Saturday, July 3, 2010

ရွှေ့ပြောင်းအလုပ်သမား တစ်ဦး လုပ်ခလစာမရ ၊ အလုပ်သမား သမဂ္ဂနှင့်အတူ ဆန္ဒပြ တောင်းခံ

လစာမရလို့ ဆန္ဒပြ
လွန်ခဲ့သော ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ၊ ကယောင်းဂီပြည်နယ် အန်ယန်မြို့တော် ဒုံအန်မြို့နယ်ရှိ ကုမ္ပဏီတစ်ခု ရှေ့တွင် ၊ ဆောအူးလ် - ကယောင်းဂီ- အင်ချောန်ဒေသ ရွှေ့ပြောင်းအလုပ်သမား သမဂ္ဂ (Migrant Trade Union: MTU) က ဦးဆောင်ပြီး ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည် ။ ၄င်း ကုမ္ပဏီတွင် အလုပ်လုပ်လာခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား မစ္စတာ အီး သည် ၂၀၀၈ ခုနှစ်ကတည်းက ရရန်ကျန်ရှိနေသည့် လုပ်ခလစာ ၅လစာ ယခုချိန်ထိ မရသေးသည့်အတွက် ထိုသို့ ဆန္ဒပြတောင်းခံ ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုပါသည် ။

ကျန်သည့်လစာ ပေးပါ့မည်
ကုမ္ပဏီရှေ့ဆန္ဒပြပွဲ အပြီးတွင် ၊ ဆန္ဒပြသူတို့သည် စက်ရုံ အတွင်း၌ ကုမ္ပဏီသူဌေးနှင့် တွေ့ခဲ့ကြရာ ၊ မစ္စတာ အီး ရရန်ကျန်ရှိနေသော လစာ ၅လစာကို ပေးမည်ဟု ကုမ္ပဏီသူဌေးက ကတိပေးခဲ့ကြောင်း သိရသည် ။ မစ္စတာ အီး ၄င်းကုမ္ပဏီမှ အလုပ်ထွက်လာပြီးနောက် ကုမ္ပဏီအမည်ရော ပိုင်ရှင်ပါ ပြောင်းသွားခဲ့သည်ဟု ဆိုသည် ။ ယောက္ခမ၏ ကုမ္ပဏီကို သားမက်က လွှဲပြောင်းလက်ခံ လာခြင်းဖြစ်ကြောင်း ၊ သားမက်သည် နောက် သူဌေးဖြစ်သွားသဖြင့် ဥပဒေအရ ယခင်သူဌေးက ပေးရန်ရှိသည့် လစာကြွေးကျန်များကို ပေးရန် တာဝန်မရှိတော့ကြောင်း ၊ သို့ရာတွင် လက်ရှိသူဌေးမှာ ယခင်က အတူတူ အလုပ်လုပ်လာကြသူများဖြစ်သဖြင့် ရဲဘော်ရဲဘက်တွေလို သဘောထားပြီး ၊ ကျန်နေသည့် လစာ ၅လစာကို ပေးမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

ဥပဒေအရ မရနိုင်သောလစာ
မစ္စတာအီးအနေဖြင့် ၄င်း၏ လက်ကျန်လစာများ ရရှိရေးအတွက် ယခင်အခါများက စက်ရုံသို့ အကြိမ်ကြိမ်လာရောက်ပြီး တောင်းခံခဲ့ဖူးကြောင်း ၊ သို့သော် အကြိမ်ကြိမ်ငြင်းဆန်နေသဖြင့် ၊ အလုပ်သမားရုံးသို့ တိုင်ကြားထားခဲ့ကြောင်း ၊ အလုပ်သမားရုံးကလည်း ဥပဒေအရ တောင်းခံ၍ မရနိုင်ကြောင်းကိုသာ ရှင်းလင်းပြောပြခဲ့ပြီး ၊ ဟုတ်တိပတ်တိ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ၊ ထို့ကြောင့် ယခုကဲ့သို့ ဆန္ဒပြသည့်နည်းဖြင့် တောင်းခံရခြင်းဖြစ်ကြောင်း သိရသည် ။

ဆန္ဒပြခြင်း၏ အကျိုးကျေးဇူးများ
မည်သို့ပင်ဆိုစေကာမူ ၊ ယခင်က မပေးနိုင်ပါဟု အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပြီး အလုပ်သမားကြီးကြပ်ရေး အရာရှိများပင်လျင် ဥပဒေအရ တောင်းဆို၍ မရနိုင်ပါဟု လက်လွတ်ထားသည့် ကိစ္စကို ဆန္ဒပြခြင်းဖြင့် အရယူနိုင်ခဲ့သည်မှာ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ၏ အောင်ပွဲတစ်ခု ဟု ဆိုရမည်သာ ဖြစ်ပါသည် ။

ထို့ပြင် ၊ ယခင်က ကိုရီးယားအမျိုးသားနှင့် လက်ထပ်ထားသည့် ရွှေ့ပြောင်းအလုပ်သမတစ်ဦး ကိုယ်ဝန်ဆောင်ကာလတွင် လင်ဖြစ်သူက အနိုင်ကျင့်ရာ ၊ မခံနိုင်သဖြင့် လက်တုန့်ပြန် သတ်ဖြတ်မိလိုက်ရာမှ ၊ တရားရုံးက သေဒဏ်ကျခံစေရန် ဆုံးဖြတ်ချက်ကို ၊ နိုင်ငံခြားသားအရေး စိတ်ပါဝင်စားသည့် ကိုရီးယား လူထုအသင်းအဖွဲ့ (Civil Organization) များ စုပေါင်းပြီး ဆန္ဒပြတောင်းဆိုရာ တရားသေလွတ်ပေးခဲ့သည့် သာဓကလည်း ရှိခဲ့သည်ဟု ဆိုသည် ။

သမိုင်းပေးတာဝန်ကျေပွန်ခဲ့သူများ
ထိုကဲ့သို့သော ဆန္ဒပြပွဲများကြောင့် ကိုရီးယားနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ ဥပဒေများ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့သည်ဟု ဆိုသည် ။ ၁၉၉၅ ခုနှစ်မှ စ၍ သင်တန်းသားစနစ်ဖျက်သိမ်းရေး ၊ သင်တန်းသားများ အလုပ်သမားအခွင့် အရေးရရှိရေးနှင့် ပတ်သက်၍လည်းကောင်း ၊ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း တွင်လည်း အီးပီစနစ် ပေါ်ပေါက်လာရေးအတွက် တက်ကြွစွာ ဆန္ဒပြတောင်းဆို လာကြသူများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ရှေ့တန်းမှ ရှိနေခဲ့ပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ကြကြောင်း သိရသည် ။

စိတ်မဝင်စားကြ ၊ မသိကြလေပြီ
ယခုအခါတွင်မူ ကိုရီးယား အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအား သမဂ္ဂများ ဖွဲ့စည်းခွင့် အပါအဝင် အခြေခံ အလုပ်သမား အခွင့်အရေးများကို ဥပဒေအရ ခွင့်ပြုထားသော်လည်း ၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ကိစ္စ စိတ်ပါဝင်စားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မရှိသလောက်ရှားပါးနေကြောင်း ၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ဥပဒေ နှင့် စည်းမျဉ်း စည်းကမ်းများသည် ကိုရီးယားအစိုးရက သဘောကောင်းသဖြင့် အလိုလိုပေါ်လာသည်ဟု ထင်မှတ်နေကြသည့် မြန်မာအလုပ်သမားများမှာ အများစုလိုဖြစ်နေကြောင်း ၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ အကြောင်း မကြားဖူးသည့် မြန်မာအလုပ်သမားမှာလည်း ရာနှုန်းပြည့်နီးပါး ဖြစ်နေကြောင်း ၊ ဥပဒေက ခွင့်မပြုထားသော ကိစ္စများကိုပင်လျင် ဆန္ဒပြပြီး တောင်းဆိုလျင် ရပါလား ဟူသော အသိ အမြင်များ မြန်မာအလုပ်သမားများတွင် ရှိမည်မထင်ပါဟု ဝေဖန် ပြောဆို နေသည်များလည်း ရှိနေကြောင်း သိရသည် ။

ပြုပြင်ဖို့လိုနေသေးတဲ့ ကိုရီးယား
ကိုရီးယားနိုင်ငံ၏ အီးပီစနစ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ အလုပ်သမားဆိုင်ရာ စံချိန်စံညွှန်းများနှင့် များစွာ ကွာဟနေသေးကြောင်း ၊ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများမှာလည်း လူ့အခွင့်အရေး (Human Rights) စံချိန်စံညွှန်းများနှင့် အံမဝင်သည်များ အများအပြား ရှိနေသဖြင့် ၊ ရွှေ့ပြောင်းအလုပ်သမားများကို လူလိုသူလို သဘောထားသည့် ဥပဒေများပေါ်ပေါက်လာရေးအတွက် ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် တက်ကြွစွာ ဆန္ဒပြတောင်းဆိုသွားကြဖို့ လိုအပ်နေကြောင်း ၊ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုရီးယားလူထုအဖွဲ့အစည်းများက ဝေဖန် ထောက်ပြနေကြကြောင်း သိရသည် ။


No comments: