ရေးသားသူ — ပေါ်ဦး
ကျနော်ထင်တာ မမှားဘူးဆိုရင် “ဥပဒေ” လို့ ကြားလိုက်တာနဲ့ ကျနော်တို့တစ်တွေ “တွန့်သွား၊ ရွံ့သွား” တတ်ကြတယ်လို့ ခံစားမိပါတယ်။ ဒီလိုဆိုတော့….ဥပဒေဆိုတာ တွန့်စရာ၊ ရွံ့စရာလား…? အဲဒီလို တွန့်တတ်၊ ရွံ့တတ်ကြသူတွေ ကိုယ်တိုင် (အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ။) ဘာကြောင့်ရယ်လို့ ပြန်လည်တွေးဆ၊ ဆင်ခြင်မှုရှိ မရှိ မသေချာပေမဲ့ လူတစ်ချို့ကတော့ တွန့်တာ၊ ရွံ့တာကိုပဲ အရသာကောင်း တစ်ပါးလို့ ခံယူထားကြသလို ကျနော်တို့တစ်တွေ တွန့်သွား၊ ရွံ့သွားလေအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးချလေ့ရှိတယ် ဆိုတာ အားလုံး လက်ခံထားကြပြီး ဖြစ်မှာပါ။ တစ်ချို့ကလည်း မသိသားဆိုးရွားစွာနဲ့ ၀င်ပြီးထင်ကြေးပေး၊ လေသံပစ်ကြတော့ မရှုပ်သင့်ပဲ ရှုပ်နေရတဲ့ ဇာတ်လမ်းဆိုပါတော့။ ဥပဒေလို့ ကြားလိုက်တာနဲ့.. ဘာတဲ့၊ “သွားမလုပ်နဲ့၊ ရူးသွားမယ်၊ ဂေါက်၊ စာအုပ်ကြီး၊ ငကြောင်၊..” စသည်ဖြင့်၊ စသည်ဖြင့်..။
ဒီတော့ ဥပဒေ ဆိုတာ ဘာလဲ..? အရှင်းဆုံး ပြောရရင်တော့ ဥပဒေ ဆိုတာ စည်းမျဉ်း၊ စည်းကမ်း ပါပဲ။ အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေကို စနစ်တကျ စုဖွဲ့ထားရှိပြီး၊ လူအများ လိုက်နာစေဖို့ အုပ်ချုပ်မှုရေးရာမှာ အသုံးချပါတယ်။ အုပ်ချုပ်မှုရေးရာ ဆိုတာကလည်း ကျနော်တို့အားလုံး ကျောင်းသား၊ အလုပ်သမား၊ ၀န်ထမ်း၊ မိသားစု၊ ရပ်ကွက်၊ ဒေသ၊ နိုင်ငံတွေအကြား၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆက်စပ် ဆောင်ရွက်ချက်တွေကို ဆိုလိုတာဖြစ်ပြီး ယုံကြည်မှုနဲ့ တန်ဘိုးစံနှုန်းတွေအရ အဆိုပါ အုပ်စုတွေကြားမှာ လိုက်နာဖို့ ချမှတ် သဘောတူညီထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းစနစ်တွေလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ အများဆိုင်၊ ဘုံသဘော ကောင်းကျိုးရှေးရှုတဲ့ သာတူညီမျှမှု အခြေခံစည်မျဉ်း ဥပဒေတွေ ဆိုပါတော့။
သမိုင်းဦးအစ ဘီစီ ၃၀၀၀ လောက်က ရှေးအီဂျစ်လူမျိုးတွေရဲ့ “မတ်” နတ်ဘုရား အယူဝါဒ အပေါ် အခြေခံပြီး ဥပဒေသဘော အမြစ်တွယ်ခဲ့တာလို့ ဆိုကြပါတယ်။ နတ်ဘုရားက သူတို့ရဲ့ ဂြိုဟ်နတ်က္ခတ်၊ ရာသီဥတုနဲ့ နေမှုသေမှု အစစကို ဖန်ဆင်းနိုင်ပြီး ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာလောကကြီး အတွက် စီမံထားရှိပေးခဲ့တာလို့ မှတ်ယူခဲ့ကြပါတယ်။ “မတ် နတ်ဘုရား” ကို ဒီကမ္ဘာနဲ့ နှောင်းကမ္ဘာရဲ့ သဘာဝတရားနဲ့ လူမှုဆက်သွယ်ချက် ဆိုင်ရာ ပြယုဂ်အဖြစ် လက်ခံခဲ့ကြကြောင်း အီဂျစ်ပြည်ရှိ ပိရမစ်မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ တစ်ခါ ရောမတွေက အီဂျစ်ပြည်ကို သိမ်းတော့ သူတို့ဥပဒေတွေကိုပါ တစ်ခါတည်း သွတ်သွင်းခဲ့ကြ ပြန်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အရတော့ ဘေဘီလုံမင်းဆက်ရဲ့ ပထမဘုရင် ဟမ်ဘူရာဘီက သူ့အမည်တပ်ထားတဲ့ ကိုဓဥပဒေတွေကို ရှစ်ပေလောက်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ထွင်းထုထားရှိခဲ့တာကို အင်္ဂလိပ် သုတေသီတစ်ယောက်က ၁၉ ရာစု အကုန်ပိုင်း ပါရှားနိုင်ငံမှာ ပြန်လည်တွေ့ရှိပြီး အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်ဘာသာ အပါအ၀င် ဘာသာတော်တော်များများ ပြန်ဆိုခဲ့ကြရာက ဟမ်ဘူရာဘီကို ရှေးအကျဆုံး ဥပဒေလက်ဆင့်ကမ်းသူ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီခေတ်က သာတူညီမျှမှု အခြေခံ “မျက်လုံးတစ်လုံးကို တစ်လုံး၊ သွားတစ်ချောင်းဆို တစ်ချောင်း” ဥပဒေသကိုတော့ ကျနော်တို့အားလုံး သိပြီး ဖြစ်ပါတယ်။ သူ့ကျောက်ပြားတွေ ဖော်ပြချက်အရတော့ အဲဒီဥပဒေတွေကို နတ်ဘုရားထံက ရရှိခဲ့ပြီး ပြုစု ပြဌာန်းဖို့ စေလွှတ်ခံရသူလို့ သူ့ကိုသူ ဖော်ပြထားပါတယ်။ ရှေးခေတ် ဟီးဘရူးတွေ အတွက်လည်း မော့်စ် ဆိုသူကို စေလွှတ်ခဲ့တယ်လို့ ခေတ်ပြိုင်ပညာရှင်တွေ ပြောတဲ့ သမိုင်းလည်း ရှိပါသေးတယ်။
လူမှုအခြေပြု နိုင်ငံသားအခွင့်အရေးနဲ့ ဆက်စပ်ဥပဒေတွေ စတင်ဖွံ့ဖြိုး တိုးတက်ရာလို့ လက်ခံထားကြတာ ကတော့ ဂရိနိုင်ငံ အေသင်မြို့ပြ (ဘီစီ ၁၈ ရာစုခန့်) ဖြစ်ပြီး၊ ဥပဒေရယ်လို့ တိတိကျကျ သတ်မှတ်ဖော်ပြ ထားခဲ့တာမျိုး မတွေ့ရပေမဲ့ “နတ်ဘုရားဥပဒေ”၊ “လူမှုပြန်တမ်း” နဲ့“ဓလေ့ထုံးတမ်း” ဆိုပြီး (၃ ပိုင်း) ခွဲခြား အုပ်ချုပ်ခဲ့တာမို့ ဒီမိုကရေစီ သဘောဆောင် အခြေခံဥပဒေ သဘောတရားရဲ့ ဆန်းသစ်မှုအစလို့ မှတ်ယူကြပါတယ်။ ဒါကြောင့် နှောင်းပိုင်း ရောမ ဥပဒေတွေဟာ ဂရိသဘောတရားတွေ ရိုက်ခတ်လွှမ်းမိုး ခံခဲ့ရမှုရှိပြီး ခေတ်ကာလနဲ့ လူမှုရေးရာ အခြေအနေများ ပြောင်းလဲမှုကို လိုက်ပြီး ရောမတိမ်တောက်ချိန်မှ နေ၀င်ချိန်အထိ ဘုရင်သီအိုဒိုးဆီးယပ် နံပါတ် ၂ နဲ့ ဘုရင် ဂျပ်စတီးနီးယန်း နှစ်ပါးတို့ရဲ့ ပြန်လည် စီစစ်ပြဌာန်းမှုတွေ ရှိခဲ့ရာက နောက်ပိုင်းမှာ ဓလေ့ထုံးတမ်း (အစဉ်အလာ) ဥပဒေနဲ့ အဆုံးအဖြတ် ဥပဒေများအဖြစ် ပြောင်းလဲလာခဲ့သလို အင်္ဂလန်မှာလည်း ဆုံးဖြတ်မှု အခြေခံ ရိုးရာဥပဒေ၊ ဥရောပ တစ်လွှားမှာလည်း ကုန်သည်ဥပဒေ (ယခုခေတ်တွင် စီးပွားရေး ကူးသန်းရောင်းဝယ်မှု ဥပဒေဟု အမည်တွင်မည် ထင်ပါသည်။) များအဖြစ် ဆင့်ကဲပြောင်းလဲ တိုးတက်လာခဲ့ကြောင်း ဖော်ပြကြပါတယ်။
အာရှဘက်ခြမ်း အိန္ဒိယနဲ့ တရုတ်မှာတော့ သီးခြားလွတ်လပ်မှု သမိုင်းအစဉ်အလာအရ ပုံသဏ္ဍာန်ကွဲ ဥပဒေစနစ်တွေ ရှိခဲ့ပါတယ်။ အနောက်တိုင်း ဥပဒေစနစ်ပုံစံ ပြင်ဆင်မှုစနစ်နဲ့ ပတ်သက်လို့ ပြင်သစ်၊ ဂျာမန်တို့ထံမှ တဆင့် ဂျပန်ဟာ အာရှမှာ ပထမဖြစ်ခဲ့ပြီး တရုတ်က “ချင်မင်းဆက် နောက်ပိုင်း” မှာ ထပ်မံ ဆင့်ပွား ကျင့်သုံးခဲ့ပါတယ်။ “ဘုရင် အာသာ” တို့ “ဘုရင် မနူဟာ” တို့က အခြေပြုခဲ့တဲ့ ဟိန္ဒူဓလေ့ အခြေခံမှာ အင်္ဂလိပ် ရိုးရာဥပဒေ ပေါင်းစပ်ထားတဲ့ အိန္ဒိယဥပဒေ စနစ်ကတော့ ကျနော်တို့ မြန်မာပြည် အပါအ၀င် အရှေ့တောင်အာရှ တစ်လွှား လက်ခံကျင့်သုံး လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သမိုင်းကြောင်း အနှစ်ပြန်ချုပ်လိုက်မယ် ဆိုရင်တော့ ဥပဒေ ဆိုတာ “ဘာသာရေး အခြေခံ ဥပဒေ” နဲ့ “အုပ်ချုပ်မှု အခြေခံ ဥပဒေ” စနစ်နှစ်ရပ် ပေါင်းစပ်ထားတာ ဖြစ်ပြီး ပထမတစ်မျိုးကို သဘာဝအမှန်တရား ဥပဒေ (ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ဘာသာရေး အဆုံးအမ အများစု ပါဝင်သည်။) ဟုခေါ်ဆိုပြီး ဒုတိယ တစ်မျိုးကိုတော့ ပြဋ္ဌာန်းဥပဒေ (ဘုရင်၊ အုပ်ချုပ်သူ၊ ဥပဒေပြု အဖွဲ့တို့မှ အခါအားလျော်စွာ ချမှတ်ခြင်းများ ဖြစ်ပါသည်။) လို့ခေါ်ဝေါ်ကြကြောင်း ယေဘုယျ မှတ်သားနိုင်ပါတယ်။
ဥပဒေရဲ့ သဘောတရားကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘ၀တွေကို တည်ငြိမ် တိုးတက်စေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်စပ်ပုံဖော် ပြဋ္ဌာန်းပေးဖို့ ဖြစ်ပေါ်လာတာပါ။ တစ်ဦးချင်း သဘောတူညီမှုတွေကနေ ပဋိညာဉ်တွေ၊ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ စာချုပ်စာတမ်းတွေ၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုမှ နိုင်ငံချင်း မကျူးကျော်ရေး သဘောတူ စာချုပ်တွေ၊ ပုဂ္ဂလချင်း ယုံကြည်မှုမှတဆင့် အဖွဲ့အစည်းနဲ့ နိုင်ငံများအချင်းချင်း လွှဲပြောင်း ပေးပို့နိုင်တဲ့ ကုန်ပစ္စည်းဆိုင်ရာ ဥပဒေတေ ဖြစ်လာခဲ့သလို အသွေးအရောင်၊ ဘာသာ၊ လူမျိုး၊ ယုံကြည်ချက်နဲ့ အခြေချနေထိုင်ရာ အရပ်ဒေသမခွဲခြားဘဲ လူသားမှန်သမျှ ရရှိသင့်တဲ့ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တောင်းဆို ကာကွယ်ပိုင်ခွင့် ဥပဒေတွေ၊ အုပ်ချုပ်မှုနဲ့ ဆက်ဆံရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ဥပဒေတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေ၊ မြေ၊ လေ နဲ့ သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေတွေ၊ ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး၊ စစ်ပွဲများ ကင်းဝေးစေရေးနှင့် ငြိမ်းချမ်းရေး စောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု ဆိုင်ရာ သဘောတူ စာချုပ်စာတမ်းတွေ အထိ လက်တံရှည်ရှည် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ တိုးချဲ့ပုံဖော်၊ လက်ခံ ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံတွင်းမှာ ပြည်သူတွေကလည်း ကျေနပ်၊ အစိုးရယန္တရား လည်ပတ်မှုလည်း ချောမွေ့စေဖို့ ခိုင်မာခေတ်မီတဲ့ ပြည်တွင်း ဥပဒေစနစ်နဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာလည်း ဂုဏ်သိက္ခာရှိရှိ အဆင်ပြေပြေ ဆက်ဆံ၊ ၀င်ဆန့်နိုင်စေဖို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဆိုပြီး နှစ်မျိုးနှစ်စား ရှိတဲ့အနက် ကျနော်တို့ နိုင်ငံ ကျင့်သုံးနေတဲ့ ဥပဒေစနစ် ကတော့ (ပြည်တွင်း ဥပဒေစနစ်ကို အဓိကထားပြီး ဖော်ပြသွားမှာပါ။) အင်္ဂလိပ်ရိုးရာ ဥပဒေ (Common Law)၊ ပြဋ္ဌာန်းဥပဒေ (Civil Law) နဲ့ ဓလေ့ထုံးတမ်း (Customary Law) စနစ်တွေ ရောနှော ပေါင်းစပ်ထားတဲ့၊ အားမနာတမ်းပြောရရင်၊ စပ်ထည်ကြီး ဖြစ်ပြီး၊ အသုံးပြုနေဆဲ ဥပဒေ အများစုကတော့ “နှစ်ဆင့်ခံ ဥပဒေ” တွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်က အိန္ဒိယကို အုပ်ချုပ်ဖို့ ဥပဒေရေးခဲ့တာကို ကျနော်တို့က တဆင့်ထပ်ပြီး ဆက်ခံ သုံးစွဲခဲ့တာမို့ “နှစ်ဆင့်ခံ ဥပဒေ” တွေလို့ ခေါ်လိုက်တာပါ။ အတိုကောတ် သညာပြုရရင်တော့ “စပ်ထည်ဟောင်းကြီး” ပေါ့ဗျာ။ (အများနည်းတူ လိုအပ်လို့ ကြွားကြမယ်ဟေ့ ရဲရဲ ဆိုရင်တော့လည်း “တမူထူးခြားတဲ့ ကိုယ်ပိုင် ဥပဒေစနစ်”၊ “ယူနစ်ခ်” ဘာညာပေါ့ဗျာ…နော်။)
ယနေ့ကမ္ဘာမှာ နိုင်ငံတကာ ဖြစ်ရပ်တွေကို လက်ပေါ် တင်ကြည့်နေနိုင်ပြီ ဖြစ်ပေမဲ့ ကျနော်တို့ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော် ၁၉ ရာစုက ဥပဒေဟောင်းတွေကို တခုတ်တရနဲ့ စပ်ဟပ်ဖာထေးပြီး အန်းဒိတ်ချစ်သူများ ဖြစ်နေကြဆဲပါ။ မရှိတော့ဘူးလား အသစ်တွေဆိုရင်၊ ရှိပါတယ်။ ဒါပေမဲ့ လွတ်လပ်သော လူမှုအခြေခံ သာတူညီမျှမှုစံတွေ အပြည့်နဲ့ နိုင်ငံတကာအဆင့် ပေမီဒေါက်မီတွေလို့ ဆိုရမှာထက် တဘက်မြင် လုံခြုံရေးအဓိက စံနှုန်းတွေနဲ့ သိမ်းကျုံး ဥပဒေသဘောတွေ ပိုကဲနေတယ်လို့ ထင်မိပါတယ်။ လုံခြုံရေးအတွက် (အင်မတန် ကျယ်ပြန့်တဲ့ အနက်အဓိပါယ် ရှိပါတယ်။) ဆိုပြီး လိုအပ်လာရင် အားလုံးကို သိမ်းကျုံးပစ်နိုင်အောင် ဦးစားပေးထားတဲ့ ဥပဒေတွေကို လစ်ဟာချက်မရှိ၊ ပြည့်ဝတဲ့ ဥပဒေလို့ ပြောရမှာ ခက်မယ် ထင်ပါတယ်။ အဲဒီလို ဥပဒေမျိုးတွေဆိုရင် ပြင်နေမဲ့အစား ပယ်ဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲတာက ပိုပြီးသင့်တော်မယ်လို့ ယူဆပါတယ်။ ဥပဒေရဲ့ နဂိုအခြေခံကောင်းတွေနဲ့ ဆန့်ကျင်ရာ အခြေအနေတွေ ရှိလာရင်…၊ ရှိနေသေးရင်…၊ ဥပမာဆိုပါတော့.. လမ်းဘေးက ဆေးဆိုင်၊ ရပ်ကွက်ထဲက သာမန်ဆေးခန်း မပြောနဲ့ ဆေးရုံကြီးတွေက ပေးတဲ့ ဆေးညွှန်းဟာ ဘာအာမခံချက်မှ၊ တာဝန်ယူမှုမှ မရှိဘူးဆိုရင် ကျနော်တို့ ရဲရဲတင်းတင်း သောက်ရဲပါ့မလား..? ဟုတ်ကဲ့.. သောက်နေကြရ ပါသေးတယ်။ ကျုပ်တို့ ရွှေပြည်ကြီးမှာပေါ့..။ အခြေအနေအရကိုး… ဟုတ်တယ်မှတ်လား..။ … ထားပါတော့လေ။
တကယ်တော့ ဥပဒေဆိုတာ တာဝန်နဲ့ ၀တ္တရားအပြင် တာဝန်ယူမှုပါ တခါတည်း အချိုးအစား မျှတ သက်ဝင်အောင် ပုံဖော် ပြဋ္ဌာန်းပေးရတယ်လို့ နားလည်ထားပါတယ်။ တာဝန်ယူမှုရှိရတဲ့ စည်းမျဉ်းစနစ်ကို လူအတန်းအစား မခွဲခြားဘဲ တပြေးညီ လိုက်နာစေဖို၊့ ရှင်းလင်းနားလည်လွယ်တဲ့ ပညာပေး ဆောင်ရွက်မှုတွေ စီမံဖို့ အတော့်ကို အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ၊ နားလည်အောင်လည်း လုပ်ပေးမထားတဲ့ အပြင် နားမလည်လို့ပါလို့ ပြောရင်တောင် အမျက်တော်ရှ ခံနေကြရတာက အတော့်ကို ရင်နင့်စရာ ကောင်းမနေဘူးလား။ အဲဒီလို နားလည်ရန် မလွယ်ကူသော ကမ္ဘာကြီးထဲမှာ ပြစ်မှုတစ်ခုအတွက် ဘ၀တစ်ခုစာ၊ လူတစ်ယောက် အတွက်နဲ့ မိသားတစ်စု၊ ဆွေမျိုးတစ်သိုက်စာ မက ရင်းခံ လိုက်ရတာတွေက နာကျင်စရာထက် ပိုမနေဘူးလား..? မျက်လုံးတစ်လုံးဆို တစ်လုံး…၊ သွားတစ်ချောင်းဆို တစ်ချောင်းတဲ့လား ဟမ်ဘူရာဘီ? ငါတို့ကမ္ဘာရဲ့ အမှတ်တရ ဒဏ်ရာရပ်ဝန်းနဲ့ ဝေးရာ ရာဇ၀င်ထဲမှာ မင်း နေရစ်ဦးပေါ့လို့ ပြောနိုင်မယ် ထင်ပါတယ်။ မချိုမြိန်တဲ့ အတိတ်ကို တူးဆွ ရေနူးတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မေ့ပစ်လိုက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သမိုင်းသင်ခန်းစာ ယူဖို့၊ အမှားနည်းတဲ့ မနက်ဖြန်တွေ တည်ဆောက်ဖို့ နာသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ အတိတ်က လိုအပ်တယ်လို့ ကျနော်တို့ အားလုံး လက်ခံထားပြီးသား ဖြစ်နေတာကြောင့်ပါ။ ထပ်ပြီးတော့ မအ,ကြ၊ မန,ကြ ရအောင် ယေဘုယျလောက်တော့ သိနေအောင် ကြိုးစားထားသင့်တယ်လို့ မြင်မိပါတယ်။
၂၁ ရာစုသစ်မှာ နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်များက ပြောကြပါတယ်။
“ဥပဒေဆိုတာ လွတ်လပ်မှုရဲ့ အုတ်မြစ်” တဲ့။
ဆက်ပြောကြပါသေးတယ်။ “လူတွေရဲ့ အပြုအမူ စရိုက်တွေကို ထိရောက်တဲ့ တွန်းအားပေးနိုင်တာ ဥပဒေပါ” ပဲတဲ့လေ။
သဘောကတော့ နိမ့်ကျနေရင်လည်း မျှတအောင်၊ ကြိုးစားရင်လည်း ကြိုးစားသလောက် ထိုက်တန်အောင်၊ မြင့်မားနေရင်လည်း ခိုင်မာတည်တံ့အောင် ဖေးမ ကာကွယ်ပေးတဲ့၊ အားလုံးက ယုံကြည်အားထားရတဲ့ အာမခံချက် ရှိတဲ့ ဘယ်နေရာမှာ ရောက်ရောက် လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ဥပဒေမျိုး ကျနော်တို့ လိုအပ်နေပါတယ်။ ဒီဘက်ခေတ် ဥပဒေပြုရာမှာ အကြောင်းအရာ အချက်အလက်တွေ ချည်းသာအားမပြုဘဲ လူမှုရေးရာ စံနူန်းတွေနဲ့ တန်ဘိုးတွေကိုပါ မဖြစ်မနေ ထည့်တွက်သင့်ကြောင်း ပညာရှင်တွေက တညီတညွတ်တည်း အကြံပြုထားကြပါတယ်။ ဒါ့အပြင် “ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘူးကွ၊ တရားမျှတရမယ်၊ ဘက်မလိုက်ဘူး၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပြောမယ်၊ ရေးမယ်၊ လျှောက်လဲမယ်၊ ဆုံးဖြတ်မယ်” ဆိုတာ ဥပဒေပြု အဖွဲ့အစည်းတွေရဲ့ အသက်အဖြစ် တည်ရှိနေရမှာ ဖြစ်သလို ရှေ့ရော နောက်ပါ တာဝန်သိသိ၊ အသိရှိရှိနဲ့ လေးစားလိုက်နာကြမယ် ဆိုတဲ့ ခံယူချက်ကလည်း လူထုရဲ့ သွေးကြောဖြစ်နေရမယ်လို့ ကျနော် ယုံကြည်ထားပါတယ်။
ကြည့်လေ..၊ အခြေခံ လူတန်းစားတွေ၊ သာမန် အလုပ်သမားတွေပေါတဲ့ ပြည်ကြီးမှာ အဲလို လူတန်းစားတွေ အတွက် ခိုင်လုံတဲ့ အာမခံချက် အပြည့်နဲ့ ကာကွယ်စောင့်ရှောက်ပေးမဲ့ ဥပဒေတွေ လုံလောက်ပြည့်ဝမှု ရှိမနေတာကိုက ခြောက်ပြစ် မပြောနဲ့၊ နှစ်ပြစ်၊ သုံးပြစ်လောက်ကင်းတဲ့ ဥပဒေဆိုရင်ပဲ ထိုင်ကန်တော့ရတော့ မလိုလို ဖြစ်နေပါတယ်။ ဒီ့အတွက် ခေတ်ကိုပဲ အပြစ်တင်ရမလား၊ စနစ်ကိုပဲ အပြစ်တင်ရမလားလို့ မြင့်မြတ်ရာ ဘုံဘ၀ကနေ ဆရာမြ တစ်ယောက် မေးနေဦးမှာလား မသိပါ။ ဒါမှမဟုတ်ရင်လည်း ဓားတွေက အိပ်ရာ၊ မီးတွေက စားစရာ ဖြစ်နေကြပြီလားလို့ မေးခွန်းတွေ ထပ်ဆင့်နေဦးမှာလားလို့ တွေးမိပါသေးတယ်။ ရောင်ခြည်ဦးမှာ တွန်ကြူးသံတွေ ကြားနေရပေါ့ ဆရာရေ….။
လွတ်လပ်မှုဆိုတာ အခုအချိန်အထိ ကျနော်တို့အားလုံး အငတ်မွတ်ဆုံး အရာပါ။
မွန်မြတ်သန့်စင်သော လွတ်လပ်မှုရဲ့ အုတ်မြစ်ဖြစ်သော ဥပဒေ၏ ပင်ရင်း ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ဘက် လားရာ ဥပဒေရဲ့ ဂုဏ်သိမ်၊ သာတူညီမျှမှုရဲ့ အနှစ်သာရကို အများကောင်းကျိုး ရှေးရှုတဲ့ အုပ်ချုပ်မှုရေးရာ အစား၊ တစ်အုပ်တစ်ဖွဲ့ အုပ်ချုပ်သူရေးရာ သက်သက် အသုံးချလိုက်ရင်၊ ဒါမှမဟုတ် အုပ်ချုပ်ဖို့သီးသန့် စိုးမိုးဖို့ အမြင်တစ်ခုတည်းနဲ့ အသုံးချမယ်ဆိုရင်တော့ လူထုအတွက် ကြောက်စရာ၊ အုပ်ချုပ်သူအတွက် လက်နက်၊ “ကြောက်စရာ လက်နက်” ဖြစ်သွားမှာ မလွဲပါဘူး။ ဒါဟာ ဥပဒေကို တလွဲ အသုံးချပြီး လူထုကို မတော်မတရား ပြုခြင်းလို့ ခေါ်ရမှာ ဖြစ်ပါတယ်။ သေချာတာပေါ့ဗျာ။ ကြောက်စရာ လက်နက် ဆိုမှတော့ ကျနော်တို့အားလုံး ကြောက်ပြီး တွန့်နေမှာ ဖြစ်သလို ယုံကြည်မှုတွေ မရှိဘဲ ရွံ့နေကြရမှပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလို ဘ၀မျိုး မဟုတ်တဲ့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် မနက်ဖြန်မှာ ကျနော်တို့အားလုံးရဲ့ ဘ၀တွေ “တွန့်ခြင်း၊ ရွံ့ခြင်းမှ ကင်းဝေးကြပါစေ” လို့ ဆုမွန်ကောင်း တောင်းနေမိပါတယ်။
သိပ်ကို သေချာတာပေါ့ဗျာ..၊ ဆုတွေ တောင်းနေရုံနဲ့တော့ ကျနော်တို့ မျော်လင့်ချက်တွေ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ။
ဆောင်းပါးရှင် ပေါ်ဦးသည် ကိုရီးယားတွင် ခေတ္တနေထိုင်သည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။
No comments:
Post a Comment