Thursday, November 3, 2011

ကိုရီးယားဆက်သွယ်ရေးလုပ်ငန်းများက အမည်ပျက်စာရင်းဝင်ဖုန်း ဟုတ်မဟုတ်စီစစ်ပြီး လိုင်းဖွင့်ပေးမည်


ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် လက်ကိုင်ဖုန်းများ(handsets) ကို ဆက်သွယ်ရေးကွန်ယက်များဖြင့် ချိတ်ဆက် လိုင်းဖွင့်ပေးရာတွင် အသုံးပြုမည့် လက်ကိုင်ဖုန်းသည် ပြစ်မှုကင်းရှင်းမှုရှိ-မရှိစစ်ဆေးပြီး ပြစ်မှုကင်းရှင်းမှသာ လိုင်းဖွင့်ပေးခြင်းဖြစ်ကြောင်း ၊ ထိုသို့ စစ်ဆေးရာတွင် နည်း ၂မျိုးရှိကြောင်း ၊ ပြစ်မှုကင်းရှင်းကြောင်း ကြေညာ(မှတ်ပုံတင်) ထားသည့် ဖုန်းစာရင်း(White Listed Handsets)များကို စစ်ဆေးခြင်းနှင့် ၊ ပြစ်မှုရှိကြောင်း မှတ်ပုံတင်(ကြေညာ)ထားသည့် စာရင်းများ(Black Listed Handsets) ကိုစစ်ဆေးသည့် နည်းဖြစ်ကြောင်း သိရပါသည် ။

ကိုရီးယားနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းများသည် ယခင်က ပြစ်မှုကင်းရှင်းကြောင်း ကြေညာထားသည့် စာရင်းများကို စစ်ဆေးပြီး လိုင်းဖွင့်ပေးခဲ့ရာမှ ယခု အောက်တိုဘာလ ၁၇ ရက်နေ့မှ အစပြုလျက် ပြစ်မှုရှိကြောင်းကြေညာထားသည့် စနစ်ဖြင့် စစ်ဆေးပြီး လိုင်းဖွင့်ပေးနေပြီဖြစ်ကြောင်း သိရသည် ။
ပြစ်မှုကင်းရှင်းကြောင်းကြေညာရာတွင် လက်ကိုင်ဖုန်း ထုတ်လုပ်သည့် ကုမ္ပဏီများ ၊ သို့မဟုတ် ပြည်ပမှ တင်သွင်းလာသည့် ကုမ္ပဏီများက ၄င်းတို့ ထုတ်လုပ် သို့မဟုတ် တင်သွင်းလာသည့် လက်ကိုင်ဖုန်း စာရင်းများ၏ မိုဒယ်အမည် ၊ စီရီယယ်အမှတ် (manufacturer, model type, date and country of approval) စသည်တို့ပါရှိသည့် အီမီး နံပါတ်(IMEI :International Mobile Equipment Identity) ကို ဆက်သွယ်ရေးလုပ်ငန်းများ (mobile network operators : MNOs) ထံတွင် ကြိုတင်မှတ်ပုံတင်ထားရသည်ဟုဆိုပါသည် ။ သုံးစွဲသူတစ်ဦးဦးက ဖုန်းလိုင်းဖွင့်လိုပါက သက်ဆိုင်ရာ ဆက်သွယ်ရေး ကွန်ယက်များ အနေဖြင့် လိုင်းဖွင့်မည့်ဖုန်းသည် မှတ်ပုံတင်(ကြေညာ)ထားသည့် လက်ကိုင်ဖုန်း ဟုတ်မဟုတ် စီစစ်ပြီး မှန်ကန်ပါက လိုင်းဖွင့်ပေးသည့် စနစ်ဖြစ်သည်ဟုဆိုပါသည် ။

ကိုရီးယားနိုင်ငံသည် ထိုစနစ်ကျင့်သုံးခဲ့ရာမှာ လက်ကိုင်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများ (Manufacturers) က မိမိတို့ထုတ်လုပ်သည့် လက်ကိုင်ဖုန်းများကို သုံးစွဲသူများထံ တိုက်ရိုက်ရောင်းချခွင့်မရှိဘဲ ဆက်သွယ်ရေးကုမ္ပဏီများသို့ အပ်နှံပြီး ဆက်သွယ်ရေးကုမ္ပဏီများကသာ စိုက်ကြိုက်ဈေးဖြင့် ရောင်းချသဖြင့် သုံးစွဲသူများက ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲရကြောင်း ၊ ဥပမာအနေဖြင့် ဆမ်ဆောင်း ကုမ္ပဏီထုတ် Glaxy S လက်ကိုင်ဖုန်း တစ်လုံးကို အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၂၀၀ ခန့်ဖြင့် ရောင်းချပေးခဲ့သော်လည်း ၊ ကိုရီးယားနိုင်ငံတွင်း၌မူ ဝမ် ၉ သိန်းခန့် (ဒေါ်လာ ရှစ်ရာခန့်) ဖြင့်ရောင်းချခဲ့ကြောင်း သိရပါသည် ။

ယခုအခါ ပြစ်မှုရှိကြောင်းကြေညာထားသည့် အမည်ပျက်ဖုန်းစာရင်း (Black Listed Handsets) စနစ် တွင်မူ မူလဖုန်းပိုင်ရှင်များ (ထုတ် ၊ ဝယ်ထား သူများ) က မိမိတို့၏ လက်ကိုင်ဖုန်းများ အထားမှားခြင်း ၊ ပျောက်ဆုံးခြင်း ၊ အခိုးခံရခြင်း (misplaced, lost, or stolen) စသည့်ကိစ္စများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာထံ၌ မိမိတို့၏ ဖုန်း အီမီး နံပါတ်ကို တိုင်ကြား မှတ်ပုံတင်ထားရမည် ဟုဆိုပါသည် ။ သုံးစွဲသူတစ်ဦးက ဖုန်းလိုင်းဖွင့်လိုလျင် ထို တိုင်ကြားခံထားရသည့် စာရင်းတွင် ရှိမရှိ စစ်ဆေးခံရမည်ဖြစ်ပြီး တိုင်ကြားခံစာရင်းတွင် မပါရှိသော ဖုန်းမှန်ကန်ပါက သက်ဆိုင်ရာ ဆက်သွယ်ရေးကွန်ယက်သို့ ချိတ်ဆက် လိုင်းဖွင့်ပေးမည်ဖြစ်ကြောင်း သိရသည် ။


အမည်ပျက်စာရင်းဖြင့် စိစစ်ပြီး လိုင်းဖွင့်ပေးသည့် စနစ်၏ အားနည်းချက်မှာ လက်ကိုင်ဖုန်းများ၏ မူလ အီမီးနံပတ်များကို ဖျက်သိမ်း(Formatted) ပြီး ၊ အသစ်ဖန်တီးရယူ(Renewal)နိုင်သဖြင့် ပွါးဖုန်း(Cloned Phone) အများအပြားရှိလာနိုင်သည်သည်ဟု ဆိုပါသည် ။ ပွါးဖုန်းများ အန္တရာယ်မှ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ကြိုတင်ငွေပေးဖုန်း(Prepaid Phone) များသုံးစွဲခြင်းဖြစ်ကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ငွေပေးဖုန်းစနစ်မသုံးစွဲလိုပါက မိမိတို့ဖုန်းသည် ပွါးဖုန်း အလုပ်ခံရသည့် အင်္ဂါရပ်များ ရှိမရှိ မပြတ်သော သတိဖြင့် စစ်ဆေးနေဖို့လိုအပ်မည်ဖြစ်ကြောင်း သိရသည် ။

ယခုအခါ ကိုရီးယားနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းများ(KT, SK, LG) သည် ဖုန်းသုံးစွဲသူများက မည်သည့် နေရာမှ မည်သည့်နည်းဖြင့် ရရှိလာသည့်ဖုန်းဖြစ်စေကာမူ အမည်ပျက် စာရင်းဝင် လက်ကိုင်ဖုန်း မဟုတ်ဟု ဆိုပါက လိုင်းဖွင့်ပေးမည်ဖြစ်ကြောင်း ၊ သို့ရာတွင် အဆိုပါ လက်ကိုင်ဖုန်းများသည် W-CDMA (Wideband Code Division Multiple Access) ဖုန်းဖြစ်ဖို့ လိုကြောင်း အင်အာရ်စီ(NRCommunication) မှ ဒါရိုက်တာ တစ်ဦးက ပြောပါသည် ။

No comments: