Friday, November 21, 2008

ကိုရီးယားကလို့ ပြောရမှာတောင် ခပ်ရှက်ရှက်ပါပဲခင်ဗျာ...

ရေးသားသူ — ဇလပ်
တစ်ခါမှ ဘာမှမရေးခဲ့တဲ့ ဇလပ်ဆိုတာက ဗြုန်းဆို သရက်ထဲရောက်ပြီး ရေးချင်တာတွေ လျှောက်ရေးတယ်ဆိုပြီး ထင်နေကြမှာပဲနော်..။ ရေးမယ် ရေးမယ်နဲ့ လုပ်နေတာ ကြာပါပြီ..။ သူငယ်ချင်းတွေအားလုံး ရေးနေကြတာဟာ ပြည့်စုံနေတော့ ရေးဖို့ မလိုလောက်ပါဘူးထင်ပြီးတော့ ရေးသမျှပဲ လိုက်ဖတ်ပြီး အချိန်ကုန်နေတာပါ..။ အဲ.. အရှုပ်တွေ လုပ်နေတာလဲ ပါတာပေါ့နော...။ ထားပါလေ..။ ဒီတစ်ခါပြောပြမယ့် အကြောင်းကတော့

ကိုရီးယားက ရှက်ဖွယ်လိလိ အကြောင်းလေးတစ်ခုပါပဲ..။ ပူဆန်ကမ်းခြေလိုမျိုး သတင်းတော့ ဟုတ်ပါဘူး..။ အဲ.. ဒါပေမယ့် ထူးတော့ ထူးပါဘူး..။ ဇလပ်ကြားဖူးတာတော့ ရှိတယ်...။ မြန်မာအရေးကို အဓိကပြောင်းလဲပေးမှာ နည်းပညာနဲ့ ယဉ်ကျေးမှုတဲ့...။ ဒီလိုပြောလို့ ဇလပ်ကိုနိုင်ငံရေးသမားလို့ မထင်လိုက်နဲ့နော်..။ ဇလပ် လုံးဝမလုပ်ဘူးနော်..။ အဲ..ဒါပေမယ့် အမြင်မတော်တာလေးတွေ မြင်ရင်တော့ ပြောမှာပဲ...။ မှန်တာပြောလို့ အားလုံးမုန်းချင်မုန်းနော်...။ ဒီမိုကရေစီရဖို့အတွက် ပြည်သူတွေအားလုံးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းဟာ အရေးပါပါသတဲ့..။ အားလုံးအမှန်တရားကို ပြောရဲမှ..၊ အားလုံး ရဲရဲရင့်ရင့် လွတ်လွတ်လပ်လပ် စဉ်းစားရဲ..၊ ပြောရဲမှ ဖြစ်မှာပါ..။ အခု အဲဒီလိုမျိုး လွတ်လွတ်လပ်လပ် ပြောနိုင်ရေးနိုင် တွေးနိုင်အောင် လုပ်ပေးတဲ့အထဲမှာ အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့တာတော့ ဘလော့ဂ်ဂါတွေအမြောက်အများ မွေးဖွားပေးခဲ့တာပါပဲ..။ အဲဒီလို ဘလော့ဂ်ယဉ်ကျေးမှု ထွန်းကားလာအောင် အဓိကစွမ်းဆောင်ခဲ့တာက နည်းပညာဖြန့်ဝေမှုပါပဲ..။ ဘလော့ဂ်ယဉ်ကျေးမှုကြောင့် ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းတွေထိန်းချုပ်လို့မရပဲ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ကမဃာက မျက်ဝါးထင်ထင် သိမြင်ခဲ့ရတာပေါ့..။ အဲဒါကြောင့် အငြိုးထားပြီး ကိုနေဘုန်းလတ်လို ရဲရဲတောက် ဘလော့ဂ်ဂါတွေကို ထောင်ဒါဏ် အနှစ်၂ဝ ချလိုက်တာပေါ့..။ ကိုရီးယားသတင်းနဲ့ ဘာဆိုင်လို့တုန်းလို့တော့ မထင်လိုက်ပါနဲ့ဦးနော်...။ဇလပ်ပြောချင်တာက ကိုရီးယားမှာ ထုတ်ဝေရောင်းချခဲ့တဲ့ စာအုပ်လေးတစ်အုပ်အကြောင်းပါ...။ မှတ်မှတ်ရရ ဇလပ်လဲ ဝယ်ထားပါတယ်..။ အထောက်အထားဖြစ်အောင်လို့ပါ..။ ဘလော့ဂ်ဖန်တီးဖူးမယ်ဆိုရင် ဘလော့ဂ်နည်းပညာတွေ ပြန့်ပွားအောင် ဖြန့်ဝေပေးခဲ့တဲ့သူတွေထဲမှာ စေတန်ဂေါ့ကို ကြားဖူးကြမယ်ထင်ပါတယ်..။ ကျူးပစ်မန်ဘာတွေကတော့ ဘလော့ဂ်မလုပ်ဖူးတောင် ကြားဖူးနားဝတော့ ရှိမယ်ထင်ပါတယ်..။ ဘလော့ဂ်နည်းပညာပြန့်ပွားရေးအတွက် မည်သူတစ်ဦးတစ်ယောက်မဆို အခမဲ့ ဖြန့်ဝေနိုင်တယ်လို့ ခွင့်ပြုထားတာပါ...။ ဘယ်ရောက်သွားပြန်ပြီလဲလို့ မထင်ပါနဲ့နော်...။ ဇလပ်ကလေရှည်တတ်တော့ ဖတ်တဲ့သူလဲ စိတ်လေးတော့ ရှည်ပေးပေါ့နော...။ အဲဒီဖြန့်ဝေတဲ့စာအုပ်လေးနံမည်က အင်တာနက်ကြည့်တတ်သူတိုင်း ကိုယ်ပိုင်အင်တာနက်စာမျက်နှာဖန်တီးတတ်စေမည့် 'ဘလော့ဂ်ဖန်တီးခြင်းနှင့် ဆိုင်ဘာအတိုက်အခံသမားများအတွက်လက်စွဲ' ပါတဲ့ဗျား...။ ရေးသားတဲ့သူက အိဂျူးအိုပါးဆိုတဲ့သူပါ...။ ဒီနံမည်နဲ့ ဟန်းဂုရွာမှာ ကိုဝိုင်း(မိုးညှင်း) ပို့စ်တွေ တင်ပေးနေပါတယ်...။ ဘယ်သူလဲတော့ ဇလပ်လဲ မသိပါဘူး...။ တစ်ခြား သူ့အသိပဲလား...။ သူ့ရဲ့ကလောင်ခွဲပဲလားတော့ ဇလပ်မသိပါဘူး...။ ပြောချင်တာကတော့ အဲဒီစာအုပ်ထုတ်ဝေတာနဲ့ ပါတ်သက်လို့ ဇလပ်စဉ်းစားမိတာလေးပါပဲ...။ စာအုပ်မှာက ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်..။ ပထမပိုင်းမှာတော့ စေတန်ဂေါ့ဒ်ရဲ့ ဘလော့ဂ်လုပ်နည်းကို ကူးယူဖော်ပြထားတာပါပဲ...။ ဒုတိယပိုင်းကတော့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ဘလော့ဂ်ဂါများနှင့် ဆိုင်ဘာအတိုက်အခံသမားများအတွက်လက်စွဲကို ဖော်ပြထားတာပါ...။ ဘာပဲပြောပြော ဖတ်သင့်တဲ့ စာအုပ်လေးပါပဲ...။ အဲ...ဒါပေမယ့် ဇလပ် ဘဝင်မကျမိတာက ဘလော့ဂ်ပေါ်မှာ တင်ပေးထားတဲ့ဟာကို လွယ်လင့်တကူ ကူးယူရောင်းချတာကိုပါပဲ...။ ကာယကံရှင်တွေကို တိုက်ရိုက်ခွင့်ပြုချက်တောင်းခံတာမျိုးရှိသလားလို့ လေ့လာကြည့်တော့လဲ မတွေ့မိပါဘူး...။ ဇလပ် မသိတာလဲ ပါရင်ပါနေမှာပေါ့နော..။ ခွင့်ပြုချက်တောင်းထားပြီးသားဆိုလဲ စာအုပ်မှာ ခွင့်ပြုချက်ရထားတဲ့အကြောင်းလေးတော့ ရေးထည့်ပေးမှ ဇလပ်တို့လို လူမျိုးတွေ အမြင်ရှင်းမှာပါ...။ စာအုပ်မျက်နှာဖုံးမှာ “ NOT FOR BUSINESS PURPOSE ” လို့ ရေးထားပါတယ်...။ စာအုပ်ရောင်းဈေးကတော့ ကိုရီးယားဝမ် ၇ဝဝဝ ပါ...။ စာအုပ်မျက်နှာဖုံးမှာတော့ အိဂျူးအိုပါး စုစည်းတင်ပြသည်လို့ ရေးထားပြီးတော့ နောက်မျက်နှာဖုံးမှာမှ “SATURNGOD” ၏ ဘလော့ဖန်တီးခြင်းစာစောင်နှင့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ ဘလော့ဂါများ၊ ဆိုင်ဘာ အတိုက်အခံသမားများအတွက် လက်စွဲစာအုပ်တို့ကို စုစည်းထားသည်လို့ ရေးထားပါတယ်...။ ဘာပဲဖြစ်ဖြစ် သူများရေးသားထားတဲ့ အကြောင်းအရာတွေကို သူတို့ဆီက ယူထားတယ်ဆိုတာ မျက်နှာဖုံးမှာ ဖော်ပြပေးရမယ်ဆိုတာ အချင်းချင်းကြားမှာ ပြောစရာမလိုအောင် ရှိနေပြီးဖြစ်တဲ့ ကျင့်ဝတ်တစ်ခုပါ...။ အဲဒါကို အိဂျူးအိုပါးပဲ မသိလေရော့သလား....။ ရှိပါစေတော့....။ နောက်တော့ သိမှာပါပေါ့....။ ဇလပ်လဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်...။ ပြောမနေတော့ပါဘူးပေါ့...။ ခုရက်မှာ ကိုနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂ဝ ချလိုက်တော့ ဇလပ်စိတ်ထဲမှာ ရှက်မိလို့ပါ...။ အိဂျူးအိုပါးကိုယ်စားပေါ့...။ ဒါကြောင့် အိဂျူးအိုပါးကို ဘာစိတ်မှ မထားပါဘူး..။ လုပ်ရပ်လေးကိုပဲ ပြောတာပါ..။ အဓိကကတော့ အဲဒီလို အားလုံးက စေတနာထားပြီးလုပ်ပေးထားတဲ့ဟာတွေကို ကူးယူရောင်းချပြီး ရလာတဲ့ အကျိုးအမြတ်တွေကို အိဂျူးအိုပါးဘာလုပ်လိုက်လဲဆိုတာပါဘဲ...။ ဇလပ်လဲ သူဘယ်တော့များ အများသိအောင် ကြေငြာပေးလေမလဲလို့ စောင့်ပါသေးတယ်...။ ဘာမှ မသိရတဲ့အဆုံး ဒါတော့ အားလုံးသိသင့်သိထိုက်တယ်ထင်လို့ ပြောလိုက်တာပါ..။ ဇလပ်မှားသွားတယ်ဆိုလဲ တောင်းပန်ပါတယ်နော့...။ အဲဒီရောင်းချငွေတွေကို တစ်ကယ်တော့ အများအကျိုးရှိတဲ့ နေရာတစ်ခုခုမှာ သုံးလိုက်မယ်ဆို လူ၊နတ် သာဓုခေါ်ကြမှာပါ...။ ခုထိ ဘာလုပ်လိုက်သလဲ မသိရတော့လို့ ဇလပ်လဲ ရေးလိုက်တာပါ...။ ဇလပ်စဉ်းစားမိတာကတော့ ကိုဝိုင်း(မိုးညှင်း) နဲ့ ပါတ်သက်နေတော့ ဓမ္မဒူတ ဗုဒ္ဓသာသနာပြုကျောင်းတော်ရံပုံငွေအတွက် သုံးသလားပေါ့...။ သုံးတယ်ဆိုရင်တော့ ဒီကျောင်းတော်ရဲ့ အကြောင်းလေး ဘယ်လိုလဲလို့ လေ့လာမိပါတယ်...။ ကျောင်းက သံဃာတော်တွေနဲ့ လုံးဝ မပါတ်သက်ပါဘူး...။ အဲဒီကျောင်းတော်နေရာမှာ အရင်က ဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) တည်ထောင်ခဲ့ပါတယ်..။ အခု ဓမ္မဒူတက ဂေါပကများ စတင်တည်ထောင်ခဲ့တဲ့ ကျောင်းပါပဲ...။ နောက်တော့မှ ထုံးစံအတိုင်း မကြေမလည်ဖြစ်တာလေးတွေကနေ ဂေါပကကြီးများ နှုတ်ထွက်သွားကြတာပါ...။ နောက်တက်လာတဲ့ ဂေါပကအသစ်လေးတွေက သူတို့ ကျောင်းဟောင်းနေရာမှာ အောင်မြင်နေတာတွေ့တော့ ဂေါပကဟောင်းများမှာ သူတို့ သိက္ခာကျစရာလို့ ထင်လာတယ်ထင်ပါရဲ့...။ အဲဒါနဲ့ပဲ အဲဒီနေရာကို ရယူပြီး သူတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဂုဏ်သိက္ခာဖော်ဆောင်ရေးကျောင်းကြီး ပေါ်လာပါလေရောဗျာ...။ ဘာပဲဖြစ်ဖြစ် ဗမာပြည်က ဆရာတော်များ သာသနာပြုနိုင်လို့ ဝမ်းသာစရာလားမှတ်ပါတယ်ဗျာ ။ အခုတော့ သူတို့ ဂုဏ်သိက္ခာအတွက် ရဲရဲတောက် ဘလော့ဂ်ဂါတွေက ပြည်သူအသံတွေ ရဲရဲဝံ့ဝံ့ထွက်ပေါ်လာစေဖို့ စေတနာအပြည့်ထားပြီး ပြည်သူကို အပိုင်ပေးထားတဲ့ ဘလော့ဂ်နည်းပညာတွေကို ခုတုံးလုပ်တယ်ဆိုတော့ နောက်ဆို ကိုရီးယားကလို့ ပြောရမှာတောင် ခပ်ရှက်ရှက်ပါပဲခင်ဗျာ...။ ။

6 comments:

U Oo Wyne_010-2331-2457 said...

Comment များ ဖိတ်ခေါ်ပါသည် ။

အားလုံးကို လေးစားလျက် -

winlatt said...

ဒေဂူးဘက်မှာတော့ ဒီစာအုပ်မတွေ့ရသေးဘူး။
လာရောင်းရင်(အဲ..အခမဲ့ လာဖြန့်ချီမယ်ဆိုရင်တော့...ဖတ်ကြည့်ချင်သေးတယ်)သူများတွေရဲ့ ပိုစ်တွေကို ကူးယူဖြန်ချီပေးတာ ကောင်းတာပေါ့...။သူ့ရှေ့မှာ လေမလည် မိစေနဲ့..တော်ကြာ ကိုယ်မသိအောင် ယူသွား မှဖြင့်....
ကိုရီးယားမှာ လုပ်စားတတ်တာ...
အီဂျူးအိုပါး လဲ တစ်ယောက်အပါအ၀င် ပါ....။နော့်

စိုးမိုးသူ said...
This comment has been removed by the author.
စိုးမိုးသူ said...

ခွင့်ပြုချက်ယူ စာအုပ်ထုတ်ရောင်းတာဆိုရင် ပြဿနာလို့ မမြင်ပါဘူး။
ဒါပေမဲ့ ခွင့်ပြုချက်မယူပဲနဲ့ စာအုပ်ထုတ်ရောင်းလို့ရတာကို သာသနာ့အကျိုးအတွက် သုံးစွဲလည်း မသန့်စင်တဲ့ အလှူဖြစ်တာကြောင့် ကုသိုလ်နဲ့ ငရဲ ဒွန်တွဲပြီး ရလိမ့်မယ်လို့ ထင်ပါတယ်။
အကြံပေးချင်တာကတော့ အပမ်းမကြီးရင်တော့ ရလာတဲ့ငွေကြေးတွေကို ပြည်သူ့အကျိုးအတွက် နောက်ထပ်စာအုပ် လေးတွေထပ်ထုတ်ဖို့ သုံးစွဲတာပဲဖြစ်ဖြစ်၊ ပြည်တွင်းက အကျဉ်းကျသွားပြီဖြစ်တဲ့ ဘလော့ဂ်ဂါတွေ အတွက်ပဲဖြစ်ဖြစ် လှူဒါန်းမယ်ဆိုရင် ဘယ်လိုနေမလဲလို့ ….

winlatt said...

ဟုတ်တယ်ဗျ..
ကိုစိုးမိုးသူပြောသလို အပြုသဘော လုပ်ရင်တော့ မိမိ အပြစ်ကို စင်ကြယ်သင့်သလောက်စင်ကြယ်နိုင်တယ်ပေါ့ ။ကိုယ်လိပ်ပြာ ကိုယ်လုံဖို့တော့ လိုတယ်ဗျို့...။

ဇလပ် said...

ဇလပ် ပို့စ်လေးကို တင်ပေးတဲ့အတွက် ကိုဝိုင်း(မိုးညှင်း)ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..။ ဇလပ် အိဂျူးအိုပါးနဲ့ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲခွင့် ရှိချင်ပါတယ်..။ ဒီအတွက် နှစ်ယောက်စလုံးအနေနဲ့ ရိုးသားမှုရှိစေချင်ပါတယ်..။ ကွန်းမန့်တွေ တောင်းတဲ့အတွက်လဲ ကျေးဇူးပါပဲ..။