Friday, December 12, 2008

တောပွဲ

စာရေးဆရာမ - နုနုရည်(အင်းဝ)

ဒီနေ့ မြန်မာဝတ္ထုတိုတွေရဲ့ အနေအထားဟာ တော်တော်လေး စိုးရိမ်ရေမှတ်ကို ရောက်နေပါပြီ။ ဒါကြောင့် မြန်မာဝတ္ထုတိုတွေကို ဒီနေ့ လူငယ်ထုနဲ့ ဝေးမသွားစေချင်တာကြောင့် ပြန်လည်ဖော်ပြပေးနေတာကို အားလုံးနားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


ဟဲ့…ဟဲ့ ဘီးဆံပတ်မတို့၊ အမယ်ကြီးအိုမတို့ ဘယ်ရောက်ကုန်ကြပလဲ။ လာကြစမ်းပါဦးဟဲ့ ငါ့နားကို။ ငါ့ဘော်လီ အင်္ကျီကို ချိတ်တပ်ပေးစမ်း။
ညည်းတို့မလဲ အံ့တာပဲ။ လင်တွေ ကိုယ်စီပါရဲ့သားနဲ့လည်း ကောင်လေးတွေနားသွား ဟီလာတိုက်နေတာပဲ။ ညည်းတို့ဟာ တောသားလည်းမရှောင်၊ မြို့သားလည်းလာခဲ့။ အ၀ီစိက ငရဲသားတောင် အလွတ်ပေးမယ့် မိန်းမလျာတွေ မဟုတ်ဘူး။
ဘော်လီချိတ်ကို အတွင်းချိတ်တပ်နော်။ ဒါမှ ကျပ်ကျပ်လေးမှ ရှေ့ဘော်လီခွက်ထဲကို ရေမြှုပ်ထိုးထည့်လို့ ကောင်းတာ။

ဘယ်သူ၊ ညည်းက ဘီးဆံပတ်မပဲ။ ငါတော့ လွယ်လွယ် ခေါ်လိုက်တော့တာပဲ။ အသက်ကြီးပဟဲ့။ ခြောက်ဆယ်ကျော် ဖောက်သည်မျှော်လို့ မရတော့တဲ့အရွယ်။ သတိကမေ့တယ်။ ညည်းတို့က သည်တောပွဲကျမှ ခြေကောက်ခေါ်ရတဲ့ မင်းသမီးတွေ။ ငါ့တပည့်အရင်းတွေ နာမည်တွေတောင် အကုန်မှတ်မိတာ မဟုတ်ဘူး။
ဟဲ့…ဟိုဟာမ၊ အမယ်ကြီးအိုမ၊ သေတ္တာထဲက ထိုင်မသိမ်းအစိမ်းထုတ်။ ညည်းမျက်နှာကလေ တကယ့်ရှုံ့တွတွ လုံးတုံးတုံးလေး။ အမယ်ကြီးအိုမ မျက်နှာအတိုင်းပဲ။
ဟို ဘီးဆံပတ်မကတော့ ဆံပင်ရှည်ကို မိန်းမနဲ့တူအောင် ပတ်လိုက်ရတဲ့ ဘီးဆံပတ်။ အင်း…၀ဋ်တွေဟဲ့၊ ၀ဋ်တွေ။ ဘုရားဆုပန် ယောင်္ကျားစင်စစ် ဧကန်ဖြစ်လျက်နဲ့ မိန်းမစိတ်တွေဝင်၊ မိန်းမပုံတွေဖမ်းပြီး မိန်းမယောင်တွေ ဆောင်နေကြတာ။ မိန်းမနဲ့ မတူတူအောင် ၀တ်၊ မတူတူအောင်နေ။
အို…ဘယ်လိုနေနေ မိန်းမလျာဟာ မိန်းမလျာပဲ။ မိန်းမ အစစ်မှ မဟုတ်တာ။ သြော်…သူတို့တွေလည်း အပြစ်မပြောဘူး၊ ငယ်ရွယ်သူတွေကိုး။ ကိုယ်ငယ်ငယ်တုန်းကလည်း ဒီလိုပဲဥစ္စာ။ သူ့ထက်ကဲ ရွှေပြည်စိုးချင်တောင် စိုးဦးမယ်။ အသက် ဆယ့်ရှစ် ဆယ့်ကိုး နတ်စကတော့ ဒီလို တောပွဲတွေ စကရတာပေါ့။ လှည်းကြီးတွေနဲ့ တစ်ရွာဝင် တစ်ရွာထွက် လျှောက်ကရတာ။ ဒီလို မော်တော်ကားတွေ ဘာတွေနဲ့ မဟုတ်သေးဘူး။ အို…လှည်းကြီးပေါ်မှာ မှန်ကြီးထောင်ပြီး မိတ်ကပ်တွေလိမ်းတာ၊ လှည်းဘေးနားမှာ လူတွေက ၀ိုင်းလို့။ အဲဒါကို အဟုတ်ကြီးမှတ်လို့။ အမယ်လေး ငါ့ကို ချောလို့ လှလို့ ၀ိုင်းအုံ ကြည့်ကြတာပေါ့။ မပြီးဘူး၊ မိတ်ကပ်လိမ်းနေတာ။ မှန်ကြီးတစ်ချပ်နဲ့။ ခု ပြန်တွေးကြည့် ဘယ်လောက်များ ကြိမ်လုံးသုံးချောင်းပူးလောက်နဲ့ စရနယ်ဖို့ ကောင်းသလဲ။
ဟဲ့…ဘီးဆံပတ်မ၊ ခြေအိတ်ထုတ်လိုက်ဦး။ ပေးပါအေ။ ပေါက်ပေါက်…ဒီခြေအိတ်ပဲ။ တော…တောလိုပေါ့။ တောပွဲ၊ မြို့ပွဲမှ မဟုတ်တာ။ ကော်ဇောပေါ် ကရမှာမဟုတ်ဘူးဟဲ့။ မမြင်ဘူးလား။ ဖျာကြမ်းတောင် အနိုင်နိုင်။ သူတို့ကြည့်၊ ဖိနပ်တောင် စီးကြတာမဟုတ်ဘူး။ ပိုက်ဆံရှိနေပေမဲ့ အင်းသမား၊ တံငါဖလောင်းတွေဟဲ့။ အနေအစား ဘယ်တတ်မလဲ။ ရောမရောက် ရောမလိုကျင့်၊ တောရောက် တောလိုကျင့်ရမှာပေါ့။ ငါတောင် ဖိနပ်မစီးဘူး။ ဖိနပ်ပျောက်မှာစိုးလို့။
ပုပ္ပားဆင်းတာကတော့ ခြေအိပ်မစွပ်လို့ မရဘူး။ ပုပ္ပားနဲ့ ပခန်းပဲ ကိုယ်က ဆင်းရမှာဆိုတော့ အင်းသူကြီး ကျေနပ်အောင် နည်းနည်းလှလှပပလေးတော့ ပြင်ဦးဆင်ဦးမှ။ မနေ့ကပဲ သူ့ညီပွဲမှာ သူ့ဆီက ရှစ်ထောင်တန် ပုဆိုးတစ်အုပ် ရထားတယ်လေ။
သူ့ညီပွဲမှာ ပခန်းဆင်းနေတုန်း ဖေကြီးကျော်ကို စိန်ခေါ်တယ်လေ။ ရမ်းတစ်ပုလင်းလုံး တစ်ဘရိတ်တည်းနဲ့ သောက်နိုင်ရင် နတ်စစ်သတဲ့။ ဖေကြီးကျော် စစ်သတဲ့။ အေး…စစ်ကြောင်း ပြနိုင်ရင် ပုဆိုးတစ်အုပ်နဲ့ ချက်ချင်း ဆက်မလားဆိုတော့ စိန်လိုက်တဲ့။
လာခဲ့ဆိုပြီး နတ်စစ်ကြောင်း ပြလိုက်တယ်။ ရမ်တစ်ပုလင်းလုံး တစ်ခါတည်းနဲ့ မော့ချပြလိုက်တယ်။ ရမ်စစ်တာတွေ၊ မစစ်တာတွေ၊ မူးတာတွေ၊ မမူးတာတွေ လာမပြောနဲ့။ နတ်သဘော။ ဟင်း…သင်း တစ်ခါတည်း မြို့ပြေးပြီး ပုဆိုးအုပ် ၀ယ်ရတာပဲမဟုတ်လား။
ဒီနေ့ သူ့ပွဲ။ မနေ့က သူ့ညီပွဲ။ တောပွဲတွေက တစ်ရက်စီပဲ။ တစ်ရက် ကနားပဲ။ မြို့လို သုံးရက်ကနားတွေ၊ ငါးရက်ကနားတွေ မဟုတ်ဘူး။ တစ်ညနဲ့ တစ်ရက်ပဲ။ ဒီလို အင်းပိတ်ချိန်ဆို နတ်ကမယ့်အိမ်တွေက ကိုယ့်အိမ်ရှေ့တွေမှာ ကနားတဲတွေ ကိုယ်စီထိုးထားကြ၊ ပြီးတော့ နတ်ကတော်ခေါ်၊ တစ်အိမ်ကစပြီး တစ်ညတစ်ရက်၊ တစ်ညတစ်ရက် ဆက်တိုက် ပြောင်းကသွားရုံပဲ။ ဒီရွာကမယ့်အိမ်ကုန်တော့ နောက်တစ်ရွာပြောင်း။ တစ်ပွဲကို နှစ်သောင်းပဲ။ ဆိုင်းဖိုး၊ ဓာတ်ဆီဖိုး၊ တပည့်တပန်းပေး၊ ဘာညာ တစ်သောင်းနုတ်။ တစ်ပွဲ တစ်သောင်းကျန်။ ပင်တော့ ပင်ပန်းတာပေါ့။ တောတွေ ရက်ဆက်ရာ လျှောက်သွား၊ ခုန်ပေါက်ကရနဲ့ မပင်ပန်းဘဲ ရှိမလား။ ဒါပေမဲ့ အင်းပိတ်ချိန် ဒီနွေ တစ်ရာသီဆို ပွဲခုနှစ်ဆယ်လောက်ရတာ။ ငါးပိငါးခြောက်လည်း တစ်မိုးတွင်းစာ ဖူလုံရော။
ငါးခြောက်က ကျွဲဆွဲတဲ့ စုံတွဲတွေဆီက ရတာလေ။ ကနားတဲ အလယ်ကောင်မှာ ခေါင်ဖောက်ပြီး ကျွဲစင်လုပ်ထားပါရောလား။ အဲဒီ ကျွဲစင်မှာ ငါးခြောက်ပြားလေးတွေ စီပြီးချိတ်လို့။ တကယ်တော့ နယ်ဆိုင်ရာပိုင်ရာ နံကရိုင်းမယ်တော်ကြီးနဲ့ သားတော် အဿကုမ္မာမင်းသားတို့ကို ပူဇော်ပသထားတာပေါ့။ ပွဲပြီးရင်တော့ ဒီငါးခြောက်က နတ်ကတော် ပိုင်တာပေါ့လေ။ ကျွဲဆွဲတယ်ဆိုတာကလည်း ဆိုင်တဲ့ယောင်္ကျားလေး၊ မိန်းကလေး အိမ်ထောင်ပြုပြီးရင် နယ်ဆိုင်ရာပိုင်ရာ နံကရိုင်းမယ်တော်ကြီးနဲ့ သားတော် အဿကုမ္မာမင်းသားတို့ကို ဆွေတော်မျိုးတော် စာရင်းသွင်းဖို့ အပ်နှံတာ၊ ပြသတာပဲ။ လွမ်းတင်းပါဘုရား။ နံကရိုင်းမယ်တော်ကြီးက ကျွဲမကြီးဆိုတော့ ကျွဲဆွဲတယ်လို့ ခေါ်တာပေါ့။ အိမ်တွေမှာ မိန်းကလေးရှိတဲ့အိမ်က အိမ်ထောင်ပြုပြီးရင် ကျွဲဆွဲရတယ်။ ယောင်္ကျားလေးရှိတဲ့ အိမ်ကတော့ ကျွဲမဆွဲရဘူး။ ပျော်ပွဲပေးရုံပဲ။
မြို့ပွဲမှာ ကျွဲဆွဲရင်တော့ တခမ်းတနားတွေ ဘာတွေ လုပ်ကြတာပေါ့။ ကျွဲဆွဲမယ့် စုံတွဲအတွက် ပါရတဲ့ ခန်းဝင်ပစ္စည်း ထမင်းအိုး၊ ဟင်းအိုး၊ ပန်းကန်ခွက်ယောက်ပေါ့လေ။ (ဒါတွေကို မြေအိုးတို့၊ ပလပ်စတစ်တို့နဲ့ လုပ်လည်း ရပါတယ်) အဲဒါတွေကို ခုခေတ်ပေါ်တဲ့ ဘာတဲ့ အမယ်မင်းဆိုလား၊ မယ်လမင်းဆိုလား ဈေးကြီးပြီး လှကလှနဲ့၊ ပေါ့ပေါ့လေးတွေ။ ဖိုက်ဘာခွက်ကလေးတွေနဲ့ လုပ်ကြတယ်။ ကနားတဲထဲမှာ အခါတော်ပေးတာက… … တွေ ဘာတွေနဲ့ နတ်ကတော်က လက်ထပ်ပေးရသေးတယ်။ နံကရိုင်းမယ်တော်ကြီးနဲ့ သားတော်ကို ပူဇော်ကန်တော့ထားတာတွေကလည်း မုန့်ပုံးတို့၊ ’ကွင်း’ ဖျော်ရည်တို့ပေါ့။
အိုး… ဒီတောပွဲမှာတော့ ဘာအမယ်မင်း၊ မယ်လမင်းတွေ လုပ်မနေနဲ့။ မြေအိုးပဲ၊ မြေပန်းကန်ပဲ။ ဆွဲမယ့်စုံတွဲကလည်း တစ်တွဲတည်းများ မမှတ်နဲ့၊ အစုလိုက် အပြုံလိုက်။ တစ်နှစ်လုံး မင်္ဂလာဆောင်ထားသမျှ အတွဲတွေအကုန်လုံး အင်းပိတ်ချိန် နတ်ကတော့မှ စုပြီး ဆွဲကြတာ။ ငါးခြောက်ပြားတွေ ကိုယ်စီနဲ့။ လာကြစမ်း။ ကန်တော့ကြေးက စုံတွဲတစ်တွဲ သုံးရာ့ခုနှစ်ဆယ်။ အဲဒါတစ်ခုကတော့ ကိုက်တယ်။ မဆိုးဘူး။ တစ်ပွဲလေးငါးထောင်၊ ကနားကြေးနဲ့ မဆိုင်ဘဲ ရတာပဲ။
အဲဒါတွေ အဲဒါတွေကို ညည်းတို့ နောက်တက်မယ့်ဟာတွေ သိစေချင်တာ၊ တတ်စေချင်တာဟဲ့။
သြော်… ပြောရင်းဆိုရင်း အမယ်ကြီးအိုမ၊ နတ်ကတော် လုပ်စားမယ့် ကောင်မက ထိုင်မသိမ်း ချိတ်ထိုးတာတောင် အဖြစ်ရှိအောင် မထိုးနိုင်ပါလား။ အံ့တာပဲ။
ဟဲ့… ဘီးဆံပတ်မ၊ ရှေ့သွားကြည့်စမ်း။ တစ်ရွာလုံးက နတ်ဝင်သည်တွေ မကုန်သေးဘူးလား။ ဒီနယ်တွေလောက် နတ်ယဉ်တာများ တွေ့ဖူးပေါင်တော်။ ဘိုးကြီး၊ အဘွားကြီး၊ အပျို၊ လူပျို၊ လူအို၊ ကလေးကစပြီး ယဉ်လိုက်တဲ့နတ်၊ ၀င်လိုက်တဲ့ နတ်၊ ကလိုက်တဲ့နတ်။ အင်းပိတ်ချိန် ဒီနတ်ပွဲတွေဟာ သူတို့ရွာရဲ့ ဒန့်စ်ကတဲ့ ပါတီပွဲများ ကျလို့။ နတ်ပုံတော်နဲ့ဆိုင်း သူတို့လက်အပ်ပြီး နတ်ကတော်ထိုင်သာ နေလိုက်တော့။ နတ်ပေါင်းကလည်း စုံပါ့။ သေတဲ့ ဆွေမျိုးမှန်သမျှ နတ်ဖြစ်တဲ့ အရပ်လေ။
လူသေရင် သေတဲ့လူရဲ့ ပုဆိုး ထဘီတွေ သိမ်းထားကြပြီး နတ်ပွဲကျရင် အဲဒီ ပုဆိုး၊ ထဘီတွေ အခေါက်လိုက်၊အထပ်လိုက်ကြီးကို ပစ်ချ။ နတ်ကတော်က တွေ့ရာထဘီတွေ ဆွဲဝတ်ပြီး နတ်ဝင်ရတယ်။ သူတို့ဆွေမျိုးတွေက မေးရင် ဘယ်သူဘယ်ဝါဆိုတာ မှန်အောင်ပြောနိုင်ရတယ်။
အဲဒီတော့ နတ်ကတော်မှာ ဘယ်လိုလုပ်ရတယ်မှတ်လဲ။ အို ပွဲမ၀င်ခင် အပြင်ကကျင်းပပေါ့။ ရောက်တာနဲ့ ဒီအိမ်မှာ ဘယ်သူ သေဖူးတုံး၊ နာမည် ဘယ့်နှယ့်ခေါ်တုံး၊ ဘယ်လို အင်္ကျီထဘီ အဆင်မျိုး ကြိုက်တာတုံးပေါ့။ ထောက်လှမ်းရေး အရင်ဝင်ထားရာတာ ပေါ့လို့။
အရှက်တွေ ကွဲပြီးပြီလေ။ ဒီနယ်အကြောင်း နားမလည်တဲ့ မိန်းမလျာ တပည့်တစ်ယောက်ပေါ့။ ဂျက်စီမ။ နယ်ပွဲမှာ ထဘီထုပ်ကြီး ပစ်ချပေးတော့ တခြားနတ်ကတော် မိန်းမလျာမတွေက ထဘီတွေကောက်ဆွဲဝတ်တဲ့ ၀တ်တဲ့ပြီး နတ်ဝင်ကြတာပေါ့။ ကနားရှင်တွေက ဘယ်သူလဲဆို မအေးစိန်တော့ မအေးစိန်ပေါ့၊ မလှရီတော့ မလှရီပေါ့။
အဲဒါကို ဂျက်စီမက နားမလည် ပါးမလည်နဲ့ ထပြီး ထဘီတစ်ထည်ဆွဲဝတ်ကတော့ မေးတာပေါ့။ ဘယ်သူလဲလို့ဆိုတော့ သူ မဖြေတတ်တော့ဘူး။ အဲဒီတင် ရှက်ရှက်နဲ့ ဖြေချလိုက်တာလေ။ ထက်ထက်မိုးဦးတော့တဲ့။ ကဲ… အရှက်က လှလှကြီး ကွဲတော့တာပေါ့။
ဟဲ့… ကဲ… ဘီးဆံပတ်မရေ၊ ဘယ့်နှယ်လဲ။ နတ်တွေ မကုန်သေးဘူးလား။ မဖြစ်ပါဘူး၊ ငါကိုယ်တိုင် ထွက်ဖြတ်မှပြတ်မှာ။ ငါ့ဆိုင်းသမားတွေလည်း လက်အံသေပြီး ဆိုင်းတီးရင်း နတ်ဖြစ်လိမ့်မယ်။ ငါလည်း ပုပ္ပားရော၊ ပခန်းရော ဆင်းလိုက်ရမှာ မဟုတ်တော့ဘူး။ အမယ်ကြီးအိုမ၊ ဒေါင်းတောင်တွေ၊ ပုပ္ပားစားတော်စာ အဆင့်သင့် လုပ်ထားဟေ့။
ကဲ…ကဲ နတ်အပေါင်းတို့ ပျော်ပါပျော်ပါ၊ တစ်နှစ် တစ်ခါ ပျော်ရတာ။ ပျော်တာလည်းပျော် ကျွဲစင်ကိုလည်း သိပ်မဆွဲနဲ့။ ကျွဲစင်ကြီး ပြိုကျလာဦးမယ်။ ဟောဟော ၀င်လာပြန်ပြီ၊ နှစ်ယောက်။ ကဲ… ပြောပြော ဘာနတ်လဲ၊ မပြောနိုင်ရင် နတ်စည်းဝိုင်းထဲ ၀င်မလာနဲ့။
“အိုင်လပ်ဖ်ယူ မိုးသန်း အိုင်ကဲန်ဆေး”
ဟဲ့… ဘိုကတော်ဘိုမင်းတဲ့၊ ဘိုကတော် ဘိုမင်းနတ်။ ကာဖီရည်ဆက်၊ ကာဖီရည် ယူခဲ့ ယူခဲ့၊ ဘယ်မလဲ။
ကဲ… တီးလိုက်ပါဦး ရွာစားရေ၊ ဘိုသံလေး။ စုံတယ် နတ်တွေကတော့။ ဟိုတုန်းက ချောင်းထဲမှာ သင်္ဘောနစ်သေတဲ့ ဘိုလင်မယားစုံတွဲ နတ်ဖြစ်တာတဲ့။ ဟော… တွေ့လား၊ ဘိုနတ်ဝင်နေလိုက်တာ ငါးဖမ်းစားတဲ့ နှစ်ယောက်က ဘိုက ကနေလိုက်တာများ အကျ။
ဟဲ့… ဘီးဆံပတ်မ ကြည့်စမ်း။ ဟိုမယ် အရပ်သူ အရပ်သားတွေ လိမ်နေတာ။ ဘယ်လောက် ပိရိတုံး။ ဘယ်လောက် သပ်ရပ်တုံး။ ညည်းတို့ လုပ်စားတဲ့ ဟာမတွေထက် အများကြီးသာတယ်။ အဲဒါကြောင့် ငါ ကရင်၊ ငါပြရင် သေချာကြည့်၊ သေချာမှတ်ဆိုတာ။ ကိုယ့်ခေါင်းဆွဲနတ် ဘယ်လောက်ထက်ထက်၊ မုသားမပါ လင်္ကာမချောဘူးဟဲ့။ ဒီလို ဗဟုသုတ မရှိ ဘာမရှိ၊ ရိုးရိုးအအနယ်မျိုး တစ်နယ်လောက်ကို လှည့်နေတတ်လို့ ကတော့အေ… ညည်းတို့ တစ်သက်စားရောပဲဟဲ့ နားလည်လား။
ကဲ… ကဲ နတ်သစ်တွေ ရှိသေးလား၊ ရှိသေးရင် ထွက်ထွက်။ အေး ဘယ်သူ ဘယ်ဝါဆိုတာ နာမည်ပြောနိုင်မှလည်းထွက်။ မဟုတ်လို့ကတော့ တုန်တောင်မလာနဲ့ဟေ့။
သြော် ဒါလောက် အော်ထားတာတောင် နဂါးသိုက်ဆိုပြီး မိန်းမနှစ်ယောက် လှိမ့်ဝင်လာသေး။ မိန်းမတို့အကြိုက် နဂါးသိုက်လို့တောင် အော်ရမလိုကျနေပြီ။ သိုက်ဆက်ရှိတဲ့ သူတိုင်း နဂါးသိုက်ဆိုပြီး အချိန်မရွေး ထ၀င်လိုက်လို့ ရတာကိုး။ လက်နှစ်ဖက်ပူး၊ အပေါ်မြှောက်တွန့်လိမ်ပြီး တစ်ကိုယ်လုံးသာ တွန့်လိုက် လိမ်လိုက် နဂါးသိုက်၊ နဂါးသိုက်ပဲ။ ဟိုမယ် ကြည့်လေ၊ မိန်းမနှစ်ယောက်၊ အမယ်လေး အတတ် အတတ်။ နဂါးအရှင်ထက်တောင် သူတို့က တွန့်လိမ်နေသေးတယ်။ မြို့ပေါ်က ဆွေမျိုးနီးစပ် တူမတစ်ယောက်ဆို တွန့်လိမ်ရုံတင်မကဘူး ဖျာပေါ်မှာ တစ်ကိုယ်လုံး နှစ်ပတ် သုံးပတ် လှိမ့်နေလို့။ သြော်… ညည်းတို့မလဲ အံ့တာပဲ။ အပျိုလေးတန်မဲ့နဲ့ အလူးတွေ အလိမ့်တွေတောင် လုပ်တတ်၊ ဟုတ်လားဆိုတော့ အို မာမီကလည်း၊ မာမီ နာမည်ကြီးအောင်လို့ လုပ်ပေးရတာဥစ္စာ တဲ့လေ… တဲ့။
… မေမြို့ သို့မဟုတ် ပြင်ဦးလွင်… မြူခိုးလေးများ အုံ့ဆိုင်းပါလို့ပင်… ပန်းကမ္ဘာ မျှော်စင်…
ဟောတော် ၀င်ကြပြန်ပြီ၊ တရုတ်နတ်။ အမယ်လေး သူတို့က သီချင်းတွေတောင် ရနေပြီ။ ကိုယ်တောင် မပြောလိုက်ရဘူးဟဲ့၊ ချမ်းချမ်းနဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ဟာ တရုတ်နတ်ချော့သီချင်းဆိုတာ သင်းတို့က ကျွမ်းနေပေရောလား။ ကဲ… ၀င်ကြစမ်း၊ ၀င်ကြစမ်း။
ဟဲ့… ဘာတဲ့၊ ထဘီကို မဆွဲနဲ့လေ။ သြော် ဘယ်သူလဲလို့၊ တော်ကိုး။ ကျုပ်က အမူးသမားကောင်လေးတွေမှတ်လို့။ ရယ်မနေနဲ့လေ။ မဟိုဒင်းကြီး ပြော၊ ဒီနှစ် ဘာကိစ္စ တော်က နတ်မကရတာတုံး။
“ မကနိုင်ဘူး၊ ပိုက်ဆံမရှိဘူး”
အမယ်လေး အင်းပိုင်တွေ၊ ကွင်းပိုင်တွေကများ မညည်းနဲ့၊ နိမိတ်မရှိဘူး။
“ အဟုတ်ပြောတာ၊ ရှိလို့ကတော့ ကျုပ်အကြောင်း တော်သိသား။ ငယ်တုန်းက နှစ်ပွဲဆက်တောင် ကခဲ့သေးတာ”
“ ဒါဖြင့် နောက်နှစ်၊ နောက်နှစ် ကမှာလား ပြော”
“ အဆင်ပြေရင်ပေါ့၊ အဆင်ပြေရင် ကမှာပေါ့”
“ ပြောပြန်ပြီ၊ နိမိတ်မရှိ နမာမရှိ။ ပြော ကမှာလား”
“ အေးပါ ကပါ့မယ်၊ ကပါ့မယ် ကဲ”
လာခဲ့ ရိုက်၊ လက်ဝါးချင်း။
သေချာသွားပြီ၊ နောက်နှစ်အတွက် တစ်ပွဲ။ ဒီလိုတွေကလည်း လုပ်ရတယ်လေ။ ပွဲများမှ ပိုက်ဆံရမှာ။ အိုစာ မင်းစာလေး စုရ၊ ဆောင်းရမှာ။ အသက်ကြီးပြီ။ နောက် လေးငါးနှစ်ဆို ဒီတောပွဲတွေ ဘယ်လျှောက်လာနိုင်တော့မတုံး။ ကိုယ်သေရင်လည်း ကုသိုလ်ရိက္ခာ ထုပ်ကလေးက ပါသွားဦးမှ။ ငရဲအိုးနှုတ်ခမ်း ပတ်ပြေးနေရတဲ့ နတ်ကတော် ဘ၀။ သတ်စေ အမိန့်ချခဲ့ရတဲ့ ကြက်တွေ၊ ငါးတွေလည်း နည်းရော့လား။ ပြောချင်တာတွေလည်း လျှောက်ပြော။ ညကျမှ ပုတီးကြီး တဂျောက်ဂျောက်လုပ်နေလို့ကလည်း တယ်မဟုတ်သေးဘူး။ ဇာတိရွာလေးမှာ ကျောင်းလေးတစ်ဆောင် ဆောက်လှူပြီး ၀ိပဿနာနဲ့ အရိုးထုတ်ချင်တယ်။ တကယ် တကယ် ဘုရားစူးရပါစေရဲ့။ လင်စိတ် သားစိတ်လည်း ကုန်ပါပြီ။
အို… ဟဲ့… ဟဲ့ ဒီနတ်တွေက ဘာတုံး။ အမူးသမားနတ်တွေ၊ ထွက်ထွက်။ အကုန်ဆွဲထုတ်ဟေ့။ ဖေကြီးကျော်တောင် မသောက်ရသေးဘူး၊ နင်တို့က မူးလို့ဖြစ်မလား။ ဟဲ့ အမယ်ကြီးအိုမ၊ စားတော်စာတွေ မြန်မြန်ပြင်၊ ဒေါင်းတောင်ယူခဲ့။ သူတို့နတ်တွေ ကုန်အောင် စောင်နေလို့ကတော့ ငါတို့ ကလိုက်ရမှာ မဟုတ်ဘူး။ ဒီမှာ ပုပ္ပားမယ်တော်က ယမုံနာနဲ့ ငါးဖမ်းပိုက် ကူဆွဲပေးရင်း အင်းသူကြီးဆီက တောင်ပြုံးတစ်ပွဲစာ၊ ပုဆိုးတစ်အုပ် ကြော်ရ လှော်ရဦးမယ်ဟဲ့။
[ မဟော်သဓာ၊ ဒီဇင်ဘာ ၂၀၀၅ ]

No comments: