Tuesday, May 17, 2011

မင်းပြီးရင် လက်ဆင့်ကမ်းလိုက်ပါ

အမေ ထပ်ပြီးတော့ ပြောချင်ပါတယ်။ အမေတို့ လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုကြီးကို သမီးတို့ ပြင်ပက ဒီမိုကရေစီ လိုလားသူတွေ အားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ။ အင်တာနက်ကနေ တဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်
အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍမှ ဖြေကြားချက်၊ ၂၀၁၁ မေ ၆)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုကို ကူညီကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းတဲ့ ဒီစကားဟာ တလအတွင်း ဒုတိယမြောက် ပြောကြားချက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချင်းမှာပဲ ကျမတယောက်တည်း လွတ်မြောက်ရုံနဲ့ မပြီးသေးဘူး။ နိုင်ငံရေး အကျဉ်းသမားတွေ အားလုံး လွတ်မြောက်တဲ့အထိ မဆုတ်မနစ် လုပ်ကိုင်ရမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စတင်တဲ့ ဒီ နိုင်ငံရေး အကျဉ်းသမားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲ အတွက် အားစိုက် တွန်းဖွင့်နေရတဲ့ ပထမဆုံး တံခါးတချပ် ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီ ရှေ့ခရီးအတွက် ပိတ်ဆို့ထားတဲ့ တံခါးတွေ တံတိုင်းတွေက အလွန် များလှပါတယ်။ နိုင်ငံရေး, စီးပွားရေး, လူမှုရေး ဆိုတဲ့ အဓိက အဆောက်အအုံကြီးတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ မဆိုထားနဲ့ ယုံကြည်ချက်ကြောင့် အဓမ္မ ဖမ်းဆီးချုပ်နှောင် ခံနေရတဲ့ ကိစ္စ တခုတည်းမှာတင် ရှေ့မတိုး နောက်မဆုတ်နဲ့ ကန့်လန့်ခံနေတာ နှစ်ပေါင်း နှစ်ဆယ် ကျော်ခဲ့ပါပြီ။

ယနေ့အခါ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသမားပေါင်း ၂၀၆၁ ဦး ရှိတယ်လို့ အေအေပီပီ စာရင်းအရ သိရပါတယ်။ ဒီလူတွေ အားလုံးဟာ သူတို့ရဲ့ နိုင်ငံရေး ခံယူချက်ကြောင့် နအဖရဲ့ ဖမ်းဆီး ချုပ်နှောင်တာကို ခံနေကြရတာ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ရဟန်းသံဃာ ၂၀၀ ကျော်နဲ့ အမျိုးသမီး ၁၅၀ ကျော် ပါဝင်ပါတယ်။ အသက် နှစ်ဆယ်လောက်ကနေ ရှစ်ဆယ်ကျော်အထိ ပါရှိပြီး၊ အလုပ်အကိုင်နဲ့ ဘ၀ အလွှာပေါင်းစုံ ပါဝင်ပါတယ်။ ပြီးတော့ တိုင်းရင်းသား လူမျိုးပေါင်းစုံလည်း ပါဝင်ပါတယ်။

တကယ်တော့ နအဖက ဒီမိုကရေစီ လိုလားသူ လူအများအပြားကို ဖမ်းဆီးချုပ်နှောင် ထားတာဟာ ပြည်သူ သန်းငါးဆယ်ကျော်ရဲ့ နိုင်ငံရေး လိုလားချက်ကို “ပြန်ပေးဆွဲ”ထားတာပါပဲ။ ဒီမိုကရေစီ လိုလားရင် ဒီလိုလုပ်မယ်လို့ “ခြိမ်းခြောက်”ထားတာပါပဲ။ ပြည်သူတွေရဲ့ မတူကွဲပြားတဲ့ နိုင်ငံရေးဆန္ဒကို လက်မခံဘဲ ပစ်ပယ်ပြီး နအဖအလိုကျ တခုပဲ လုပ်ရမယ်လို့ “ဖိနှိပ်”ထားတာပါပဲ။

တနည်းပြောရရင်တော့ နအဖက နိုင်ငံရေးအရ လူတွေကို ဖမ်းဆီးနေတာဟာ ဒီမိုကရေစီကို လက်မခံဘူးလို့ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ အကယ်၍ နအဖက နိုင်ငံရေး အကျဉ်းသမားတွေကို ပြန်လွှတ်ပေးတယ် ဆိုရင် ဒါဟာ ဒီမိုကရေစီကို လက်ခံဖို့ စတင်တာ ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

အခုတော့ နအဖ ဆိုတာ မရှိတော့ပါဘူး။ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပြီး၊ ၂၀၁၁ အစိုးရဆိုတာ ပေါ်ပေါက်လာပါပြီ။ လူမပြောင်းတာ မူမပြောင်းတာ ခဏ အသာထား။ နိုင်ငံရေး ဖွဲ့စည်းပုံ အသွင်အပြင် တခုတော့ ပြောင်းသွားတာ အမှန်ပါပဲ။ ဒီ အသွင်သစ်အရ သမ္မတမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသားခွင့် ပေးပိုင်ခွင့် အာဏာ ရှိနေပါတယ်။ ဒါကြောင့် အဖွဲ့ချုပ်နဲ့ ဒေါ်စုက သမ္မတ ဦးသိန်းစိန် ဆီကို နိုင်ငံရေး အကျဉ်းသမားတွေ လွှတ်ပေးဖို့ တိုက်ရိုက် တောင်းဆိုတာ ဖြစ်ပြီး၊ ဒီတောင်းဆိုချက်ကို ပြည်သူလူ အများစုကြီးက ပါဝင်လက်မှတ်ထိုးပေးဖို့ နှိုးဆော်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ပါဝင် လက်မှတ်ရေးထိုးဖို့ အဆင်သင့် ဖြစ်နေကြပြီလို့ ယူဆရပါတယ်။ အချို့ကတော့ ထိုးတောင် ပြီးရောပေါ့။ မထိုးရသေးသူတွေ အနေနဲ့လည်း နီးစပ်ရာမှာ လက်မှတ် ရေးထိုးဖို့ရာ မခက်ခဲလှပါဘူး။ မြန်မာတွေ များများ စုဝေးတတ်ရာ နေရာတွေမှာ လက်မှတ် ကောက်ခံမယ့် သူတွေ ရောက်လာပါလိမ့်မယ်။ အဆင်သင့် လက်မှတ် ရေးထိုးလိုက်ရုံပါပဲ။ ပြီးတော့ မြန်မာ အသိုင်းအ၀ိုင်းတွေဆီ အရောက် စာရွက်တွေ ပို့ပေးဖို့လည်း စတင် လုပ်ကိုင်နေပါပြီ။ အဝေးမှာ နေသူတွေ ဆိုရင်တော့ လက်မှတ်ထိုးထားတဲ့ စာရွက်တွေကို စာတိုက်ကနေ ပြန်ပို့လိုက်ရုံပါပဲ။

ကိုရီးယားမှာ စုဆောင်းတဲ့ လက်မှတ်တွေရဲ့ ဗဟိုစုရပ် အဖြစ် အဖွဲ့ချုပ်ရုံးကို သတ်မှတ်ထားပြီး၊ ဒီကနေ တဆင့် သက်ဆိုင်တဲ့ဆီကို ပေးပို့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ လက်မှတ်ထိုးတယ် ဆိုလည်း ဖြစ်တာပါပဲ။ အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်တိုင် လက်မှတ် ရေးထိုးလိုက်ဖို့ပါပဲ။

ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ လိုလားသူတွေကို အကျဉ်းချထားခြင်းဟာ ဒီမိုကရေစီကို အကျဉ်းချထားတာ ဖြစ်လို့ပါပဲ။

ခင်ဗျား ဒီမိုကရေစီကို လိုလားသလား။
ဒါမှမဟုတ် ခင်ဗျားရဲ့ ဒီမိုကရေစီကို အကျဉ်းချထားတာ မကြိုက်ဘူးလား။
ဒါဆိုရင် ခင်ဗျား လက်မှတ် ထိုးလိုက်ပါ။
ဒေါ်စု တောင်းဆို မေတ္တာရပ်ခံနေတဲ့ နိုင်ငံရေး အကျဉ်းသမား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ခင်ဗျားရဲ့ အမည်နဲ့ လက်မှတ်ကို ရေးထိုးလိုက်ပါ။
ပြီးတော့ ခင်ဗျားရဲ့ သူငယ်ချင်းကို လက်မှတ်ထိုးဖို့ လက်ဆင့်ကမ်းလိုက်ပါ။

“သူပြီးရင် မင်း
မင်းပြီးရင် ငါ
ငါပြီးရင် မင်း သူငယ်ချင်း…”
(တက္ကသိုလ်မင်းမော်ရဲ့ ကဗျာတပိုဒ်မှ စာသား)

1 comment:

မန်းပေ said...

ဒီကိစ္စကို အစွမ်းကုန် ဆောင်ရွက်သင့်တာ ကြာပါပြီ။ နိုင်ငံရေး အမြင်တွေပဲကွဲကွဲ၊ နိုင်ငံရေး အရေခြုံတွေကြောင့် ဒီမိုကရေစီဆိုတာကြီးကို အော့နှလုံးပဲနာနာ၊ ပြည်သူလူထုအတွက် ဘ၀ကို ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ၊ အရှင်ဂမ္ဘီရတို့လို မတရားအဖမ်းခံထားရတဲ့ အကျဉ်းသား ၂၀၀၀ကျော်က သူတို့ဘ၀တစ်ခုလုံးကို မွန်ကျပ်အောင် ပိတ်လှောင်ခံထားတဲ့ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဆိုတာ မမေ့အပ်ဘူးလေ။ သူတို့ ကျနော်တို့ အားလုံးအတွက် လုပ်ခဲ့ကြပေမယ့် ခု ကျနော်တို့သွားနေသလို သူတို့မသွားနိုင်ဘူး။ ကျနော်တို့ စားနေသလို သူတို့ မစားနိုင်ဘူး။ မိသားစုတွေနဲ့ လွတ်လွတ်လပ်လပ် ကျနော်တို့ စကားပြောနေသလို သူတို့မပြောနိုင်ဘူး။---။---။-----။ ကျနော်အနေနဲ့တော့ ဒါတွေကို သတိပြုမိတယ်။ နိုင်ငံရေးကို စိတ်မပါဘူးလို့ ဒီနေရာမှာ ကျနော် ဆင်ခြေပေးပိုင်ခွင့် ရှိဦးမှာလား။ ဒီတော့ အစစအရာရာ မှေးမှိန်ခဲ့ရတဲ့ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သရေကို တောက်ပအောင် ပြန်ဖန်တီးပေးမယ့် သူတို့ကို၊ ကျနော်တို့ကိုယ်တိုင်ရဲ့ လက်များနဲ့ပဲ မွန်ကျပ်လှတဲ့ အကျဉ်းထောင်တွေထဲကနေ ပြန်ဆွဲထုတ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးလို့ ထင်မိပါရဲ့ဗျာ။