Sunday, March 14, 2010

ဝေဖန်ခြင်းနဲ့ ပညာသည်ပီသခြင်း

ရေးသားသူ — လူထုစိန်ဝင်း

“၀ါရင့်ကလောင်ကြီးတစ်ချောင်းကို ၀ါနုကလောင်ငယ်တစ်ချောင်းက ဝေဖန်လို့ ဖြစ်ပါ့မလားခင်ဗျ”

လူငယ် ဂျာနယ်လစ်တစ်ယောက်က မေးတဲ့မေးခွန်း ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်ပြီး သူတော်တော် ဘ၀င်မကျဖြစ်နေတာကြောင့် ပြန်ရေးချင်ပေမယ့် ကလောင်ဝါချင်းက အများကြီးကွာတာကြောင့် တော်မတော်၊ သင့်မသင့် ချင့်ချိန်နေရလို့ မေးတာပါလို့ ပြောပြပါတယ်။


“လူသိရှင်ကြား ထုတ်ဝေထားတဲ့ စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် စာတစ်ပုဒ်ကို ဖတ်မိတဲ့သူ ဘယ်သူမဆို ကြိုက်မကြိုက်၊ သဘောတူမတူ ပြောခွင့်ရှိပါတယ်”

စာရေးဆရာတစ်ယောက်က စာတစ်ပုဒ်ရေးလိုက်တယ်ဆိုတာ သူပြောချင်တာတစ်ခုကို တခြားသူများ သိကြားစေချင်လို့ဖြစ်တယ်။ ရေးလိုက်ပြီးတဲ့နောက် သူရေးလိုက်တဲ့စာအပေါ်မှာ ဖတ်သူများက ကြိုက်မကြိုက်၊ သဘောတူမတူ ပြန်ပြီးကြားချင်၊ သိချင်မှာပဲဖြစ်တယ်။ ပုထုဇဉ်သဘာဝအရ ကြိုက်တယ်ပြောရင် သဘောကျပြီး မကြိုက်ဘူးပြောရင် သဘောမကျ ဖြစ်တာမျိုးတော့ ရှိမှာပေါ့။ ဒါပေမဲ့ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သူ လက်ခံရမှာဖြစ်တယ်။ သူက ပညာသည်မဟုတ်လား။

စာရေးဆရာက သူယုံကြည်တာ၊ သူကြိုက်နှစ်သက်တာကို လွတ်လပ်စွာ ဖော်ထုတ်ရေးသားမှာဖြစ်သလို စာဖတ်သူပရိတ်သတ်ကလည်း ကြိုက်တယ်၊ မကြိုက်ဘူး။ သဘောတူတယ် မတူဘူး လွတ်လပ်စွာ ပြောခွင့်ရှိတယ်ဆိုတာကို လက်ခံရမှာပဲဖြစ်တယ်။ ဒီနေရာမှာ စာဖတ်သူက ငယ်သလား၊ ကြီးသလားဆိုတာနဲ့ မဆိုင်ပါဘူး။ ငယ်ရွယ်တဲ့စာဖတ်သူမှာလည်း သူကြိုက်တာ၊ မကြိုက်တာဆိုတာမျိုး ရှိမှာပဲ။ ရှိတဲ့အတိုင်း သူပြောခွင့် ရှိရမှာပဲ။ နောက်ပြီးတော့ ကလောင်မှာ ၀ါနု၊ ၀ါရင့်ဆိုတာက သိပ်အရေးပါလှတယ် မထင်ပါဘူး။

လူမှာ အသက်ကြီးတိုင်း၊ အတွေ့အကြုံတွေများတိုင်း အသိဉာဏ်ပညာ ကြီးရင့်လာလေ့ရှိတာ မဟုတ်ပါဘူး။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အံ့သြစရာကောင်းလောက်အောင် အသိဉာဏ်ပညာထက်မြက်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ လူအများဖတ်ရှုဖို့ ပုံနှိပ်ထားတဲ့ စာတစ်ပုဒ်ကို ဘယ်သူမဆို ဝေဖန်ဆန်းစစ်ခွင့် ရှိပါတယ်။ အဝေဖန်မခံချင်ရင် ပုံနှိပ်ထုတ်ဝေခြင်း မပြုဘဲထားဖို့သာ ရှိပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ public figure များဟာ လူအများရဲ့ ဝေဖန်တာ၊ မှတ်ချက်ချတာကို ခံရမှာ သဘာဝပဲ ဖြစ်တယ်။

ဒီနေရာမှာ ကလေးဘ၀က သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေအကြောင်း ပြောပြချင်ပါတယ်။ သူငယ်ချင်းက ငယ်ငယ်ကတည်းက ဘောလုံးကစားဖက် ဖြစ်ပါတယ်။ တက္ကသိုလ်ရောက်တော့လည်း ဘောလုံးအသင်းတစ်သင်းတည်းမှာ အတူကန်ကြပါတယ်။ သူငယ်ချင်းအဖေက ဘောလုံးသမားဟောင်းကြီးတစ်ယောက်ပါ။ သူ့သား ဘောလုံးကစားတာကို ကောင်းကောင်းအားပေးပါတယ်။ သူက ကြီးလာလို့ ဘောလုံးက အနားယူတော့ ဒိုင်လူကြီးလုပ်ပါတယ်။ ရှေးက ဒိုင်လူကြီးလုပ်တယ်ဆိုတာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ ပထမပိုင်းအပြီး အနားပေးချိန်မှာ အဲဒီခေတ်ကပေါ်တဲ့ “ပင်မှည့် ဘိလပ်ရည်”တစ်ပုလင်းပဲ သောက်ရပါတယ်။ ဒါကြောင့် ဒိုင်လူကြီးများကို “ပင်မှည့်”လို့ ကျီစားခေါ်လေ့ရှိပါတယ်။

သူငယ်ချင်းက ဘောလုံးမကစားတဲ့နေ့များမှာ ဘောလုံးပွဲမှန်မှန် ကြည့်ပါတယ်။ ဒါပေမဲ့ သူ့အဖေ ဒိုင်လူကြီးလုပ်ရမယ့်နေ့တွေဆို ပွဲဘယ်လောက်ကောင်းကောင်း သူ့ကို ခေါ်လို့ မရပါဘူး။ ဘာကြောင့်လဲ မေးတော့ သူ့အဖေကို ၀ိုင်းဆဲနေကြတာတွေ မကြားချင်လို့ပါလို့ ဖြေပါတယ်။ ဘောလုံးပွဲဒိုင်လူကြီးလုပ်ရတာ ပိုက်ဆံတစ်ပြားမှ မရရုံမကပါဘူး။ အော်တာ ဟစ်တာ၊ ဆဲတာ အမြဲခံရပါတယ်။ တစ်ခါတလေ ပြောင်းဖူးရိုးနဲ့ ပေါက်တာ၊ ဖိနပ်နဲ့ ချွတ်ပစ်တာမျိုးတောင် ခံရတဲ့အခါများလည်း ရှိပါတယ်။ ဘောလုံးပွဲကြည့်လေ့ရှိသူမှန်ရင် ဒါကိုသိပါတယ်။ ကိုယ်တိုင်လည်း အော်ဖူးဟစ်ဖူးမှာပါ။ ဒါက ပြိုင်ပွဲမှန်သမျှရဲ့ သဘာဝဖြစ်ပါတယ်။ ကိုယ်ကြိုက်သူကို အားပေးမယ်။ မကြိုက်သူကို အော်ဟစ်မယ်ပေါ့။ ဒါတွေကို သိသိကြီးနဲ့ ဘောလုံးပွဲမှာ ဒိုင်လူကြီးလုပ်တယ်ဆိုတာ ဘောလုံးကို အင်မတန် ချစ်လွန်းလို့ဖြစ်ပါတယ်။ ပရိသတ်ကဆဲလို့၊ ပြောင်းဖူးရိုးနဲ့ပေါက်လို့ဆိုပြီး ကစားရင်းတန်းလန်း ကွင်းထဲက ထွက်သွားတဲ့ ဒိုင်လူကြီးဆိုတာ မရှိပါဘူး။ လူအများနဲ့သက်ဆိုင်တဲ့ အလုပ်တစ်ခုကို လုပ်ရင် လူအများရဲ့ အော်တာ၊ ဟစ်တာ၊ ဝေဖန်တာတွေ ခံရမှာပဲဆိုတာ သိသိကြီးနဲ့လုပ်တာပါ။

စာရေးနေတဲ့သူဖြစ်စေ၊ အဆိုတော်ဖြစ်စေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးဖြစ်စေ အားလုံးဟာ လူအများနဲ့သက်ဆိုင်တဲ့ public figureတွေ ဖြစ်ကြလေတော့ ဘောလုံးပွဲက ဒိုင်လူကြီးလိုပဲ အော်တာ ဟစ်တာ၊ ဝေဖန်တာတွေ ခံရမှာပဲ။ ဒါကို ရှောင်လွဲလို့ မရပါဘူး။ အဆိုတော်တစ်ယောက် စင့်မြင့်ပေါ် သီချင်းဆိုနေစဉ်မှာ စင်အောက်က ပရိသတ်က မကြိုက်ရင် အော်ဟစ်ပြီး “တော်တော့၊ ဆင်းတော့”လို့ အော်တာမျိုးတွေ တွေ့ဖူးမှာပါ။ အဲဒီလို အအော်ခံရလို့ ဆင်းသွားတဲ့အဆိုတော်မျိုး ရှိမယ်မထင်ပါဘူး။ Professional(ပညာသည်) ပီသသူဟာ ချီးမွမ်း၊ ဝေဖန်၊ ကဲ့ရဲ့ ကိစ္စမှန်သမျှကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်ရပါမယ်။ မြှောက်တိုင်းလည်း မမြောက်ရပါဘူး။ ခြောက်တိုင်းလည်း မခြောက်ရပါဘူး။ ကိုယ့်အလုပ်ကိုယ် လေးလေးနက်နက် လုပ်နေဖို့သာ လိုပါတယ်။

လူအများ ကဲ့ရဲ့ဝေဖန်တာ၊ ဆဲရေးရှုတ်ချတာ မခံနိုင်ရင်၊ မခံချင်ရင် လူအများနဲ့ သက်ဆိုင်တဲ့အလုပ်မျိုး မလုပ်ရုံဘဲ ရှိပါတယ်။ ပညာသည် ပီသသူဟာ ဘယ်အရာကိုမဆို ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း ရှိရပါမယ်။ ဘောလုံးပွဲထဲမှာ ကလေးတွေ ဒိုင်လူကြီးကို မအော်ရလို့ စည်းကမ်းချထားလို့ မရပါဘူး။ ဘောလုံးပွဲကြည့် ပရိသတ်အားလုံး အော်ဟစ်အားပေးခွင့်၊ အော်ဟစ်ရှုတ်ချခွင့် ရှိပါတယ်။

စာပေနယ်မှာလည်း လူငယ်က လူကြီးကို မဝေဖန်ရလို့ တားဆီးလို့ မရပါဘူး။ စာဖတ်သူ ဘယ်သူမဆို ၀င်ပြောခွင့်ရှိပါတယ်။ စာပေကို ဝေဖန်တာမဟုတ်ဘဲ လူကို “အသားလွတ်” ဆဲရေးတာမျိုးကိုတော့ အယ်ဒီတာတွေက ထည့်ပေးလိမ့်မယ် မဟုတ်ပါဘူး။ “ထည့်နေကြတာပဲ”လို့ ပြောချင်သူ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီလို ထည့်ပေးတဲ့ အယ်ဒီတာက “ပညာသည်” မစစ်လို့ ဖြစ်မှာပါ။ ပညာသည် မပီသသူဟာ စာပေလောကမှာ ကြာကြာနေရာရနေမှာ မဟုတ်ပါဘူး။ စာဖတ်ပရိသတ်က ဒဏ်ခတ်တာခံရပြီး ပျောက်ကွယ်သွားမှာ အသေအချာပါ။ “ပညာသည်” ပီသသူမှန်သမျှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသလို တစ်ပါးသူကိုလည်း တန်းဖိုးထား လေးစားတတ်ကြပါတယ်လို့ ပြောပြလိုက်ပါရစေ။

လူထုစိန်ဝင်း

No comments: