ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
မြတ်စွာဘုရားက လူ့ဘ၀ကို ‘ဒုလ္လဘ’ ဟုဟောတော်မူခဲ့ပါတယ်။ ဒါကြောင့် လူ့ဘ၀ဆိုတာ အလွန်ရခဲတယ်လို့ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်လက်ခံထားကြတယ်။ ဒါပေမဲ့ ဒီကနေ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ မိမိတို့ အချင်းချင်း ‘ဒုလ္လဘ’ လို့သဘောမထား၊ ဘာမျှတန်ဖိုးမရှိတဲ့ အရာဝတ္ထုလိုသာ သဘောထားနေကြတယ်။ မိမိတို့ရဲ့ ‘အတ္တ’ ကို ထိခိုက်တယ်ထင်ရင် စိတ်မထင်ရင် မထင်သလို ခဏချင်းသတ်လိုက်ကြတယ်။ ဖျက်ဆီးလိုက်ကြတယ်။ အကယ်၍ သတ်ဖြတ်ဖျက်ဆီးတဲ့ အဆင့်ထိ မရောက်တောင် မထေမဲ့မြင်ပြုကြတယ်၊ အနိုင်ကျင့်ကြတယ်၊ ပြီးတော့ မိမိကပဲမှန်သယောင် အကြောင်းပြကြ၊ ဖြေရှင်းကြနဲ့၊ ဒီလိုဆိုမှဖြင့် ‘ဒုလ္လဘ’ ဆိုတာ ဘယ်လိုအဓိပ္ပာယ် ရှိနိုင်ပါတော့မလဲ။
“တခုတည်းကိုသာ မြင်သူသည် ပညာရှိဖြစ်၏။ အများကိုမြင်သူကားပညာရှိမဟုတ်” ဒီလို ပညာရှင်များ မိန့်ကြားတာ မှတ်သားဖူးတယ်။ လူတဦးတည်းကိုပဲ လူဖြူ၊လူမဲ တရုတ်၊ကုလားခွဲမြင်ကြတယ်။ ပိုဆိုးတာက တနိုင်ငံတည်းသားချင်း ကရင်၊ ကယား…….. မွန်၊ဗမာ…. ခွဲမြင်နေတယ်။ ဆွေမျိုး၊ သူစိမ်းခွဲတယ်။ သူဌေး၊ ဆင်းရဲခွဲတယ်။ ဂုဏ်ရှိ၊ ဂုဏ်မဲ့ခွဲတယ်၊ အာဏာရှိ၊ အာဏာမဲ့ခွဲတယ်။ ဒီလို လူတဦးတည်းကနေ အမျိုးမျိုးဖြစ်သွားကို ၀ိသေသန ပြုတယ်လို့ဆိုကြတယ်။ တရားကိုယ်အားဖြင့်တော့ အ၀ိဇ္ဇာ၏ မာယာပါပဲ။ သာမန်လူများကတော့ အ၀ိဇ္ဇာ၏ ‘မာယာအလှ’ ကိုသာမြင်တတ်ကြတယ်။ ၀ိဇ္ဇာ၏ ‘သစ္စာအလှ’ ကိုမမြင်တတ်ကြပါဘူး။ ဒါကြောင့် အ၀ိဇ္ဇာ၏ မာယာအလှမှာ နစ်မွန်းနေကြသူများအဖို့ ‘သမ္မုတိသစ္စာ’ အရ အရာရှိကြီးဖြစ်ချင်ဖြစ်နေမယ်၊ သူဌေးကြီး ဖြစ်ချင် ဖြစ်နေမယ်။ ဘယ်သူ ဘယ်ဝါပင်ဖြစ်ပါစေ ကိုယ်ကျင့်သိက္ခာရှုထောင့်ကကြည့်ရင်တော့ သာမန်လူ အဆင့်မှာပဲဝင်ပါတယ်။ ဒီထက်ပိုပြီး မမြင့်မားနိုင်။ ဒါကြောင့်သာ သူဟာ ‘ဒုလ္လဘ’ ဖြစ်တဲ့ လူ့ဘ၀ရဲ့’အနှစ်’ ကိုမမြင်ပဲ ‘အကာ’ ဖြစ်တဲ့ ဂုဏ်ပကာသန ပြည့်စုံမှုများကိုသာ မြင်ခြင်းဖြစ်တယ်။ ဂုဏ်ပကာသနပြည့်စုံမှုကိုမြင်ရင် အာရုံကိုယူလေ့ရှိတယ်လို့ ဆိုရမယ်၊ ဒီအခါ သူ့ရဲ့ သန္တာန်မှာ ချစ်ခြင်း(အဘိဇျွာ)နဲ့ မုန်းခြင်း(ဒေါမနဿ) တို့နှစ်ခုအနက် တခုခု ဖြစ်ပေါ်လာတတ်ပါတယ်။
မြတ်စွာဘုရားကလည်း အာရုံတခုခုကိုတွေ့မြင်တိုင်း ချစ်ခြင်းဖြစ်စေ၊ မုန်းခြင်းဖြစ်စေ၊ ဖြစ်ပေါ်မလာရလေအောင် သတိထားရမယ်၊ အာရုံကို အသေးစိတ်အထိ မကြည့်မိအောင် သတိထားရမယ်၊ အာရုံကို အသေးစိတ်ကြည့်မိပါက ချစ်ခြင်းဖြစ်စေ၊ မုန်းခြင်းဖြစ်စေ ဖြစ်ပေါ်လာတတ်တယ်။ အာရုံတခုခုကို မြင်လျှင် ‘မြင်ကာမျှ’ ကြားလျှင် ‘ကြားကာမျှ’ အဆင့်၌သာထားနိုင်အောင် လေ့ကျင့်ရမယ် လို့ဟောခဲ့ပါတယ်။ ဒီလိုလေ့ကျင့် စေတာက သက်ရှိသက်မဲ့ မည့်သည့်အာရုံကိုဖြစ်စေ အားလုံးမှာ ခန္တာငါးပါး၊ ရုပ်နာမ်နှစ်ပါးတို့ရဲ့ ဖြစ်ပျက်ကနေတဆင့် ‘သုညတ’ သဘောတမျိုးတည်းသာရှိကြောင်း သိစေလို၍ဖြစ်ပါတယ်။
သို့ပေမဲ့ ဒီလောကမှာရှိတဲ့ လူသားအားလုံးကိုမဆိုထားနဲ့ ဗုဒ္ဓ၏ အဆုံးအမများနဲ့ယဉ်ပါးနေတဲ့ ဗုဒ္ဓဘာသာဝင်များသည်ပင် အရာရာတိုင်းကို “အရိယာသစ္စာအမြင်” နဲ့ကြည့်တတ်ကြသူချည်း မဟုတ်ကြဘူး၊ “သမ္မုတိသစ္စာအမြင်” နဲ့သာ ကြည့်တတ်သူက များပါတယ်။ ဒါကြောင့် “အရိယာသစ္စာအမြင်” နဲ့ မကြည့်တတ်သေးမီ “သမ္မုတိသစ္စာအမြင်” နဲ့သာကြည့်တတ်တဲ့ ကာလမှာပင် “အရိယာသစ္စာအမြင်” သို့ဦးတည်တဲ့ “သမ္မုတိသစ္စာအမြင်” နဲ့ ကြည့်တဲ့ ကြည့်နည်းကို မြတ်စွာဘုရားက မင်္ဂလသုတ်တော်မှာ ဟောတော်မူထားပါတယ်။
မင်္ဂလသုတ်တော်အရ လူဆိုတာ မိမိတဦးတယောက်တည်း နေနိုင်စွမ်းမရှိ၊ သက်ရှိ သက်မဲ့ တန်ခိုးရှိ တန်ခိုးမဲ့ များနဲ့ အမှီသဟဲပြုပြီး နေကြရတယ်။ ဒါကြောင့်သာ လူမှာပတ်ဝန်းကျင်ဆိုတာ ရှိလာပြီး မလွဲမသွေ ဆက်ဆံနေကြတယ်၊ မဆက်ဆံပဲ နေလို့မရပါဘူး။ ဒီလိုဆက်ဆံတဲ့နေရာမှာ ကိုယ်ဖြင့်ဆက်ဆံပါက “ကာယကံ” လို့ဆိုတယ်။ နှုတ်နဲ့ဆက်ဆံရင် “၀ဇီကံ” လို့ဆိုတယ်။ စိတ်နဲ့ဆက်ဆံရင် “မနောကံ”လို့ ဆိုရတယ်။ ဒီကံသုံးပါးမှာ တပါးပါးနဲ့ ပတ်ဝန်းကျင်ကို ဆက်ဆံရမြဲဖြစ်တယ်။ ကောင်းသော ကာယကံ နဲ့ဆက်ဆံရင် “သုစရိုက်ကံ” မည်တယ်။ မကောင်းတဲ့ ကာယကံနဲ့ဆက်ဆံရင် “ဒုစရိုက်ကံ” မည်တယ်။ ဒီလိုပဲ ၀ဇီကံ မနောကံ တို့နဲ့ ဆက်ဆံတဲ့နေရာမှာလည်း ကောင်းမွန်တဲ့စေတနာပါရင် “သုစရိုက်ကံ” မည်ပြီး မကောင်းတဲ့စေတနာပါရင် “ဒုစရိုက်ကံ” မည်ပါတယ်။ ဒုစရိုက်နဲ့ သုစရိုက်ဆိုတာ တကယ်တော့ သာမန်လူနဲ့ မြင့်မြတ်တဲ့လူတို့ရဲ့ နယ်ခြားမျဉ်း ဖြစ်တယ်။
ရခဲလှတဲ့ လူ့ဘ၀ကို မြင့်မြတ်တဲ့လူတို့ရဲ့ နယ်နိမိတ်အတွင်းမှာသာ ရှိစေဖို့ မြတ်စွာဘုရားက မင်္ဂလသုတ်တရားတော်ကို ဟောတော်မူခြင်းဖြစ်ပါတယ်။ မင်္ဂလသုတ်အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ရခဲလှတဲ့ လူ့ဘ၀ကို ထိုက်ထိုက်တန်တန် ရတယ်လို့ ဆိုရမယ်။ မင်္ဂလသုတ် အတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ပထမဦးဆုံးအလေးထားရမဲ့အချက်က “ပတ်ဝန်းကျင်” ဖြစ်တယ်။ ပြီးတော့ “ဓမ္မ” ဖြစ်တယ်။ ပြီးတော့ “မိမိကိုယ်” ဖြစ်တယ်။ ပတ်ဝန်းကျင်၌ အလေးထားမှုကို “လောကာဓိပတိ” ၊ ဓမ္မ ၌ အလေးထားမှုကို “ဓမ္မာဓိပတိ” ၊ မိမိကိုယ်၌ အလေးထားမှုကို “အတ္တာဓိပတိ” လို့ဆိုရမယ်။ မင်္ဂလသုတ်က ဒီအလေးထားမှု သုံးမျိုးလုံးကို ညွှန်ပြပါတယ်။
မိမိကိုယ်ကို အလေးထားတတ်သူဖြစ်ရလေအောင် မိမိကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်ဖို့လိုတယ်။ ယဉ်ကျေးသိမ်မွေ့သူဖြစ်လာစေဖို့ မိမိစိတ်ကို နိုင်နင်းအောင် ဆုံးမနိုင်စွမ်းရှိသူ ဖြစ်ရမယ်။ ယဉ်ကျေးသိမ်မွေ့တဲ့စိတ်က ချမ်းသာကို ဆောင်တတ်ပါတယ်။ ဒီအပြင် ဗဟုသုတ ရှာမှီးရမယ်။ အတတ်ပညာ သင်ယူရမယ်။ ဗဟုသုတရှာမှီးခြင်း၊ အတတ်ပညာသင်ယူခြင်း ဆိုတာတွေက မိမိရဲ့ ဘ၀မှာ ကြိုတင်ပြုလုပ်ထားရမဲ့ ရှေးဦးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အမှန်တော့ ကျောင်းသားဘ၀ ပညာရှာမှီးရမဲ့ အရွယ်ကတည်းက ပြည့်စုံအောင် ဆောင်ရွက်ထားရမဲ့ လုပ်ငန်းများဖြစ်ပါတယ်။
အတတ်ပညာ၊ စီးပွားဥစ္စာ၊ အဆွေခင်ပွန်း၊ ချမ်းသာသုခ၊ ကုသိုလ်ကောင်းမှု၊ တရားဘာဝနာတို့ ဆိုတာ အဆင့်ဆင့်သော ဘ၀၏ ကွန်းခိုစခန်း များဖြစ်ကြတယ်လို့ နီတိကျမ်းက ဆိုပါတယ်။ ဒီဘ၀ရဲ့ အဆင့်လိုက်သတ်မှတ်ထားတဲ့ ကွန်းခိုစခန်း များဆီကို မရောက် ရောက်အောင် သွားကြရပါမယ်။ ဒီလိုသွားကြတဲ့နေရာမှာ ပထမအဆင့်အနေနဲ့ ကိုယ့်စိတ်ကို ထိန်းနိုင်တဲ့ အရည်အချင်းပြည့်ပုဂ္ဂိုလ်ဖြစ်အောင် ဆိုင်ရာ ဆိုင်ရာ ပညာရပ်များနဲ့ ဗဟုသုတများကို ပြည့်ဝသည်ထက် ပြည့်ဝအောင် ကြိုးပမ်းထားရပါမယ်။
အဲ့ဒီနောက် အိမ်ထောင်သည်ဘ၀ကို ရောက်လာတဲ့အခါ စီးပွားဥစ္စာကို ရှာဖွေရမယ်။ မိမိနဲ့သင့်လျော်လျောက်ပတ်တဲ့ ပတ်ဝန်ကျင်ဖြစ်အောင် ကြိုးစားရမယ်။ အကြောင်းအားလျော်စွာ ရောက်ရာပတ်ဝန်းကျင်မှာ အားလုံးနဲ့အဆင်ပြေအောင် အားထုတ်ရမယ်။ လူဆိုးနဲ့ လူကောင်း ခွဲခြားတတ်ရမယ်။ လူဆိုးနဲ့တွေ့ရင်လဲ လူဆိုးအလျောက်၊ လူကောင်းနဲ့တွေ့ရင်လဲ လူကောင်းအလျောက် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရမယ်။ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း အပြစ်ကင်းတဲ့ လုပ်ငန်းမျိုးကိုသာ ရွေးချယ်လုပ်ဆောင်တတ်ရမယ်။ ဒီအပြင် ဆိုင်ရာပုဂ္ဂိုလ်တို့ရဲ့ ယုံကြည်ကိုးစားမှုကို ခံရလေအောင် လုပ်ငန်းကိုရှုပ်ရှုပ်ထွေးထွေးမလုပ်ဘဲ ရှင်းရှင်းပြတ်ပြတ် လုပ်ကိုင်ရမယ်။
ပြီးတော့ အမိအဖတို့ကိုရော၊ ဆွေမျိုးသားချင်းများကိုရော၊ မိသားစုကိုရော ၀တ္တရားနဲ့အညီ ထောက်ပံ့ရပါမယ်။ ဒေသနာတော်အရဆိုရင် မိမိဆည်းပူးခဲ့တဲ့ အတတ်ပညာများနဲ့ ဗဟုသုတများ၊ မိမိရှာဖွေခဲ့တဲ့ စည်းပွားဥစ္စာများ၊ မိမိပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်များဟာ မိမိတဦးတည်းခံစားဖို့မဟုတ်။ လောကအတွက်ပါ ခံစားဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် လောကအတွက်ပါ ထိုက်သင့်သလို ဝေငှပေးရပါမယ်။ တကယ်တော့ လောကငြိမ်းချမ်းမှသာ မိမိလည်းငြိမ်းချမ်းမှာပါ၊ လောကချမ်းသာမှ မိမိလည်းချမ်းသာမှာပါ။ အကယ်၍များ မိမိပတ်ဝန်းကျင်က ဆူပွက်နေရင် မိမိအနေနဲ့ရော ဘယ်လိုများချမ်းသာနိုင်ပါ့မလဲ။
အိမ်ထောင်သည်ဘ၀ ဒုတိယအရွယ်မှာ အပေါင်းအသင်း အစုံဆုံးအရွယ်ပါ။ စီးပွားဥစ္စာရှာဖွေရတဲ့အရွယ်ဆိုတော့ ကိုယ်ကျင့်သိက္ခာ အယိုယွင်းနိုင်ဆုံး အချိန်ကာလလည်းဖြစ်တယ်။ ဒါကြောင့် “အတ္တာသမာပဏိဓိ” အရ မိမိကိုယ်နဲ့စိတ်ကို ထိန်းနိုင်ဖို့ အလိုအပ်ဆုံးအရွယ်ပါ။ ဒီကာလမှာ ပုထုဇဉ်တို့ရဲ့ ဓမ္မတာအရ စိတ်ဆိုတာ မကောင်းမှုမှာပဲ မွေ့လျော်တတ်တဲ့ သဘာဝအရ ပျော်ချင်တယ်၊ ပါးချင်တယ်၊ အရက်သေရည်သောက်ချင်တယ်၊ အသုံးအစွဲဖွာချင်တယ်၊ ဒီကာလမျိုးမှာ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှ တော်ကာကျမယ်။ မကောင်းမှုမှန်သမျှကို ဝေးဝေးကရှောင်နိုင်အောင် ကြိုးစားရပါမယ်။ မိမိမှာ ပစ္စည်းဥစ္စာ ပြည့်စုံနေရင် သူတပါးရဲ့ ပစ္စည်းဥစ္စာကို လိုချင်တဲ့စိတ်မရှိရဘူး၊ ဒါက မကောင်းမှုကို ရှောင်ကြဉ်ချင်းသဘောဖြစ်တယ်။ ဒီသဘောက လိုက်နာရလွယ်တယ်။ အကယ်၍များ ကိုယ်တိုင်က “ငတ်” နေမယ်၊ သူတပါးရဲ့ပစ္စည်းဥစ္စာကလည်း အလွယ်တကူရနိုင်တဲ့ အခြေအနေမျိုးနဲ့ကြုံတွေ့နေမယ်ဆိုရင် မတော်မတရား လိုချင်တတ်ကြတယ်။ ဒီလိုအခြေအနေမှာ မယူမိအောင်ရှောင်ကြဉ်နိုင်တာကို အထူးသဖြင့် ရှောကြဉ်ခြင်းလို့ဆိုရမယ်။ ဒီသဘောက လိုက်နာနိုင်ဖို့ အလွန်ခဲယဉ်းတယ်။ ခဲယဉ်းပေမဲ့ လိုက်နာနိုင်အောင် ကြိုးပမ်းရမယ်။ သေရည်သေရက် သောက်စားခြင်းနဲ့ ဂုဏ်တုဂုဏ်ပြိုင်ပြချင်လို့ပဲဖြစ်ဖြစ်၊ ကြွားဝါချင်လို့ပဲဖြစ်ဖြစ်၊ အခြားမသင့်လျော်တဲ့ အကြောင်းတမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် အသုံးအစွဲကြီးခြင်းက ဘ၀ပျက်ခြင်းရဲ့ အကြောင်းအရင်းဖြစ်တယ်။ ဒါကြောင့် သေရည်သေရက်သောက်ခြင်းနဲ့ အသုံးအစွဲကြီးခြင်းကိုလည်း ရှောင်အပ်တယ်။ အထူးသဖြင့် ဒီအရွယ်မှာ သူ့ကျေးဇူးကိုသိမှုနဲ့ ဆိုဆုံးမရလွယ်ကူမှုဟာ အလွန်အရေးကြီးပါပေတယ်။
တတိယအရွယ် ရောက်တဲ့အချိန်မှာတော့ စီးပွားဥစ္စာထက် တရားဓမ္မကို ပိုပြီးအလေးထားရမယ်။ ဒါနကိုလည်းပြုရမယ်၊ သီလကိုလည်းစောင့်ရပါမယ်။ ဒါနပြုတဲ့နေရာမှာ မိမိထက်မြင့်မြတ်တဲ့သူကိုပြုရင် “ပူဇော်” တယ်လို့ဆိုရမယ်။ မိမိနဲ့တန်းတူသူကိုပြုရင်တော့ “ကူညီ” တယ်မည်ပါတယ်။ မိမိထက်နိမ့်ကျတဲ့သူကိုပြုရင် “ချီးမြောက်” တယ်လို့ဆို ကြပါတယ်။ တချို့သော ကောင်းမှုရှင်များက ကျောင်း၊ ကန်၊ ဘုရား တည်ထားတဲ့နေရာမှာ သိန်းပေါင်းများစွာ အကုန်ကျခံ လှူဒါန်းဖို့ စေတနာရောက်ကြပေမဲ့ ဆင်းရဲ နွမ်းပါးသူများကို ရာဂဏန်း၊ ထောင်ဂဏန်းလောက် ချီးမြောက်ဖို့ ၀န်လေးတတ်ကြတယ်။ လယ်တီဆရာတော်ဘုရားကြီးက ဒါနနဲ့ပတ်သက်လို့ ဥတ္တမပုရိသဒီပနီမှာ “အကျိုးကို လိုလားသောစိတ်ဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အမြတ်ရွေးချယ်မှု၊ အကျိုးကြီးရာသော နည်းလမ်းကိုရွေးချယ်မှုတို့နှင့် ပြုသော ကုသိုလ်သည် ပါရမီကုသိုလ်မျိုးမဟုတ်။ လှူဒါန်းမှုကိုသာ အလေးဂရု အထူးပြုသည်၊ အကျိုးကို အမှုမစိုက်၊ ဤသို့ နှလုံးထား၍ လှူဒါန်းသော ကုသိုလ်သည်သာ ပါရမီကုသိုလ်မျိုးဖြစ်၏” ဟုမိန့်တော်မူထားပါတယ်။ ဒါကြောင့် ရတနာသုံးပါးနဲ့ စေတီပုထိုး၊ ကျောင်းကန်များမှာသာမက ဆင်းရဲနွမ်းပါးသူများနဲ့ အတိဒုက္ခရောက်နေကြသူများကို ပေးကမ်းလှူဒါန်းရင်လည်း အမြတ်ဆုံးကုသိုလ်ဖြစ်ပါတယ်။
မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးလည်း မိမိလိုပင် အတိတ်ကံ မြင့်မားမှုကြောင့်သာ လူဖြစ်လာကြရသူများဖြစ်တယ်။ ဒုလ္လဘ ဖြစ်တဲ့ လူ့ဘ၀ ကိုရကြသူများဖြစ်ကြပါတယ်။ ဒါကြောင့် မိမိနဲ့ အမြဲတစေဆက်ဆံနေရတဲ့ လူအားလုံးသည် လေးစားထိုက်သူ၊ တန်ဖိုးထားထိုက်သူများဖြစ်ကြတယ်။ လေးစားထိုက်သူများအဖြစ်ခံယူပြီး လေးစားတာနဲ့ တပြိုင်နက် မိမိကိုယ်ကို နှိမ့်ချပြီးသားလည်းဖြစ်တယ်။ အရာရာကို ခွင့်လွှတ်ပြီးသားးလည်းဖြစ်တယ်။ ဗြဟ္မစိုရ်တရား ပွားများပြီးသားးလည်းဖြစ်တယ်။ တကယ်တော့ တတိယအရွယ် ဆိုတာ တရားဓမ္မ လေ့လာမှုနဲ့ပတ်သက်လို့ အပြည့်စုံဆုံး လေ့လာလိုက်စားရမဲ့ အရွယ်ဖြစ်တယ်။ ဒါကြောင့် ရဟန်းတော်များကို ဖူးမြင်ပြီး ရဟန်းတော်များ ဟောကြားတော်မှုတဲ့ သစ္စာလေးပါးနှင့်စပ်သော တရားတော်များကို နားကြားရမယ်။ ရဟန်းတော်များက ဟောကြားတော်မူလိုက်တဲ့အတိုင်း ကျင့်ကြံအားထုတ်ရမယ်။ ပြီးတော့ မိမိကျင့်ကြံအားထုတ်တဲ့အခါ တွေ့ကြုံရမှုတွေကို တရားပြဆရာတော်နဲ့ ဆွေးနွေးရမယ် ဒါမှသာ မိမိရဲ့ ဘာဝနာအဆင့်ကို နားလည်နိုင်မှာ ဖြစ်ပါတယ်။
မင်္ဂလာသုတ်တရားတော်က လူ့လောကမှာ လူအဖြစ် နေထိုင်တတ်ဖို့ ဟောကြားတော်မှုတဲ့ ဒေသနာဖြစ်တယ်။ လူမျိုးမခွဲခြား၊ လူတန်းစားမခွဲခြား “လူ” ကို “လူ” အဖြစ် မြင်တတ်အောင်၊ လေးစားစွာဆက်ဆံတတ်အောင်၊ အဲ့ဒီလို ဆက်ဆံရာက အတိုင်းမသိ အာနုဘော်ကြီးမားတဲ့ ပါရမီကုသိုလ်ကို ရယူပြီး သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်တဲ့အထိ လူချမ်းသာနဲ့ နတ်ချမ်းသာကို လက်တွေ့ခံစားနိုင်ရန် ဖြစ်ပါတယ်။
အဲ့ဒီလို ပတ်ဝန်းကျင်ရှိ လူအပေါင်းကို လေးလေးစားစား တန်ဖိုးထားဆက်ဆံပြီး ကျင့်ဝတ်နဲ့အညီ ကိုယ့်ကျင့်သိက္ခာကို အလေးအနက်ထားဆက်ဆံလာတဲ့အခါ ကံသုံးပါးစလုံး ဒုစရိုက်ကံများက ကင်းပြီး သုစရိုက်ကံများနဲ့ ပုညကိရိယာများသာ ထွန်းကားပြီး မွေ့လျော်ဖွယ်ရာ ကောင်းလှတဲ့ လောကဖြစ်လာပါလိမ့်မယ်။
ဝန်ခံချက်။ ။ ဆရာကြီး ဦးရွှေအောင်၏ အတွေးအမြင်များကို မှီငြမ်း၍ ပြန်လည်ခံစားမျှဝေပါသည်။
Thursday, June 17, 2010
တန်ဖိုးထားရမည့် လူ့ဘဝ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment