Saturday, August 31, 2013

နားလည်မှုတွေ မလွဲစေချင်


မကြာသေးခင်က ကိုရီးယားပြန် ဒကာ တစ်ယောက်က မြန်မာပြည်ကနေပြီး ဘုန်းဘုန်းထံ အီးမေးလ်ပို့ပြီး မေးလာပါတယ်။ သူက အရှင်ဘုရား ကိုရီးယားမှာ သီတင်းသုံးနေတဲ့ အရှင်ဘုရားတို့ သံဃာတွေနဲ့ ဒကာအချို့ အဆင်ပြေရဲ့လားဘုရား၊ တပည့်တော် ကိုရီးယားက တစ်ချို့ဒကာတွေရဲ့ ဆိုက်ဒ်မှာ သံဃာတွေကို ပေါ်ပေါ်တင်တင် ဝေဘန်ပြောဆိုလာတာတွေ တွေ့ရသလို တစ်ချို့ဆိုရင် အမည်နာမတောင် တပ်ပြီး ပြောဆိုထားတာတွေ တွေ့ရလို့ပါဘုရား။ မကြာသေးခင်ကလည်း ဟန်းဂုရွာစာမျက်နှာမှာတောင် ဖြစ်ပေါ်ပြီးတာ ကြာပြီဖြစ်တဲ့ တိုင်းမဂ္ဂဇင်းပါ အကြောင်းအရာတွေကိုပါ ပြန်တင်နေတာတွေ တွေ့နေရလို့ တပည့်တော်က အရှင်ဘုရားတို့နဲ့များ တစ်ခုခု ဖြစ်နေသလားလို့ စိုးရိမ်ပြီး မေးတာပါဘုရား ဆိုပြီး သူက လျှောက်ထားလာပါတယ်။ သူ့ဆီကိုတော့ ဘာမှမဖြစ်ပါဘူး ဒကာတော်၊ အားလုံးအေးအေးဆေးဆေးပါပဲ၊ အကယ်၍ အဲဒီလို ပုဂ္ဂိုလ်နဲ့ သံဃာကို မကွဲပြားဘဲ ပြောလာတာတွေ ရှိရင်လည်း သူ့စေတနာနဲ့ သူ့လုပ်ရပ်ဟာ သူကိုယ်တိုင် အသိဆုံးပဲ ဖြစ်တဲ့အတွက် သူ့တရား သူစီရင်သွားမှာပါ ဒကာ၊ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါပဲဆိုပြီး ဘုန်းဘုန်းက ပြန်ပြီး အကြောင်းပြန်ဖြစ်ခဲ့ပါတယ်။ 

အမှန်တော့ အဲဒီဒကာက စိုးရိမ်မှုနဲ့အတူ တစ်ချို့ဒကာတွေရဲ့ စာပေအရေးအသားတွေ အပေါ်မှာ နားလည်မှု လွဲနေတဲ့ သဘောရှိပါတယ်။ ဘုန်းဘုန်းတို့ ကိုရီးယားမှာရှိတဲ့ ဆရာနဲ့ ဒကာတွေဟာ ညီညွတ်မှုအပြည့်ရှိနေတဲ့ သူတွေပါ။ အမြဲတမ်း အချိတ်အဆက် ရှိနေပြီး တိုင်ပင်ညှိနှိုင်းမှုတွေ ရှိနေတာ အမှန်ပါပဲ။ ဒါပေမယ့် လူ့သဘာဝ သူတို့အချင်းချင်း အမြင်မရှင်းလို့ နားလည်မှုလွဲရာက အဓိပ္ပါယ်အကောက် လွဲတာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါက တစ်ပိုင်းပါ။ ဘုန်းဘုန်းတို့ သံဃာတော်များ အပိုင်းကတော့ ကိုရီးယားမှာ ရှိနေတဲ့ ဒကာတွေအပေါ်မှာ သူတို့ရဲ့ဘဝ ရပ်တည်မှုတွေကို တစ်သားတည်းခံစားပြီး နားလည်မှုရှိနေတဲ့အတွက် သူတို့အပေါ်မှာ မေတ္တာအပြည့်နဲ့ကို စောင့်ရှောက်နေကြတာ ဖြစ်ပါတယ်။ သူတို့အကြောင်း ပိုပြီးသိလေ၊ သူတို့အပေါ် ပိုပြီးမေတ္တာထားလေပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းဆိုရင် တရားဟောရင်းတစ်မျိုး၊ စာရေးရင်းတစ်ဖုံ၊ မေတ္တာအစုံကို ပို့သရင်း ညစဉ်ညတိုင်း သူတော်ကောင်းတို့ စောင့်ရှောက်ဖို့ တိုင်တည်ရင်း အဓိဋ္ဌာန် ပြုနေမိတာ မှန်သောသစ္စာစကားပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် တစ်ချို့တချို့ ဒကာတွေရဲ့ စာပေရေးသား ဖော်ပြမှုတွေကိုတော့ ဘုန်းဘုန်းလည်း ဖတ်ရပါတယ်။ နားလည်မှုလွဲပြီး သံဃာတော်များဆိုတဲ့ အသုံးအနှုန်းတွေသုံးကာ အထင်သေးတဲ့ စကားလုံးတွေနဲ့ ဝေဘန်ထားတာကိုလည်း သတိပြုမိပါတယ်။ သူနားမလည်လို့ ဖြစ်မှာပါလို့ပဲ မေတ္တာမပျက် ဒီအတိုင်းပဲ ဘုန်းဘုန်းနေဖြစ်ခဲ့ပါတယ်။ အယူအဆ မတူကြတော့ သူ့အမြင် သူ့ရှုထောင့်ကနေ သူပြောဆိုတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ဘာမှ ပြောဖို့မရှိပါဘူး။ စကားလုံး အသုံးအနှုန်းတွေလောက်ပဲ သံဃာနဲ့ ပုဂ္ဂိုလ်ကွဲပြားအောင် ခွဲခြားဖို့နဲ့ ကိုယ်ရေးတဲ့စာရဲ့ အကျိုးသက်ရောက်မှုဟာ အဆိုးဘက်များလား၊ အကောင်းဘက်များလား စဉ်းစားဆင်ခြင်ဖို့လောက်တော့ တာဝန်ယူစေချင်တာပါ။ တစ်ချို့ကိစ္စတွေဟာ မှန်ပေမယ့် အကျိုးမရှိရင် ဘုရားရှင်ထုံးကို နှလုံးမူပြီး မပြောသင့်ရင် မပြောတာပဲ ကောင်းပါတယ်။ မှန်ပေမယ့် ကိုယ့်ဗုဒ္ဓဘာသာအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ဆရာဒကာ အချင်းချင်း နားလည်မှုလွဲစေ၊ ညီညွတ်မှုလွဲစေနိုင်ရင် မပြောဘဲ ဆင်ခြင်သင့်လှပါတယ်။ 

တစ်ချို့ကိစ္စတွေဟာ ပြည်တွင်းမှာလက်တွေ့ နေထိုင်ကြုံတွေ့ နေရတဲ့ အခြေအနေနဲ့ ပြည်ပကမြင်နေရတဲ့ အခြေအနေတွေဟာ မတူကွဲပြားမှုတွေ ရှိနေတတ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်ပဲ ဒီနှစ်မှာဆိုရင် သံဃာ့ဥသျှောင်မထေရ်ကြီးများရဲ့ တာဝန်ပေးမှုနဲ့ ဆရာတော်ကြီးတွေရဲ့ သဘောဆန္ဒအတိုင်း ပြည်တွင်းမှာ အချိန်အတော်ကြာ လက်တွေ့နေထိုင် ဆောင်ရွတ်မှုတွေ ရှိခဲ့တဲ့အတွက် ပြည်တွင်းအခြေအနေကို ပြည်ပမှာရှိနေတဲ့ သူတွေထက်ပိုပြီး လက်တွေ့ကျကျ သိရှိခွင့်ရနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းရဲ့ အနေအထားအပေါ် ပိုပြီးနားလည် ကိုယ်ချင်းစာမိပြီး ဘုန်းဘုန်းရဲ့ အချိန်တွေကိုတောင် ပြည်တွင်းမှာပိုပြီး နှစ်ထားနေတာ ဖြစ်ပါတယ်။ အမျိုးသားရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး စတဲ့ အရေးတွေအပေါ်မှာ အစွန်းမရောက်အောင် ဘုန်းဘုန်းတို့ သံဃာတော်အပိုင်းက ဉာဏ်နဲ့ယှဉ်ပြီး ထိန်းထိန်းသိမ်းသိမ်း ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကို လူ့အခွင့်အရေးပိုင်းက ကြည့်ပြီး တစ်ချို့လူ့အခွင့်အရေး ဆရာတွေက သူတို့အမြင်နဲ့ သူတို့ ပြောဆိုဖြစ်တာလည်း ရှိမှာပါ။ နားလည်ပေးလို့ ရပါတယ်။ အစွန်းမရောက်ဖို့ပဲ သတိပြုစေချင်တာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးစားပေးပြီး အမျိုးဘာသာ၊ သာသနာနဲ့ နိုင်ငံလုံခြုံရေးကို မထိခိုက်အောင်တော့ လူ့အခွင့်အရေး ဆရာများ ဆင်ခြင်ကြဖို့တော့ မေတ္တာရပ်ခံချင်မိပါတယ်။ 

ရှိပါစေတော့။ ပြောချင်တာက ပြည်တွင်းက ပေးပို့လာတဲ့ အီးမေးလ်တစ်စောင် အကြောင်းကို ကိုရီးယားရောက် ဆရာဒကာများ သတိပြုမိစေဖို့နဲ့ နားလည်မှုလွဲရာကနေ ညီညွတ်မှု ကွဲပြားမှု မဖြစ်စေဖို့ အထူးသတိထားသင့်ကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ ဒီပို့စ်တင်ဖြစ်တာဟာ ဆရာတော်များကို ဆရာလုပ်တာ မဟုတ်သလို ဒကာတော်များကို အမိန့်ပေးလိုတာလည်း မဟုတ်ဘဲ ဆရာဒကာ နားလည်မှုတွေ ရှိနေကြဖို့ မေတ္တာရပ်ခံလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပဲ နားလည်မှုတွေလွဲပါစေ လက်တွေ့အနေအထားမှာ ရှိနေကြတဲ့ ကိုရီးယားရောက် သံဃာတော်များနဲ့ ဒကာ၊ ဒကာမများ အနေနဲ့ကတော့ ဆရာကလည်း မေတ္တာကို အရင်းခံကာ စောင့်ရှောက်ကြရမှာ ဖြစ်ပြီး ဒကာကလည်း သဒ္ဓါစေတနာကို အရင်းခံကာ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ အမျိုးဘာသာ၊ သာသနာနဲ့ နိုင်ငံတော်ကို မိမိတို့စွမ်းနိုင်တဲ့ဘက်က ကာကွယ်စောင့်ရှောက်ကြပါစို့လို့ အဓိဋ္ဌာန်ပြုရင်း အားလုံး ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာပါစေရန် ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

No comments: