Tuesday, November 15, 2011

ဖရိမ်နံပါတ် W ပါ 99 မော်ဒယ်လ်အထက်ကားများ ထုတ်ယူခွင့်မပြု

ရန်ကုန် ၊ နိုဝင်္ဘာ ၉ ။
ရန်ကုန်ဆိပ်ကမ်းသို့ ဂျပန်နိုင်ငံမှ ပထမအသုတ် ရောက်ရှိလာသော မော်တော်ယာဉ်များအနက် Chassis Code (ဖရိမ်နံပါတ်) တွင် W ပါရှိလျှင် Wagon ဟု သတ်မှတ်ပြီး 1999 မော်ဒယ်လ်အထက်ကျော်လွန်ပါက ထုတ်ယူခွင့်မပေးဘဲ ခေတ္တတားမြစ်စာရင်းသွင်းကာ ဆိုင်းငံ့ထားကြောင်း ဆိပ်ကမ်းသို့ ယာဉ်သွား ရောက်ထုတ်ယူသူများထံမှ ယနေ့ စုံစမ်းသိရှိရသည် ။
ရန်ကုန်ဆိပ်ကမ်းအရောက် Mark II နှင့် အခြား Saloon/Van များကို 2002 Model အထိ တင်သွင်းခွင့်ပြု ထုတ်ယူလျက်ရှိရာတွင် Van အုပ်စုဝင် Corolla Wagon, Callina Wagon နှင့် အခြား Van အုပ်စုဝင် ကားငယ်များ ဖြစ်သော်လည်း Chassis Code တွင် W ပါရှိပါက Wagon ဟုသတ်မှတ်ပြီး 1999 မော်ဒယ်လ်ကျော်လွန်ပါက ကားထုတ်ခွင့်မရဘဲ အကောက်ခွန်ရုံးတွင် ထိန်းသိမ်းထားရှိကြောင်း ကားသွားရောက် ထုတ်ယူခဲ့သူတစ်ဦးက ပြောသည်။
'' Mark II ကားတွေကို 2002 အထိ ခွင့်ပြုပြီး Van အုပ်စုဝင်ယာဉ်ငယ်တွေကို 2002 အထိ ခွင့်မပြုတာ နားမလည်နိုင်ဘူး'' ဟု ၄င်းကဆိုသည်။
ယခင် စီးပွားရေးဦးပိုင်နှင့် အခြားသွင်းကုန်ပါမစ်များတွင် Van အုပ်စု အဖြစ် Toyota Wish, Toyota Caldina Van, Toyota Probox Van, Toyota Corolla Van, Toyota Mark II Van အများအပြား ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တင်သွင်းထားသောကားများမှာ Van ဖြင့် သွင်းကုန်ပါမစ် ခွင့်ပြုထားကာ ဖရိမ်နံပါတ်မှာ W အုပ်စုဝင် Grade မြင့်ကားများဖြစ်ပြီး Wagon ဟုခေါ်ဝေါ်သုံးစွဲ၍ ယခု ပါရမီ Taxi ယာဉ်အဖြစ် ပြေးဆွဲနေကြောင်း ကားတင်သွင်းသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''W ဖရိမ်နံပါတ် ပါပေမယ့် က.ည.န ယာဉ်မှတ်ပုံတင်မှာ Van အုပ်စု အနေနဲ့ပဲ မှတ်တမ်းထုတ်ပေးနေတာ''ဟု ၄င်းကဆိုသည်။
အကောက်ခွန်ဦးစီးဌာနသည် ဂျပန်နိုင်ငံက နှိပ်ထားသည့် ဖရိမ်နံပါတ်ကိုသာ အတည်ယူကြောင်း၊ ခိုင်မာတိကျသော အထောက်အထားအတိုင်း ဆောင်ရွက်နေပြီး အထောက်အထား စာရွက်စာတမ်းများ ကိုက်ညီလျှင် ကားထုတ်ပေးနေကာ မကိုက်ညီလျှင် ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့်အတိုင်း ကားသိမ်းယူမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့ခြင်း၊ ခေတ္တတားမြစ်ခြင်းများ ရှိမည်မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြား သည် ။

Ref:
- The Voice Weekly (7/48)

No comments: