Sunday, March 24, 2013

ကျနော်မြင်တဲ့ ကိုရီးယား

ရေးသားသူ — စိုးမိုးသူ

ဒီနေ့ ညနေက SBSအသံလွှင့်ဌာနနဲ့အတူ လမ်းသွားလမ်းလာ ကိုရီးယားလူမျိုးတွေကို အင်္ဂလိပ်လို လမ်းမေးတဲ့အခါ ဘယ်လို တုန့်ပြန်ကြသလဲ ဆိုတာကို စစ်တမ်းယူဖို့ လျှို့ဝှက် ကင်မရာနဲ့ ရိုက်ကူးခဲ့ပါ တယ်။

လမ်းမေးဖို့ တာဝန်ယူကြတဲ့သူတွေက အာရှတိုက်သားအဖြစ် ကျနော်နဲ့ ဥရောပက အမေရိကန် တယောက်က တာဝန်ယူခဲ့ပါတယ်။
မနက်ပိုင်းမှာ အမေရိကန်နိုင်ငံသားကို ရိုက်ကူးခဲ့ပြီး ကျနော်က ညနေဘက်မှာ ရိုက်ကူးခဲ့ပါတယ်။

ကျနော်က လမ်းပေါ်သွားလာနေတဲ့ ကိုရီးယားလူမျိုးတွေကို အင်္ဂလိပ်လို လမ်းမေးပါတယ်။ SBSအသံလွှင့် ဌာနက ကင်မရာသမားတွေကတော့ အနီးက ကော်ဖီဆိုင်အပေါ်ထပ်၊ လမ်းတဘက်ကမ်းကနေ ပုန်းခို နေ ရာယူပြီး ကျနော်နဲ့ လမ်းသွား လမ်းလာတွေရဲ့ အဖြစ်အပျက်ကို လျှို့ဝှက် ရိုက်ကူးကြပါတယ်။

အချိန်၁နာရီကြာ လမ်းသွား လမ်းလာတွေကို အင်္ဂလိပ်လို လမ်းကို မေးတဲ့ အခါ ၇၀%လောက်က ကျနော့် အပေါ် စေတနာ ထက်သန်စွာနဲ့ လမ်းညွှန် ပြောပြကြပါတယ်။

ကိုရီးယားလူမျိုးတွေဟာ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းမှု အထူး အားနဲကြ ပေမယ့် အကူအညီလိုသူ ကျနော့် အား လက်ဟန် ခြေဟန်နဲ့ တတ်စွမ်း သမျှ အားကုန် ကြိုးစား လမ်းညွှန်ပြောပြပေးကြတာကို ကြုံတွေ့ခဲ့ ရပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို လမ်းမေးလို့မှ မဆုံးသေးဘူး မသိဘူး၊ အင်္ဂလိပ်လို မတတ်ဘူးလို့ ခေါင်းခါ လက် ခါပြပြီး ထွက်သွားတဲ့သူ၊ လှည့်တောင် မကြည့်ပဲ ထွက်သွားတဲ့သူတွေတော့ ရှိကြတာပေါ့။

ဒါပေမယ့် လူအများစုဟာ ကူညီလိုတဲ့ မျက်ဝန်းနဲ့ တက်တက်ကြွကြွ လမ်းညွှန်ပေးကြတာမို့ အထူး ၀မ်း သာမိပါတယ်။

ကိုရီးယားလူမျိုးတွေဟာ အင်္ဂလိပ်စကားပြောတဲ့သူကို အလွန် အထင်ကြီး တတ်ကြသလို သူတို့ကို အင်္ဂလိပ်လို လာပြောတဲ့အခါ လိုတာထက်ပိုပြီး စကားပြန်ပြောဖို့ ၀န်လေးကြပါတယ်။

ဒီရုပ်သံကို ကြည့်ကြည့်ရင် ကိုရီးယားတွေ အင်္ဂလိပ်လို အမေးခံရရင် ဘယ်လောက်တောင် ရင်ခုန်တတ်ကြ သလဲဆိုတာကို တွေ့ရပါလိမ့်မယ်။
ရုပ်သံကြည့်ရန်

ဒါပေမယ့် အာရှတိုက်သား အထူးသဖြင့် အရှေ့တောင်အာရှတိုက်သားတွေကို မတူသလို မတန်သလို ဆက်ဆံတတ်ကြတဲ့ သူတွေလည်း ရှိကြပြန်ပါ တယ်။
အောက်ပါ ဗီဒီယိုကို ကြည့်မယ်ဆိုရင် အင်္ဂလိပ်လိုမေးတဲ့သူချင်းအတူတူ ဥရောပသားအပေါ်ဆက်ဆံတာနဲ့ အာရှတိုက်သားအပေါ် ဆက်ဆံတာ မတူတာကို ၀မ်းနဲစွာ တွေ့နိုင်ပါတယ်။
ရုပ်သံကြည့်ရန်

ဒါပေမယ့် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လူကောင်း လူဆိုးက အမြဲဒွန်တွဲ ရှိစမြဲဆိုတာကို သိမြင်ထားမယ် ဆိုရင်တော့ သိပ်ခံစားမှုတော့ မရှိနိုင်ဘူးပေါ့။
ကိုယ်မြင်သိတာလောက်နဲ့ လောကကြီးကို ဆုံးဖြတ်ချက်ချ သုံးသပ်ပြစ် လိုက်မယ်ဆိုရင် ကျနော်တို့ ဟာ ကျင်ငယ်အိုင်ထဲက ဖားသူငယ်လေးတွေ ဖြစ်သွားကြမှာပေါ့နော်။
စိုးမိုးသူ

No comments: