Tuesday, September 8, 2009

ဓမ္မမေတ္တာဘိက္ခုနီကျောင်းဖွင့်လှစ်

ကိုဝိုင်း(မိုးညှင်း)
စက်တင်္ဘာ ၈ ၊ ဆောအူးလ် ။

လွန်ခဲ့သည့် ၊ စက်တင်္ဘာ ၆ ရက် ၊ တနင်္ဂနွေနေ့က ၊ ဆောအူးလ်မြို့တော် ရှင်ဂျောင်းနယ်ဂေါရီ ဘူတာ (Shinjeongnegeori Station) အနီးတွင် ၊ ဓမ္မမေတ္တာဘိက္ခုနီကျောင်းဖွင့်ပွဲ ၊ ဘုရားအနေကဇာတင်ပွဲ နှင့် အလှူတော်ရေစက်ချပွဲကို ကျင်းပခဲ့ကြောင်း သိရသည် ။

ဖွင့်ပွဲမင်္ဂလာသို့ ဓမ္မဒူတ (ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက နှင့် တွဲဖက် ကျောင်းထိုင် ဆရာတော် အရှင် ကိတ္တိစာရတို့ ကြွရောက်တော်မူခဲ့ကြပြီး ၊ ပရိတ်တရားတော် နှင့် အလှူတော် ရေစက်ချ သာဓု အနုမောဒနာ တရားတော်တို့ကို ချီးမြှင့်တော်မူခဲ့ကြကြောင်း ၊ ပရိတ်သတ် ၁၀၀ ကျော်တို့က တက်ရောက်၍ တရားတော်နာယူကြကြောင်း သိရသည် ။

အဆိုပါ ကျောင်းတော်၏ ကျောင်းထိုင် ဘိက္ခုနီ (Hye Yeon Seunim) မှာ ၊ ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း ကို မြန်မာပြည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် ၊ ပဏ္ဍိတာရာမ ၊ ချမ်းမြေ့ ၊ မဟာစည် ၊ သဒ္ဓမ္မရံသီ ၊ ရွှေဥမင် ၊ သဲအင်းဂူ တို့တွင် ၁၀ နှစ်ကျော်ကြာ (ပရိယတ္တိ ၊ ပဋိပတ္တိ) စာတွေ့လက်တွေ့ လေ့ကျင့်ပွါးများခဲ့ပြီး ၊ အိန္ဒိယပြည်တွင် ဆရာကြီး ဦးဂိုအင်ကာ ထံမှလည်းကောင်း ၊ သီရိလင်္ကာနိုင်ငံ ကလျာဏီယ တက္ကသိုလ်သို့ တက်ရောက်၍လည်းကောင်း လေ့လာ ကျင့်ကြံပွါးများ အားထုတ်ထားခဲ့ကြောင်းလည်း သိရသည် ။

ယခုအခါ Hye Yeon Seunim သည် ၊ ဓမ္မမေတ္တာတွင် ၊ ဝိပဿနာတရားစခန်း ၊ လူငယ်များအတွက် ဗုဒ္ဓဘာသာအခြခံယဉ်ကျေးမှုသင်တန်း ၊ မင်္ဂလာသုတ် နှင့် အဘိဓမ္မာသင်တန်းတို့ကို ၊ ဓမ္မဒူတ(ကိုရီးယား)မှ ကျောင်းထိုင် ဆရာတော် ဒေါက်တာအရှင်နန္ဒက ၏ ကူညီအားဖြည့်မှုကို ရယူ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် ။

စိတ်ပါဝင်စားသူများ ၊ ဓမ္မမေတ္တာ ဖုန်းနံပါတ်မှာ - ၀၂-၂၆၄၈-၀၂၁၀ ဖြစ်ကြောင်း သိရသည် ။



*********
ငါ၏ သင်ကြားမှုသည် လာပြီးယုံကြည်ရန် မဟုတ်၊ လာပြီး လက်တွေ့ကျင့်ရန်ဖြစ်သည်။ (မြတ်ဗုဒ္ဓ)

No comments: