်အောင် ရှူဖြစ်သည် မထင်။
“ဘာပဲဖြစ်ဖြစ်လေ ကြင်စဦး ခွဲခွါခဲ့ရသူမို့ ပိုပြီး ဂရုစိုက်သင့်တယ်” ကျနော်က အရယ်တ၀က်နှင့် စကားဆက်လိုက်သည်။
ပြောရလျှင် သူ့အမျိုးသမီးက စင်ကာပူမှာ။ စင်ကာပူမှာမို့ တော်သေးသည်။ ကိုယ့်နိုင်ငံမှာသာဆိုလျှင် သတိရသည့်အခါ၊ ရင်ထဲရှိတာတွေ ပြောချင်သည့်အခါမှာတောင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံကပင် သတ်မှတ်မထားသည့် ဖုန်းဆက်ခများနှင့် ခက်ရချေတော့မည်။
“အကျိုးအကြောင်း မေးလ်ပဲ လှမ်းပို့ထားရမှာပဲ” သူက ခပ်အေးအေး ပြန်ပြောသည်။ သူ့ဇနီးသည်ကို သူ မချစ်၍ မဟုတ်။ ယောက်ျားချင်း စကားပြောကြတော့ သူ့မှာလည်း ဟန်ကိုယ့်ဖို့ လုပ်ရသည်သာ။ သို့သော်လည်း ကျနော့်မှာ မိတ်ဆွေရင်းတွေမို့ စိုးရိမ်စိတ်တ၀က်၊ အရယ်၊အနောက်တ၀က်နှင့်
“ တိုက်ဆိုင်မယ်ထင်တယ်။ အချိန်ရမယ်ဆို ကျနော် ဖတ်ထားတဲ့ စာတစ်ကြောင်း၊ နှစ်ကြောင်းလောက် ပြောခွင့်ပြုမလားဗျ” ဟု မေးလိုက်မိသည်။
သူကလည်း “ပြောစမ်းဗျာ” ဟု မဆိုင်းမတွ ပြန်ပြောသည်။
“အေးဗျာ ဖတ်ဖူးပြီးပြီလားတော့ ကျနော်မသိဘူး။ ကိုကာကိုလာကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကြီး Bryan Dyson ကပြောခဲ့တာလေး-ဗျာ။ သူပြောတာက ဘ၀ဆိုတာကို -- ဘောလုံးငါးလုံးကို လေထဲမှာ လက်နဲ့ လှည့်ကစားနေရတဲ့ ကစားပွဲတစ်ခု အဖြစ် ပုံဖော်ကြည့်လိုက်ပါ။ ဘောလုံးတွေကိုတော့ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေနဲ့ စိတ်ဓာတ်ဆိုပြီး အမည်တွေပေးပါ။ ပြီး ခင်ဗျားအနေနဲ့ ဒီဘောလုံး ငါးလုံးကို လေဟာနယ်ထဲမှာ ထိန်းထားပါ။
အလုပ်ဆိုတာ ရာဘာဘောလုံးရယ်လို့ မကြာမတင်ပဲ ခင်ဗျား သိလာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘောလုံးကို ခင်ဗျား လွတ်ကျခဲ့ရင် သူက အပေါ်ကို အလိုလို ပြန်ခုန်တက်လာမှာမို့ပဲ။
ဒါပေမယ့် အခြားဘောလုံးတွေဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေနဲ့ စိတ်ဓာတ် ဆိုတဲ့ ဘောလုံးတွေကတော့ ဖန်သားတွေနဲ့ လုပ်ထားတာတွေပါ။ အဲဒီအထဲက တစ်ခုကို ခင်ဗျား လွတ်ကျရင် ပြုပြင်ပြောင်းလဲလို့ မရတဲ့ ခြစ်ရာ ပွန်းရာ ဒဏ်ရာနဲ့ ပျက်စီးတာတွေ အပြင်၊ အစိပ်စိပ် အမြွာမြွာ ကွဲကြေတာမျိုးတောင် ဖြစ်တတ်ပါတယ်။ သူတို့တွေဟာ အကောင်းပကတိလည်း ဘယ်တော့မှ ပြန်ရှိလာတော့မှာ မဟုတ်ပါဘူး။ ခင်ဗျားဟာ ဒီအခြင်းအရာတွေကို နားလည်ရမှာဖြစ်သလို၊ ဖန်သားဘောလုံးတွေ လွတ်ကျမသွားဖို့ အတွက်လည်း ကိုယ်စွမ်းရှိသမျှ ကြိုးစား အားထုတ်သွားရမှာ ဖြစ်ပါတယ် တဲ့ဗျား။”
“ဟဲလို ကြားရဲ့လားဗျ” ဖုန်းထဲ အသံတိတ်နေ၍ ကျနော် မတင်မကျ မေးမိသည်။
“ကြားပါတယ်ဗျ။ နောက်မှ ကျနော် ဖုန်းပြန်ခေါ်မယ်။ ခု ကျနော့် မိန်းမဆီ ဖုန်းဆက်ကြည့်ဦးမယ်” ပြောပြီး ရုတ်တရက် သူဖုန်းချသွားသည်။
ကျနော်ထင်သည်။ ဒီအချိန်ကျမှ သူဆက်မည့်ဖုန်းကို စင်ကာပူက မမ ကိုင်လို့ကတော့ အိပ်ပျက်ည တစ်ည တိုးချေ ဦးရော့မည်။
Wednesday, March 30, 2011
ဘောလုံးငါးလုံး
Subscribe to:
Post Comments (Atom)
7 comments:
ကိုမိုးသစ်နိုင် ရေးထားတာလေးတွေ ကောင်းတယ်ဗျာ။ နောက်လည်း များမားရေးပြီး တင်ပေးပါလို့ အားပေးပါတယ်။
အားပေးတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ကိုလူချစ်နဲ့ မအင်ကြင်းတို့လည်း ဟန်းဂုရွာထဲကနေ ပျောက်မနေကြနဲ့လေ။
ကိုလူချစ်နှင့်မအင်ကြင်းရိုးမြေကျပေါင်းနိုင်ကြပါစေလို့ဆုတောင်းလျက်ပါ
လူဆိုရင် လူစကားပြောပါ။
why?
Post a Comment