၂ဝ၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက် သီတင်းကျွှတ်လပြည့် အဘိဓမ္မာ အခါတော်နေ့၌ ကိုရီးယားနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များ၏ ပဝါရဏာပွဲကို ဘူဖြောင်းမြို့တွင် ရှိသော မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား)၌ ပြုလုပ်ခဲ့ပါသည်။ ထိုပွဲသို့ ဓမ္မဒူတ(ကိုရီးယား)မှ ဆရာတော်များ၊ မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား)မှ ဆရာတော်များ၊ ဘူဆန်မြို့ ဗုဒ္ဓသာသနာ့ရိပ်မွန် ဆရာတော်၊ ဒေဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ၊ ဆိုးလ်မြို့တွင် သီတင်းသုံးနေသော ဆရာတော် ဦးသုဝဏ္ဏ တို့ ကြွရောက်ချီးမြင့်ခဲ့ပါသည်။
ည(၉)နာရီတွင် ကျင်းပခဲ့သော ပဝါရဏာပွဲတွင် ဆရာတော် သံဃာတော်များမှ ပဝါရဏာပြုကြပြီး၊ မြန်မာဗုဒ္ဓသာသနာပြု ကျောင်းတော်(ကိုရီးယား) ကျောင်းထိုင်ဆရာတော်နှင့် တကွ ကြွရောက်လာကြသော ဒကာ ဒကာမများမှ ဘုရားဝတ်ပြု၊ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ် ပူဇော်၊ အမျှအတန်းပေးဝေပြီး ကြွရောက်လာကြသော သံဃာတော်များထံမှ သြဝါဒ ခံယူခဲ့ကြပါသည်။
ပဝါရဏာပွဲ ဖြစ်ပေါ်လာပုံ အကျဉ်း
ဗုဒ္ဓဘုရားရှင် လက်ထက်တွင် သံဃာတော်များသည် ဝါဆိုဦးကာလနှင့် ဝါကျွတ်သည့်ကာလတို့တွင် ၁နှစ်လျှင် ၂ကြိမ် ဘုရားရှင်အား ဖူးမြော် ဦးချခဲ့ကြသည်။ ဝါဆိုဦးကာလတွင် ဘုရားရှင်ထံမှ တရား ကမ္မဋ္ဌာန်းများ တောင်းယူပြီး ဝါတွင်း ၃လတွင် ကျင့်ကြံခဲ့ကြသည်။ သံဃာတော်များမှ တရားထူးများ ရရန် ဝါတွင်း ၃လအတွင်း ဝစီပိတ် ကျင့်ကြံ ခဲ့ကြလေသည်။ ဝါကျွှတ်ချိန်တွင် သံဃာတော်များမှ ဘုရားရှင်ထံသို့ ဖူးမြော် ဦးချရန် ကြွရောက်ခဲ့ကြသည်။ ဘုရားရှင်မှ ဖူးမြော်ဦးချရန် ကြွရောက်လာသော သံဃာတော်များအား ကျန်းမာရေး ကောင်းမွန်ခြင်း ရှိမရှိ၊ ဆွမ်းကွမ်း အစဉ်ပြေမှု ရှိမရှိ၊ သံဃာအချင်းချင်း ညီညွှတ်မှု ရှိမရှိ ဟူသည့် မေးခွန်း ၃ခွန်းအား မေးလေ့ မေးထ ရှိသည်။
သံဃာတော်များမှ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ဆွမ်းကွမ်း အစဉ်ပြေကြောင်းနှင့် သံဃာအချင်းချင်း ညီညွှတ်မှု ရှိပါကြောင်း ဖြေကြား လျှောက်ထားရာတွင် ဘုရားရှင်မှ ̏ မည်သို့ မည်ပုံ ညီညွှတ်သနည်း˝ ဟု ပြန်လည် မေးမြန်းရာ တွင် သံဃာတော်များမှ ̏ ဝါတွင်း ၃လအတွင်း ဘုရားတပည့်တော်တို့ ဘုရားရှင်ထံမှ တရားတောင်းပြီး တပါးနှင့် တပါး စကားစမည် မပြောပဲ တရားကျင့်ကြံ ခဲ့ကြပါသည် ဘုရား ˝ ဟု ပြန်လည် လျှောက်ထားရာ ဘုရားရှင်မှ စကားစမည် မပြောပဲ (ဝစီပိတ်) မနေသင့်ကြောင်း ပြန်လည် မိန့်ဆိုခဲ့ပါသည်။ ဝစီပိတ် ကျင့်ကြံမည်ဆိုပါက တရားဓမ္မများအား ပြန်လည် ဟောပြောနိုင်မှု မရှိခြင်း၊ အကယ်၍ တရားထူးရခဲ့မည် ဆိုပါကလည်း မိမိတပါးတည်း ကိုယ်လွတ်ရုန်း မကျင့်ကြံသင့်ကြောင်း၊ သံဃာအချင်းချင်း အပြန်အလှန် လျှောက်ထားစရာများ ရှိမည်ဆိုလျှင်လည်း လွတ်လပ်စွာ ပြောဆိုရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။
ထိုသို့ သံဃာအချင်းချင်း အပြန်အလှန် ပြောဆို လျှောက်ထားရာတွင် အမှန်ရော အမှားပါ ပါနိုင်ကြောင်း။ အမှားဟု ဆိုရာတွင် ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားခဲ့သည်များ ရှိနိုင်ကြောင်း။ ထိုအမှားများအား ဝါကျွှတ်သည့် ကာလဖြစ်သည့် သီတင်းကျွှတ် လပြည့်နေ့တွင် သံဃာတော် အချင်းချင်း သက်တော် ဝါတော်အလိုက် ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိသည်တို့အား မြင်တွေ့လျှင်သော်၎င်း၊ ကြားမိလျှင်သော်၎င်း၊ သံသယ ဖြစ်မိလျှင်သော်၎င်း ဆုံးမပေးရန် အပြန်အလှန် လျှောက်ထားကြသည့် ပွဲအား ပဝါရဏာဟု ခေါ်ဆိုပါသည်။
(မှတ်ချက်--- ဓမ္မဒူတ(ကိုရီးယား)၏ ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်နန္ဒက၏ မိန့်ဆိုချက်အား ဗဟုသုတ ဖြစ်စေရန် ပြန်လည် မျှဝေပါသည်။)
Thursday, October 13, 2011
ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ သီတင်းကျွှတ်လပြည့်နေ့ ပဝါရဏာပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment