ရေးသားသူ — ကိုကြီးပေါ်
ကိုကြီးပေါ် တယောက် တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို အင်တာနက် မလွယ်ပေါက်ကနေ ချောင်းကြည့်လာတာ အတော်တောင် ကြာပါပေါ့။ ချောင်းရင်း ချောင်းရင်းနဲ့ မှန်ပြောင်းကလည်း ဟိုလည် ဒီလည် တလည်လည် ဖြစ်တတ်သေးရဲ့။ ခုတခါတော့ ချာလပတ်လည်ချင်တဲ့ မှန်ပြောင်းက ဘယ့်နှယ် ဖြစ်တယ်မသိဘူး၊ ကိုယ့်ဘက်ကို ပြန်လည်နေပါရော့လား။ တကယ်ပြောတာပါ။ ကိုကြီးပေါ်ရဲ့ မှန်ပြောင်းက ကိုကြီးပေါ်ရဲ့ ရင်ဘတ်ကြီးထဲကို ပြန်ရောက်နေတာ။ လူမသိအောင် အသာလေး မှိန်းနေပေမယ့် ကလိကလိနဲ့ နေမထိထိုင်မထိ ဖြစ်နေတာ ကြာပေါ့။ တုပ်ကွေးလိုလို အလာ့ဂျစ်လိုလိုနဲ့လေ။ ကိုကြီးပေါ်က ချောင်းမိလို့ကတော့ ပြန်ပြောရမှ နေသာထိုင်သာရှိတဲ့ အကျင့်က စွဲနေပြီ မဟုတ်လား။ အဲသတော့၊ ကဲ… ဘာပဲဖြစ်ဖြစ် ကိုယ့်အဖြစ် ကိုယ်ချောင်းမိတာကိုပဲ နတ်သံနှောလို့ ပြောရတော့မှာပါပဲ။
အမတ်လောင်း ကိုကြီးပေါ်
ဒီခေါင်းစဉ် မြင်တော့ မျက်ခုံး တွန့်သွားသလား။ မတွန့်နဲ့ မောင်။ အဲဒါ တကယ်။ ကိုကြီးပေါ် ရင်ထဲက လူမသိအောင် ၀ှက်ထားတဲ့ ကြိတ်လုံးက အဲဒါပဲ။ အမတ်လေ။ အမတ်။ အမတ် ဖြစ်ချင်တာ ပေါ့ဗျာ။
ဟိုတုန်းကတော့ အမတ် လို့ ခေါ်တာပဲ။ ဆိုရှယ်လစ်ခေတ်ရောက်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဲ့။ ခုခေတ်တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်၊ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်… လှယ် လှယ် လှယ် ဆိုပြီး စုံနေတာပဲဗျ။ စုံလွန်းတော့ မှန်အောင် ခေါ်ဖို့ အတော်ခက်တယ်။ အဲတော့ အားလုံးနားလည်တဲ့ လိုတိုရှင်း “အမတ်” ဆို ပြီးတာပဲဗျာ။ ဟုတ်ဘူးလား။ လိုရင်းက လွှတ်တော်ဆိုတဲ့ ခန်းမအထဲ ခေါင်းပေါင်းစလေး တထောင်ထောင်နဲ့ ရင်ကလေးကော့ ဖင်ကလေးကောက်ပြီး ၀င်ရောက်နိုင်ဖို့ပဲ မဟုတ်လား။ အမတ်ခေါ်ခေါ် ဘာခေါ်ခေါ်၊ ကိစ္စမရှိပါဘူး။
အခုချိန်မှာ ကိုကြီးပေါ်ရဲ့ ရင်ထဲ တဒိန်းဒိန်းနဲ့ လှိုက်ခုန်ခံစား နေတာက အမတ်ဆိုတဲ့ အရာပါပဲ။ နို့၊ ဒီလို မခံစားဘဲ နေနိုင်ပါ့မလား။ အမတ်ဖြစ်ဖို့ အခွင့်အရေးဆိုတာ ဧရာမ ဒုလ္လဘကြီးဗျ။ အနှစ် ၂၀ ကြာမှ တခါ ပေါ်တာ။ သူများနိုင်ငံတွေမှာ လေးနှစ်တခါ, နှစ်နှစ်တခါ စသဖြင့် ရှိပေမယ့် ရွှေပြည်တော်ကြီးမှာ အနှစ်နှစ်ဆယ်မှာမှ တခါပေါ်တယ် ဆိုတာကိုက အလွန်ကံထူးတဲ့ အဖြစ်ပဲ။ ကိုကြီးပေါ် ဘ၀မှာ အမတ်ဖြစ်ဖို့ အခွင့်အရေး ဆိုတာ ဒါ ပထမဆုံး အကြိမ် ခင်ဗျ။ ဒီလို ရှားရှားပါးပါး ဒုလ္လဘတရားကြီးကို အရအမိ မရှိလိုက်ရင် လူဖြစ်ရှုံးရချေမပေါ့။ ဒီတော့ အမတ်ဖီလင်လေးနဲ့ ရင်ခုန်နေမိတာ လွန်မယ်မထင်ပါဘူးနော်။
တသက်နဲ့တကိုယ် သူများကို အမတ်ဖြစ်အောင် မဲထည့်ပေးရတာက နှစ်ကြိမ်ကြီးများတောင် ကြုံဖူးပါရဲ့။ အဲဒါတောင် ပထမအကြိမ်က ခရီးလွန်နေလို့ မဲမထည့် ဖြစ်ခဲ့ပါဘူး။ ကိုယ် မဲမထည့်လည်း သူတို့ အမတ်ဖြစ်မှာ သေချာနေတော့ သိပ်စိတ်မ၀င်စားတာလည်း ပါတာပေါ့လေ။ ဒုတိယ အကြိမ်ကတော့ နာမည်ကျော် ၉၀ ရွေးကောက်ပွဲ ဆိုတာပဲပေါ့။ အဲသည်တုန်းကတော့ အမတ်ရွေးတယ် ဆိုပေမယ့် တကယ်က ပါတီရွေးတာပါ။ တနည်းပြောရင် စစ်တပ်ကို လက်စားချေတာပေါ့။ ကိုယ်ထည့်လိုက်တဲ့ အမတ်လောင်း နာမည်တောင် အခု မမှတ်မိတော့ပါဘူး။ ဟိုကသည်က အလျှိုအလျှို ပေါ်လာလိုက်တဲ့ အမတ်လောင်းတွေ ဆိုတာ နည်းတာလိုက်လို့။ ကိုကြီးပေါ်တောင် အသက်မီရင် အမတ်လောင်း ဖြစ်ချင်ဖြစ်ဦးမှာ။
ဟော အခု အနှစ်နှစ်ဆယ်ကြာမှာ ရွေးကောက်ပွဲ ဆိုတာကြီး ဘွားဆို ပေါ်လာ… ၊ နိုး နိုး ပေါ်လာတာ မဟုတ်သေးဘူး၊ “ပေါ်လာတော့မယ်” ဆိုတော့ ကိုကြီးပေါ် ရင်တွေ တလှပ်လှပ်ခုန်ပြီး၊ အမတ်လောင်း ရောဂါ ထလာတော့တာပါပဲ။ ဒီတခါ အမတ် မဖြစ်ခဲ့ရင် နောက်ထပ် အနှစ်နှစ်ဆယ် စောင့်ရမှာ။ အသက်က သိပ်ကြီး သွားပြီ။ သေချင်လည်း သေနိုင်တယ်။ မဖြစ်ဘူး။ ဒီတပွဲတော့ အရ ၀င်နွှဲမှ။
ကိုကြီးပေါ်တို့မှာက အမတ်ဖြစ်ချင်လို့ ဆိုပြီး ရွေးကောက်ပွဲထဲ အသာကလေး ၀င်သွားလို့ ရတာ မဟုတ်ဘူး။ အဲဒီ ရွေးကောက်ပွဲ ဆိုတဲ့ လေသံကို ဖမ်းတရားနာပြီး၊ ဘုရားကို အရှင်လတ်လတ် ဖူးရလို့ ၀မ်းသာတဲ့ လေသံမျိုးနဲ့ ကြော်ငြာက ထိုးရဦးမှာ။ ၂၀၁၀ ရွေးကောက်ပွဲကို နအဖက တကယ် လုပ်မယ် မလုပ်မယ် ခဏဖယ်ထားပြီး ကိုယ်တိုင်ပဲ ထလုပ်တော့မယ့် လေသံမျိုးနဲ့ မီဒီယာပေါ်မှာ အော်ရဦးမှာ။ ဒီရွေးကောက်ပွဲဟာ ရွှေပြည်တော်ကြီး အတွက် တခုတည်းသော ထွက်ပေါက်လို့ မျက်စိမှိတ်ပြီး ရွတ်ဖတ်ရဦးမှာ။ ဟပ်ချလောင်း ဆိုတာနဲ့ ကြိုးကနေ မြွေဖြစ်သွားမယ် ဆိုတဲ့ မျက်လှည့်ဆရာ ပီကိုလာ လေသံမျိုးနဲ့ပေါ့။
တခု ပေါ့သွားတာက အဲသလို ကြော်ငြာရ, အော်ရ, လှော်ရ, ဘေးတီးရ, ဘောမရတဲ့ အလုပ်တွေကို ကိုကြီးပေါ်နဲ့ သဘောညီမျှတဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ် ကြီးငယ် အသွယ်သွယ်တို့က အားတက်သရော လုပ်နေကြတာပါပဲ။ ပြည်တွင်းမှာဆို ပါတီထောင်တဲ့သူနဲ့, တသီးပုဂ္ဂလတွေ စုစည်းတဲ့သူနဲ့, မဟာမိတ်ဖွဲ့တဲ့သူနဲ့, ဟောပြောပွဲ လုပ်တဲ့သူနဲ့ နေရာစေ့ ထောင့်စေ့ပါပဲ။ ဂျာနယ်တွေပေါ်မှာ စာတွေရေး အင်တာဗျူးတွေလုပ်၊ ဒါနဲ့တင် မကျေနပ်လို့ အီးမေးကနေ ဖြန့်။ အချို့က ဘလော့တွေ ၀က်ဗ်ဆိုက်တွေ လုပ်ပြီး ထိုးဖောက်။ နည်းဗျူဟာ အပြည့်နဲ့ လိုလေသေး မရှိရအောင်ပါပဲ။ သြော်… အမတ်လောင်း ဖြစ်ချင်တော့လည်း ဒီလောက်တော့ ကြိုးစားရပေမပေါ့နော်။
ပြည်ပက ဆရာကြီးတွေကလည်း ကိုကြီးပေါ်တို့လို အမတ်လောင်း ဖြစ်ချင်သူတွေကို အလွန်အမင်း အားပေးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲက လွဲလို့ အခြား ဘာမှ မရှိတော့ဘူးတဲ့။ ဒီ ပြည်ပ ဆရာကြီးတွေ ဆိုတာက ကိုကြီးပေါ် အထင်တော့ လူ မဟုတ်လောက်ဘူး။ ဗြဟ္မာတွေ ဖြစ်ပါလိမ့်မယ်။ ရှေးတုန်းက ဗြဟ္မဏ ဆိုတဲ့ ပုဏ္ဏားတွေဟာ သူတို့ကိုယ်သူတို့ ဗြဟ္မာကြီးတွေက ဆင်းသက်လာတာ၊ လူတွေထက် မြတ်တယ်လို့ ခံယူသလိုပါပဲ။ ယနေ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဆရာကြီးများကလည်း လူထုရဲ့ အထက်ကနေ ဗျာဒိတ် ပေးတတ်ကြပါတယ်။ ဗျာဒိတ်အတိုင်း မဖြစ်လာရင်လည်း ငေါက်တတ်သေးရဲ့။
အဲသလို ရွေးကောက်ပွဲကြီး ဖြစ်ပေါ်လာဖို့ ဘေးကော နံကော ထိပ်ကော ဘိတ်ကော တီးရုံထုရုံတင်မက၊ ကိုကြီးပေါ်တို့ အမတ်လောင်းတွေ အဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ကိစ္စ နှစ်ခုလည်း ရှိပါသေးတယ်။ တခုက နအဖကို “ဘုန်းတော်ဘွဲ့” ရတဲ့အလုပ်နဲ့၊ နောက်တခုက ဒေါ်စုနဲ့ အဖွဲ့ချုပ်ကို “ထိပါးစောင်းချိတ်” ရတဲ့ အလုပ်ပါ။ ကိုကြီးပေါ်ရဲ့ စကားအသုံးအနှုန်း နှစ်ခုကို ဂရုစိုက်ပါနော်။ ကိုယ်တို့က နအဖကို ဖားတာ မဟုတ်ဘူး။ နအဖ ဘက်တော်သား မဟုတ်ဘူး။ နအဖရဲ့ စေတနာ မေတ္တာ ကရုဏာတွေကို ရင်နင့်အောင် ခံစားရလွန်းလို့ ဘုန်းတော်ဘွဲ့တာ ဖြစ်တယ်။
ထို့အတူပဲ၊ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဆိုတာက ကိုယ်တို့နဲ့ မတူဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့က သူတို့လို အနစ်နာ မခံနိုင်ဘူး။ နိုင်ငံရေး လုပ်တာ အမတ်ဖြစ်ဖို့ အာဏာရဖို့ လုပ်တာ။ သူတို့လို အနစ်နာခံဖို့ ထောင်ကျခံဖို့ လုပ်တာ မဟုတ်ဘူး။ အဲလို မတူတာကိုက ဒီမိုကရေစီ ဖြစ်တယ်။ ဒီမိုကရေစီ သမားချင်း ဆိုတာ တဦးနဲ့တဦး ပြိုင်ရမယ်။ ကိုယ့်ထက် သူ သာမသွားဖို့ လိုတယ်။ ဒါကြောင့် ထိပါးစောင်းချိတ် ရတာ ဖြစ်တယ်။
အချို့ ရှေ့ရေးကို နည်းနည်းပါးပါး စဉ်းစားတတ်သူတွေက - ခင်ဗျားတို့ အမတ် ဖြစ်သွားတဲ့အခါ လွှတ်တော် ဆိုတာက ဘယ်လို နေမှာလဲ။ ဘယ်လို ဥပဒေတွေ ပြုကြမှာလဲ။ အစိုးရကို ဘယ်လို ဖွဲ့မှာလဲ - စသဖြင့် လဲပေါင်းများစွာ မေးလာကြပါတယ်။
တကယ်တော့ ဒီလူတွေက စိုးရိမ်တကြီးနဲ့ အကွက်တွေ ကျော်သွားကြတာပါ။ လွှတ်တော်တို့ အစိုးရတို့ အာဏာတို့ဆိုတာက ဟိုးအဝေးကြီးမှာ။ လောလောဆယ် ရွေးကောက်ပွဲ ဥပဒေတောင် ရှိသေးတာ မဟုတ်ဘူး။ ဒီလို အဆင့်ကျော်နေလို့ အပိုပဲပေါ့။ ရွေးကောက်ပွဲကြီး ဖြစ်၊ ကိုကြီးပေါ်တို့ အမတ်လောင်းတွေ မဲဆွယ်၊ ခင်ဗျားတို့က မဲထည့်၊ ဒါတွေ ကျော်ဖြတ်ပြီးမှ နောက်တဆင့် ဆက်ပြောကြတာပေါ့။ အခုအချိန်မှာ အနှစ်နှစ်ဆယ်မှ တခါပေါ်တဲ့ မဟာဒုလ္လဘ အမတ်ဖြစ်ခွင့်ကလေး လက်မလွတ်သွားဖို့က အရေးကြီးတယ် မဟုတ်လား။
အခုဆိုရင် ကိုကြီးပေါ်တို့က မဲဆွယ်တဲ့ အလုပ်ကိုလည်း ပါးပါးလေး စလုပ်နေရပြီ။ လူထုတွေ သိချင်တာ မေးနိုင်ဖို့ ဟန်းဖုန်းနံပတ်ကို အင်တာနက်မှာ ကြော်ငြာထားရတယ်။ မရှိသေးရင် သိက္ခာကျတယ်။ ဒီတော့ နီးစပ်ရာ အာဏာပိုင်တွေကို မျက်နှာချိုသွေးပြီး ဟန်းဖုန်းရအောင် မြန်မြန်လုပ်ရတယ်။ ဒါလည်း အမတ်လောင်း ဖြစ်ဖို့ အရည်အချင်း တခုပဲ။ ၀ယ်စရာ ပိုက်ဆံ မရှိဘူးလား။ ပြဿနာ မရှိဘူး။ နအဖ သတင်းစာက ဆောင်းပါးတခုလောက် အလွတ်ကျက်ပြီး ဆွေးနွေးပွဲတခုခုမှာ ပြန်ရွတ်ပြလိုက်။ ပြီးရင် အဲဒီ ရုပ်သံမှတ်တမ်းလေး ပြပြီး ဟိုအသင်း ဒီအသင်းတွေမှာ အလှူငွေ သွားထုတ်လိုက်။ အိုကေ။ အဲ တခုတော့ သတိထား။ ဟို အစိမ်းကောင်တွေ။ ကြံ့ဖွတ် ကြံ့ဖွတ်။ သူတို့ ယူမယ်ဆိုတဲ့ မြို့နယ်တွေကိုတော့ အသာလေး လက်ရှောင်ထားလိုက်။ ဒီကောင်တွေက သိပ် စိတ်မချရဘူး။ ၀ါးစိမ်းတုတ်နဲ့ ရိုက်တတ်တယ်။
ပြည်ပ အတိုက်အခံတွေက ရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုပြီး အော်နေတာတွေ အတွက်လည်း သိပ်စိုးရိမ်စရာ မရှိပါဘူး။ ပြည်ပမီဒီယာတွေကနေ ဒီဘိတ်ဆိုတဲ့ ကဏ္ဍကြီးနဲ့ ပွဲဆူအောင် လုပ်ပေးပါလိမ့်မယ်။ ဒီဘိတ်တွေမှာ ၀င်သာကြိတ်လိုက်။ တဖက်လူက သူလည်း သူပြောချင်တာပြော၊ ကိုယ်ကလည်း ကိုယ်ပြောချင်တာပြော။ ပုဏ္ဏားထိုင် မီဒီယာ ၀န်ထမ်းတွေကလည်း သူတို့ ပြောချင်ရာ ပြောလိမ့်မယ်။ ကိစ္စမရှိဘူး။ အနည်းဆုံးတော့ ကိုယ့်နာမည်လေး လူသိမယ်။ အသံလေး လူကြားမယ်။ ကြော်ငြာတောင် ဖြစ်သေးတယ်။
အချို့ အမတ်လောင်းတွေ ဆိုရင် အာဏာယူမယ်၊ အစိုးရဖွဲ့မယ်လို့တောင် ပြောနေကြပြီ။ အချို့ကတော့ လွှတ်တော်ထဲရောက်ရင် ဘယ်လို ဥပဒေပြုလိုက်မယ်၊ ညာလို ဥပဒေတင်လိုက်မယ်နဲ့ အခုကတည်းက ကြုံးဝါးနေကြပြီ။ ကိုကြီးပေါ်ကလည်း အမတ်လောင်း လုပ်မယ့်သူဆိုတော့ - ခင်ဗျား အမတ်ဖြစ်ရင် ဘယ်လို ဥပဒေ ပြုမှာလဲလို့ - မေးလာမယ့် သူများအတွက် ကြိုတင်ပြီး ပြောထားလိုက်ချင်သေးရဲ့။
ကိုကြီးပေါ် တင်သွင်းမယ့် ဥပဒေမူကြမ်းက “ပဲကြီးလှော် အခွံချွတ် ထုတ်လုပ် ရောင်းဝယ်ရေး ဥပဒေ” ပါ ခင်ဗျ။ အမယ် ခင်ဗျားက ရယ်သလား။ ဒါ ရယ်စရာ မဟုတ်ဘူး။ ရွှေပြည်တော်ကြီး အတွက် အလွန်အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ ဥပဒေဗျ။ ရွှေပြည်တော်မှာ ပဲကြီးလှော် စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ် စားသုံးတာ အင်မတန် အားကောင်းတယ်။ သို့သော် ယနေ့ထက်တိုင် ပဲကြီးလှော်ကို အခွံနဲ့ ရောင်းဝယ်ကြတုန်းပဲ ရှိသေးတယ်။ အခွံနဲ့သာ ရောင်းဝယ်ကြပေမယ့် ဘယ်သူကများ အဲဒီ အခွံကို စားလို့လဲ။ ဘယ်သူမှ မစားဘူး။ ဒီတော့ စားသုံးသူ ရှုထောင့်က ကြည့်ရင် ဒါဟာ အပိုတန်ဖိုး ပေးလိုက်ရတာပဲ။ ထုတ်လုပ်သူဖက်က ကြည့်ရင်လည်း အပိုဝန်ဆောင်မှု ပေးလိုက်ရတာပဲ။ စီးပွားရေး သီအိုရီအရ နှစ်ဖက်စလုံး နစ်နာတယ်။ ထုတ်လုပ် ရောင်းဝယ်မှု အဆင့်တိုင်းမှာ အပိုစရိတ်တွေ အလကား တက်တက်သွားတယ်။ ဒီစရိတ်တွေကို လျော့ချပစ်နိုင်ရင် တိုင်းပြည်စီးပွားရေးမှာ ထုတ်လုပ်မှု တန်ဖိုးတွေ တက်လာမယ်။ ဟုတ်တယ်ဟုတ်။
ပြီးတော့ အခွံတွေကို စားသုံးသူတွေက အမှိုက်အဖြစ်နဲ့ လွှင့်ပစ်လိုက်ရတာ။ အလဟဿပဲ။ အမှိုက်သိမ်းရတဲ့ ၀န်ထုပ်ဝန်ပိုးတောင် ပိုလာသေးတယ်။ အကယ်၍ ထုတ်လုပ်မှု အဆင့်တခုမှာ အခွံကို ချွတ်ပြီး စုထားလိုက်ရင် အဲသည့် အခွံတွေက လောင်စာ ပြန်ဖြစ်လာလိမ့်မယ်။ စပါးခွံကို လောင်စာ လုပ်သလိုပေါ့။ အနည်းဆုံး ကြက်ဆူဆီထက်တော့ သာမှာ သေချာတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ အဓိကကျတဲ့ စွမ်းအင်အတွက်လည်း အများကြီး ဖြည့်တင်းပေးရာ ရောက်တယ်။ ဒီမှာတင် ပဲကြီးလှော် အခွံချွတ်လုပ်ငန်း၊ အခွံမှ စွမ်းအင်ထုတ်လုပ်ငန်း ဆိုတာတွေ ပေါ်လာမှာ ဖြစ်လို့ အလုပ်အကိုင်တွေ ရလာမယ်။ စားသုံးသူတွေ ဖက်ကကြည့်ရင် အခွံခွာရတာ သက်သာတယ်။ ရယ်ဒီမိတ် ဖြစ်တော့ ခေတ်မီတယ်။ အခွံကြားက သဲတို့ဝဲတို့ မပါတော့လို့ ကျန်းမာရေးလည်း ပိုကောင်းတယ်။ နိုင်ငံခြားကို အိတ်စပို့လုပ်မယ် ဆိုရင်လည်း ဖြစ်နိုင်သေးတယ်။
ဒီလို လယ်ယာလုပ်ငန်းကနေ စက်မှုလုပ်ငန်းကို ချိတ်ဆက်နိုင်တဲ့ မဟာဗျူဟာ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး အတွက် သိပ်အဖိုးတန်တဲ့ မဟာအိုင်ဒီယာ ဥပဒေမျိုးကို ၂၀၁၀ လွှတ်တော်ကြီးက အတည်ပြုပေးမှာ အသေအချာပေါ့။
သြော်… လွှတ်တော်ဆိုတော့လည်း ထုံးစံအတိုင်း နည်းနည်းပါးပါး ဝေဖန်တာ ကန့်ကွက်တာလောက်တော့ ရှိမှာပေါ့။ မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်တဲ့ အခွံခွာစားရတဲ့ ပဲကြီးလှော်ဓလေ့ကို ပျက်သုဉ်းစေတယ်တို့၊ ကိုယ့်ချစ်သူကို အခွံခွာ မကျွေးရတော့လို့ ပဲကြီးလှော်ရသ ပျက်တယ်တို့ စသဖြင့် ဝေဖန်ကြတာတွေကိုတော့ … လွှတ်တော်ကြီး ပေါ်လာတော့မှ ဆက်လက်ရှုစားကြပါလို့ အမတ်လောင်း ကိုကြီးပေါ်က မဲဆွယ်တရား ဟောလိုက်ရကြောင်းပါ ခင်ဗျား။
ကိုကြီးပေါ်
Wednesday, December 9, 2009
ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၈)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment