ရေးသားသူ — အင်ကြင်း
ကျမ ဒီရောက်စက မြင်ကွင်းတခုပေါ်မှာ စိတ်ထဲက တခုခု ခံစားရပါသည်။ အဲဒါကတော့ ဒီကအသက်ကြီးတဲ့ အဖိုးအဖွားတွေ လမ်းပေါ်မှာ တွန်းလှည်း လေးတွေနဲ့ အလုပ်လုပ်နေတဲ့ မြင်ကွင်းကိုပေါ့။
ဒီက အဖိုးကြီး အဖွားကြီးတွေက မနက် စောစောပိုင်း မှာဆိုရင် လမ်းတွေပေါ်မှာ သန့်ရှင်းရေး လုပ်တဲ့အလုပ်ကို လုပ်ကြပါသည်။ နောက်တခုက တွန်းလှည်း လေးတွေနဲ့ လမ်းဘေးမှာ ပစ်ထားတဲ့ ကတ်ထူပုံးခွံတွေ ပုလင်းခွံတွေ ဘူးခွံတွေကို လိုက်ကောက်ကာ စုပြီးရောင်းတဲ့ အလုပ်ကို လုပ်လေ့ရှိပါသည်။ လူငယ်တွေက လမ်းပေါ်မှာ သွားလာနေတာ သူတို့ကို ဂရုပင်မစိုက်။ တခါတခါ ကတ်ထူပုံးခွံတွေနဲ့ လှည်းအပြည့် လေးလေးပင်ပင်ကြီးကို ဆွဲနေတာမြင်တော့ ကျမက သွားကူချင်မိပါတယ်။ ဒီမှာ တခု ကောင်းတာတော့ရှိသည်။ ဘယ်သူ ဘာအလုပ်ကိုပဲ လုပ်လုပ် သူ့အလုပ်သူ လုပ်ကြသည်ကို ဘယ်သူကမှ လိုက်ကြည့် ဝေဖန်နေတာ မရှိပါ။ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြသည်။ နှိမ်ချနေတာမျိုး မရှိပါ။
ဒီမှာ အမှိုက်ပစ်တဲ့အခါ ပလပ်စတစ်၊ ကတ်ထူပုံးခွံ၊ ပုလင်းခွံ၊ အစားအသောက် အညစ်အကြေးတွေက သပ်သပ်စီ ထုပ်ပိုးပြီး တနေရာစီ ပစ်တော့ လိုက်ကောက်တဲ့ သူတွေအတွက် ညစ်ပါတ် မနေစေတော့ပါ။
အဖွားကြီးတွေက အဲလိုအလုပ်မျိုးကို လုပ်တာများသည်။ အသက်ကြီးတဲ့ အဖွားတွေ ခုလိုလုပ်နေတာကို မြင်ရတာဆိုတော့ ကျမကစိတ်ထဲက မကောင်းပေမယ့် သူတို့(အဖိုးအဖွားတွေ)က ပျော်ပျော်ပါးပါးပါပဲ။ ဒီက အသိတယောက်ကို အဲဒီအကြောင်းကို မေးကြည့်မိတော့ သူက "မုန့်ဖိုးရအောင် လုပ်ကြတာပေါ့ အလကား ထိုင်နေမယ့်အစား ကျန်းမာရေးကောင်းတာပေါ့" လို့ဆိုပါသည်။ ဟုတ်မှာပါလေ။ ကျမတို့ ဆီမှာတော့ အသက်ကြီးတဲ့ သူတွေက အဲလို လုပ်စားလေ့မရှိပါ။ သို့သော် ဘုရားပေါ်မှာတို့ လမ်းဘေးမှာတို့ တောင်းစားတာ များပါသည်။ မေမေကတော့ အသက်ကြီးတဲ့ အဖိုးအဖွားတွေဆို အမြဲငွေလှုပါသည်။ ဘုရားဖြစ်ဖြစ် ဈေးဖြစ်ဖြစ် မေမေနဲ့ သွားတိုင်း ပိုက်ဆံလေးတွေ သပ်သပ်ထည့်ပြီး လက်အုပ်ချီ ထည့်တတ်သည်။ ဒီမှာတော့ အဲလို သိပ်မပေးကြဘူးနဲ့ တူပါရဲ့။ ကျမတို့ဆီမှာ အဲဒီလို ပစ္စည်း ကောက်စုပြီး ပြန်သွင်းစားတဲ့ အလုပ်မျိုးကို အလုပ်ရှားတော့ လူငယ်လူရွယ်တွေ ကလေးတွေက အစလုပ်ကြတာ တွေ့ရပါသည်။ ဒီမှာတော့ ဆင်းရဲသည့် လူငယ်လေးတွေက လူကြီးတွေရဲ့ အလုပ်ကို ဝင်လုပ်စားတာ မျိုးတော့ မတွေ့မိပါ။
ကျမမှာ မနက်ဆို အလုပ်သွားဖို့ စောစောစီးစီး မနည်းထကာ ကားဂိတ်ကို ပြေးရသည့် အခါမျိုးမှာ အိမ်နားတွင် အမြဲလိုလို အဖွားတယောက်က တွန်းလှည်းလေးနဲ့ ပစ္စည်းတွေပင် အပြည့်ရနေပြီး ဆိုင်ကို သွားပြန်သွင်းဖို့ တွန်းသွားတာ တွေ့ရပါသည်။
တရက်တော့ ကျမဈေးသွားတော့ လမ်းမှာ ပိန်ပိန်ပုပု အဖွားကြီး တယောက် ပုလင်းခွံလေးတွေ ကောက်နေတာ တွေ့ရသည်။ ကျမက သွားနေကြ လမ်းမဟုတ်ပဲ ရပ်ကွက်ထဲက သွားတော့ ဈေးကို လမ်းမှားပြီး ဘယ်လို သွားရမှန်း မသိတာနဲ့ ထိုအဖွားကို "အဖွား ဈေးကို ဘယ်လို သွားရမလဲ"လို့ မေးတော့ သူက လမ်းညွှန်ရင်း လိုက်ပြသည်။ ထိုအဖွားကို မြင်တော့ ကျမလဲ ကျမ၏ ဖွားဖွားကို သတိရမိပြန်သည်။ ကျမ ဖွားဖွားကလဲ ပိန်ပိန်ပုပုလေးကိုး။ ကျမက "အဖွား ထမင်း စားပြီးပြီလား အိမ်ကော ဘယ်မှာလဲဟင်"လို့ နေစရာ မရှိဘူးထင်လို့ မေးမိတော့ "ဒီလမ်းထဲမှာပဲ နေတာ အိမ်သားတွေနဲ့ စားပြီးပြီပေါ့"လို့ ပြန်ဖြေပါသည်။ သည့်နောက်တော့ ကျမဈေးကို ဆက်သွားပြီး သူက ကောက်လာတဲ့ ပုလင်းခွံလေးတွေ ကိုင်ရင်း ကျန်ရစ်ခဲ့သည်။
သူတို့ခုလို ဘူးခွံတွေ ပုလင်းခွံတွေ ကောက်စုပြီး ပြန်ရောင်းစားတာ တွေ့တော့ ကျမတို့ဆီက အဖိုးအဖွားတချို့ တောင်းစား နေရတာကို တွေးမိပြီး ပိုပြီး စိတ်မကောင်း ဖြစ်ရပါသည်။ ကျမသိတဲ့ အဖွားတယောက်ပေါ့ အမဝမ်းကွဲတွေ အိမ်နားမှာ နေတာ သူတို့က နွမ်းပါးပါသည်။ မနက်ဆို အဲဒီအဖွားက ယောဂီဝတ်စုံလေး ဝတ်ပြီး အိမ်ကထွက်သွားတာ ညနေစောင်းမှ ပြန်လာတတ်တာ တွေ့ရသည်။ နောက်တော့ ကြားရတာ အဲဒီအဖွားက ဘုရားမှာ သွားပြီး တောင်းစားတာတဲ့… အဲဒီအဖွားက ပိန်ပိန်လေး ငယ်ငယ်ကတော့ လှမှာပေါ့လေ။ အဲဒီ အဖွားငယ်ငယ်က အင်္ဂလိပ် ခေတ်ကပေါ့လေ အင်္ဂလိပ် အရာရှိကြီးနဲ့ ယူပြီး သားသမီးတွေ ရှိခဲ့သည်လို့ ပြောပြပါသည်။ နောက်တော့ ကွဲသွားတော့ အဲဒီ အရာရှိကြီးက သမီးတယောက်နဲ့ အင်္ဂလန် ပြန်သွားပြီး သူက ကျန်ခဲ့သည်ဟု ကြားပါသည်။ သူနဲ့ အတူနေတဲ့ အန်တီ(အဲဒီအဖွားရဲ့ သမီး)က ကျမ အမတွေဆီ သွားလည်လျှင် မကြာခဏ တွေ့တော့ ကျမနဲ့ ခင်နေသည်။ သူတို့က ဆင်းရဲပေမယ့် နေတာကတော့ တိုက်ခန်းနဲ့ပါပဲ...နေနေတဲ့ တိုက်ခန်းကိုတော့ အဲဒီအန်တီရဲ့ အင်္ဂလန်က ညီမ (အဲဒီအဖွားရဲ့ သမီး)က ဝယ်ပေးထားတာလို့ သိရသည်။ သူနဲ့ အတူနေတဲ့ သမီး(အဲဒီအန်တီ)ကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်ပါသည်။ ဘာကြောင့်မှန်းတော့ မသိပါ ယောဂီဝတ်စုံလေး ဝတ်ပြီး အဲဒီအဖွား ထွက်သွားတာ တွေ့ရရင် စိတ်ထဲက မကောင်းပါ။ အစက ဘုန်းကြီးကျောင်း သွားတယ်ပဲ မှတ်နေသည်။ နောက်တော့ ခုလို သတင်း ကြားရတော့ စိတ်မကောင်း ဖြစ်ရသည်။ ခုတော့ အဲဒီအဖွားကော အန်တီပါ ဆုံးကုန်ကြပါပြီ။
ကျမက အသက်ကြီးတဲ့ အဖိုးအဖွား တွေကိုဆို ချစ်သည်။ အထူးသဖြင့် အဖွားတွေကို ပြုံးပြုံး ပြုံးပြုံးနဲ့ တွေ့ရရင် အရမ်းချစ်ဖို့ ကောင်းသလိုပဲ ခံစားမိသည်။ မြန်မာပြည်မှာဆို သနပ်ခါးတွေ လူးထားလျှင် သိပ်ချစ်ဖို့ ကောင်းသလိုပါပဲ။ သူတို့နဲ့ တခါတလေ စကားပြောမိရင် တတွတ်တွတ်နဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြတတ်သည်ကိုး.. သူတို့အတွက် စကားပြောဖော်ကလဲ မရှိတော့ ကျမကသာ တခုခု စပ်စပ်စုစု မေးမိရင် ပြန်ဖြေလို့ မဆုံးတော့ပါ။ အဲဒီလို အခါမျိုးမှာ ကျမ၏ ဖွာဖွားကို တအားကို လွမ်းမိသည်။
ကျမက မေမေ့ဘက်က အဖွားနဲ့သာ အတူနေဖူးသည်။ ဖိုးဖိုးကိုတော့ မမှတ်မိတော့ပါ။ ဖေဖေရဲ့ မိဘတွေက ဖေဖေတို့ ငယ်ငယ်လေး ကထဲက ဆုံးသွားတော့ မြင်တောင် မမြင်ဖူးပါ။ ကျမ ဖွားဖွားကလဲ ကျမကို အလွန်ချစ်သည်။ ကျမ ဘာလုပ်လုပ် အကောင်းပဲ မြင်လေ့ရှိသည်။ အဖွားက အသက် ၉၅နှစ်မှ ဆုံးသွားသည်။ ကျမတို့နှင့် အတူနေသည့် အချိန်မှာ ဘာဆို ဘာရောဂါမှ ဖြစ်တာမရှိ… အဖွား နှာစေးတာ ချောင်းဆိုးတာဆို တခါမှ မမြင်ဖူးပါ။ အသက် ၈ဝကျော်အထိ ဈေးသွား ချက်ပြုတ် ခရီးပင်ထွက်တုန်း။ သူ့ခေါင်းကို သူဖာသာ သွားပွတ်တံလေးနဲ့ ဆေးဆိုးကာ သနပ်ခါး အဖွေးသားနဲ့ အသက်၈ဝ ကျော်တဲ့အထိ ဝထ္ထုတွေပင် ထိုင်ဖတ်တုန်း..အဲဒီလိုဆိုတော့ အဖွားက မြေးတွေ မြစ်တွေနဲ့ အတူနေကာ ကံအလွန် ကောင်းသည်လို့ ပြောရမလိုပင်။
ဖွားဖွား ကျန်းမာတာကလဲ အမြဲ လှုပ်ရှားနေလို့ ထင်သည်။ တခါမှ လှဲအိပ်နေလေ့ မရှိပါ။ တလှုပ်လှုပ်နဲ့ တခုခုကို လုပ်နေလေ့ရှိသည်။ သူက အမျိုးတွေကိုလည်း အလွန်ချစ်သည်။ ဆွေမျိုးတွေ အိမ်သို့ အမြဲသွားလည်တတ်သည်။ ဖွားဖွားက ကျမတို့ ကျောင်းက ပြန်လာပြီဆိုလျှင် "ငါ့မြေးလေး ညောင်းလာတယ် ခြေသလုံးကို ဖျစ်ပေးရမယ်" ဆိုကာ လာပြီး နှိပ်ပေးတတ်သေးသည်။ ကျမက လက်သည်းနီ ဆိုးနေပြီ ဆိုရင်ဖြစ်ဖြစ် ကျောင်းသွားခါနီး အလှပြင် နေပြီဆိုလျှင် ဖြစ်ဖြစ် ဘေးက လာထိုင်ကာ တစိမ့်စိမ့်ကြည့်ရင်း "လှပါ့လှပါ့ ငါ့မြေးကမှ လှတာတာ"ဟု ပြုံးကာ အမြဲပြောတတ်သည်။ တခါတရံ ညဘက်တွေမှာ ကျမတို့ကို သူငယ်ငယ်က အကြောင်းတွေ ဖိုးဖိုးရဲ့ အကြောင်းတွေ ကိုလည်း ပြောပြတတ်ပါသည်။ ကျမ အဖွားသာ ခုချိန်ထိ သက်ရှိထင်ရှား ရှိနေခဲ့လျှင် ဘယ်လောက် ကောင်းမလဲလို့ မကြာခဏ တွေးမိဖူးပါသည်။
ကျမကတော့ ခုချိန်ထိ တခြားသော အဖွားများကို မြင်တိုင်း ဖွားဖွားအကြောင်း တွေးမိပါသည်။ အဖိုးအဖွားများနှင့် နေရဖူးသော ကလေးများသည် အလွန် ကံကောင်းသည်ဟု မြင်မိပါသည်။ မြေးတွေသ ည်လည်း အဖိုးအဖွားများ အတွက် အားဆေးပင် ဖြစ်လိမ့်မည်ဟု ထင်ပါသည်။
ဘယ်အချိန် ဘယ်အရွယ်အထိ နေရမည် မသိသော်လည်း တနေ့သောအခါ ကျမတို့သည်လည်း အဖိုးအဖွား အရွယ် ရောက်လာမည်မှာ အမှန်တရားပါ။ အိုမင်း လာသော်လည်း ထိုအရွယ်ရင့်လာသည်ထိ နေရမည်ဆိုလျှင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နေဖို့သည် အဓိက ဖြစ်သည်သာ။ ကျမ ပြောချင်သည်မှာ လူငယ်တွေက နားလည် စာနာစွာ အဖိုးအဖွားများကို စိတ်အားပေး ကူညီစေချင်မိခြင်းပါ။ ကိုယ့်တွင် အဖိုးအဖွားများ မရှိသော်လည်း လမ်းမှာတွေ့လျှင် ကူညီတာတို့ ပြုံုးပြ နှုတ်ဆက်ခြင်းတို့ဟာ အရွယ် လွန်သူတို့အတွက် အားဆေးတခွက်ပင် ဖြစ်ပါလိမ့်မည်။
ကျမ၏ ဖွားဖွား(မေဖွား)ကိုသတိရလျှက်…
Monday, April 4, 2011
အဖွားအတွက် အားဆေး
Subscribe to:
Post Comments (Atom)
2 comments:
ကျနော်လည်း မအင်ကြင်းလိုပဲ ခံစားမိတယ်…။ ကျနော်နေတဲ့ အိမ်ရှေ့မှာလည်း အဲလို အဖွားတစ်ယောက်ရှိတယ်…။ ကျနော်ကတော့ အိမ်က ထွက်သမျှ ပုလင်းစိမ်းစိမ်းတွေ ကော်ဗူးအကြီးကြီးတွေ သူအိမ်ရှေ့ သွားပို့ထားလိုက်တာပဲ…။ လမ်းသွားရင် စက္ကူပုံးတွေ အများကြီး တွေ့ရင်လည်း အဖွားဆီကို သွားပြီး ပြောပေးတယ်…။ သူကလည်း လမ်းတွေ့တိုင်း နှုတ်ဆက်တယ်…။ အဖွားမရှိခဲ့ပေမယ့် မသိလိုက်ရတဲ့ အဖွားတွေကို လွမ်းမိပါတယ်…။
Post a Comment