Friday, November 4, 2011

ကုမ္ပဏီများနှင့် ပြည်ပရောက်မြန်မာလုပ်သားများ ယခုလဒုတိယပတ်အတွင်း ကားသွင်းခွင့်ရမည်

ရန်ကုန်၊ နိုဝင်္ဘာ ၃
မြန်မာအစိုးရသစ်၏ ကားသွင်းခွင့် မူဝါဒသစ်တွင်ပါဝင်သော ဘဏ်အပ်ငွေဒေါ်လာ တစ်သိန်းရှိသည့် ကုမ္ပဏီများနှင့် ဘဏ်အပ်ငွေ ဒေါ်လာသုံးသောင်းရှိသည့် ပြည်ပရောက်မြန်မာအလုပ်သမားများ ယခုလ (နိုဝင်ဘာ) ဒုတိယပတ်အတွင်း ကားသွင်းခွင့် စတင်ရရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက The Voice Weekly သို့အတည်ပြုပြောကြားသည်။
''မကြာခင်ရက်ပိုင်းအတွင်း ကြေညာချက်ထွက်မှာပါ။ အသေးစိတ်အချက်အလက်တွေကို မီဒီယာတွေကို ထုတ်ပြန်ပေးပါ့မယ်'' ဟု ၄င်းကထပ်လောင်းပြောကြားသည်။
ဘဏ်ထဲတွင်ဒေါ်လာ သုံးသောင်းသွင်းထားသော ပြည်ပရောက်မြန်မာလုပ်သားများနှင့် ဘဏ်ထဲတွင်ဒေါ်လာ တစ်သိန်းသွင်းထားသောကုမ္ပဏီများ ကားသွင်းခွင့်ကို ယခုလဒုတိယပတ်တွင် စတင်ခွင့်ပြုနိုင်ရန် ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်ကာ အသေးစိတ်လုပ်ဆောင်ရန်ရှိနေသည်များကို ဆက်လက်ဆွေးနွေး လုပ်ဆောင်နေရာ ယခုရက်ပိုင်းအတွင်း အပြီးပြတ်ထုတ်ပြန်ကြေညာနိုင်မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
ဘဏ်ထဲတွင်ဒေါ်လာ သုံးသောင်း ပြည်ပရောက် မြန်မာလုပ်သားများ နှင့် ဒေါ်လာတစ်သိန်းရှိသော ကုမ္ပဏီများ ကားသွင်းခွင့်ပြုမည့်အပြင် ၊ အခွန်ပေးဆောင်သော နိုင်ငံသားတိုင်း ကားသွင်းခွင့်ရရေး ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အောက်တိုဘာလ၂၆ရက်နေ့က နေပြည်တော်တွင် ကျင်းပသောမီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။
''ပြည်ပရောက်မြန်မာလုပ်သားတွေနဲ့ ကုမ္ပဏီတွေကားသွင်းခွင့်ပေးတော့မယ်ဆိုတော့ ကားသောင်းဂဏန်းထပ် ဝင်လာနိုင်တယ်။ ဒီတော့ပြည်တွင်းကား ဈေးနိုင်ငံတကာပေါက်ဈေးနီးပါး ပြုတ်ကျသွားမယ်။ ဒါကြိုဆိုရမှာပါ။ ဒါပေမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေမဖြစ်ဖို့ကိုလည်း စဉ်းစားပြီးကြိုတင်လုပ်ဆောင်သွားသင့်ပါပြီ''ဟု ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်ပြသည်။
ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်းတို့တွင် မြန်မာကော်လံဖြူများနှင့် သင်္ဘောသား များ စုစုပေါင်း သုံးသိန်းနီးပါးရှိပြီး ၄င်း တို့၏ သုံးပုံတစ်ပုံကားသွင်းရန် စိတ်ဝင်စားပါက လူတစ်သိန်းခန့်ရှိမည်ဖြစ်ရာ ပြည်တွင်းကားဈေးကွက်တွင် ကားဈေး နှုန်းများသေချာပေါက်ကျဆင်းသွားနိုင်ကြောင်း၊ ယင်းအပြင်အဆိုပါလူတစ်သိန်းက မြန်မာနိုင်ငံသို့ ပို့ထားသောငွေများကို ဟွန်ဒီလွှဲ၍ ဒေါ်လာဝယ်ပြီး မြန်မာနိုင်ငံရှိဘဏ်တစ်ခုခုသို့ တရားဝင်ဒေါ်လာအဖြစ် ဒေါ်လာ သုံးသောင်းစီထည့်သွင်းလျှင် မြန်မာနိုင်ငံရှိဘဏ်များတွင် အမေရိကန်ဒေါ်လာ သုံးဘီလီယံ ရောက်ရှိလာမည်ဖြစ်သည် ဟု ဆိုသည် ။

ရည်ညွှန်းသတင်းများ -
- The Voice Weekly Vo.7/ No.40
- The Voice Weekly Vo.7/ No.47

No comments: