Wednesday, June 2, 2010

ဆရာတော်အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ထံသို့ လျှောက်ထားလွှာ

ဆရာတော်ဘုရားကြီးဘုရား ၊ တပည့်တော် ငဝိုင်း ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား ။
အကြောင်းမှာ ဆရာတော်ဘုရားကြီး၏ သြဝါဒဖြင့် ဆောင်ရွက်နေသည့် ဓမ္မဒူတစင်တာ(ကိုရီးယား)ကို အမှီပြု၍ တပည့်တော်တို့ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် ဝေနေယျ ပုဂ္ဂိုလ်များစွာတို့က ပဌာန်းပစ္စယသတ္တိဖြင့် များစွာသော အကျိုးကျေးဇူးနှင့် အထောက်အကူကို ရရှိကြသည့်အတွက် ကျေးဇူး အလွန်တင်လှပါ၍ ဤ စာလွှာဖြင့် ဟန်းဂုရွာမှတစ်ဆင့် လျှောက်ထားရခြင်းဖြစ်ပါသည်ဘုရား ။ ယခုကဲ့သို့လျှောက်ထားခြင်းအားဖြင့် ဆရာတော်ကြီး ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုနိုင်ရန်နှင့် ၊ ဓမ္မဒူတစင်တာ(ကိုရီးယား) ရှိခြင်း၏ အကျိုးကျေးဇူးများကို မသိရှိကြသေးသည့် ဝေနေယျသတ္တဝါများလည်း သိရှိနိုင်ကြစေရန် ရည်ရွယ်ပါသည်ဘုရား ။
ဘုရားတပည့်တော်တို့မှာ ဓမ္မဒူတ(ကိုရီးယား)ထံမှ မည်ကဲ့သို့ အကျိုးကျေးဇူးနှင့် အကူအညီများ ရရှိကြပါသနည်း ဆိုလျင် -
- သုမင်္ဂလ ဒုမင်္ဂလဟုခေါ်သော သာရေးနာရေးများကြုံကြရသည့်အခါ ၊ သာရေးနာရေးကို အကြောင်းပြု၍ ဓမ္မဒူတစင်တာ(ကိုရီးယား) တွင် ကောင်းမှုကုသိုလ်များလုပ်ခွင့်ရရှိကြသဖြင့် ၊ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကိုရရှိစေပါသည်ဘုရား ။
- အလုပ်ပိတ်ရက်ရှည်များတွင် ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က စီစဉ်ပေးသည့် အပမ်းဖြေအစီ အစဉ်များနှင့် ယဉ်ကျေးမှုဖလှယ်ရေး ၊ ဒေသန္တရလေ့လာရေးအစီအစဉ်များကြောင့် စိတ်အပမ်းဖြေမှုရှိခြင်းနှင့် ဗဟုသုတတိုးပွါးခြင်းတို့ကို ရရှိကြပါသည်ဘုရား ။
- ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က စီစဉ်ပေးသည့် ကိုရီးယားစကားပြောသင်တန်း ၊ ကွန်ပျူတာသင်တန်းများမှလည်း ကိုရီးယားနိုင်ငံအတွင်း နေထိုင်မှုကာလအတွင်း လက်တွေ့အသုံးကျသည့် အဖိုးမဖြတ်နိုင်သော အသိပညာ အတတ်ပညာများကို ရရှိစေပါသည်ဘုရား ။
- ပိတ်ရက်ရှည်များတွင်လည်း ဓမ္မဒူတ(ကိုရီးယား)က ကမကထပြု၍ စုပေါင်းဒုလ္လဘရဟန်းခံပွဲများကို ပြုလုပ်ပေးသဖြင့် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ကျေနပ်မှုများကို ဆောင်ကြည်းပေးနိုင်သဖြင့်လည်း ဖရဏာပီတိ ၈ွမ်းဆီထိဖြစ်ရပါသည်ဘုရား ။
- ဓမ္မဒူတအကျိုးတော်အဖွဲ့က စီစဉ်ပေးသဖြင့်လည်း ဆရာတော်ဘုရား ဟောကြားတော်မူသော တရားတော်များကိုလည်း အခါအားလျော်စွာနာကြားခွင့်ရသဖြင့်လည်း ၊ လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးများကို အထောက်အကူရရှိစေပါသည်ဘုရား ။
- ထို့ပြင် ဓမ္မဒူတ(ကိုရီးယား)၏ အင်တာနက်စာမျက်နှာဖြစ်သော www.dhammaduta.info ရှိ (ကပ္ပိယမှတ်စု) စာမျက်နှာမှတစ်ဆင့်လည်း ဘုရားတပည့်တော်တို့အလုပ်သမားများအတွက် အလုပ်ရှာဖွေခြင်းမှအစ များစွာအထောက်အကူဖြစ်စေသည့် သတင်းအချက်အလက်များကို ရရှိပါသဖြင့် ကျေးဇူးများလှပါသည်ဘုရား။
- အထက်ပါ ဓမ္မဒူတအင်တာနက်စာမျက်နှာရှိ (မြန်မာအသိုင်းအဝိုင်း) စာမျက်နှာပါ လိပ်စာများမှလည်း ကိုရီးယားရှိ မြန်မာအသိုင်းအဝိုင်း လိပ်စာများသိရှိရသဖြင့်လည်း ၊ တပည့်တော်တို့ ကိုရီးယားရောက်ခါစ မြန်မာများအတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်ဘုရား ။
- ထို့ပြင် အထက်ပါ ဓမ္မဒူတအင်တာနက်စာမျက်နှာရှိ (ကိုရီးယားကမြန်မာတွေ) စာမျက်နှာမှတစ်ဆင့် မြန်မာအတော်များများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများရရှိသဖြင့်လည်း ၊ ကိုရီးယားတွင် ဆက်သွယ်စရာ မြန်မာအများအပြား ရှိနေသည်ကို သိရသဖြင့် အထီးကျန်စိတ်ခံစားရခြင်းမှ ကင်းလွတ်စေပြီး ၊ စိတ်ခွန်အားတစ်ရပ် ဖြစ်ပေါ်ရပါသည်ဘုရား ။
- ထို့ပြင် ဟန်းဂုရွာတွင် တင်ထားသော အလုပ်သမားအကျိုးပြု သတင်းဆောင်းပါးအချို့မှာ ဂူဂဲဆာဗာတွင် တိုက်ရိုက်လွင့်တင်ရန် အခက်အခဲရှိသည့် ဖိုင်များဖြစ်သည့်အတွက် ဓမ္မဒူတ(ကိုရီးယား)၏ အင်တာနက်စာမျက်နှာ (ဆာဗာ) စပေ့မှ ချိတ်ဆက်အသုံးပြုထားသည်ကို တွေ့ရသဖြင့် ဓမ္မဒူတ(ကိုရီးယား)၏ အကျိုးကျေးဇူးကြီးမားကြောင်း သိရပြန်ပါသည်ဘုရား ။
- အလုပ်အကိုင်မရှိသော အလုပ်သမားများကိုလည်း ဓမ္မဒူတ(ကိုရီးယား)တွင် တည်းခိုခွင့် ပေးထား ခြင်း ၊ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က အလုပ်ရှာပေးခြင်းများ ပြုလုပ်ပေးနေ သည်မှာ လည်း လက်တွေ့မျက်မြင် ဖြစ်သဖြင့်လည်း များစွာနှစ်ထောင်း အားရ ဖြစ်ရပါသည်ဘုရား ။
- ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်များအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ် သမားတို့၏ အခက်အခဲအမျိုးမျိုးတို့ကို နေ့မနားညမအား ဆိုသလို ၊ ဖုန်းဖြင့်တစ်မျိုး အီးမေးလ်ဖြင့်တစ်တန် ၊ လူကိုယ်တိုင် တစ်နည်း အမျိုးအမျိုး အနည်းနည်းဖြင့် တတ်စွမ်းသမျှ ဖေးမကူညီနေကြသည်မှာ ကိုယ်တွေ့မျက်မြင်ဖြစ်ပါသဖြင့်လည်း များစွာ လေးစားဂုဏ်ယူရ ပါသည်ဘုရား ။
- ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသား အလုပ်သမားများအနေဖြင့် နှစ်စဉ် စည်းဝေးပွဲများ ၊ အခမ်းအနားများ ၊ ပြုလုပ်ခွင့်ရရှိသဖြင့်လည်း များစွာ ကျေနပ်မှုဖြစ်ရပါသည်ဘုရား ။
- မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများကို ကိုရီးယားပြည်သူတို့သိရှိစေရေးအတွက် ၊ ကိုရီးယားမြန်မာ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ပြုလုပ်နေကြောင်း သိရသဖြင့်လည်း များစွာနှစ်ထောင်းအားရဖြစ်ရပါသည်ဘုရား ။
- မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ အမေရိကန် ၊ သိရိလင်္ကာ နှင့် စင်္ကာပူတို့မှ ကြွရောက်လာကြသည့် အာဂန္တု ဘုန်းတော်ကြီးများကိုလည်း ဓမ္မဒူတ(ကိုရီးယား)တွင် တည်းခိုခွင့်ပေးခဲ့ခြင်း ၊ အာဂန္တုဆရာတော်များအတွက် ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်များက ကိုရီးယားတစ်ခွင် လေ့လာရေးအစီအစဉ်များ စီစဉ်ပေးခြင်းတို့အတွက်လည်း ကျေနပ်အားရမိပါသည်ဘုရား ။
- ကိုရီးယားနိုင်ငံသားအချို့ကို မြန်မာနိုင်ငံရှိ သံဃတက္ကသိုလ်များတွင် အခမဲ့ ပညာဆည်းပူးနိုင်ရန် ဓမ္မဒူတ(ကိုရီးယား)က ကူညီ စီစဉ်ပေးနိုင်ခဲ့သဖြင့်လည်း များစွာပိတီဖြစ်ရပါသည်ဘုရား ။
- ထို့ပြင် ဓမ္မဒူတ(ကိုရီးယား)တွင် ကိုရီးယားနိုင်ငံသား အချို့ကို မြန်မာစာ မြန်မာစကားအခမဲ့ သင်ကြားပေးနေခြင်း ၊ အဘိဓမ္မာသင်တန်းပို့ချပေးခဲ့ခြင်းများရှိကြောင်း သိရှိရသဖြင့်လည်း သာဓုအကြိမ်ကြိမ်ခေါ်မိပါသည်ဘုရား ။
- မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေးကျရောက်ခဲ့စဉ်က မုန်တိုင်းသင့်ဒုက္ခသည်များကူညီရေးအတွက် ဓမ္မဒူတ(ကိုရီးယား)အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့သဖြင့်လည်း နာဂစ်ဒဏ်ခံပြည်သူများ ကိုယ်စား ကျေးဇူးစကားဆိုအပ်ပါသည်ဘုရား ။
- ယခုတစ်ဖန် ဆရာတော်ကြီး၏ မိန့်မှာထားသည့် ၊ ဓမ္မဒူတမောင်မယ်အစီအစဉ်ကိုလည်း ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ကိုရီးယားနိုင်ငံရောက်မြန်မာညီအစ်မောင်နှမများ လက်တွဲပြီး ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း သိရသည့်အတွက်လည်း များစွာ လေးစားဂုဏ်ယူရပါသည်ဘုရား ။
- အထူးလျှောက်ထားလိုသည်မှာ ၊ ဘုရားတပည့်တော်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ကိုရီးယားအရင်းရှင် လောကသစ်၏ အသီးအပွင့်ရတနာများကို ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူလာကြသည့် မြန်မာအလုပ်သမား အားလုံးတို့ မပူမပင် မကြောင့်မကျ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာ ညီညွှတ်မျှတစွာ အပြည့်အဝ သုံးဆောင်ခံစား စံစားနိုင်အောင် ကူညီပံ့ပိုးလိုပါသည်ဘုရား ၊ သို့ရာတွင် ဘုရားတပည့်တော်မှာလည်း အဖနိုင်ငံတော်ကြီးတွင် မိသားစုနှင့်မကွဲမကွာ အတူတကွလုပ်ကိုင်စားသောက်လိုသည့်တိုင် ၊ မိသားစုစားဝတ်နေရေးကို ကောင်းမွန်စွာ မထောက်က်ပံ့နိုင်ပါသဖြင့် ကိုရီးယားနိုင်ငံသို့ ထွက်လာပြီး လုပ်ကိုင်စားသောက်နေရသည့် မြန်မာအလုပ်သမားတစ်ဦးသာဖြစ်ပါသဖြင့် ၊ ခါချဉ်ကောင်မာန်ကြီးလို့ ၊ တောင်ကြီးဖြိုမယ်ကြံ ၊ ခါးကမသန် ဆိုသလို စိတ်ထင်တိုင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကိုတော့ ဘုရားတပည့်တော်အား နားလည်ခွင့်လွတ်ပေးပါရန် ရိုသေစွာ တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား ။
လေးစားဦးညွှတ်ပါသည်ဘုရား ။
သတ္တဝါအများ ကျန်းမာ ချမ်းသာကြပါစေ ၊ (………………) ။

အယ်ဒီတာ့မှတ်ချက် ။ ဝေနေယျသတ္တဝါဟူသော စကားရပ်တွင် ဂဏန်း ၊ ပုတ်သင် ၊ ဖား ၊ ယင် ၊ လိပ် ၊ ကြမ်းပိုး ၊ နွား ၊ သိုး ၊ ခွေးအ အစရှိသည့် တိရစ္ဆာန်အကောင်ဗလောင်များနှင့် အဖေအရင်းကိုအဖေအရင်းမှန်း မသိ ပထွေးကို အဖေအရင်းထင်မှတ်နေသော ကြောင်သူတော်များလည်း ပါဝင်ကြောင်း သိရသည် ။

3 comments:

မောင်ဘမောင်(ဘုန်းစိုး) said...

အယ်ဒီတာ့မှတ်ချက် ။ ဝေနေယျသတ္တဝါဟူသော စကားရပ်တွင် ဂဏန်း ၊ ပုတ်သင် ၊ ဖား ၊ ယင် ၊ လိပ် ၊ ကြမ်းပိုး ၊ နွား ၊ သိုး ၊ ခွေးအ အစရှိသည့် တိရစ္ဆာန်အကောင်ဗလောင်များနှင့် အဖေအရင်းကိုအဖေအရင်းမှန်း မသိ ပထွေးကို အဖေအရင်းထင်မှတ်နေသော ကြောင်သူတော်များလည်း ပါဝင်ကြောင်း သိရသည် ။
ဟူသော စာကိုရှင်းလိုပါသည်။ (ဝေနေယျ= ကျွတ်ထိုက်သည့်သတ္တ၀ါ)ဟု မြန်မာစာအဖွဲ့မှ ထုတ်သော မြန်မာအဘိဓာန်နှင့် ဦးထွန်းမြင့်ရေးသားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ပါဠိမြန်မာ အဘိဓာန်မှာတော့ ေ၀ေနယ်(၀ိနယ+ဏ်) (တိ) ဆုံးမထိုက်သည် ကျွတ်ထိုက်သည်။ လို့ပြဆိုထားပါတယ်။ ကျွတ်ထိုက်သည့်သတ္တ၀ါထဲမှာ အပါယ်ဘုံသားများနှင့် ဒွိဟိတ်ပုဂ္ဂိုလ်များ မပါဝင်နိုင် ကြောင်း မေတ္တာရှေ့ထား၍ ဖြေရှင်းလိုက်ရပါသည်။

မောင်ဘမောင်(ဘုန်းစိုး)

ကဉ္စန said...

မှန်ပါတယ်။ ကိုဘုန်းစိုး ပြောသလိုပါပဲ ဝေနေယျ သတ္တ၀ါဆိုတာ အပါယ်လေးဘုံသားတွေပယ်ပြီး ကျွတ်ထိုက်တဲ့ သတ္တ၀ါကို ပြောတာဖြစ်ပါတယ်။ ဒီပို့စ်ရေးသူဟာ တစ်ခြားသူတွေကို နှိပ်ကွပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ကို တိတိကျကျ မသိဘဲ သူလိုသလို ပါဠိစာပေကို ဖွင့်ဆိုအသုံးပြုလိုက်တယ်လို့ ထင်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ နောက်ဆိုရင် တိကျမှ ရေးတာကောင်းပါတယ်။

ကိုဝိုင်း (မိုးညှင်း) said...

ဦးဘပြောင် အဲလေ ၊ ဟုတ်ပေါင်ဗျာ ဦးဘမောင်ပြောသော ဝေနေယျ သတ္တဝါမှာ ပိဋကတော်လာ ကျွတ်ထိုက်သော သတ္တဝါများမှန်ပါလိမ့်မည် ။ သို့သော် ယခု အယ်ဒီတာ့မှတ်ချက်ပါ ဝေနေယျ သတ္တဝါများမှာ ဟန်းဂုရွာသို့ တစ်ခါတရံ ရောက်လာတတ်သည့် မကျွတ်ထိုက်သေးသည့် ဝေနေယျသတ္တဝါများကို သီးခြား ရည်ညွှန်းဟန်တူပါသည်ခင်ဗျား ။ ကိုယ့်ဟာကိုယ်ကျွတ်ထိုက်သူဟု အထင်ရောက်နေပြီး ဤ စာမှာ မိမိနှင့်မဆိုင်ပါဟု ယူဆခါ ၊ မသိချင်ယောင်ဆောင်နေတော်မူမည်ကို အယ်ဒီတာမင်းက စိုးရိမ်တော်မူသည့်အတွက် သီးခြားမှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မည် ။ မှတ်ချက်ပါ ဝေနေယျသတ္တဝါ စာရင်းဝင် အကောင်ဗလောင်များမှာ ခေတ်သစ် ဝေနေယျသတ္တဝါများ ဖြစ်ပါလိမ့်မည် ။ စေတနာကို သဘောပေါက်ဖို့ကောင်းပါသည် ။ အမှားအယွင်းကို စိုးရိမ်တော်မူပေးသည့် ဦးဖုန်းဆိုးကြီးကိုလည်း အလွန် ကျေးဇူးတင်ပါသည် (………….) ။