လူတယောက် ဖြစ်လာသည်နှင့် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်များက တပါတည်း ပြဋ္ဌာန်းပြီးသား ဖြစ်ပါသည်။
ပထမဆုံးနှင့် နောက်ဆုံးအချိန်အထိ လုပ်နေရသည့် တာဝန်က `မိမိအသက်ကို မွေးရခြင်း´ ဖြစ်သည်။
ဒုတိယ လုပ်နေရသည့် တာဝန်က မိမိဘ၀နှင့် လျော်ညီသော `အလုပ်ဝတ္တရား´ ဖြစ်ပါသည်။ မြန်မာတို့ ရင်းနှီးနားလည်ပြီး ဖြစ်သည့် သိင်္ဂါလောဝါဒသုတ်လာ သားသမီးဝတ်, မိဘ၀တ်, တပည့်ဝတ်, ဆရာဝတ်, မိတ်ဆွေဝတ် စသည်တို့ကို အခြေခံ အလုပ်ဝတ္တရားများဟု မှတ်ယူနိုင်ပါသည်။ ထို့ပြင် အသက်မွေးမှု အရ ဖြစ်စေ ယုံကြည်မှုအရ ဖြစ်စေ ထမ်းဆောင်နေရသော အလုပ်ဝတ္တရားများလည်း ရှိပါသေးသည်။ လူတယောက်သည် တချိန်တည်း၌ အလုပ်ဝတ္တရား တခုထက်မကကို ထမ်းဆောင်နေရသည့် တာဝန် ရှိနေမြဲ ဖြစ်သည်။
ထို့ထက်ပို၍ မိမိကိုယ်ကိုယ် ကိုယ်တိုင် ပြဋ္ဌာန်းထားသော `အလုပ်တာဝန်´များ ရှိနိုင်ပါသေးသည်။ ထိုတာဝန်မှာ ကိုယ့်ကိုယ်ကိုယ် ပြဋ္ဌာန်းရသည် ဖြစ်၍ လူတိုင်းတွင် ရှိနိုင်မည် မဟုတ်ပါ။ ရှိသည့်အထဲတွင်လည်း မိမိအကျိုးကို ရှေ့ရှုသော ပြဋ္ဌာန်းချက်မျိုးက များပါလိမ့်မည်။ သို့သော် မိမိအတွက် သာမက အများအတွက်ပါ အကျိုးဖြစ်စေသည့် ပြဋ္ဌာန်းချက်မျိုးလည်း ရှိကြပါသည်။ မည်သို့ပင်ဖြစ်စေ မိမိကိုယ်ကိုယ် တာဝန်တခုခု ပြဋ္ဌာန်း၍ လုပ်ဆောင်နေခြင်းမှာ လိုလား အားပေးအပ်သော အခြင်းအရာတခု ဖြစ်ပါသည်။
ဝတ္တရား သို့မဟုတ် တာဝန်တခုခုသည် အခွင့်အလမ်း နှင့် ပြစ်ဒဏ်ဟူသည့် ဆန့်ကျင်ဘက် သဘောနှစ်ခုနှင့် ဆက်စပ်နေပါသည်။ ဥပမာ ဆိုပါစို့။ ကျောင်းသားတယောက် ဖြစ်လာလျှင် ကျောင်းစာ ကျက်မှတ် လေ့လာရမည့် တာဝန်, စာမေးပွဲ ဖြေရမည့် တာဝန် ရှိသည်။ တဖက်တွင် စာမေးပွဲအောင်လျှင် အလုပ်ဝင်ခွင့်ရမည်… စသည့် အခွင့်အလမ်း ရှိနေသည်။ အခြားတဖက်တွင် စာမေးပွဲ ကျလျှင် နောက်တနှစ် ပြန်တက်ရမည်… စသည့် ပြစ်ဒဏ် ရှိနေသည်။
အခွင့်အလမ်း နှင့် ပြစ်ဒဏ် သို့မဟုတ် အရေးယူခံရမှုသည် `တာဝန်ကျေပွန်မှု´ နှင့် တိုက်ရိုက် အချိုးကျနေကြောင်း စဉ်းစား သိမြင်နိုင်ပါသည်။
ဤ ဥပမာက မြင်သာထင်သာသော ကိစ္စ ဖြစ်ပါသည်။ လောကအတွင်း၌ မြင်သာထင်သာသော ကိစ္စများသာမက မမြင်သာ မထင်သာသော ကိစ္စများဖြင့်လည်း ပြွန်းတီးနေပါသည်။ ကိုယ်ကျိုးစီးပွားကို ရှေ့ရှုသော ကိစ္စများက မြင်သာထင်သာ ရှိနိုင်ပြီး၊ ကိုယ်ကျိုးစီးပွားကို ရှေ့မရှုသော ကိစ္စများက မမြင်သာ မထင်သာ ရှိနိုင်သည်ဟု ယေဘုယျ မှတ်ယူနိုင်ပါသည်။
ထို့ကြောင့် အခွင့်အလမ်း နှင့် ပြစ်ဒဏ်ကို မြင်လွယ်ထင်လွယ်လည်း ဖြစ်၊ ကိုယ်ကျိုးစီးပွားကိုလည်း ရှေ့ရှုသော မိမိကိုယ်ကိုယ် တာဝန် ပြဋ္ဌာန်းမှုမျိုးက လွှမ်းမိုးနေသည်မှာ နိယာမသဘောပင် ဖြစ်ပါသည်။
ထိုနည်းတူ အခွင့်အလမ်း နှင့် ပြစ်ဒဏ်ကို အလွယ်တကူ မမြင်နိုင်သော လူမှုရေး, နိုင်ငံရေး, ဘာသာရေး, ယဉ်ကျေးမှု စသည့် အများနှင့် စပ်ဆိုင်သော ကိစ္စများတွင် မိမိကိုယ်ကိုယ် တာဝန်တခု ပြဋ္ဌာန်း၍ ပါဝင် လုပ်ဆောင်သူ နည်းပါးတတ်သည်မှာလည်း နိယာမ သဘောဟုပင် ဆိုရပါလိမ့်မည်။
စင်စစ် အများနှင့် သက်ဆိုင်သော အရေးအရာများတွင် တာဝန်ပြဋ္ဌာန်း၍ လုပ်ဆောင်နေသူတို့ အတွက် ရရှိအပ်သော အခွင့်အလမ်း နှင့် ပြစ်ဒဏ်မှာ လေးနက် ကျယ်ပြန့်စွာ ရှိနေပါသည်။ အင်အားကြီးမားစွာ တည်ရှိနေပါသည်။ ထိုအရာများက ဘာတွေလဲ ဆိုသည်ကို စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်စေ လိုပါသည်။
ဤ၌ အခွင့်အလမ်း နှင့် ပြစ်ဒဏ်ကို `ရရှိသူ´ဘက်မှ မစဉ်းစားဘဲ၊ `ပေးသူ´ဘက်မှ စဉ်းစားကြည့်လိုပါသည်။ ဆိုလိုသည်မှာ မိမိပတ်ဝန်းကျင် အသိုင်းအ၀န်းအတွင်း အများအကျိုးကို ကိုယ့်အသိစိတ်ဖြင့် ဆောင်ရွက်နေသူ တဦးအား ကိုယ်က မည်သို့ သဘောထားမလဲ ဆိုသည့် ရှုထောင့် ဖြစ်ပါသည်။
ပတ်ဝန်းကျင်၌ မကြာခဏ ကြားရတတ်သည့် စကားလုံးများဖြင့် တုံ့ပြန်ပုံများကို စီကြည့်ပါမည်။ စာဖတ်သူ ပြောလေ့ရှိသည့် စကားမျိုးက အမှတ်စဉ် ဘယ်လောက်လဲဟု တိုက်ဆိုင် မှတ်သားကြည့်ပါ။
(က) ကိုယ့်ဟာကိုယ် အေးအေး မနေနိုင်တဲ့သူပါကွာ
(ခ) ဘာတွေ ခွင်ရှိလို့ လုပ်နေလဲမှ မသိတာ
(ဂ) ဒါတွေ လုပ်တော့ကော ဘာဖြစ်လာမှာမို့လဲ
(ဃ) လုပ်တော့လုပ်ပေါ့ကွာ၊ ကိုယ့်ကိစ္စလည်း မမေ့နဲ့
(င) ဘာတွေ လုပ်ကြတာလဲ၊ ပြောစမ်းပါဦး
(စ) ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ပေါ့၊ ပြောစရာ မရှိပါဘူး
(ဆ) ကောင်းတယ် ကောင်းတယ်
(ဇ) ဆက်လုပ်ပါဗျာ၊ အားပေးတယ်
(ဈ) တကယ် လုပ်သင့်တာတွေပါ၊ ဒီထက်ပို လုပ်နိုင်ပါစေ
(ည) ၀မ်းသာတယ်ဗျာ၊ ကျနော်လည်း တတ်နိုင်တာဆို ၀င်ကူပါ့မယ်
ဒီ ဆယ်ခွန်းထဲမှာ တခွန်းခွန်းကတော့ စာဖတ်သူနှင့် နီးစပ်မည် ထင်ပါသည်။ စာဖတ်သူက တခုခုကို ပြောလေ့ရှိသူ ဆိုပါစို့။ ကျန်တာတွေကို ဘာကြောင့် မပြောသလဲဟု ဆက်စဉ်းစားကြည့်စေလိုပါသည်။
အကယ်၍ လုပ်ဆောင်နေသူ တဦးက အမှားအယွင်း တခုခု လုပ်လိုက်သည် ဆိုပါစို့။ ပတ်ဝန်းကျင်တွင် မကြာခဏ ကြားရတတ်သည့် ပြစ်တင်စကားများဖြင့် စီကြည့်ပါမည်။ စာဖတ်သူကော အဲသလို ပြောလေ့ရှိသလားဟု တိုက်ဆိုင် စဉ်းစားကြည့်ပါ။
(က) နောက် အဲဒီကောင်တွေ ဘာမှ ဆက်မလုပ်စေနဲ့
(ခ) အလကားကောင်တွေ၊ အသုံးမှ မကျဘဲ
(ဂ) တနေ့ ဒီလိုဖြစ်မယ်လို့ အစကတည်းက ထင်သားပဲ
(ဃ) တော်ပါကွာ၊ ဒီပုံနဲ့များ လုပ်ချင်လိုက်တာ တယားယား
(င) သြော် ဖြစ်ကုန်ကြပြီလား
(စ) လုပ်တဲ့လူ တာဝန်ယူ၊ ကိုယ်ဖြစ်ကိုယ်ခံပဲဟေ့
(ဆ) ဒီလူတွေနဲ့တော့ ဆက်လုပ်လို့ မဖြစ်ဘူး၊ ပြောင်းရမှာပဲ
(ဇ) သင်ခန်းစာယူပြီး၊ ပြင်ဆင်လုပ်ကိုင်သင့်တယ်
(ဈ) သေချာ အဖြေရှာပြီး၊ ရှေ့ဆက်လုပ်ဖို့ ကြိုးစားကြပါ
(ည) ပြီးတာတွေ ထားလိုက်ပါတော့၊ ဒီလိုပဲပေါ့
ရှေ့နည်းတူ ဒီဆယ်ခွန်းထဲမှာလည်း တခွန်းခွန်းတော့ စာဖတ်သူနှင့် နီးစပ်မည် ထင်ပါသည်။ စာဖတ်သူက တခုခုကို ပြောမိတတ်သည် ဆိုပါစို့။ ကျန်တာတွေကို ဘာကြောင့် မပြောသလဲဟု ဆက်စဉ်းစားကြည့်စေလိုပါသည်။
အနှစ်ချုပ် ပြောလိုသည်မှာ အကြောင်းရပ် တခုခုနှင့် စပ်လျှဉ်း၍ စာဖတ်သူက စကားခွန်း တခုခုကို ပြောလိုက်သည် ဆိုလျှင် ထိုစကားသည် `အခွင့်အလမ်း´ တရပ်ရပ်ကို ဖြစ်စေ၊ `ပြစ်ဒဏ်´ တရပ်ရပ်ကို ဖြစ်စေ ညွှန်းဆိုနေကြောင်း သတိပြုမိစေလိုပါသည်။ တဖန် ထိုစကားအတွင်း၌ စာဖတ်သူ၏ စိတ်စေတနာ နှင့် အတွေးအမြင်တွေ ပါဝင်နေသည်ကို သတိပြုမိစေလိုပါသည်။
လူတယောက်သည် မိမိကိုယ်ကိုယ် တာဝန်ပြဋ္ဌာန်း၍ လောကအကျိုး သယ်ပိုးနေသူ မဟုတ်သည့် တိုင်အောင်၊ ထိုသူတို့အား အခွင့်အလမ်းတွေ ခင်းပေးနိုင်သူ သို့မဟုတ် ပြစ်ဒဏ်တွေ ချမှတ်နိုင်သူ တယောက် ဖြစ်နေသည်ကို ဆင်ခြင် သိရှိရန် လိုအပ်ပါသည်။
မိမိကိုယ်ကိုယ် ဘယ်လိုလူ ဖြစ်အောင် ဆောင်ရွက်မည် ဆိုသည်ကတော့ စာဖတ်သူကိုယ်တိုင် ရွေးချယ်ရန်သာ ဖြစ်ပါသည်။
ဝင်းပေါ်မောင်
Saturday, May 30, 2009
တာဝန်, အခွင့်အလမ်း နှင့် ပြစ်ဒဏ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment