Saturday, February 19, 2011
လင်း…သို့
တွေ့တွေ့ချင်း
သူ့ကိုယ်သူ မိတ်ဆက်တယ်။
ဘုရားသခင် ပေးသနားတော်မူသော
မေတ္တာတရားကို စူးစမ်းလိုစိတ်အပြည့်
မျက်မှန်ထူထူတစ်လက်
တစ်ဘ၀စာ တပ်ဆင်ရှာဖွေခဲ့။
( သူ လဲပြိုချိန်မှာတော့ ဘုရားသခင်က လစ်လျှူရှုလို့… )
သင်… ဘာတွေ ရရှိခဲ့ပါသလဲ!
သင်… ဘာတွေ ငြင်းပယ်ခဲ့ပါသလဲ!
အသက်ရှင်ခြင်း အဘိဓမ္မာမှာ
မလိုင် မကြိုက်ခဲ့သူ…
ငြီးငွေ့မှု တဆုပ်တခဲနဲ့ လမ်းမတွေပေါ်
သူ့ကိုယ်သူ အော်ဟစ်ခေါ်ခဲ့၊
သတိလက်လွတ် နစ်မြုပ်မှု လောကဓံမှာ
အနုပညာကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့၊
နွေဦးကို အလောတကြီး
ကြေးနန်းရိုက်ပြီး မှာယူခဲ့၊
( ဒါပေမယ့်…၊ လေရူးတွေ အောက်မှာ ရောက်မလာနိုင်ရှာ… )
သူ့ရဲ့ ထွန်ယက်မှုမှာ
ဧရာဝတီဟာ ယဉ်ကျေးခဲ့၊
( သူ့အမည်တပ်ထားတဲ့ သဘောင်္တွေ တစ်စင်းပြီး တစ်စင်း ဆိုက်ကပ်လို့… )
ကျွန်တော် ရှက်ရွံ့ခဲ့ပါတယ်…
မှတ်မှတ်ရရ၊
ဧရာဝတီကို
(ကျွန်တော်တို့) သူငယ်ချင်းတစ်စု လက်ထဲထည့်ပြီး
ညရထားပေါ် ခင်ဗျား တက်သွားပုံ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment