ရေးသားသူ — မောင်စွမ်းရည်
မိုးမခ မှ တဆင့် ပြန်လည်ဖော်ပြပါသည်။ (မတ် ၂၅၊ ၂၀၀၉)
[ကဗျာနေ့အတွက် ကဗျာမရေးဖြစ်ပါဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအတွက် နေ့စဉ်နဲ့အမျှ စိတ်လေး၊ စိတ်ရှုပ်နေမိလို့ပါပဲ။ ကွန်ပျူတာ ခေတ်ကြီးဆိုတော့ အင်တာနက်ပေါ်မှာ တယောက်တပေါက် ပြောကြတာတွေကလဲ ကွန်ပျူတာကို ဖွင့်မကြည့်ရဲလောက်အောင်ပဲ တံတွေးစဉ်မှာ စိုးလို့ပါ။]
ကဗျာနေ့အတွက် ကျနော်ပေးချင်တဲ့ မင်္ဂလာသတင်းကတော့ ကိုးရီးယား(တောင်)မှာ ကိုးရီးယား-မြန်မာ ကဗျာစာအုပ် ဒီဇင်ဘာထဲက ပုံနှိပ်ထုတ်ပေးလိုက်တဲ့ သတင်းပါပဲ။ ကျနော့်ဆီမကြာခင်က ပို့လိုက်ပါတယ်။
ကိုးရီးယားဘာသာနဲ့ ထုတ်ဝေတာဆိုတော့ ကျနော်တို့ မြန်မာတွေဖတ်တတ်မှာ မဟုတ်ဘူး။ ကျနော်လဲ မဖတ်တတ်ဘူး။ ဒါ့ကြောင့် ဒီစာအုပ်အကြောင်းကို အသေးစိတ်တော့ သတင်းပေးနိုင်မယ် မဟုတ်ပါဘူး။ အဖုံးမှာ အင်္ဂလိပ်လို စာတန်းလေး တခုပါတယ်။ Korea-Burma Anthology တဲ့။ ဗမာလို ပြောရမယ်ဆိုရင် 'ကိုးရီးယား-ဗမာ အန္တာလောဂ'လို့ ဖြစ်မယ် ထင်ပါတယ်။ ဒီစာအုပ်အကြောင်းကို သတင်းတပုဒ်ရေးပေးပါလို့ ကိုရီးယားက ဗမာတွေဆီကို တောင်းခံထားပေမဲ့ ခုထက်ထိမရသေး ပါဘူး။ ဒါ့ကြောင့် ကိုယ်ဘာသာပဲ ရေးလိုက်ရပါတယ်။ သတင်းပေးရုံပါ။
ဒီစာအုပ်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းက ဒီလိုပါ။ ကိုးရီးယားမှာနေတဲ့ ကိုဇော်မိုးအောင်က ကျနော်နဲ့ ဆက်သွယ်ပြီး စာကြောင်းပေကြောင်း လေးတွေ ပြောနေတာ ၂နှစ်လောက်ကြာပြီ။ သူက ကိုးရီးယား-ဗမာ မိတ်ဆွေဖြစ် အသင်းကလို့ပဲ ကျနော်နားလည်ထားပါတယ်။
မြန်ာသတင်းစာတခုလည်း ထုတ်တယ်။ သူတို့ဆီမှာ ဝင်းပေါ်မောင်၊ တာရာမင်းခိုက်၊ ရန်နိုင်ထွန်း ဆိုတဲ့ ကလောင်သမားသုံးယောက် ရှိနေတာကိုလဲ ကျနော်သိနေတာကြာပြီ။ လူချင်းမတွေ့ပေမဲ့ သူတို့စာ၊ သူတို့အသံတွေကို ရင်းနှီးနေခဲ့ပါပြီ။ ပြည်ပမှာ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေမှာလဲ သူတို့တတွေ၊ သူတို့သတင်းတွေ အမြဲပါနေပါတယ်။ သူတို့ဆီမှာ မိတ်ဆွေဖြစ် အသင့်ရှိသလို၊ နိုင်ငံရေးအဖွဲ့အစည်းတွေလဲ ရှိပါတယ်။ တော်တော်လှုပ်လှုပ်ရှားရှား လုပ်နေကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုလိုဟာမျိုးအတွက် ဆုချီးမြှင့်ခံရတဲ့ ဗမာတယောက်လဲ ရှိနေပါတယ်။ (ကျနော်က မှတ်ဉာဏ် မကောင်းလို့ နာမည်တွေ မေ့နေပါတယ်။)
ကိုဇော်မိုးအောင်က တဆင့် ကျနော့်ကို ၂ဝဝ၈ ခုနှစ် နှစ်ဦးမှာ ထင်တယ်၊ သူတို့ဆီက စာရေးဆရာများက ကျနော့်ကို ဖိတ်ခေါ်ပေးပါဆိုလို့ တဲ့၊ လှမ်းဖိတ်ကြားဖူပါတယ်။ ခရီးသွားလက်မှတ် အချိန်မီမရတာကြောင့် မသွားလိုက်ရဖူး။ အဲဒီအချိန်မှာ ဂျပန်ကိုရောက်နေတဲ့ ကျနော့်မိတ်ဆွေ ကဗျာဆရာ စိုးချိန်ကို ဖိတ်ချင်တယ်။ ကောင်းမလားလို့ မေးပါတယ်။ ကျနော်က ဖိတ်ဖို့ သဘောမတူစရာအကြောင်း မရှိပါဘူးလို့ အကြောင်းပြန်လို့ သူတို့ဖိတ်လိုက်တာ အဆင်ပြေသွားခဲ့ပါတယ်။
သူတို့ဆီကနေပြီး မြန်မာပြည်ထဲက စာရေးဆရာတယောက်ယောက်လည်း နှစ်စဉ် ဖိတ်ကြားတယ်။ အဲဒါကတော့ လေ့လာရေးအတွက် ဖိတ်ကြားတာဆိုရင် ပိုကြာပါတယ်။ ၆ လလောက်ကြာ နေရပါတယ်။ ဂျူးနဲ့ နုနုရည်(အင်းဝ) တို့ကို တစ်နှစ်စီဖိတ်ပြီး သွားခဲ့ပါပြီ။ တက္ကသိုလ်တခုခုက ဖိတ်တာလို့ ထင်ပါတယ်။
ကျနော် ၂ဝဝ၃ ခုနှစ် နိုဝင်ဘာထဲက အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာစာရေးဆရာများ စာရေးသားမှု အစီအစဉ် တခုကို သုံးလကြာတက်ဖူးတယ်။ မြန်မာစာရေးဆရာ ၁ဝ ဦး လောက်ရှိပါပြီ။ နှစ်စဉ်ဖိတ်တာပါ။ ဝင်းဖေ၊ ချစ်ဦးညို၊ နုနုရည်(အင်းဝ)၊ ခက်မာ၊ ကျော်ဝင်း၊ မိုးဟိန်း (သားဂျာနယ်ကျော်) မောင်သာနိုး စတဲ့ စာရေးဆရာတွေ ရောက်ဖူးကြပါတယ်။ ကျနော် ပါဝင်ဆင်နွဲခဲ့ရတဲ့ အပတ်မှာ တောင်ကိုးရီးယားက စာရေးဆရာတွေနဲ့ အထူးရင်းနှီးခဲ့ပါတယ်။ သူတို့က ကင်မရာတွေ၊ ကွန်ပျူတာတွေ ကိုယ်စီနဲ့ ပါ။ တယောက်က ဆိုရင် သုံးလလောက်နေတာကိုပဲ စက်ဘီးတစ်စီးဝယ်စီးပြီး သူပြန်တော့ ထားခဲ့ပါတယ်။ ကျနော်တို့ ဗမာတွေကတော့ ကင်မရာတောင် မပါနိုင်ကြရှာပါဘူး။
အိုအိုဝါမှာ ကြုံရတုန်းက ကိုးရီးယားဝတ္ထုတိုများနဲ့ ကိုးရီးယားကဗျာတချို့ကို ဖတ်ခွင့်ကြုံခဲ့ပါတယ်။ ကိုးရီးယားကဗျာ ဆရာတယောက်ကတော့ အိုင်အိုဝါကို ရောက်လာကြတဲ့ နိုင်ငံတကာ ကဗျာဆရာများဆီက ကဗျာတပုဒ်စီတောင်းသွားပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ပြီးသား တပုဒ်စီယူသွားပြီး ဟိုကျတော့ ကိုးရီးယားဘာသာနဲ့ Poem Café 3 'ကဗျာကဖေး ၃' ဆိုတဲ့ စာအုပ်တအုပ် ထုတ်တဲ့အခါ ကျတော့ကဗျာတိုလေးတပုဒ်လဲ ပါသွားခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ထုတ်ဖြစ်ခဲ့တာပါ။
ကိုးရီးယားက ကိုဇော်မိုးအောင်က မနှစ်က (၂ဝဝ၈) ကျနော့်ကို ဖိတ်ကြားတဲ့အခါ ကျတော့် အတ္ထုပ္ပတ္ဈိအကျဉ်းနဲ့ ကဗျာဘာသာပြန်ပြီး (အင်္ဂလိပ်လို) လေး ငါး ဆယ်ပုဒ်လဲ ပို့ပေးဖို့တောင်းပါတယ်။ မြန်မာခေတ်ပေါ်ကဗျာသမိုင်း အကျဉ်းလဲ လိုချင်ပါတယ်တဲ့။ ဒါနဲ့ ကိုသာနိုးရေးထားတာ ရှာပေးလိုက်ပါတယ်။ အဲဒါပေးပြီးတော့ နောက်ထပ် တဆင့် တက်လာပြန်ပါတယ်။ သူတို့တတွေ မြန်မာကဗျာစာအုပ်တအုပ် ထုတ်ချင်တယ်လို့ သူ့မိတ်ဆွေ ကိုးရီးယား ကဗျာဆရာတွေက တောင်းသတဲ့။
ဒါနဲ့ ပြည်တွင်းက မောင်စိမ်းနီနဲ့ မင်းသစ်တို့ဆီကို လှမ်းတောင်းတော့ မြန်မာလိုပဲ ရနိုင်လို့ အခက်ကြုံတာနဲ့ ကျနော်က အင်္ဂလိပ်လို ဘာသာပြန်ပေးနိုင်မလားတဲ့။ ကျနော်က အမေရိကားမှာ မြန်မာတွေကြားမှာပဲ နေတာဆိုတော့ အင်္ဂလိပ်စကား တိုးတက်မှုမရှိဘူး။ မပြန်နိုင်ဘူး။ မင်းသစ်နဲ့ ကိုသာနိုးတို့က သားအဖလို ရင်းနှီးတယ်။ စစ်ကိုင်းသားတွေချင်းပဲ။ မင်းသစ်က တဆင့် တောင်းပါလို့ ပြောလိုက်တယ်။
တကယ်တော့ ကိုသာနိုး အိုင်အိုဝါတက္ကသိုလ်ရောက်တုန်းက မြန်မာကဗျာ ဘာသာပြန်တအုပ် ထားခဲ့တာရှိပါတယ်။ အိုအိုဝါတက္ကသိုလ်က ထုတ်မယ်ရှိပေမဲ့ ခုထက်ထိ မထုတ်သေးပါဘူး။ ဒါပေမဲ့ အဲဒီဘာသာပြန်တွေထဲမှာ ကွယ်လွန်သူ စာဆိုတွေ မပါဘူး။ ဥပမာ - မှိုင်း၊ ဇော်၊ နုယဉ်၊ ငွေတာရီ စတဲ့ ကဗျာဆရာတွေ မပါဘူး။ အဲဒီအကြောင်းကိုပဲ ကိုဇော်မိုးအောင်ကို ပြောပြဖူးတယ်။ ကိုဇော်မိုးအောင်က အဲဒါကိုပဲ ထပ်ဖြည့်တောင်းပေးပါ။ စာဆိုတဦးချင်းရဲ့ အတ္ထုပ္ပတ္တိ ဘိုင်အိုလေးတွေလဲ တောင်းပေးပါ။ မြန်မာဘာသာနဲ့မူရင်းတခုစီလဲ တောင်းပေးပါလို့ တဆင့်ပြီးတဆင့် တိုးပြီး ပူဆာလာပါတယ်။
ကျနော်က ဆရာကြီးမှိုင်း၊ ဆရာဇော်ဂျီစတဲ့ မပါသေးတဲ့ ကဗျာတွေရဲ့ ဘာသာပြန်ကို တောင်းပေးမယ်။ တဦးချင်းအတ္ထုပ္ပတ္တိတောင်းရင် ကြာမယ်။ မွေးသက္ကရာဇ်နဲ့ သေဆုံးသူဆိုရင် သေသက္ကရာဇ် တောင်းပေးမယ်။ မြန်မာလို မတောင်းနဲ့တော့၊ အင်္ဂလိပ်လိုပဲ သူတို့ ဘာသာပြန်ပါစေလို့ အဖြေပေးပြီး၊ ဒါပဲလုပ်တော့လို့ အဆုံးအဖြတ် ပေးလိုက်တယ်။ ပြီးပြီ။
မဟုတ်သေးဘူးတဲ့။ ဆရာ့အမှာစာတဲ့။ မလိုဘူး-ကိုသာနိုးရဲ့ ခေတ်ပေါ်ကဗျာမိတ်ဆက်ပဲ သုံးပါလို့ ပြောလိုက်တယ်။ ကဗျာဘာသာပြန်အားလုံးလဲ ပို့ပေးလိုက်တယ်။ သူတို့ဆီက တာရာမင်းခိုက်နဲ့ ရန်နိုင်ထွန်းတို့ ကဗျာတပုဒ်စီလဲ ထည့်မယ့်တဲ့။ ထည့်ပေါ့။ ပြီးပြီပေါ့။
ဒါလဲ မဟုတ်သေးဘူးတဲ့။ မောင်စွမ်းရည်ရဲ့ အမှာစာတခု ပေးပါတဲ့။ ဒါနဲ့ မိတ်ဆွေဖြစ် အမှာစာတိုလေး တမျက်နှာလောက် အင်္ဂလိပ်လို ရေးပေးလိုက်တယ်။ [အင်္ဂလိပ်စာမှာ မချောတာရှိရင်လဲ ပြင်ပါလို့- မှာလိုက်တယ်။] သူတို့က ကိုးရီးယားလိုဘာသာပြန်လိုက်ပါတယ်။ အမှာစာလဲ ပို့ပေးပြီးရော ချက်ချင်းပဲ စာအုပ်ထွက်လာပြီး ကျနော့်ဆီသုံးအုပ် ပို့လိုက်ပါတယ်။
ကိုသာနိုးဆီကို သူတို့ ပို့ဖြစ်သလား မသိ။ ဘာပဲဖြစ်ဖြစ် မိတ်ဖြစ်ဆွေဖြစ် ကိုးရီးယး-ဗမာ ကဗျာစု တအုပ်တော့ ထွက်ဖြစ်သွားခဲ့ပါပြီ။ မိတ်ဆွေဖြစ်သမိုင်း ဝင်သွားခဲ့ပါပြီ။ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ကြပါလောတော့။
ဒီစာအုပ်မှာ မြန်မာကဗျာ ဆရာ ၃၃ ဦးရဲ့ ကဗျာ ၃၄ ပုဒ်ပါရှိပါတယ်။ ကိုးရီးယား ကဗျာ ၃ဝ ပါရှိပါတယ်။ စာဆို တဦးစီမှာ မွေးနှစ်-သေနှစ် (သေရှင်) ပါရှိပါတယ်။
မြန်မာကဗျာဆရာများကတော့ သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး၊ မောင်သင်းခိုင်၊ ဇော် ပျဉ်းမနား၊ အိုအောင်၊ မောင်ချောနွယ်၊ အောင်ခြိမ့်၊ သုခမိန်လှိုင်၊ ခင်အောင်အေး၊ မောင်ပြည့်မင်း၊ အောင်ဘညို၊ မောင်အောင်ပွင့်၊ ကိုငြိမ်း၊ မောင်သင်းပန်၊ ပိုင်စိုးဝေ၊ ဝင်းမြင့်၊ မိုးဇော်၊ စိတျ၊ နှင်းခါးမိုး၊ လှိုင်းထက်၊ အောင်နှင်းသစ်၊ ဇော်ထိန်၊ နုယဉ်၊ ငွေတာရီ၊ ကြည်အောင်၊ ကြည်မောင်သန်း၊ တာရာမင်းခိုက်၊ ရန်နိုင်ထွန်းတို့ ကဗျာတွေ ဖြစ်ပါတယ်။ ကြည်အောင်က နှစ်ပုဒ်ပါသွားတော့ ၃၃ ယောက်၊ ၃၄ ပုဒ် ဖြစ်ပါတယ်။ ကိုးရီးယားကဗျာက ၃ဝ ဖြစ်ပါတယ်။ အားလုံးစာမျက်နှာ ၁၄၄ မျက်နှာ ပါရှိပါတယ်။
ဒီကဗျာတွေရဖို့အတွက် ဗမာပိုင်းမှာတော့ အားလုံး ကိုသာနိုးရဲ့ အင်္ဂလိပ်လိုဘာသာပြန်က ယူပါတယ်။ တာရာမင်းခိုက်နဲ့ ရန်နိုင်ထွန်းနှစ်ပုဒ်က လွဲရင်ပေါ့။ ဒါကြောင့် အဓိကကျေးဇူးရှင်ကတော့ ကိုသာနိုးပါပဲ။ သူရေးထားတဲ့ ကဗျာမိတ်ဆက်ကလဲ အဖိုးတန်ပါတယ်။ ဒုတိယ ကျေးဇူးတင်ရမှာက ကိုဇော်မိုးအောင်ပါ။ တတိယ ကျေးဇူးတင်ရမှာက ကိုးရီးယားကဗျာဆရာတွေပါ။ ကျနော်ကတော့ ကြားပွဲစား အလုပ်ပဲ လုပ်ခဲ့ရတာပါ။
ကိုးရီးယား-ဗမာ ချစ်ကြည်ရေး အခွန့်ရှည်ပါစေသတည်း။
၂ဝဝ၉၊ မတ် ၁၉။
Thursday, March 26, 2009
ကဗျာနေ့အတွက် မင်္ဂလာသတင်း
Subscribe to:
Post Comments (Atom)
1 comment:
သူကြီးရေ...
အဲဒီ စာအုပ်ကလေး ရရင် ပြောပါဦး..။ တစ်အုပ်လောက်...။ ကဗျာနေ့အမှတ်တရ ၀မ်းသာစရာ သတင်းပါပဲ...။
Post a Comment