အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဟာ အသက်အရွယ် အိုမင်းလာပြီမို့ သူ့စီးပွားရေးလုပ်ငန်းကြီးကို လွဲပြောင်းယူမယ့် အမွေခံလူတစ်ယောက် ရွေးချယ်ဖို့ အချိန်ရောက်လာပြီလို့ သိလိုက်တယ်။
သူဟာ သူ့ရဲ့ညွန်ကြားရေးမှူးတွေ၊ သားသမီးတွေကို ရွေးချယ်ခန့်အပ်ရမယ့်အစား တခြား ကွဲပြားတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
ဒီနောက် သူ့ကုမ္ပဏီထဲက အရာရှိငယ်တွေအားလုံးကို သူ့ဆီ တစုတဝေးတည်း လာခဲ့ကြဖို့ ဆင့်ခေါ်ပါတယ်။
သူက “ငါ့အနေနဲ့ ဒီကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌရာထူးက ဆင်းပေးဖို့နဲ့ ဥက္ကဋ္ဌသစ်တစ်ယောက်ကို ရွေးချယ်ဖို့ အချိန်ရောက်လာပြီ။ မင်းတို့ထဲက တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ ငါ စိတ်ဆုံးဖြတ်ထားပါတယ်”လို့ ပြောကြားလိုက်တယ်။
ဒီစကားကြားတော့ အရာရှိငယ်တွေ အကြီးအကျယ် စိတ်ထိခိုက်သွားကြတယ်။
ဒါပေမယ့် သူဌေးကြီးက သူ့စကားကို ထပ်ဆက်တယ်။
“ဒီနေ့ မင်းတို့ တစ်ဦးချင်းစီကို ငါ မျိုးစေ့တစ်စေ့စီ ပေးသွားမယ်။ အထူးစီမံထားတဲ့ မျိုးစေ့တစ်စေ့---။ ဒီမျိုးစေ့ကို မင်းတို့ စိုက်ပျိုးတာ၊ ရေလောင်းတာတွေ လုပ်ပေးစေချင်တယ်။ ပြီး ဒီနေ့ကစလို့ တစ်နှစ်ကြာပြီးတဲ့အခါ ငါ မင်းတို့ကို ပေးလိုက်တဲ့မျိုးစေ့က စိုက်ပျိုးလို့ ရလာမယ့်ဟာတွေနဲ့အတူ ဒီနေရာကို မင်းတို့ ပြန်လာစေချင်တယ်။ ဒီနောက် မင်းတို့ယူလာတဲ့ အပင်တွေပေါ်မူတည်ပြီး ငါ အဆုံးအဖြတ်ပေးမယ်။ ငါဆုံးဖြတ် ရွေးချယ်လိုက်တဲ့ လူဟာ ငါ့နေရာကို အစားဝင်ယူမယ့် ဥက္ကဋ္ဌဖြစ်မှာပဲ။”
ဂျင်လို့ခေါ်တဲ့ အရာရှိငယ်တစ်ယောက်လည်း အဲဒီနေ့က အဲဒီနေရာမှာရှိနေခဲ့တယ်။ တခြားသူတွေလိုပဲ သူလည်း မျိုးစေ့တစ်စေ့ လက်ခံရရှိခဲ့တယ်။
သူ အိမ်ပြန်ပြီးတော့ သူ့ဇနီးသည်ကို ဖြစ်ခဲ့တဲ့ဇာတ်ကြောင်းလေးကို အားပါးတရ ပြောပြတယ်။
ဇနီးသည်က သူ့အတွက် ပန်းအိုးတစ်လုံးရယ်၊မြေသားနဲ့ သစ်ရွက်ဆွေးမြေသြဇာတွေရယ် စီစဉ်ပေးပြီး သူက မျိုးစေ့ကို အဲဒီအိုးထဲမှာ ထည့်ပျိုးတယ်။
နေ့စဉ်နေ့တိုင်းပဲ ရေလောင်းလို့၊ မျိုးစေ့ကနေ အညှောင့်ထွက်လာမလား သူစောင့်ကြည့်တယ်။
သုံးပတ်လောက်ကြာလာပြီးတဲ့နောက် အခြားအရာရှိငယ်တစ်ချို့ သူတို့ရဲ့မျိုးစေ့တွေ၊ အပင်ပေါက်လာကြတာနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတွေ လုပ်လာတယ်။
ဂျင်လည်း သူ့မျိုးစေ့ကို တစိုက်မတ်မတ် စောင့်ကြပ်စစ်ဆေးတယ်။ ဒါပေမယ့် ဘာတစ်ပင် တမွေးမှ ပေါက်လာတာတော့ မတွေ့ရဘူး။
ဒီလိုနဲ့ သုံးပတ်၊လေးပတ်၊ငါးပတ်တာ အချိန်တွေ ကုန်သွားတယ်။ မျိုးစေ့က မျိုးစေ့အတိုင်း ရှိနေဆဲပါပဲ။
အဲဒီအချိန်မှာ တခြားသူတွေကတော့ သူတို့ရဲ့ အပင်တွေအကြောင်းကို ကျယ်ကျယ်လောင်လောင်ပြောဆိုလို့ နေကြပြီ။
ဂျင်တစ်ယောက်ပဲ ပြောစရာ အပင်ကမရှိ။ ဒီတော့ သူဟာ ရွေးချယ်ပွဲမှာ ရှုံးနိမ့်မယ့်သူ တစ်ယောက်လို ခံစားလာရတယ်။
ခြောက်လတာ ကုန်ဆုံးသွားတယ်။ ဂျင်ရဲ့မျိုးစေ့ချထားတဲ့အိုးမှာ ဘာပင်မှ ပေါက်မလာသေးဘူး။ သူ့မျိုးစေ့ကို သူအပင်မပေါက်နိုင်အောင် သတ်ခဲ့မိပြီလို့ ဂျင် တွေးထင်လာမိတယ်။ သည့်ပြင် တခြားသူတွေက ထွှားကြိုင်းတဲ့အပင်တွေ ပိုင်ဆိုင်ထားသလောက် သူ့ကျ တပင်တလေမျှ မရှိတဲ့အဖြစ်ပါလား။ သို့ပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီအကြောင်း တစွန်းတစမျှ သူ မဖွင့်ဟခဲ့ပါဘူး။
သူဟာ မျိုးစေ့ကို တစိုက်မတ်မတ် ရေလောင်းနေဆဲ။ မြေသြဇာတွေကျွေးနေဆဲ။ မျိုးစေ့ကနေ သူအရမ်းကို အပင်ပေါက်လာစေချင်နေတယ်လေ။
နောက်ဆုံး တစ်နှစ်ပြည့်သွားတော့ ကုမ္ပဏီရဲ့အရာရှိငယ်တွေဟာ အစစ်အဆေးခံယူဖို့ သူတို့စိုက်ပျိုးခဲ့တဲ့ အပင်တွေကို သူဌေးကြီးဆီ ယူဆောင်လာကြတယ်။
ဂျင်က သူ့ဇနီးသည်ကို “ ငါ ဗလာအိုးချည်းအတိုင်းတော့ ယူမသွားချင်ဘူး” လို့ပြောတယ်။
ဒါပေမယ့် သူမက ဘာပဲဖြစ်ဖြစ် ရိုးသားဖို့ တိုက်တွန်းတယ်။
ဂျင်တစ်ယောက် အတော့်ကိုမအီမလည်ဖြစ်သွားတယ်။ ဒါဟာ သူ့ဘ၀ရဲ့ စိတ်ကသိကအောက်ဖြစ်စရာ အကောင်းဆုံးအချိန်လည်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူ့ဇနီးသည် မှန်တယ်ဆိုတာ သူသိတယ်။
နောက်ဆုံး သူဟာ အပင်မရှိတဲ့အိုးကို ကော်မတီခန်းမထဲ သယ်ဆောင်သွားခဲ့တယ်။
ကော်မတီခန်းမထဲ ဂျင်ရောက်သွားတဲ့အချိန်မှာတော့ တခြားအရာရှိငယ်တွေ စိုက်ပျိုးယူလာတဲ့ အပင်မျိုးစုံဟာ ဂျင်ကို အံ့သြမင်တက်သွားစေတယ်။ သူတို့တွေဟာ အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လှပတင့်တယ်နေကြတယ်။
ဂျင်တစ်ယောက် သူ့ဗလာအိုးကို ကြမ်းပြင်ပေါ် ချလိုက်တာနဲ့ သူ့လုပ်ဖော်ကိုင်ဖက်အများစုက ၀ိုင်းရယ်ကြတယ်။ အနည်းစုလောက်သာ သူ့အတွက် စိတ်မကောင်းဖြစ်ကြတယ်။
ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးဟာ ရောက်လာတာနဲ့ ခန်းမကို ခြုံငုံသုံးသပ်ကြည့်ရင်း အရာရှိငယ်တွေကို နှုတ်ခွန်းဆက်တယ်။
ဂျင်ကတော့ နောက်ဖက်မှာ ပုန်းကွယ်နေဖို့ ကြိုးစားတယ်။
“အိုး-- မင်းတို့စိုက်ပျိုးယူလာတဲ့ သစ်ပင်ပန်းမန်တွေက အံ့မခန်းပါပဲလားဟေ့။” ဥက္ကဋ္ဌကြီးက စကားဆိုလိုက်တယ်။
“ဒီနေ့ မင်းတို့ထဲက တစ်ယောက်ကို ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခန့်အပ်မယ်။
တဒင်္ဂအတွင်းမှာပဲ အိုးချည်းဗလာနဲ့ ခန်းမရဲ့အနောက်ဖက်မှာရှိနေတဲ့ ဂျင်ကို ဥက္ကဋ္ဌကြီး လှမ်းမြင်လိုက်တယ်။ သူဟာ ဘဏ္ဍာရေးဆိုင်ရာ ညွန်ကြားရေးမှူးကို ဂျင်ကို အရှေ့ခေါ်လာဖို့ ညွှန်ကြားလိုက်တယ်။
ဂျင် တုန်လှုပ်ချောက်ချားသွားတယ်။ “ဥက္ကဋ္ဌကြီးတော့ ငါ အရည်အချင်း မရှိတဲ့ကောင်ဆိုတာ သိသွားပြီ။ ငါ့ကို အလုပ်ဖြုတ်ပစ်တော့မယ်နဲ့ တူတယ်”လို့ စိတ်ထဲထင်မိတယ်။
ဂျင်အရှေ့ကို ရောက်လာတာနဲ့ ဥက္ကဋ္ဌကြီးက သူပေးလိုက်တဲ့မျိုးစေ့နဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းတယ်။
ဂျင်လည်း ဥက္ကဋ္ဌကြီးကို သူဖြစ်ပျက်ခဲ့သမျှ ပြန်ပြောပြလိုက်တယ်။
ဥက္ကဋ္ဌကြီးက ဂျင်ကလွဲပြီး တစ်ခြားသူတွေအားလုံး ထိုင်ကြဖို့ ပြောဆိုတယ်။ ဒီနောက် ဂျင်ကို ကြည့်ပြီး ကုမ္ပဏီရဲ့ အရာရှိငယ်တွေအားလုံးကို အသိပေးကြေညာလိုက်တယ်။
“မင်းတို့ရဲ့ နောက်တက်လာမယ့် ကုမ္ပဏီဥက္ကဋ္ဌကြီးကိုရှုစားကြပါ။ သူ့နာမည်ကတော့ ဂျင်ဖြစ်ပါတယ်။”
ဂျင်ဟာ မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ တကယ်ဆို သူ့မျိုးစေ့ အပင်ပေါက်ရုံလောက်တောင် သူက စွမ်းဆောင်နိုင်ခဲ့တာမဟုတ်။
“ဘယ်လိုလုပ်ပြီး သူက ဥက္ကဋ္ဌသစ်ဖြစ်ရတာပါလဲခင်ဗျာ” တခြားသူတွေက မေးမြန်းကြတယ်။
ဒီတော့ ဥက္ကဋ္ဌကြီးက “ပြီးခဲ့တဲ့နှစ်က ဒီခန်းမထဲမှာရှိတဲ့ လူတိုင်းကို ငါ မျိုးစေ့တစ်စေ့စီ ပေးခဲ့တယ်။ ပြီး ဒီမျိုးစေ့ကို စိုက်ပျိုး၊ ရေလောင်တာတွေလုပ်လို့ ဒီနေ့မှာ ငါ့ဆီပြန်ယူလာကြဖို့ အားလုံးကို မှာကြားခဲ့တယ်။ ဒါပေမယ့် ငါ မင်းတို့ကို ပေးလိုက်တဲ့ မျိုးစေ့အားလုံးဟာ ပြုတ်ထားတဲ့မျိုးစေ့တွေ။ အားလုံး မျိုးသေတွေ။ ကြီးထွှားပေါက်ရောက်လာဖို့ မဖြစ်နိုင်တဲ့ဟာတွေ။
သည့်တိုင် ဂျင်ကလွဲလို့ မင်းတို့အားလုံးဟာ ငါ့ဆီကို သစ်ပင်ပန်းပင်တွေ ယူဆောင်လာကြတယ်။ အပင်မပေါက်တဲ့ မျိုးစေ့မှန်း မင်းတို့သိတာနဲ့ မင်းတို့ကို ငါပေးလိုက်တဲ့မျိုးစေ့နေရာမှာ အခြားမျိုးစေ့ကို မင်းတို့ အစားထိုးစိုက်ခဲ့ကြတာပဲ။ ဂျင်တစ်ဦးတည်းသာ ရဲရဲဝံ့ဝံ့၊ ရိုးရိုးသားသားနဲ့ ငါပေးလိုက်တဲ့မျိုးစေ့ ထည့်စိုက်ထားတဲ့ အိုးတစ်လုံးသာ ငါ့ဆီ ယူဆောင်လာခဲ့တယ်။ ဒါကြောင့် သူဟာ ဥက္ကဋ္ဌသစ်ဖြစ်လာဖို့ တစ်ဦးတည်းသောသူဖြစ်ပါတယ်” လို့ ပြောဆိုရင်း သူ့စကားကို နိဂုံးချုပ်လိုက်ပါတော့တယ်။
မူရင်း The Seed
Wednesday, February 23, 2011
မျိုးစေ့
Subscribe to:
Post Comments (Atom)
1 comment:
သူဌေးကြီးမျိုးစေ့တွပေးပြီးရွေးလိုက်ကတည်းက
ဇာတ်လမ်းကိုသပေါပေါက်ပြီးသားပါ။
ရိုးသားမှုဟာအရမ်းအရေးကြီးပါတယ်။
ပညာပေးဆောင်းပါးလေးတွေများများတင်ပေးပါ။
ဟန်းဂုရွာ ကိုဝင်ကြည်.တဲ.သူတွေအတွက်တစ်ခုခုကျန်
ခဲ့တော့ကောင်းတာပေါ့။
ဘာပဲဖြစ်ဖြစ်စာဖတ်သူပညာယူတတ်ရင်တော့
အမြတ်ပဲလေ။
Post a Comment