Thursday, June 11, 2009

မုန်းစရာ သူနာပြု

အခုရက်ပိုင်း အချိန်နည်းနည်း အားနေတာနဲ့ ကိုရီးယား အလယ်တန်းကျောင်းသားလေးတွေ ဖတ်တဲ့ စာစီစာကုံးစာအုပ်ကလေး ဖတ်ဖြစ်ပါတယ်။ အလယ်တန်းအဆင့်ဆိုပေမယ့် သူတို့ရဲ့ ခံစားမှုတွေ၊ အတွေးတွေကို လွတ်လွတ်လပ်လပ် ဖြန့်ကျက်နိုင်အောင် မိတ်ဆက်ပေးထားတဲ့ ကိုရီးယားစာရေးဆရာကြီးတွေရဲ့ အနုပညာကို ထိတွေ့မိတဲ့ခဏ ကြက်သီးမွေးညှင်းတောင် ထ မိပါတယ်။ မူရင်း စာရေးဆရာကတော့ ကွယ်လွန်သွားခဲ့တာ ဆယ်စုနှစ်လေးစုနီးပါလောက် ရှိနေပါပြီ။ ဒါပေမယ့် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့် အဲဒီအချိန်မှာ တွေ့ကြုံခံစားခဲ့ရတာတွေဟာ ကျနော်တို့လို ဆင်းရဲတဲ့နိုင်ငံလေးရဲ့ လက်ရှိအနေအထားနဲ့ လာပြီး အံကျ ဖြစ်နေတယ်လေ။ သူနာပြုဆိုပြီး သူ့မူရင်းအတိုင်း ဘာသာပြန်လိုက်ရပေမယ့် သူနာပြုအားလုံးကိုတော့ မဆိုလိုပါ။ ဒါကိုတော့ နားလည်သဘောပေါက်စေချင်ပါတယ်။

ဆရာဂျူရိုဆော့ပ်ဟာ ပြုံးယမ်းဇာတိဖြစ်ပြီး၊ တရုပ်ပြည်၊ ရှန်ဟိုင်း ဟိုဂန်းတက္ကသိုလ်မှာ ဘွဲ့ရခဲ့ပါတယ်။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေး ပြန်လည်ရရှိပြီးတဲ့နောက် ကိုရီးယားနိုင်ငံ နိုင်ငံတကာစာရေးဆရာအသင်းရဲ့ ဥက္ကဌအဖြစ်သာမက၊ ကိုရီးယား စာပေရေးရာဘာသာပြန်အဖွဲ့ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့တဲ့ စာရေးဆရာကြီးတစ်ဦးဖြစ်ပါတယ်။ အခု အက်ဆေးလေးက တိုတိုလေးဆိုပေမယ့် မိမိတို့ရဲ့ အတွေးဖြန့်ကျက်နိုင်စွမ်းပေါ်မူတည်ပြီး ဒီနေ့ ကျနော်တို့ ရှင်သန်နေထိုင်နေကြရတဲ့ ကမ္ဘာလောကနဲ့ လူ့ပါတ်ဝန်းကျင်ရဲ့ အနေအထားကို သုံးသပ်ဆင်ခြင်စရာတွေ တွေ့ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ လူသားယဉ်ကျေးမှုကရော ဘယ်လို ဦးတည်ရွေ့လျှားနေတယ်ဆိုတာ ထိတ်လန့်ဖွယ် သိမြင်လာမှာ ဖြစ်ပါတယ်။ ခံစားကြည့်လိုက်ပါဦးဗျာ။





မုန်းစရာ သူနာပြု



မနေ့က S ဆေးရုံ၊ ကူးစက်ရောဂါခန်းမှာ ကြုံခဲ့တဲ့ အဖြစ်လေးပါ။ A ဆိုတဲ့ ကလေးမလေး၊ ၇နှစ် ၈နှစ် အပြင် ပိုမရှိတဲ့ ချစ်စရာ ကလေးမလေးဟာ ဆုံးသွားတယ်။ ၀မ်းကိုက်ရောဂါနဲ့ အိမ်မှာ တစ်ရက် အသည်းအသန်ဖြစ်၊ အဲဒီနောက်တစ်ရက် ဆေးရုံမှာ အသည်းအသန်ဖြစ်ပြီး၊ အဲဒီနောက်နေ့ညနေမှာတော့ အလောင်းထားတဲ့အခန်းကို မ သွားကြတယ်။ နေ့ ည ၃ ရက် ထိုင်စောင့်ရှောက်ခဲ့တဲ့ အမေလုပ်တဲ့သူခမျာ ကလေး အသက်မရှိတော့တာကို ကြည့်ပြီး၊ ဆုံးသွားတဲ့ ကလေးရဲ့ အဖေကိုခေါ်ပြီး အိမ်ကနေ ပြန်ရောက်လာတယ်။ အဲဒီ အတောအတွင်းမှာ ဆုံးသွားတဲ့ ကလေးကို အလောင်းထားတဲ့အခန်းကို ရွှေ့ပြီးသွားကြပြီလေ။ မိဘတွေက သူနာပြုဆီမှာ အလောင်းထားတဲ့အခန်းကို ပြပေးပါလို့ တောင်းပန်ကြတယ်။

“အလောင်းခန်းက သော့အကုန်ခတ်သွားလို့ ဘာမှမှ မရှိတော့တာ၊ သွားကြည့်စရာ မလိုတော့ဘူး” လို့ သူနာပြုက တုံးတိတိ ဖြတ်ပြောလိုက်တယ်။ ခက်ထန်ပြီး အကြင်နာတရား မရှိတဲ့ လေသံနဲ့ပေါ့။

“မဟုတ်ဘူးလေ…။ ကလေးကို တစ်ယောက်တည်း ထားပြီး အခန်းကို သော့ခတ်လိုက်တာလား” လို့ မေးလိုက်တဲ့ ကလေးအမေရဲ့ စကားသံဟာ တုန်ရီနေတယ်။

“သေသွားတဲ့ကလေး! တစ်ယောက်တည်းထားတော့ ဘာဖြစ်လဲ” လို ထပ်ပြီး တုံးတိတိ ဖြတ်ပြောလိုက်တဲ့ လေသံဟာ ရေခဲတုံးလို အေးစက်စက်နိုင်လှတယ်။

အကြောင်းအရာကတော့ ဒီလောက်လေးပါပဲ။ ဒါပေမယ့် ကျနော့်အဖို့မှာတော့ အဲဒီအခိုက်အတန့်လေးရဲ့ တုန်လှုပ်ခြောက်ခြားမှုကို ရှောင်လွှဲလို့ မရခဲ့ပါဘူး။

“သေသွားတဲ့ ကလေးကို တစ်ယောက်တည်းထားတာတွေဟာ ဘာဖြစ်မလဲ”။ လက်တွေ့အဖြစ်က ဒါပါပဲ။

ဒါပေမယ့် အဲဒါကို ပူပန်သောကဖြစ်နေတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်။ အဲဒီ မြင့်မြတ်တဲ့ ခံစားချက်ကို နှစ်သိမ့်ပေးရမယ်ဆိုတာကို မသိနားမလည်တဲ့ သူနာပြုကို ကျနော် မုန်းတယ်။ အဲဒီလောက်ထိအောင် သူနာပြုဟာ ယန္တယားဆန်နေခဲ့ပြီလား။

ကျနော်ကတော့ ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ ယန္တယားတွေထက်၊ မဖွံ့ဖြိုးမတိုးတက်တဲ့ လူသားဖြစ်တည်မှုကို ပို မြတ်နိုးပါတယ်။ သိပ္ပံနည်းအရ ကြည့်မယ်ဆိုရင် ဆုံးသွားတဲ့ကလေးကို တစ်ယောက်တည်းထားတယ်ဆိုတာ နည်းနည်းမှ မမှားယွင်းပါဘူး။ သို့သော်လည်း မိခင်တစ်ယောက်အနေနဲ့ ကြည့်တဲ့အခါမှာတော့ … … … …။ ထပ်ပြီး ဘာရေးလို့ ဘာပြောရမလဲ။ မိခင်ဆိုတာကို နားလည်မပေးနိုင်တဲ့၊ နှစ်သိမ့်ပေးရမှာကို မသိနားမလည်တဲ့ သူနာပြု။ သူ့ရဲ့လက်တွေ့ဆန်တဲ့ အေးစက်စိမ်းကာမှုကို ကျနော် စက်ဆုပ်မုန်းတီးမိပါတယ်။ သိပ္ပံနည်းပညာ ဖွံ့ဖြိုးမှုဟာ ရှေ့ဆက် ပိုတိုးတက်လာပြီး၊ လူသားမျိုးနွယ်အားလုံးဟာ မေတ္တာတရားခေါင်းပါးတဲ့ ခေတ်လူသားတွေ ဖြစ်သွားတဲ့ နေ့ရက်ကို ရောက်ရှိလာပြီဆိုရင်တော့ … … …။ ကျနော်ကတော့ ဒါဟာ စိတ်ကူးယဉ်ဆန်တယ်ဆိုရင်လည်း ကြက်သီးမွေးညှင်း ထ မိတာအမှန်ပါ။

ချစ်ခြင်းမေတ္တာ …! ဒီအရာဟာ လူသားရဲ့အကောင်းဆုံးလက်တွေ့ဆန်မှုကို ဆင်ခြင်တွေးခေါ်တဲ့ ဘ၀ရဲ့ မွှေးရနံ့ပါပဲ။

ဂျူရိုဆော့ပ်
(၁၉၀၂~၁၉၇၂)

2 comments:

win latt said...

အင်း...တွေးကြည့်တာပေါ့...ကိုညီဇေ...
ချစ်ခြင်းမေတ္တာ နဲ့ တွက်ရင် အမေ သောကကို ဝင်ခံစားလို့ရတယ်..။အမေဆိုတာ ရင်ထဲက သွေးသားကို ဘယ်တော့မှ သေသွားတယ် မထင်တတ် ကြပါဘူး..။မျက်စိအောက်က ပျောက်သွားတာ အချိန်ကြာ လင့်ကစား တမ်းတမ်းတတရှိနေဆဲဆိုတာ မိခင်တိုင်းရဲ့ ရင်ထဲကို ဝင်ကြည့်လိုက်စမ်းပါ။အံ့သြဖွယ် ရာ မှတ်ကျောက်အဖြစ် တွေ့ရမှာပါ။ဖဝါး လက်နှစ်ပုခုံးလက်နှစ်သစ်ကတည်းက စွဲထင်နေတဲ့ ချစ်ခြင်းမေတ္တာကြောင့်ပေါ့....။သမီးလေး ကို လူသေတွေထားတဲ့အခန်းထဲမှာ ဘယ်လိုပုံစံများ နေနေပါလိမ့်မလဲလို့...ပူပန်နေရှာတာပေပေါ့...။
တာဝန်ဝတ္တရားပိုင်း ကကြည့်ရအောင်...။
သူနာပြုတွေက နိစ္စဓူဝ ကိစ္စတွေကို ရိုးနေတဲ့ အခါကြတော့ သေခြင်းရှင်ခြင်းတွေကို ခေါင်းထဲမထည့် တော့ဘူးလေ..။အားလုံးကို သူတို့က အရုပ်လေးတွေလို သဘောထားကြတာ သိတယ်မဟုတ်လား...။အဲ duty is duty ပေါ့....။

ဇေဇော် said...

ကိုဝင်းလတ်ရေ... ဒီအက်ဆေးလေးက ကိုရီးယား အလယ်တန်းကျောင်းသားလေးတွေ ဖတ်ကြရတဲ့ အက်ဆေးလေးပါ...။ ကိုရီးယားအက်ဆေးလေးတွေကို မိတ်ဆက်ပေးချင်တာရယ်...၊ လူသားဆန်ဆန် ဘယ်လိုရှင်သန်နေထိုင်သွားကြမယ်ဆိုတဲ့ အတွေးမျိုး ခံစားစေချင်တဲ့ စိတ်နဲ့ မိတ်ဆက်ပေးတာပါ...။ မူရင်း အက်ဆေးကိုပါ တင်ပေးချင်ပေမယ့် စာရိုက်ဖို့ အခက်အခဲရှိနေတာကြောင့် မတင်ခဲ့တာပါ...။ ကျနော် သူနာပြုကို မမုန်းပါဘူးဗျာ...။ အဲဒါကြောင့် သရုပ်ဖော်ပုံကို သူနာပြုရဲ့ အနှစ်သာရပါတဲ့ ပုံလေး တင်ပေးလိုက်တာပါ...။ ကိုဝင်းလတ်လိုပဲ ကျနော်လည်း သူနာပြုလှလှလေးတွေကို ရင်ခုန်တတ်ပါတယ်ဗျ...။ ဟား...ဟား...။