Monday, February 23, 2009

MWTV အထွေထွေအစည်းအဝေး (၂၀၀၉) ကျင်းပပြီးစီးခြင်း

ကိုဝိုင်း(မိုးညှင်း)
ဖေဖေါ်ဝါရီ ၂၃ ၊ ဆောအူးလ်မြို့ ။

ယမန်နေ့က ရွှေ့ပြောင်းအလုပ်သမားများအသံလွင့်ဌာန(MWTV)၏ အထွေထွေအစည်းအဝေးနှင့် အထွေထွေရွေးကောက်တင်မြှောက်ပွဲ(၂၀၀၉) ကို ၊ ဌာနချုပ်တည်ရှိရာ Seoul, Yongsan Gu, Yongsan Dong, 2 ga,No 1-206 ရှိ စီစီအက်စ် အဆောက်အဦး တတိယထပ်တွင်ကျင်းပခဲ့ရာ ၊ အခမ်းအနားသို့အသင်းသူအသင်းသား ၃၃ဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း အင်အား ၅၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်းသိရသည် ။

အခမ်းအနားကို နေ့လည် ၂နာရီ ၃၀မိနစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၊ အစီအစဉ်အရ ၂၀၀၈ခုနှစ် လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း ၊ ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း ၊ ရေးရာကော်မတီအလိုက်ဆောင်ရွက်မှုများအစီရင်ခံခြင်း ၊ သင်းဖွဲ့စည်းမျဉ်းပြင်ဆင်ချက်များတင်သွင်းခြင်း ၊ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း ၊ ၂၀၀၉ခုနှစ် အထွေထွေ ရွေးကောက်တင်မြောက်ခြင်းများ ၊ ၂၀၀၉ခုနှစ် လုပ်ငန်းစီမံချက်တင်သွင်းခြင်းနှင့် စီမံချက်အပေါ် ညှိနှိုင်းဆွေးနွေးခြင်း ၊ ၂၀၀၉ခုနှစ် ဘဏ္ဍာရေး လျာထားချက် တင်သွင်းခြင်းနှင့်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် ညနေ၇နာရီခွဲအချိန်တွင် အထွေထွေအစည်းအဝေးကို ညစာစားပွဲအစီအစဉ်ဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည် ။
ရွှေ့ပြောင်းအလုပ်သမားအသံလွင့်ဌာနတွင် (공동대표) ပူးတွဲ ကိုယ်စားပြု ကိုယ်စားလှယ် ၂ ဦးရှိရာ ၊ တစ်ဦးမှာ ကိုရီးယားနိုင်ငံသားဖြစ်ပြီး တစ်ဦးမှာ ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ၊ ယခု၂၀၀၉ ခုနှစ် အတွက် ကိုယ်စားပြုကိုယ်စားလှယ်များအဖြစ် မစ္စတာ လီဗြောင်းဟန်(ကိုရီးယား) နှင့် ကိုစိုးမိုးသူ (မြန်မာ)တို့ က ရွေးကောက်တင်မြောက်ခံခဲ့ကြရကြောင်းသိရသည် ။
ကိုရီးယား၏ လက်ရှိ လီမြောင်ဘတ်အစိုးရသည် ၊ အင်ဂျီအိုလှုပ်ရှားမှုများအား အထူး နှိပ်ကွပ်နေသဖြင့် ၊ ရွှေ့ပြောင်း အလုပ်သမား အသံလွင့်ဌာနအနေဖြင့် ယခင်ထုတ်လွင့်ခဲ့သော တီဗီအစီအစဉ်ကို မထုတ်လွင့် နိုင်တော့ သော်လည်း ၂၀၀၉ခုနှစ်အတွင်း ၊ အင်တာနက် ရုပ်-သံ အစီအစဉ် ၊ အင်တာနက် ရေဒီယို အစီအစဉ်နှင့် ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် မီဒီယာအတတ် သင်တန်းများ အစီအစဉ်တို့ကို အထူးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။
အင်တာနက် ရုပ်-သံနှင့် ရေဒီယိုအစီအစဉ်များတွင် ကိုရီးယား ၊ အင်္ဂလိပ် နှင့် မြန်မာအပါအဝင် ဘာသာစကား ၁၀ မျိုးဖြင့် ထုတ်လွင့်သွားမှာဖြစ်ကြောင်း ၊ မီဒီယာသင်တန်းတက်ရောက်လိုသူများ သင်တန်းဖွင့်လှစ်မည့်သတင်းကို အင်တာနက်စာမျက်နှာ www.mwtv.kr တွင် လေ့လာ ကြည့်ရှုနိုင်သည် ဟုဆိုသည် ။

မှတ်တမ်းဓါတ်ပုံများ (ဒီမှာနှိပ်)

No comments: