Tuesday, August 6, 2013

သူတို့ဘဝ သူတို့သာ အသိဆုံး


“ကိုရီးယား”ဆိုရင် မြန်မာပြည်က လူတွေက အားလုံးအထင်ကြီးနေကြ၏။ လူဆိုရင်လည်း ကိုရီးယားမှာလို့ဆိုရင် အလိုလို “အိုပါး” လုပ်ချင်နေကြ၏။ ဘုန်းကြီးဆိုရင်လည်း ရဟန်းတော်အချင်းချင်းက အစ “ဟန်ကျတာပေါ့ဘုရား” ဆိုကာ “စပွန်ဆာလေးဘာလေး လုပ်ဦးနော် ငါ့ရှင်”ဟု မိန့်တော်မူကြ၏။ “အင်း.. သူ့ခေတ်နဲ့ သူပဲလေ”ဟုသာ နှလုံးပိုက်ရင်း မိမိကိုယ်တိုင်သည်ပင် “ကိုရီးယား ဆရာတော်”ဟူသည့် အသုံးလေးကိုယူကာ တရားဓမ္မ ဟောပြောပြသဖြင့် အတော်အသင့်ပင် စင်ပေါ်ကို ပင့်နေကြပြီ မဟုတ်ပါလား။ 

ဟုတ်တော့လည်း ဟုတ်ပါ၏။ သို့သော် မဟုတ်သည်ကား အထင်နှင့်အမြင်၊ စိတ်ကူးနှင့်လက်တွေ့ အခက်တွေ့နေကြသည့် ကိုရီးယားရောက် ရွှေမြန်မာများ၏ ဘဝပင် ဖြစ်ပါ၏။ “ဘာပဲဖြစ်ဖြစ် ကိုရီးယားကို ရောက်ဖို့က အဓိကပဲ”ဟု ဆိုကာ ကိုရီးယားကို ရောက်ရေးအလေးပေးပြီး “စိုက်ပျိုးရေးလည်း မသိ၊ ဆောက်လုပ်ရေးလည်း မလို၊ မွေးမြူရေးလည်း မရွေး လာခွင့်သာ ပေးမယ်ဆိုရင်တော့ ကြွကြတာပေါ့”ဟူသည့် ခံယူချက်ဖြင့် အရောက်သာ ပေါက်ခဲ့မိကြသည့် ကိုရွှေမြန်မာများမှာ ကိုရီးယားရောက်ပြီးမှသာ “လာချင်ဦးဟ ကိုရီးယား”ဟု ညီးညူကာဖြင့် နောင်မှရသည့် နောင်တများဖြင့် အခက်အခဲကိုရင်ဆိုင် အိုဗာစတေးလို  နေထိုင်မိကြသူတွေလည်း ရှိနေကြလေတော့၏။ 

သိတော့လည်း သိနေကြပါ၏။ ခက်တာက အမိမြေကလည်း အသိတွေကအစ မရှိလို့ကတော့ ကြည့်ရှုပေးကြဖို့နေနေသာ ရှိနေတာကိုပင် မသိသလို အသွင်အပြင်နဲ့ မမြင်ချင်ယောင် ဆောင်နေကြသည်က အများသား ဖြစ်နေကြသဖြင့် တပြားသားမှ မရှိလည်း အငှါးထားတာလေးကို ယူငင်ဆွဲပြီး ကိုရီးယားဆိုတဲ့ ရေမြေတကွဲမှာ အလွဲတကာအလွဲတွေနဲ့ မွဲတာတွေ နည်းသွားစေဖို့ ကြိုးစားကာ လာခဲ့ကြရပြန်ပေ၏။ 

ရောက်တော့ရောက်လာခဲ့၏။ မောက်မာခဲ့မိသည့် ဒဏ်လားတော့မသိ။ လေးဆိပ်ကို ရောက်ကတည်းက အငေါက်ခံနေရ၏။ တာဝန်ရှိသူကလည်းငေါက်၊ လာကြိုသူကလည်းငေါက်၊ စီနီယာတွေကလည်းငေါက်၊ ဘန်းဂျန်းကလည်းငေါက်၊ သူဌေးကလည်းငေါက်၊ ဘယ်ရောက်ရောက် အငေါက်ကိုသာ ခံနေရ၏။ နောက်ဆုံးတော့ ဘုန်းကြီးကျောင်းရောက်မှပဲ အငေါက်ပျောက်တော့၏။ ဒါတောင်မှ ကိုယ်အနေအထိုင် မတော်ရင် အမြင်မတော်သူများ၏ အငေါက်ကို ခံချင်ခံရနိုင်သေး၏။ ကိုရီးယားဆိုတာ ရောက်ချင်နေမှတော့ ငေါက်ချင်လည်း ငေါက်ကြပေါ့လို့  အတွေးမမှားအောင် ကြိုးစားရ၏။ 

အခုဆို လူ့အလို နတ်မလိုက်နိုင်လို့ ဆိုရမလားပဲ။ တအားခဲပြီး ရောက်လာခဲ့သည့် ကိုရီးယား၊ အကိုကြီးများလည်း မကယ်နိုင် ဘယ်မှာတိုင်ရမှန်းတောင် မသိရဘဲ အလုပ်ထဲမှာလည်း ဆဲ၊ လက်ထဲမှာလည်း ခဲနဲ့ တစ်ချို့ ကိုရီးယား ဆိုတဲ့ ငနဲတွေက လူကိုလူလို မမြင်ဘဲ အချိန်ကိုလည်း ဆွဲလို့စား၊ လုပ်အားကိုလည်း ဆွဲလို့စား၊ အခွင့်အရေးကိုလည်း ဆွဲလို့စား လခဆိုလည်း ဆွဲကာထားပြီး လွဲချင်ရာ လွဲနေကြပေ၏။ အဆွဲများပြီး အလွဲသွားခဲ့ကြသည်မှာ အသက်နှင့်ကိုယ်ပင် လွဲသွားခဲ့ကြသူများလည်း ရှိနေကြပေ၏။ အလုပ်ထဲမှာ လွဲသဖြင့် လက်တလွဲ၊ ခြေတလွဲ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေလည်း လွဲခဲ့ဖူးသူများ ရှိနေကြ၏။ အဆိုးဆုံးက အတွေးလွဲပြီး စိတ်နဲ့ကိုယ်ပါ မတွဲဖြစ်ကာ အရက်သောက်၊ ဖဲရိုက်၊ နိုက်ကလပ်ပါ လိုက်မိရာက အကျင့်တွေပါ လွဲနေကြသူများအဖြစ် အလွဲတွေနဲ့ နစ်နေကြရသည့် အဖြစ်ပင် ရှိနေ၏။ 

တော်ပါသေး၏။ ကိုရီးယားတွင် အခမဲ့ အကူအညီ ပေးနေသူများ ရှိနေဘိ၏။ တခြားနိုင်ငံတွေမှာလို မြန်မာပွဲစားတွေ၊ မြန်မာလုပ်စားတွေ မရှိဘဲ လူချင်းမသိသော်လည်း လိုအပ်ရင် ဘုန်းကြီးကျောင်းလောက်တော့ လွဲပေးနိုင်ကြသူများ ရှိနေကြပေ၏။ အဆိုးထဲက အကောင်းပင် ဖြစ်၏။ ကိုရီးယားရောက် ရွှေညီအစ်ကိုများ၏ ညီညွတ်မှုသည် ကိုရီးယားရောက် သာသနာပြု ဆရာတော်များ၏ စံပြအဖြစ် ညီညွတ်နေမှုနှင့် အတူထုစစ်ကာ တွဲလက်မဖြုတ် အမျိုးဘာသာ အကျိုးမယုတ်အောင် အမြဲလုပ်နိုင်ဖို့ အားထုတ်လို့ နေသူများလည်း ရှိနေဘိ၏။ အဆိုးများရှိသလို အကောင်းများလည်း ရှိနေသဖြင့် ကိုရီးယားတွင် အခက်အခဲ ဖြစ်နေသော်လည်း အတော်အသင့် အခေါ်ဆင့်နိုင်သေး၏။

တစ်ဖက်ကကြည့်လျှင် ရွှေပြည်တော်ကို ပြန်လိုသော်လည်း မျှော်တိုင်းဝေးနေသည့် ပြည်တော်အရေးကြောင့် မပြန်အားဘဲ အားခဲကာနေနေရ အခြေမကျလှတဲ့ ကိုရီးယားမှာ ငွေရတာကလွဲလို့ ပေးဆပ်နေရတာတွေကလည်း အများသားပင်။ အချိန်တွေနဲ့ ပေးဆပ်ရ၊ ခန္ဓာကိုယ်နဲ့ ပေးဆပ်ရ၊ ကိုယ့်ကျင့်တရားနဲ့ ပေးဆပ်ရ အကြွေးဆပ်နေကြရတဲ့ ဘဝမျိုးပင် ဖြစ်ပါ၏။ ရွှေပြည်တော်က လူတွေက ကကြီးက ညီတော်တွေကို အတော်ပင် ဟန်နေကြ၊ ပြည့်စုံနေကြတယ်လို့ ထင်နေကြပေမယ့် လက်တွေ့ဘဝမှာ အခက်တွေ့နေကြတာကိုတော့ ကိုရီးယားမှာ ရောက်နေကြသည့် သူတို့သူတို့ကလွဲလို့ မည်သူတွေက ပိုပြီးသိနိုင်ကြမည်လဲပေါ့။ 

ဆိုတော့ကား။ မည်သူသိသိ၊ မသိသိ မိမိဘဝ မိမိသာ သိနေကြသည် ဖြစ်သဖြင့် အပြင်ကသူတွေ တင်စားနေသည့် ကိုရီးယား၊ လက်ရှိရှိနေသည့် သူများက အပိုကြီးမကြွားမိအောင် ကြိုးစားပြီး ပေးဆပ်နေရသည့် မိမိဘဝကို ဖြစ်သလို မနေဘဲ ရိုးသားစွာဆင်ခြင် ပြင်သင့်တာကိုပြင်ပြီး လောကဓံ မုန်တိုင်းကြုံသမျှတိုင်းမှာ အဆင်မပြေတာကို အပြစ်ဖြစ်စေမယ့် အပျော်အပျက်တွေနဲ့ မဖြေဖျောက်ဘဲ အဆင်မပြေမှုတွေ များများကြုံလေ အပြစ်ကင်းစင်တဲ့ ကောင်းတဲ့အမှုတွေနဲ့ များများခြုံလေဖြစ်အောင် မိမိကိုယ်ကိုဆုံးမ အသုံးကျအောင် နေထိုင်ကျင့်သုံးကြရမည်သာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ တစ်လုံးတပါဒ အသိမျှလိုက်ရပေတော့၏။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

No comments: