Saturday, December 4, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၈

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးရဲ့ ခြိမ့်ခြိမ့်သဲသဲ ကောက်ရွေးပွဲကြီး ပြီးစီးသွားတော့ ဖိုးတက်ကြွတို့ မကြွတက်တို့ကို “ကိုင်း ဘယ့်နှယ် ရှိစ” လို့ ကိုကြီးပေါ်က မေးလိုက်ချင်တော့ တာပါပဲ။ ခံလိုက်ရတဲ့ အရသာက အတော်လေးမှ အီအီစိမ့်စိမ့် ရှိလိမ့်မယ် ထင်ပါရဲ့။

ကိုကြီးပေါ် တယောက်မှာဖြင့် အမတ်လောင်းလည်း မဖြစ်လိုက်ရ။ မဲလည်း ၀င်မပေးလိုက်ရ။ ဟိုးအဝေးကနေ မှန်ပြောင်းကလေးနဲ့ ငေးကြည့်ရုံပဲ တတ်နိုင်ခဲ့ရသပ။ ကိုကြီးပေါ်လိုပဲ ငေးကြည့်ခဲ့ရသူတွေ ပြည်ပမှာ သန်းဂဏန်းလောက်တော့ ရှိမယ် ထင်ပါရဲ့။ ရွှေပြည်တော်ကြီးရဲ့ ဒီမိုကရေစီ ထွက်တော်မူခန်းကြီးမှာ တနေရာမှ မပါလိုက်ရတာကို ၀မ်းနည်းရမှာလား, ၀မ်းသာရမှာလား ဆိုတာတော့ မကြာခင်မှာ အဖြေတွေ့လာလိမ့်မယ် ထင်ပါတယ်။

ရာနှုန်းကျော် မဲဆန္ဒ

ကိုကြီးပေါ်တို့ ငယ်စဉ်က မဆလလက်ထက်မှာ ရာနှုန်းပြည့်မီ စိုက်ပျိုးထုတ်လုပ်ရေး ဆိုတဲ့ စကားရပ်တခု အတော် တွင်ကျယ်ခဲ့ပါတယ်။ နောက်တော့ သိပ်မကြာဘူး ရာနှုန်းကျော် ထုတ်လုပ်နိုင်တယ် ဆိုတဲ့ စကားက သတင်းစာထဲမှာ နေရာယူလာပါတယ်။ ရာကျော်စပါး ဆိုတာလည်း ခေတ်စားလာပါတယ်။ အဲ အခုတော့ တဖန်ပြန်လည် ပေါ်ထွက်လာတာက “ရာနှုန်းကျော် မဲဆန္ဒ” ဆိုပါလား။

စပါးစိုက်တာ ဘယ်လိုနည်းနဲ့ ရာနှုန်းကျော်တယ်လို့ ကိုကြီးပေါ် ရှင်းမပြတတ်ပါဘူး။ ကျွမ်းကျင်သူတို့ကို မေးကြည့်ရမှာပါပဲ။ အခု ရာနှုန်းကျော် မဲဆန္ဒ ဆိုတာကျတော့ ဘယ်လိုနည်းနဲ့ ကျော်တယ်လို့ မပြောတတ် ပေမယ့် ရာကျော်အောင် လက်သံပြောင်တဲ့ နအဖ စစ်ဗိုလ်မင်းကြီးများရဲ့ ဉာဏ်တော် စူးရောက်ပုံကိုတော့ အံ့မခန်းပါကလားလို့ စုပ်သပ်မိပါရဲ့။

ဒီကိစ္စ တယောက်တည်းနဲ့ မဖြစ်သေးဘူး။ သတင်းထောက် မောင်ချွန်တွန်းကို မေးကြည့်ဦးမှ။

“မောင်ချွန်တွန်းရေ ရွေးကောက်ပွဲက အေးအေးဆေးဆေးနဲ့ ပြီးသွားသလားဗျ”

“အေးတာမှ ဘာသံမှကို မကြားရဘူး။”

“လူထုက မဲအတော် ထည့်ကြသလား”

“လူထုက မဲထည့်စရာ မလိုဘူးဗျ။ အေးအေးဆေးဆေး ကိုယ့်အိမ်မှာ ကိုယ်နေရုံပဲ”

“ဘယ်လို ဘာဖြစ်လို့”

“ဒီတခါ ရွေးကောက်ပွဲမှာ မဲရုံတွေက နည်းတယ်။ လူကများတယ်။ မဲပေးရမှာကလည်း ရှုပ်တယ်။ ဒီတော့ လူတွေ တန်းစီနေရမှာ ပင်ပန်းမှာ စိုးတာရယ်၊ မသမာသူတွေရဲ့ တိုက်ခိုက်မှုကြောင့် အန္တရာယ် ဖြစ်မှာ စိုးလို့ရယ်၊ အဲဒါကြောင့် လူတွေကို မဲရုံကို မလာခိုင်းဘူးဗျ။”

“မဲရုံမလာဘဲ မဲ ဘယ်လိုထည့်မလဲ”

“ကိုယ်တိုင် ထည့်စရာ မလိုဘူးလေ။ တာဝန်ရှိသူများက အားလုံးအတွက် ထည့်ပေးလိုက်တာပဲ။ အရေးကြီးတာက မဲပေးတယ် ဆိုတာ ဖြစ်သွားဖို့ပဲလေ။ ဖြစ်သွားရင် ပြီးတာပဲ။”

“နိုင်ငံတကာမှာတော့ အဲသလို မလုပ်ကြပါဘူး…”

“တော်တော် ကိုကြီးပေါ်။ ခင်ဗျား ပြည်ပမှာ နေပြီး နိုင်ငံတကာ ဆိုတာမျိုး ပြောမယ်ဆိုမယ် ဆိုရင်တော့ ခင်ဗျားရဲ့ အထူးသတင်းထောက် အလုပ်ကနေ ကျုပ် ထွက်ရလိမ့်မယ်။ ဒါ ရွှေပြည်တော်ဗျ။ ရွှေပြည်တော်မှာ ဖြစ်တာပျက်တာ မှန်သမျှဟာ ရွှေပြည်တော်ရဲ့ စံနဲ့ပဲ တိုင်းတာ ကြည့်ရတယ်ဗျ။ ကျုပ်က သတင်းထောက်။ မြင်တာကို မြင်တယ်ပဲ၊ ဖြစ်တာကို ဖြစ်တယ်ပဲ ပြောရမှာပဲ။”

“ဟုတ်ပါပြီ မောင်ချွန်တွန်းရယ်။ နောက်ဆို ဆင်ခြင်ပါ့မယ်။ အခု ပြောသလို လူတွေက မဲရုံသွားစရာ မလိုဘဲ မဲထည့်ပေးလိုက်တယ် ဆိုတော့ မဲဆန္ဒရှင်တွေက အဲဒါကို လက်ခံလား”

“ဟား… လက်ခံတာပေါ့ဗျ။ နဂိုကတည်းက ကိုယ့်ဘာသာ ဘယ်သူ့ကိုပဲ မဲပေးပေး ဖွတ်တွေပဲ အမတ်ဖြစ်မယ် ဆိုတာ အားလုံး သိထားပြီးသားပဲ။ ဘာလို့ အပင်ပန်းခံမလဲ။ လူတွေက ဟို ထိုင်းက တပ်ဆင်လို ပိုက်ဆံပေး မလားလို့တောင် ထင်နေကြတာ။ အခု ပိုက်ဆံမရဘဲ သူတို့ အမတ်ဖြစ်တော့ သိပ်တော့ မကြည်ဘူးပေါ့ဗျာ။ အချို့ လမ်းတ၀က်ပဲ ခင်းထားတာတို့၊ မီးကြိုးတပ်ထားပြီး မီးမလာသေးတာတို့ကျတော့ ပွစိပွစိတော့ ဖြစ်တာပေါ့။ ဘာပဲပြောပြော ရွေှ့ပြည်တော်သားတွေကတော့ အေးဆေးပဲဗျ။ ဘောလုံးပွဲ လောင်းထားသလို ရင်ခုန်စရာ ကောင်းတာမှ မဟုတ်ပဲဟာကို။ အဲဒီနေ့က ချဲဆီးက ထိုင်တဲ့ ရွှေပြည်တော်သားတွေ ၀က်ဝက်ကွဲသွားကြတယ်လေ။ မန်ယူပွဲက တဖက်သတ်ဖြစ်နေတာနဲ့ ချဲဆီးမှာ အောကြတာ။ လီဗာပူးသမားတွေတော့ ထောသွားတာပေါ့။ တကယ်ဆိုဗျာ …”

“ဟေ့ ဟေ့ မောင်ချွန်တွန်း မင်းစကားတွေက ဘောလုံးပွဲထဲ ရောက်သွားပြီကွ။ ငါမေးနေတာ ရွေးကောက်ပွဲ ကိစ္စလေ”

“အေးဗျာ ကျနော်လည်း ကိုယ်ဝါသနာပါတဲ့ အကြောင်းဆိုတော့ ပြောမိရင် ရပ်မရ ဖြစ်သွားတတ်တယ်။ ကဲကဲ မေး ရွေးကောက်ပွဲ ကိစ္စ ခင်ဗျား ဘာသိချင်လဲ”

“ဟို သတင်းစာထဲမှာတော့ မဲထည့်တဲ့ ဓာတ်ပုံတွေ တွေ့ရတယ်ဗျ။ အဲဒါ…”

“ဒါက ရွှေပြည်တော်ရဲ့ စတိုင်ဗျ။ ဓာတ်ပုံရိုက်ဖို့ သက်သက်လုပ်တာ။ သံတမန်တွေ ခေါ်မယ်။ လူတွေခေါ်မယ်။ ဓာတ်ပုံရိုက်မယ်။ သတင်းထဲထည့်မယ်။ ဓာတ်ပုံတွေကို သေသေချာချာကြည့်။ ဗိုလ်ချုပ်မင်းတပါးက မဲပုံးထဲကို မဲထည့်နေရင် သူ့ကတော်က နောက်လှည့် ဖင်ပေးနေရမယ်။ အဲသလို ပုံစံချပြီး ရိုက်ထားတာဗျ”

“ဟို လားရှိုးမှာလား မသိဘူး။ မဲရုံမှာ လူတွေ တန်းစီနေတာ တကွေ့တပတ်ကြီးပဲ။ အဲဒါ အရပ်သားတွေ မဟုတ်ဘူးလား”

“ဟားဟား… ကိုကြီးပေါ်… ခင်ဗျား ခံလိုက်ရပြီ။ ရွှေပြည်တော်ပါး မ၀သေးဘူးဆိုတာ ပေါ်ပြီ။ ရွှေပြည်တော်မှာ ဓာတ်ပုံ ဖြတ်ညှပ်ကပ်တဲ့ ပညာ သူများထက် သာတယ်ဗျ။ အစဉ်အလာနဲ့ကို သာတာ။ ဟိုးတုန်းက လက်နဲ့ ကူးဆေးရတဲ့ ခေတ်ကတည်းကိုက သတင်းစာ တစောင်စာပြည့်အောင် ဓာတ်ပုံကို ဆက်တတ်တယ်။ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာတော့ ပျင်းတောင်ပျင်းသေးတယ် ပြောရမှာပဲ။ ခင်ဗျားပြောတဲ့ပုံကို ပြန်ကြည့်။ ကျောင်းခေါင်မိုးက တဆစ်ချိုးကြီး ရွဲ့နေတာ တွေ့လိမ့်မယ်။ ရွှေပြည်တော်က သတင်းဓာတ်ပုံတွေမှာ အဲသလို ဖြတ်ညှပ်ကပ် လုပ်ပြီး အင်ထုနေတာ ဆယ်နှစ်မကတော့ဘူး။ ”

“သြော်… ဒီလိုလား။ အမတ်လောင်းတွေရဲ့ မဲရရှိတဲ့ ဇယားတွေကို ဖတ်ကြည့်တော့ ရာနှုန်းပြည့် မဲပေးကြတာတွေ တွေ့တယ်ဗျ။ အများစုက ကိုးဆယ်ရာနှုန်း အထက်တွေချည်းပဲ။ အဲ ကျနော် နားမလည်တာက ၁၀၂ ရာနှုန်းတို့ ၁၀၄ ရာနှုန်းတို့ဆိုတာ ဘယ်လိုဟာကို ပြောတာလဲဗျ။ ခင်ဗျား သတင်းထောက်တော့ ဘာတွေ့လဲ”

“အဲဒါ ရာနှုန်းကျော် တယ်လို့ ခေါ်တယ်”

“ကျနော်တို့ ငယ်စဉ်က စပါးစိုက်တာ ရာနှုန်းကျော်တယ်လို့ ကြားဖူးတယ်ဗျာ။ ဒီလောက်ထွက်ရမယ်လို့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုထွက်လာရင် ရာနှုန်းကျော်တယ်လို့ ဆိုလိုတယ်လို့ နားလည်မိတာပါပဲ။ အခုဟာက မဲပေးတာလေ။ မဲပေးခွင့်ရှိသူထက် ပိုပေးလို့မှ မရဘဲ။ ရာနှုန်းကျော်တယ် ဆိုတော့ ဘယ်က မဲလက်မှတ်တွေ ဒီထဲ ရောက်လာလို့လဲ”

“ပြောပြီးပါပကော။ မဲကို လူထုက ကိုယ်တိုင်ပေးတာ မဟုတ်ဘူး။ တာဝန်ရှိသူများက ပေးတာ။ တာဝန်ရှိသူ ဆိုတာက တယောက်တည်းမှ မဟုတ်ဘဲကို။ ဒီတော့ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်အောင် ပေးလိုက်ကြတော့ မဲက ရှိရမှာထက် ပိုနေတော့တာပေါ့။ ဒါကို စာရင်းဇယားတွက်သူက ဘယ်သိပါ့မလဲ။ သူ့ဆီရောက်လာတဲ့ ကိန်းဂဏန်းကို ကွန်ပျူတာထဲမှာ အော်တိုတွက်ချက်လိုက်တော့ ရာကျော်တွေ ဖြစ်ကုန်တာပေါ့ဗျ”

“ဒါဆိုလဲ တွက်တဲ့သူက ဂဏန်း မှားနေတယ်လို့ မသိဘူးလား”

“သိစရာလား။ သူ့အလုပ်က တွက်ဆိုတွက်ပဲ။ သူနဲ့မဆိုင်ဘူးလေ”

“ဒါဆို ဟို ကင်ပေတိုင်က လူကြီးတွေကကော မစစ်ဆေးဘူးလား။ သူတို့ လက်မှတ်ထိုးရမှာလေ”

“စစ်စရာလား။ သူတို့အလုပ်က ဖွတ်တွေ အနိုင်ရကြောင်း ကြေညာပေးဖို့ပဲ”

“သြော်… ဒါကြောင့်ထင်တယ်။ ရွေးကောက်ပွဲ မလုပ်တဲ့ နေရာမှာတောင် ဖွတ်တကောင် အနိုင်ရတယ်လို့ ဇယားထဲ ပါလာတာ။”

“ကင်ပေတိုင်က မနေ့တနေ့ကမှ ကောက်ဖွဲ့တာ။ သူတို့မှာ ဘာမှ ပြင်ဆင်လုပ်ကိုင်ထားတာ မရှိဘူး။ သူတို့က ဖွတ်ပါတီက ပေးပို့လိုက်တဲ့ စာရင်းဇယားတွေကို မူတည်ထားပြီး ကြေညာချက်တွေ ထုတ်ပေးနေတာ။ ဒီတော့ မှားတဲ့အခါလည်း မှားပေမပေါ့ဗျ”

“မှားတာကြီးတွေကလည်း ရုပ်ပျက်ဆင်းပျက်ပဲ။ ပြီးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တခု တွေ့တယ်ဗျ။ ကြိုတင်မဲတွေ အားလုံးက လုံးဝ ပယ်မဲ မဖြစ်တာပဲ။ ပယ်မဲ ပျောက်မဲ ဆိုတာက မဲလက်မှတ်ထဲမှာပဲ ဖြစ်တယ် ဆိုတဲ့ သဘောပေါ့။ ကြိုတင်မဲမှာ လုံးဝလုံးဝကို ပယ်မဲ မရှိဘူးဆိုတာ အံ့သြစရာကြီးပဲ”

“မအံ့သြနဲ့။ ကြိုတင်မဲဆိုတာ အသေအချာ အတိအကျ လုပ်ထားတာ။ ဘယ်လိုလုပ် ပယ်မဲ ဖြစ်မှာလဲ။ မှားနေရင် ပြင်ထည့်ထားပြီးသားပဲဟာကို”

“ထားပါတော့ဗျာ။ ဗိုလ်ချုပ်မင်းကြီးများရဲ့ ရာနှုန်းကျော် မဲဆန္ဒပေးပွဲကြီးမှာ ဖွတ်မင်းကြီးတွေ အောင်ပွဲခံတယ် ဆိုတော့ မဖွတ်ဘဲ “ကျွတ်”သွားသူတွေကော ဘယ်လို ရှိသလဲဗျ”

“အချို့ကတော့ ဒေါ်စုဆီ ပြေးကပ်ကြတာပဲ။ လွှတ်တော်မှာ ဥပဒေပြုမယ် ဆိုတဲ့သူက မဲဆယ်ဂဏန်းတောင် မရတော့ ချေးထားတဲ့ ငွေငါးသိန်း ဘယ်လို ပြန်ဆပ်ရမလဲ မသိလို့ ရှောင်နေတယ် ကြားတာပဲ။ အချို့ကတော့ နောက်ငါးနှစ်မှာ ပြန်တွေ့မယ်လို့ ဆိုသဗျ”

“သြ သြ စိတ်မကုန်သေးဘူး ဆိုတဲ့သဘောပေါ့”

“စိတ်မကုန်တာ မဟုတ်ဘူး။ စိတ်ကော ငွေကော ကုန်ပြီ။ အဲဒါ အရှက်ပြေ လေပြေထိုးတာဗျ”

“ဒါနဲ့ဗျ။ အနှစ်နှစ်ဆယ်ကျော် ပါတီကြီး၊ အင်အားသန်းကျော် ရှိတယ်ဆိုတဲ့ တစညကော ဘယ်လိုနေလဲ”

“အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ အမတ်အားလုံး ပေါင်းကြည့်ရင် ငါးဆယ်ကျော်မယ် မထင်ဘူး။ နေရာ တော်တော်များများမှာ တစညနဲ့ ကြံ့ဖွတ် နှစ်ဦးထဲ ပြိုင်ကြတာဗျ။ သူတို့က ရွေးကောက်ပွဲ ထပ်လုပ်ဖို့ ဟိုးအစောကြီး ကတည်းက ဗိုလ်ချုပ်မင်းတွေကို အသနားခံခဲ့တာ။ အခုတော့ သူတို့ရွေးတဲ့ ဇာတ်မှာ သူတို့ပဲ ဗီလိန်ပြန်ဖြစ်သွားတာပဲဗျ”

ကိုကြီးပေါ်ခမျာ သတင်းထောက် မောင်ချွန်တွန်းနဲ့ မေးမြန်းကြည့်တော့မှ ရာနှုန်းကျော် မဲဆန္ဒများရဲ့ အဖြစ်သနစ်ကို သိရပေတော့တယ်။ ဖွတ်တွေက ၈၅ ရာခိုင်နှုန်းနိုင်တယ်တဲ့။ ဒါဆိုရင် စစ်တပ်ကလာမယ့် စစ်အမတ်တွေနဲ့ ပေါင်းလိုက်ရင် ဖွတ်စစ်အုပ်စုက ၉၀ ကျန်အုပ်စုက ၁၀ ရာနှုန်းစီ ရှိမယ့်သဘော တွေ့ရပါတယ်။

လွှတ်တော်ပေါ်လာရင် နိုင်ငံရေးမှာ အပြောင်းအလဲ ဖြစ်မယ်လို့ ဆိုခဲ့သူများ၊ စစ်တပ်က စနစ်တကျ ဆုတ်ခွာနေတာပါလို့ ပြောခဲ့သူများ၊ ရွေးကောက်ပွဲမှတပါး အခြားမရှိလို့ ယုံကြည်ခဲ့သူများ၊ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ နိုင်မယ်လို့ ထင်မှားခဲ့သူများကို ကိုကြီးပေါ် အကြံကောင်းတခု ပေးချင်ပါတယ်။

အဲဒါကတော့ ခင်ဗျားတို့တွေ သေလို့ရပါပြီ။ ကိုယ့်ဘာသာကိုယ် အမြန်ဆုံးသာ သေလိုက်ကြပါတော့။ ဘာကြောင့်လဲဆိုတော့ မြန်မြန်သေလိုက်မှ မြန်မြန် လူပြန်ဖြစ်ပြီး၊ နိုင်ငံရေးကို ကကြီးခကွေးကနေ ပြန်လည် သင်ယူနိုင်မှာ ဖြစ်တာက တကြောင်း၊ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဘ၀သစ်နဲ့ တဖန် ပြန်လည် ပါဝင်နိုင်ခွင့် ရှိမှာက တကြောင်းတို့ကြောင့် ဖြစ်ပါတယ် ခင်ဗျာ…။


ကိုကြီးပေါ်

1 comment:

သခင်ပြေငြိမ်းအေး said...

ဆ၇ာပေါ်ခဗျာ။ဆ၇ာပေါ်ကေ၇ာခများချောင်းကြည့်နေတာဟာ ခလမသအကြိုက်ချောင်းကြည့်နေတာလား။ကိုယ့်သဘောနဲ့ကိုယ်ခြောင်းကြည့်နေတာလားဖြေကြားပေးစေလိုပါတယ်။