Sunday, September 1, 2013

ကိုရီးယားနိုင်ငံ ဘူဆန် ကမ်းခြေတွင် နိုင်ငံခြားသားအလုပ်သမားများတွေ့ဆုံပွဲ ကျင်းပ






ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ၊ ဟဲဟွန်ဒယ် ကမ်းခြေတွင် နိုင်ငံခြားသား အလုပ်သမားများ တွေ့ဆုံပွဲကို သြဂုတ်လ(၃၁) ရက် နှင့် စက်တင်ဘာ(၁)နေ့ထိ နှစ်ရက်တိုင် ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို ဘူဆန် နိုင်ငံခြားသားအကူအညီပေးရေးစင်တာမှ ကျင်းပပေးခြင်းဖြစ်ပြီး  ၊ အလုပ်သမားရေးအတွက် ကူညီဆောင်ရွက်ပေးသူများ ၊မြန်မာ ၊ နီပေါလ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား  နိုင်ငံခြားသားအလုပ်သမားများ စုစုပေါင်း အင်အား (၇၀)ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပထမဦးစွာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် လာရောက်လုပ်ကိုင်နေကြသူများ၏ အခက်အခဲဒုက္ခရောက်ကြရပုံကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့ပါသည်။ ဆက်လက်၍ အလုပ်ရွေ့ပြောင်းရာတွင် အခက်အခဲများအကြောင်းကို မြန်မာအဖွဲ့အတွက် ကိုနေသူ နှင့် ကိုဇော်မင်းတို့မှ ရှင်းပြခဲ့ပါသည်။ ထို့နောက် တရားမ၀င် အလုပ်သမားများ အတွေ့အကြုံကို ဖိလစ်ပိုင်အသင်းမှ  Tess နှင့် Mente တို့မှ ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ဖိလစ်ပိုင်အသင်း SPINAKO မှ Demmy လည်းကောင်း ၊ နီပေါလ်အသင်း NCC အကြောင်းကို Laxman Dahal ၊ မြန်မာအသင်း ရွှေအလင်းတန်း မြန်မာအသင်းအကြောင်းကို ကိုနေသူမှ အသီးသီးရှင်းပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံခြားသားအလုပ်သမားများကို ညနေစာဖြင့် တည်းခင်းဧည့်ခံကြပြီး အသီးသီးမိတ်ဆက်ခဲ့ကြပါသည်။ သီချင်းများကို သီဆိုခဲ့ကြပါသည်။

အစီအစဉ် ဒုတိယနေ့တွင် တက်ရောက်လာကြသူများမှ တွေ့ဆုံပွဲအတွေ့အကြုံများကို ရှင်းပြရာတွင် ကမ္ဘောဒီယား အလုပ်သမားတစ်ဦးမှ ပြောကြားရတွင် " အခုလို တွေ့ဆုံပွဲကို တက်ရောက်ရတဲ့ အတွက် စိုက်ပျိုးရေးသမားတွေရဲ့ဒုက္ခတွေ ၊ အလုပ်သမားတွေ ရပိုင်ခွင့်တွေကို သိရှိခဲ့ရပါတယ် " ဟုပြောကြားခဲ့ပါသည်။

မြန်မာအသင်းမှ ကိုဇော်မင်းမှ ပြောကြားရတွင် " အလုပ်သမားများ အတူတကွတွေ့ဆုံရပြီး ၊ တစ်ဦးအမြင်တစ်ဦးဖလှယ်ရတဲ့အတွက် အခက်တွေကို သိရပါကြောင်း ၊ အလုပ်သမား အခွင့်အရေးတွေ ဆက်လက်ပြီးအတူတကွ တောင်းဆိုကြရမည် ဖြစ်ကြောင်း " ပြောကြားခဲ့ပါသည်။

ဘူဆန် နိုင်ငံခြားသား အကူအညီပေးရေးရုံးမှ ကိုနေသူ မှ ပြောကြားရတွင် " အလုပ်သမားဥပဒေတွေကို သိသွားအောင် ၊ အခက်အခဲတွေကို ၀ိုင်းဝန်းပြီး ဘယ်လိုဖြေရှင်းမလဲ ၊ စင်တာကနေပြီး အတူဖြေရှင်းတဲ့ နည်းလမ်းတွေကို လက်ဆင့်ကမ်းပေးတာပါ ၊ နောက်ပြီး လာပြီး အကူအညီပေးတဲ့ လူတွေကို နိုင်ငံခြားသားတွေရဲ့ အခက်အခဲတွေကို သိသွားအောင်လို့ ပါလို့ " လို့ ပြောကြားခဲ့ပါသည်။

အဆိုပါ နိုင်ငံခြားသားအလုပ်သမားတွေဆုံပွဲများကို (၁)နှစ်လျှင် နှစ်ကြိမ် ကျင်းပပေးကြောင်း သိရှိခဲ့ရပါသည်။











No comments: