Tuesday, March 22, 2011

ဝီစီတလက်



၊ ၁ ၊

ထိုနေ့က အခမ်းအနားတခု အပြီး ၀ိုင်းဝန်း လုပ်ကိုင်ခဲ့ကြသော မိတ်ဆွေတစု ညနေစာ စားနေကြစဉ် မိတ်ဆွေကြီး ကိုခင်မောင်ရင်က စကားတခု ပြောပါသည်။

“မနေ့ကဗျာ… ကျနော့် စက်ရုံရှေ့နားမှာ လမ်းလာပြင်တယ်။ ကား အ၀င်အထွက်ကလည်းများ လူကလည်းများ ဆိုတော့၊ လူတယောက်က ယာဉ်ကြော ထိန်းပေးရတယ်။ အမှန်က အဲဒီအလုပ်ကို ရဲက လုပ်ရမှာ။ ဒါပေမယ့် ရဲက အချိန်ပြည့် မလုပ်နိုင်တော့ အဲဒါမျိုးတွေကို ကူညီ လုပ်ကိုင်ပေးတဲ့ လူမှုဝန်ထမ်းအဖွဲ့က လူကို တာဝန် ချပေးထားတာဗျ။ အဲဒီလူရဲ့ ၀ီစီသံကို ရွှီးခနဲ… ရွှီးခနဲ…

တနေကုန် ကြားနေရတယ်။ ကျနော် အလုပ်လုပ်နေရင်း သူ့ကို တစေ့တစောင်း ကြည့်မိတယ်။ နေပူကြီးထဲမှာဗျာ၊ အတော်ပင်ပန်းရှာမှာပါ။ တနေကုန် ၀ီစီမှုတ်ရတာ ဘယ်သက်သာမလဲ။ ဒါပေမယ့် သူဟာ သူ့တာဝန် ကုန်တဲ့ အချိန်အထိ အားအပြည့် မာန်အပြည့် ၀ီစီသံ အပြည့်နဲ့ လုပ်သွားတာ တွေ့လိုက်ရတယ်။”

သူ့စကား အဆုံးသတ်လိုက်ချိန်မှာ အကြောင်းသိတဲ့ ကိုသူရက - “ဒါဆို ခင်ဗျား ဒီနေ့ ကိုပေါ့်ကို ၀ီစီတလက် ပေးထားခဲ့တယ်ပေါ့” ဟု ၀င်ထောက်လိုက်သည်။

“၀ါး” ဆိုသော ရယ်မောသံက အားလုံးကိုယ်စီထံမှ ထွက်ပေါ်လာပြီး ကျယ်လောင် မြည်ဟိန်းသွားခဲ့သည်။

ရယ်သံအတိတ်မှာ ကိုနေထွန်းနိုင်က ၀င်ပြောလိုက်ပြန်သည်။

“ဒါဆိုရင် ကိုပေါ့်ကို ပေးထားတဲ့ ၀ီစီကို ပြန်မသိမ်းဘဲ အမြဲပေးထားဖို့ ကျနော် အဆိုပြုပါတယ်” တဲ့။

သူ့စကားအဆုံးမှာတော့ အားလုံးရဲ့ တယောက်တခွန်း ပြောသံတွေ စည်ဝေသွားပြန်သည်။

နေ့လယ်က လုပ်ခဲ့သည့် အခမ်းအနားကို ကျနော်တို့အားလုံး ၀ိုင်းဝန်း လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။ နှစ်လကျော်လောက် ကတည်းက အစည်းအဝေးထိုင် တိုင်ပင်ဆွေးနွေး လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ ကျနော်လည်း အများထဲက တယောက် အဖြစ် ကျရာ တာဝန် ၀င်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့် လုပ်ရင်းကိုင်ရင်းနှင့် ကိစ္စရပ် အတော်များများမှာ ကျနော် ပါဝင်ခဲ့ရသည်။ နောက်ဆုံးတော့ မိတ်ဆွေများရဲ့ ယုံကြည်မှု တာဝန်ပေးမှုအရ အခမ်းအနား တခုလုံးရဲ့ တာဝန်ခံ ကြီးကြပ်သူ ဖြစ်ခဲ့ရသည်။ ပွဲကလည်း စီစဉ်ထားသည့်အတိုင်း သေသေသပ်သပ် ခမ်းခမ်းနားနားဖြင့် ပြီးဆုံးခဲ့သည်။

လုပ်ငန်းတခု ချောမော အောင်မြင် သွားသည့်အခါ ပါဝင် လုပ်ဆောင်သူ အားလုံးရဲ့ ရင်အစုံမှာ ပီတိစိတ်လေးဖြင့် ကြည်နူးကြရမြဲပင် ဖြစ်ပါသည်။ မာန်ထည့်ထားသော စိတ်အဟုန်ကို ပီတိဖြင့် တဖြည်းဖြည်းချင်း လျှော့ချကာ ကိုယ်ပင်ပန်းမှုကို မေ့ဖျောက်နိုင်အောင် ကြိုးစားကြရသည်။ အမောလည်း ဖြေရင်း, မနက်စာနှင့် ညစာကို ပေါင်းစားရင်း, ကောင်းတာလေးတွေကို စားမြုံ့ပြန်ရင်း, မကောင်းတာလေးတွေကို ဝေဖန်ရင်း ညစာ ထမင်းပွဲမှာ လူစုံတက်စုံ စုမိကြခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာ စကားကို ပုံတိုပတ်စနှင့် ပြောတတ်သည့် ကိုခင်မောင်ရင်က ဒီနေ့ပွဲအတွင်း ကျနော့် လုပ်ကိုင် ဆောင်ရွက်မှုကို ရည်ညွှန်းလျက် အထက်ပါ စကားကို ပြောလိုက်ခြင်း ဖြစ်ပါသည်။

ပွဲအရှိန်နှင့် တဆက်စပ်တည်း ရှိနေသော မိတ်ဆွေ ပရိသတ် အားလုံး အတွက် ပျော်ရွှင်စရာ ထမင်းဝိုင်းကလေး ဖြစ်သွားခဲ့ပါသည်။

ကျနော်တို့ အားလုံး၏ ညီညီညွတ်ညွတ် ၀ိုင်းဝန်းလုပ်ကိုင်မှုကြောင့် အောင်မြင် ချောမောရသည်ကို အားလုံး ၀မ်းသာ ပီတိ ဖြစ်ကြရသလို၊ ကိုယ့်အထဲက တဦးတယောက်၏ ကြိုးစားမှုကို အချင်းချင်း အသိအမှတ်ပြု အလေးအနက် ထားသည်ကလည်း နှစ်သက်လှိုက်မောစရာ ကောင်းလှပါတော့သည်။

၊ ၂ ၊

ထိုနေ့က အိမ်ပြန်တော့ “၀ီစီတလက်” ဆိုသည့် စကားလုံးက ကျနော့်ရင်တွင် ခိုဝင်ကပ်ပါလာသည်။

ယခုအခါ ၀ီစီနှင့် ကျနော် ဘာမှ မဆိုင်တော့သော်လည်း ငယ်ငယ်တုန်းကတော့ ၀ီစီသည် ကျနော့်အတွက် ကစားစရာ တခု ဖြစ်ခဲ့သည်။ ကလေးဘ၀က ၀ီစီကို ရွှီးခနဲ ကျယ်ကျယ်လောင်လောင် မှုတ်လိုက်ရသည့် အရသာကို ပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် ပြုံးမိရပြန်သည်။ ဘာကြောင့် ၀ီစီမှုတ်တာက ငါ့ရဲ့ ကစားနည်း တခု ဖြစ်ခဲ့ရသလဲ…။ ၀ီစီကို စူးစူးရှရှ မှုတ်လိုက်တဲ့ အသံကို ဘာကြောင့် သာယာမိသလဲ…။ တကယ်တော့ ကလေးဘ၀က ဒီလို စဉ်းစားနည်းမျိုး ဘယ် စဉ်းစားခဲ့ပါ့မလဲ။ ကိုယ့်စိတ်ထဲ ကျေနပ်လို့ ပျော်လို့ မှုတ်ခဲ့တာပဲပေါ့။ လူကြီးတွေက နားညည်းတယ် တိတ်စမ်းလို့ ငေါက်ရင် ဘယ်ကျေနပ်မလဲ။

ကလေးတွေဟာ ဘာကြောင့် ၀ီစီမှုတ်တာကို နှစ်သက်သလဲ ဆိုတာတော့ ကလေးစိတ်ပညာ ဆရာတွေက ပိုနားလည်မယ် ထင်ပါသည်။ ကျနော် သိတာကတော့ ကျနော် အပါအ၀င် ကလေးတိုင်း ၀ီစီကို နှစ်နှစ်ကာကာ မှုတ်ခဲ့ကြသည်ကိုပင်။ ဖြစ်နိုင်တာ တခုက ကလေးဆိုတာ လူကြီးတွေကို အတုခိုးတတ်သည့် သဘောကြောင့် လူကြီးတွေ ၀ီစီမှုတ်တာကို ကြည့်ပြီး ကလေးတွေ လိုက်မှုတ်သည် ထင်ပါသည်။ ရဲသား တယောက်လို၊ ဒိုင်လူကြီး တယောက်လို ၀ီစီ တရွှီရွှီ မှုတ်ရသူတွေကို အတုယူမိကြမည် ထင်သည်။ ဟိုလူကြီးတွေက ဘာကြောင့်ပဲ ၀ီစီမှုတ်မှုတ် ကိုယ်ကလည်း ကိုယ့်ကျေနပ်မှုနှင့်ကိုယ် ၀ီစီမှုတ်ကာ ကစားခဲ့ကြသည်ဟု ထင်မိပါသည်။

လူကြီးတွေကကော ဘာ့ကြောင့် ၀ီစီ မှုတ်ကြသလဲ။ လူ့သမိုင်းမှာ ၀ီစီ ဘယ်အချိန်က စပေါ်သလဲ။ လူမျိုးတမျိုးစီရဲ့ ကိုယ်ပိုင် ၀ီစီတွေက ဘယ်လို ရှိသလဲ။ ၀ီစီကို ဘယ်လို အဓိပ္ပာယ်နဲ့ ဘယ်လို ကဏ္ဍတွေမှာ အသုံးပြုသလဲ။ လဲ လဲ စတဲ့ ၀ီစီယဉ်ကျေးမှုကို လေ့လာကြည့်လျှင် အတော် လေးနက်သွားစရာ ရှိသည်။ စစ်စစ်တွေးကြည့်လျှင် ၀ီစီ ဆိုသော စကားက မြန်မာစကား အစစ် မဟုတ်။ အင်္ဂလိပ်မှ မွေးစားယူထားသော စကား။ မြန်မာ့ ရှေးအသုံးအရ ဆိုလျှင် “ခရာ”ဟု ဆိုရပေလိမ့်မည်။ သေချာသည်က ယနေ့တိုင် ၀ီစီသည် လူ့လောကအတွက် အသုံးဝင်နေဆဲ ဖြစ်ခြင်းပင်။

ဝီစီသည် လူတဦးက အခြား တဦး သို့မဟုတ် အများကို အချက်ပေးသည့် သဘော၊ ညွှန်ကြားသည့် သဘော၊ အမိန့်ပေးသည့် သဘော ဖြစ်သည်။ ၀ီစီသံသည် အစပြုခြင်း အနက်ကိုလည်း ဆောင်သည်။ အဆုံးသတ်ခြင်း အနက်ကိုလည်း ဆောင်သည်။ ခွင့်ပြုသည့် အနက်ကိုလည်း ဆောင်သည်။ တားမြစ်သည့် အနက်ကိုလည်း ဆောင်သည်။ ထိန်းကျောင်းသည့် အနက်ကိုလည်း ဆောင်သည်။ ဒဏ်ခတ်သည့် အနက်ကိုလည်း ဆောင်သည်။ ၀ီစီသံရဲ့ ဘာသာစကားက တပြန့်တပြောသာပင်။

ထိုသို့ အမျိုးမျိုးသော အနက် အဓိပ္ပာယ်ကို သိနားလည်နိုင်ရန် ၀ီစီမှုတ်သူနှင့် နားထောင်သူ ကြားတွင် ကြိုတင်နားလည်မှု တခုတော့ ရှိထားရဦးမည် ဖြစ်သည်။ ထို့ကြောင့် ၀ီစီကို မဖြစ်မနေ သုံးရသည့် အဖွဲ့အစည်း နေရာဌာနများတွင် ၀ီစီ ဆိုင်ရာ သင်ကြားချက်များ ရှိထားကြရသည်။ ယေဘုယျ အချက်လောက်ကတော့ အတုမြင် အတတ်သင်နှင့်ပင် လူတိုင်းလိုလို သိထားကြပြီး ဖြစ်ပါသည်။

နည်းနည်းလောက် သတိထား လိုက်လျှင်ကိုပင် ကျနော့်တို့ ၀န်းကျင်တွင် နေ့စဉ်နှင့်အမျှ ၀ီစီသံတွေကို ကြားနေရမှာ ဖြစ်ပါသည်။ လူ့လောကအတွက် လိုအပ်ချက် အရာတခုအဖြစ် ၀ီစီသံတွေက တရွှီရွှီ လွှင့်ပျံနေဦးမည်သာ ဖြစ်ပါသည်။

၊ ၃ ၊

လူတွေအတွက် လိုအပ်သော အရာတခု ဖြစ်သည် မှန်သော်လည်း လူတွေအဖို့ ၀ီစီသံကို အခါမရွေး လက်ခံနိုင်ဖို့တော့ အတော် ကြိုးစားရမည် ထင်ပါသည်။ မီးနီ ဖြတ်မောင်းခိုက် ရွှီးခနဲ ထွက်ပေါ်လာမည့် ၀ီစီသံက ကိုယ့်အတွက် မချိုမြိန်ဘူး မဟုတ်လား။ ကိုယ့်အသင်း ရှုံးနေချိန်မှာ ဒိုင်လူကြီး ဆီက ထွက်လာမယ့် ပွဲချိန်စေ့ ၀ီစီသံဆိုတာ အလွန်ခါးလှတယ် မဟုတ်လား။ ၀ီစီသံသည် တခါတရံ သာယာ၍ တခါတရံ နားကလောစရာ ကောင်း၏။

ဒီထက် ပိုဆိုးတာက ကြိုတင် သဘောတူညီမှု မရှိဘဲ ထွက်ပေါ်လာတဲ့ ၀ီစီသံတွေ။ အမိန့် အာဏာရဲ့ သင်္ကေတအဖြစ် မြည်ဟီးလာတဲ့ ၀ီစီသံတွေ။ ဒီလို အသံတွေ ကြားရရင်တော့ နားထဲမှာလည်း ကန့်လန့်၊ ရင်ထဲမှာလည်း အောင့်သက်သက် ဖြစ်ကြမှာပဲ ထင်သည်။ စည်းကမ်းနှင့် မညီသော ၀ီစီသံသည် အကျည်းတန်၏။

တရုတ် စကားပုံ တခုမှာတော့ “တပ်ပျက်မှာ ၀ီစီ မမှုတ်နဲ့”လို့ ဆိုပါသည်။ ဟုတ်ပါ၏။ တပ်ဆိုတာ စည်းနဲ့ ကမ်းနဲ့ ဖွဲ့စည်း ထားရတာမျိုး။ စုစုစည်းစည်း ညီညီညွတ်ညွတ် ရှိနေချိန်မှာ ၀ီစီမှုတ်ပြီး အမိန့်ပေးလို့ ရသည်။ ကစဥ့်ကလျား ဖြစ်ပြီး တပ်ပျက်ချိန်မှာ ၀ီစီမှုတ်လည်း မှုတ်တာပဲ ရှိတော့မည်။ ၀ီစီသည် အချိန်နှင့် နေရာကို ရွေးချယ်၏။

အချို့က “ငါ့ကိုလာပြီး ၀ီစီ မှုတ်မနေနဲ့” လို့ ပြောတတ်ကြပါသည်။ တချို့က အမိန့်ပေးတာကို မကြိုက်။ ဟုတ်ကဲ့ မကြိုက်ခွင့် ရှိပါသည်။ လူတဦးက တဦးကို အမိန့်ဖြင့် ခိုင်းစေတာကို မကြိုက်လျှင် အမိန့်နှင့် လွတ်အောင် နေသူ ဖြစ်ရပါမည်။ တချို့က သတိပေးတာကို မကြိုက်။ ဟုတ်ကဲ့ ဒါလည်း မကြိုက်ခွင့် ရှိပါသည်။ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိရှိအောင် နေလျှင် သူတပါးက သတိပေးနေစရာ မလိုတော့ပါ။ ၀ီစီသည် အချို့ပုဂ္ဂိုလ်တို့အတွက် လိုအပ်ပြီး၊ အချို့ပုဂ္ဂိုလ်တို့အတွက် မလိုအပ်။

တချိန်တခါမှာ ကိုယ်က ၀ီစီသံ နာခံသူ ဖြစ်နိုင်သလို၊ နောက် တချိန်တခါမှာ ကိုယ်က ၀ီစီမှုတ်သူ ဖြစ်နိုင်ပါသည်။ နာခံရမည့် အချိန်မှာ နာခံနိုင်စွမ်း ရှိဖို့ လိုအပ်သလို၊ ၀ီစီမှုတ်ရမည့် အချိန်မှာလည်း တာဝန်ကျေအောင် မှုတ်နိုင်စွမ်း ရှိဖို့ လိုအပ်ပေလိမ့်မည်။

နာခံရမည့် အချိန်မှာ… နာခံနိုင်စွမ်း ရှိခြင်းသည် စည်းကမ်းရှိခြင်း, တပါးသူကို လေးစားခြင်း, အချင်းချင်း ညီညွတ်ခြင်း, ကိုယ်ပိုင် ယဉ်ကျေးခြင်း၊ အနာဂတ်ကို ယုံကြည်ခြင်းတို့၏ အသီးအပွင့် ဖြစ်ပါသည်။

မိမိကိုယ်တိုင် ၀ီစီမှုတ်သူ ဖြစ်လာခဲ့လျှင်… ဘယ်လို တာဝန်ကျေအောင် မှုတ်မလဲ ဆိုတာက ကျယ်ပြောလှပါသည်။ ကိုယ်စွမ်း ရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားရမည်ဟုသာ ယေဘုယျ ပြောနိုင်ပါမည်။

သေချာသည်က ၀ီစီသံ တသံကို လူအများက လိုက်နာနိုင်သော်လည်း ၀ီစီသံ အများကို လူတယောက်က လိုက်နာရန် မဖြစ်နိုင်ဟု ထင်ပါသည်။

ပို၍သေချာသည်က လူတယောက်သည် မိမိ၏ ကိုယ်ပိုင် ၀ီစီမှုတ်သံကို မိမိကိုယ်တိုင် နာခံနိုင်ခြင်းသည်သာ ဖြစ်ပါသည်။

လူတိုင်းလူတိုင်းတွင် မိမိကိုယ်ကိုယ် မိမိဘာသာ ပေးအပ်ထားသော ၀ီစီတလက် ကိုယ်စီကိုယ်စီ ရှိကြဖို့တော့ လိုအပ်မည် ထင်ပါသည်။

ဝင်းပေါ်မောင်

3 comments:

မန်းပေ said...

ဖတ်လို့ တယ်ကောင်းဗျို့။ ဒါပေမယ့် ၀ီစီက ကိုယ်မှုတ်ရင်သာ နားထောင်ကောင်းတာ။ သူများမှုတ်ရင် တယ်နားငြီးသကိုး။ သူများတွေတော့ မပြောတတ်ဘူးဂျနော်။ ဘာပဲဖြစ်ဖြစ် ဒီလိုစာလေးတွေ မှန်မှန်ရေးဖို့ ကျနော်လည်း ၀ီစီတစ်ချက် ၀င်မှုတ်လိုက်ပါတယ်။ ရွှီ--------------------------း

ညီဇေ said...

ကိုယ့်ဝီစီကို ကိုယ့်အတွက်ကိုယ် မှုတ်တာတော့ သာဓု ခေါ်ပါတယ်ဗျာ။ ဒါပေမယ့် ကိုယ့်ဝီစီနဲ့ အများကို လျှောက်မှုတ်နေတဲ့သူတွေ၊ အများဝီစီကို ကိုယ်ပိုင်လုပ်ပြီး မမောတမ်း မှုတ်နေသူတွေ၊ ကိုယ့်ဝီစီကို အများက ပေးအပ်ထားသလို ထင်ယောင်ထင်မှား လုပ်နေတဲ့သူမျိုးတွေကိုပဲ တွေ့နေရတော့ ၀ီစီမှုတ်တဲ့ ကမ္ဘာကြီးကို ရွံရှာမိတာ အမှန်ပဲ။ တကယ်ဆို ၀ီစီမှုတ်သူဟာ သမာသမတ်ရှိခြင်း၊ ကိုယ်ကျိုး အတ္တ ထင်ပေါ်လိုမှု မရှိခြင်း၊ ၀ီစီသံကို လိုက်နာမယ့်သူတွေအပေါ် အလေးအမြတ် တန်ဖိုးထားခြင်း၊ ကောင်းမွန်သော အကျိုးရလာဒ်ကို ကြိုတင်သိမြင်နိုင်စွမ်းခြင်းတွေနဲ့ ပြည့်စုံမယ်ဆိုရင်တော့ ၀ီစီမှုတ်သူတွေ များများ ရှိစေချင်ပါတယ်။ ထို့အတူ ရွာထဲမှာလည်း တစ်လတစ်ခါလောက်တော့ ၀ီစီ မှုတ်စေလိုပါကြောင်း… … … ။

သခင်ပြေငြိမ်းအေး said...

ခလမသ
တနေ့ မင်းရင်ထဲက " ဆူး " အပင်ပေါက်ပြီး မင်းကို ပြန်စူးလိမ့်မယ်